Showing posts with label စာပေကယ်ရီကေးချား. Show all posts
Showing posts with label စာပေကယ်ရီကေးချား. Show all posts

Sunday, March 27, 2011

ရေးတော့အမှန်

ရေးတော့အမှန်

ဟိုတစ်လောက စာနယ်ဇင်း စာမျက်နှာတွေပေါ်မှာ စာရေးဆရာများကို စာမူခတိုးပေးရေးအတွက် ရေးကြတာ ဖတ်လိုက်ရသည်။ အားတက်သရော ၀ိုင်းပြီးရေးကြ၊ ပြောကြ၊ ဆွေးနွေးကြတာ ပျော်စရာကြီး ဖြစ်၏။

     သို့ရာတွင် စာနယ်ဇင်း ထုတ်ဝေသူတွေဘက်ကတော့ စာမူခတိုးပေးရေးအတွက် ဘယ်လိုစီစဉ် ထားပါတယ် ၊ ဘယ်လိုစိတ်ကူးရှိပါတယ် ဆိုတာမျိုး တုံ့ပြန်မှုနည်းပါးတာကိုတော့ စိတ်မကောင်း ဖြစ်ရ၏။ (ကိုယ့်အသိစိတ်ဓါတ်နှင့်ကိုယ် တတ်နိုင်သလောက် စာမူခ တိုးပေးကြရှာသော စာနယ်ဇင်းအချို့ကိုတော့ အားနာပါရဲ့။)

       သတင်းစာထဲက လူထုအော်သံ အခန်းမှာ ပါတတ်သည့် “ လမ်းထိပ်က အမှိုက်ပုံ ဖယ်ရှားပေးပါ ” ဆိုသော တောင်းဆိုမှုမျိုးကိုတောင် “ လမ်းထိပ်က အမှိုက်ပုံ ဖယ်ရှားပြီးဖြစ် ” ဆိုတာမျိုး ဂရုတစိုက် ဖြေရှင်းတတ်ပါသေးသည်။
       ကျွန်တော်စဉ်းစားမိတာကတော့ တကယ်လို့သာ ခုလို စာမူခနှုန်းထားနဲ့ပဲ ဆက်ပြီး စခန်းသွားနေကြတယ်ဆိုရင် စာမူခလေးကိုသာ အားပြုပြီး အသက်ဆက်နေရရှာသော စာရေးဆရာများ ခမျာ လာမည့် ၂၀၀၀ ခုနှစ်များတွင် အောက်ပါအတိုင်း လုပ်ကိုင်စားသောက် နေကြရတာကို တွေ့ကောင်း တွေ့မြင်ရလိမ့်မည်။

(၁)

      ဘတ်စ်ကားမှတ်တိုင်သို့ ဟိုင်းလတ်ကားတစ်စီး ထိုးစိုက်လာ၏။ နေ့လယ်ပိုင်းမို့ ခရီးသည် နည်းနည်းပါးနေသည်။ စပါယ်ယာက အော်ဟစ်ပြီး လူခေါ်လိုက်၏။

       “ ရန်ကုန်....ရန်ကုန် ၊ မင်္ဂလာဈေး၊ ဆူးလေ၊ လာ...ညီမလေး ဖြည်းဖြည်းတက်၊ ခြင်းတောင်း အစ်ကို ကိုင်ပေးထားမယ်၊ ဟိုအဒေါ်ကြီး တည့်တည့်ထိုင်ပါဗျာ၊ တစောင်းကြီး လုပ်မနေနဲ့၊ ဘေးတန်း ခုနှစ်ယောက်ရတယ်၊ ခက်တာပဲ၊ ခဏလေး ဆရာရေ....၊ တစ်ယောက်လိုက်ဦးမယ်၊ သြော်....ဟုတ်ကဲ့၊ မာမူလဲ လိုက်မယ်၊ ချန်မထားနဲ့လား၊ လာ...သွက်သွက်ကလေး”

       “ ဟေ့ကောင် နောင်ဝင်းထွန်း၊ အတွယ်အတာ စွပ်တင်မနေနဲ့နော်၊ ရှေ့မှာ လှည့်ကင်းရှိတယ် ” 

 ရှေ့ခန်းမှ ဒရိုင်ဘာ မင်းခိုင်ဦးက အင်တာကွန်းမှ လှမ်းအော်သည်။

    (၁)

       ခြေစွယ်ငုတ်တာကို ဖော်ရတာ အလွန်သတိထားရသည်။ နာသွားလျှင် ဖောက်သည်ပျက်မှာ စိုးရသည်။ တကယ်တော့ သူက ဓားကိုင်ကျွမ်းကျင်ပြီးသား။ လုပ်ရာ ကိုင်ရာမှာလည်း သန့်ရှင်းသည်။ ခြေမနှင့်ခြေသည်းကို အရက်ပြန်ရွှဲရွှဲစွတ်ပြီးမှ လုပ်ငန်းစသည်။ ကိရိယာတွေကိုလည်း မီးဖြင့် သေသေချာချာ ကင်သေးသည်။ မကြာခင်မှာပင် စူးဝင်နေသော ခြေစွယ်ကိုဖော်ပြီး လှီးထုတ်ပစ်လိုက်၏။ ပြီးတော့ ဆေးရည်တို့ထားသော ဂွမ်းစဖြင့် အုပ်ပေးလိုက်သည်။

       ဖောက်သည်ကြီးသည် ကျေနပ်သွားဟန်ဖြင့် ငွေငါးဆယ်တန် တစ်ရွက်လှမ်းပေးသည်။ လာနေကျ ဖြစ်သောကြောင့် သူ့နာမည်ကိုတောင် သိနေသည်။

       “ တစ်ချိန်လုံး စူးပြီး နာနေတာဗျာ၊ အခုပဲ နေသာထိုင်သာ ရှိသွားတော့တယ်၊ ကျေးဇူးပဲဗျာ၊ ကိုဖေမြင့်၊ အင်း.....ရောက်တုန်းရောက်ခိုက် ဇိမ်ခံလိုက်ဦးမှပါပဲ ”

       ဟု ပြောပြီး နားဖာကလော်သည့် ကီဝီဆီ လျှောက်သွားသည်။ မောင်သွေးသစ်ကတော့ တရုတ်ကြီးတစ်ယောက်ကို ဇက်ကြောဆွဲ၊ နှိပ်နယ်။

(၃)

       မြို့ပတ်ရထားပေါ်တွင် လမ်းလျှောက်ဈေးသည်တွေ ခြေချင်းလိမ်နေ၏။ ခရီးသည်တို့၏ ၀ယ်လိုအားနှင့် အချိုးချကြည့ှ်လျှင် ဈေးသည်အရေ အတွက်ကတောင် များနေသလားထင်ရ၏။ သည်အထဲက တစ်ယောက်သော်ကား.....

       “ လျက်ဆားနော် လျက်ဆား၊ ဆရာကြီး ဦးမောင်မောင်ကိုယ်တိုင် ဖော်စပ်တဲ့ လင်းယုန်တံဆိပ် အစာကြေလျက်ဆား၊ ဟစ်တလာတောင် မေတ္တာပွားရတဲ့ လျက်ဆား၊ ချေဂွေဗားရားတောင် လေကြေအောင် စားရတဲ့လျက်ဆား ”

       သူက အာဘောင်အာရင်းသန်သန် အော်သော်လည်း ၀ယ်မည့်သူ မရှိ။ သူ့လိုပင် ဈေးရောင်းသူ တစ်ဦးဘေးမှာ လာရပ်ပြီး မေးသည်။

       “ ဘယ်လိုလဲ ကိုအောင်ဆွေ ရောင်းကောင်းရဲ့လား”

       “ မကောင်းပါဘူး၊ ကိုမြတ်ဆွေရာ၊ ခင်ဗျားကော ဘယ်လိုလဲ ” 

       “ ဒီလိုပါပဲ၊ အာပေါက်အောင် အော်မှ တန်ကာကျတယ်၊ ကဲ.....သွားဦးမယ် ကိုအောင်ဆွေ ”

ကိုမြတ်ဆွေကလည်း နှုတ်ဆက်ပြီး ထွက်သွားသည်။ နှုတ်မှလည်း သူ့ရောင်းကုန်ကို အော်ဟစ် ကြေငြာသွား၏။

       “ တနင်္လာ သားသမီးတွေ ထီပေါက်ကိန်း ရှိတယ်တဲ့၊ အပျိုကြီးတွေ ကလေးမရနိုင်ဘူးဆိုပဲ၊ လာပြီနော် လာပြီ ၊ ဟောဒီမှာ ဆရာရှမ်းဗေဒင် ဟောစာတမ်းတွေ ”

(၄)

“ ဟုတ်မှလဲ လုပ်စမ်းပါ မောင်မောက်ရာ ”

“ မပိုင်ပဲ ပြောပါ့မလား ကိုဇော်နောင်ရယ်၊ ဒီတစ်ခါ ကျိန်းသေပါဗျ ” 

“ကျိန်းသေပေါင်းက များနေပြီ၊ ဟိုတစ်ခါလဲ ပွဲသိမ်းပဲ ဆိုလို့ အောလိုက်တာ အုံနာခတောင် ပေးစရာမရှိဘဲ ဖြစ်သွားရသေးတယ်၊ ဒီတစ်ခါကော ဘယ်သူပေးတာလဲ ” 

“ ဘိုးတော် ဆရာအောင်ပွင့်ပေးတာ ၊ တည့်တည့်ကြီးပြောတာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော့်ရှေ့မှာပဲ ပဲကြီးလှော်ခြောက်စေ့ကို ညက်နေအောင် ၀ါးစားပြတာ၊ ခြေက်တစ်လုံးကတော့ ကျိန်းသေပဲ ” 

“ ကဲ တစ်နေ့ တစ်နေ့ ဒါနဲ့ပဲ ပြီးနေတာပဲ၊ အလုပ်ကော လုပ်စားကြဦးမှာလား၊ ဒီနေ့ ဖတ်စ်ဂိတ် ဘယ်သူလဲ၊ ဒီမှာ ဈေးကွေ့သွားချင်လို့တဲ့ ” 

       ဦးသင်းခိုင်ကြီးက လှမ်းအော်သည်။ သူတို့နှစ်ယောက် ခရီးသည်ကို လှမ်းကြည့်လိုက်၏။ ပြောင်းဖူးပြုတ်သည် မသန်းမြင့်အောင်ကို တွေ့လိုက်ရသဖြင့် ရှုံ့မဲ့သွားကြ၏။ မသန်းမြင့်အောင်မှာ တုတ်တုတ်ခိုင်ခိုင်နှင့် အလေးချိန်စီးရုံမျှမက သူ့ပြောင်းဖူးပြုတ်တောင်းကလည်း တနင့်တပိုးကြီး။ ပြီးတော့ အချင်းချင်းတွေပဲဟာဆိုပြီး ဈေးဆစ်တတ်သေးသည်။ ထို့ကြောင့် သူတို့က မလိုက်ချင်။

       “ ဦးသင်းခိုင်ပဲ လိုက်ပို့လိုက်ပါတော့၊ ဒီမှာ ဂွင်ဆင်းကလေးတွေ ပြစရာရှိသေးလို့ ” ဟု မောင်မောက်က လှမ်းပြောသည်။ ဦးသင်းခိုင်က မျက်စောင်းခဲ၍ 

        “ ဟဲဗီးတွေဆိုရင် င့ါပဲ ခိုင်းနေ ” ဟု ဆူအောင့်အောင့် ရေရွှတ်ရင်း ဆိုက်ကားကို တွန်းထုတ် သွား၏။ 

(၅) 

       သူသည် ပင်ကိုက အသားလတ်သူသာ ဖြစ်၏။ ခုတော့ နေပူထဲမှာ ဈေးရောာင်းနေရသဖြင့် အသားတွေ ညိုညစ်ညစ်ဖြစ်ကုန်ပြီ။ သို့ရာတွင် ၀မ်းရေးအတွက်မို့ စိတ်ပျက်မနေနိုင်။ သနပ်ခါးဘဲကြား လိမ်းပြီး အသံကုန် အော်ဟစ် ရောင်းရသည်။ သူကား နုနုရည်။

       “ ရေခဲရေ အေးအေးလေး သောက်ချင်ရင် ဒီကိုလာ၊ လင်လိုချင်ရင် အောင်ကျော်တိုးဆီသွား၊ အဲ...ဟုတ်ပေါင် ၊ အိမ်လိုချင်ရင် ကြည်စိုးထွန်းဆီသွား ”

       “ ခင်ဗျားလဲ အိမ်ကလူကြီးပဲ အမြဲ သတိရနေတာပဲ ”

ဘေးမှ ကွမ်းယာသည် မောင်သွေးချွန်က ပြောသည် ၊ နုနုရည်က “ အို ...သတိရတာပေါ့၊ ကိုအောင်ကျော်တိုး ခဗျာ ရေစည်လှည်းတွန်းရတာ ဘယ်လောက်ပင်ပန်းတယ် မှတ်သလဲ ”

မောင်သွေးချွန် ရယ်မည်ပြုပြီးမှ ရှုံ့မဲ့သွား၏။ ဗိုက်ကိုနှိပ်လိုက်ပြီး 

“ ကျွန်တော့် ကွမ်းယာဘန်းကလေး ခဏလောက် ကြည့်ပေးထားစမ်းပါဗျာ၊ အရေးထဲ ဗိုက်ကနာလာလို့ အိမ်သာပြေးလိုက်ဦးမယ်၊ ဒီနေ့ ဘယ်လိုဖြစ်လဲ မသိဘူး၊ သုံးခါရှိပြီ ”

ပြောရင်း ခပ်သုတ်သုတ် လစ်ထွက်သွား၏။ တစ်ဖက်မှာ ထိုင်နေသော စာကလေးဗေဒင် ဆရာမ မသီတာက......

“ ဖြစ်မှာပေါ့ ၊ ဦးကြူးနစ်ကြီးရောင်းတဲ့ ၀က်သားတုတ်ထိုးတွေ စားတာကိုး ” ဟု လှမ်းပြောသည်။

(၆)

       ပလတ်စတစ် အပြာရောင်အမိုး မိုးထားသော်လည်း နေရှိန်သည့် ဒဏ်ကိုတော့ အလူးအလဲ ခံနေရ၏။ သို့ရာတွင် ပူတာ ၊ အေးတာ၊ ဂရုမစိုက်နိုင် ၊ တစ်ချိန်လုံး တကုပ်ကုပ်ရေးနေမှ တော်ကာကျသည်။ ဒါနဲ့လည်း မစားလောက်လို့ အပိုအလုပ်တစ်ခု ထပ်လုပ်ရသေးသည်။ ခုလည်း စာမူ တစ်ပုဒ်ကို  အပူလှိုင်းအောက်မှာ သည်းကြီးမည်းကြီး ရေးနေတုန်း လူတစ်ယောက် ရှေ့မှာလာရပ်သည်။ မော့ကြည့်လိုက်တော့ သူက ဂက်စ်မီးခြစ်တစ်လုံးကို လှမ်းပေးသည်။ လက်ထဲက ဘောလ်ပန်ကို ချလိုက်ပြီး မီးခြစ်ကို လှမ်းယူလိုက်၏။ ဘီအိုင်စီ အမျိုးအစား မီးခြစ်ဖြစ်၏။ ဒါမျိုးက လက်ဝင်သည်။ မကျွမ်းကျင်ဘဲ လုပ်လို့မရ၊ ထို့ကြောင့် ရိုးရိုးမီးခြစ်တွေထက် ဈေးပိုယူရသည်။

“ဆယ်ငါ့ကျပ်တော့ ကျမယ်နော် ” ဟု ကျွန်တော်ပြောလိုက်၏။


မင်းလူ
(အလင်းတန်းဂျာနယ်၊ ၂၀-၉-၉၉)
    

Tuesday, February 22, 2011

ဒေ၀တာမြို့တော်


ဒေ၀တာမြို့တော်
(ပြီးခဲ့သော ဇတ်လမ်းအကျဉ်း)

စာပေနှင့်ရုပ်ရှင်နယ်တွင် ခြေရှုပ်နေသော မျောက်ညီနောင် လေးဖော်မှ အငယ်ဆုံးကောင် မျောက်လူသည် စာပေလောကသားများကို ဇတ်ကောင်လုပ်၍ “စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်” ဆိုသော ၀တ္တုတစ်ပုဒ်ကို ရေးလိုက်ရာ ဇတ်လမ်းထဲတွင် ပါဝင်သော စာရေးဆရာအချို့က မကျေနပ်သဖြင့် လေထန်ဖုံးတရားရုံးတွင် တရားစွဲဆိုကြ၏။

သုခမိန်ကြီးပေါင်စိန်က အပြစ်ထင်ရှားသည်ဆိုပြီး မျောက်လူကို လိပ်ခေါင်းဓါးစက်ဖြင့် လက်ဖြတ်ပစ်ရန် အမိန့်ချမှတ်သည်။ ဦးရီးတော် ပ၀မ်ကွေးနှင့် ပညာရှိအမတ်ကြီး ဘိုးဘိုးကြပ်တို့က မေတ္တာရပ်ခံသဖြင့် အူမတက်မချင်း ကလိထိုးကြရန် ပြောင်းလဲအမိန့်ချသည်။ စာရေးဆရာများလည်း မျောက်လူကို ၀ိုင်း၍ ကလိထိုးကြရာ ရယ်ရလွန်းသဖြင့် အူတက်ပြီး သတိလစ် သွားလေ၏။      ( ယခင် အဟောင်း လေထန်ဖုံး ။ )

မပြီးသေးသော ဇတ်လမ်းအကျယ်

သူပြန် သတိရလာ၏။

မရောက်ဖူးသောနေရာတစ်ခု။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပင်လုံးကျွတ်ပွင့်နေသော ကသစ်ပင်များမှ လွဲ၍ ဘာမှမရှိ။ လူသူလည်းတစ်ယောက်မှ မတွေ့ရ။ မြေပြင်တစ်ခုလုံး မီးခိုးငွေ့လိုလို ၊ မြူနှင်းတွေလိုလို ဝေ့၀ဲပိတ်ဖုံးနေ၏။

ဒါဘယ်နေရာလဲဟု စဉ်းစားကြည့်သည်။ မီးခိုးငွေ့တွေရှိပုံထောက်တော့ စတိတ်ရှိုးစင်မြင့် ဖြစ်မှာပဲ တွေးမိသေးသည်။ စတိတ်ရှိုးစင်မြင့်ဆိုလည်း ဒီလောက်တော့ ကြီးမားကျယ်ပြန့်စရာ အကြောင်းမရှိ။ စည်ပင်သာယာကများ အထူးသန့်ရှင်းရေးအတွက် ခြင်ဆေးငွေ့တွေမှုတ်ထားတာလား၊ ဒါလည်းမဖြစ်နိုင်။ မီးခိုးငွေ့တွေ အပေါ်ကို ပျံ့လွင့်တက်မလာပဲ မြေပြင်မှ တစ်ပေလောက်မှာသာ ၀ပ်ဆင်းဝေ့၀ဲနေလေ၏။ သူ အစဉ်းစားရကြပ်လာသည်။ ထို့ကြောင့်
“ဘယ်မှာလဲ မသိတော့ဘူး။ ပြောပါတော့ ပြောပါတော့” ဟု သံကုန်အော်လိုက်၏။

ထိုအခါ ရှေ့ခပ်လှမ်းလှမ်းဆီတွင် မီးခိုးငွေ့အနည်းငယ် ပြယ်သွားပြီး တံတားလေးတစ်စင်းကို လှမ်းမြင်လိုက်ရသည်။ သူ ထရပ်ပြီး တံတားလေးဆီ လျှောက်သွားသည်။

တံတားအောက်တွင် ရေမရှိပဲ ရွှေမှုန်ငွေမှုန်ကလေးတွေသာ တလွင့်လွင့်မျောနေသည်။ တံတား၏ တစ်ဖက်ကမ်းမှာတော့ ကနုတ်ပန်းပွင့်တွေနှင့် ဘောင်ကွပ်ထားသော ဆိုင်းဘုတ်တစ်ခုရှိ၏။ 

“ ဒေ၀တာ မြို့တော် ”

ထိုအခါကျမှ နတ်ပြည်၏ အ၀င်ဝကို ရောက်နေကြောင်း သိလိုက်ရ၏။ ဒါဆို ငါက သေခဲ့ပြီပေါ့ဟု တွေးလိုက်၏။ ဒီလိုလည်း မဟုတ်သေး။ သူ့ခန္ဓာကိုယ်က အကောင်းပကတိအတိုင်းကြီး ရှိနေသေးသည်။ အရှင်လတ်လတ် နတ်ပြည်ရောက်လာတာမျိုးလားဟု သူ့ကိုယ်သူ အထင်ကြီးမိလိုက်၏။ သို့ရာတွင် သူ့ပုံစံက အရပ်ဝတ်အရပ်စားနှင့်ပဲ ရှိနေ၏။ နတ်ဝတ်တန်ဆာတွေ၊ မကိုဋ်တွေနှင့် မဟုတ်။

နတ်ဆိုလျှင် တန်ခိုးရှိသည်။ လိုတရသည်ဟု ကြားဖူးသည်။ စမ်းကြည့်မှပဲ ဆိုပြီး................

“လက်ဖက်ရည်တစ်ခွက် လာထား” 

ဟုခေါ်ပြီး လက်ဝါးဖြန့်လိုက်၏။ ဘာမှမလာ။ ဒါဆိုလျှင်တော့ မဟုတ်သေးဘူး။ ဒါတွေ နောက်မှ စဉ်းစား၊ ခုလောလောဆယ်တော့ ရောက်တုန်းရောက်ခိုက် ၀င်လေ့လာသွားဦးမှပဲ။ ဒါမှ လူ့ပြည်ပြန်ရောက်တဲ့အခါ ဂျာနယ်မှာ ဆောင်းပါးရေးလို့ ရမည်။ ဒါမှ မဟုတ် ဆရာအောင်မောင်းတို့၊ ဆရာကျော်ရင်မြင့်တို့ ၊ ဆရာ ကိုရိုးကွန့်တို့လို ခရီးသွားအတွေ့အကြုံ ဆောင်းပါးတွေ ရေးနိုင်မည်။ ဓန၊မြန်မာ့ဓန၊ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် မဂ္ဂဇင်းတွေက စာမူခကောင်းကောင်း ပေးသည်ဟု ကြားဖူး၏။

သူသည်တံတားလေးပေါ် ဖြတ်လျှောက်လိုက်၏။ အလယ်လောက် အရောက်မှာပင် တစ်ဘက်ကမ်း တံတားထိပ်တွင် ၀ုန်းခနဲ ၀ုန်းခနဲ မီးလုံးကြီးများ ထွက်လာပြီးနောက် လူနှစ်ယောက် ပေါ်လာသည်။

သူတို့သည် အရပ်ခြောက်ပေကျော် ခုနှစ်ပေနီးပါးရှိသော လူထွားကြီးများဖြစ်ကြ၏။  အလွန်တောင့်တင်း သန်မာကြပုံရသည်။ ပုဆိုး ခါးထောင်းကျိုက်ထားပြီး အပေါ်ပိုင်းမှာဘာမှ ၀တ်ဆင်မထားကြ တစ်ယောက်က ခက်ရင်းခွလှံတံကြီး ကိုင်ထားသည်။ နောက်တစ်ယောက်က ပေါက်ဆိန်ကြီးကို ထမ်းထား၏။

တစ်ယောက်က လက်လှမ်းတားပြီး 

“ရပ်လော့..၊ ရပ်လော့”

ဟုပြော၏။ မျောက်လူက 

“ခင်ဗျားတို့ ဘာလုပ်ကြတာလဲ ၊ ဂိတ်ကြေးတွေ မကောက်ရတော့ဘူးလို့ ညွှန်ကြားထားတယ် မဟုတ်လား” 

ဟု ခပ်တည်တည် ပြန်ပြောသည်။ အစောင့်က 

“ဘာတွေ လာပြောနေတာလဲ၊ နားမလည်ဘူး၊မင်းနာမည် ဘယ်သူလဲ ”

“မျောက်လူ”

“ရှာကြည့်စမ်းဟေ့”

ဘေးကတစ်ယောက်ကို လှမ်းပြောလိုက်သည်။ အစောင့်တစ်ယောက်က သားရေစာအုပ်ကြီးကို လှန်ကြည့်ပြီး 

“မတွေ့ဘူး”

“ကဲ...ဒီကိုလာရမယ့် စာရင်းထဲမှာ မင်းနာမည်မပါဘူး၊ ဒီကပဲ လှည့်ပြန်ပေတော့”

“ဒီလိုပါ၊ ကျွန်တော်က ခဏအလည်လာတာပါ၊ ကြုံတုန်းဝင်ပြီး လေ့လာချင်လို့”

“ဒါဆို ဖိတ်စာပါလား”

ဟိုက်၊ဒီမှာလည်း ဖိတ်စာပြဿနာ ရှိတာပါလား၊ ဘာပဲဖြစ်ဖြစ် ဂျာနယ်သမားတွေနဲ့ ပေါင်းနေတာပဲ၊ ဒီလော်ကတော့ ရပါတယ်ဟု တွေးပြီး ခပ်တည်တည်ဖြင့်

“ကျုပ်က စာရေးဆရာဗျ၊ ဖိတ်စာ မလိုဘူး”

“ဒါ စူပါမားကက် မဟုတ်ဘူး၊ ၀င်ချင်တိုင်းဝင်လို့ ရတယ်မှတ်နေလား”

အင်း.....ဒီလူတွေကြည့်ရတာ လူ့ပြည်မှာတုန်းက ဆေးရုံအပေါက်စောင့် လုပ်ဖူးတယ်ထင်တယ်ဟု တွေးပြီး အင်္ကျီအိတ်ထဲ လက်နှိုက်မည် ပြုစဉ်...

“အံမယ် ကြည့်စမ်း၊ လူ့ပြည်ကအပေါက်မျိုး လာချိုးနေကိုး၊ ဟေ့ သွားမလား ၊ မသွားဘူးလား ”

ဆိုပြီး ပေါက်စိန်ကြီးကို မြှောက်၍ ရွယ်လိုက်၏။ ကိုင်း...ဒီလိုမှ မရရင်တော့ ရတဲ့နည်းကို သုံးရတော့မှာပေါ့။ ထို့ကြောင့် လွယ်အိတ်ထဲတွင် ပါလာသော ပတ္တမြားကျောက်စီပုလင်းကို ထုတ်၍ မြှောက်ပြလိုက်ရလေသည်။

ထိုအခါကျမှ အစောင့်နှစ်ယောက်လည်း ပျာပျာသလဲ ဒူးထောက် ထိုင်ချလိုက်ပြီး.....

“၀မ်းပက်၊ ၀မ်းပက်၊ ၀မ်းဝမ်းပက်”

ဟု ပြိုင်တူအော်၍ အရိုအသေပေးကြလေ၏။

သူတို့ကို ပတ္တမြားကျောက်စီ ပုလင်းထဲမှ နှစ်တစ်ထောင် ရှဥ့်မတက်ဥ စိမ်ထားသော ဘီအီးတစ်ပက်စီ တိုက်လိုက်သော အခါ အစောင့်များလည်း အငမ်းမရ မော့သောက်ကြပြီးနောက်.....

“ဆရာ ဘယ်ကိုသွားချင်လို့ပါလဲ အမိန့်ရှိပါ”

“ကျုပ် စာရေးဆရာတွေရှိတဲ့နေရာ သွားချင်တယ်၊ ကက တစ်စင်းလောက် ခေါ်ပေးစမ်းပါ”

“ ဒီမှာ ကက တော့မရှိဘူး ၊ နနပဲ ရှိပါတယ်”

သူတို့က “ နနတစ်စင်း လာထား” ဟု အော်လိုက်သော အခါ စောစောကလို ၀ုန်းခနဲ မီးခိုးလုံးကြီး တက်လာပြီးနောက် ဇတ်သဘင်တွေထဲမှာ တွေ့ဖူးသော ပန်းရထားလို ယာဉ်တစ်စင်းပေါ်လာသည်။ တစ်ခုရှိတာက ဇတ်ထဲက ပန်းရထားတွေလို ချုပ်ဘီးမျိုးမဟုတ်ပဲ သတ္တုစပ်အလွိုင်းဘီး တပ်ထားခြင်း ပင် ဖြစ်၏။ ပန်းရထားမောင်သူက

“ဘယ်သွားမလဲ အကြည်တော်၊ အဲ... သူငယ်ချင်းက ဘယ်လိုဖြစ်လာတာလဲ၊ လာချိန်လည်း မတန်သေးပဲနဲ့” ကဗျာဆရာ ဇောင်းထက်က မေးသဖြင့် “ ကျွန်တော်ခဏလာလည်တာ ရောက်တုန်းရောက်ခိုက် လေ့လာချင်လို့၊ အဲ နေစမ်းပါဦး၊ ခင်းဗျားက ဒီမှာ တက္ကစီမောင်းနေတာလား”

“ဘယ်ကလာ တက္ကစီရမှာလဲ၊ ဒါ ကိုယ်ပိုင်ပါ၊ ကဗျာရေးနေရင်းက ခေါင်းကြည်လင်သွားအောင် အပြင်တစ်ပတ် ထွက်မောင်းရင်း မုခ်ဝက အကူအညီတောင်းသံကြားလို့ လာခဲ့တာ၊ ဒီမှာတော့ ဒီလိုပဲ ကြုံတဲ့ရထား က ကြုံသလို ခေါ်တင်သွားကြတာပဲ”

“ သြော် မသိပါဘူး၊ ဟိုပုဂ္ဂိုလ်တွေက နနလို့ပြောတာနဲ့ လူ့ပြည်က ကက လိုများလားလို့ ”

“ ဒီမှာတော့ ဒီလိုပဲ ခေါ်ကြတာပဲ”

ဇောင်းထက်ကို အကဲခတ်ကြည့်လိုက်သောအခါ နတ်ဝတ်နတ်စားနှင့် မဟုတ်ပဲ စတစ်ကော်လာ ရှပ်အင်္ကျီ အဖြူနှင့် မာစရိုက် ချည်ချောလုံချည်သာ ၀တ်ထားတာ တွေ့သဖြင့်....

“ခင်ဗျား အ၀တ်အစားက”

“ သြော်...ခင်ဗျားက ပြောင်ပြောင်လက်လက် ချွန်ချွန်တက်တက်တွေ ၀တ်ထားမယ်ထင်လို့လား၊ အဲဒါက ဇတ်ထဲမှာ ၀တ်ကြတာပါ၊ ဒီမှာတော့ ကိုယ်ဝတ်နေကျ အတိုင်းပဲ ၀တ်ကြတာပါပဲ”

“သူငယ်ချင်း ခုနက ပြောတဲ့အထဲမှာ ကဗျာရေးနေတယ်ဆိုတာ ပါတယ်နော်၊ ကဗျာရေးပြီး ဘာသွားလုပ်မှာလဲ ”

“မဂ္ဂဇင်းထဲ ထည့်မှာပေါ့”

“ဒီမှာ မဂ္ဂဇင်းရှိတယ်”

“ရှိတာပေါ့ ။ စာရေးဆရာတွေ ကွယ်လွန်ပြီး နတ်ပြည်ရောက်သလိုပဲ၊ မဂ္ဂဇင်းတွေ ကွယ်လွန်တဲ့ အခါ နတ်ပြည်ရောက်လာတာပဲလေ”

“ဘယ်လိုဗျ၊ ကျွန်တော်နားမလည်ဘူး”

“ဒီလိုလေ၊ လူ့ပြည်မှာထုတ်တဲ့ မဂ္ဂဇင်းတွေထဲက ဆက်မထုတ်နိုင်ဘဲ ရပ်သွားတဲ့ မဂ္ဂဇင်းတွေဟာ ကွယ်လွန်ကုန်ကြတဲ့ သဘောပဲမဟုတ်လား၊ အဲဒီ မဂ္ဂဇင်းကို နတ်ပြည်မှာ ဆက်ထုတ်ကြတာပေါ့”

“တယ်ဟုတ်ပါလားဗျ”

“ဒီလိုပါပဲ..၊ တစ်ချို့ မဂ္ဂဇင်းတွေကတော့ အဆင်ပြေကြပါတယ်၊ အများစုကတော့ မပြုတ်အောင် အတော်ကြိုးစားရပ်တည်နေကြတာ ခင်ဗျားတို့ဆီမှာ မဂ္ဂဇင်းတွေ တိုးကောင်းတိုးလာနိုင်တယ်ဗျို့၊ ဂျာနယ်တွေကတော့ တော်တော်များတယ်၊ ဂျာနယ်တစ်ခေတ်လို့တောင် ဆိုနိုင်တယ်”

“ရေးစရာ နေရာများလာတော့ စာရေးဆရာတွေအတွက် ကောင်းတာပေါ့ဗျာ၊ ကဗျာတွေ အခြေအနေကော ဘယ်လိုရှိလဲ”

“ကဗျာကတော့ အခြေအနေကောင်းတယ်ပြောရမှာပဲ၊ ပုံသဏ္ဌာန်ရော အကြောင်းအရာပါ ပိုပြီးဆန်းသစ်တဲ့ ကဗျာတွေ ရေးလာကြတယ်။ လူငယ်ကဗျာ ဆရာတွေလည်း အများကြီးထွက်လာတယ်၊ တော်ကြပါတယ်”

“ဒါဆိုရင်တော့ ၀မ်းသာစရာပဲ၊ အဲဒါနဲ့ ခင်ဗျား ဘယ်သွားချင်သလဲ ပြောဦးလေ”

“ကျွန်တော့်အဖေဆီ သွားချင်တယ်”

“ဆရာ သာဓုက ဆရာကြီးတွေချည်းပဲ စုပြီး နေတဲ့ နေရာမှာဗျ၊ လူကြီးတွေ စိတ်အေးချမ်းသာ နေလို့ရအောင်ဆိုပြီး ဆိတ်ငြိမ်းရပ်ကွက်မှာ နေရာ ပေးထားတာ၊ ပြီးမှ အေးအေးဆေးဆေး သွားတာပေါ့”

“ခင်ဗျားတို့ကျတော့ ဘယ်မှာနေကြလဲ”

“ခြောက်ထပ် ဗိမာန်တွေမှာ ကိုယ့်အခန်းနဲ့ ကိုယ်နေကြတာပဲ”

“ခင်ဗျားတို့ကျတော့ သီးခြား ဗိမာန်မရဘူးလား”

“လိုချင်တာတော့ မြို့တော် အုပ်ချုပ်ရေး အဖွဲ့ဆီလျှောက်လို့ ရပါတယ်၊ ဒါပေမယ့် ဘာလုပ်မှာလဲ ၊ ခုလို လူငယ်တွေ စုပြီးနေရတာက ပိုပြီး ပျော်စရာ ကောင်းတာပေါ့။ ဆရာဒေါင်းနွယ်ဆွေတောင် သူရတဲ့ ဗိမာန်ကြီးက ခမ်းနားလွန်းလို့ မနေတတ်ဘူးဆိုပြီး ကျွန်တော်တို့ဆီမှာ မကြာခဏ လာနေတတ်တယ်”

“ဆရာဒေါင်းက ဒေါသကြီးတုန်းပဲလား”

“ထုံးစံအတိုင်းပါပဲ၊ ဒါပေမယ့် ဆရာ့ဒေါသက အတ္တနဲ့ယှဉ်တဲ့ ဒေါသမှ မဟုတ်ပဲ၊ ကဗျာ ဒေါသကိုး၊ အားလုံးက ကျေနပ်ကြပါတယ်”

“ ခင်ဗျားတို့ စုပြီးနေကြတာ ဘယ်သူတွေရှိလဲဗျ”

“ဆရာမောင်လေးအောင် က အကြီးဆုံးပေါ့၊ ဆရာမောင်လူမှိန်လဲ ရှိတယ်၊ ခင်းဗျားတို့ အုပ်စု ထဲက တိုးမိုးလည်း ရှိတယ်”

“အေးဗျာ၊ တိုးမိုးနဲ့လည်းတွေ့ချင်သေးတယ်၊ ဒီကောင်က ခုထိအပျင်းထူတုန်းပဲလား”

“အကျင့်ဆိုတာကတော့ ဖျောက်နိုင်ခဲသားပဲ၊ သူ့အခန်းထဲမှာ တကုပ်ကုပ်နဲ့ ရေးနေတာတော့ တွေ့တွေ့ နေတာပဲ၊ များသောအားဖြင့်တော့ လှမ့်အိပ်နေတာပဲ”

“တခြားကော ဘယ်သူတွေရှိသေးလဲ”

“ပန်းချီ တဂိုးမျိုးလဲ ရှိတယ်၊ ဒါပေမယ့် သူက ဆရာဗဂျီအောင်စိုးဆီ သွားနေတာများတယ်”

“ဦးလေးအောင်စိုးနဲ့တွေ့ရင် သူ့ပန်းချီကားတွေကို နိုင်ငံခြားက အရမ်းဈေးကြီးပေးပြီး ၀ယ်နေကြတယ် ဆိုတာ ပြောပြလိုက်ပါဦး”

“ဟုတ်လား ဆရာကြီးတော့ ၀မ်းသာမှာပဲ”

“ဒါနဲ့ စကားမစပ်၊ ခုန ခင်ဗျားပြောတဲ့အထဲမှာ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ကြာလိုက်ပါတယ်၊ ဘယ်သူတွေနဲ့ ဖွဲ့ထားတာလဲ”

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက နာယက၊ ဆရာကြီး ဂျိမ်းစ်လှကျော်က ဥက္ကဌ၊ ဆရာ သိပ္ပံမောင်ဝက အတွင်းရေးမှုး၊ ဆရာပီမိုးနင်း၊ဆရာကြီး ဒဂုန်ရွှေမျှား၊ ဆရာဇော်ဂျီ၊ ဆရာကြီး ရန်အောင်၊ ဆရာဦးခင်မောင်လတ်တို့က အဖွဲ့ဝင်တွေ ”

“ဟိုတစ်လောက ဆရာမကြီး ဒေါ်ခင်မျိုးချစ် လိုက်လာတော့ ဆရာလတ်ကြီး ပျော်မသွားဘူးလားဗျ”

“ပျော်တာပေါ့၊ ဘာဖြစ်လို့ ခုမှ လိုက်လာရတာလဲတောင် အပြစ်တင်သေးတယ်။ ဆရာမကြီးက ကျုပ်ကရှင် သွား ပြီးကတည်းက လိုက်လာချင်တာ ၊ ဟိုက စာရေးဆရာတွေက အတင်းဆေးကုပြီး ၀ိုင်းဆွဲထားလို့ဆိုပြီး ချော့လိုက်မှ ကျေနပ်သွားတာ”

ပန်းရထားသည် လှစ်ခနဲ လှစ်ခနဲ ပြေးနေ၏။ လမ်းတွေက စကျင်ကျောက်လို  ဖြူဖွေးပြီး ညီညာချောမွေ့လှသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ တိမ်တောင်တိမ်လိပ်တွေက မိုးပေါ်မှာမဟုတ်ဘဲ မြေပေါ်မှာပင်။ ဇောင်းထက် စောစောက ပြောခဲ့သော လူငယ်တွေ စုပေါင်းနေကြသည့် ခြောက်ထပ် ဗိမာန်များ ၊ လုံးချင်းဗိမာန်များကို မြင်ရသည်။

“ခင်ဗျား ဘယ်ကို အရင်သွားချင်တယ်ဆိုတာ ပြောဦးလေ” ဟု ဇောင်းထက်က သတိပေးသည်။ ရင်းရင်းနှီးနှီး ပြောမနာ ဆိုမနာ ရှိနိုင်မည့်သူ တစ်ယောက်ကို စဉ်းစားမိသည်။

“ အစ်ကိုကြီး ငြိမ်းကျော်ဆီကို ပို့ပေးပါ”

“အတော်ပဲ ဒီဘက်လမ်း ချိုးသွားရုံပဲ”

သူကပြောပြီး ရထားကို ဘယ်ဘက် ကွေ့လိုက်၏။ ကွေ့တယ်ဆိုရာမှာ ကားတွေလို စတီယာရင်ကိုလှည့်ပြီး ကွေ့ခြင်းမျိုးမဟုတ်။ ဘယ်လက်ကို ဆန့်ထုတ်ပြီး ညွှန်လိုက်ရုံဖြင့် အလိုလိုကွေ့သွားခြင်းဖြစ်၏။

“ခင်ဗျား ယာဉ်က တယ်ဟုတ်ပါလား၊ ဒါနဲ့ ဒီပန်းရထားက ရှေ့ပတ်လား နောက်ပတ်လား”

“အရေးထဲ နောက်နေပြန်ပါပြီ”

ထိုစဉ် ရှေ့မှ ပန်းရထားတစ်စင်း အရှိန်ပြင်းစွာ နှင်လာသည်။ မောင်းလာသူက ဆရာ အထောက်တော်လှအောင်။ မျောက်လူက လှမ်းနှုတ်ဆက်သည်။ ဆရာသည် ရေးကြီးသုတ်ပျာ နိုင်လှ၏။ ကောင်းကောင်းတောင် စကားမပြောလိုက်ရ။

“အောင်ပြည့် တစ်ယောက်နေကောင်းရဲ့လား၊ ၀င်းငြိမ်းရော၊ မြတ်ခိုင်ရော” ဟု သတိရသမျှ လှမ်းအော်မေးရင်း တစ်စတစ်စ ဝေးသွားသည်။ ဇောင်းထက်၏ ပန်းရထားသည် လမ်းချိုးကလေး တစ်ခုထဲ ကွေ့ဝင်သည် ။ ဂရင်းနိုက်လို ကျောက်သားမျိုးဖြင့် ဆောက်လုပ်ထားသော ဗိမာန်တစ်ခု ရှေ့မှာရပ်သည်။

“ ဒါ ဆရာ ငြိမ်းကျော်ရဲ့ ဂေဟာပဲ၊ ခင်ဗျား ပြန်ချင်တဲ့အချိန်ကျရင် လာထားလို့သာ သုံးခါအော်လိုက်” ဟု ပြောပြီး ထွက်သွားသည်။

အဆောက်အဦးထဲသို့ ၀င်လိုက်၏။ ဆရာငြိမ်းကျော်သည် ကြမ်းပေါ်မှာ ဖျာကလေးခင်း ၀မ်းလျားမှောက်ပြီး ရင်ဘတ်အောက်မှာ ခေါင်းအုံးကလေး ခုလျက် စာရေးနေသည်။

“အစ်ကိုကြီး”

မော့ကြည့်ပြီး အံ့သြသွား၏။

ပြီးမှ “ ဟာ ....ဟေ့ကောင် မင်းလာလည်တာ မဟုတ်လား”

ထထိုင်ရင်း မေးသည်။

“အံမယ် ကျွန်တော် လာလည်ရုံသက်သက်ပဲဆိုတာ ဘယ်လိုသိလဲ”

“ သိတာပေါ့ကွ၊ မင်းကိုယ်က လူစော်နံနေသေးတာကိုး။ တို့ဆီက ပုဂ္ဂိုလ်တွေမှာ ကိုယ်နံ့ လုံးဝမရှိဘူးကွ ”

“အစ်ကိုကြီး ဘာတွေရေးနေတာလဲ”

“ဟိုမှာတုန်းက မပြီးပြတ်သေးတာလေး ဆက်လုပ်နေတာပါကွာ၊ ပျူခေတ်ဂီတအကြောင်း သုတေသနစာတမ်းလေ၊ ဒါနဲ့ မင်း အတူးဆီရော ရောက်သေးရဲ့လား” သူ့ဇနီးကို သတိတရ မေးသည်။

“အရင်ကတော့ ဆွမ်းကျွေးရှိတိုင်း ရောက်ပါတယ်၊ ခုနောက်ပိုင်း မရောက်ဖြစ်တာ နည်းနည်းကြာသွားပြီ”

“ဒီရောက်တော့ မင်းအဖေဆီ သွားပြီးပြီလား ”

“မသွားရသေးဘူး၊ အစ်ကိုကြီးဆီ အရင်ဆုံးဝင်လာတာ”

“ဒီအချိန်သွားလဲ  မင်းအဖေ နိုးမှာ မဟုတ်သေးဘူး”

“အဖေဒီမှာနေရတာ အဆင်ပြေရဲ့လား”

“ပြေပါ့ဗျာ၊ မင်းအဖေက သူ့ရဲ့ ရေးဖော်ရေးဖက်တွေနဲ့ ပြန်တွေ့နေလို့ ဟန်ကျနေတယ်၊ ဆရာတင့်တယ်၊ ဆရာသန်းဆွေ၊ ဆရာအောင်လင်း၊ ဆရာသော်တာဆွေ၊ ဆရာစိန်ခင်မောင်ရီတို့လေ၊ ပဒေသာမဂ္ဂဇင်း ပြန်ထုတ်ဖို့တောင် ကျိတ်ပြီး တိုင်ပင်နေတယ် ကြားတယ်။ ခုလောလောဆယ် ရှုမ၀ မှာ ရေးနေကြတယ်ကွ”

“သြော် ရှုမ၀ကလဲ ပြန်ထွက်နေတာကိုး၊ ဦးလေးဆွေနဲ့ ဦးလေးကျော် ပြန်ဆုံကြပြီပေါ့”

“အစစ်ပဲ၊ ရှုမ၀ ဦးကျော်က ဆရာသော်တာဆွေကို ကိုရင့်စက်ကွင်းက လွတ်ပြီဆိုပြီး ၀မ်းသာနေတာ၊ အခုတော့ ကိုရင်ဟာ ဒီအထိလိုက်လာပြီး ကျုပ်ကို ဒုက္ခပေးဦးမလားဆိုပြီး ခဏခဏ ပြောတယ်တဲ့ ”

“ဦးလေးဆွေက ဦးလေးကျော်ကို စိတ်တိုအောင် အမြဲ စ နေ နောက်နေကျကိုး”

မျောက်လူက ရယ်ရင်းပြေသည် ။ ဆက်၍    “ ဒါနဲ့ ဦးလေးကိုတင်အောင်ကော ”

“ဆရာ ဗန်းမော်တင်အောင်လား၊ သူကတော့ ဒီမှာ ဖေးဗရိတ်ပဲလေ၊ အားလုံးက ချစ်ကြခင်ကြ၊ လေးစားကြတယ် မဟုတ်လား၊ မင်းအဖေဆိုရင် သူ့ကို ခဏခဏဖိတ်ပြီး စကားတွေ ထိုင်ပြောလိုက်ကြတာ တစ်ခါတစ်ခါ သုံးလေးရက်တောင် ကြာတတ်တယ်”

“ဆရာမြရော၊ ဒီကို ရောက်လာပြီ မဟုတ်လား”

“အေးလေ၊ ရောက်လာလို့ ကြိုဆိုပွဲတောင် အကြီးအကျယ်လုပ်ကြသေးတယ် ”

“ဆရာမြသန်းတင့်နဲ့လဲ တွေ့ချင်သေးတယ်”

“သူမရှိဘူး၊ ခရီးသွားနေတယ်”

“ဟင်...ရောက်တာမှ မကြာသေးဘူး”

“ဆရာမြ အကြောင်းမင်းသိသားပဲ၊ ခရီးသွားရတာကို သိပ် ၀ါသနာပါတာ မဟုတ်လား၊ ဒီကြားထဲ အလုပ်မရှိရင် မနေတတ်တဲ့ ဆရာမင်းကျော်ရယ်၊ ငြိမ်နေရင် မအီမသာဖြစ်တတ်တဲ့ ဆရာမောင်နေ၀င်းရယ်နဲ့ ပေါင်းမိတော့ နတ်ပြည်ခြောက်ထပ်တစ်ခွင် ပြဲပြဲစင်အောင် လေ့လာရေးခရီး ထွက်နေကြလေရဲ့ကွာ”

“နင်ရောက်တယ်လို့ ဇောင်းထက်ပြောလို့ လာခဲ့တာ” ဟု ပြောသည်။ ရုတ်တရက်မမှတ်မိ။ သေသေချာချာကြည့်တော့မှ

“ဟင် အစ်မ၊ ကြည့်စမ်း ရုတ်တရက် မမှတ်မိဘူး၊ အသားတွေဖြူပြီး ပိုချောလာတယ် ”

“သူကား ဆရာမ မိုးမိုး(အင်းလျား) ပင်တည်း။

“နင် အဲလို မြှောက်ပင့်ပြောရင် ငါလန့်တယ်၊ ဆရာကောက်လှိုင်းပြောလို့ ငါသိပြီးပြီ၊ နင်က စာရေးဆရာတွေကို ဇတ်ကောင်လုပ်ပြီး ပေါက်ကရ ရေးနေတယ်ဆို”

“စာပေးသမားတွေကို ပျော်စေချင်လို့ပါဗျာ”

“ငါ့ကိုတော့ ချမ်းသာပေးပါဟယ် ၊ နင်ရေးချင်ရင် မစန္ဒာအကြောင်း များများရေး”

“ဒါတော့ စိတ်ချပါ”

“ဟဲ့၊ သူက စာ သိပ်မရေးတော့ဘူးဆို”

“ဟုတ်တယ်၊ ဆောက်လုပ်ရေးဘက်မှာ အလုပ်များနေလို့ မအားဘူး”

“ဟယ်...တိုက်တွေဆောက်တာ ဘယ်သူဆောက်ဆောက် ရပါတယ်။ စာက လူတိုင်းရေးနိုင်တာ မဟုတ်ဘူး”

“ဟာ..ဟုတ်တယ်၊ ဟုတ်တယ်၊ အစ်မကြီး စန္ဒာနဲ့ တွေ့ရင် အဲဒါပြောပြရမယ်”

“ကဲ..ငါလဲ သွားဦးမှ ၊ တွေ့ချင်လို့သာ ၀င်လာတာ၊ သွားစရာရှိသေးတယ် ၊ ဒီနေ့ ဆွေးနွေးပွဲရှိတယ်၊ သတင်းစာပညာ အကြောင်းကို ဆရာသိန်းဖေမြင့်ရယ်၊ ဆရာဦးညိုမြရယ်၊ ဆရာလူထု ဦးလှရယ်က ဦးဆောင် ဆွေးနွေးကြမှာ”

“ကျွန်တော်လဲ နားထောင်ချင်လိုက်တာ”

“ မရဘူးဟ၊ ကြိုတင် စာရင်းပေးထားတဲ့လူမှ၊ တက်ခွင့်ရတာ၊ ကိုငြိမ်းကျော်ရော မတက်ဘူးလား၊”

“လာခဲ့မယ်၊ ဒီကောင့်ကို သူ့အဖေဆီ လိုက်ပို့ပေးလိုက်ဦးမယ်”

ဆရာမ မိုးမိုးအင်းလျားထွက်သွားပြီးနောက် ဆရာငြိမ်းကျော်က သူ၏ပန်းရထားဖြင့် ဆရာကြီးများနေထိုင်ရာ အရပ်သို့ လိုက်ပို့ပေးသည်။ သွားရင်းက ဗိမာန်ကြီးများကို ညွှန်ပြပြီး  “ ဒါက ဆရာကြီး မဟာဆွေရဲ့ ဗိမာန်၊ ဟိုဘက်က ဆရာကြီး ရန်အောင်နေတာပေါ့” စသည်ြ့ဖင့် ညွှန်ပြသွား၏။

ဆရာကြီးများနေသော နေရာမှာ မြို့တော်၏ ဆိတ်ငြိမ်အေးချမ်းသော နေရာဖြစ်သည်။ သစ်ပင်အုပ်များကြားတွင် လျှိုမြောင် စိမ့်စမ်းများဖြင့် အလွန်သာယာသည်။ ကျောက်စိမ်းတောင် တောင်ကုန်းများပေါ်တွင်မှ ရွှေမှုန်၊ငွေမှုန်များ က ရေတံခွန်လို စီးကျနေသည်။ သစ်ပင်များပေါ်တွင် တစ်ခါမှမမြင်ဖူးသော ပုံသဏ္ဌာန်မျိုးစုံရှိသည်။ ရောင်စုံပန်းများ ဖူးပွင့်နေသည်။

“ကဲ.. ရောက်ပြီ၊ ဟောဒါက ဆရာသာဓု ရဲ့ ဗိမာန်ပဲ”

အဖေ့ဗိမာန်ကို သူ့အကြိုက်မီးခိုရောင် သုတ်ထားသည်။ ပုံသဏ္ဌာန်က သူ၏စာသဘင် စာအုပ်တိုက် တံဆိပ်လို စာအုပ်ပုံပါဝင်သော ကျောက်တိုင်ကြီးထောင်ထားသည့် အတိုင်းဖြစ်၏။

“တံခါး ပိတ်ထားတယ်ကွ၊ မနိုးသေးဘူး ထင်တယ်”

ထိုစဉ် တစ်ဖက်မှ လှမ်းအော်သံ ကြားရသည်။

“ဟေ့ ဘယ်သူတွေလဲကွ၊ ဒီအချိန် သာဓု မနိုးသေးဘူးဆိုတာ မသိဘူးလား”

အသံကြားရာကို လှမ်းကြည့်လိုက်တော့ ဆရာ သော်တာဆွေ

“ဟာ ... ဦးလေးဆွေ”

“ဟယ်...ခွေးပစ်တဲ့ တုတ်ပါလား၊ ဘယ်က ဘယ်လို ရောက်လာတာလဲ”

ခေါ်နေကျအတိုင်း နှုတ်ဆက်သည်။

“ကျွန်တော် ခဏလာလည်ရင်း အဖေ့ဆီလာတာ”

“ဟ..ကိုယ့်အဖေအကြောင်း ကိုယ်မသိဘူးလား၊ ဒီကောင်က ဇီးကွက်လိုပဲ၊ လူတွေအိပ်တဲ့အချိန် အလုပ်လုပ်ပြီး သူများတွေ နိုးရင် သူက အိပ်ရော၊ ကဲ..လာလာ ငါနဲ့ စကားလေး ဘာလေးပြောရင်း စောင့်ပေါ့ကွာ”

ဆရာသော်တာဆွေဘက် ကူးလာခဲ့သည်။ သူ၏ ဗိမာန်ကတော့ ပုံဆန်းဆန်းဖြစ်၏။ ပုလင်းတစ်လုံး ထောင်ထားသည့်ပုံဖြစ်ပြီး ထိပ်မှာ ကြက်နှစ်ကောင် ခွပ်နေပုံ ရုပ်ထုကို တပ်ထားသည်။

“ ဟို လူပိန်သလောက် အသံပြဲတဲ့ကောင် ၊ မင်းလည်း လာလေကွာ”

ဆရာငြိမ်းကျော်ကို လှမ်းခေါ်သည်။

“ကျွန်တော် သတင်းစာ ပညာဆွေးနွေးပွဲ သွားမလို့ဆရာ၊ မ၀င်တော့ဘူး၊ ဒီကောင်ကို လိုက်ပို့တာ”ဟု ပြောပြီး ဆရာငြိမ်းကျော် ထွက်သွားသည်။

“ လာကွာ ၊ ဒီမှာပဲ ထိုင်တော့”

အပြင်ဘက်ရှိ ကျောက်သားထိုင်ခုံမှာ ထိုင်ခိုင်းသည်။ ကျောက်စားပွဲ ၀ိုင်းကြီးဘေးမှာ ထိုင်ခုံကလေးတွေ ခင်းထားခြင်းဖြစ်၏။ ကျောက်သားဆိုသော်လည်း ထိုင်ချလိုက်သော အခါ အိအိစက်စက်  နွေးနွေးထွေးထွေး ရှိလေသည်။

“ကဲ ၊ မင်းက ဧည့်သည်ဆိုတော့ ငါကပဲ ဧည့်ခံရမှာပေါ့ကွာ”

ဆိုပြီး ဆရာသော်တာဆွေက ကျောက်စားပွဲအောက်မှ ပုလင်းတစ်လုံးကို ထုတ်ပြီး စားပွဲပေါ်တင်သည်။

“ ဟာ ..ဦးလေး ကျွန်တော် မသောက်ဘူး”

“လုပ်မနေစမ်းပါနဲ့ကွာ၊ မင်း ခွက်ပုန်းဆိုတာ ငါသိပါတယ်၊ ငါနဲ့ ညောင်တုန်းဟောပြောပွဲ လိုက်လာတုန်းကတောင် တစ်ခွက်တစ်ဖလား ၀င်နှိပ်သေးတာပဲ မဟုတ်လား”

“ ကျွန်တော် အခုမသောက်တော့....”

“ဘာလဲ၊ မင်းအဖေသိမှာ ကြောက်လို့လား၊ ကိစ္စမရှိပါဘူးကွ၊ ဒီဟာက လုံးဝအနံ့မထွက်ဘူး၊ မင်းတို့ဆီက ဟာတွေလို မှတ်နေလို့လား၊ ဒါ စပါယ်ရှယ်ကွ၊ ဟိုမှာ ဒါမျိုးမရဘူး၊ ကြုံတုန်းကြုံခိုက် ချသွားစမ်းပါ၊ လူ့ပြည်ပြန်ရောက်တဲ့အခါ ကိုပိုက်တို့ ကြွားလို့ ရတာပေါ့။”

ဒါမျိုးက ကြုံရခဲသည်။ အခွင့်အရေး ရတုန်း မြည်းစမ်းကြည့်သင့်သည်။ ဟိုပြန်ရောက်တဲ့အခါ မင်းခိုင်ဦးတို့၊ နောင်ဝင်းထွန်းတို့ကို ပြန်ပြောလျှင် ဘယ်လောက်မနာလိုဖြစ်လိုက်ကြမလဲလို့။ ကာတွန်းဝင်းအောင်တို့၊ စောမင်းဝေတို့၊ ဆွေမင်း (ဓနုဖြူ)တို့ ဆိုလျှင်တော့ သူတို့အတွက် မယူလာရ ကောင်းလားဆိုပြီး စိတ်ကောက်ချင်ကောက်ကြလိမ့်မည်။

ဆရာသော်တာဆွေက ကျောက်စိမ်းနှင့် ပြုလုပ်ထားသည်ဟု ယူဆရသော ခွက်နှစ်ခွက်ထဲသို့ ငှဲ့ထည့်လိုက်သည်။

“ကဲ..ချကွာ”

သူက ခွက်ကို ယူကြည့်လိုက်၏။ ခွက်ထဲမှာ အရည်များ မဟုတ်ပဲ အခိုးအငွေ့များ ဖြစ်နေ၏။

“ဒါက ဘယ်လိုဖြစ်တာလဲ ဦးလေးရဲ့”

“တို့ ဒေ၀တာတွေဟာ အငွေ့ကိုပဲ စားသုံးကြတယ်လေကွာ”

“ဒါဖြင့် ကျွန်တော်က ဘယ်လို”

“လွယ်ပါတယ်၊ အဲဒီ အငွေ့တွေကို ဆေးလိပ်သောက်သလို ရှိုက်သွင်းလိုက်ပေါ့.၊ ဒီမှာကြည့်”

ဆရာသော်တာဆွေက လုပ်ပြသည်။သူလည်း လိုက်လုပ်၏။ ခွက်ထဲက အခိုးအငွေ့များကို ပါးစပ်နှင့် စုပ်ယူပြီး ဆေးလိပ်မီးခိုးကို ရှိုက်သွင်းသလို ရှိုက်လိုက်သည်။

အနံ့က အလွန်မွှေးကြိုင်သည်။ ရှိန်းခနဲ ဖိန်းကနဲ ဖြစ်သွားပြီး ခဏအကြာမှာ အလွန်ထူးခြားသော ခံစားမှုကို ရလိုက်၏။

“ဘယ်လိုလဲကွ”

“တော်တော် ကောင်းတာပဲ ဦးလေး၊ ဒါနဲ့ ဦးလေးကို ကျွန်တော် တစ်ခုမေးရဦးမယ်၊ စာရေးဆရာတွေ ကွယ်လွန်ရင် ကောင်းရာ သုဂတိကို ရောက်ကြတာပဲလား”

“ဒါပေါ့ကွ၊ စာရေးဆရာဆိုတာ ကိုယ်က လူပင်ပန်း စိတ်ပင်ပန်းဆင်းရဲခံပြီး အများအတွက် ဆောင်ရွက်ကြတာကိုး၊ ပရဟိတ စိတ်ရှိတဲ့ လူတွေပဲလေကွာ”

ထိုအခိုက် လမ်းမကြီးပေါ်မှ  မြင်းဖြူကြီးတစ်ကောင်ကို အသားကျစီးလာသော လူကြီးတစ်ယောက်ကို လှမ်းမြင်လိုက်ရ၏။ သူသည် အရပ်မြင့်မြင့် ကြံ့ခိုင်သော မေးရိုးရှိပြီး မျက်နှာထားက ဣနြေ္ဒကြီးလှသည်။ ဆေးတံခဲထားသည်ကို မြင်တော့မှ

“ဟာ...ဆရာကြီး ရွှေဥဒေါင်း မဟုတ်လား”

“အေး ဟုတ်တယ်ကွ၊ ၀ှက်ထား ၊ ၀ှက်ထား”

ဆိုပြီး ပုလင်းနှင့် ခွက်ကို စားပွဲအောက် ၀ှက်ထားသည်။ ဆရာကြီး လွန်သွားမှ ပြန်တင်ပြီး

“ဦးကြီးက ဆရာကြီး မြမျိုးလွင်ဆီ သွားတာကွ၊ သူတို့ နှစ်ယောက် နေ့တိုင်း ဒိဌေဒိဌမတ္တံကျင့်စဉ် အကြောင်း ဆွေးနွေးကြတယ်၊ လက်တွေ့လည်း ကျင့်ကြတယ်”

ဆရာကြီး သွားရာဘက်သို့ လှမ်းကြည့်လိုက်၏။ ဆရာကြီး၏ မြင်းနောက်မှ ခွေးလေးတစ်ကောင် ပြေးလိုက်သွားတာ တွေ့လိုက်၏။

“ဦးလေး အဲဒီ ခွေးလေးက”

“ဆရာကြီးရဲ့ အချစ်တော် ဘော်ဘီလေကွာ”

“ကဲကဲ ချလိုက်ဦးကွ ဆိုပြီး တစ်ခွက် ထပ်ငှဲ့ပေးသည်။ အငွေ့များကို တစ်ရှိုက် ရှိုက်လိုက်ပြီးနောက် အဖေ့ဗိမာန်ဘက် လှမ်းကြည့်၏။ တံခါး ပိတ်ထားတုန်း။

“ဖေဖေနဲ့ ဦးလေးကော ရန်ဖြစ်ကြတုန်းပဲလား”

ဦးလေးဆွေက ရယ်လိုက်ပြီး

“ဘာပြောကောင်းမလဲကွာ၊ တကျက်ကျက်ပေါ့၊ ဒါပေမယ့် မင်းသိတဲ့အတိုင်း ငါတို့ သူငယ်ချင်းနှစ်ယောက်က ဒီနေ့ရန်ဖြစ်လိုက်၊ နောက်နေ့ကျတော့လည်း လည်ပင်းဖက်ပြီး ရယ်လိုက်မောလိုက်နဲ့ ငါတို့နှစ်ယောက် ရှိလို့ စိုစိုပြည်ပြည် ဖြစ်နေတာလို့ တင့်တယ်တို့ သန်းဆွေတို့ကတောင် ပြောသေးတယ်”

“အဖေကတော့ ဘုဂလန့် ကျတုန်းပဲလား”

“ထုံးစံအတိုင်းပေါ့၊ နတ်သဘင် အစည်းအဝေးကျရင် သိကြားမင်းကို ခွကျကျ မေးခွန်းတွေ ထထ မေးတတ်တယ်ကွ၊ ဟိုက ပြန်ရှင်းတာကျတော့ သူက မကြားလို့ ငါက အော်အော်ပြီး ပြန်ပြောရတယ်”

“ဟင် ကျွန်တော်ကြားဖူးတာက နတ်တွေဟာ ဒိဗ္ဗစက္ခုတယ်ဆို ၊ ဒါဆို ဒိဗ္ဗသောတ မရနိုင်ဘူးလား ”

“မင်းလဲ မင်းအဖေလိုပဲ၊ တော်တော် ကပ်သီးကတ်သပ် ပြောတတ်တယ်...ဟား....ဟား.....”

ပြိုင်တူ ရယ်လိုက်ကြပြီးနောက် ခွက်များကို မြှောက်၍ တစ်ရှိုက်ရှိုက်မည်ပြုစဉ် နောက်ဘက်က တစ်စုံတစ်ယောက်က ဆတ်ခနဲ လုယူသွား၏။ လန့်ပြီး လှည့်ကြည့်တော့ ....


“ ဟင်...ဖေဖေ”

အဖေသည် အလွန်ဒေါသထွက်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။

“မင်း...မင်း ဘာလုပ်တာလဲ၊ ဒါ....”

ခွက်ကိုနမ်းကြည့် ၊ နှာခေါင်းရှုံ့ပြီး လွှင့်ပစ်လိုက်၏။ ထို့နောက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရွယ်လိုက်စဉ်.....

“ဟာ...ဦးလေးဆွေ ကယ်ပါဦး”

ဆရာသော်တာဆွေ နောက်သို့ ပြေးဝင်လာပြီး အကာအကွယ်ယူလိုက်သည်။

“ဟေ့..ဟေ့...သိပ်ဒေါသ မကြီးနဲ့လေ၊ ငါ...ပြောပါရစေဦး”

ဆရာသော်တာဆွေက ဟန့်တားလိုက်ရာ အဖေက လက်ညှိုးငေါက်ငေါက်ထိုးပြီး......

“ဟဲ့...ငသော်တာ၊ နင်က ဘာကောင်လဲ၊ ငါ့သားတွေကို လူ့ပြည်မှာ တုန်းက အရက်တိုက်တာ အားမရသေးလို့ ဒီအထိခေါ်ပြီး တိုက်တာလား ဟဲ့၊ ကြက်သမားရဲ့.....”

“အောင်မာ၊ ဒီမှာ သာဓု နားထိုင်းရဲ့၊ နင့်သားတွေက သူတို့ဘာသာ တခြားမှာ သောက်တတ်လာပြီးမှ ငါနဲ့ လာတွဲတာဟဲ့၊ ရမ်းမပြောနဲ့၊ အခု လဲ နင် သောက်အိပ်ကြီးနေလို့ ငါက အကောင်းဧည့်ခံထားရတာ”

“ဘာမှ စကားရှည်မနေနဲ့ ဖယ်ပေး၊ ဟေ့ကောင် ....ထွက်ခဲ့”

အဖေက ရှေ့တိုးလာသည်။ ဆရာသော်တာဆွေက ဆီးကာထားပြီး

“ဟေ့ကောင်လေး ပြေးတော့....ပြေးတော့လေ”

သူ လှစ်ခနဲ လည့်ပြီးပြေးသည်။ ပြီးမှ သတိရသည်။  အဖေနှင့်တွေ့ခွင့်ရဖို့ဆိုတာ ရှားရှားပါးပါးအခွင့်အရေး။ ရိုက်ချင်ရိုက် ၊ ထိုးချင်ထိုးစေတော့ ဆိုပြီး ပြန်လှည့်လိုက်၏။

ဆရာသော်တာဆွေက အဖေ့ကို ရှင်းပြနေ၏။

“ ဒီမှာ သာဓုရဲ့၊ ဒါ အရက်မဟုတ် ပါဘူးဟ၊ မဉ္ဇူသက အသက်ရှည်ဆေးပါ၊ ဒီကို ရောက်ကတည်းက ငါမသောက်တော့ဘူးဆိုတာ နင် သိသားပဲ မဟုတ်လား၊ အခုဟာက နင်ဒေါသဖြစ်တာ မြင်ချင်လို့ တမင်တကာ အရက်သောက်ချင်ယောင် ဆောင်ပြီး နင့်ကို စတာပါ ..ဟား.....ဟား....”

ဆရာသော်တာဆွေက ရယ်သည်။ အဖေက ဘုကြည့်ကြည့်၏။ ထို့နောက် သူ့ဘက်လှည့်ကြည့်သည်။် သူသည် အဖေ့ရှေ့မှာ ဒူးတုပ်ထိုင်ချလိုက်ပြီး ကန်တော့သည်။ ပြီးတော့ ဆရာသော်တာဆွေကိုပါ ကန်တော့သည်။ ပြန်မော့ကြည့်လိုက်တော့....

အဖေသည် လက်သီးဆုပ်ထားရာမှ ဖြေလျော့လိုက်သည်။ မျက်နှာပေါ်မှ တင်းမာမှုတွေလည်း ပျောက်သွား၏။ ဆရာသော်တာဆွေက ပြုံးကြည့်နေသည်။ အဖေက မေးသည်။

“မင်းအမေ နေကောင်းလား”

“ဟုတ်ကဲ့ ကောင်းပါတယ်”

“ဟိုကောင်တွေရော....”

“ကောင်းပါတယ်”

“မင်းတို့ မိန်းမနဲ့ ကလေးတွေရော..”

“ကောင်းပါတယ်”

“ဒါဆို ပြီးရော”

ဆိုပြီး လှည့်ထွက်သွား၏။ ခမ်းလှမ်းလှမ်းရောက်မှ တစ်ချက်ငဲ့ကြည့်ပြီး...”

“မင်း ပြန်တော့၊ မင်းအနေနဲ့ ဒီကိုရာက်ဖို့ အချိန်တွေ အများကြီး လိုသေးတယ်၊ အေး...တစ်ချိန်ချိန် ဒီလိုမြင့်မြတ်တဲ့ နေရာမျိုးကို ရောက်ချင်ရင် စာဖတ်ပရိတ်သတ်ကို ငါ့ကိုယ်စား ရိုရိုသေသေ လေးလေးစားစား စေတနာထားတတ်ရမယ်...ဒါပဲ”

“ဟုတ်ကဲ့ပါ ဖေဖေ”

ထိုစဉ် ပတ်ဝန်းကျင် တစ်ခုလုံး အခိုးငွေ့များ ဖုံးလွှမ်းသွား၏။ဘာကိုမှ မမြင်ရတော့၊ “ ပြန်ချင်ရင် လာထားလို့ အောလိုက်” ဆိုသော ဇောင်းထက်၏စကားကို သတိရ၏။

“လာထား ၊ လာထား ၊ လာထား”

ဟု အော်လိုက်သည်။

“ဟော သတိရပြီထင်တယ်”

မီးခိုးငွေ့များ ပြယ်စ ပြုလာသည်။ မြင်ကွင်းသည် တစ်စတစ်စ ကြည်လင်လာ၏။ တစ်စုံတစ်ယောက်က လက်ကို လာကိုင်သည်။ မျက်စိ ဖွင့်ကြည့်လိုက်၏။ သူ့မိန်းမ မျက်နှာကို မြင်ရသည်။ ပြီးတော့ နားကြပ်ကိုလည်ပင်းမှာ ဆိုင်းထားသော ဆရာဝန်တစ်ယောက်။ သူ ဆေးရုံပေါ်ရောက်နေခြင်း ဖြစ်၏။

“ကျွန်တော် ဘာဖြစ်သွားတာလဲ”

သူကမေးသည်၊ ဆရာဝန်က.....

“ခင်ဗျားကို စာရေးဆရာတွေ ၀ိုင်းပြီး ကလိထိုးကြလို့..အူအတွက်လွန်ပြီး အာရုံကြော ထိခိုက်သွားတာပါ”

“ထူးထူးဆန်းဆန်း ဆရာရယ်၊ အူအတက်ပေါက်တယ်ပဲ ကြားဖူးတယ်၊ အူအတက်လွန်တယ်လို့များ....”

“အခု ကောင်းသွားပါပြီဗျ”

သူ့မိန်းမက ၀င်ပြောပြန်သည်။

“သူ သတိလစ်နေတုန်းက သူ့ကို ကလိဝိုင်းထိုးကြတဲ့ စာရေးဆရာတွေ၊ ဆရာမတွေ လာကြသေးတယ်၊ စားစရာ သောက်စရာတွေ ပေးသွားကြတာ အများကြီးပဲ”

“သြော်...ဟုတ်လား ၊ ငါက အဖေတို့ဆီ သွားလည်နေတာ”

မိန်းမမျက်လုံး အနည်းငယ် ပြုးသွား၏။ ဆရာဝန်ကို အဓိပ္ပါယ်ပါပါ မော့ကြည့်သည်။ ဆရာဝန်က...

“ခင်ဗျား အေးအေးဆေးဆေး အနားယူလိုက်ပါဦး၊ ကျွန်တော် ဆေးတစ်လုံးထိုးပေးမယ်” ဟု ပြောသည်။ သူက

“ကျွန်တော် အခုရောက်နေတာ ဘာဆေးရုံလဲဟင်”

“ဦးနှောက်နဲ့ အာရုံကြော အထူးကုဆေးရုံလေ”

ဆရာဝန်က ဆေးတစ်လုံးထိုးပေးသည်။ ခဏအကြာတွင် သူပြန် အိပ်ပျော်သွားလေ၏။ အိမ်မက် ထပ်မက်မလား မမက်ဘူးလားဆိုတာတော့ တပ်အပ် မပြောနိုင်။


(ကွယ်လွန်လေပြီးသော စာရေးဆရာကြီးများကို အမှတ်တရရှိကြစေရန် အလွမ်းပြေ ရေးလိုက်ခြင်းဖြစ်ပါသည်။)

(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း၊ သြဂုတ်လ ၁၉၉၉)

မင်းလူ။

















Thursday, December 23, 2010

လေထန်ဖုန်း

ကျွန်တော်သည် ၁၉၉၈ သြဂုတ်လထုတ် သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်းထဲတွင် “စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်” ဆိုသော ၀တ္ထုတစ်ပုဒ် ရေးခဲ့ပါသည်။ ကျွန်တော်ချစ်သော၊ခင်သော၊လေးစားသော စာပေနယ်သားများကို ဇတ်ကောင်များလုပ်၍ ကလူကျီစယ်ခဲပါသည်။ (ထို ၀တ္ထုကို သဘင်ဂျာနယ်တွင် ဆရာဆန်းထွန်းက ရုပ်ပြကာတွန်းအဖြစ် ထပ်ဆင့် တင်ဆက်ခဲ့ပါသေးသည်။)

ကျွန်တော်၏ရည်ရွယ်ချက်မှာ မတွေ့ဆုံဖြစ်တာကြာပြီဖြစ်သော ဆရာ ဆရာမများကို သတိရသောကြောင့် လည်း ဖြစ်၏။ စက္ကူဈေးတွေတက်၊ကုန်ကျစားရိတ်တွေကြီး၊ စာအုပ်တွေ အရောင်းကျသဖြင့် လေးလံထိုင်းမှိုင်း သုန်မှုန်နေသော စာပေလောကသားတို့ စိတ်ပြေလက်ပျောက်မချိပြုံးကလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေဆိုသော စေတနာလည်းဖြစ်၏။

ကျွန်တော့်ရည်ရွယ်ချက်သည် အထိုက်အလျောက်တော့ အောင်မြင်ပါသည်။ စာဖတ်ပရိသတ်များကကော ၀တ္ထုထဲ ပါဝင်သော ဇတ်ကောင်များကပါ သဘောကျနှစ်သက်ကြသည်ဟု အယ်ဒီတာ ဆရာကောက် က ပြောပါသည်။ (တကယ်ဟုတ်မဟုတ်တော့ မသိပါ။ နောက်ကို စာမူတောင်းလို့ကောင်းအောင် လည်ဆယ်ခြင်းလည်း ဖြစ်နိုင်ပါသည်။)

ပြဿနာလုံးဝ မရှိတော့မဟုတ်။ နည်းနည်းပါးပါးတော့ မကျေနပ်သံလေးတွေ ထွက်လာခဲ့ပါသည်။ တခြား မဟုတ် တချို့စာရေးဆရာတွေက ၀တ္ထုထဲတွင် သူတို့အခန်းတွေ နည်းသည်ဟု ဆိုသည်။ တချို့ ကျတော့လည်း သူတို့လို နာမည်ကြီးတွေကို ဇတ်ပို့ဇတ်ရံလောက်သာ နေရာပေးသဖြင့် နည်းနည်း စိတ်ခုသွားကြသည်ဟု ကြားသိရပါသည်။

ဒါ့အပြင် တချို့က “ ဒီလောက် ခင်မင်နေတဲ့လူတွေ ဖြစ်လျက်နဲ့ ငါတို့ကျတော့ ဘာကြောင့်ထည့်မရေး ရသလဲ” ဟု မချိတင်ကဲပြောကြသည်။ စာရေးဆရာမလေး ဂျူးဆိုလျှင် ခရီးလွန်နေသဖြင့် စတိတ်ရှိုးပွဲတော် မနွဲပျော်လိုက်ရလေခြင်းဟု ယူကြုံးမရဖြစ်ပြီးလျှင် ပရိုဗီမင် အလုံးသုံးဆယ် တစ်ခါတည်းသောက်ချလိုက် သည်ဟု သတင်းကြားရပါသည်။ စာရေးဆရာမလေး မိုနိုဆန်းကလည်း “ ဒို့များ တက္ကသိုလ်မှာတုန်းက အလှဘုရင်မ ရွေးပွဲမဏာမ အဆင့်မှာ အရန်အဖြစ်အရွေးခံရဖူးပါတယ်။ အတန်းထဲမှာ မိန်းကလေး ဆယ်ယောက်ရှိတာ န၀မ ချိတ်ခဲ့တယ်လေ၊ဒို့ရဲ့ အဓိကပြိုင်ဖက် ခင်ဖြူက တုတ်ကွေးမိလို့ နှုတ်ထွက်သွား တာကိုး” ဟု ဖုန်းဆက်ပြီး လှမ်းပြောသည်။

နဂါးစာပေမှ ကိုထွန်းဦးကလည်း မန္တလေးမှ ဖုန်းလှမ်းဆက်ပြီး သူသည်လည်း စာပေလောကသားတစ်ဦး ဖြစ်ကြောင်း၊ အထက်မြန်မာနိုင်ငံ အတွက် စာနယ်ဇင်းများကို အကြီးအကျယ် ဖြန့်ဖြူးပေးနေသော နာမည်ကြီး တစ်ဦးဖြစ်ကြောင်း၊ တကယ်လို့ သီချင်းစာသားထဲ ထည့်စပ်ဖို့ အခက်အခဲရှိလျှင်တောင် “နဂါးဆွန်နား အခြားဟဲ” ဆိုတာလောက်တော့ ထည့်ပေးသင့်ကြောင်း အရေးဆိုလာ၏။

နောက်တစ်ခုကတော့ ပန်းချီဆရာများ၏ စောဒကတက်မှုပင် ဖြစ်၏။ ကျွန်တော်၏ ၀တ္ထုထဲတွင် စာရေးဆရာ၊ ကဗျာဆရာ ၊ ကာတွန်းဆရာ၊ အယ်ဒီတာတွေ စုံလင်သော်လည်း ပန်းချီဆရာများထဲမှ မမွှေး တစ်ယောက်သာ တစ်ခန်းလောက် ဖျတ်ခနဲပါခဲ့သည်။ ကျွန်တော်သည် ပန်းချီဆရာများနှင့် အတော်လုံးလုံး ထွေးထွေး နေခဲ့ဖူးသဖြင့် သူတို့ကို ၀တ္ထုထဲမှာ နေရာမပေးမိခြင်းအတွက် စိတ်မကောင်းဖြစ်ရပါသည်ဟု ဆိုပါသည်။

ထိုအကြောင်းကို ဖွင့်ဟပြောသူမှာ ဆရာမောင်ဒီဖြစ်၏။ သူနှင့်ကျွန်တော်မှာ ညီအစ်ကိုတမျှ ခင်မင်သူများ ဖြစ်၏။ ထို့ကြောင့်နောက်ဆက်တွဲ အဖြစ် ရေးသားဖော်ပြရမည်ဟု အကျပ်ကိုင်လေသည်။ တစ်ခုရှိတာ ဆရာဒီသည် ပန်းချီဆွဲရာမှာ သရုပ်မှန်ရော၊မော်ဒန်ပါ လက်ဖျားခါလောက် သူဖြစ်၏။ပညာမာနလည်း ကြီးသည်။ တော်ရုံလူကို အထင်မကြီးတတ်။ ကျွန်တော့်ကို ဆိုလျှင်လေးခွတစ်လက်နှင့် လျှောက်လက်တည့် စမ်းတတ်သော နွားကျောင်းသားလေလောက်သာ သဘောထားသူဖြစ်၏။ ထို့ကြောင့်.............

“မင်းရေးမယ်ဆိုရင် သီချင်းကိုတော့ ငါ့ဘာသာစပ်ထားတဲ့ ကိုယ်ပိုင် သီချင်းကိုပဲ သုံးမှရမယ်၊ မင်းကို စိတ်မချဘူး” ဆိုပြီး အသင့်ရေးလာသည့် သီချင်းစာရွက်ကို ပေးပါသည်။ ထိုသီချင်းမှာ..

“လိုင်းလိုင်းလိုင်းလိုင် လိုင်လိုင်လိုင်လိုင်းလိုင်း လိုင်းလိုင်းလိုင်းလိုင် လိုင်လိုင်လိုင်လိုင်းလိုင်း
သင့်အတွက်တာ မောင်ဒီ၊ကဗျာရေးသည်၊နှစ်သက်စရာ ဂုဏ်ရည်၊ ရေးဆွဲတဲ့ ပန်းချီ၊ မောင်ဒီ ရင်ခုန်နေတဲ့ မောင်ဒီ၊ ပျိုနုနေဆဲ မောင်ဒီ ၊ လေညှင်းလေးတောင် တေးဖွဲ့လို့သီ မန်ကျည်းဖျော်ရည်”

“ဟင်... မန်ကျည်းဖျော်ရည်က ဘယ်လိုလုပ်ပါလာတာလဲ ဆရာဒီရဲ့” ဟု ကျွန်တော်က မေးလိုက်သော အခါ ဆရာဒီက

“ငါက မြစ်ခြေသားလေကွာ ၊ ဒါ့ကြောင့် အညာအငွေ့အသက်ပါအောင် ထည့်လိုက်တာ”

အော်.....ဒါကြောင့် မြန်မာပြည်မှာ ဆရာဒီရယ်လို့ နာမည် ကျော်ပေတာကိုး...။


နောက်ပြဿနာတစ်ခု ။ ထူးခြားသည့်ဇတ်လမ်း တစ်ပုဒ်တွေ့ပြီဆိုလျှင် အရင်ဦးအောင် လိုက်တတ်ကြသော ဗွီဒီယိုသမားများ၏ ထုံးစံအတိုင်း ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ) ရောက်ရှိလာပြီး

“အဲဒီ ၀တ္ထုကို ဗွီဒီယိုရိုက်ချင်တယ်ဆရာ၊ ရိုက်ခွင့်ရမယ် ဆိုရင်တော့ ဗွီဒီယို လောကမှာ မှတ်တိုင်တစ်တိုင် စိုက်လိုက်နိုင်မှာပဲ” ဟု လာစည်းရုံးသည်။ ကျွန်တော်က မှတ်တိုင်စိုက်သော ကိစ္စမှာ လွယ်လွယ်လေးမဟုတ် ကြောင်း၊ စည်ပင်သာယာတို့၊ ခရီးသည် ပို့ဆောင်ရေး အဖွဲ့အစည်းတို့က ခွင့်ပြုဖို့လည်း လိုသေးကြောင်း ပြောပြီး ငြင်းလိုက်ရပါသည်။

သို့တိုင်အောင် လူပိန်သလောက် အသံပြဲသော မောင်ပြည့်ဝ သည် သူ့စိတ်ကူးကို လက်ဖက်ရည်ဆိုင် တွေမှာ အော်ကြီးဟစ်ကျယ် ပြောခဲ့သဖြင့် ထိုသတင်းက ပျံ့သွားသည်။

ထိုအခါ ကျွန်တော့်ထံသို့ မအိ ရောက်လာလေသည်။ စာပေ ကြော်ငြာ စတိတ်ရှိုးပွဲတော် ၀တ္ထုကို ဗွီဒီယို ရိုက်မည်ဟုသတင်းကြားကြောင်း၊ မိမိအနေနှင့်မူ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ မိမိသည် မဟေသီ မဂ္ဂဇင်းမှာ ဆရာဟိန်းလတ်နှင့် အင်တာဗျူးလုပ်ပြီးကတည်းက ဗီဒီယိုရိုက်ဖို့မပြောနဲ့ ဓါတ်ပုံအရိုက်ခံဖို့တောင် အကြီးအကျယ်စိတ်ကုန်သွားကြောင်း၊ တစ်ခုတော့ တောင်းပန်လိုကြောင်း၊ ဗွီဒီယို ရိုက်ဖြစ်ခဲ့လျှင် မိမိနေရာတွင် အိန္ဒြာကျော်ဇင်ကို ထည့်သွင်းအသုံးပြုစေလိုကြောင်း တစ်နာရီလောက် ကြာအောင်ပြောသွားပါသည်။

ပန်းချီမမွှေးကျတော့ တစ်မျိုးဖြစ်၏ ။ ဗွီဒီယို ရိုက်ဖြစ်ခဲ့လျှင် သူ့နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင် တစ်ယောက်ကို အစားထိုးတာမျိုး ခွင့်မပြုနိုင်ကြောင်း ၊ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း ပြောလာပါသည်။

“ ဘာကြောင့်လဲဆိုတော့ ကျွန်မလဲ သရုပ်ဆောင်လိုင်းပြောင်းမလို့ ဆုံးဖြတ်ထားလို့ ၊ ပန်းချီ ရေးရတာ သိပ်မစားသာတော့ဘူး ”

“ ကောင်းပါတယ် ခင်ဗျား အရပ်အမောင်းက စိုးမြတ်နန္ဒာနဲ့ မတိမ်းမယိမ်းပဲ ” ဟု ကျွန်တော်က အလိုက်အထိုက် ပြောလိုက်ရာ သူ အားတက်သွားပြီး ......

“ ဟုတ်တယ် ၊ မောင်မျိုးမင်းကလည်း ဒီအတိုင်းပြောတယ် ၊ အခု သူရိုက်မယ့် ဗွီဒီယိုကားမှာတောင် ၀င်ပြီး သရုပ်ဆောင်ဖို့ သဘောတူပြီးသွားပြီ ၊ မမေ့ရက်ဘူး အချစ်ဦးရယ် ဆိုတဲ့ တရုတ်ကားကို ပြန်ရိုက်မှာလေ ”

“ ခင်ဗျားက ဘယ်နေရာမှာ သရုပ်ဆောင်မှာလဲ ”

“ ကျန်ကျောင်းတို့ အမေနေရာက ”

“ အင်း ကောင်းပါတယ် ၊ ခင်ဗျားနဲ့ လိုက်ပါတယ် ”

“ အမေနေရာဆိုပေမယ့် ဇတ်ရဲ့ အဓိက သရုပ်ဆောင်ပဲလေ ၊ ဇတ်ကားနံမည်ကိုတောင် ကံကောင်းလို့မသေ ကျန်ကျောင်းတို့ အမေလို့ ပေးထားတယ် ”

“ ဒါဆို ခင်ဗျားသားနေရာက ဘယ်သူ သရုပ်ဆောင်မှာလဲ ”

“ ပန်းချီ ကိုမျိုးမြင့် ”

“ ဟင်.... သူ့အရွယ်ကြီးနဲ့များ မင်းသားအဖြစ် သရုပ်ဆောင်မယ်ဆိုတော့ ကြည့်လည်း လုပ်ကြပါဦးဗျာ ”

“ ဒါကတော့ သူက ပရိုဂျူဆာကိုး အစ်ကိုရဲ့ ၊ သူကြိုက်တဲ့ ဇတ်ရုပ်နေရာ ယူမှာပေါ့ ”

“ သြော်...ဒီလိုလား ”

ပန်းချီကိုမျိုးမြင့်သည် ကျွန်တော်နှင့်လည်ပင်းဖက် ပေါင်းလာသော သူငယ်ချင်းဖြစ်၍ သူ့အကြောင်း ကောင်းကောင်းသိသည်။ သူ့အနေနှင့် မင်းသားလုပ်မည်ဆိုလျှင် လုပ်နိုင်သည့် အခြေအနေရှိသည်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်တတ်သည် ။ အသားကလည်း ဖြူသည်။ ရုပ်ရည်ကလည်း မဆိုးလှ ၊ ရုပ်မြင်သံကြားမှာ ပြသွားသည့် တစ်ရာ့တစ်ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း ဇတ်ကားထဲက ဂျပန်မင်းသားနှင့် ခပ်ဆင်ဆင် တူသည်။

သူသည် ဒီက ပန်းချီလောကမှာ ထိပ်တန်းအဆင့်ရောက်နေတာတောင် အားမရသေးပဲ စင်ကာပူမှာ အလုပ်သွားလုပ်နေသူ ဖြစ်၏။ ကျွန်တော်တို့ကတော့ မိသားစုရှေ့ရေး ၊ သူ့မိခင်အိုကြီးကို ပြုစုစောင့်ရှောက် နိုင်ရေးအတွက် စွန့်စွန့်စားစား သွားလုပ်တာပဲလိုဆိုပြီး ချီးကျူးမိသေးသည် ။

ခုမှပဲ သူ့အကြံကိုသိရတော့သည်။ လက်စသပ်တော့ သူက မင်းသားလုပ်ဖို့ အရင်းအနှီးရအောင် ငွေသွားရှာ တာကိုး။

“ ဒါဆို သူ့မိန်းမ မထားကကော မင်းသမီး လုပ်ဦးမှာလား ”

“ မထားက အဲဒီလောက် မကြောင်ပါဘူး ၊ ပါရမီဖြည့်ဘက် တစ်ယောက်အနေနဲ့သာ ပံ့ပိုးပေးမှာပါတဲ့ ။ သူ့ ယောက်ျား မင်းသားဖြစ်သွားပြီဆိုရင်တော့ စိတ်အေးရပါပြီတဲ့ ။ အဲဒီ အခါကျရင်တော့ စင်ကာပူက ကွမ်ရင်မယ်တော်ကျောင်းမှာ သီလရှင်ဘ၀နဲ့ပဲ အေးအေးချမ်းချမ်းနေပြီး အရိုးထုတ်တော့မယ်တဲ့ ”

“ သာဓုဗျာ ၊ သာဓု သာဓု ၊ ကိုမျိုးမြင့်တစ်ယောက် အောင်မြင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ ”

ဆရာမောင်ခိုင်မာတို့ ဇနီးမောင်နှံ ကျွန်တော့်အိမ်လာလည်မည်ဟု တယ်လီဖုန်းသတင်း ရလိုက်သော အခါ ကျွန်တော်အတော်ကလေး ပြာသွား၏။ ဆရာခိုင်ကို ၀တ္ထုထဲမှာ “ ရာသီတိုင်းမှာ မောင်ခိုင်မာ ” ဟု ရေးခဲ့သည်။ သူသည် နေမကောင်းဖြစ်နေတဲ့ကြားက တကူးတကန့်လာမှာဆိုတော့ အကောင်းတော့မဖြစ်နိုင် ။ ပြဿနာ ရှာဖို့လာခြင်းသာ ဖြစ်ရမည်။

သူစိတ်ပြေအောင် ဘယ်လိုဖားရပါ့မလဲ ။ အပူတပြင်းစဉ်းစားပြီး လက်ထဲမှာ ပူပူနွေးနွေးရှိနေသေးသော သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှရသည့် စာမူခကလေးဖြင့် အားဆေးတစ်ပုလင်း အမြန်ပြေးဝယ်ထား ရပါသည်။

သူတို့လင်မယား ရောက်လာသောအခါ ပျာပျာသလဲ ဆီးကြိုရသည်။ အိမ်းဦးခန်းသို့ခေါ်သွားပြီး ပက်လက် ကုလားထိုင်မှာ ထိုင်ခိုင်းရသည်။ ပြီးတော့ ကြိုတင်စီစဉ်ထားသည့်အတိုင်း အရင်ဦးအောင် ပြောလိုက်ရ၏။

“ အစ်ကို နေမကောင်းဘူးတဲ့ သတင်းကြားပါတယ် ။ကျွန်တော်လဲ သတင်းလာမေးမလို့ပါပဲ၊ ဒါပေမယ့် အစ်ကိုရာ ကျွန်တော်လဲ ဒီရက်ပိုင်းအတွင်း ဘယ်လိုဖြစ်တယ် မပြောတတ်ဘူး။ အရမ်းချူချာတာပဲ၊ တုတ်ကွေးမိတယ်၊ နမိုးနီးယားဖြစ်တယ်၊သွားနာတယ်၊ခါးကိုက်တယ်၊ အဆစ်အမြစ်တောင် ယောင်ပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူး” ဟု သတိရသမျှ ရောဂါတွေ လျှောက်ပြောပြီး အပြစ်လွတ် အောင်ကြိုးစားကြည့်လိုက်၏ ။ ဆရာခိုင်သည် ရှူတည်တည်ကြီးလုပ်၍ နားထောင်နေရာမှ ဟိုက္ကူကဗျာ တစ်ပုဒ်ကို လက်တန်းစပ်ပြီး အသံနေအသံထားဖြင့် ကောက်ကာငင်ကာ ရွတ်ဆိုလိုက်လေ၏။

“ လူကြီးတွေ စော်ကား
ရောဂါဘယ ထူလို့ပွား
ဟေ့ကောင် မှတ်ပြီလား ”

ကျွန်တော်သည် “ ဟဲ ဟဲ အစ်ကိုကြီးကလဲ ” ဆိုပြီး သွားဖြီးလိုက်ရ၏ ။ သူ ထပ်ဆင့်နဘေ မထပ်နိုင်ခင်မှာပင် အားဆေးပုလင်းကို အလျင်အမြန်ထုတ်၍

“ အစ်ကို့အတွက် ကျွန်တော်ဝယ်ထားတာ ” ဆိုပြီး လက်ထဲ ထည့်ပေးလိုက်သည်။ သူသည် ကျွန်တော့်ကို သိပ်ယုံကြည်ဟန် မရှိသေး။ အားဆေးပုလင်းကို အစစ်ဟုတ်မဟုတ် ၊ အင်ထုထားခြင်း ဟုတ်မဟုတ် သေချာစွာစစ်ဆေးပြီး ကျေနပ်သွားတော့မှ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ပြီးတော့ ဟိုက္ကူ ကဗျာတစ်ပုဒ်ကို အသံနေအသံထားဖြင့် ရွတ်ဆိုပြန်၏။

“ လူပင်ငယ်သော်ငြား
ဆရာသမား သိတတ်သား
အပြစ်လွတ်စေဗျား” ဟု ဆိုပြီး မျက်နှာထားကိုပြင်ပြီး တဟားဟား ရယ်လေတော့သည်။

“ ဟဲ ဟဲ တော်တော် လန့်သွားသလားကွ ”

ဒီတော့မှ ကျွန်တော့်ကို အတည်ပေါက်နှင့် ခြောက်နေခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။သူ၏ ရှင်မက ပြုံးတုံးတုံးလုပ်ရင်း ၀င်ပြောသည်။

“ တကယ်ဆိုရင် သူကတောင် မင်းကိုကျေးဇူးတင်ရဦးမယ်၊ သူ့မှာနေမကောင်းဖြစ်နေပြီးကတည်းက တမှိုင်မှိုင် အတွေတွေ မရယ်နိုင် ၊ မပြုံးနိုင်ဖြစ်နေတာကြာပြီ ၊ မင်းဝတ္ထုကိုဖတ်ပြီးတော့မှ လန်းလန်းဆန်းဆန်း ဖြစ်လာတာ ” ဟု ချီးကျူးလိုက်ပြီး ဆက်လက်၍

“ ၀တ္ထုထဲမှာ ချစ်ဦးညို မိန်းမ ပါလာတော့ တို့ကိုလဲ ဇတ်ကောင်လုပ်ပြီး ထည့်ရေးဦးမလားလို့ ရှာကြည့်ရ သေးတယ် ”

ရှင်မသည် ကဗျာဆရာကတော်ပီပီ ၀င်္က၀ုတ္တိလင်္ကာဖြင့် ပြောလိုက်ခြင်းဖြစ်ကြောင်း ကျွန်တော် သိသည်။ သူဆိုလိုတာက ဆရာချစ်ဦးညို၏ ဖယောင်းတိုင်ကြီးတောင် ၀တ္ထုထဲပါသေးတာ ၊ သူ့လိုမျက်နှာဖုံးရှင် တစ်ယောက်အနေဖြင့် ဘာကြောင့်မပါရသနည်းဟု မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ သူသည် ဆရာမောင်ခိုင်မာ၏ “ ရှင်မရေ ” ဆိုသော ကဗျာစာအုပ်မှ မျက်နှာဖုံးရှင် ဖြစ်နေတာကိုး။

“ ကျွန်တော်လဲ အစ်မကို ထည့်ရေးမလို့ပါပဲ ။ ဒါပေမယ့် အစ်မရဲ့ ဘော်ဒီဝိတ်နဲ့ဆိုရင် ကျမ်းလေးမှာစိုးလို့ ချန်ထားခဲ့ရတာပါ။ ဆရာခိုင်ရဲ့ ရှင်မ ကဗျာစာအုပ် မျက်နှာဖုံးမှာပါတုန်းကတောင် ရိုးရိုးဆယ့်ခြောက်ချိုး ဆိုက်နဲ့ မဆန့်လို့ ဆယ်ချိုးဆိုက်ကြီးပြောင်းရိုက်ရတယ် မဟုတ်လား ” ဟု ပြေရာပြေကြောင်း ပြောလိုက်ရ၏။

ထိုစဉ်မှာပင် ကျွန်တော်တို့ထိုင်နေသော အိမ်ဦးခန်းလေးသည် တသိမ့်သိမ့်လှုပ်လာသည်။ အလိုလိုကမှ အသည်းငယ်တတ်သော ဆရာခိုင်မှာ

“ ဟာ..ဟာ လုပ်ကြပါဦး ၊ ငလျင်လှုပ်တယ်ထင်တယ် ”

ဟု သူ့ရှင်မလက်ကို လှမ်းကိုင်ပြီး အလန့်တကြားပြေလိုက်သည်။ တကယ်တော့ ငလျင်လှုပ်တာ မဟုတ်ပါ ။ “ လည်ပင်းအထိ စောင်ခြုံထားတဲ့အခါမှာတော့ လှနေတုန်းပဲ ” ဟု တင်စားချီးမွန်းခဲ့ဖူးသော ကျွန်တော်၏ ချစ်ဇနီးသည် ဆရာခိုင့်အတွက် နို့ဖျော်ပြီးလာပို့ခြင်းသာ ဖြစ်ပါ၏။ ဆရာခိုင်၏ ရှင်မနှင့် ကျွန်တော်၏ လေဒီမင်းလူတို့သည် ဂျပန်နပမ်းသမားကြီးများ မျက်နှာချင်းဆိုင် တွေ့ဘိသကဲ့သို့ တစ်ဦးကို တစ်ဦး အကဲခတ်ကြပြီးမှ အသိအမှတ်ပြုသည့်အပြုံးဖြင့် အပြန်အလှန် နှုတ်ဆက်လိုက်ကြ၏ ။

ဆရာခိုင်ကလည်း ကျွန်တော့်ဇနီးကို တစ်ချက်မော့ကြည့်ပြီးနောက် ခပ်သဲ့သဲ့ရယ်၍....

“ ဟင်း...ဟင်း.... မင်းကဗျာစာအုပ်ထုတ်တဲ့အခါကျရင်တော့ မဂ္ဂဇင်းဆိုက် ရိုက်ရလိမ့်မယ်ထင်တယ် ” ဟု ၀ိုက်လက်သီးတစ်လုံးနှင့် တုံ့ပြန်လိုက်လေ၏။

ဆရာခိုင်တို့ ပြန်သွားပြီးနောက် ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ၀င်ရောက်လာသည်။ ကျွန်တော့် ၀တ္ထုထဲ ထည့်ရေးခဲ့သော ဆရာ ဆရာမ အများစုမှာ သူတော်ကောင်းများဖြစ်၍ ခန္တီပါရမီနှင့် ပြည့်စုံကြသော်လည်း သူတို့ထဲမှာ စုန်းပြူးတစ်ယောက်နှစ်ယောက်လောက် ရှိကောင်းရှိနိုင်သည်။

မတော်တဆ သူတို့ထဲမှ တစ်ယောက်ယောက်က ကျွန်တော့်ကိုဇတ်ကောင်လုပ်ပြီး မဟုတ်က ဟုတ်ကတွေ ပြန်ရေးလာလျှင် ခက်မည်။မြတ်ဆိုင်တို့ ၊ တာရာမင်းဝေတို့က ယုံရတာမဟုတ် ။ သူတို့ဦးနှောက်တွေကလည်း ကျွန်တော့်လိုပင် ပေါက်ကရအတွေးမျိုး ထွက်တတ်သည်။

ဒီလို စဉ်းစားမိသောအခါ “ မဖြစ်ချေဘူး ၊ သူတို့ကျေနပ်အောင် တစ်ခုခုတော့ လုပ်မှပဲ ” ဆိုပြီး မိမိကိုယ် မိမိ ပြန်နှိပ်ကွပ်သည့် ၀တ္ထုတစ်ပုဒ်ကို အောက်ပါအတိုင်း ရေးလိုက်ရပါသည်။(ကိုယ့်ဟာကိုယ် ရေးတာဆိုတော့ ဇတ်နာပြီး သနားအောင်ကြည့်လုပ်လို့ ရတာပေါ့လေ။)

****......****

ရုံးတော်၏ နောက်ဖက် သီးသန့်ခန်းလေးထဲတွင် သုခမိန်ကြီး ပေါင်စိန်သည် အ၀တ်အစားလဲနေသည်။ သူ၏ ဦးခေါင်းတစ်ဘက်တစ်ချက်တွင် တပ်ဆင်ထားသော အင်တာနာနှစ်ချောင်းကို နေသားတကျ ရှိမရှိ မှန်ထဲတွင် ကြည့်နေစဉ် ရုံးအပြင်ဘက်မှ ဗုံတီးသံများကို ကြားလိုက်ရ၏။ ထို့ကြောင့်ဘေးမှာ ရပ်နေသော ကုန်းစွန်းကို မေးလိုက်သည်။

“ အခု ဗုံတီးနေတာ ဘယ်သူလဲ ”

“မိုးဇော်ဗိုလ် ဖြစ်မှာပေါ့”

“တယ်...ဘာကြောင့် ပေါ့ပေါ့ဆဆပြောရတာလဲ ၊ သေချာအောင် သွားကြည့် ”

သုခမိန်ကြီးက ငေါက်လိုက်တော့မှ ကုန်စွန်းလည်း ခပ်သုတ်သုတ် ထွက်သွားသည်။ ခဏအကြာတွင် ပြန်ဝင်လာပြီး.....

“ ဟာ ...အများကြီးပဲ စာရေးဆရာတွေ ၊ စာရေးဆရာမတွေ ဗုံကို အလုအယက် တီးနေကြတာ ၊ ကုမ္ပဏီဖွင့်ပွဲမှာ လက်ဆောင်ပစ္စည်းဝေလို့ ၀ိုင်းလုနေကြတဲ့ အတိုင်းပဲ ”

“ သူတို့က ဘယ်သူ့ကို တရားစွဲချင်လို့တဲ့လဲ ”

“ ဟို... မျောက်ညီနောင် လေးဖော်ထဲက အငယ်ဆုံးကောင်ကို တရာစွဲချင်လို့တဲ့ ”

“ သြော စာပေနယ် ၊ ရုပ်ရှင်နယ်မှာ ခြေရှုပ်နေတဲ့ မျောက်ညီနောင် လေးဖော်လား ” 

“ ဟုတ်ပါတယ် ”

“ ကဲ...ဒါဆို ကျန်စိန်ဝင်းကို တရားခံသွားဖမ်းခိုင်းလိုက် ၊ ပြီးရင် ရုံးဖွင့်မယ် ”


လေထန်ဖုန်းတရားရုံးတွင် လူစုံပြီ ၊ သုခမိန်ကြီး ပေါင်စိန် ၊ ကုန်းစွန် ၊ ကျန်စိန်ဝင်း ၊ ၀မ်ခ ၊ မာလတ် ၊ ဆွေလုံ ၊ ကောက်ဟူ အားလုံးနေရာယူပြီး ကြပြီ ။ သုခမိန်ကြီးက ခေါင်းညိတ်လိုက်သောအခါ သူတို့ထဲတွင် အသံအပြီဆုံး ၊ အပြာဆုံးဖြစ်သည့် ၀မ်ခက.....

“ ရုံးတော်ဖွင့်ပြီ ” ဟု အော်လိုက်သည်။ (ဤနေရာတွင် တရုတ်ပြည်သူ့တရားရှင် ဇတ်လမ်းတွဲထဲကလို ရုံးအမှုထမ်းများက “ ၀ူ ...၀ယ် ” ဟု မအော်ကြပါ ။ သုခမိန်ကြီးမှာ အားကစား ၀ါသနာပါသူဖြစ်သဖြင့် အောက်ပါအတိုင်း အော်ဖို့အမိန့်ထုတ်ထားသောကြောင့် )

“ ဟာလေ ဟာလေး ဟားလေ ၊ ဟာလေ ဟာလေး ဟာလေး”

“ ကဲ ...တရားလိုတွေကို ဆင့်ခေါ်လိုက် ” 

စာရေးဆရာ ၊ ဆရာမများ တန်းစီဝင်လာကြသည်။ ပေါင်စိန်ကြီးကို ဂါရ၀ပြုပြီးနောက် ဘေးတစ်ဘက်မှာ ကပ်ရပ်နေလိုက်ကြ၏။

“ တရားခံကို ခေါ်ခဲ့ ”

သုခမိန်ကြီးက အမိန့်ပေးလိုက်သောအခါ မျောက်ညီနောင်လေးဖော်ထဲက အငယ်ဆုံးဖြစ်သော တရားခံ မျောက်လူကို လက်မောင်းတစ်ဖက်တစ်ချက်ဆီမှ ချုပ်နှောင်ပြီးခေါ်လာသည်။ ကြမ်းပြင်ပေါ်တွင် ဒူးထောက် ခိုင်းလိုက်၏။ 

“ အခု ရုံးရှေ့မှာ ဒူးထောက်နေတာ ဘယ်သူလဲ ”

ဟုသုခမိန်ကြီးက မေးလိုက်၏။ တရားခံကမော့ကြည့်သည် ။ပြီးတော့ အံ့သြသွားသည်။ ထို့နောက် စပ်ဖြဲဖြဲ ဖြစ်လာ၏။ သုခမိန်ကြီးဆိုလို့ လန့်နေတာ လက်စသတ်တော့ ပေါင်စိန်ဆိုတာ အားကစား ဆောင်းပါးရှင် ဆရာစိန်မျိုးမြင့်ကြီးပါလားဟု သိသွားသောကြောင့် ဖြစ်၏။ ပြီးတော့ ရုံးအဖွဲ့သားတွေက လည်း တစ်ခြားလူတွေ မဟုတ် ။

ကုန်းစွန်းဆိုတာ မောင်ရွှေစွန် ၊ ကျန်စိန်ဝင်းဆိုတာ မောင်စိန်ဝင်း(ပုတီးကုန်း) ၊ ၀မ်ခဆိုတာ ပေဖူးလွှာ အယ်ဒီတာဟောင်း မောင်သုခ ၊ မာလတ်ဆိုတာ သောင်းပြောင်းထွေလာ အယ်ဒီတာချုပ်၊ ဆွေလုံဆိုတာ ကီဝီ၊ ကောက်ဟူဆိုတာ ကောက်နွယ်(ကနောင်) အားလုံးဘော်ဒါတွေချည်းပါလား ။ ထိုအခါ နည်းနည်း အကြောက်ပြေသွားသည်။

“ မေးနေတာ မကြားဘူးလား ” ဟု သုခမိန်ကြီးက ထပ်မေးသည်။

“ ဟင်...ကိုကြီးစိန် ကျွန်တော့်ကိုတောင် မမှတ်မိတော့ဘူးလား ” 

“ ဘာ ကိုကြီးစိန်လဲ ပြင်ပြောစမ်း ” 

ဘယ်လိုပြင်ပြောရမှန်း မသိသဖြင့် ဟိုဒီကြောင်ကြည့်နေစဉ်.....

ကောက်ဟူက “ ပေါင်စိန်ကြီးလို့ ခေါ်ရတယ် ” ဟု ခပ်တိုးတိုးပြောသည်။ သေချာစွာ မကြားရသောကြောင့် နားစွန်နားဖျားဖြင့် ...

“ ဟုတ်ကဲ့...ဒီလိုရှိပါတယ် အပေါင်ဆိုင်ကြီးရယ် ” 

“ တယ် ၊ လုပ်ပြန်ပြီ ၊ ပေါင်စိန်ကွ....ပေါင်စိန် ” 

သုခမိန်ကြီး စိတ်တိုသွားသဖြင့် တရားခံ လန့်သွား၏။ စိတ်ပြေအောင် ဘယ်လိုဖားရပါ့မလဲ စဉ်းစားရင်းမှ တစ်ခု သတိပြုမိ၏။ ထို့ကြောင့်....

“ ဟာ....ပေါင်စိန်ကြီး နဖူးမှာ ဘောက်ဖတ်ကြီး ကပ်နေတယ် ”

ဟု လှမ်းအော်ပြောလိုက်၏။ ပေါင်စိန်ကြီးသည် လန့်ဖျပ်ပြီး နဖူးကို စမ်းလိုက်သည်။ ပြီးမှ.....

“ ဟာ...ဒါ ဂမ္ဘီရလခြမ်းကွ၊ ဘာမှတ်နေလဲ ၊ လင်းရောင်တင် ကိုယ်တိုင် စီရင်းပေးထားတာ ” 

တကယ်တော့ နဖူးမှာတပ်ရမည့် လခြမ်းပုံကို ပီကေဖြင့် ကမန်းကတန်းလုပ်ရသောကြောင့် မပီမပြင် ဖြစ်သွားခြင်း ။ သုခမိန်ကြီသည် ဣနြေ္ဒဆည်လိုက်ပြီး...

“ ကဲ တရားလိုတွေ ..ဒီကောင့်ကို ဘာတွေ စွပ်စွဲချင်သလဲ ပြော ” 

ထိုအခါ တရားလိုများမှာ တစ်ယောက်တစ်ပေါက် ဆူညံစွာ ပြောကြ၏။ ဘာတွေပြောမှန်း မသိလောက်အောင် ရောထွေးနေသဖြင့်.....

“ တိတ်စမ်း ” 

ပေါင်စိန်ကြီးက စားပွဲကို သစ်သားတူကြီးနှင့် ထုလိုက်၏။ ထိုအခါ တစ်ယောက်တစ်ပေါက် ဆူညံနေသူများ အသံတိတ်သွားသည်။

(ထိုသစ်သားတူကြီးမှာ စာပေလောက ပုံနှိပ်တိုက်မှ စာစီဖိုမင်ဆရာများသုံးသော ပစ္စည်းဖြစ်၏။ ခုချိန်မှာ ကွန်ပျူတာစာစီခေတ်ဖြစ်သဖြင့် ဒါကြီးအသုံးမ၀င်တော့ဘူးဆိုပြီး လွှင့်ပစ်မည့်ဆဲဆဲ ဆွေလုံက ကိုမျိုးညွန့် ထံမှ ရမ်တစ်လုံးနှင့် လဲပြီး ယူလာခဲ့ခြင်း ဖြစ်၏။)

“ ဒီလို တစ်ယောက်တစ်ပေါက် ပြောနေလို့ ဘယ်ဖြစ်မလဲ ၊ တစ်ယောက်ချင်းပြော ၊ ကဲ ... ဟိုဘက်က မျက်မှန်နဲ့ ပြဇတ်မင်းသားလိုလူ မောင်မောင်း စပြော...”

သုခမိန်ကြီးက လူတစ်ယောက်ကို လက်ညှိုးထိုးရင်းပြောလိုက်၏။ ထိုသူကား ချစ်ဦးညို။ သူသည် ပါတိတ် ဟာဝေယံရှပ်နှင့် စာပေဟောပြောပွဲမှ လက်ဆောင်ရခဲ့သော ပိုးယောလုံချည် ခရမ်းရောင်ကို ၀တ်ထားသဖြင့် ပြဇတ်မင်းသားနှင့် ပိုတူနေတာအမှန်ပဲ ဖြစ်၏ ။ သူက ရှေ့ကိုတစ်လှမ်းတိုးပြီးနောက် တရားခံကို တစ်ချက်လှမ်းကြည့်သည် ။ တရားခံက လက်မကိုထောင်ပြီး တစ်စုံတစ်ခု မော့သောက်သည့် ဟန် လုပ်ပြ၏။ အရက်ပြတ်ပါပြီ ဆိုပြီးမှ မိန်းမ မသိအောင် ဘီယာခိုးသောက်သည့် ကိစ္စ ဖော်လိုက်ရမလားဟု ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်၏။ ထို အခါ ချစ်ဦးညိုမှာ နှုတ်ဆွံ့သွားပြီး....

“ အဲ ...တစ်ကယ်တော့ ကျွန်တော့်အနေနဲ့ တရားစွဲဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ဟိုဒင်းက အဲဒီလိုပြောလို့... ”

ယောင်ချာချာလုပ်နေသဖြင့် သူ၏လေဒီက ဗိုက်ခေါက်ကိုဆွဲပြီး ကားစက်နှိုးသလို လှည့်လိုက်တော့မှ....  “ အား....အဲ....ဟုတ်ပါတယ်၊ တရားစွဲမလို့ပါပဲ၊ ဒီနေရာမှာ တရားဆိုတာဘာလဲ၊ တရားဆိုတာ စကားက လာတာပါ၊စကားဆိုရာမှာလဲ သမိုင်းဝင်တဲ့ စကား၊ သမိုင်းတွင်တဲ့ စကားရယ်လို့ ရှိပါတယ်၊ ဒါကြောင့် သမိုင်းမတွင် ၊ သမိုင်းဝင် လူတွင် ပန်းဆယ်မျိုးဆိုတာလို...”

လေဒီချစ်ဦးညိုက စိတ်မရှည်တော့ဘဲ.....

“ တော်စမ်းပါ၊ ရှင့်ကို ပေါ်ပြူလာဂျာနယ်မှာ ဆောင်းပါးရေးခိုင်းနေတာ မဟုတ်ဘူး၊ ဖယ်၊ ဖယ် ကျုပ်ဘာသာပဲ ပြောတော့မယ် ” ဆိုပြီး ဆွဲဖယ်လိုက်သည်။ ချစ်ဦးညိုကလည်း နေရာမှန်ဖြစ်သော မိန်းမနောက်သို့ ရို့ရို့ကလေး ဆုတ်သွား၏ ။ လေဒီချစ်ဦးညိုက ရှေ့သို့တိုးလာပြီးမှ ရုတ်တရက် ဘာပြောရမှန်းမသိဘဲ....

“ ကိုကြီးစိန်ရေ ” ဟု ရုတ်တရက် ခေါ်မိရာ ပေါင်စိန်ကြီးကလည်း “ ဗျို ဗျို ဗျို ဗျို့ ” ဟု ယောင်ပြီး ထူးမိ၏။ ပြီးမှ ရှက်သွားပြီး....

“ တယ်အတင့်ရဲနေပါလား ” ဟု ငေါက်လိုက်၏။ လေဒီ ချစ်ဦးညိုကလည်း

“ ကျွန်မ အဲဒါ စိတ်စွဲနေလို့ပါ ”  ဟု တောင်းပန်လိုက်သည်။

“ ကဲ...ကဲ... မယ်မင်း၊ သူ့ကို ဘာကြောင့် တရားစွဲချင်တာလဲ ပြော ”

လေဒီချစ်ဦးညိုသည် တရားခံကို တစ်ချက်ကြည့်ပြီး “ သူက ၀တ္ထုထဲမှာ ကျွန်မကို ဖယောင်းတိုင် ရှိတ်ကြီးလို့ ရေးထားတယ်၊ အဲဒါကို မကျေနပ်ဘူး ”

“ ကဲ ...မောင်မင်း ဘာပြောချင်သလဲ ” တရားခံကို မေးလိုက်ရာ

“ ဟာ ...တကယ်ဆို ဒီလိုအရေးခံရတာ ဂုဏ်တောင်ယူသင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခုချိန်မှာ ဖယောင်းတိုင်ဆိုတာ အိမ်တိုင်းအိမ်တိုင်းမှာ မရှိမဖြစ် အရေးအကြီးဆုံး ပစ္စည်းပဲ၊ လူတကာကြားမှာ စူပါစတားဖြစ်နေတာ ၊ ဆရာချစ်နဲ့ အစ်မဟာ မီးသွေးနဲ့ ဖယောင်းတိုင်လို လိုက်ဖက်တယ်ဆိုတဲ့ သဘော....”

“ ကြည့်စမ်း..၊ ထပ်လုပ်ပြန်ပြီ ၊ ပေါင်စိန်ကြီးရှင့်...တကယ်တော့ ဖယောင်းတိုင်ဆိုတာ မီးရှို့လိုက်တာနဲ့ စပြီး ပုံပျက်တော့တာပဲ ၊ ကြာလေ အဖုအထစ်တွေနဲ့ ရုပ်ဆိုးလေပဲ ”

“ အစ်မ မကြိုက်ဘူးဆိုရင် မီးချောင်းရှိတ်လို့ ပြောင်းရေးပေးပါ့မယ် ”

“ အမယ် ဘာထူးလဲ ။ မီးချောင်းလဲ တစ်ဖြောင့်တည်းပဲ ”

“ တော်ကြစမ်း...၊ ကြာရင် မီးလုံးရှိတ်တို့ ၊ ဖန်ပြောင်းရှိတ်တို့ ၊ အင်ဗာတာ ရှိတ်တို့ ဖြစ်တော့မယ်၊ ကဲ ... ခင်ဗျားရဲ့ စွဲချက်ကို မှတ်တမ်းတင်ထားမယ် ၊ နောက်တစ်ယောက် ပြော..”

သုခမိန်ကြီးက စကားဖြတ်လိုက်ရတော့၏။ တရားလို နောက်တစ်ယောက်မှာ မစန္ဒာ ဖြစ်၏။ သူ့ဘေးတွင် အိမ်ကလူကြီး ကိုစန်းမောင် ကုပ်ကုပ်လေးရပ်နေသည်။ သူက အသံတိုးတိုးဖြင့်

“ မိချိုရာ ဒီငပေါကို အဖက်လုပ်ပြီး ပြောမနေစမ်းပါနဲ့ ”

ဟု တားသော်လည်း မစန္ဒာက “ အသာနေစမ်းပါ ” ဟု ပြောရင်း တံတောင်နှင့်တွတ်လိုက်ပြီး ရှေ့တိုးရပ်လိုက်၏ ။ ပြီးတော့ “ သုခမိန်ကြီးရှင့် ... ဒီကောင်လေးဟာ ၀တ္ထုထဲမှာ ကျွန်မတို့ ဇနီးမောင်နှံကို ပါပူဝါနယူးဂီနီကျွန်းကို ပို့မယ်လို့ ရေးထားပါတယ်။ တစ်ကယ်တော့ အဲဒီကျွန်းဟာ မီးတောင်ပေါက်လိုက်၊ မုန်တိုင်းကျပြီး ရေလွှမ်းလိုက်ဖြစ်နေတာပဲ။ ဒါပေမယ့် ဆွေမျိုးနဲ့ သူငယ်ချင်းတွေက တော့ ကျွန်မတို့တကယ်ပဲ နိုင်ငံခြား သွားရတယ်မှတ်ပြီး အိမ်ပြန်လက်ဆောင်တွေ လာတောင်း နေကြတယ်၊ ၀တ္ထုထဲမှာ အတိအလင်းပါတာဆိုတော့ ငြင်းလို့လဲ မရဘူး။ မင်္ဂလာဈေးက ပစ္စည်းတွေဝယ်ပြီး ပေးနေရတယ်၊ ဒါဟာ သူ့ကြောင့်ပဲ....”

ဟု တရားခံကို လက်ညှိုးထိုးရင်း ပြောသည်။ တရားခံက “ အဲဒါ ကျွန်တော့သဘောနဲ့ ကျွန်တော် ရေးတာ မဟုတ်ပါဘူး။ တစ်ရက်မှာ ကိုစန်းမောင်နဲ့ မြို့ထဲမှာတွေ့တော့ သူက ခုတလော မင်းတို့အစ်မ တော်တော် “ပဲ” များနေတယ်၊ ကြည့်ပြီး နှိပ်လိုက်စမ်းပါ ဆိုလို့ ”

ကိုစန်းမောင်က ပျာပျာသလဲ “ ဟေ့..ဟေ့ကောင် ငါ့ကို ဆွဲမထည့်နဲ့ ” ပြောနေတုန်း မစန္ဒာက သူ့လူကြီး ဘက်လှည့်ပြီး “ ဟင်...ဒါ ရှင့်အကြံပေါ့လေ၊ ကျောင်းမှာတုန်းက တီစကွဲယားနဲ့ အရိုက်ခံရတာ မမှတ်သေး ဘူးလား....ကဲ ” ဆိုပြီး ကိုစန်းမောင်၏ နဖူးကို ဒေါင်ခနဲ ခေါက်လိုက်၏။ ကိုစန်းမောင်ကလည်း နဖူးကိုပွတ်ရင်း

“ ဟာ ... ငါက ပဲများတယ်ဆိုတာလောက်သာ ပြောတာ ၊ ၀တ္ထုထဲ ထည့်ရေးခိုင်းတာမှ မဟုတ်ပဲ ” သုခမိန်ကြီးက စားပွဲကို တစ်ချက်ထုပြီး “ ကဲ ...တော်တော့ ဒါ လင်မယားရန်ဖြစ်ရမယ့် နေရာမဟုတ်ဘူး၊ ဒီစွပ်စွဲချက်ကို မှတ်ထားမယ် ၊ ကဲ ...နောက် ဘယ်သူရှိသေးသလဲ ”

ပိန်ပိန်ရှည်ရှည် ငယ်ငယ်ချောချော မိန်းကလေးသုံးယောက် တန်းစီဝင်လာကြ၏ ။ စကတ်တိုတို ကြပ်ကြပ် များဝတ်၍ သားရေလည်ရှည် ဖိနပ်များစီးထားကြသည်။

သုခမိန်ကြီးက နဖူးကြောများတင်းသွားပြီး

“ တယ် ရုံးကိုလာတာ ဒီလို ၀တ်စားလာရသလား၊ မယ်မင်းတို့က ဘယ်သူတွေလဲ ဘာကိစ္စလဲ ”

ခေါင်းဆောင်ဖြစ်ဟန်တူသော မိန်ကလေးက ရှေ့တိုးလာပြီး

“ကျွန်မတို့ ကြော်ငြာ အစီအစဉ်လေးတစ်ခု တင်ဆက်ချင်လို့ပါ”

“ ဘာ ၊ ရာရာစစ ဒါကြော်ငြာရမယ့်နေရာလား ၊ အခုထွက်သွားကြစမ်း၊ ဘာပေကပ်ကပ် လုပ်နေတာလဲ၊ ၀မ်ခ ၊ မာလတ် ၊ ဆွေလုံ ၊ ကောက်ဟူ ”

“ရှိ”

“ သူတို့ကို ဆွဲထုတ်သွားစမ်း”

ထိုစဉ်တွင် ကုန်းစွန်က သုခမိန်ကြီး နားနားသို့ကပ်၍ တိုးတိုးပြောလိုက်သည်။

“ သုခမိန်ကြီးခင်ဗျား၊ သူတို့ကို ခွင့်မပြုလို့ မဖြစ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အခုကျွန်တော်တို့ ၀တ်ထားတဲ့ အ၀တ်အစားတွေဟာ သူတို့ ကုမ္ပဏီက ထောက်ပံ့ထားတာပါ ”

သုခမိန်ကြီးက ခေါင်းကုတ်လိုက်ပြီး

“ ခက်တာပဲ ၊ ကြော်ငြာတွေကလဲ နေရာတကာမှာပါပဲလား ”

“ ကြော်ငြာချင်လည်း မြန်မြန်ကြော်ငြာ ၊ စီးကရက်နဲ့ အရက်ဆိုရင်တော့ ခွင့်မပြုဘူး ”

“ ဟုတ်ကဲ့ပါ ။ ကျွန်မတို့က အလှကုန် ကြော်ငြာမှာပါ။ ကဲ သူငယ်ချင်းတို့ရေ ” ဟု ခေါင်းဆောင် မိန်းကလေးက အချက်ပေးလိုက်ပြီး ပရိသတ်ဘက်လှည့်၍

“ ကျေးဇူးပြုပြီး နားဆင်ပါရှင်၊ ကျွန်မတို့ရဲ့ လေးသူစံကုမ္ပဏီက နိုင်ဂျီးရီးယား နိုင်ငံမှ တိုက်ရိုက် တင်သွင်းတဲ့ မယ်ကုဝဏ်တံဆိပ် အလှကုန် ပစ္စည်းများကို သုံးစွဲကြပါစို့ နော ” ထို့နောက် မိန်းကလေး သုံးယောက်တို့သည် နောက်ကျောကို ပိတ်ကန်ခံထားရသော ကိုယ်ဟန်အမူအရာဖြင့် ခါးကလေးတွေ ကော့ပြီး ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန် ပြေးရင်း

“ ယာယာယေ ကုဝဏ် ၊ ကုဝဏ်၊ ယာယာယေ ” ဟု သီဆိုပြီး ထွက်သွားကြလေ၏ ။

“ တော်တော်ရှုပ်တဲ့ဟာတွေ ၊ ကဲ နောက်တရားလို တစ်ယောက်လာခဲ့ ”

ခုတစ်ခါ အလှည့်ကျသူကတော့ ခင်မြဇင် ။ သူ့ခင်ပွန်း ကိုသန်းအုံးကတော့ သဘောကောင်းသူ ၊ နားအေး ပါးအေး နေချင်သူဖြစ်သဖြင့် ပရိသတ်အကြားမှာပင် ထိုင်ရင်း သက်ပြင်းတချချ လုပ်နေ၏။

“ ကဲ...ဘာတင်ပြချင်လဲ၊ ပြော ”

သုခမိန်ကြီးက မေးလိုက်၏။ ခင်မြဇင်သည် တရားခံကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး “ သူဟာ ဒီတစ်ခါတည်းမဟုတ်ပါဘူး၊ ဟိုးအရင်ကလည်း ၀တ္ထုတွေထဲမှာ အမျိုးမျိုး ပေါက်ကရတွေ ရေးခဲ့ပါတယ်။ ၀တ္ထုတစ်ပုဒ်ထဲမှာ ကျွန်မကို ဆေးဘဲဥနဲ့ တူတယ်လို့ ရေးတယ်။ ပြီးတော့ အပျိုကြီးဖြစ်ပါစေလို့လည်း ကျိန်ဆဲခဲ့ဖူးတယ် ၊ သူ့ကျိန်စာကြောင့် ကျွန်မတော်တော်နဲ့ မစွံတာပေါ့ ။ ဝေဒတက်ခေတ်ဦးမြတ်သစ် ဆီမှာ ယတြာချေလိုက်တော့မှ ကိုသန်းအုံးနဲ့အဆင်ပြေသွားတာ ၊ ဒါကြောင့် သူ့ကို ပြင်းပြင်းထန်ထန် အရေးယူပေးပါ ”

တရားခံက မျက်နှာငယ်လေး လှမ်းကြည့်ပြီး...
“မခင်မြဇင်ရာ ကျွန်တော်တို့ဟာ တက္ကသိုလ်မှာကတည်းက ကဗျာတူတူရေးခဲ့ကြတဲ့ သူငယ်ချင်းတွေပါ ”

“ ဟော အခုမှ သတိရတယ်၊ ကျောင်းမှာတုန်းက ပိုက်ဆံအစိတ်ချေးထားတာ ပြန်မပေးရသေးဘူး ”

“ အဲဒါ ကျွန်တော်သုံးဖို့မဟုတ်ဘူး ၊ တိုးမိုးရဲ့ ပုဆိုးပေါင်ထားတာ ပြန်ရွေးဖို့ပါ။ ဘာပဲဖြစ်ဖြစ် ကောင်းတာလည်း ရေးပါတယ်၊ မခင်မြဇင်ရဲ့ ကဗျာတွေဟာ လက်ဖျားခါလောက်တယ်လို့ ချီးကျူးခဲ့ဖူးပါ တယ်ခင်ဗျာ ”

“ အမယ် ၊ ဒါကော အကောင်းရေးတာမှ မဟုတ်ဘဲ ၊ လက်ဖျားခါလောက်တယ်ဆိုပြီး နောက်က ကွင်းစကွင်းပိတ်နဲ့ ဆေးလိပ်မီးကို သွားကိုင်မိလို့ ဆိုတာ ပါသေးတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မကျေနပ်ဘူး ၊ မကျေနပ်ဘူး ” ဟု ပြောပြီး ကလေးတစ်ယောက်လို ခြေဆောင့်နေ၏။ သုခမိန်ကြီးက

“ ကဲ ၊ ကဲ ၊ ကလေးမ ကျေနပ်အောင် ဆောင်ရွက်ပေးမယ်၊ ဟုတ်ပြီလား ၊ နောက်...”

သုခမိန်ကြီး စကားမဆက်နိုင်ခင် ဆွေလုံနှင့်ဝမ်ခတို့က လူတစ်ယောက်ကို ချုပ်ကိုင်၍ ၀င်လာသည်။

“ အပေါက်ဝမှာ ယောင်လည်လည် လုပ်နေလို့ ဆွဲလာခဲ့တာပါ သုခမိန်ကြီး ”

ထိုသူမှာ ကဗျာဆရာ မြမြင့်မိုရ်ဖြစ်၏ ။ သုခမိန်ကြီးက

“ မောင်မင်း ဘာလုပ်မလို့လဲ ”

“ ကျွန်တော် ၊ ကျွန်တော် ဆရာစိန့်မွေးနေ့ အတွက် မုန့်ဟင်းခါးကျွေးနေတယ်ဆိုလို့ ၀င်လာတာပါ ”

“ မင်းကို ဘယ်သူပြောတာလဲ ”

“ မင်းသိုက်မွန် ပြောတာ ”

“ ဒါလောက်တောင် ငတ်ကြီးကျတဲ့ကောင်နဲ့ သူများကို ချောက်တွန်းချင်တဲ့ကောင်တွေ ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ဒဏ်ရိုက်ရမယ် ၊ တစ်ယောက်ကို ဘီအီးငါးပက်စီ ဒဏ်ကြေးပေးစေ ”

မြမြင့်မိုရ်မှာ မရှိသော ဆံပင်ကလေးကို ဖွရင်း

“ သွားပါပြီ ၊ ညနေစာလေးတော့ ကုန်ပါပြီ ” ဟု ညည်းလိုက်ရှာလေ၏။

“ ဘယ်သူ ကျန်သေးလဲ ” ဟု မေးလိုက်ရာ ခပ်ပိန်ပိန် အမျိုးသမီးကြီးတစ်ဦး လူကြားထဲက တိုးထွက်လာပြီး

“ ကျွန်မ တိုင်စရာရှိတယ် ”

“ ခင်ဗျားက ဘာတိုင်မလို့လဲ ဒေါ်စိန်ဂွတ်ထော် ” ဟု မေးလိုက်ရာ ခပ်ပိန်ပိန် အမျိုးသမီးကြီးသည် ဆတ်ခနဲ ဖြစ်သွားပြီး

“ ကျွန်မက စိန်ဂွက်ထော်မဟုတ်ဘူး ၊ ရွှေကူမေနှင်း ”

“ အောအော ရုတ်တရက် မမှတ်မိလို့ပါ ။ နေစမ်းပါဦး ၊ သူ့ဝတ္ထုထဲမှာ ခင်ဗျားမှ မပါဘဲ ”

“ ၀တ္ထုထဲမှာ မပါပေမယ့် စာပေဟောပြောပွဲတွေကျရင် ကျွန်မကို အာပြဲခြောက် ကျပ်တင်ထားတာနဲ့ တူတယ်၊ ဘာညာနဲ့ ဟင်း သူကျတော့ ငကျီးခြောက်ကို ရေနံ သုတ်ထားတဲ့ ပုံစံနဲ့ ”

“ ခင်ဗျားက သူပြောသလောက်တော့ မဆိုးပါဘူး ၊ စိုစိုပြည်ပြည် ရှိသားပဲ ”

ရွှေကူမေနှင်း ကျေနပ်သွားပြီး

“ ဟုတ်တယ် ၊ ကျွန်မ မနက်တိုင်း လေ့ကျင့်ခန်းလုပ်နေလို့ ခုလိုအရွယ်တင်နေတာပေါ့၊ ဒါကို သူက အမနာပ ပြောတာ တရားသလား ”

“ မှန်ပါတယ် ၊ ဒီအတွက် သင့်တော်သလို အရေးယူပေးမယ် ”

ထိုအခိုက်မှာပင် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကြားရသဖြင့် သုခမိန်ကြီးက

“ ဘာဖြစ်တာလဲဟေ့”

ကောက်ဟူက ပြေးဝင်လာပြီး

“ သိုင်းသမားတစ်ယောက် တရားခံကို ကယ်ထုတ်ဖို့ ကြိုးစားနေတယ် ”

“ ဟုတ်လား  ဒါဆို ”

ကျန်စိန်ဝင်းဘက်

“ ကျန်စိန်ဝင်း”

“ရှိ”

“ မောင်မင်း အဲဒီသိုင်းသမားကို သွားရှင်းလိုက်စမ်း ”

“ရှိ”

ကျန်စိန်ဝင်းသည် လေထဲတွင် လွှားခနဲ ၀ဲပျံသွားသည်။ ကြက်တောင်ပံခတ်သလို ဖလပ်ဖလပ်မြည်သွား၏။ သို့ရာတွင် တရားရုံးအလယ်လောက်မှာပင် ရပ်တန့်သွားပြီး လေထဲတွင် တွဲလောင်းကြီး ဖြစ်နေ၏။ ခါးမှာချိတ်ထားသော စက်သီးကြိုး ငြိသွားသောကြောင့် ဖြစ်၏။ ၀မ်ခ နှင့် မာလတ် တို့က စက်သီးကြိုးကိုဖြုတ်၍ အောက်ကို ထမ်းချပေးရသည်။ ထို့နောက်သူသည် အပြင်ကို ဒီအတိုင်းပင် ပြေးထွက်သား၏။ ခဏကြာတော့ ပြန်ဝင်လာသည်။ လက်ဝါးကို လက်သီးနှင့်ထောက်၍ အရိုအသေပြုပြီး.

“ ဖမ်းလို့ မမိလိုက်ပါဘူး၊ သူ့သိုင်းပညာက တော်တော် အဆင့်မြင့်တယ်၊ ကျွန်တော်က သူအုတ်နံရံကို လွှားခနဲ ကျော်သွားလိမ်မယ်ဆိုပြီး အပေါ်ကို မော့ကြည့်နေတုန်း၊ ခွေးတိုးပေါက်ကနေ လှစ်ခနဲ လျှောထွက်သွားတာပဲ ”

“ ဟုတ်လား၊ ဒါဆိုရင် နီကိုရဲပဲ ဖြစ်မယ်၊ နောက်ထပ် မနှောင့်ယှက်နိုင်အောင် သေသေချာချာ သတိထား နေကြ ၊ ကဲ ”

သုခမိန်ကြီးက တရားခံဘက်လှည့်၍

“ မောင်မင်းအပေါ် စွပ်စွဲထားတာတွေက တော်တော်ခိုင်လုံနေပြီ၊ ဘာပြောချင်သေးလဲ ”

“ သူတို့ သက်သက်မဲ့ မကျေမနပ် ဖြစ်ကြတာပါ ၊ တစ်ကယ်တော့ ကျွန်တော့်ဝတ္ထုဟာ သရုပ်မှန်လွန်းလို့ ဆရာဇန်မြင့်ကတောင် ရွှေပါးစပ် ၊ ငွေပါးစပ် ထဲမှာ ချီးကျူးထားပါသေးတယ် ”

“ အဲဒီလို ချီးကျူးမိလို့ ဇန်မြင့်တစ်ယောက် စာဖတ်ပရိသတ် တော်တော်လျော့သွားတယ် လို့တောင် သတင်းကြားရတယ် ” ဟု ကုန်းစွန်က ၀င်ပြော၏ ။ တရားခံက ဆက်၍

“ တစ်ခုလည်း ရှိပါသေးတယ်၊ အခုလို စာရေးဆရာတွေကို ဇတ်ကောင်လုပ်ပြီးရေးတာ ကျွန်တော်စတာ မဟုတ်ပါဘူး၊ ဆရာသော်တာဆွေတို့ ၊ ဆရာသာဂဒိုးတို့က စခဲ့တာပါ ”

“ ဟေ့...လူကြီးတွေကို ဆွဲမထည့်နဲ့ ”

“ ဒီလိုရှိပါတယ်၊ ကျွန်တော်က...”

“ တိတ်စမ်း....”

တူကြီးနှင့် စားပွဲကို ထုလိုက်ရာ

“ ဟာလေ ဟာလေ ဟာလေး ”

“ ကဲ ...ဘာမှ ဆက်မပြောနဲ့ ၊ အမိန့်ချမယ်၊ မောင်မင်းဟာ သူတို့ဘာသာ အေးအေးဆေးဆေးနေတဲ့ စာရေးဆရာတွေကို နောက်လားပြောင်လား လုပ်တဲ့အတွက် အပြစ်ရှိတယ် ၊ ဒါ့ကြောင့် နောက်ကို ပေါက်ကရ မရေးနိုင်အောင် လက်ကိုဖြစ်စေ”

“ ဟာ...ချမ်းသာပေးပါ သုခမိန်ကြီးရယ် ”

“ မရဘူးဟေ့၊ လိပ်ခေါင်းဓားစက်ယူခဲ့ ” ဟု အမိန့်ပေးလိုက်သောအခါ မောင်မြင့် စာအုပ်ချုပ် လုပ်ငန်းမှ ကုလားလေး လေးယောက်တို့သည် စက္ကူဖြတ်သည့် ဓားစက်ကြီးကို မချလာပြီး သုခမိန်ကြီးကို အရိုအသေပြုရင်း ခေါင်းဆောင် ကုလားလေးက

“ ဘယ်လိုဖြတ်ရမှာလဲ ဆရာကြီး ၊ ကရောင်းဆယ့်ခြောက်ချိုးလား၊ ဖူးစကတ် ဆယ်ချိုးလား ”

“ တယ်...စက္ကူဖြတ်မှာ မဟုတ်ဘူး၊ လူဖြတ်မှာ ၊ ကိုင်း ....ဓားစက်ဖွင့်”

ကုလားလေးက ခလုတ်ကို နှိပ်လိုက်၏။ ပြီးမှ

“ ဖွင့်လို့မရဘူး ဆရာကြီး ၊ မီးပျက်နေတယ် ”

“ ဒါဆို မီးစက်နှိုး ”

တရားခံက တောင်းပန်သည်။

“ သုခမိန်ကြီးရယ် လက်တော့ မဖြတ်ပါနဲ့ ၊ ကျွန်တော့်မှာ ဒါလေးနဲ့ လုပ်စားနေရတာပါ ”

“ ဒါဆိုရင် ဖြတ်လို့ ရတဲ့ ဟာကိုဖြတ်စေ ”

ထိုစဉ်တွင် အမျိုးသမီးတစ်ယောက်သည် ငိုကြီးချက်မနှင့် ပြေးဝင်လာသည်။ စောစောက စကားများကို နားစွန်နားဖျားကြားပြီး

“ ကျွန်မ ယောက်ျားကို မဖြတ်ပါနဲ့ရှင် ၊ သူ့မှာ ဒါလေးနဲ့ပဲ လုပ်စားနေရတာပါ ” ဟု ရမ်းသမ်းပြောလိုက် သဖြင့် သုခမိန်ကြီးတောင် ပြုံးမိသလို ဖြစ်သွား၏။ သူက မော့်ကြည့်ပြီး

“ ဟင် ... ကိုကြီးစိန် ၊ ကောင်းကြပါလေရဲ့၊ ကျွန်မတို့ မင်္ဂလာဆောင်တုန်းက ရေခဲမုန့် သုံးခွက်ဆင့်စား သွားတာတောင် မထောက်တော့ဘူးလား ”

“ ကလေးမကိုတော့ သနားပါတယ်၊ ဒါပေမယ့် ဒီကောင့်ကို ချမ်းသာပေးလိုက်ရင် တရားလိုတွေက ပြဿနာ ရှာလိမ့်မယ် ၊ ကဲ...အသင့်ပြင် ”

မာလတ်နှင့်ကောက်ဟူတို့က တရားခံကို ချုပ်ကိုင်ပြီး ဓားစက်ဆီ ဆွဲခေါ်သွား၏ ။ သုခမိန်ကြီးသည် အချက်ပေးရန်အတွက် ဆီချက်ခေါက်ဆွဲဆိုင်မှ တောင်းလာသော ၀ါးတူကို မြှောက်ကိုင်လိုက်စဉ်....

“ ဦးရီးတော် ပ၀မ်ကွေး ကြွလာတယ် ”

“ ချမ်း ချမ်း ” ဆိုသော ယကွင်းသံနှင့်အတူ ဦးရီးတော် ပ၀မ်ကွေးသည် ကိုယ်ရံတော်များ ဖြစ်ကြသော စာကလေး၊ဒကာဆိတ်၊ ဟာကျူလီငပျော့တို့နှင့်အတူ ကြွချီလာသည်။ ပရိတ်သတ်ကြီးက ၀မ်ဆွေ့ ၀မ်ဆွေ့ ၀မ့်ဝမ့်ဆွေ့ ဟု အရိုအသေပြုကြ၏။ သုခမိန်ကြီး ပေါင်စိန်ပင်လျှင် စင်မြင့်ပေါ်မှ ဆင်းလာပြီး ဂါရ၀ပြုရင်း

“ ဦးရီးတော် ဘာကိစ္စများ ရှိလို့ပါပဲ ”

“ ကိစ္စကတော့ ”

တရားခံကို လက်ညှိုးထိုးပြပြီး

“ သူ့ကိစ္စပဲ ၊ သူဟာ စာပေကြော်ငြာ စတိတ်ရှိုးဆိုတဲ့ ၀တ္ထုကို မလိုတမာစိတ်နဲ့ ရေးတာ မဟုတ်ပါဘူး၊ စာပေသမားတွေကို ချစ်လို့ခင်လို့ ကလူကျီစယ်တဲ့ သဘောပါ။ ခုလို ၀တ္ထုထဲ ထည့်ရေးလိုက်တဲ့ အတွက် စာဖတ်သူတွေ ရယ်မောပျော်ရွှင်ကြရလို့ ကုသိုလ်တောင် ရပါသေးတယ်၊ ပညာရှိအမတ်ကြီး ဘိုးဘိုးကြပ် ကတောင် ကျွန်ုပ်နဲ့ သဘောချင်း တူညီကြောင်း သ၀ဏ်လွှာ ပါးလိုက်ပါသေးတယ် ”

သုခမိန်ကြီးက ဦးညွှတ်လိုက်ပြိး

“ ဦးရီးတော်ရဲ့ စကားကို မပယ်ရှားဝံ့ကြောင်းပါ ။ သို့သော်လည်း သူ့ကို ဒီအတိုင်း ခွှင့်လွှတ်လို့တော့ မဖြစ်ဘူး ထင်ပါတယ် ”

“ ဒါကတော့ ဟုတ်တယ်၊ ဒီကောင်ဟာ ကျွန်ုပ်ကိုတောင် နောက်လားပြောင်လား လုပ်ခဲ့သေးတာပဲ ၊ မှတ်လောက်အောင်တော့ ဆုံးမရမှပေါ့၊ ကိုင်း ဒီတော့ ဒီကောင့်ကို အူမတက်မချင်း ၀ိုင်းပြီး ကလိထိုးကြစေ”

ဦးရီးတော် ပ၀မ်ကွေး၏ စကားအဆုံးတွင် တရားလို ပရိသတ်ကြီးမှာ “ ဟာလေ ဟာလေး ဟာလေး ” ဟု အော်၍ သူ့ထက်ငါ အလုအယက် ကလိထိုးရန် ၀ိုင်းအုံလာကြလေတော့သည်။


မင်းလူ
(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း၊ ဇန်န၀ါရီလ ၁၉၉၉)


Tuesday, December 7, 2010

စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်

စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်

ရုပ်မြင်သံကြားမှာ လာလာနေသော ကြော်ငြာတွေကိုသာ နိုင်ငံခြားသားတွေ ကြည့်မိလျှင် မြန်မာလူမျိုး ဆိုသည်မှာ ခေါင်းကလေးလျှော်လိုက် ၊သနပ်ခါးလေး မိတ်ကပ်လေးလိမ်းလိုက်၊အချိုရည်လေး သောက်လိုက် အားဆေးလေးမှီဝဲလိုက် ၊ ကော်ဖီမစ်လေး သောက်လိုက်၊ ရွှေကလေးဝယ်လိုက်နှင့် နေတတ်သော လူမျိုးဟု ထင်ကြပေလိမ့်မည်။

ကြော်ငြာတွေကလည်း ဒါတွေချည်းပဲကိုး။ ဒါတောင် ဘီယာ၊ အရက်နှင့် စီးကရက် ကြော်ငြာတွေကို ကြပ်ကြပ် မတ်မတ် လုပ်လိုက်ပေလို့ပေါ့။ ဒါမှ မဟုတ်လို့ကတော့ မြန်မာဆိုတာ ဘီယာလေး ၊ အရက်လေး တမြမြ စီးကရက်လေး တဖွာဖွာ နေတတ်သူများဟု သတ်မှတ်ခံရမှာ သေချာသည်။

မြန်မာတို့သည် စာအလွန်ဖတ်သော လူမျိုးဟု အထင်ကြီးခံရဖို့ အလားအလာတော့ သိပ်မရှိလှပါ။ အကြောင်းမှာ ရုပ်မြင်သံကြားတွင် စာအုပ်ကြော်ငြာ မပါသလောက် ဖြစ်နေသောကြောင့်ပင်ဖြစ်၏။

တစ်လ တစ်ခါ၊ နှစ်ခါလောက်တော့ ရှားရှားပါးပါး တွေ့ရတတ်သည်။ သို့ရာတွင် စာအုပ်ကြော်ငြာဆိုတာ က သူများတွေလို အချိန်အကြာကြီးယူပြီး ကြော်ငြာနိုင်တာမဟုတ်။ စက္ကန့်အနည်းငယ် အတွင်းမှာ အမြန် တက်သုတ်နှင်ရခြင်း ဖြစ်၏။ နောက်ခံစကားပြောကိုလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ မလုပ်နိုင်ရှာ။ ဘယ်သူ၏ ဘာဝတ္ထု ၊ ဘယ်စာအုပ်တိုက်က ထွက်နေပါပြီ ဆိုတာလောက်ကို နောက်မှ ရန်သူလိုက်လာဘိသကဲ့သို့ အမောတကော ပြောရသည်။ လေသံကလည်း ရပ်ကွက်ထဲ ဖြတ်ပြေးရင်း “ မီးဗျို့၊ မီးလောင်နေပြီ” ဟု အော်သွားသည့် ပုံစံမျိုး။

ဒါတောင် အရောင်းရဆုံး စာရင်းဝင် စာရေးဆရာများ၏ စာအုပ်များသာ ခုလိုကြော်ငြာနိုင်သည်။ တော်ရုံ တန်ရုံ ဆရာဆိုလျှင်တော့ သတင်းစားမှာ ကြော်ငြာတာတောင် စာအုပ်ထွက်ချိန်အမှီ ကြော်ငြာပါဖို့ တော်တော်ကြိုးစားကြရရှာသည်။

ရုပ်မြင်သံကြားမှ အခြားကုန်ပစ္စည်းတွေ အကြီးအကျယ်ကြေငြာ နေကြတာကြည့်ပြီး အားကျမိ၏။ ငါ့တို့ စာအုပ်တွေလည်း ဒီလိုကြော်ငြာနိုင်ရင် ကောင်းမှာပဲ ဟု တွေးမိ၏။ ဒါကလည်း ဝေးပါသေးသည်။

ဒီတော့ တစ်ခုစဉ်းစားမိ၏။ ကိုယ့်ဘာသာ ကြော်ငြာစင်မြင့် တစ်ခုလုပ်ပြီး စာအုပ်တွေ ကြော်ငြာလျှင် မကောင်းဘူးလား။ ကောင်းသည်။ သို့ရာတွင် ဘယ်သူက စပွန်ဆာလုပ်ပြီး ငွေထုတ်ပေးမှာလဲ။ လက်တွေ့ အကောင်အထည် ဖော်ဖို့မလွယ်။ ထိုအခါ စာတွေ့အကောင်အထည်ဖေါ်ကြည့်သည်။ ဤသို့ဖြင့် စာပေနယ်မှ ကျွန်တော်ချစ်သော ဆရာ၊ ဆရာမများကို ဇတ်ဆောင်များ အဖြစ် ဖန်တီးပြီး ၀တ္ထုတစ်ပုဒ် ရေးလိုက်ရပါသည်။ (ကြော်ငြာပေးသည့်အတွက် ကျွန်တော့်ကို ပြုစုကျွေးမွေးလိုကြပါလျှင်လည်း အမြန် ဆက်သွယ်နိုင်ပါသည်။ ဦးရာလူစနစ်ဖြင့် လက်ခံပါမည်။)

“စာပေကြော်ငြာ စတိတ်ရှိုးကြီး”

စာပေ၀ါသနာရှင်များအတွက် အထူးအစီအစဉ် ။ လေထန်ကုန်းမီဒီယာ အင်တာပရိုက်စ်မှ တင်ဆက်သည်။ စာရေးဆရာ၊ စာရေးဆရာမများ ကိုယ်တိုင်စင်မြင့်ပေါ်တက်၍ ကြော်ငြာသီချင်းများကို ဆိုကြမည်။ ပျော်ကြမည်။ တစ်သက်မှာ တစ်ခါသာ ကြုံရမည့် ပွဲတော်ကြီး။ ကြိုတင်လက်မှတ်များ ရောင်းချနေပါပြီ။ လက်မှတ်တစ်စောင် ၃၀ ကျပ်။

ရန်ကုန်မြို့အနှံ့ ကြော်ငြာတွေ လိုက်ကပ်ထားသည်။ ထိုင်ခုံပေါင်း ခြောက်ရာအတွက် လက်မှတ်များ ရိုက်နှိပ်ရောင်းချရာ ပွဲလုပ်ဖို့ သုံးရက်လောက်လိုသည့် နေ့အထိ လက်မှတ်အစောင် တစ်ရာကျော်ကျော် သာ ရောင်းရ၏။ စီစဉ်သူများစိတ်ပူကြရပြီ။ စာရေးဆရာတွေကို ဒီလောက်စိတ်ဝင်စားမှု နည်းကုန်ကြပြီ လားဟု စိုးရိမ်သွားကြသည်။ ထို့ကြောင့် ကြံမိကြံရာ ကြံကြ၏။

လက်မှတ်ဝယ်ထားသော ပရိတ်သတ်များကို ကံစမ်းမဲမောက်ပေးမည်။ မဲပေါက်သူကို စာရေးဆရာမ မစန္ဒာ နှင့်အတူ ပါပူဝါ နယူးဂီနီကျွန်းသို့ အပန်းဖြေခရီး စရိတ်ငြိမ်း ပို့ပေးမည်ဟု ကြော်ငြာလိုက်၏။

မစန္ဒာဆိုတာ အသက်ဘယ်လောက်ရှိပြီလဲ။ ဖြူသလား ၊ မဲသလား မသိပါ။ ပါပူဝါ နယူးဂီနီကျွန်း ဘယ်နားမှာ ရှိမှန်းမသိသော်လည်း နိုင်ငံခြားဆိုတာနှင့်ပင် လက်မှတ်တွေ ပြိုက်ခနဲ ကုန်ရုံမက မှောင်ခိုတောင် ဖြစ်သွားလေ၏။

*** *** ***

စတိတ်ရှိုး ကျင်းပမည့်နေ့သို့ ရောက်လာသည်။ပရိတ်သတ်များလည်း တဖွဲဖွဲ ရောက်လာကြ၏။ ခန်းမ၏ အပြင်ဘက်မှာလည်း ဈေးဆိုင်ခန်းများနှင့် စည်စည်ကားကား ရှိလေ၏။ စာပေလောက စာအုပ်တိုက်က တောင် အထူးစာအုပ်ဆိုင် လာဖွင့်သေးသည်။

“ရွှေပွဲလာ ပရိတ်သတ်များခင်ဗျာ အခမ်းအနား စတင်တော့မှာ ဖြစ်တဲ့အတွက် သတ်မှတ်ထားသော နေရာများမှာ ၀င်ရောက်နေရာယူကြဖို့ ပန်ကြားအပ်ပါတယ် ခင်ဗျား”

အခမ်းအနားမှုးအဖြစ် ဆောင်ရွက်သူ မြတ်ခိုင်၏အသံ ထွက်ပေါ်လာသည်။ မြတ်ခိုင်သည် အခမ်းအနားမှုး လုပ်ရမည်ဖြစ်၍ သားသားနားနား ၀တ်စားပြင်ဆင်လာ၏။ တစ်ခုပဲ ပြဿနာရှိ၏။ သူသည်ကြော်ငြာ ရိုက်ဖို့ ကိစ္စတစ်ခုကြောင့် တစ်နေ့လုံးအလုပ်များနေခဲ့ရ၏။ ညနေစောင်းမှ အိမ်ပြန်ရောက်သည်။ စတိတ်ရှိုးသွားဖို့ နောက်ကျမည်စိုး၍ ကတိုက်ကရိုက် ပြင်ဆင်ရသည်။ ထိုအခါ မျက်နှာလိမ်းရမည့် အသားဖြူဆေးနှင့် ခေါင်းလိမ်းဆီခရင်မ်ကို နေရာလွဲမှားပြီး လိမ်းလိုက်မိ၏။ ထို့ကြောင့် ဆံပင်တွေက ဖြူသွားပြီး မျက်နှာက ပိတုန်းရောင်တောက်သွားသည်။ ပြန်ပြင်ဖို့ အချိန်မရတော့သဖြင့် ဒီအတိုင်းပင် ထွက်လာခဲ့ရသည်။ ရေးဖော်ရေးဖက်တွေကတော့ မြတ်ခိုင်တို့ကတော့ ထူးထူးခြားခြား လုပ်ချလိုက်ပြန်ပြီ ဟု ချီးကျူးကြလေသည်။

မြတ်ခိုင်သည် စင်ပေါ်တက်လာပြီး

“ရွှေပွဲလာ ဧည့်ပရိတ်သတ်များခင်ဗျား၊ အခုချိန်ကစပြီး ကြော်ငြာ စတိတ်ရှိုး စင်တင်ပွဲကြီးကို စတင်ဖွင့်လှစ် လိုက်ပါပြီ ခင်ဗျား”

လက်ခုပ်သံတွေ ထွက်ပေါ်လာသည်။

“ဒီပွဲကြီးဟာဆိုရင် အင်မတန်ထူးခြားတဲ့ ပွဲကြီးပဲ ဖြစ်ပါတယ်။ ပရိတ်သတ်များ ချစ်ခင်နှစ်သက် စွဲလမ်းခဲ့ကြ တဲ့ စာရေးဆရာ၊ ဆရာမများ ကိုယ်တိုင် စင်ပေါ်တက်ပြီး ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ တစ်သက်မှာ တစ်ခါ ဆိုသလို ကြုံတောင့်ကြုံခဲ ဖြစ်ရာတာမို့ အားပါးတရ ရှုစားတော်မူကြပါ ခင်ဗျား။ အခု ပထမဆုံး မဏာမ မိတ်ဆက်အနေနဲ့ ဖျော်ဖြေမှာကတော့ သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း အဖွဲ့သားများပဲ ဖြစ်ပါတယ် ခင်ဗျား.....................”

လက်ခုပ်သံ ဖြိုးဖြိုးဖြောက်ဖြောက်နှင့် အတူ သောင်းပြောင်းထွေလာမှ အယ်ဒီတာချုပ် မာလတ်၊ တာဝန်ခံ အယ်ဒီတာ ကောက်နွယ်(ကနောင်) နှင့် အဖွဲ့သားများ စင်ပေါ်တက်လာကြသည်။

သူတို့သည် တီရှပ်အဖြူရောင် နှင့် အ၀ါရောင် ဘောင်းဘီများ ၀တ်ထားကြ၏။ တီရှပ်ပေါ်မှာ ရယ်မောနေ သည့် မျက်နှာဖုံးပုံကို ရိုက်နှိပ်ထား၏ ။ ၀မ်းတူးသရီးဖိုးဟု အချက်ပေးလိုက်သောအခါ ဘာမှန်းမသိသော အကတစ်မျိုးကို တစ်ယောက်တစ်ပေါက်စီ မညီမညာကရင်း သံပြိုင်ဆိုသည်။

“သောင်းပြောင်းထွေလာ ... ရှားလားလာလာလာ သင်မှန်မှန် ဖတ်ပါကွယ်..... သောင်းပြောင်းထွေလာ ရှာလာလာလာ ရယ်စရာတွေ မျိုးစုံတယ်”

ကြည့်ရှုနေသော ပရိတ်သတ်က “ ဟင်း ရယ်စရာ မဂ္ဂဇင်းအဖွဲ့တဲ့ကွာ၊ တစ်ယောက်မှလည်း ရယ်စရာ ရုပ်မပေါက်ဘူး.....။ ဟို အယ်ဒီတာချုပ်ဆိုတဲ့ လူရဲ့မျက်နှာက ပုပ်သိုးသိုးနဲ့... တာဝန်ခံ အယ်ဒီတာက လည်းနှုတ်ခမ်းမွှေးနဲ့......သူကြီးသား လူမိုက်ရုပ်မျိုး” ဟု ဝေဖန်ကြလေသည်။

သူတို့အုပ်စု ကုပ်ချောင်းချောင်းနှင့် ဆင်းသွားကြပြီးနောက် အခမ်းအနားမှုးမြတ်ခိုင် စင်ပေါ်တက်လာပြန် သည်။

“ရွှေပွဲလာ ဧည့်ပရိတ်သတ်များ ခင်ဗျား၊ အခု ဆက်လက်ပြီး တင်ဆက်မယ့် သူကတော့ သရုပ်မှန် ၀တ္ထုများ ဖြင့် ထင်ရှားကျော်ကြားခဲ့တဲ့ စာရေးဆရာမှ ခင်မြဇင်ပဲ ဖြစ်ပါတယ် ခင်ဗျား”

တကယ်တော့ ခင်မြဇင်မှာ ခုလို လူကြားသူကြား ထွက်လေ့မရှိ၊ အိမ်ထောင်ကျပြီး နောက်ပိုင်း စာရေးကျဲ နေသဖြင့် “ ဒီအတိုင်းဆိုရင် ပရိတ်သတ်နဲ့ စိမ်းသွားလိမ့်မယ်၊ စာမရေးဖြစ်ရင်တောင် အခုလိုပွဲမျိုးမှာ တက်ပြီး ပရိတ်သတ်နဲ့ ထိတွေ့မှဖြစ်မယ်” ဟု စီစဉ်သူများက စေတနာနှင့် အကြံပေးသလို လုပ်ပြီး ခြိမ်းခြောက် သောကြောင့် စင်ပေါ်တက်လာရရှာခြင်း ဖြစ်၏။

သူသည် စင်ပေါ်ရောက်သောအခါ ခေါင်းကြီးငုံ့ပြီး ရှက်နေသေးသည်။ နောက်ခံတီးလုံး စသောအခါ သူမဆိုပဲ နေလို့မရတော့....

“ပါရာရာ ရာရာဘုံ... ပါရာရာ ရာရာဘုံ.. ပါရာရာ ရာရာ အရွယ်စုံဖတ်တယ်၊ ခင်မြဇင် ၀တ္ထုတွေလည်း..... လူငယ်တွေ ကြိုက်ကြတာပဲ... ဝေဖန်သူများလည်း ကြိုက်တဲ့ ခင်မြဇင်.... အရေးအသားလည်း ကောင်းပါတယ်....ကြာတာလေးလဲ ခွင့်လွှတ်ပါကွယ်၊ အချိန်ယူကာ အကောင်းဆုံးရေးတဲ့ ခင်မြဇင် ဘုံ... ပါရာရာ ရာရာဘုံ... ပါရာရာ ရာရာဘုံ”

ဆိုလို့ပြီးသွားသော်လည်း ပရိတ်သတ်က ငိုင်ပြီး ငြိမ်နေကြသည်။ သူ့ခင်ပွန်း ကိုသန်းအုန်းက အရင်ဆုံး လက်ခုပ်တီးပြီး ချူလိုက်တော့မှ ပရိတ်သတ်တွေ လက်ခုပ်လိုက်တီးကြလေ၏။

“အခုတစ်ခါ အလှည့်ကျသူကတော့ မကြာခင် အချိန်ကလေးကမှ အဲယားမန္တလေး လေယာဉ်နဲ့ ဆိုက်ရောက် လာခဲ့တဲ့ ဆရာကံချွန်ပဲ ဖြစ်ပါတယ် ခင်ဗျား”

အခမ်းအနားမှုးက ကြေငြာသည်။ အမှန်တော့ ကံချွန်သည် လေယာဉ်နှင့်လာခဲ့ခြင်းမဟုတ်။ အက်စ်အီး အမြန်ရထား အထက်တန်းတွဲ၏ လှေကားချောင်မှာ ခိုကပ်လိုက်လာခဲ့ရခြင်းသာ ဖြစ်၏။ လူအထင်ကြီး အောင် မြှောက်ပင့်ကြေညာလိုက်ခြင်းပင်။

ဘာပဲဖြစ်ဖြစ် ကံချွန်ကတော့ မျက်မှန်ကလေး တ၀င့်ဝင့်လုပ်ရင်း စင်မြင့်ပေါ်ကို ခပ်တည်တည် တက်လာသည်။ ပရိတ်သတ်ဘက်လှည့်၍ လက်အုပ်ချီပြီး နှုတ်ဆက်၏။ ထို့နောက် သူ၏ပင်ကိုဟန် ဖြစ်သော ဗိုက်ပူပူကလေးကို ရှေ့သို့ပစ်၍ပစ်၍ လှုပ်ရင်း..

“ပန် .. ပန်..ပန်...ပန်..ပန်၊ ပန်ပန် ပန်ပန်းပန် ကံချွန် ကာတွန်းဆွဲလို့ အောင်မြင်၊ ကံချွန် ၀တ္ထုရေးလဲ အောင်မြင်၊ ကံချွန် ကြုံရာ အကုန်လုပ်လိုက်ချင်...ရွှေမန်းရဲ့ သခင် ...ဗိုမောင် ..ပန် ..ပန် .. ပန်..ပန်းပန်”

“ ဟာ..ဘယ့်နှယ် ဗိုမောင်ဆိုတာကြီးက ပါလာရတာလဲကွ”

ဟု ပရိတ်သတ်ထဲမှ အသံထွက်လာ၏။ ကံချွန်က သွားလေးဖြီး၍ လက်အုပ်ချီလိုက်ပြီး

“အခွင့်အရေးရတုန်း ကျွန်တော့်ညီအတွက်ပါ ထည့်ကြော်ငြာ လိုက်ရတာပါ ခင်ဗျာ”

ဟုပြောပြီး အမြန်ဆင်းပြေးသွားသည်။

နောက်ထပ်အလှည့်ကျသူ ချစ်ဦးညိုဖြစ်သည်။ သူကတော့ ဇတ်သဘင်နှင့် ပတ်သက်နေသဖြင့် နှစ်ပါးသွား ပုံစံ လုပ်လာသည်။ တစ်ခုပဲရှိ၏။ သူနှင့်တွဲဖို့ မင်းသမီးရှာလို့မရခြင်းပင် ဖြစ်၏။ သူနှင့်ခင်သော ဇတ် မင်းသမီးတွေကလည်း ဇတ်နားထားကြတာ ကြာတော့ ၀တုတ်ကြီးတွေဖြစ်သူဖြစ်၊ အိမ်ထောင်ကျသူကျ၊ တချို့ကတော့ “ကျွန်မတို့ စင်ပေါ်ပြန်မတက်ချင်တော့ပါဘူး ဆရာရယ်” ဟု အလိမ္မာနှင့် ငြင်းလွှတ် ကြသည်။

တကယ့် ကြော်ငြာမင်းသမီးတွေကျတော့လည်း သရုပ်ဆောင်ခ သိန်းနှင့်ချီ တောင်းနေသဖြင့် အနားတောင် မကပ်နိုင်။ နောက်ဆုံးတော့ ရရာဆွဲမှ ပဲဆိုပြီး သူ့အိမ်က လေဒီကြီးကိုပဲ စည်းရုံးရတော့ သည်။ပြောရမှာ တော်တော်ခက်မည် ထင်ထားသော်လည်း တကယ်တမ်းကျတော့ တစ်ခါပဲ မေးရ သေးသည်။ “စောစောက ပြောပါလား ၊ တကတည်း သူများတွေ လျှောက်ရှာနေရသေးတယ်” ဟု ဆိုလေ၏။

တစ်ခုပဲ ရှိ၏။ လေဒီချစ်ဦးညိုမှာ အသက်အရွယ်ကလေး နည်းနည်းရလာပြီ ဖြစ်၍ ကိုယ်လုံးကိုယ်ထည်က ဖယောင်းတိုင်ရှိပ် ဖြစ်ချင်နေပြီ။ ဒီတော့ ဂျိန်းဖောင်ဒါ၏ စာအုပ်ဖတ်ပြီး နှစ်ပတ်အတွင်း အပြင်းအထန် လေ့ကျင့်လိုက်ရာ အံ့သြစရာကောင်းလောက်အောင် ငယ်မူပြန်သွား၏။

ဒီလိုနှင့် စင်မြင့်ပေါ် နှစ်ယောက်တွဲ တက်လာနိုင်ခဲ့လေသည်။ သူတို့မှာ ရိုးရာဟန်မပျက်စေဘဲ ကျေးလက် ဂီတသံဖြင့် ကြောငြာသွားပုံမှာ...

“ကိုကြီးညိုရေ”
“ဗျို...ဗျို...ဗျို...ဗျို...”
“ကိုကြီး ညိုရေ”
“ဗျာ...ဗျာ...ဗျာ...ဗျာ့...”
“ဒီတစ်ခေါက် ၀တ္ထုရေးရင် မမေ့ပါနဲ့ရှင်၊ အများတကာတွေ တောင်းတတာပင် ကျွန်မမှာလေ ကြားရ ပါသရှင်၊ ရာဇ၀င် ၀တ္ထုကလေး ရေးလို့ဖြင့် ထုတ်စမ်းပါရှင်... ကိုကြီးညိုရေ..”
“အေး ပါဟ”

လူလတ်ပိုင်းနှင့် လူကြီးပိုင်း ပရိတ်သတ်က သဘောကျကြသည်.။ လူငယ် တွေကတော့ ၀တ်ကျေ တန်းကျေ လောက်သာ လက်ခုပ်တီးကြသည်။

အခမ်းအနားမှုးက ကြေညာပြန်သည်။

“ယခု အလှည့်ကျသူကတော့ ကာတွန်းဆရာ ငွေကြည်ပဲ ဖြစ်ပါတယ် ခင်ဗျား”

ငွေကြည် စင်ပေါ်တက်လာသည်။ သူ့ကို ရုတ်တရက် မမှိတ်မိနိုင်ကြ။ အကြောင်းမှာ သူကား သားရေဂျာ ကင်နှင့် ဂျင်းဘောင်းဘီဝတ်ထားပြီး ဆံပင်ကိုလည်း အနီရောင်ဆိုးထားသောကြောင့် ဖြစ်၏။ သူသည် တံတောင်ဆစ်ကို ကွေး၍ လက်သီးကို ဆုပ်၊ ဒူးကို အနည်းငယ် ညွှတ်လိုက်ပြီးမှ

“ဒူဝါ ဒီဒီ ဒမ်း ဒီးဒီဒူ... အို့၊ ငွေကြည်ဆိုသည်မှာ ကာတွန်းဆရာပဲ၊ အိုလေ....ဒူဝါဒီဒီ ဒမ်း ဒီဒီးဒူ... အပြစ်ကင်းစွာ ရယ်မောကြ၊ ရိုးရာဟာသလေး များပါ၊ ပြည်သူတွေ ရွှင်ပြုံးနှစ်သက်လို့ ကြည်နူးလို့သာ မဆုံး...ရေးဆွဲတဲ့ ငွေကြည်လေးပါပဲ”

ပရိတ်သတ် မှင်သက်သွားမိကြ၏။ သူတို့စိတ်ထဲတွင် ကာတွန်းငွေကြည်ကို သီချင်းဆိုတတ်မှာ မဟုတ်ဟု ထင်ထားကြသည်။တကယ်တမ်းကျတော့ အသံရော ဟန်ရော တကယ့်ဝါရင့်တွေအတိုင်း ဖြစ်နေသဖြင့် အံ့သြချီးကျူးကြရသည်။ စည်သူလွင်ထက်တောင် သာသည်ဟု မှတ်ချက်ချကြလေ၏။

* * *

ထို့နောက် ပရိတ်သတ်များ ခံစားမှု အာရုံအပြောင်းအလဲဖြစ်စေရန် ကြားဖြတ် အစီအစဉ်များ တင်ဆက်သည်။
ကိုရိုးကွန့်၏ မျက်လှည့်၊ အော်ပီကျယ်၏ အသံတု၊ နေ၀င်းမြင့်နှင့် ညိုထွန်းလူတို့၏ ဟာဒယရွှင်ဆေး၊ မမွှေး ၊ မ၀ိုင်း ဇွန်ပွင့်နှင့် ရာသက်ပန် (တောင်ငူဆောင်)တို့၏ ပန်းပွားအက၊ မအိ၏ တစ်ကိုယ်တော် ဖက်ရှင်ရှိုး၊ စသော အစီအစဉ်များကိုလည်း ပရိတ်သတ်က သဘောကျကြသည်။

ကြားဖြတ်အစီအစဉ်များအပြီးတွင် မူလကြော်ငြာ စတိတ်ရှိုး အစီအစဉ် ပြန်စသည်။ အလှည့်ကျသူက ဆရာအောင်ပြည့် ဖြစ်၏ ။ သူက စာလည်းရေးသည်၊ အယ်ဒီတာလည်း လုပ်သည်။ ကျူရှင်လည်း ပြသည်။ ရုပ်ရှင် သရုပ်ဆောင်လည်း လုပ်သည်။ ခုလည်း ကျူရှင်ပြရာမှ တန်းလာရသောကြောင့် စင်ပေါ်တက်လာ ရသောအခါ ကျူရှင်ဆရာတို့၏ အထိမ်းအမှတ်ဖြစ်သော မျက်နှာသုတ်ပ၀ါ အသေးစားကလေးက ပခုံးပေါ် တင်လျက်ပါလာ၏။


ဆရာအောင်ပြည့်သည် မျက်နှာနှင့် လည်ပင်းမှ ချွေးများကို ပ၀ါလေးနှင့် သုတ်ပြီး အဆင်သင့်ပြင်သည်။ တီးလုံး စပြီ။ ထိုအခါကျမှ တီးဝိုင်းဘက်သို့ ပြူးပြူးပြာပြာ လက်ကာပြပြီး ပါးစပ်ထဲမှ မြုံ့လျက်သား ရှိနေသော ကွမ်းဖတ်များကို သွားထွေးထုတ်ပစ်သည်။ ပြီးမှ တီးဝိုင်းဘက်သို့ အချက်ပြလိုက်၏။

“၀တ္ထုလား ၊ ဆောင်းပါလား၊
ဗီဒီယို ရိုက်ဦးမလား၊
အယ်ဒီတာ ခန့်ချင်သလား၊
အောင်ပြည့်ဆီကိုသွား၊
လေကုန်ခံကာလေ မမေးနဲ့၊
မြန်မာစာတော်ချင်ရင် ပြေးခဲ့၊
ကျောင်းသားတွေ အားလုံးအတွက်
မြန်မာစာသင်တန်း....တက်ကြစို့လား..”

ဆရာအောင်ပြည့်သည် ချွေးတစ်ခါ ထပ်သုတ်၊ကွမ်းယာဘူးထဲမှ တစ်ယာထုတ်ဝါးပြီး ပြန်ဆင်းသွား၏။
“ဆရာအောင်ပြည့်တို့ကတော့ ပိုင်တယ်ဗျာ၊သူ့အလုပ်တွေ အားလုံးပါအောင် ကြော်ငြာသွားနိုင်တယ်” ဟု ဇော်ဇင်က သူ့ဘေးနားကထိုင်နေသော မြင့်ဦးဦးမြင့်ကို ပြောလိုက်၏။ မြင့်ဦးဦးမြင့်က ခေါင်းညိတ်ပြသည်။ ထို့နောက်... “ ဟော ...လာပြီ ၊ လာပြီ” ဟု ပြောလိုက်၏။

မောင်ခိုင်မာ စင်ပေါ်တက်သည်။ သူသည် ပါးစပ်မှာ တပ်လျက်သား ပါလာသော ဆေးပြင်းလိပ်တို ကို ချွတ်သည်။ ဆေးလိပ်မီးကို တံတွေးနှင့် အသာတို့၍ ငြိမ်းသတ်ပြီး ရှပ်အင်္ကျီအိတ်ထဲ ရွရွကလေး ထည့်သိမ်း ထားလိုက်သည်။ သူက ကဗျာဆရာ ပီပီ သူများတွေလို သီချင်းမဆိုဘဲ ကဗျာ တစ်ပုဒ်ကိုသာ အသံနေ အသံထားဖြင့် ရွတ်ဆိုလိုက်သည်။

“နွေရက် မိုးဆောင်း
ပြောင်းလို ပြောင်းလော့
အဟောင်းသွေဖည်
အသစ်တည်မည်
ရာသီတိုင်းမှာ...
မောင်ခိုင်မာ..”

ကဗျာ အဆုံးသတ်လိုက်သော အချိန်မှာပင် လူငယ် ကဗျာ သမားအုပ်စုထံမှ “ဒါမှ ဆရာခိုင်ကွ” ဟူ၍ အော်ဟစ် အားပေးသံများ ထွက်လာ၏။ ထို့နောက် အခမ်းအနားမှူးမြတ်ခိုင် စင်ပေါ်တက်လာပြန်သည်။ သူက ရှေ့တန်းမှာ ထိုင်နေကြသော သူများဆီ မျက်လုံးကစားလိုက်ပြီး “ အခု ကြားဖြတ်ဖျော်ဖြေမှု အနေနဲ့ တင်ဆက်မယ့်သူကတော့ ဆရာဝင်းငြိမ်း ပဲ ဖြစ်ပါတယ် ခင်ဗျား”

ရှေ့ဆုံးတန်းတွင် ထိုင်နေသော ဆရာဝင်းငြိမ်းမျက်လုံးပြူးသွားသည်။ သူက စင်ပေါ်တက်ပြီး ကြော်ငြာဖို့ လာခဲ့ခြင်းမဟုတ်။ ဧည့်သည်တော်အနေဖြင့် တက်ရောက်လေ့လာခြင်းသာ ဖြစ်၏။ ဒါကို မြတ်ခိုင်က စေတနာ တွေပိုသွားမိ၏။ တခြားစာရေးဆရာတွေအသီးသီး စင်ပေါ်တက်ပြီး ဆိုကြဟစ်ကြချိန်မှာ သူ့ဆရာက ဒီအတိုင်း ထိုင်နေရတာကို မကြည့်နိုင်သဖြင့် ပွဲထုတ်ဖို့ စိတ်ကူးရပြီး ရုတ်တရက် ကြေညာလိုက်ခြင်းဖြစ်၏။

ကြေညာပြီးမှတော့ စင်ပေါ်မတက်လို့မဖြစ်တော့။ ပရိတ်သတ်တွေကလည်း လက်ခုပ်တီး၍ ကြိုဆိုနေကြပြီ။ အနီးအနားမှ လူများကလည်း ၀ိုင်းကြည့်နေကြပြီ။ ထို့ကြောင့်စင်ပေါ်သို့ ခပ်ဖြည်းဖြည်း ခပ်လေးလေး တက်လာခဲ့ရ၏။ မိုက်ကရိုဖုန်းရှေ့မှာ ရပ်လိုက်ပြီးနောက် ဘာလုပ်ရမှန်းမသိပဲ ခေါင်းကုတ်လိုက်၏ ။ ပရိတ်သက် က ကြွက်စီကြွက်စီ ဖြစ်လာသည်။ ဒီအတိုင်း ဆက်ရပ်နေလို့ မဖြစ်တော့သဖြင့် ခေါင်းထဲ ဖျတ်ခနဲပေါ်လာသည့် အတိုင်း........

“မိုးလုံးဟိန်းတဲ့ ၀င်းငြိမ်း” ဟု အော်လိုက်၏။ ရုတ်တရက် ကြံရာမရသဖြင့် စိတ်ကူးတည့်ရာ အော်လိုက်ခြင်း ဖြစ်သော်လည်း ပရိတ်သတ်က သဘောကျသွားပြီး လက်ခုတ်တီး၍ သြဘာပေးကြသည်။ ဆရာ ၀င်းငြိမ်းမှာ ခုမှ သက်ပြင်းချနိုင်ပြီး စင်ပေါ်မှ ဆင်းသွားသည်။ သူ့နေရာသို့အသွားတွင် မြတ်ခိုင်ရှိရာသို့ မျက်နှာထားကြီး နှင့် ကြည့်လိုက်၏ ။ မြတ်ခိုင်မှာ ဇက်ကလေးပုပြီး မျက်လုံးကလေး ကလယ်ကလယ် လုပ်နေရှာသည်။

“နောက်ထပ် အလှည့်ကျသူကတော့ ပရိတ်သတ်များ မျှော်လင့်စောင့်စားနေကြတဲ့ စူပါစတား စာရေး ဆရာကလေး တာရာမင်းဝေ နဲ့ မနော်ဟရီတို့ပဲ ဖြစ်ပါတယ်ခင်ဗျား”

လပ်ခုပ်သံများနှင့်အတူ တာရာမင်းဝေတို့စုံတွဲ စင်ပေါ်တက်လာ၏။ တာရာမင်းဝေက အနောက်တိုင်းပွဲတက် ၀တ်စုံကို ၀တ်ဆင်ထား၏။ မနော်ဟရီကလည်း အနီရဲရဲဝတ်စုံနှင့်။ အသက်ကလေးတွေကလည်း ငယ်၊ ရုပ်ကလေး တွေကလည်း ချောမောကြသဖြင့် သူတို့နှစ်ယောက်ကိုကြည့်ပြီး တိုက်တန်းနစ် ဇတ်ကားထဲမှ မင်းသားမင်းသမီးများဖြစ်ကြသော လီယိုနာဒို ဒါဗင်ချီ (ဆောရီး) လီယိုနာဒိုဒီကာပရီယိုနှင့် ကိတ်ဝင်းစလက် တို့ကို ချက်ချင်း သတိရမိကြလေ၏။

(လီယိုနာဒိုမှာ ရုပ်ရှင်ထဲတွင် ရေခဲတမျှအေးသော ပင်လယ်ထဲ၌ သွေးခဲပြီး သေသွားခဲ့သည်။ တာရာမင်းဝေ ကတော့ မိန်းမချောချောကလေး ရပြီးကတည်းက ပါးစပ်ကြီးဖြဲဖြဲ နေတတ်သဖြင့် သွားတွေ အအေးမိမှာ စိုးရိမ်ရ၏။)

တီးလုံးက အင်ထရိုဖြင့် အစပျိုးလိုက်ပြီ။ တာရာမင်းဝေက လက်ဖျောက်ကလေးတီးပြီး စတင်လှုပ်ရှား လိုက်သောအခါ မနော်ဟရီက လက်နှစ်ဖက်ကို မြှောက်၍ဆန့်တန်းလိုက်ပြီး

“ဘီဒီ ဘီဒီ ဘမ်းဘမ်း ... ၀ူး...ဘီဒီ...ဘီဒီ ဘမ်းဘမ်း... ဘီဒီ ဘီဒီ...ဘမ်း... တာရာရဲ့ ကဗျာ..တာရာရဲ့စာ အဆင့်မြင့်မြင့်နဲ့ ဖတ်ကြည့်ပါ။ ဘီဒီ ဘီဒီ ဘမ်းဘမ်း....ဘီဒီဘီဒီဘမ်းဘမ်း ရွှေရောင်လွှမ်းလာ....မော်ဒန်ခေတ် မှာ ဆန်းသစ်တောက်ပ အတွေးများစွာ.......ဘီဒီဘီဒီ ... ဘမ်းဘမ်း...ဘီဒီ ဘီဒီ ဘမ်းဘမ်း...ဘီဒီ... ဘီဒီ... ဘီဒီ... ဘီဒီ...”

လူငယ် ပရိတ်သတ်က သည်းသည်းလှုပ်မျှ လက်ခုပ်သြဘာ ပေးကြသည်။ အဘိုးကြီး တစ်ယောက်ကတော့ “ဘယ့်နှယ်ကွာ ဒီနေရာမှာများ ဘီပီဘမ်းပရုတ်ဆီလာကြော်ငြာနေ ရတယ်လို့” ဟု ရေရွတ်လိုက်၏။

တာရာမင်းဝေတို့ ဆင်းသွားပြီး ခဏအကြာမှာပင် မီးတွေမှောင်ကျသွားသည်။
“ဟာ.... အရေးထဲဆို မီးကပြတ်ပြီ”
“မီးစက်မရှိဘူးလားဟေ့၊ နှိုးလေကွာ”
စသည်ဖြင့် အော်ဟတ်ကြသည်။ ထိုစဉ်မှာပင် အသံချဲ့စက်မှ ကြေညာသံ ထွက်လာ၏။

“ဧည့်ပရိတ်သတ်များ ခင်ဗျား အခုနောက်ဆုံး အစီအစဉ်အဖြစ် တင်ဆက်မှာ ဖြစ်တဲ့အတွက် မီးများ မှောင်ချထားခြင်း ဖြစ်ပါတယ်၊ အခု ဖျော်ဖြေ တင်ဆက်မယ့်သူကတော့ ဟာသထိပ်ခေါင် ဂုရုကွေးခေါ် ဆရာကြီးကွေး ခေါ် အီကြာကွေး ဖြစ်ပါတယ် ခင်ဗျား”

ကြေညာသံနှင့်အတူ စပေါ့လိုက်ခေါ် မီးဆလိုက်ကြီးများဖြင့် စင်မြင့်ပေါ်သို့ ကွက်၍ ထိုးလိုက်သည်။ ဆရာကြီး ကွေးသည် စွပ်ကျယ်လက်ပြတ်အနီ ၊ သူဝတ်နေကျ မီးခိုးရောင် ဘောင်းဘီတို့ကို ဆင်မြန်းလျက် ၀ါးလုံးရှည်ကြီး တစ်လုံးကိုထမ်း၍ လက်နှစ်ဘက်တင်ထားပြီး ပြုံးပြုံးကြီး ရပ်နေသည်။ သူ့နောက်မှာ တပည့် ကျော်များဖြစ်သည့် ဒကာဆိတ် ၊ ဟာကြူလီ ငပျော့နှင့် စာကလေးတို့ တန်းစီရပ်နေကြ၏။ လက်ထဲမှလည်း ကွမ်းယာဆေးမွှေးထည့်သည့် ဗူးတွေကို ဆုပ်ကိုင်ထားကြသည်။

လက်ခုပ်သံများ ဆူညံသွားသည်။

“ဆရာကွေးကွ ၊ ဒါမှ တို့ဆရာကွေး ၊ အဲဗားကွေး ၊ အဲဗား ကွေး”
ဆိုသော အော်ဟစ် အားပေးသံများလည်း ထွက်ပေါ်လာသည်။ ဆရာကြီးကွေးသည် ထမ်းထားသည့် ၀ါးလုံးကြီးကို ပစ်ချလိုက်ပြီး “ ကွေး ဆရာရေ့” ဟု အချက်ပေးလိုက်သော အခါ တပည့်ကျော်များက သံပြိုင် ဟစ်လိုက်ကြ၏။

“ဘယ်သူတွေ ဘယ်လောက်ကောင်းကောင်း အီကြာလူတိုင်းကြိုက်ကုန်ပြီ၊ ဒန်းဒန် ...ဒန်းဒန် ၊ စာစောင်တွေ အများကြီးထဲ အီကြာပါမှ ပွဲစည်သည် ဒန်းဒန် ... ဒန်းဒန်...၊ ၀ို.. ၀ိုးဝူ...၀ိုးဝူ....၀ို ဟာသလေးများ လစဉ်ရေးနိုင် ပါသည်။ သက်တမ်းကလည်း အနှစ် နှစ်ထောင် ပြည့်ခဲ့ပြီ၊ ဘယ်သူတွေ ဘယ်လောက်ကောင်းကောင်း အီကြာ လူတိုင်းကြိုက်ကုန်ပြီ”

သီချင်းအဆုံးတွင် ဆရာကြီးကွေးက လက်နှစ်ဖက်မြှောက်ပြီး တီးလုံးနှင့် အံဝင်ခွင်ကျ ရပ်လိုက်၏။
လက်ခုပ်သံများ လက်ခေါက်မှုတ်သံများ တဝေါဝေါ ဆူညံနေ၏။
“ဆရာကွေးကွ”
“စူပါကွေးကွ”
“ပြည်သူချစ်တဲ့ ဆရာကြီးကွေးကွ”
“ဆရာကွေး ... ၀မ်ဆွေ့ ၀မ်ဆွေ့.. ၀မ့် ၀မ်ဆွေ့”
စသည့်ဖြင့် အော်ဟစ်အားပေးသံများက ခန်းမကြီး ပွင့်ထွက်မတတ် မြည်ဟိန်းနေသည်။ ဤသို့ဖြင့် စာပေကြော်ငြာ စတိတ်ရှိုးကြီးမှာ အောင်မြင်စွာပြီးဆုံးသွား၏။

ကံစမ်းမဲဖေါက်ရာတွင် ကိုစန်းမောင်ဆိုသူက ပေါက်သွား၏။ ထိုသူမှာ အခြားမဟုတ် ၊ စာရေးဆရာမ မစန္ဒာ အိမ်က လူကြီးပင်ဖြစ်သတည်း။

(မှတ်ချက် ။ ။ ကျွန်တော်ချစ်ခင်သော စာရေးဆရာတွေ အများကြီးရှိပါသေးသည်။ သို့ရာတွင် ကြော်ငြာ သီချင်းစာသားများနှင့် အံဝင်ခွင်ကျဖြစ်အောင် စပ်ဆိုရန် အခက်အခဲရှိသဖြင့် ချန်လှပ်ထားခဲ့ရသည်ကို ခွင့်လွတ် ပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။ နောင် အလျဉ်းသင့်လျှင် ထည့်သွင်းဖေါ်ပြပေးပါမည်)


(သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်း၊ သြဂုတ် ၁၉၉၈)

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More