Tuesday, October 11, 2011

ဘုရားသခင်ရဲ့ ကျွန်

အောင်မြင်မှု ပျော်ရွှင်မှု၊ ချမ်းသာသုခ နဲ့
ငြိမ်းချမ်းသာယာ မှုကို ကိုယ်တိုင်တည်ဆောက်ရတယ်။

ဆုံးရှုံးမှု ပရိဒေ၀ နဲ့ ဆင်းရဲမှု ၊
ရောဂါဘယ နဲ့ ဒုက္ခ အပေါင်းကို
ရွေးချယ်ခွင့်မရှိပဲ လက်ခံလိုက်ရတယ်။



အင်္ဂါဟူး 
10 PM (11.10.11)


Friday, August 26, 2011

ပြည်ကြီးတန်ဆာ



ဒီမြေပေါ်က ဒီရေ.....
ငါတို့သောက်ခဲ့ကြတာပါ ၊ ငါ့တို့ အသက်တွေ
ငါတို့အသွေးတွေ ဒီရေ နဲ့ ဆက်ခဲ့တာပါ
မြစ်ဧရာဟာ ငါတို့အားလုံးရဲ့ သွေးသားပါ
သူတို့(လူတစ်စု)အားလုံးရဲ့ အသက်သွေးပါ။

ဒီရေဟာ ငါတို့သွေးသား ၊ ဒီမြေဟာ ငါတို့သွေးသား
ဇတ်တူစား မစားသင့်တာ လူမှန်သမျှ သိကြတာပါ
ငါတို့သွေးကို ငါ့တို့မသောက် ရက်ပါဘူး
ငတ်ရင်တောင် ကိုယ့်ပေါင်ကိုယ် လှီးစားလို့မှ အာဟာရမဖြစ်တာကို။

စားစရာ ၀ လို့ ထားစရာ မဆန့်သူတွေက
လောဘတွေ အာသာငမ်းငမ်းနဲ့
ရက်စက်မှုအပေါင်းကို သရဖူ ဆောင်းနိုင်ဖို့
ယုတ်မာမှု မကိုဋ်ကို ဆင်မြန်းနိုင်ဖို့
ကောက်ကျစ်မှု ခြုံထည်လွှာ ခြုံလွှမ်းနိုင်ဖို့။

သွေးသားကိုရောင်းစား ရက်လေသလား
တစ်ကယ်တော့ ခန္ဓာကို ရင်းတဲ့သူတွေတောင်
နေ့တဓူဝ ၀မ်းစာနဲ့ မိသားစုဝမ်းရေးမို့ ရင်းရတာပါ ။

နှိုင်းစရာရှားပေမယ့် လူတစ်စုက တုနိုင်းမဲ့တွေ မဟုတ်ဘူး
နှိုင်းစရာ ပမာပေးပေမယ့် ညဥ့်ငှက်တွေကိုတောင် အားနာမိတယ်။

တစ်ကယ်တော့ သွေးသားကို ရောင်းစားတဲ့သူတွေဟာ.....
တစ်ကယ်တော့.............
တစ်ကယ်တော့.........။



မိုးယံ
26.8.2011 သောကြာ
(4:41 PM)

Thursday, August 18, 2011

အန္ဓတစ်ယောက်ရဲ့ သွေးပျက်ည အတွေး

လမ်းမှန်...လမ်းမှန်....ယုံကြည်ပါ ယုံကြပါ
တစ်စာစာ အော်နေသံကိုက
မျက်ကန်း အရူးတစ်ယောက်နှယ်
အားပြတ်လူနာ အမဲခြောက်ဖုတ်နံ့ ရတဲ့ပမာ
ဖောက်သည်ရှာတဲ့ ညဥ့်ငှက်လို ပြီတီတီ။

ယုံနော်....ငါ့ကိုယုံကြ၊ ဘာ....မယုံဘူးဟုတ်လား
ငါ့ကိုမယုံရင် မင်းကိုရော ကျန်သူတွေပါ ထာဝရငရဲမှာ
အမှောင်ကမ္ဘာထဲမှာ ညှင်းဆဲခံရမယ်ကွ။
တစ်ကယ်ပါ မီးမလောင်ပဲ သားကောင်ချနင်းရက်ပုံက
ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်နေသလို
တစ်ကယ်ဆို ငတက်ပြား နဲ့ ဗိုလ်အောင်ဒင်ကိုသာ အလေးပြုမိမှာ
ဒင်းကိုတော့ ဘယ်တော့မှ မသဒ္ဓါ။

အရှင်လို့ အမည်ခံချင်မှတော့ သေသူလို မနေနဲ့လေ
ကမ္ဘာမြေကို တစ်ချက်လောက် ငုံ့ကြည့်ပါဦး
အပျိုဖော်ဝင်ရင် စပ်ယှက်လို့ရနေတဲ့ အယူအဆတွေ
ကျွေးနိုင်သလောက် ယူထားတဲ့ ရာဂအမှောင်တွေ
အပြစ်မဲ့သူသေ၊ အိုးအိမ်ကြွေ၊ အကြမ်းဖက်မှုတွေ
ငါနဲ့မတူ ငါ့ရန်သူတွေ
အမိန့်နာခံတဲ့ အယူအောက်က လက်တစ်လုံးခြားလှည့်ဖျားမှုတွေ
နာရီမလပ်တဲ့ မုဒိမ်းမှုတွေ
အစာငတ်နေတဲ့ လူမျိုးစုတွေ။

မွန်းကြပ်နေတဲ့ ကမ္ဘာမြေ
စစ်ဒဏ်သင့်နေတဲ့ ကမ္ဘာမြေ
ပျက်စီးသွားတော့မှ သဘာဝဘေးအန္တရယ်လို့ ပညတ်သလား။
ချိုးဖောက်ခံရတဲ့အခွင့်အရေးတွေ
မငြိမ်းချမ်းတဲ့ကမ္ဘာမြေ၊ ခွဲခြားခံ ကမ္ဘာမြေ
ကျဉ်းကြပ်လာတဲ့ ကမ္ဘာမြေ၊ ယိုယွင်းနေတဲ့ ကမ္ဘာမြေ။

ဆေးချက်မနိုင် စုတ်ချက်မပိုင်မှတော့
ကမ္ဘာကျော်လက်ရာ မဖြစ်တော့ဘူးပေါ့
ရာဇ၀တ်မှုရဲ့ နောက်ကွယ်မှာ မပုန်းနဲ့
အပြစ်ကို ၀န်ခံရဲတဲ့ သတ္တိမွေးပါဦး။

ငတ်ပြီးသေနေတဲ့ ကမ္ဘာမှာ ကရုဏာရှင်လို့ မကြွေးကြော်ပါနဲ့၊
မလိုမတူရင် မုန်တိုင်းထန်တောင်
ဝါချည်မလွင့်ဘူးလို့ ကြွေးကြော်သံတွေ ခုရပ်၊
ကောင်းခြင်းအဖြာဖြာ ငါပေးတာလို့ မမော်ကြွားနဲ့၊
စစ်မှန်တဲ့လမ်းကို ငါပေးတာလို့ လေမထွားနဲ့၊
ငါပေးတဲ့အသက်နဲ့ လူဖြစ်နေတာလို့ မပလွှားနဲ့၊
ငါ့ကိုယုံကြည်ရင် အပြစ်ကင်းမယ်လို့ မလှည့်ဖြားနဲ့။

ဒီမှာကိုယ့်လူ တစ်ခုတော့မှတ်ထား
မင်းဖြန့်ခင်းထားတဲ့ ကမ္ဘာပြားကြီးပေါ်မှာ
ကိုယ့်ဝင်ရိုးနဲ့ကိုယ်တိမ်းစောင်းပြီး ချာချာလည်နေတဲ့
လူမိုက်တစ်သိုက်ထဲတော့ ငါမပါဘူး။
မင်းမိုက်ဇတ်ကို မင်းမသိမ်းရင်
နောက်ဆုံးနေ့မှာ အန္ဓတစ်ကောင်ရဲ့ တရားစီရင်မှုက
မင်းကို သက်ညှာမှာ မဟုတ်ဘူး။



အင်္ဂါဟူး
18.8.2011
4:35 AM

Saturday, July 9, 2011

စာရေးပျင်း အနုပညာ (သို့) ကျွန်တော် စာမရေးရခြင်း အကြောင်း

စာဖတ်နိုင်ကြသူများထဲတွင် စာရေးသူများအနည်းငယ်တွေ့ရသည်။ သူတို့ ဘာကြောင့် စာရေးခြင်းကို ကျွန်တော် မသိရပေမယ့် စာရေးသူအနည်းငယ်မျှသာ စာဖတ်နိုင်ကြသူများထဲမှ ပေါ်ထွက်လာခြင်းကို ကြည့်ခြင်းဖြင့် စာရေးရန် အတွက် လုံလောက်သော အားထုတ်မှု လိုအပ်သည်ကို သိရှိနိုင်သည်ဖြစ်သည်။ရေးချင်၍ရေးသူ ရှိသလို၊ရေးရန်လိုအပ်၍ ရေးသူများလည်း ရှိမည် ဖြစ်သည်။သူတို့ ရေးလျှင် ကျွန်တော်က ဖတ်မည်သာ ဖြစ်သည်။ စာရေးသူသည် စာများများဖတ်ရန် လိုသည်ဟု ဆိုကြသဖြင့် စားများများဖတ်ထားသူများ စာရေးသင့်သည်ဟု ဆိုလျှင် ညီမျှခြင်းချကြည့်၍ မှန်မည် မဟုတ်ပေ။

စာရေးရန် လက်ချောင်းကလေးများ မရှိသော်လည်း ရေးချင်သူအဖို့မှာ ခြေချောင်းများဖြင့် အားထုတ်ရှာသည်။ မျက်စိမမြင် သော်လည်း ဖောင်းကြွ သင်္ကေတဖြင့် ရေးကြပြန်သည်။ စာရေးလိုစိတ် ပြင်းပြခြင်းကို အံ့သြမိသည်။

မိမိစာကို ဖတ်သည်ဖြစ်စေ ၊ မဖတ်သည် ဖြစ်စေ နေ့စဉ်ရေးသားနေကြသူများ ရှိကြသေးသည်။ မနေနိုင်၍ ပဲ ရေးရေး ၊ ရေးချင်၍ပဲ ရေးရေး စာရေးဖို့ အချိန်ပေးရခြင်း၊ လက်ချောင်းများညောင်းအောင် နှိပ်စက်ရခြင်းဖြင့် ကြိုးစားအားထုတ်နေကြသည်ကို ကျွန်တော်တို့က ဖတ်ရှုပေးခြင်းဖြင့် ချီးမွမ်းဂုဏ်ပြုကြသေးသည် ဟု ယူဆသည်။

စာရေးရာတွင်လည်း မိမိတို့ သန်သလို ကဗျာ၊ ၀တ္တု၊ အလင်္ကာ၊ ရသ၊ ဟာသ၊ အချစ်၊စွန့်စား၊ထူးခြား၊ သိပ္ပံ စသည်ဖြင့် ရေးကြသလို ဆောင်းပါ၊ အတ္ထုပတ္တိ၊ ဓမ္မ၊ ကြော်ငြာ မျိုးစုံသော ပုံစံဖြင့်ရေးသည် ကို တွေ့ရသည့်အပြင် နို့တစ်စာ ၊ခြိမ်းခြောက်စာ၊ ဆင့်ခေါ်စာ၊ ရည်းစားစာကဲ့သို့သော စာများအပြင် အပေါ့ အလေသွားရင်း လက်ကိုနေရာမထားတတ်သောကြောင့် နံရံတွင် ဟိုခြစ် သည်ခြစ်ဖြင့် အယားဖြေတတ်သော စာရေးသူများကိုလည်း တွေ့ရသည်။

အကြောင်းအရာကို ဖြစ်စေ၊ အတွေးအခေါ်ကို ဖြစ်စေ၊ သတင်းအချက်အလက်ကို ဖြစ်စေ၊ တင်ပြလိုသည့် အကြောင်းအရာကို ပုံစံမျိုးစုံဖြင့်လည်း ရေးသားတင်ပြတတ်ကြသေးသည်။ ထိုကဲ့သို့ လူမျိုးပေါင်းစုံ စာပေါင်းစုံများကို ရေးဖွဲ့ပုံ ပုံစံမျိုးစုံဖြင့် ရေးသားနေကြသည်ကို တွေ့ရသော်လည်း ထိုအလုပ်အပေါ် အားကျသော စိတ် မိမိထံတွင် ရိုးတိုးရိတ်တိတ်မျှပင် မဖြစ်ခဲ့ပေ။

အပေါင်းအသင်းများကလည်း စာရေးရန် တိုက်တွန်းခြင်း မရှိပေ၊ ရှိပါကလည်း အပေါင်းအသင်းကို အားနာ၍ ရေးဖြစ်မည် မထင်ပါ။ ရေးစရာ အကြောင်းအရာမရှိ၍လည်း မဟုတ်ပါ။ ရေးစရာ အဆင်သင့်မရှိ၍ လည်းမဟုတ်ပါ။ အထင်မကြီး၍လည်း မဟုတ်၊ ၀ါသနာ မပါ၍လည်းမဟုတ်ပါ။ ဘာမှမဟုတ်ရင်လည်း မရေးနဲ့ပေါ့ဟု ဆိုလျှင်လည်း မရေးဘဲ နေမည်သာဖြစ်သည်။ စာရေးရမည်ထက်စာလျှင် ပါးစပ်ဖြင့်ပြောလိုက် ခြင်းက လိုချင်သော အကြောင်းအရာနှင့် အချက်အလက်ကို အားပါးတရ တင်ပြနိုင်သည်ဟု ယူဆသည်ကလည်း တစ်ကြောင်း၊ စာရေးထားခြင်းသည် ကာလတစ်ခုအထိ တည်ရှိနေနိုင်သော သဲလွန်စ အထောက်အထားကဲ့သို့ ခြေရာလက်ရာမျိုး မကျန်ခဲ့စေချင်သည်က တစ်ကြောင်း။ (မယုံလျှင် မိမိတို့ ရည်းစားစာများကို ပြန်ဖတ်ကြည့်လျှင် တွေ့ကြရလိမ့်မည်။) ( မိမိကိုယ်တိုင် ထိုခြေရာလက်ရာများကို ယခုထိ မျက်နှာ ပူရဆဲဖြစ်သည်)

အဓိက အချက်မှာ စာရေးရမှာကို ပျင်းလွန်းခြင်းကြောင့် မရေးခြင်းဖြစ်သည်။ အနည်းဆုံး အက္ခရာတစ်လုံးကိုပင် လေထဲတွင် “ ၀ ” ဖြစ်အောင် မ၀ိုင်းဘူးပေ။ ငယ်စဉ်ကတည်းက စာရေးလျှင် “ သည် ” တစ်လုံးကို အဆုံးတွင် ရအောင် ကပ်ရေးပြီး နောက်တစ်ကြောင်းဆုံးတိုင်း ထိုသည် အောက်မှပင် တူညီအမှတ်လေး အဖြစ် တုတ်ချောင်းတစ်ချောင်းသာ ဆွဲခဲ့သည်ကို အမှတ်ရမိသေးသည်။ တူနေသော ၀ါကျပါလျှင်လည်း ထိုအတိုင်းပင် ကြက်ခြေပြခဲ့ရာ စာမေးပွဲဖြေချိန်တွင် ဘာသာရပ်တိုင်းလိုလိုကို ပြန်ကူး ခဲ့ရပေါင်းများလှပေသည်။

မရေးမဖြစ် ရေးရလျှင်တောင် သုံးကြောင်းထက်ပိုလျှင် ပုဒ်မတောင် မချချင်တော့လောက်အောင် ပျင်းခဲ့သည်။ မိဘ နှစ်ပါးက ကြေးနန်းဌာနတွင် အလုပ်သွင်းပေးမည် တကဲကဲဖြင့် ကျွန်တော့် အကျင့်ကို ထောပနာ ပြုခဲ့ဖူးသည်။ သူငယ်ချင်း တစ်ယောက်က ပြောဖူးသည်။ မင်း သူများကို ဆဲချင်ရင် ပါးစပ်နဲ့ပဲဆဲတဲ့၊ စာရေးပြီးဆဲကြည့်ပါလား တစ်သက်လုံးမင်းကို အယုတ္တအနတ္တကောင်ဆိုပြီး လူတိုင်းသိအောင် လျှောက်ပြမှာပေါ့တဲ့။ နမူနာကောင်းကို မှတ်တတ်သော ကျွန်တော့်အကျင့်က ထိုအတွေး အခေါ်ကို မှတ်ယူထားလိုက်သဖြင့် စာရေးရမှာလည်း ကြောက်လာပါသည်။

ချွင်းချက်အနေဖြင့် တစ်ခါတော့ စာရေးချင်စိတ် ဖြစ်ခဲ့ဖူးသည်ဟု ၀န်ခံပါသည်။ မည်သည်အကြောင်းဟု ဆိုရသော်.....................

ကျွန်တော့်ရည်းစား လင်နောက် ကောက်ကောက်ပါသွားချိန်ကဖြစ်သည်။ သစ်စိမ်းချိုးဆိုတော့ ထိုအချိန်က ဒေါသ တော်တော်ဖြစ်မိသည်။ ဒင်းစာတွေကို ပြန်ဖတ်ပြီး သူ့အစားရော ကိုယ့်အစားပါ ရှက်ပြီး မီးရှို့ရန် ကြံစည်ပြီးမှ ဒင်းစာတွေ စာမျက်နှာပေါ်တင်ပြီး အရှက်ခွဲလျှင် အင်မတန်မှ သင့်လျော်မည်ဟု တွေးမိပြီး မဂ္ဂဇင်းများကို ပို့သေးသည်။ သို့ရာတွင် သူများရည်းစားစာပေါ်တွင် ညွှန်းစာလေး တစ်ကြောင်း နှစ်ကြောင်းဖြည့်ပြီး ပို့ခြင်းဖြစ်ရာ အယ်ဒီတာတိုင်း ဒေါသထွက်ဖူးခဲသဖြင့် မည်သည့် မဂ္ဂဇင်းကိုမျှ မည်သည့် အကြောင်းဖြင့်ပင် ဖြစ်စေ ယနေ့တိုင် ခြေဦးမလှည့်ရဲတော့ပါ။

ထိုအချိန်လောက်ကပင် စာတို တစ်ကြောင်း နှစ်ကြောင်း ရေးခဲ့ဖူးပါသည်။ နောင်တွင်လည်း ရေးမည်မဟုတ်ပါ။ စာရေးရမှာ ပျင်းသော ကျွန်တော့်အတွက် မည်သည့်အကြောင်းအရာဖြစ်စေ စာလုံးအဖြစ် ပြောင်းလဲစေမည် မဟုတ်ပါ။ သူငယ်ချင်းများ ပြောခဲ့သလို ပါးစပ်ဖြင့်သာ ဆဲပါမည်။ မကြားနိုင်သူများ အဖို့ ကျွန်တော်သည် လူကောင်းဖြစ်နေမည်သာ ဖြစ်သည်။ စာတစ်ကြောင်း နှစ်ကြောင်း ကြောင့် တစ်သက်လုံးခေါ်မဖော် နိုင်သော ဘ၀ထက်စာလျှင် လုံးဝ စာရေးပျင်းသော၊ လုံးဝ စာမရေးဘူးသော ဘ၀က ပို၍ အဆင်ပြေစေ မည်ဟု ထင်သည်။ ထို့ကြောင့် ကျွန်တော် စာလုံးဝမရေးရခြင်းဖြစ်သည်ဟု အသိပေးလိုက်ရပါသည်

မှတ်ချက် ။ ။ စာမရေးရခြင်း အကြောင်းထဲမှာ လက်ညောင်းတာလည်းပါတယ်။

ဂြိုလ်ကော်


ဟားခလုတ် (3) မှ

Thursday, July 7, 2011

ဗောဓိရွှေကျောင်း

ဗောဓိရွှေကျောင်း


အသက်အရွယ် သီသီကြီးစွန်းလာတော့ ငယ်ဘ၀တွေကို ပိုအောင်းမေ့တတ်တာ လူ့သဘာဝများလား မသိပါ။ တစ်ခါတစ်ခါတော့ စိတ်က ငယ်ဘ၀တွေဆီရောက်သွား တတ်သည်။ ကျွန်မငယ်စဉ်က အဘ၊အမေကြီးတို့နှင့်အတူ တောကျေးလက်မှာ နေခဲ့ရသော ငယ်ရိပ်တွေကို ပြန်တွေးရင်း လွမ်းရသည်လည်း ရှိပါ၏။ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အ၀တ်တွေ ထိုးသိပ်ထည့်ရင်း ရွာအရောက်ပြန်ရသည့် အပျော်မျိုးကို ဘယ်အပျော်ကမှ မမှီ။ ရွာရောက်ပြီဆိုသည်နှင့် အဘက ကျွန်မ အစ်ကို နှစ်ယောက်ကို ဘုန်းကြီးကျောင်းခေါ်သွားကာ သင်္ကန်းဆီးပေးနေကျ။ ကိုရင်ဘ၀ဖြင့် ဘုန်းကြီးကျေင်းမှာပဲ ကျောင်းအိပ်ကျောင်းစား ပို့ထားသည် ဆိုသော်လည်း အိမ်နှင့်ကျောင်းက သိပ်မဝေးလှပါ။ ရွာမှာက နွေရာသီ ကျောင်းပိတ်ရက် ရောက်သည်ဆိုလျှင် ကလေးတွေကို ဘုန်းကြီးကျောင်း တွင်တွင်ပို့ကာ လောကုတ္တရာ စာပေများ သင်အံလေ့ကျက်စေခြင်း သည်ပင် ရွာဓလေ့ထုံးစံလို ဖြစ်နေပြီ။ ရွာကတော့ လောကုတ္တရာစာကို မပြောကြပဲ ဘုန်းကြီးစာဟု ခေါ်ကြ၏။ ကျွန်မသည်လည်း ရွာကလေးများ ထုံးစံ ဘုန်းကြီးကျောင်းကို မရောက်မဖြစ်ရောက်ရကာ ဘုန်းကြီးစာနှင့် မလွတ်ခဲ့။

“ညည်းတို့ အတန်းကျောင်းဆိုသာက လောကဓတ်စာပဲတတ်တာ ငါမြေးရဲ့၊ ဘုန်းကြီးကျောင်းကမှ ဘုရားစာ၊ တရားစာသင်သာ။ ဘုန်းကြီးစာက ဘုရားရှိခိုးတတ်သယ်၊ လိမ္မာရေးခြားရှိသယ်၊ဆိုပီ နားကြားရှိသယ်၊ ကိုယ့်ဘာသာ တရားနဲ့ နီးစပ်တော့ အကုသိုလ်လည်း ကင်းသယ် ”

အမေကြီးပြောခဲ့ဖူးသည့် စကားတွေကို ကျွန်မ ပြန်တွေးကြည့်တော့ ဘုရားရိပ် ကျောင်းရိပ်ကရသည့် အသိသည်လည်း ဘ၀မှာ အရေးပါကြောင်း ဆိုလိုဟန်တူပါသည်။ ရွာဘုန်းကြီးကျောင်းမှာ စာသင် စာအံခဲ့ရစဉ်က စာသင်ခန်းကလေးကို ကျွန်မ မျက်စိထဲ မြင်ယောင်နေဆဲပဲ ဖြစ်သည်။ သရက်သား ပျဉ်ချပ်ကြီးတွေကို တြိဂံပုံစပ်၍ ထမင်းရည်နှင့် အိုးမည်းကို ပြစ်ပြစ်ဖျော်သုတ်ထားသော သင်ပုန်းကြီးကို ရှေ့မှာထောင်ထားသည်။ ဆရာတော် သို့မဟုတ် ခန်းနေဦးပဉ္စင်း တစ်ပါးပါးက ဘေးမှာ ကုလားထိုင်ကလေးဖြင့် ထိုင်ကာ စာချပေးသည်။ ကျွန်မတို့ ကလေးများကတော့ ကျောင်းအောက်ထပ် စိမ့်ပေါက်နေသည့် မြေကြီးပေါ်မှာ သစ်သားကွပ်ပျစ်ကြီးတွေ ခင်း၍ စုထိုင်ရင်း စာလိုက်ကြရသည်။ ကျောင်းထိုင်ဆရာတော်ကြီးက ကြိမ်လုံးတစ်လုံးအမြဲတမ်း ကိုင်ထားတတ်သည်။ တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် အသံကုန်ဟစ်၍ အော်ကြတာဆိုတော့ တစ်ကျောင်းလုံး ကျွန်မတို့ စာအံသံများဖြင့် ကျောင်းကြီးသိမ့်သိမ့် တုန်နေတတ်ပါသည်။ ကိုရင်ကြီးတွေက ကျွန်မတို့ ကျောက်သင်ပုန်ုးတွေပေါ်မှာ သံချွန်ဖြင့် လေးကြောင်းမျဉ်းဆွဲပေးပြီး လက်ရေး လှလှရေးပုံ၊ အရစ်အပင့်ဆွဲပုံတွေ သင်ပြသည်။ မြို့ကျောင်းမှာ စာတက်ခဲ့ကြသူတွေ ဆိုသော်လည်း ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကျောင်းလိုကျင့်ရသည်။

ကျွန်မတို့ရွာမှာ ရှေးကတည်းက ဘုန်းကြီးကျောင်း လေးကျောင်း ရှိသည်။ ရွာနှင့် ကပ်လျက်မှာ နှစ်ကျောင်းရှိကာ ရွာအပြင် တစ်ခေါ်စာလောက်ဝေးသော စိုက်ခင်းစပ်မှာတော့ တောရကျောင်းနှစ်ကျောင်း ရှိသည်။ ဘုန်းကြီးကျောင်း လေးကျောင်းစလုံး ကျွန်မတို့ ဘိုးဘွားများ လက်ထက်ကတည်းက ရှေးကျောင်းကြီးတွေ ဖြစ်သည်။ ပျဉ်ထောင် ပျဉ်ခင်းနှင့် ကျောင်းတိုင်ကြီးတွေကလည်း လူနှစ်ယောက် ဖက်စာလောက် ရှိသည်။ ကျောင်းအဆင်း လှေကားနှစ်စင်းကလည်း လှေကားခုံ မြင့်မြင့်ကြီးတွေနှင့် တစ်ကယ့် ရှေးပုံမျိုး ဖြစ်သည်။ အညာကျေးလက် ဘုန်းကြီးကျောင်းများပီပီ ဟောင်းမြင်းပုံပေါက်နေသော်လည်း ရွာတက္ကသိုလ်ကြီးတွေ ဖြစ်သည်။ ကျေးရွာလူထု၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ဆည်းကပ်ရာ အဆောက်အအုံကြီးတွေပဲ ဖြစ်၏ ။ အဘိုးအဘွားများ ပြောပြသလောက် ရှေးကတော့ ဘုန်းကြီးကျောင်းမှာပဲ ပညာသင်ယူခဲ့ကြရသည်။ စာဝါလိုက်သည့် ကိုရင်၊ ဦးပဉ္စင်းအပါး နှစ်ရာ သုံးရာလောက်ရှိသည်ဆို၏ ။

ဘုန်းကြီးကျောင်းများတွင် ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့်မရှိ။ မည်သူမဆို အခါမရွေး အခမဲ့ပညာသင်ကြားပေးတော်မူကြရုံမက ယောက်ျားကလေးများ ဆိုလျှင် ရှင်သာမဏေ သွတ်သွင်းပေးရာ သာသနာ့ အဆောက်အအုံကြီးတွေ ဖြစ်သည်။ ရွာဘုန်းကြီးကျောင်းများကို ကြည့်ကာ ရွာစီးပွားရေးကို ခန့်မှန်းနိုင်သည်။ ကျွန်မတို့ရွာမှာတော့ ဘုန်းကြီးကျောင်းလေးကျောင်းစလုံး ကျွန်းတိုင်လုံးကြီးများ၊ ကျွန်းသား အခင်းအကာများကို ရေနံချေးဝအောင် သုတ်ထားသော ကျွန်းသားကျောင်းကြီး တွေချည်းဖြစ်၏။ နှစ်ပေါင်းများစွာ အစဉ်အဆက် လက်ဆင့်ကမ်းကာ ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပြင် စောင့်ရှောက်လာကြခြင်းကြောင့် ရှေးဟောင်း သာသနိက အဆောက်အဦးကြီးတွေ အဖြစ်ရွာက သဘောထားကြသည်။ သည်ရွာက သည်ဆရာနှင့် သည်ဒကာ ဘယ်တုံးကမှ ဝေးကြသည် မရှိ။မြန်မာအိုတော့ ကျောင်းကြို ကျောင်းကြားဆိုသည့် စကားအတိုင်း အသက်ကလေး အိုချင်လာသည်နှင့် ကျောင်းရိပ်ခိုချင်လာကြပြီ။

များသောအားဖြင့် ကျေးလက်ဘုန်းကြီးကျောင်းဝင်း ကြီးတွေက ကျယ်ကျယ်လွန့်လွန့် ရှိကြသည်ဆိုတော့ သစ်ပင်ပန်းပင်တွေ ဝေေ၀ဆာဆာ စိုက်ပျိုးတတ်ကြသည်။ ဥယျာဉ်ပင်များဖြစ်သည့် သရက်၊ ပိန္နဲ၊ မရမ်း၊ ဆီးဖြူ စသည့် သီးပင်ကြီးတွေရှိသလို ပုဏ္ဌရိက်၊ သော်က၊ ပန်းအိ၊ ဇလပ်၊ ဇီဇ၀ါ၊ ညမွှေးပန်း၊ တတိုင်းမွှေးလို ပန်းပင်များလည်း ရှိတတ်သည်။ ကျောင်းဝင်းတွေထဲမှာ ရှိတတ်သော လက်ငင်ရေချိုတွင်းကလေးအနားမှာတော့ ငှက်ပျောပင် အုပ်အုပ်ကြီးတွေလည်း ရှိတတ်ပါသေးသည်။ ရွာထဲမှာ ပူပြင်းခြောက်သွေ့သဘောက် ဘုန်းကြီးကျောင်းတွေမှာ အရိပ်အာဝါသ ကောင်းတတ်သည့်အတွက် အလုပ်ကလေး လက်က ချသည်နှင့် ကျောင်းကို လှူဖွယ်ကလေး ရွက်ကာသွားကြမြဲ ဖြစ်ပါ၏။

ရှေးတုံးကတော့ ပညာရေးအတွက် ဘုန်းတော်ကြီးကျောင်းတွေကပဲ တာဝန်ယူတော် မူခဲ့ကြသည်။ ဆရာဘုန်းကြီးများက သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ အပြင်အောင်ခြင်း ၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ သဒ္ဒါ ၊ သဂြိုင်္ုဟ် စသည့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက် တပ်အပ် သိအပ်သမျှ သင်ပေးတော်မူကြသည်။ သင်ရိုးညွှန်းတမ်း သဘောရှိသော်လည်း တစ်ဦးချင်း၏ ဥာဏ်အရည်အသွေးပေါ် မူတည်ပြီး စာတက်ပေးလေ့ရှိကြပါသည်။ တချို့ကျောင်းသားတွေကတော့ သည်ကျောင်းမှာ သာမဏေပြု၊ အရွယ်ရောက်တော့ ရဟန်းခံကာ သာသနာ့ဘောင်မှာ သက်ထက်ဆုံး ပျော်မွေ့တော်မူကြသည်။ သာသနာဘောင် မပျော်မွေ့နိုင်ကြသူတွေ ကိုတော့ ရပ်ရေး ၊ရွာရေး၊ လူမှုရေးတွေက အစ အိမ်ထောင်မှု မှာပါ အသုံးတည့်နိုင်သည့် အိမ်ဆောက်၊ မဏ္ဌပ်ဆောက်၊ ဇရပ်ဆောက်၊ နွားတင်းကုပ်၊ ထန်းလက်တဲထိုး၊ ရေအိုးစင်တည်နည်းကအစ နှီးဖြာ၊ ဖျာယက်၊ ကြိုးကျစ်နည်းတွေပါ မကျန် သင်ကြားပေးသည်များလည်းရှိ၏ ။ ကျွန်မတို့ရွာကျောင်းမှာ သျှောင်ကြီးကို တစောင်းဖွဖွ ထုံးလျက်ကျောင်းမှာပဲ ကပ္ပိယကြီး လုပ်နေသော ဘဖိုး (ဦးစိန်ဖိုး) ကို ကျွန်မ မီလိုက်ပါသေးသည်။ ဘဖိုးက ဘုန်းတော်ကြီးများ စာသင်နားချိန်မှာ ကိုရင်တွေ ကျောင်းသားတွေကို သူတတ်ထားသမျှ လူမှုနယ်ပယ်မှ ပညာတွေ သင်ပေးသည်။

စာပေပို့ချသင်ကြားပေးသော ဆရာတော်၏ ၀သီတော် အလျောက် တချို့ကျောင်းများတွင် ဗေဒင်ကျမ်း၊နက္ခတ်ကျမ်း၊ ရာဇသတ်ဓမ္မသတ်ကျမ်း၊ ဆေးကျမ်းများကိုပါ သင်းကြားပေးသည်လည်း ရှိ၏ ။ ရှေးက ပွဲကျောင်းဟု ခေါ်ကြသော ဘုန်းကြီးကျောင်းများမှာတော့ မြင်းစီး၊ လှံထိုး၊ ဓားရေး၊ လေးမြား အတတ်ကအစ လက်ဝှေ့ လက်သိုင်းပညာများကို သင်ကြားပေးကြသည်။ တချို့ကျောင်းများတွင် ဆိုင်းပညာ၊ ပန်းချီပန်းပုပညာ၊ မီးရှူးမီးပန်း ပညာလို သုခမအနုပညာများကို သင်ကြားပေးကြသည်ဆို၏ ။ ကျွန်မတို့ ရွာကျောင်းများကတော့ မီးပုံးပျံလုပ်သည့် အတတ်ပညာ၊ ကျွဲချိုကို အရုပ်ထွင်းသည့် ပညာ၊ စက္ကူကို အရုပ်မျိုးစုံချိုးသည့်ပညာ၊ လှော်လှေ ပြိုင်လှေ များခုတ်သည့် လက်သမားပညာများကိုသင်ကြားပေးတော်မူကြသည်။ ကျွန်မတို့ရွာက ရေ၀င်ရွာမို့ ရေကြီးခါဆိုလျှင် ရေပြင်ကျယ်ကြီးထဲမှာ လက်လှော်လှေကလေးများဖြင့် ကူးကြသန်းကြရသည်။ဘုန်းကြီးကျောင်းတိုင်းမှာ ဆွမ်းခံလှေကလေးတွေ မှောက်ထား တတ်တာကလည်း မြစ်နားကျေးလက်ဘုန်းကြီးကျောင်းများတွင် မြင်ရတတ်သည့် မြင်ကွင်းပဲ ဖြစ်သည်။

နက်အရုဏ်တက်ချိန်တိုင်လျှင် ဘုန်းတော်ကြီးကျောင်းဆီက အုန်းမောင်းခေါက်သံ တတုံတုံသည် ရွာကျက်သရေဖြစ်သလို တစ်နေ့တာ၏ လုပ်ငန်းစရန်နှိုးဆော်သည့် နရီသံလည်းဖြစ်သည်။ မနက်လေးနာရီ ဆိုလျှင် အုန်းမောင်းခေါက်သံနှင့် အတူ ရွာကလေးသည် နိုးရပြီ။ မီးခွက်ကလေးတွေ ပြန်လင်းကြပြီ။ ဘုရားရှိခိုးသံ၊ မေတ္တာပို့ အမျှဝေသံ၊ ကြေးစည် ရိုက်သံတွေ ဆက်ကာဆက်ကာ ပေါ်ထွက်လာကြပြီ။ သည်အသံတွေကို ကြားရသူတိုင်းက သာဓုခေါ်ကြမြဲဖြစ်၏။

“ နာကိုး၊ တောင်းရှစ်၊ သာဓု တစ်၊ ဟောလစ် အသင်္ချေတဲ့၊ တရားနာရင် ကိုးကမ္ဘာ အပါယ်မလားဘူး။ တရားတောင်းသဲ့ သူများကျ ရှစ်ကမ္ဘာ အပါယ်မလားဘူး။ အမျှဝေသံကြားလို့ သာဓုခေါ်တဲ့ သူများကြတော့ တစ်ကမ္ဘာအပါယ်မလားဘူးသဲ့။ တရားဟော ပုဂ္ဂိုလ်များ အသင်္ချေ အပါယ်မလားဘူးသဲ့ ငါ့မြေးရဲ့ အမျှဝေသံကြားရင် သာဓု သာဓု သာဓုလို့ သုံးကြိမ်သုံးခါ ခေါ်ရသယ် ”

ငယ်ငယ်ကတည်းက အမေကြီးသင်ကြားခဲ့သဖြင့် အမျှဝေသံကြားလျှင် သာဓုခေါ်တတ်ခဲ့ရပြီ။

ရွာကျောင်းက ကျောင်းထိုင်ဘုန်းတော်ကြီးများသည် ရွာသူရွာသားတို့အပေါ် သြဇာညောင်းတော်မူကြသည်။ ရွာရေးရပ်ရေး ရှိလာသည့်အခါ ရွာက အဦးထားကာ တိုင်ပင်မေးလျှောက်ကြရသည်။ မြေးတွေပင်ရနေကြပြီ ဖြစ်သော်လည်း ဆရာတော်က အခေါ်တော်ရှိလျှင် ရောက်ရာအရပ်က သုတ်ကနဲ ထသွားကြရသည်။ အရက်သေစာ သောက်စားမူးရစ် ရမ်းကားသူများဆိုလျှင် အဆုံးအမ၊ အရိုက်အနှက်များပင် ခံကြရ၏ ။ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရိုသေကြရပါသည်။ ကျွန်မတို့ရွာအ၀င်တွင် ဘုန်းကြီးကျောင်း နှစ်ကျောင်း ယှဉ်လျက်ရှိသည်။ ရွာကတော့ ကျောင်းဘွဲ့ကိုမခေါ်ကြဘဲ အရှေ့ကျောင်း အနောက်ကျောင်းလို့သာ လွယ်လွယ်ခေါ်ကြသည်။ ကျောင်းနှစ်ကျောင်းကြား ရောက်ကြပြီဆိုလျှင် ပြောလက်စ စကားကိုပင် ကျယ်ကျယ်မပြောဝံ့။ ဘုရားဝင်းကျောင်းဝင်း မဟုတ်သော ရွာလမ်းဆိုသော်လည်း ကျောင်းရိပ်ကို နင်းရသည်ဆိုကာ ဖိနပ်ချွတ်သွားကြရသည်။ သည်လမ်းကလေးကတော့ ရွာအ၀င်လှည်းလမ်းလည်း ဖြစ်သည်။

ဟိုတုန်းကတော့ ဘုန်းကြီးကျောင်းသားချင်း တစ်ကျောင်းနှင့်တစ်ကျောင်း စာပြိုင်တတ်ကြသည့် ဓလေ့လည်းရှိ၏ ။ တစ်ကျောင်းနှင့် တစ်ကျောင်း ကျောင်းသားချင်း စာပြောင်စာချိုးတွေနှင့် လှောင်ကြ ပြောင်ကြတာမျိုးတွေလည်း ရှိသည်။

“ ညနေ ငပိဖုတ် လှဖေမိချုပ် ”
“ တုံးပေါ်ကြွက်လျှောက် အုံးကျော်လက်ကောက် ”
“ ကြက်ဥကုလားဆွဲ နက်ပုအသားမည်း”

စသဖြင့် တစ်ဦးနှင့်တစ်ဦး စာချိုးဖြင့် စကြနောက်ကြသည်။ သည်လိုစာချိုး စာစပ်တွေ သုံးကာ အော်ကြ ဟစ်ကြသံကြားလျှင် ဆရာတော်များကလည်း ပြုံးတော်မူတတ်ကြ၏ ။ စာအံကြချိန် အာဂန္တု ရဟန်းဧည့်သည်၊ လူဧည့်သည် ရောက်လာလို့ ဆရာတော် ကျောင်းပေါ်ကြွသွားပြီဆိုလျှင် ကျောင်းအောက်မှာ ကျွန်မတို့ ကလေးတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းကြတော့သည်။ စိမ်ပြေးတမ်း၊ ဂုံညှင်းဒိုးပစ်တမ်း၊ ကြက်ခွပ်တမ်း၊ ကစားကြရုံဖြင့် အားမရနိုင်ကြသေးဘဲ သစ်ပင်တက်တမ်းပင် ကစားလိုက်ကြသေး၏ ။

“ ကလေးတကာ့ ကလေးထဲတွင် ဘုန်းကြီးကျောင်းက ကလေးတွေလောက် ဆော့သာ ကြုံဖူးပေါင်တော် ကတည်း လက်ပံပင် ဇရက်ကျလို့ ”

လမ်းပေါ်မှာ ဖြတ်သွားကြသူတို့ပင် ကလေးများ၏ အော်ဟစ်သံကို မခံနိုင်ကြ။ ဆရာဘုန်းကြီးများကတော့ သည်အသံ သည်ဗလံတွေကို သည်းညည်းခံတော် မူနိုင်ရှာကြသည်။ သိပ်လွန်လာလျှင်တော့ ကျောင်းကြမ်းပြင်ကို ကြိမ်ဖြင့် ဖျန်းဖျန်းမြည်အောင် ရိုက်ကာ ဟန့်တားတော် မူကြ၏။

ကျေးလက် ဘုန်းကြီးကျောင်းများတွင် ရှေးဆရာတော်ကြီးများ လက်ထက်ကတည်းက စုဆောင်းခဲ့ကြသောရှေးဟောင်းပစ္စည်းတွေလည်း ရှိတတ်ပါသည်။ ကျွန်မတို့ ဘကြီးဘုန်းကြီးကျောင်းမှာဆိုလျှင် ပန်းချီတော် ဦးချစ်မြဲ ရေးဆွဲထားသော ဗုဒ္ဓ၀င်ဇတ်တော် ပန်းချီကားကြီးများရှိသည်။ ရှေးဟောင်းပေ၊ ပုရပိုက်များထည့်သောကျွန်းစာတိုက်သေတ္တာကြီးတွေကိုရွှေထီးဟောင်းကြီးများ မိုးလျက်သား မြင်တွေ့နိုင်သည်။ ကြေးကမ္မ၀ါများ၊ဘုရားဆင်းတုတော်များ၊ မောင်းများ၊ ရှေးခေတ် အသုံးအဆောင်များနှင့် အတူ ကျောင်းအောက်မှာ ရှေးပြိုင်လှေကြီးများကို ဂုဏ်တစ်ရပ်အနေဖြင့် တုံးဆင့်ကာ လှလှပပ ထားတတ်ကြ၏။ အညာကျေးလက် ဘုန်းကြီးကျောင်းတွေမှာ တွေ့ရတတ်သော အလှူရှင်လောင်းလှည့်ရတွင် နားထွင်း မိန်းကလေးများစီးသည့် လက်ရာမြောက်နားရံ လှည်းယဉ်ကြော့ကလေးလည်း ရှိတတ်ပါသည်။ ဆရာတော် ဟိုရွာသည်ရွာ ကြွတော့လည်း သည်လှည်းယဉ်ကလေးကိုပဲ သုံးတော်မူသည်။ ဘုန်းကြီးကျောင်းတွေအကြောင်း အမေ့ကို မေးကြည့်တော့ အမေက သူမှတ်မိတာကို ပြောပြသည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ အတွေ့အကြုံများဖြစ်သည်။

“ သည်တုံးက တိုင်းရေးပြည်ရေး အခြေအနေကို သိအောင်လို့ ဆိုပြီးတော့ တို့ဘလေး ဦးပဉ္စင်းက မြင်းခြံကို ခြေကျင်ကြွကြွပြီး စနည်းနာရသာအမော။ ဦးဇင်းက ကြားလာသဲ့သတင်း ရဲဘော်တွေကို ညဘက်ကျောင်းအမှောင်ချပြီး ပြန်ပြောရသာပေါ့။ ရွာကတော့ ဂျပန်နဲ့တိုးမှာ ကြောက်လို့ ရွာခရိုးတောင်မကျော်ဝံ့ကြဘူး ။ ဦးဇင်းကတော့ ကြောက်ပေါင် သူတစ်ပါးတည်း ကြွသာပဲ ”

ကျွန်မ ရွာပြန်တိုင်း ဘုန်းကြီးကျောင်း လေးကျောင်းစလုံး ရောက်အောင်သွားကန်တော့သည့် ဒါန၀တ်ကိုတော့ မပျက်စေရ။ အရိယာ သူတော်စင်တို့၏ ရိပ်သာပတ်ဝန်းကျင်ဆိုတော့ အေးမြလှပါသည်။ ဘ၀အမောများပင် တဒင်္ဂပြေပျောက်ရပါ၏။ ကျောင်းဝိုင်းထဲက တန်ဆောင်းမှာ အဘိုး အဘွား၊ အဖေ အမေတို့၏ ကုသိုလ်စာတန်းကို ဖတ်ရတော့ ၀မ်းနည်းခြင်းနှင့် ကြည်နူးခြင်းကို ရောထွေး ခံစားရပါသည်။ အဘိုး အဘွားတို့၏ ရှေးကုသိုလ်ကိုသာ အောင်းမေ့ရင်း ကုသိုလ်ယူရခြင်းမျိုးမဟုတ်ပါလား။


ခင်ခင်ထူး
(မဟေသီ မဂ္ဂဇင်း၊ ဇွန် ၊ ၂၀၀၇ ခုနှစ်)

Saturday, July 2, 2011

ခွေး

အခန်း (၁)

ဆောင်းတွင်းနံနက်ဦးမှာ မြူခိုးတွေ လူးလိမ့်တက်နေသည်။ အကြော်ဆိုင်ကလေးကတော့ ဖွင့်ဖို့ပြင်ပါပြီ။ အဘွားအိုက ဘူးသီးများကို ခွဲစိတ်နေ၏။ အဖိုးအိုက မီးဖိုတည်နေသည်။

သို့ရာတွင် သူ့အလုပ်ကို သူ လွတ်လွတ်ကျွတ်ကျွတ် လုပ်ရခြင်းမဟုတ်ပါ။ ခွေးတစ်ကောင်က သူဆွဲသော ထင်းတုံးများဆိုလျှင် လာရောက် လု လု နေသည်ဖြစ်သည်။

“ ဟေ့ကောင်ကြီး...ငါ့ဘာသာ လုပ်ပါ့မယ်ကွာ ” 

ခွေးကြီးက ပြောမရချေ။ အတင်းဆွဲရမ်းနေသည်။ သူ့အားကို မနိုင်သောကြောင့် အဘိုးအို ချပေးလိုက်ရ သည်။ ခွေးကြီးက  ထင်းတုံးကို မီးဖိုထဲ သွားဆိုက်၏။ ထင်းတုံးက မီးဖိုထဲမှာ အထာမကျ။ အဘိုးအိုက ထင်းတုံးကို အနေအထားပြင်ပေးရ၏။ 

အဘွားအို ထံမှ စကားသံထွက်လာသည်။ 

“ ဒီသားအဖ အလုပ်လုပ်နေတာ ပြီးကြတော့မှာလား ” 

“ ဟ.....မင်း သားကြီးက ကူညီတာထက် ရှုပ်တာများနေတာကိုး.....”

“ ရှင် ဘာမှ ပြောမနေနဲ့၊ ကျုပ်သားကြီး ကူညီနေတာကို ကျုပ်တွေ့တယ်..”

အဘိုးအိုကား အဟဲဟဲနှင့်၊ ခွေးကြီးကလည်း ဆောင့်ကြောင့်ထိုင်ကာ လျှာကြီး တန်းလန်းနှင့်၊ မနက် စောစော မှာပဲ ထိုဘူးသီးကြော်ဆိုင်သို့ လူစိမ်းတစ်ယောက် လာရောက် စားသောက်ပါသည်။ အသက် လေးဆယ်ဝန်းကျင်ခန့် မျက်နှာမှာ အမာရွတ်နှင့် အတော်ကြမ်းတမ်းသည့် အသွင်ပေါ်သည်။ ထိုသူသည် ဘူးသီးကြော် ၀ယ်စားပြီးခဏကြာ ဆက်ထိုင်နေသေး၏။ ဆောင်းတွင်း နံနက်ခင်း၏ အအေးဒဏ်ကို မှုပုံမပေါ် အဘိုးအိုနှင့် အဘွားအို ကို မသိမသာ အကဲခတ်ရင်း......

“ အိုး......သူတို့ရှိနေကြ သေးတာကို ”

ထို့နောက် ဘူးသီးကြော် တချို့ကို ပါဆယ်ယူကာ သူ့တည်းခိုခန်းသို့ ပြန်လာခဲ့ပါသည်။


အခန်း (၂)

နောက်ရက်များတွင်လည်း သူသည် ဘူးသီးကြော် လာဝယ်စားနေ၏။ သူ့ကို မြင်သည်နှင့် အဖိုးကြီးက ခွေးကို လှမ်းပြောသည်။

“ ဟေ့ကောင်.... ညိုလုံး ဖောက်သည်တွေလာရင် ဘယ်လိုကြိုရမယ်လို့ မင်းကို မှာထားသလဲ.......”

ညိုလုံးဆိုသော ခွေးကြီးက သူ့ကို ပဒပ်ရပ်ကာ ကြိုဆိုသည်။ လက်ပေးသည်။ ဘူးသီးကြော် ၀င်စားရင်း သူစကားပြောဖြစ်၏။

“ ခွေးကြီးက အတော်လိမ္မာတာပဲနော်...”

အဘိုးအိုကား အဟဲဟဲ ရယ်လျက်.....

“ ခွေးတိုင်းတော့ ဘယ်လိမ္မာမလဲ ၊ ဒီကောင်က သင်ပေးထားတဲ့ ခွေးမို့လို့.....”

သူ့မျက်နှာ တစ်ချက်ပျက်သွား၏။ ကြာကြာဆက်မထိုင်ဘဲ တည်းခိုခန်းသို့ ပြန်လာခဲ့၏။

အမှန်စင်စစ်.....

ထိုအဘိုးအိုနှင့် အဘွားအိုသည် သူ့အဖေနှင့် အမေ ဖြစ်ကြသည်။ သူကား.........တစ်ဦးတည်းသောသား၊ ငယ်စဉ် ကတည်းက သူသည် သွန်သင် ဆုံးမ၍ မရလောက်အောင် မိုက်ရိုင်းရမ်းကား လွန်းလှသည်။ အရပ်ထဲတွင်လည်း အော့ကြောလန်ဖြစ်ခဲ့သည်။ သူ ဆေးစွဲစပြုချိန်တွင် အဖေ့အင်္ကျီအိတ်ထဲမှ ငွေကို အတင်းလုယူ၍ 

“ ဟေ့ကောင် .... ငါ  မပေးနိုင်ဘူး...”

“ ဟာ..... ဒီအဘိုးကြီးဟာ......”

ထို့နောက် အင်္ကျီအိတ်ထဲမှ ပိုက်ဆံအကုန် သိမ်းကျုံးယူကာ လမ်းဘေးမှ အပေါင်းအသင်းများထံ သွားရောက် အောင်ပွဲခံကြ၏။

နောက်ဆုံးအခေါက်တော့ မိခင်ဖြစ်သူနှင့်........

“ သေတ္တာထဲမှာ ရှိတဲ့ ပိုက်ဆံတွေ ကျွန်တော့်ကို ပေးပါ .....”

“ ဘာလုပ်ဖို့လဲ.....”

“ ဘာလုပ်ဖို့ ဖြစ်ဖြစ် ပေးပါ....”

“ ဘာလုပ်ဖို့ ဖြစ်ဖြစ် မပေးနိုင်ဘူး........”

“ဟာ...... ဒီ အဘွားကြီးက ကွာ.....”

ထိုသို့ပြောပြီး မိခင်ဖြစ်သူကို ဆောင့်တွန်းလိုက်သည်။ မိခင်ဖြစ်သူက နံရံနှင့် ခေါင်းနှင့်ဆောင့်ကာ သတိလစ်သွားလေသည်။ ထိုအခါကျမှ သေတ္တာထဲက ငွေများကို အလွယ်တကူ သူ ထုတ်ယူလိုက်သည်။
ထိုငွေကား အိမ်တွင်ရှိသမျှငွေ အကုန်လုံးပင် ဖြစ်တော့သည်။ သူလည်း တစ်ခါတည်း အိမ်မှ ဆင်းခဲ့လေသည်။ တွေးစစ်ကြည့်တော့ အနှစ် နှစ်ဆယ်တိုင်ခဲ့ပြီ။
ထိုအတောအတွင်း သူသည် ထောင်အကြိမ်ကြိမ်ကျခဲ့သည်။ နေရာစုံအောင် ရောက်ခဲ့သည်။ ထိုသို့ဖြင့် ဆေးကတော့ ပြတ်သွားပြီး မိုက်ရည်မိုက်သွေးကတော့ မပျောက်။ ထိုသို့ဖြင့် ကြေးစားလူမိုက် တစ်ယောက်ဖြစ်လာသည်။ ယခုလည်း လက်ခံထားသော အလုပ်တာဝန်တစ်ခုအရ မထင်မှတ်ဘဲ သူ့အဖေနှင့် အမေကို ပြန့်တွေ့ရခြင်းဖြစ်သည်။ အမျိုးမျိုးခက်ထန် ပြောင်းလဲခဲ့ပြီဖြစ်သော သူ့ရုပ်ရည် တို့ကိုကား၊ သူ့အသံတို့ကိုကား အဖေရော  အမေရော မမှတ်မိကြတော့။ လူစိမ်းပမာ ဆက်ဆံနေသည်။ သူ့ကတော့ အတွေ့အကြုံ စုံခဲ့ပြီဖြစ်၍ ဆက်ဆံပြီး မကြာမီမှာပင် သူ့အဖေအမေမှန်း မှတ်မိလိုက်ပါသည်။ 

သို့သော် သားတစ်ယောက်အဖြစ် ခွေးကြီးတစ်ကောင်ကို မွေးထားသည်ကား ရယ်စရာအဖြစ် သူမြင်သည်။


အခန်း(၃) 

ဒီမနက် သူသွားသောအခါ အဘိုးကြီး၊ အဘွားကြီးက ပစ္စည်း ပစ္စယတွေ သိမ်းနေ၏။ သူတို့ကား ဘူးသီးကြော် ဆိုင်ကပင် အိမ်ဖြစ်သည်။ သူရောက်တော့ အံ့သြသံဖြင့် မေးလိုက်၏။

“ ဘယ်သွားကြမလို့လဲ....”

“ တစ်နေရာကိုပေါ့ကွယ်....ညိုလုံးကြီးကို ညက ဘယ်သူသတ်သွားလဲ မသိဘူး.... နားအုံပွင့်ပြီး သေနေတယ် ”

သူက ကြိတ်ပြုံးလိုက်သည်။ “ အဲဒါ နားထင်ကို ဆိုက်လင်ဆာ တပ်ထားတဲ့ သေနတ်နဲ့ ပစ်သွားတာပေါ့ အဘိုးကြီးရဲ့ ” ဟု စိတ်ထဲမှ ပြောလိုက်သည်။ အဘွားကြီးက သူတို့ကို မကြည့်၊ မျက်ရည်တွေကျလျက် ပစ္စည်းများကိုသာ သိမ်းနေသည်။ သူက......

“ နေပါဦး အဘိုးကြီးရဲ့..... ဒီခွေးကိုပဲ သားအဖြစ် သတ်မှတ်နေရအောင် အဘိုးကြီးတို့မှာ အခြားသား မရှိတော့ဘူးလား......”

အဘိုးအိုကား အဝေးသို့ ငေးကာ လျော့ရဲရဲဖြေ၏။

“ အင်း..... ဟိုတုန်းကတော့ ခွေးဆိုးတစ်ကောင် မွေးထားခဲ့ ဖူးလေရဲ့.....”



တာယာမင်းဝေ
(“ကျောခိုင်းထားတဲ့ နေမင်း” စာအုပ်မှ)

Sunday, June 5, 2011

ဒိုင်ကြောင် မျက်နှာစာ

ဘာစွမ်းဆောင်ချက်မှ ဟုတ်တိပတ်တိမရှိသေးတဲ့ လူက ကိုယ့်အတ္ထုပတ္တိကို ရေးသားထုတ်ဝေတယ်ဆိုတာ ကိုယ့်သဘောအလျောက် ဘောင်းဘီချွတ်ပြီး လူရှေ့ထွက်ရပ်ပြတာနဲ့တူတယ်။



ပန်းသီးကြွေကျတာကို မြင်တာတောင် ကောက်စားဖို့သတိမရှိအောင် တွေဝေနေတဲ့သူဟာ နယူတန်ဆိုပြီး သိပ္ပံပညာရှင်ကြီးဖြစ်သွားတယ်။ ကောင်းရော။



မိန်းမနှစ်ယောက်ရှိလို့ တစ်ယောက်ကိုရွေးရခက်နေတယ်ဆိုရင် တတိယတစ်ယောက်ကို ရွေးလိုက်ပါ။



အချစ်ခံရတဲ့လူဖြစ်ဖို့ လှဖို့လိုတယ်။ လှတဲ့လူဖြစ်ဖို့ အချစ်ခံရဖို့လိုတယ်။



အသက် ၇၀ အရွယ်မှာ ၁၈ နှစ်သမီးကို လက်ထပ်တယ်ဆိုတာ သူငယ်ချင်းတွေ ဖတ်ပြမှာပဲဆိုပြီး စာအုပ်ဝယ်တဲ့ မျက်ကန်းနဲ့တူတယ်။



မြန်မာ့ဇာနယ်ဇင်း လောက အံ့မခန်းတိုးတက်လာလိုက်တာ စာမတတ်တဲ့လူတွေတောင် အယ်ဒီတာ ဖြစ်နေပါပေါ့လား။



ကိုက်စရာ ပါးစပ်ပေါက်မပါတဲ့ နဂါးဟာ တီကောင်နဲ့ ဘာမှမခြားဘူး။



၁၆ နှစ်အောက် ကလေး လူကြီးတွေးမတွေးရ။



ကျွန်တော်တို့ရေးတဲ့စာတွေက ရေနဲ့တူတယ်။ တစ်ကယ့်စာရေးဆရာကြီးတွေ ရေးတဲ့စာတွေက အကောင်းစားပြင်သစ်ဝိုင်တွေနဲ့ တူတယ်....ဒါပေမယ့် ရေကို လူတိုင်းသောက်ကြတယ်။



အပျော်ဖတ်စာပေဆိုတာ ပြည့်တန်ဆာလိုပဲ။ လူတိုင်းက ရှုံ့ချကြတယ်။ ဒါပေမယ့် မကင်းနိုင်ကြဘူး။



ဘ၀မှာ မှားခဲ့သမျှ အမှားတွေကို အမှန်ဖြစ်အောင် ပြင်ချင်တယ်ဆိုရင်တော့ အတ္တုပတ္တိသာ စရေးပေတော့။



စာရေးဆရာအချို့ဟာ မူကြိုအရွယ်ကလေးငယ် တွေလိုပဲ၊ စာကိုရေးတော့ ရေးတတ်တယ်၊ ပြန်မဖတ်တတ်ဘူး။


ဟားခလုတ်(၃) မှ

Saturday, June 4, 2011

ကြက်ဖ

ကျွန်တော်တို့ ပြိုင်ပွဲအကြောင်းကို မရေးမီ ကျွန်တော်တို့ ရှစ်တန်းနှစ်တွင် ရရှိခဲ့ကြသော အတန်းပိုင်ဆရာ ဦးထွန်းဇော် အကြောင်းကို အရင်ရေးမှ ရမည်ဖြစ်သည်။

ဆရာသည် တရုတ်နည်းနည်းစပ်သည်ဟု ကျွန်တော်ထင်သည်။ အသားဖြူဖြူ၊ အရပ် ငါးပေ ကိုး လက်မခန့်၊ ကိုယ်လုံးကျစ်ကျစ်လျစ်လျစ် တောင့်တင်း၍ ဖြောင့်စင်းသောနှာတံ၊ အတန်ငယ် ထူသော နှုတ်ခမ်းနှင့် မျစ်ရစ်မပါပဲ စူးရှသွယ်လျသည့် မျက်ဝန်းများကို ပိုင်ဆိုင်သည်။ ဆရာ့တစ်ကိုယ်လုံးမှာ အထူးခြားဆုံးမှာ စူးရှသွယ်လျသော မျက်ဝန်းများပင်ဖြစ်သည်။ ဆရာသည် စကားနည်းသည်။ Text Book မကိုင်၊ မြေဖြူခဲ တစ်ချောင်းကို တိုက်ပုံအင်္ကျီထဲ ထည့်ထားသည်။ ဒတ်(စ်)တာ ရှာမတွေ့လျှင် တခြားဆရာတွေလို မတ်တပ်ရပ်ခိုင်းတာတို့၊ ဆူတာပူတာတို့ မလုပ်ဘဲ သူ့တိုက်ပုံ အင်္ကျီလက်နှင့်ပင် ပွတ်ဖျက်ပစ်လေ့ရှိသည်။ ဒါကို ဆရာမတစ်ယောက်က “တပည့်တွေရှေ့မှာ လုပ်တာဆိုတော့ တပည့်တွေကို နည်းကောင်းတွေ သင်ပေးနေတာပေါ့ ” ဟု ခနဲ့သည်ကို ဆရာက.....

“  အရေးမကြီးတာကို အပြစ်မရှာဖို့ရယ်၊လေးဆယ့်ငါးမိနစ်ပဲရတဲ့ အချိန်ထဲမှာ Duster ကို အချိန်မပေး နိုင်တာကြောင့်ပါ၊ ၀တ္ထုဖတ်ပြီး ဆီးထုပ် စားပြတာလောက်တော့ မဆိုးဘူးထင်တာလည်း ပါတာပေါ့၊ ကောင်းတော့ မကောင်းဘူး ပေါ့လေ ” ဟု ပြန်ဖြေခဲ့သည် ဟုဆိုသည်။ ဆရာသည် စကားနည်းပြီး အနေအထိုင် ခွကျသည့်အပြင် မည်သည့်ဆရာနှင့်မျှလည်း မတည့်ဟု ကျန်ဆရာမများက ဆိုကြသည်။ ဆရာက ဒီနှစ်မှ ကျောင်းပြောင်းလာခြင်းဖြစ်ပြီး ရောက်ရောက်ချင်း ရှစ်တန်းတစ်ဆောင်လုံးမှာ အညံ့ဆုံး ဖြစ်သော ကျွန်တော်တို့အတန်းကို အတန်းပိုင်အဖြစ် ရခြင်းဖြစ်သည်။

ဆရာသည် စကားပြောတာတို့၊ အစားအသောက် စားတာတို့ကို ဆူလေ့မရှိပါ။ ကျောင်းစိမ်းမ၀တ်တာ ကိုလည်း ဆူလေ့မရှိပါ။ “ ကျောင်းစိမ်းဝတ်ထားရင် မင်းတို့ကို ကျောင်းသားမှန်းသိမယ်၊ တစ်ခုခု ဖြစ်ရင် အကူအညီပေးမယ်၊ နေရာပေးမယ်၊ ဦးစားပေးမယ်၊ ကိုယ့်အတွက် အတိအကျ အကျိုးပေးမယ့် ကိစ္စကြီးကို မလုပ်ချင်တာတော့ မင်းတော့သဘောပဲ ” ဟု သာ ခပ်ဆတ်ဆတ်ပြောသည်။ ကျွန်တော်တို့ အတန်းသည် ကျောင်းစိမ်းမ၀တ်လျှင် အပေါ်တစ်မတ် အောက်တစ်မတ်ပေးရသော A ခန်းလောက် ကျောင်းစိမ်းပျက်ကွက် မရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆရာသည် ဆရာမတွေနှင့် မတည့်တာဟု ပြောသူက ပြောကြသည်။

ဆရာက ကျွန်တော်တို့ကို သိပ်မရိုက်တတ်သော်လည်း ဆရာ၏ သေးငယ်ကျဉ်းမြောင်း စူးရှလှသော မျက်ဝန်းဒဏ်ကို ကျွန်တော်တို့ မခံနိုင်ပါ။ ထို့ကြောင့်ဆရာ့ကို ကြောက်ကြပါသည်။ ဆရာကတော့ သူ့ကိုကြောက်ဖို့ တစ်ခါမျှမပြောဖူးပါ။

အခုကျွန်တော်တို့ဆရာက ကျောင်းတက်ပြီး သုံးလခန့်သာ ရှိသေးသည်။ ကျွန်တော်တို့ အတန်းကို သူ့သဘောနှင့် သူ စာမေးပွဲစစ်ချ လိုက်သည်။ ကျွန်တော်မှတ်မိလောက် တစ်ယောက်မျှ မအောင်ပါ။သို့သော် ဆရာသည် စိတ်လည်းမဆိုး၊ ရိုက်လည်းမရိုက်ပါ။ 

“ ဒီလို အဖြေမှန်ကို သိရတာ ၀မ်းသာတယ်ဟေ့၊ ငါက ဒါမျိုးမှ ကြိုက်တာ၊ ကဲ....အင်္ဂလိပ်စာ တစ်ဘာသာတည်းကို အမှတ်အများဆုံး ၁၂ မှတ်ရပြီး ကျတဲ့ ပထမရကျောင်းသား ထစမ်းဟေ့ ”

ကျွန်တော့်သူငယ်ချင်း ကျော်ဦးက စပ်ဖြဲဖြဲနဲ့ ထပါတယ်။ ဆရာက ကျေနပ်သလို ပြုံး၍ ခေါင်းညိတ်သည်။ 

“ ကဲ....ပြီးတော့ ဘာသာစုံကျတဲ့ အထဲမှာ ဘဲဥ နှစ်လုံးရတဲ့ စန္ဒာလင်းလက်ဆိုတာ ထစမ်းဟေ့ မြင်ဖူးထားချင်လို့ ”

ကျွန်တော်တို့အတန်းထဲမှာ ရုပ်အချောဆုံးဟု သိထားသော စန္ဒာက ထရပ်သည်။ သူလည်း ရယ်လျက်ရှိ၏။ 

“ ကဲ...စန္ဒာလင်းလက်၊ ကျော်ဦးဘေးမှာ သွားထိုင်၊ ကျော်ဦးက အတန်းထဲမှာ အတော်ဆုံးဆိုတော့ အညံ့ဆုံး ဖြစ်တဲ့ စန္ဒာ့ကို ဆရာလုပ်တော့၊ စန္ဒာ စာမရရင် စာမှားရင် စန္ဒာလင်းလက်ကို မရိုက်ဘူး၊ သူ့ဆရာ မင်းကိုရိုက်မယ် ကျော်ဦး၊ ငါပြောတာ နားလည်လား၊ ကဲ...မကြည်မာ ဒုတိယရတယ်၊ ထစမ်း ”

အဲဒီလိုနဲ့ ဆရာက အဆင့်(၁) နဲ့(၅၉) ၊ (၂) နဲ့ (၅၈) စသည်ဖြင့် တွဲပေးသည့် အတွက်ကျွန်တော်တို့ အတန်းထဲမှာ ဆရာတပည့် စုံတွဲ အစိတ်တိတိ ရှိပါသည်။ ဆရာများက တပည့်များကို အနားတွင် ထားကြရသည်။ 

ဆရာ့စည်းကမ်းက ဆရာမှားလျှင်တစ်ချက်၊ တပည့်မှားလျှင် ငါးချက် ရိုက်လေ့ရှိသည်။ တပည့်မှားလျှင်  ဆရာက ၀င်ဆို ၀င်တွက်ပေးပြီး ဆည်ခွင့်မရှိ။ အရိုက်ခံရဖို့သာ ရှိသည်။ ဆရာမှားလျှင် တပည့်က ၀င်ဖြေပေး၊ ၀င်ဆို၊ ၀င်တွက် ပေးပြီး ကယ်၍ ရသည်။ ထိုအခါတွင် တပည့်က ဆရာဖြစ်ပြီး ဆရာက တပည့် ပြန်ဖြစ်ပါသည်။ ထို့ကြောင့်ဆရာ့ကို မကြိုက်သော တပည့်များမှာ ဆရာစာမရတာနှင့် ကြုံသော အခွင့်အရေးကို လက်မလွှတ်ပဲ ဆရာပြန်ဖြစ်ရေးကို မပြတ်ချောင်းနေကြတတ်သလို ဆရာမှ စာမရ၍ တပည့်ပြန်ဖြစ်နေသော တပည့်ကလည်း ဆရာပြန်ဖြစ်အောင် စာကျက်ရလေသည်။

ထိုစနစ်ကြောင့် ကျွန်တော်တို့ ဘိတ်ချေး (အီး) အခန်းမှာ ပထမခြောက်လပတ်တွင် ကျဝံ့သူမရှိ၊ စံချိန်ကို တင်နိုင်ခဲ့လေသည်။ ထိုခြောက်လပတ် စာမေးပွဲတွင်လည်း ဆရာက ထုံးစံအတိုင်း အဆင့်များကို ခေါက်ချိုးချိုးပြီး တွဲပေးခဲ့ပြီး ဆရာတပည့် စုံတွဲ (၂၅) တွဲ စာသင်စေပြန်ပါသည်။ ထိုအတွဲတွင် ကျွန်တော်၏ တပည့်လုပ်ရသူက ရင်ရင်အိဆိုသော ကောင်မလေးဖြစ်သည်။

ထိုရင်ရင်အိမှာ ၀တုတ်မကလေးဖြစ်ပြီး ဥာဏ်ကလည်း ထိုင်းလေသည်။ ရယ်လိုက်လျှင် ကလေးလေးနှင့် တော်တော်တူပြီး ငိုလျှင်တော့ ဘီလူးပေါက်စ ကလေးနဲ့ တူ၏။ထို့ကြောင့် ရင်ရင်အိသည် အမြဲတမ်း ဘီလူးမကလေး ဖြစ်သည်။ မိန်းကလေးမို့ ကျက်စာများတွင် ကျက်အားကောင်းသောကြောင့် မသိသာသော်လည်း တွက်သည့်ချက်သည့် နေရာတွင်မတော့ အတော်လေးကို ဒုံးဝေးပါသည်။ သင်လေမှားလေ မသင်ပဲထားတော့ ဘာမှမသိလေ ဆိုသည့်အထဲတွင် ရင်ရင်အိသည် ထိပ်ဆုံးမှရှိလေသည်။ ထို့ကြောင့် ကျွန်တော်ဒီအခါ ကျောင်းဆရာတွေထက် ပို၍ ကြိုးစားရလေသည်။

ဆရာလုပ်ပေးထားသော system က တပည့်မှားလျှင် ဆရာကို အားရပါးရတွယ်သော system ဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုယ်ထက် သူ့ကို ပို၍ အားထုတ်ရပါသည်။ ထိုအခါတွင် စာတစ်ပုဒ်ကို ကိုယ့်အတွက် အရကျက် ဖို့အပြင် သူနားလည်အောင် ပြောဆိုသင်ပြရသည့်အတွက် ပုံမှန် စာကျက်ခြင်းထက် ငါးဆလောက် အားထုတ်ရလေသည်။ ကျွန်တော်က ဥပမာ ဥပမေယျ မျိုးစုံဖြင့် သူ့ကို သင်ရသည့်အတွက် ထိုစာတစ်ပုဒ်မှာ ကျွန်တော့်အတွက်တော့ ဖွတ်ဖွတ်ညက်ညက်တင်မက ဒွတ်ဒွတ်ဒက်ဒက်ပါ ကြေလေသည်။

“ နင်ကလည်းဟာ လက္ခဏာ တူတာတွေကို မြှောက်ရင် အပေါင်းဟာ ၊ မတူတာကို မြှောက်ရင်အနုတ် ၊ ဒါလေးကို နင်သိထားရင် ဘယ်လိုလုပ် မှားတော့မှာလဲ၊ ဒီမှာ +3 နဲ့ +9 ကို ပေါင်းရင်....”

“ + 12 ” 

“ ကဲ...ဟုတ်နေပြီပဲဟာ၊ +7 နဲ့ +4 ကို မြှောက်ရင် ....”

“ အင်း...ဟို....+1 +21

“ OK..OK... - 6 နဲ့ - 8 ကို ပေါင်းရင် ”

ရင်ရင်အိ ပုံစံက တွေဝေသွားသည်။ ကျွန်တော့်ကို တစ်ချက်ကြည့်သည်။

“ဟို...(-)

“ ဘာ...”

“ မဟုတ်ဘူး..(+) ”

ကျွန်တော်စိတ်ဓါတ်ကျသွားသည်။ ကျွန်တော်က (-) ကို ဘာ...အော်လိုက်တော့မှ (+) ဖြစ်သွားခြင်း ဖြစ်သည် မဟုတ်လား။ လက္ခဏာ နှစ်မျိုးတည်း ရှိတာမို့ ဒါ ရမ်းသော အဖြေမှန် ဖြစ်ကြောင်း သိရသည်။ 

“ နင့်ကို ငါပြောထားတယ်ဟာ၊ လက္ခဏာ တူရင် (+) ၊ မတူရင် (-) ဆိုတာ ၊ ဒီမှာ အနုတ် အနုတ်ချင်း တူနေတော့....”

“ အနုတ် ”

ကျွန်တော်လဲသေချင်စိတ်သာ ပေါက်သွား၏။ စာသင်လျှင် ဒေါသနှင့် သင်၍ မရကြောင်း ကျွန်တော်သိသဖြင့် ဒီနေ့ ထူပူအူပြီး ရူးရူးကြောင်ကြောင်နှင့် ရင်ရင်အိကို လမ်းကြောင်း ပြောင်း၍ သင်ရ သည်။ (+) နှင့် (-) ကိစ္စကို မသင်တော့။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ (+) နှင့် (-) ကို သူသိအောင် ဘယ်လို လုပ်ရမလဲ ဆိုသည့်စိတ်က ကြီးစိုးနေခဲ့သည်။

ဆရာက ဘောမှာ တွက်ချက်ပေးသည့်အခါ ကျွန်တော်ကမှန်ပြီး သူက ခဏလေးမှားတာနှင့် ကျွန်တော် ငါးချက် အတီးခံရတော့မည်။ နောက်ဆုံးမှာ (+) နှင့် အနုတ်အတွက် အကောင်းဆုံး ဥပမာကို ရရှိသွား၏။ ကျွန်တာ် အရမ်းပျော်သွားသည်။

“ ကဲ...နင့်ကို ငါ ဥပမာ တစ်ခုပေးမယ်၊ သူငယ်ချင်းကို (+) ဆရာတွေရော အိမ်က အဖေ အမေတွေရောက ခွင့်မပြုတဲ့ သမီးရည်းစားဆိုရင် (-)ဟုတ်ပြီးလား၊ရည်းစားထားရင် အကုန် ဒုက္ခရောက်တာပဲပေါ့၊ ဟုတ်လား ”

“ အေးပါ သိတယ်၊ ဘာတွေ ပြောမှန်းလဲ မသိဘူး ”
“ ခဏလေးပါဟာ၊ ကဲ ...ယောက်ျားလေးတွေကို (+) လို့ သဘောထားပြီး မိန်းကလေးတွေကို (-) လို့ သဘောထားရမယ်၊ ဟုတ်ပြီလား ”

“ အေး...ငါသိပြီ ”

“ ဒီတော့ ကျားကျားချင်း (+) ရင်”

(+) ပဲရမယ် သူငယ်ချင်း ”

“ မ, မ ချင်း ပေါင်းရင် ”

(+) ပေါ့ဟ ၊ သူငယ်ချင်းပဲလေ ”

“ ကျား (+) နဲ့ မ (-) တွေ့ပြီး ပေါင်းကြရင် ”

(-) ပေါ့ ၊ သမီးရည်းစား၊ ဒုက္ခရောက်ကြပြီ ”

ကျွန်တော် ရင်ရင်အိလက်ကို အားရပါးရကိုင်ပြီး နှစ်ယောက်သား အားရပါးရ ရယ်ကြ၏။ ကျွန်တော့် ဘ၀မှာ စာသင်ရတဲ့ အရသာကို ပထမဦးဆုံး အရှိန်အဟုန် ကြီးကြီးနဲ့ ခံစားလိုက်ရတာပဲ ဖြစ်သည်။ တပည့်ကောင်း ရှိတဲ့ဆရာဟာ သိပ်ပျော်စရာကောင်းမှာပဲလို့လည်း တွေးလိုက်မိသည်။ ဆရာ၊ဆရာမတွေ ကို တခြားအသုံးအဆောင် ပစ္စည်းတွေနဲ့ကန်တော့တာကတစ်မျိုး၊ အဲဒီ ဆရာ ၊ ဆရာမ ကိုယ်တိုင် တီထွင်ထားတဲ့ နည်းစနစ်တွေနဲ့ သင်ခန်းစာကို အခက်အခဲမရှိ ရယူပြီးတော့ ကျော်ဖြတ်နိုင်တာက တစ်မျိုးဆိုတာကို ကျွန်တော်လုံးဝ သဘောပေါက်သွားခဲ့ပြီး အဲဒီနေ့ကစလို့ ဘယ်ဆရာမဆို စာသင်တဲ့ အခါ ကိုယ်ပိုင် ဟန်ကလေးနဲ့ ဘယ်လိုသင်သလဲဆိုတာကို သတိထားပြီး အဲဒီဟန်ကို အရယူ၊ ကျွန်တော်ကြိုးစား ခဲ့ပါသည်။ ထိုနည်းနှင့် တပည့်တာဝန်ကျေရန် ကျွန်တော်ကြိုးစားခဲ့သည်။

ကျွန်တော်နှင့် ရင်ရင်အိတို့ (+) (-) ကိစ္စတွေ ပြီးသွားတဲ့နောက်ရက်တွေမှာ ကျန်တဲ့ ဘာသာရပ်တွေပါ သင်လို့ ကောင်းလာသည်ကိုသတိ ထားမိလာ၏။ ရင်ရင်အိ ကလည်း တပည့်ကောင်း၏ အရသာကို ခံစားတတ်လာဟန်တူသည်။ တစ်နေ့တော့ ရင်ရင်အိက ကျွန်တော့်ကိုစကား တစ်ခွန်းပြောသည်။

“ ရဲဝင်း...သီရိရဲ့ ပါတနာ ယမင်းက ငါ့ကို စိန်ခေါ်နေတယ်၊ သူနဲ့ ငါနဲ့ပြိုင်မယ်တဲ့ ”

“ ဟင်....ဘယ်လိုဖြစ်လို့ ပြိုင်ရမှာလဲ ”

“ ယမင်းနဲ့ငါနဲ့ ပုစ္ဆာပြိုင်တွက်တော့ ငါကမြန်လည်းမြန်တယ် မှန်လည်းမှန်နေတော့ သူက မကျေနပ်တာက စတာ၊ သူ့က သူ့ Guide ကို သွားခေါ်ပြီး ငါ့ကိုချွတ်တော့ ငါကမြေပုံဆွဲပြီး စက်ရုံ(၂၈) ရုံကို နင့်ကဗျာအတိုင်း ထည့်ပြလိုက်တာပေါ့ ”

“ အဲဒါတော့ နင်မှားတယ်၊ ယမင်းကို နင်ဘာမှသွားပြိုင်စရာ မလိုဘူး၊ ငါနင့်ကို သင်ပေးတာ ဆရာပြောတဲ့အတိုင်း စာမေးပွဲမှာပြိုင်ဖို့ ”

“ သူက လာစိန်ခေါ်တာကိုးဟာ၊ အခုလည်း သူတို့က နင်နဲ့ပြိုင်မလို့တဲ့ ”

“ မပြိုင်ပါဘူး၊ ဘာဖြစ်လို့ ပြိုင်ရမှာလဲ ”

“ အဲဒါတော့ ငါလည်းမသိဘူးဟာ၊ သူက နင်နဲ့ပြိုင်မယ်တဲ့၊ သူရှုံးရင် သူ့ပါတနာ ယမင်းကို နင်နဲ့ထည့်လိုက်မယ် တဲ့ ”

“ ဘာ....ဘာ....ဘယ်လို ”

ကျွန်တော် တအံ့တသြ စကားဆိုတော့ ရင်ရင်အိက ပြုံးလေသည်။ ပြီးတော့ ရင်ရင်အိက တည်ငြိမ်သော မျက်နှာထားနှင့် ကျွန်တော့်ကိုပြောသည်။
 
“ ဒီလို ရဲဝင်းရာ ၊သူက တပည့် တပည့်ချင်း မပြိုင်ချင်ဘူး၊ ဆရာချင်း ပြိုင်ချင်တာတဲ့ ”

“ ဆရာချင်း”

“ အေး...ငါကလည်း နင့်ဘက်က မခံချင်ဘူးပေါ့ဟာ...၊ သီရိက နင့်လောက်မကျွမ်းဘူးဆိုတာ ငါသိတယ် ရဲဝင်း၊ ပြိုင်ရင်နင်ပဲနိုင်မှာ ”

“ ဟာ...ဒါပြိုင်စရာ ပွဲမှမဟုတ်တာ ”

“ အေး သူကတော့ မုန့်စားကျောင်းဆင်းချိန်မှာ နင်နဲ့တွေ့ချင်တယ်တဲ့၊ ပထမတော့ စာနဲ့ရေးပြီး ချိန်းတာပဲ၊ ဒါပေမယ့် ဘာဖြစ်လို့လဲမသိဘူး၊ စာကို ရေးပြီးမှ ဆွဲဆုတ်ပစ်လိုက်ပြီး ငါ့ကိုပဲ နှုတ်နဲ့ပဲ ချိန်းလိုက်တာ ၊ နင်သွားမယ် မဟုတ်လား ရဲဝင်း ”

ကျွန်တော် တော်တော်လေး စဉ်းစားရသည်။ ကျွန်တော့စိတ်ထဲမှာ အတန်းတူ အသက်တူချင်း ဆရာလုပ်ရတာကို အရသာတွေ့နေသလိုလို ရှိတာကိုတော့ ကျွန်တော်ဝန်ခံရမည် ဖြစ်ပါသည်။ဒါပေမယ့် ကျွန်တော်က သိပ်အတော်ကြီး မဟုတ်ဆိုတာကိုလည်း ကောင်းကောင်းနားလည်ထားသည်။ ဦးနှောက်က မှတ်ရခက်တာလေးတွေကို လွယ်အောင်ဘယ်လိုမှတ်ရမလဲ ဆိုတာလောက်ကိုတော့ ဥာဏ်နီဥာဏ်နက် ကလေးထုတ်ပြီး သုံးတတ်သည် ဆိုတာလောက်ပဲဆိုတာ ကျွန်တော်ကိုယ့် ကျွန်တော်သိပါသည်။

“ဆရာသိသွားရင် မကောင်းဘူးဟ၊ ပြီးတော့ ယောက်ျားလေးနဲ့ မိန်းကလေး၊ ငါမပြိုင်ချင်ဘူး ”

“ နင်ကလည်း....အဲဒါဆို သီရိက နင့်ကို ငကြောက်လို့ ထင်သွားမှာပေါ့ ”

အဲဒီအချိန်တုန်းက ထိုစကားသည် ကျောင်းသားတိုင်းကြောက်ကြသော စကားဖြစ်သည်။ ကျောင်းသားများ သည် သိတ္တိရှိသည် ဆိုခြင်းကို ဆန့်ကျင်ဘက် ကျောင်းသူများ သိစေချင်ကြသည်။ထို့ကြောင့် ကျောင်းရှေ့ အုတ်ခုံမှာထိုင်ရင်း တစ်ဖက်နှင့်တစ်ဖက်ရန်ဆောင်ပြီး ရိုက်ကြနှက်ကြသည်။ ရန်ဖြစ်ကြသည် ။ စိန်ခေါ်ထိုးပွဲတွေ၊ အုပ်စုလိုက်ချိန်းပွဲတွေ တာစားကြသည်။

ကျောင်းသူများကလည်း ထိုကဲ့သို့ ဆိုးမိုက်နေသူ ကျောင်းသားများကိုမှ ချစ်ကြသော၊ ရည်းစားထားကြသော ခေတ်ဖြစ်၏။ ရုပ်ရှင်ကားတွေကလည်း “မိုက်တယ်ဆိုတာ လွယ်ပါတယ် ” ၊ “ စိန် သို့မဟုတ် စိမ် ” ၊ “ ဗန်ဒိုလူလေးနဲ့ သူဇာ ” စသည့်ကားတွေ အောင်မြင်နေကြချိန်ဆိုတော့ ထိုအရှိန်တွေလည်း ပါမည်ထင်သည်။

ဒီတော့ ကျွန်တော်လည်း ငကြောက်ဆိုသော စကားကိုတော့ ဘာပဲဖြစ်ဖြစ်၊ အခေါ်မခံနိုင်ပါ။

“ငါက ကြောက်လို့မှ မဟုတ်တာ ၊ သူက မိန်းကလေးမို့ မပြိုင်ချင်ဘူးပြောတာပဲ ”

“ အင်း....အဲဒါလည်း ငကြောက်ပဲ၊ ပြိုင်လိုက်စမ်းပါဟာ ”

“ သူက ဘာပြိုင်မှာလဲ ”

“ စာပဲ နေမှာပေါ့ဟ ”

“ ဘယ်စာကို ဘယ်လိုပြိုင်ကြမှာလဲ ၊ဘယ်စာဆိုတာကို ဘယ်သူက ထုတ်ပေးမှာလဲ၊ ဒိုင်က ဘယ်သူလဲ၊ ဒီကိစ္စက လွယ်လွယ်ကလေးမှ မဟုတ်တာ ”

“ အဲဒါကြောင့်မို့ သီရိက ချိန်းတာနေမှာပေါ့ဟ၊ နင်မသွားရင်တော့ ငကြောက်ပဲ ရဲဝင်း ”

“ သွားမယ်ဟာ ၊ သူက ဘယ်ကိုလာရမှာတဲ့လဲ ”

“ မုန့်စားဆင်းရင် ဆယ်တောင်ပြည့် ဘုရားဝင်းထဲကို လာခဲ့တဲ့ ”

သီရိဆိုသည့် ကောင်မလေးသည် ကျွန်တော်တို့ အတန်းထဲမှာ ကျွန်တော့်လိုပဲ ဘယ်နေရာမှာမှ ဘာသံမှ မထွက်သော ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူ့ကို ကျွန်တော်သိသည် ဆိုသည်ကလည်း သာမန်ကျောင်းသူ တစ်ယောက်လို သိခဲ့ခြင်းမျိုးဖြစ်သည်။ သူနဲ့ကျွန်တော် အပြိုင်အဆိုင်မရှိ၊ မုန်းတီးမှု မရှိ၊ ရင်းနှီးမှုလည်း မရှိခဲ့ပါ။


အခုမှ သူက ကျွန်တော့်ကို အရေးတယူ သဘောထားပြီး ပြိုင်တာတွေ ဘာတွေလုပ်ချင်နေရသနည်း။ ကျွန်တော်စဉ်းစားသော်လည်း အဖြေမရပါ။

မုန့်စား မဆင်းခင် အတန်းထဲမှာ တွေ့ကြတော့လည်း အရင်က အတိုင်းပဲ ထူးခြားမှု ဘာမျှမရှိပါ။ ကြားထဲက ကျွန်တော့်တပည့် ရင်ရင်အိပဲ တမင်ချွန်တာလားဟု ကျွန်တော်ထင်လိုက်သေသည်။ သို့သော် မုန့်စားကျောင်းဆင်းလို့ ကျွန်တော်ကဘာရယ်မဟုတ် ၊သူ့ကို စူးစိုက်ပြီးကြည့်တော့ သူက တစ်ချက် မဲ့ပြုံးကလေး ပြုံးပြီးမျက်နှာကိုမော်၍ လွှဲထွက်သွားသည်ကို တွေ့ရသည်။

“ သွားမယ်လေ ရဲဝင်း ၊ သီရိက သွားနှင့်နေပြီ ”

“ နင့်ဟာက သူချိန်းတာ သေချာတယ်နော် ”

“ ဘာလဲ၊ နင်က ငါ့ကိုမယုံလို့လား၊ ငါ့က နင့်ကို ဘာကိစ္စနဲ့လိမ်ရမှာလဲ၊ ဒီလို ကိစ္စမျိုးကို ”

“ အေးပါဟာ.....ဟုတ်ရင် ပြီးရောပေါ့၊ သီရိကို ကြည့်ရတာက ဘာမှ မထူးဆန်းလို့ပါ”

ဆယ်တောင်ပြည့်ဘုရားဝင်းထဲကို ရောက်တော့ သီရိကို ယမင်းနှင့်အတူ ဒေးဗစ်ချန်း ဆီးထုပ်စားရင်း တွေ့ရသည်။ ကျွန်တော့်ကိုတွေ့တော့ ဘာသဘောလဲတော့မသိ။ သီရိက ဆီးထုပ်ထဲမှ ဆီးစေ့ကို နှုတ်ခမ်းထိပ်တွင် စုထားပြီး အားနှင့်မှုတ်ထုတ်ပစ်လိုက်သဖြင့် ဆီးစေ့က ကျွန်တော့ပခုံးပေါ်မှ ကျော်၍ ထွက်သွားသည်။ သူကတော့ မသိ။ ကျွန်တော်ကတော့ သီရိနှုတ်ခမ်းကလေး စုထားသော အိုက်တင်ကို သဘောကျနေမိသည်။

“ မဆိုးပါဘူး၊ သတ္တိတော့ ရှိသားပဲ ”

“ငါက ဘာဖြစ်လို့ သတ္တိမရှိရမှာလဲ၊ ငါမသိတာက ဘာကြောင့် ဘာကို ပြိုင်ချင်တာလဲ ဆိုတာကို မသိတာ ”

“ မကျေနပ်လို့ပေါ့ ”

“ ဘာကို မကျေနပ်တာလဲ ”

“ ဆရာကြီးလုပ်လို့ ”

ကျွန်တော်က နှုတ်ခမ်းတွေစုပြီး ကျွတ်ခနဲ အသံမြည်အောင် စုတ်လိုက်ပြီး ခေါင်းကို နောက်ဘက်သို့ လှန်ပစ်လိုက်၏။ အဲဒီစတိုင်လ်က အဲဒီအချိန်တုန်း ကတော်တော်လေးခေတ်စားသည်။ နောက်ပြီး ကျောပေးပြီး စကားပြောတဲ့ စတိုင်လ်လည်း ခေတ်စားသေး၏။ အဲဒါက ကျော်ဟိန်း လုပ်တာတဲ့၊ အဲဒီလို လုပ်ဖို့ စစ်အင်္ကျီကလည်း ၀တ်ရဦးမယ်တဲ့၊ ကျွန်တော်ကတော့ လုံချည် ခြေဖျားထွေးနဲ့ ခေါင်းမော့၊ နောက်လှန်ကျွတ်...စုတ်ရတဲ့ စတိုင်လ်ကို အကွက်ဝင်သည်ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ အမြဲလုပ်တတ်သည်။

ကျွန်တော့်အိုက်တင် ဆုံးတော့ ဆယ်တောင်ပြည့်ဘုရား အုတ်ခုံတန်းပေါ်မှာ တင်ပလွှဲထိုင်နေသော သီရိက ဖျတ်ခနဲ ခုန်ဆင်းသည်။

သို့သော် သီရိ ခုန်ဆင်းသော ခန္ဓာကိုယ်က သီရိဝတ်ထားသော စကတ်က နောက်ဘက်မှာ ဘာနှင့်ငြိနေသည် မသိ၊ သီရိကို ကုတ်ဆွဲထားသလိုဖြစ်ကာ ကျွန်တော့်မျက်နှာကို သူ့ခေါင်းနှင့် ပြေးဆောင့် သလို ဖြစ်အသွားမှာ ကျွန်တော်က အိုက်တင်ခံ၍ နောက်အလှန်နှင့် သွားကြုံသဖြင့် သီရိ အပေါ်ပိုင်း တစ်ပိုင်းလုံးက ကျွန်တော့်ရင်ထဲ ထိုးကျလာသည်။ ကျွန်တော်ကလည်း ထင်မှတ်မထားဘဲ သတိနှင့် တောင့်မထားနိုင်ဘဲ သီရိကို ဖက်ရင်း ပက်လက်လှန် လဲကျလေသည်။ စက္ကန့်နှစ်ဆယ်ခန့် လောကကြီး ဘာဖြစ်သွားမှန်း ကျွန်တော်မသိလိုက်၊ သတိဝင်တော့ သီရိက ကျွန်တော့်အပေါ်မှာ ပိလျက်ကြီး ဖြစ်နေသည်။ ကျွန်တော့်နောက်စေ့က ဆယ်တောင်ပြည့် ဘုရားအောက်ခြေ ပထမဆင့်နှင့် ရိုက်မိပြီး ပူလောင်နာကျင်လေသည်။

ကျွန်တော်တို့ အိမ်ကို ကိုယ်စီပြန်ကြရသည်။

“ ရဲဝင်းကို သီရိက အုတ်ခဲနဲ့ထုလို့တဲ့ကွ ” ဟူသော မှတ်ချက်ကို ကျွန်တော်ပြန်မရှင်းတော့ပါ။ “ ထုမှာပေါ့။ သီရိက စကတ်တောင် ပြဲနေတဲ့ဟာကို ” ဆိုသော စကားကိုသာ ချေပပါသည်။ ကျွန်တော့မျက်စိထဲမှာ စကတ်အပြဲကလေးကို ကိုင်ပြီး ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်ရင်း ၀မ်းနည်း၍လား၊ နာကျင်ထိတ်လန့် သွားလို့လားမသိ ငိုနေသော ကလေးလေးကို ပြန်မြင်ရင်း ချစ်နေရသည်။

ကံမကောင်း အကြောင်းမလှစွာပင် ထိုကိစ္စကို ဆရာဦးထွန်းဇော်က သိသွားခဲ့သည်။ ဆရာက ကျွန်တော်တို့ နှစ်ယောက်ကို မတ်တပ်ရပ်ခိုင်းပြီး ဖြစ်ပုံအကျဉ်းကိုမေးသည်။ သူ့ စာမေးပွဲ ကိစ္စလည်း ပါနေသဖြင့် ဆရာက တော်တော်သဘောကျသည်ကို တစ်တန်းလုံးရှေ့တွင်မှာပါ ကျွန်တော်တို့ နှစ်ယောက်ကို ထုတ်ဖော်ချီကျူး ခဲ့သည်။

“ အဲဒါ တရားသော ပြိုင်ဆိုင်ခြင်း၊လှပသော ပြိုင်ဆိုင်ခြင်းလို့ ခေါ်တယ်ကွ၊ ကျောင်းသားဟာ စာမှာပြိုင်တာ ကျက်သရေအရှိဆုံးပဲ၊ငါကတော့ မင်းတို့နှစ်ယောက်စလုံးကို ချီးကျူးတယ်၊ ရဲဝင်း ခေါင်းပေါက်တာနဲ့ သီရိ စကတ်ပြဲ နှုတ်ခမ်းပေါက်တာကတော့ မတော်တဆဖြစ်တာပါ၊ ဆရာဆိုတာ ကျောင်းသားကို နားလည်ပေးရမယ်ကွ၊ ဒါပေမယ့် ကျောင်းဝင်းထဲမှာ မနေဘဲ ဘုရားဝင်းထဲ သွားတာကတော့ အပြစ်ရှိတယ်၊ ဒီတော့ မင်းတို့ကို နှစ်ချက်စီ ရိုက်မယ်ကွာ ”

ဘာကြောင့်မှန်းမသိ ။ ဆရာရိုက်တာကို ခံရတာ မနာဟု ကျွန်တော်ထင်သည်။ ကျွန်တော်တို့တွင် ရှိသော ရိုက်သင့်သည့် အပြစ်ဒဏ်ကို သေသေချာချာ သိလိုက်ရလို့ပဲလား၊ ရိုက်တဲ့ ဆရာကိုက ပျော်ပျော်ရွှင်ရွှင် ကြီးနဲ့ ရိုက်လို့လားတော့ ကျွန်တော် မသိပါ။

သီရကို မေးကြည့်တော့လည်း “ အေးဟ...အဲဒီနေ့က ငါလည်း မနာဘူး ” ဟု ပြန်ဖြေခဲ့သည်။ ရိုက်ပြီး သွားသော်လည်း ဆရာက ကျွန်တော်တို့ ကိစ္စကို ပြီးသွားပြီဟု သဘောမထားခဲ့ ။

“ ကိုင်း ...မင်းတို့ ပြိုင်ကြမယ်ဆိုရင်တော့ မေးခွန်းလိုတယ်၊ စစ်ပေးမယ့် လူလိုတယ်၊ ဒဏ်တပ်မယ့် လူလည်း လိုတယ်မဟုတ်လား၊ အေး....အဲဒီနေရာကို ငါ ကျေကျေနပ်နပ်ကြီး သဘောတူတယ်ကွာ၊ ကဲ....ဘယ့်နှယ်လဲ”

ကျွန်တော်တိုက မကျေနပ်ဘူးလို့ သွားလုပ်လို့ရမှာလား ၊ ဒီတော့ ဆရာက ကျွန်တော်တို့ ဖြေရမယ့် ဘာသာရပ်ကို မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာနဲ့ အထွေထွေ ဗဟုသုတဆိုပြီး ခွဲသည်။ အဲဒီ အထွေထွေ ဗဟုသုတထဲမှာ ပထ၀ီတို့၊ သမိုင်းတို့၊ ဖိဆစ်တို့ကို ရောမွှေပြီး ထုတ်ထားသည်။ ကျွန်တော်ကလည်း ပထမ အစမ်းစာမေးပွဲ အတွက်ပြင်ဆင်ထားတာ ဆိုတော့ တော်တော်များများကို အလွတ်နီးပါး ရနေခဲ့သည့်အတွက် စာပြန်နွေးရုံ စာပြန်လေ့ကျင့်သလို ဖြစ်နေသဖြင့် ကျွန်တော်တို့အတွက် အလွန်အဆင် ပြေခဲ့ပါသည်။

ဆရာက ကျွန်တော်တို့ပြိုင်ပွဲအတွက် နိုင်သူကို Youth ဖောင်တိန်တစ်ချောင်း၊ စာအုပ်တစ်ဒါဇင် နှင့် ကွန်ပါဘူး အသစ်တစ်ဘူး ဆုချမည် ဖြစ်ပြီး ဒဏ်တပ်သည့်အနေဖြင့် ရှုံးသူက နိုင်သူ၏ တပည့်လုပ်ရမည် ဖြစ်သည်။ ကျွန်တော် စာတစ်ပုဒ် ကျက်ပြီးတိုင်း သီရိရော ကျက်၍ ရရဲ့လား ဆိုတာကို စိတ်ပူနေခဲ့သည်။ ကျွန်တော်နေ့တိုင်း သီရိကို ငေးမိနေသဖြင့် သီရိမျက်နှာက ကျွန်တော့်မျက်စိထဲမှာ စွဲနေခဲ့သည်။ စာမေးပွဲဖြေရန် လေးရက်အလိုမှာ ကျွန်တော်သီရိကို ချစ်နေပြီဆိုတာကို စာဖြင့် အသိပေးလိုက်သည်။သို့သော် သီရိထံမှ ဘာတုံ့ပြန်မှုမှ မရခဲ့။ ဒုတိယ၊ တတိယတစ်စောင်တွင်မတော့ ကျွန်တော်က ပြိုင်ပွဲမှာ ကျွန်တော့်ဘက်က အရှုံးခံမည်ဖြစ်ကြောင်း ထည့်ရေးတော့မှ သီရိက အဆုံးရှုံးခံစရာ မလိုကြောင်း၊ ကျွန်တော်က တော်ပြီးသားဖြစ်ကြောင်း ကိုသာရေးသည်။ ကျွန်တော်ခွင့်ပြုချက်အကြောင်းကို ဘာတစ်ခုမှ မပြောခဲ့။

နောက်ဆုံး စာတစ်စောင်ကိုတော့ စာမေးပွဲမဖြေခင် တစ်ရက်မှာ ပေးခဲ့သည်။ သီရိကလည်း ချက်ချင်းပင် စာမေးပွဲဖြေမည့်နေ့မှာ စာပြန်လာသည် ။ မုန်းတယ်တဲ့။ ကျွန်တော့်ရင်တွေ ပူကုန်သည်။ ဒီနေရာ တစ်ခုတည်း ကို ကျွန်တော်လုနေတာ မဟုတ်ကြောင်းကိုလည်း ရှင်းပြသည်။ ကျွန်တော် သီရိကို အရှုံးပေးမယ် စိတ်ကူးတာကလည်း သီရိကို စည်းရုံးတာမဟုတ်ဘဲ အနိုင်သက်သက် ရစေချင်တာ ဖြစ်ကြောင်းတွေကို ပြန်ရေးထည့်လိုက်သည်။ သို့သော် သီရိထံမှ စာပြန်မလာတော့ဘဲ စာမေးပွဲခန်းထဲသို့ ကျွန်တော် ၀င်ခဲ့ရသည်။

သီရိသည် ကျွန်တော် တရားဝင်ရည်းစားစာ ပထမဆုံးပေးခဲ့သော ရည်းစားဦးဖြစ်ပါသည်။ သီရိ မတိုင်ခင်က ဟိုလူ့ကို ကြိုက်သလိုလို ၊ ဒီလူ့ကို ချစ်သလိုလိုတော့ ရှိခဲ့ဖူးသည်။ သို့သော် တရားဝင်အဆင့်သို့ ရောက်မလာ။ သီရိကိုတော့ တစ်ကယ်ချစ်ပြီး စာရေးတဲ့အဆင့်၊ ပေးတဲ့ အဆင့်၊ ယစ်မူး ရင်ခုန်သည့် အဆင့်စသော ရည်းစားဦး အဆင့်တွေ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်းသွားခဲ့ရတာ အမှန်ပဲ ဖြစ်သည်။ ဥပမာ - သီရိကို စာပေးသောနေ့ ဆောင်းမနက်ခင်းကလေးသည် ကျွန်တော့်အတွက် အရမ်းကို ထူးခြားပြီး သိပ်သည်းကျစ်လျစ်သော ခံစားမှုကလေးနှင့် ယခုတိုင်ရှိနေသည်။ ထိုမနက်ခင်းကလေး၏ မွှေးရနံ့မှာ ဘယ်လိုဘယ်ပုံ ရနံ့ဆိုတာ ဥပမာရေးစရာ အရာဝတ္ထုပစ္စည်း ကျွန်တော် ရှာမတွေ့၊ ကမ္ဘလောကတွင်လည်း မရှိပါ။

ထို့ကြောင့် ကျွန်တော်သည် သီရိကို လုံးဝ အရှုံးပေးချင်နေသည်။ ချစ်သူက အနိုင်ရပြီး ချစ်သူ့အနားမှာ ချစ်သူ သင်တာကိုခံချင်သည်။ ချစ်သူ ငါးချက်အရိုက်မခံရအောင်  ကာကွယ်ပေးချင်ပါသည်။ ချစ်သူ သင်သမျှနှင့် ကျွန်တော် အတန်းတင်စာမေးပွဲကြီးကို အောင်မြင်အောင် ဖြေလိုက်မည်။ ထိုစာမေးပွဲ ကြီးသည် ချစ်သူနှင့် ကျွန်တော့်အတွက် အမှတ်တရ စာမေးပွဲကြီးကို ဖြစ်ရမည်။ ကျွန်တော့်တွင် တခြားအခြေအမြစ် မရှိလှသော စိတ်ကူးတွေလည်း သီရိနှင့် ပတ်သက်၍ ရှိနေသေးသည်။

အခုတော့ သီရိက ကျွန်တော့်ကို “ မုန်းတယ် ” လို့ ပြန်ရေးလိုက်ပြီ။ ကျွန်တော့်မှာ တိုင်းပြည် ပျက်သလို ခံစားလိုက်ရသည်။ ဘာကြောင့်မှန်းမသိ ငိုချင်နေသည်။ ဘာကြောင့်မှန်းမသိ ကျွန်တော့်ကို “ မုန်းသည် ” ဟု ပြောသော ရေးလိုက်သော သီရိကိုလည်း ချက်ချင်းပင် မုန်းပစ်လိုက်သည်။ ရည်းစားဦးတွေ ဘာဖြစ်လို့ မခိုင်မြဲကြသလဲ ဆိုသည့် အချက်မှာ ရည်းစားဦးမို့ ခံစားချက်တွေ အားလုံးက အရိုင်းဆန်နေကြတာ အမှန်ပဲ ဖြစ်သည်။ အချစ်ကလည်း အသစ်၊ သံယောဇဉ်၊ စိတ်ကူး၊ တွယ်တာမှု၊ မြတ်နိုးမှု၊ ရင်ခုန်သံ၊ သတိရစိတ်၊ တမ်းတစိတ်၊ အလွမ်း စသည့် ခံစားမှု အားလုံးက အသစ်ကျပ်ချွတ်တွေမို့ ဘယ်သူမှ နိုင်နင်းအောင် မထိန်းတတ်ချေ။ ထို့ကြောင့် ရည်းစားဦးများသည် ပထမဦးဆုံး အသစ်များ၏ ရနံ့ဖြင့် ဆုံးရှုံးခဲ့ရတတ်သောကြောင့် ရည်းစားဦးများကို မမေ့တတ်နိုင်ခြင်း ဖြစ်လေသည်။

ယခု သီရိကတော့ အချစ်ဦးသာဖြစ်သည်။

ကျွန်တော့်ကို ပြန်မချစ်သော ပထမဦးဆုံး “ မချစ်ဦး ” လည်း ဖြစ်ပါသည်။ စာမေးပွဲဖြေသည့် နေ့တွင် ကျွနတော်သည် တစ်စုံတစ်ရာမာနနှင့် ဒေါသအပြည့် ဖြစ်နေခဲ့သည်။ ဆရာဦးထွန်းဇော်တင်မက တစ်တန်းလုံးက စိတ်ဝင်စားကြသော ကျွန်တော်တို့ နှစ်ယောက်၏စာမေးပွဲကို အတန်းထဲမှာ ဖြေကြသည်။

ကျွန်တော်က သီရိကို ကြိုက်နေတာကို တစ်တန်းလုံးက သိထားကြသည်။ ဒီတော့ ကျွန်တော်က အရှုံးပေးလိမ့်မည်ဟု အသံထွက်နေသာ ကြောင့် ဆရာဦးထွန်းဇော်ကိုယ်တိုင် အားလျော့နေသည် ဆိုတာ သိရ၏။

သို့သော် စာမေးပွဲ မဖြေခင် ကျွန်တော်က သီရိအတွက် ရည်စူးဝယ်ထားခဲ့သော BIG ဘောလ်ပင်၊ ချွန်ထားပေးပြီးသား ခဲတံ ၊ ပေတံ၊ ခဲဖျက်နှင့် ကျွန်တော်ပြန်ရခဲ့သော မုန်းတယ်ဆိုသော စာကို ရခဲ့ခြင်းဖြစ်သည်။ ရှင်းခွင့်၊ ငြင်းခွင့် အချိန်မရှိတော့ဘဲ ကျွန်တော် စာမေးပွဲခန်းထဲသို့ ၀င်ခဲ့ရသည်။ သီရိက ဒီလိုဖြစ်အောင် တမင်လုပ်တာဟု ကျွန်တော် သိပါသည်။

သီရိသည် ကျွန်တော့်ကို မဲ့ပြုံးကလေး ပြုံးလိုက်၊ ဖြေလိုက်နှင့် လုပ်နေသေးသည်။ ပထမ ဆယ့်ငါးမိနစ်လောက် ကျွန်တော် ဘာမှ မဖြေနိုင်သေးပါ။ ဘာက စရေးရမည်ဆိုတာ ကိုပင် မရေးတတ်ဖြစ်နေခဲ့သည်။ နောက်တော့ ပူကျွမ်းသည့်ဒေါသနှင့် မခံချင်စိတ်၊ နာကြည်းစိတ်၊ ၀မ်းနည်းစိတ် တို့က ကျွန်တော့်ကို ခဏရူးသွားစေခဲ့သည်။ ကျွန်တော်သည် ရှေ့မှာရှိနေသည့် မေးခွန်းထဲက စာတွေကို ရန်သူတစ်ယောက်လို ဘဘောထားပြီး အကုန်ရေးချပစ်လိုက်သည်။

ဆရာသည်ပင်လျှင် ကျွန်တော့်ကို အံ့အားတွေ သင့်နေသည်။ သီရိကတော့ နားမလည်နိုင် ဖြစ်နေပုံရသည်။ ရင်ရင်အိက ခုန်နေ၏။ ပျော်လွန်းလို့ဟု ဆိုသည်။ သီရိကတော့ ကျွန်တော့်ကိုကြည့်ပြီး စာမေးပွဲကို အထိတ်တလန့် ဖြေလိုက်သေးသည်။ သို့သော် သီရိ နောက်ကျသွားလေသည်။

ကျွန်တော် အမှတ်အပြတ်အသတ်ဖြင့် သီရိကို အနိုင်ရရှိလေသည်။ သို့သော် ကျွန်တော်ကား ပျော်စရာ ဘာမျှ မရှိ။

“ နင် ငါ့ကို တမင်တကာလုပ်တာ မဟုတ်လား ရဲဝင်း ”

“ နင်က မုန်းတယ်ဆို ”

“ ငါက နင့်ကို စာမေးပွဲမဖြေခင် စတာလေ၊ ဒါကို နင်က လုံးဝ သည်းညည်းမခံဘူးပေါ့၊ နင် အရှုံးပေးမယ် ဆိုတော့ ငါက ဘာစာမှ သိပ်မကျက်ထားဘူးပေါ့၊ အမှန်ဆို ငါ နင့်ကို နိုင်တယ် ”

ထိုစဉ်က ဘယ်လောက်ရိုးသည့် ခေါ်ယူချိန်းတွေ့ ပြဿနာ ရှင်းနည်းဖြစ်ပါသနည်း။ “ ငါက စတာ ၊ နင်က တစ်ကယ်ထင်ပြီး နိုင်အောင် ဖြေတယ်ဆိုတော့ နင်ငါ့ကို ဖြူဖြူစင်စင်ချစ်တာတို့၊ မြတ်နိုးတာတို့ ဘယ်မှာလဲ ၊ အဲဒါတွေကို သိရအောင် ငါ တမင်စမ်းတာ ” စသည့် အခြေအနေကို အမိအရ အသုံးချသော ဥာဏ်ကစား စကားလုံးများ မပါရှိခဲ့။

“ ငါ နင့်တပည့် လုံးဝ မလုပ်နိုင်ဘူး ”

“ ဒါကတော့ ဆရာ့ကို ပြောလေ ”

“ ပြောဖို့ မလိုပါဘူး၊ နင်နဲ့ ငါ နှစ်ယောက်တည်း သိတဲ့ ပြိုင်ပွဲတစ်ခု လုပ်မယ်၊ အဲဒီပွဲမှာ ငါ နင့်ကို နိုင်ရင် ငါ နင့်တပည့် မဟုတ်ဘူးဆိုတာ လက်ခံလိုက်ပေါ့ ”

“ ဘာပြိုင် ရဦးမှာလဲ ”

“ ကြက်ဖခွပ် ”

“ ဘာ....”


ထို့ကြောင့် ကျွန်တော်သည် အခု ချစ်သူဦး မဖြစ်လိုက်ရသော ရည်းစားဦး ကလေးနှင့် ကျောင်းအနောက်ဘက် ခုံပျက်ကြီးတွေထားသည့် စတိုခန်းရှေ့ တွင်ရှိသော ကော်ရစ်တာ တွင် ရောက်နေခြင်းဖြစ်သည်။

ကျွန်တော်သည် ယောက်ျားလေးဖြစ်သည့်တိုင် ဘာကြောင့် ဒီကြက်ဖ ခွပ်ပြိုင်ပွဲကို သဘောတူလိုက်ရ သနည်း။ အဖြေကို နတ်ကောင်းနတ်မြတ်များနှင့် ပရိသတ် သိပါလိမ့်မည်။ ပြိုင်ပွဲစတော့ သီရိက သူ့စကတ်စ ကလေးကို ပေါင်ကြားနှင့် ခါးကြားတွင် ညှပ်၍ သေသေချာချာထည့်ပါသည်။ ထိုအချိန်တွင် ကျွန်တော်က  သူ့ပေါင်ရင်းတွင် အမာရွတ်ကြီး တစ်ခုကို တွေ့လိုက်ရ၏။ အမာရွတ် နေရာသည် အခြားအသား အရည်များနှင့် မတူပဲ အုန်းသီးပေါင်မုန့်၊ ပဲပေါင်မုန့်တို့ထဲမှ ပဲပေါင်မုန့်ထဲတွင် တွေ့ရလေ့ရှိသော ပဲယိုလို အရောင်မျိုး ဖြစ်ပါသည်။

“ နင့်ဒဏ်ရာက ဘာဖြစ်တာလဲ”

“ ရေနွေးပူလောင်တာ၊ ဘာဖြစ်လို့ ကြည့်နေတာလဲ ”

“ ငါ ကြက်ဖ မခွပ်ချင်ဘူး၊ ငါ နင့်ကိုချစ်တယ် ”

“ အပိုတွေ ပြောမနေနဲ့တော့၊ ကဲ...တစ်...နှစ်...သုံး ”

ပွဲစပြီး နှစ်မိနစ်အတွင်း ကျောင်းနောက် store ခန်းထဲသို့ ကျောင်းသားကျောင်းသူများ တဖွဲဖွဲ ရောက်လာကြသည်။ ယောက်ျားလေးတန်မဲ့ မိန်းမကြီး တစ်ယောက်လို ကြပ်ဖခွပ်နေရသော ကျွန်တော့်ကိုယ် ကျွန်တော် ကားအောက်သို့ ထိုးထည့်ထားလိုက်ချင် နေသည်။

တွေ့သမျှလူအားလုံးက ကျွန်တော့်ကို လှောင်ကြသည်။

“ ဒါက ဘာဖြစ်တာလဲ ”

“ တော်ပြီ၊ ငါအရှုံးပေးလိုက်ပြီ ၊ ငါ မရဘူး ”

“ နင် အကျင့်မယုတ်နဲ့၊ ပြီးတဲ့ အထိ ခွပ်ရမှာ ”

“ အဲဒါ ငါမသိဘူး၊ ငါသိတာ ငါရှုံးပြီ ”

ကျွန်တော့်ကို ခုခံခွင့်မရှိ ပယ်ပယ်နယ်နယ် လှောင်ပြောင်နေကြသည့် လူတွေကြားထဲက ကျွန်တော် ဖြတ်ထွက်လာခဲ့သည်။ ရင်ထဲမှာလည်း ရှက်လိုက်သည့်ဖြစ်ခြင်း ။ ဒီ “ ကြက်ဖခွပ်ခြင်း ” ကို သဘောတူတာက စပြီး ကျွန်တော်မှားခဲ့သည်။ ထို့ကြောင့် ကျွန်တော့်ကို “ ကြက်ဖ ” ဟု ချစ်စနိုး ခေါ်ကြသည်။

ထို့ကြောင့် ကျွန်တော့်ကျောင်းနာမည် အရင်းမှာ “ ကြက်ဖ ” ဖြစ်သွားသည်။ နောင်ကျတော့ လူတွေက ကျွန်တော့်ကို “ ကြက်ဖ ” ဟု မခေါ်ကြတော့ ။ ဘာကြောင့်မှန်း ကျွန်တော်လည်း မသိတော့။ သီရိကတော့ ဆယ်တန်းနှစ်ရောက်တော့ နှစ်ဝက်လောက်သာ တက်ပြီး ကျောင်းပြောင်းသွားခဲ့သော်လည်း ကျွန်တော့် ကို နာမည်လေး တစ်ခုတော့ပေးသွားခဲပါသည်။

အခု ကလေးတွေ “ ကြက်ဖ ” ခွပ်တာကိုမြင်တိုင်း လွမ်းရ၏။တော်တော် ကိုးရိုးကားရား နိုင်သော အစီအစဉ် ဖြစ်သည်။ အခု Rapper လောကမှာ နာမည်ကြီး Hip Hop အဆိုတော်တစ်ယောက်၏ နာမည်က “ ကြက်ဖ ” ဟု ဆိုသည်။

သူကတော့ ဘယ်လို “ ကြက်ဖ ” လဲ ကျွန်တော် မသိ။

ကျွန်တော်ကတော့ ရည်းစားဦး ကပေးခဲ့သာ ရှုံးခဲ့သည့် ကြက်ဖ တစ်ကောင်သာ ဖြစ်ပါသည်။



နီကိုရဲ

Thursday, May 26, 2011

ပြောမဆုံး မောမဆုံး ဘောလုံး....ဘောလုံး

ရှောမနိပ်ဥုက်က ဘောသမားကြီးပါ။ ငယ်စဉ်ကများဆိုရင် ဘောဆိုလာထား ကန်ပြီးသားဆိုသလို တွေ့သမျှဘော အကုန်ကန်ခဲ့တာ။ ရာဘာဘောလုံး ကော်ဘောလုံးဆိုတာတင်မက ကလေးဆော့တဲ့ ပူစီဖောင်း မကျန် ကန်ခဲ့တဲ့ ဘောသမားအစစ်ကြီးဗျ။

ခု...အသက်လေးက ရလာပြီဆိုတော့ ဘောကိုခြေထောက်နဲ့ မကန်ဖြစ်တော့ဘူး။ ခြေထောက်နဲ့မကန် ဘာနဲ့ကန်သတုန်းဆိုတော့ မျက်လုံးနဲ့ ကန်နေသဗျ။

ဟဲဟဲ .....မျက်လုံးနဲ့ ကန်တယ်ဆိုသဟာက ဘောပွဲကြည့်တာကို ဆိုလိုတာပါ။ အင်္ဂလိပ် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေ၊ ဂျာမန်ဘွန်းဒက်လီဂါ၊ မြန်မာအမ်အက်ဖ်အက်ဖ် ပါမကျန် မျက်လုံးနဲ့ လိုက်ကန်ဖြစ်နေတာပါပဲ။

အဲသလို အကန်ဘယ်လောက်များခဲ့သလဲဆို ကိုယ့်ဆွေမျိုး နာမည်သာ မေ့ချင်မေ့မယ်၊ ဟိုကောင်တွေ ကျတော့ ဖန်သားပြင်မှာ ယင်ကောင်အရွယ် အစားလေး မြင်ရင်တောင် ပီတာခရော့၊ တော့တီ အလွန်ဆို အိုဆေးဆိုပြီး ဘိုင်ဟတ်ပြောနိုင်သဗျ။


၂၀၁၀ ကမ္ဘာ့ဖလားကြီး တောင်အာဖရိကမှာဖြစ်တော့ လက်ဟောင်းဘောသမားကြီး ရှောမနိပ်ဥုက် ရေငတ်တဲ့ဖား ရေကန်ထဲကျသလို ပျော်ခဲ့ရသပေါ့ဗျာ။

ကမ္ဘာတစ်လွှား ဘောခရေဇီ မိတ်ဆွေများလည်း ရှောမနိပ်ဥုက်ကဲ့သို့ ပျော်ကြမော်ကြရတာပေါ့။ ကဲ....... ပွဲကြီးအောင်မြင်စွာ ပြီးစီးသွားတော့ ပြောမဆုံး မောမဆုံး ဖြစ်နေကြပြန်ပါရော။

ဘောပွဲတစ်လျှောက် ထင်တစ်လုံးနဲ့ ထင်ထားခဲ့တဲ့ မက်ဆီထင်တိုင်းမပေါက်၊ ရွန်းနီညံ့ဖျင်း၊ ကာကာ ခြေမပေါ်၊ စီရော်နယ်ဒို အလုပ်မဖြစ်၊ အီတလီဖျာလိပ်၊ အင်္ဂလန် အရှက်ကွဲ ဆိုတဲ့အကြောင်းတွေ၊ အာဂျင်တီးနားသား ဗိုလ်စွဲရင် ဖင်ချွတ်ပြီး မြို့တစ်ပတ်ပတ်မယ်ဆိုတဲ့ မာရာဒိုနာကြီးရဲ့ အကြောင်း စတာတွေ ပြောမဆုံးဖြစ်ခဲ့ကြတာ စုံနေတာပါပဲဗျာ။

အမယ်...ဥရုဂွေးက မော်ဒယ်လ်မလေးကလည်း မာယာဒိုနာလိုပဲ သူတို့ဂွေးသာ အနိုင်ရရင် လူပုံအလယ် လုံးတီးကမယ်ဆိုပဲ။တော်သေးတာပေါ့ဗျာ။ ဘုရားသခင်က အဲဒီလိုအရှက်နည်းတဲ့သူတွေကို မျက်နှာသာမပေးခဲလို့။ နို့မို့ဆို ခရုဆံကျွတ်တွေကို မတွေ့ချင် မြင်နေလျက်သား ဖြစ်နေဦးမှာ။

ဘောပွဲကြီးမှာ ထင်သူတွေမပေါက်ပဲ မထင်သူတွေ ပေါက်တာလည်းအများကြီးတွေ့နေရသဗျ။ အာဖရိကရဲ့ ဘူးဘူးပလွေဆို ကမ္ဘာကိုကျော်ရော။ အပေါက်တကာ့အပေါက်ဆုံးကတော့ မိတ်ဆွေတို့ သိတဲ့အတိုင်း ရေဘ၀ဲပေါလ်။အနှီကျောရိုးမဲ့ သတ္တ၀ါလေးရဲ့ ခန့်မှန်းချက်တွေက ကွက်တိမှန်ခဲ့တာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ဗေဒင်နက္ခတ်အကြားအမြင် ဆရာတွေတင်မက ဘောပွဲတစ်ပွဲ ကြိုင်တင်ခန့်မှန်းသူ ပညာရှင်တွေ၊ ဘောကလောင်ရှင် စာနယ်ဇင်းဆရာကြီးတွေပါ ပက်လက်လန်ကုန်ရောပဲ။

ဟယ်.....တိရစ္ဆာန်ကလူထက်မှန်သဟဆိုတဲ့ အကြောင်းကလည်း   ပြောမဆုံး   မောမဆုံး  ဖြစ်ရပြန်သပေါ့ဗျာ။  ရေဘ၀ဲပေါလ်ကို ဈေးကြီးပေးပြီး ဟိုလူဝယ်မယ် ဒီလူဝယ်မယ်ဆိုတဲ့ သတင်း။ တချို့နိုင်ငံတွေက ဂုဏ်ထူးဆောင်လက်မှတ်ပေးပြီး ဂုဏ်ပြုကြတဲ့သတင်း စုံနဖာစေ့ နေတာပါပဲဗျာ။ ၏

နောက်တစ်ယောက် ပေါက်ခဲ့တာကတော့ ရှာကီရာ။ ဒီကောင်မလေးက နဂိုကတည်းက ကမ္ဘာကျော်ပြီးသားပါ။ ကျော်သော်ငြား ဂီတလိုက်စားသူများသာ သိခဲ့ကြတာပါ။အခု ဘောလုံးပွဲကြီးရဲ့ အဖွင့်သီချင်းဆိုလိုက်မှ ကမ္ဘာမြေအနှံ့အပြား တောကြိုတောင်ကြား မကျန် ကလေးအစ ခွေးအဆုံး သိကြတာပေါ့ဗျာ။

ခွေးအဆုံးဆိုတာ တကယ်ပြောတာဗျ။ အိမ်မှာမွေးထားတဲ့ ခွေးကြီးအောင်နက်ဆို ရှာကီရာရဲ့ ၀ါကာ ၀ါကာဆိုတဲ့ အသံကြားတာနဲ့ ပြေးလာပြီး အမြီးနှံ့နေတာပဲဗျ။ ရှာကီရာ သီချင်းဆုံးလို့ တခြားအဆိုတော် ၀င်လာရင် ၀ုတ်ဝုတ်ဝုတ်ဆိုပြီး မကျေနပ်သလိုလုပ်တာ....အံ့ရော။

ကောင်မလေးကလည်း မြင်တဲ့အတိုင်းပဲ။ ရုပ်ကလေးကလှ၊ အသံကလည်းကောင်း ၊ ကအုပ်ကလေးချီပြီး က တော့ချစ်စရာ၊ ဟော အာဖရိကန်လို ခုန်ပေါက်တော့လည်း စွဲမက်စရာလေးကိုဖြစ်နေတာကိုး ။

ဝါကာ ၀ါကာက စိတ်ချမ်းသာစရာပါ။ ကမ္ဘာမှာ ၀ါကာ ၀ါကာ မြန်မာမှာလည်း ၀ါကာ ၀ါကာ ၊ ကြော်ငြာနှစ်ခု သုံးခုပြိုင်ပြီး ထွက်လာကြတာ ၀ါကာဝါကာ၊ ဘောဆို အသေကြိုက် ဘောမှန်သမျှ ပါးစပ်နဲ့ ကန်ခဲ့တဲ့ စတီရီယိုခေတ် အဆိုတော် အန်တီကြီးကလည်း ၀ါကာ ၀ါကာ ၊ ရှောမနိပ်ဥုက်ကိုက ၀ါကာဝါကာ အေ့အေ့ ဖြစ်နေကမင့်ဟာ၊ ဘာပြောကောင်းမလည်း ၊ ပျော်စရာကြီးပေါ့။ သြော်...... ဒါကလည်းပြောမဆုံးပါပဲ အရပ်ကတို့။

ဥက္ကာမင်းဆက်
ဟားခလုတ် (၃)စာအုပ်မှ

Monday, May 23, 2011

မိန်းမနှစ်ယောက်


အိမ်ထဲမှာနေ၊ တောင်းတဲ့အချိန်ပေး
သစ္စာအရောင်နဲ့ ဝေးနေတဲ့ ဖျော်ဖြေခံ သက်ရှိရုပ်က
ပုဝါကိုခွာ သစ္စာကိုရှာ၊
တစ်ဆယ့်လေးနှစ်သမီးက အိမ်ထောင်ကိုထိန်းဖို့ခက်တယ်လို့
ကျမ်းကိုမျက်ကွယ်ပြု အမှန်တရားကိုရှာဖွေနေမှုပြုတယ်။

မိစ္ဆာရဲ့ မယားလုပ် အ၀ိဇ္ဇာတရားမပြုတ်တဲ့ မာတုဂါမ
သစ္စာတရားကိုမျက်ကွယ်ပြုပုံများ ဆင်ကန်းတွေ တောတိုးသလို
အမှောင်ကမ္ဘာကို သွားဖို့များ ပုံတော်ကို ချနင်းရက်တာ
ကိုယ့်မှာ အံ့သြလို့မဆုံး။

 သံသရာကိုမကြောက်လို့ တစ်ဘ၀ကို ရင်းရက်တာများ
ကိုယ်ကတစ်ဖက်သားကို ဒေါမနဿတွေပွားလို့
အရင်းစစ်တော့အမြစ်မြေက ကိုယ့်ဘက်က တာကျိုးတာ
ကိုယ်ညံ့လို့ကိုယ်ခံရတာ၊ သူတို့မှာဆို အဲလိုမြင်ရဖို့ခဲယဉ်းလိုက်တာ။


အင်္ဂါဟူး (23.5.11)


Tuesday, May 10, 2011

ဘလော့ဂ်ရေးသူများသို့စာလေးတစောင် - နုနုရည်(အင်းဝ)






Saturday, April 16, 2011

သန့်စင်၍ မရနိုင်သောအရာ

မျက်လုံးကလေးများစွေ၍ နေခြင်းကပင် မိမိမျက်စိထဲတွင် တစ်မျိုးယဉ်နေသည်။ အတွေးနက်လာသည့် အခါပို၍ စွေလာတတ်သည်။ထိုစွေနေသော မျက်လုံးများတွင် ကြင်နာရိပ်တွေ ထင်ဟတ်နေသည်ဟု မိမိ ယုံကြည်သည်။ 

မြတ်နိုးကြင်နာရသည့် ငွေလှိုင်။

မျက်လုံးစွေ ကလေးများနှင့် အလှပေါ်အယဉ်ဆင့်သည့် ငွေလှိုင်။ ယခုတော့ ကြင်နာရိပ်တွေ သန်းလေ့ရှိသော ငွေလှိုင်၏ မျက်လုံးစွေကလေးများ မိမိကြောင့် စွတ်စိုရီဝေခဲ့ရလေပြီ။

လောကတွင် အကျည်းတန်ဆုံးသော အရာကို ပြစမ်းပါဟု မိမိကိုစေခိုင်းလျှင်ဖြင့်ဆေးလိပ်ခွက်ကို လက်ညှိုးထိုး၍  ပြမိမှာပါပဲ။ဆေးလိပ်ခွက် အကျည်းတန်ပုံက အချိန်နှင့်လိုက်၍ ပြောင်းလဲနေသေးသည်။ ညအချိန်ထက် နံနက်အိပ်ရာ ထချိန်တွေ့ရသော ဆေးလိပ်ခွက်က ပို၍ အကျည်းတန်သည်။

ဆေးပေါ့လိပ်တိုတွေ၊ စီးကရက်တိုတွေနှင့် ပြည့်နေသည်။ ဆေးလိပ်ပြာတွေနှင့် ပေကျံနေသည်။ အနံ့အသက် မျိုးစုံက နံနက်ခင်း၏ လေပြည်ကို ညစ်ညမ်းစေသည်။

ထိုအကျည်းတန်သော မြင်ကွင်းက မနေ့ညက မိမိဘာတွေလုပ်ခဲ့သည်၊ ဘာတွေဖြစ်ခဲ့သည်ကို သတိရစေသည်ပဲပေါ့။

ထိုကြောင့်ပင် မိမိအိပ်ရာ ထထချင်း ပထမဆုံးလုပ်ဖြစ်သည့် အရာမှာ ဆေးလိပ်ခွက်ကို သွန်၍ သန့်စင်မိခြင်း ပါပဲ။

-------------------------     -------------------------------     -----------------------------------

လောကတွင် မိမိအလေးစားဆုံး တန်ဖိုး အထားဆုံးအရာကို ပြစမ်းပါဟု ဆိုလျှင်တော့ တည်ငြိမ်နေသော မျက်လုံးအစုံကလေးများကို ပြမိလိမ့်မည်။

နံနက်ခင်း၊ နေ့လည်ခင်း အချိန်များတွင် တည်ငြိမ်နေသော မျက်လုံးအစုံများကို မိမိမဆိုလိုပါ။ ထိုမျက်လုံးများကိုလည်း အထူးတလည် မိမိစိတ်မ၀င်စားပါ။

ထိုအချိန်များတွင် မိမိမျက်လုံးများလည်း တည်ငြိမ်နေသည်ပဲ မဟုတ်လား။

သို့ပေမယ့် ညနေခင်းနှင့် ညဦးပိုင်းအချိန်များတွင် တည်ငြိမ်နေသော မျက်လုံးများအား ပိုင်ဆိုင်သူများကိုဖြင့် မိမိအထင်မကြီးဘဲ မနေနိုင်။

သူတို့ မျက်လုံးလေးတွေ တည်ငြိမ်နေကြသည်။ သူတို့လှုပ်ရှားမှုများ ဖျတ်လတ်နေကြသည်။ သူတို့စကားလုံးများ လေးနက်နေကြသည်။ သူတို့သည် ရယ်ဖွယ်မကောင်းသော ဟာသများကို ပြောဆို၍ ရယ်မောနေတတ်ကြသူများလည်း မဟုတ်ပါ။

ထိုကဲ့သို့ ညဦးပိုင်းအချိန်များတွင် မိမိမျက်လုံးများ မတည်ငြိမ်နိုင်ကြပါ။ ရီဝေနေကြသည်။ အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေကြသည်။ သို့ဖြစ်၍လည်း အပုပ်ချိန်ဟု ခေါ်ဆိုကြသည့် ညဦးပိုင်း အချိန်များတွင် မျက်လုံးများတည်ငြိမ်နေကြသည့် ပုဂ္ဂိုလ်များကို မိမိလေးစားမိခြင်းပါပဲ။

“အငယ်လေး”
မိမိနှင့် တစ်ရုံးတည်း၊ မိမိထက်အဆင့်ငယ်သူ လုပ်ဖော်ကိုင်ဖက် တစ်ဦး၏ ဇနီး။

လှသည်၊ နုပျိုတောင့်တင်းသည်။ မြူးကြွသည်။ သွက်လက် ချက်ချာလွန်းသည်။

မိမိတို့ရပ်ကွက်ထဲတွင်နေသည်။ မိမိနှင့် သုံးအိမ်ကျော် လေးအိမ်လောက်တွင် နေသည်။

လကုန်ရက်များတွင် မိမိထံသို့ ငွေလာလှည့်လေ့ရှိသည်။ ကြည်ကြည်ဖြူဖြူနှင့် ချေားငှားမိခဲ့သည်ပါပဲ။ ကြည်ဖြူ သည်မှ တစ်ခါတစ်ခါ အကြွေးပြန်တောင်းဖို့ပင် မေ့နေတတ်သည်။ မိမိအပေါ် အစ်ကိုအစ်ကို နှင့် အငယ်လေး အချွဲပိုလာခြင်းမှာ ထို့ကြောင့်လည်းဖြစ်နိုင်သည်။

တစ်ညနေတော့ အငယ်လေးရုပ်ရှင်မသွားမီ မိမိနှင့် ရုတ်တရက် အကြည့်ခြင်းဆုံမိကြသည်။ အငယ်လေး အကြည့်ကတော့ ပြည်တီတီနှင့် “ ရှင် လူအ” ဟု ဆိုနေသယောင်ပင်။

မိမိရှေ့တွင် ဖြတ်သွားစဉ်က မိမိနှာခေါင်းဝသို့ တိုးဝင်ခဲ့သည့် အငယ်လေး၏ မွှေးရနံ့ မိမိရင်ခုန်သံကို တဒုန်းဒုန်းမြည်စေသည်။သည်အထဲ အငယ်လေးက သမင်လည်ပြန် လှည့်ကြည့်သွားသေးသည်။

သည်ညတော့ ပိုင်ပြီ။

တိုက်တိုက်ဆိုင်ဆိုင် ငွေလှိုင်ကလည်း သူ့အမေအိမ်ပြန်နေသည်။ အငယ်လေး ခင်ပွန်းကလည်း ခရီးယာယီ ထွက်နေရသည်။ သည်ညတော့ အငယ်လေးတို့အိမ်မှာ အငယ်လေးတစ်ယောက်တည်း။ အငယ်လေး ရုပ်ရှင်ရုံမှ အပြန်ကို မှောင်ရိပ်ခို၍ စောင့်ရသည်။ အင်္ကျီအိတ်ထဲတွင် ပါလာသော ပုလင်းပြားကိုလည်း ဖွင့်ရသေးသည်။ ရေ နှင့် ရမ် အသင့်ရောစပ်လာခဲ့ခြင်းပါပဲ။

အငယ်လေး ရုပ်ရှင်မှပြန်လာပြီး အိမ်တံခါးသော့ဖွင့် နေသည်ကို အေးဆေးစွာ မိမိစောင့်ကြည့်နေသည်။ ထို့နောက် အိပ်ခန်းအတွင်းသို့ အငယ်လေးနောက်မှ ပေါ့ပါးစွာ လိုက်ဝင်သွားမိသည်။

“ စောင့်လိုက်ရတာ အငယ်လေးရယ် ”

“ အမလေး......လန့်လိုက်တာ ”

အာမေဋိတ်သံနှင့်အတူ နောက်သို့ ရုတ်တရက်လှည့်လာသော အငယ်လေး၏ ကိုယ်ခန္ဓားလေးကို စွေ့ခနဲ နေအောင် မိမိထွေးပိုက်မိသည်။ နွေးထွေး  အိစက်ပါဘိခြင်း၊ မွှေးရနံ့တွေ သင်းပျံ့ပါဘိခြင်း။ နောက်ခဏ အကြာမှာတော့ စိန်ပွင့်ကလေးများ ငွေကြယ်ကလေးများ......။

---------------------------------     ---------------------------------     ------------------------------

တရှုပ်ရှုပ် ငိုကြွေးနေသော ငွေလှိုင့် ရှိုက်သံကြောင့် အိပ်ရာမှနိုးလာရသည်။ သံတိုင်များအကြားမှ ဒုက္ခသည် သားအမိကို လှမ်း၍မြင်ရသည်။

ကလေးငယ်ကို ကျောတွင်ပိုးလွယ်ပြီး နို့ညှာကို လက်မှ ဆွဲကိုင်၍ မလှုပ်မယှက် ရပ်နေသော ငွေလှိုင်။ လေးနှစ်အရွယ် သားငယ်ကမ်းပေးသော မွေးပွ လက်ကိုင်ပုဝါအဖြူလေးကို သံတိုင်ကြားမှ လှမ်းယူမိသည်။ စပ်ဖျဉ်းဖျဉ်းဖြစ်နေသော နဖူးကိုတို့၍ လက်ကိုင် ပုဝါကလေးကို  ပြန်ကြည့်မိသည်။ အဖြူလက်ကိုင် ပုဝါပေါ်မှာ အနီရောင် အစွန်းအထင်းကလေးများ။

သည်တော့မှ သတိထားမိသည်။ မိမိနားအုံတွေ နာကျင်နေသည် ။ မိမိမျက်လုံးတစ်ဘက်က အမြင်မှုန်ဝါး နေသည်။

“ရှက်လိုက်တာမောင်ရယ်၊ ငယ်သံပါအောင် အငယ်လေး အော်နေတာတောင် မောင်ကမလွှတ်ဘူးဆို၊ ကိုယ့်ကိုကိုယ် လူမှန်းသူမှန်းမသိအောင် သောက်ရတယ်လို့ မောင်ရယ် ”

ဆယ်နှစ်ကျော်သာ ကွားဝေးသေးသော်လည်း ထိုအတိတ်ကို မိမိသဲကွဲစွာ မမှတ်မိ။ ပြန်စဉ်းစား ကြည့်တော့လည်း မှုန်ဝါးဝါးသာ။

“ ကိုဘမောင်ကြီးကလဲ ဒေါသကြီးလိုက်တာ၊ ဘေးအိမ်ကလူတွေ အဆွဲမြန်လို့သာပေါ့၊ မဟုတ်ရင် မောင့်ကို အသက်ရှင်လျက်တောင် ငွေလှိုင်တွေ့ရမှာ မဟုတ်ဘူး ”

အငယ်လေးတို့အိမ်နှင့် တစ်အိမ်ကျော်မှ အငယ်လေး၏ အစ်ကိုအရင်း ကိုဘမောင်၏ တုတ်ခိုင်သော လက်မောင်းများကို မျက်စိထဲတွင် မြင်လာမိသည်။

ပြောရင်းနှင့် ငွေလှိုင် တရှုပ်ရှုပ် ငိုနေပြန်သည်။ 

“ မောင် အလုပ်ပြုတ်သွားလဲ ငွေလှိုင်အရေးမစိုက်ပါဘူး၊ အကြော်ရောင်းပြီး မောင့်ကို ငွေလှိုင်ကျွေးထားနိုင် ပါတယ်။ ဒါပေမယ့် ကလေးတွေ သိတတ်တဲ့အရွယ်ရောက်ရင် ငွေလှိုင်ဘယ်လို ရှင်းပြရမလဲ၊ ဒီတစ်ခု အတွက်ပဲ ငွေလှိုင်ယူကျုံးမရ ဖြစ်မိတာပါမောင်ရယ် ”

ဟုတ်ပါတယ် ငွေလှိုင်ရယ်၊ လူ့ကျင့်ဝတ် သိက္ခာဆိုတာ နှင်းပွင့်ပမာ ဖြူဖွေးသန့်စင်နေဖို့ အမှန်တကယ် လိုအပ်ပေတာပဲ။ 

ငွေလှိုင့် စကားကြောင့် မိမိငယ်စဉ်က ဖေဖေမကြာမကြာ ပြောဖူးလေ့ရှိသော စကားတစ်ခွန်းကို ဖျတ်ခနဲ သတိရမိသည်။

“ သား.....လူလေး၊ လောကမှာ လူဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ် တော်တော်များများကို မလုပ်မိရင်၊ သိပ်မသိသာဘူး၊ ဒါပေမယ့် .........မလုပ်သင့် မလုပ်ထိုက်တာ တစ်ခုကို လုပ်လိုက်မိတာနဲ့ ဘ၀မှာ တစ်ခါတည်း ကိစ္စပြတ်သွားတတ်တယ် ”

ရဲစခန်းအတွင်းရှိ စားပွဲတစ်လုံးပေါ်မှ ဆေးလိပ်ခွက်တစ်ခွက်ကို မိမိလှမ်းမြင်နေရသည်။ ဆေးပေါ့လိပ်တိုများ၊ စီးကရက်တိုများ။ 

မိမိသာ အချုပ်ခန်းအပြင်ဘက်သို့ ခေတ္တထွက်ခွင့် ရလျှင်ဖြင့် ထိုဆေးလိပ်ခွက်အတွင်းမှ ဆေးလိပ်တိုများကို အမှိုက်ပုံးထဲသို့ သွန်ပေးမိပေလိမ့်မည်။

ယခင်ကတော့ ဆေးလိပ်မသောက်တော့ဘူး။ အရက်မသောက်တော့ဘူးဟု မကြာမကြာ ဆုံးဖြတ်ခဲ့ဖူးသည်။ သို့သော် ညနေပိုင်းရောက်လာသည်နှင့် အရက်သောက်မိသည်။ ဆေးလိပ်သောက်မိသည်။ ဆေးလိပ်ခွက် ကိုလည်း အဖော် လုပ်ဖြစ်မိသည်။

နောက်တစ်နေ့ မိုးလင်းလျှင် ဆေးလိပ်ခွက်ကို ကြည့်၍ နောင်တရ၍ မဆုံး။ သို့ဖြစ်၍လည်း အိပ်ရာထထချင်း ဆေးလိပ်ခွက်ကို သွန်မိသည့် အကျင့်ပါလာသည်။ မိုးလင်း၍ ဆေးလိပ်ခွက်ကို သွန်လိုက်ရ လျှင် ရင်ထဲတွင် တစ်မျိုးပေါ့သွားသည်။

ယခုတော့ရင်မှာ မပေါ့ပါးနိုင်ပါ။ ခဲဆွဲထားသလို လေးလံဖိစီး နေသည်။ တစ်ကယ်တော့လည်း ဘ၀ဆိုတာ ဆေးလိပ်ခွက်တစ်ခွက်ကို သွန်ပစ်ပြီးသန့်စင်သလို သန့်စင်လို့ရတဲ့ အရာမျိုးမှ မဟုတ်ဘဲလေ။ 


နီမင်းဆွေ
ချယ်ရီမဂ္ဂဇင်း
၁၉၈၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ


စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More