Sunday, October 31, 2010

သူ့မယား ငါ့မယား အခန်း(၁)အပိုင်း(2)

ဒီကောင်မလည်း ခေတဲ့ကောင်မ မဟုတ်ဘူး ။ ပြောပုံဆိုပုံ ရုပ်ရည်နဲ့ဆိုတော့ မယ်စံထက် မညံ့။ သင်းက တောင် သာသလိုလိုပါကလား။ သင်းတောင် ငါ့မယားကို ရသေးတာ၊ သင်းမယား ငါမရ ဘာမို့လဲ ၊ တရားစွဲ နေရင် ကိစ္စများမယ်၊ ငါ့မယား သူယူ ၊ သူ့မယား ငါယူ ဘာဖြစ်သေးလဲ။ သို့သော်လည်း ဟိုအကောင် ယဉ်စစ ငါက ပုတိုက်ရိုက်၊ ရုပ်ချင်းတော့ သူကသာပေတာပဲ ၊ နို့ပေမယ့် ရုပ်သွေးသောက်ရတာ မဟုတ် ၊ ရွှေငွေ စိန်ကျောက် ဆင်နိုင်မှ အဖိုးတန်ဆိုတဲ့ တရားကို ဟောရမှာပဲ၊

                သူ့မှာလည်း သားသမီးမရှိ ဟန်ရပြီ၊ မြန်မြန်နေရာ ကျအောင်လုပ်မှ တော်မယ်ဟု တွေးရင်း ချက် အရက်တစ်ခွက်ကို မော့၍သောက်ပြီး ၊ မယ်မှုန်၏ အိမ်ဘက်သို့ ထ၍သွားလေ၏။ မယားပျောက် ကတည်းက အရက်ဖြင့် အပူကိုဖျောက်ကာ နေလေ၏။ 

                မယ်မှုန်မှာ ဆံပင် ဖိုးရိုးဖားရားနှင့် အိမ်ပေါ်ဆောင့်ကာနင်းလျက် သုတ်သင်ရှင်းလင်းရင်း ၊ ညောင်ရေအိုးတွေကို ရိုက်ခွဲ၊ ကြမ်းပြင်က ရေအိုးများကို ကန်ချ၊ တစ်ကိုယ်တည်း သောင်းကျန်းလျက် လင်စိတ် မွှန်ကာ ငန်းနက်ကြီးဖမ်း၍ နေလေ၏။ “ ဟဲ့.......မယ်မှုန် ၊ လူသူလေးပါး ကြားပါ့ဟယ် ၊ သူက နင့်ကို မကြင်နာလို့ စွန့်သွားမှ၊ နင်က ဒီလောက်တောင် ဘာဖြစ်နေစရာ ရှိသလဲ၊ လူ့ပြည်မှာ လင်မရှားပါ ဘူးဟယ်၊ နင် ကံကောင်းချင်လို့ ဖြစ်လာတာ ၊ ငါတော့ ဟိုကောင်မလုပ်သွားတာ ငါ ကံကောင်းချင်လို့ ထင်တာပဲ၊ နင်နဲ့ငါနဲ့ ကံတူအကျိုးပေးပါ လဟယ်၊ ငါတောင်နေနိုင်သေးတာ နင် ဘာမနေ နိုင်စရာရှိသလဲ၊ ယောက်ျားဆိုတာ ဒီလိုပဲဟဲ့ ၊ နင့်မှာ အရှက်ကွဲ အကျိုးယုတ် မဖြစ်သေးပါဘူး ၊ ငါက အရှက်ကွဲတာ ” “ သောက်ချင်လို့သွား ဆိုင်တံခါးပိတ် စိတ်ပျက်စရာ ညအခါ” ဆိုတဲ့ စကားလို ဆံပင်ညှပ်ရာက ပြန်လာ အိမ်ရောက်ရင် မြင်ရလိမ့်မယ်၊ မြင်ရရင် ငါအပန်းပြေရောဟဲ့လို့ အောက်မေ့ပြီးပြန်လာပါ၊ အိမ်ရောက်တော့ မယ်မင်းကြီး လူလည်းမမြင် ၊ အသံလည်းမကြားရ ၊ ငါ့မှာဟယ် တိုင်ကိုင် အရိုက်ခံရတဲ့ ကြက်ဖလို ဖြစ်သွားတာပဲဟဲ့။ နင့်အပူဟာ ငါ့အပူလောက် မကြီးသေးပါဘူးဟဲ့၊ သည်လောက်တောင် မဆူပါနဲ့” ဟု ပြောရင်း အိမ်ဦးအခန်း ခါးပန်းပေါ်မှ ညင်သာစွာ ထိုင်လိုက်လေ ၏။

              “ရှင် ဘာလာလုပ်တာလဲ ၊မတော်ပါဘူးရှင်၊ လူသူလေးပါး မြင်ရင် တောင်တောင် မြောက်မြောက်  ပြောပါ့မယ်” ဟုပြောပြီး တံမြက်စည်ကို ရိုက်တော့မလို ကိုင်ထားလေ၏။ “ နို့ နင်ရော ဘာပြုလို့ ငါ့ဆီကို ခုတင်က လာသလဲ၊ ငါမသွားရင် နင် ဘယ့်နှယ့်လုပ်မလဲ ” ဟု စပ်ဖြဲဖြဲ ပြောလေ၏။ 

                မယ်မှုန်သည် မျက်စောင်းထိုးလျက် နှုတ်ခမ်းစူ၍ နေရာ လက်မှ တံမြက်စည်းလွတ်ကျ၍ သွားမှ သတိရပြီး.............. “ ရှင်တော့ ပျော်နေတာပေါ့လေ ၊ မျက်နှာက မချိုမချဉ်နဲ့ ၊ ဘယ့်နှယ်လူများ ဖြစ်ပါလိမ့်”  မောင်မြသည် ကျယ်သော ရင်ဘတ်ကို လက်ဖြင့် ဖြန်းခနဲ တီးပြီး.....
                               
                “ဖြစ်မှ ဖြစ်ရလေ ငမှုန်ရယ်”

                “အလိုလေးတော်... လူကိုများ ငမှုန်လေး ဘာလေးနဲ့ ၊ တော်ပါ ရှင် ..... ဘာပြောမလို့လဲ”

                “တော်ပါလည်း ပြောသေးရဲ့၊ ဘာပြောမလို့လဲလည်း မေးသေးရဲ့၊ ငါပြောတာက ဒီလို ၊ လူ့ပြည်မှာ မယားမရှားဘူး သိရဲ့လား၊ သင်းတစ်ယောက် ဆင်းသွားရင် ဆယ်ယောက်လောက် လာ အောင် လုပ်နိုင်တယ် ၊ ငါဟာ ရေး၊ မြိတ် ၊ ထားဝယ် ၊ တနင်္လာရီ ၊ ရခိုင် အကုန်နှံ့ ခဲ့ပြီးမှ သင်းအတွက် ကြောင့် အရပ်ကို ပါ ခင်မင်ပြီးနေတာ ၊ အခုလည်း ပတ်ပတ်လည် မြင်သမျှ ရွာတွေဟာ ငါ့ရွာချည်းပဲ၊ ငါ့ကို မသိတဲ့ တစ်ခုလပ် ၊ မုဆိုးမ ဆိုတာ တစ်ယောက်မှ မရှိဘူး၊ အခု ဒင်္ဂါးနှစ်ပြားကို ဟောဒီလို လှုပ်ပြလိုက်ရင် ဒိုက်ခနဲ စာပို့ရထား ထက်တောင် အရှိန်ပြင်းသေးရဲ့၊ ရောက်လာကြမှတွေ” ဟုပြောကာ ငွေ သုံး လေးကျပ်ကို ရှပ်အင်္ကျီ အိတ်ထဲမှ ထုတ်ကာ လက်ထဲတွင် လှုပ်၍ ပြလေ၏။

                “ငွေပေါတာကိုးရှင်း ၊ ရှင်တို့တော့ ယောက်ျား သောက်စားပြီး တစ်ယောက်တည်း ထင်သလို နေရလေ ပျော်လေပေါ့၊ ဒီမှာတော့ မိန်းမသားရှင့် ၊ ထင်သလိုလည်း မနေနိုင်ဘူး ၊ ဖျောက်ဖျက် လို့လည်း မရဘူးရှင့်၊ ထပါဦးရှင် ......... မတော်ပါ ဘူး” ဟုပြောကာ သင်ဖြူးကို ယူ၍ပေးလေ၏ ။ သင်ဖြူး ခင်ပေးပြီး ကွမ်းအစ်၊ ဆေးလိပ်များကို ယူ၍တည်ရင်း မိမိကိုယ်တိုင်ပါ ပဆစ်တုပ်၍ ထိုင်လျက်....

               “ရုတ်တရက် ချက်ချင်းဆိုတော့ ဘယ်ဖြေလို့ရနိုင်မလဲရှင် ၊ အခုတော့ စဉ်းစားမိလို့ ပြေသလို လို ဖြစ်သွားပါပြီ ၊ တွေးလိုက်ရင် အသည်းနာတာ တစ်ခုပါ၊ ကိုမြရယ် ကျွန်မ ဈေးတောင်းခေါင်းပေါ် ရွက်ပြီး သူ့ကိုရှာကျွေးလာရတာ၊ သူ ပွဲစားလုပ်တယ် ဆိုတာ ဘယ်လိုပွဲစားလဲ မသိပါဘူး၊ ကိုမြရယ် တစ်လကြာလို့ တစ်ဆယ်မရဘူး၊ သူ့ကိုသာ အားကိုးရရင် ၀မ်းဟောင်းလောင်း တောင်နေနိုင်မှာ မဟုတ် ဘူး၊ ဗိုက်နဲ့ကျော ကပ်ပြီးသေမှာ ၊ ဒါ့ကြောင့် သြော်.. မယ်စံ ..... မယ်စံ ဖြစ်ရလေတယ်၊ ဒီအကောင်မှာ ဘာများမြင်လို့ ဖြစ်ရတာတုန်း၊ ကိုယ်မှ ဖြစ်မိလို့ မှိတ်ပြီးနေရတာ၊ သင်းငါ့ဒဏ်ကို ၀င်ခံရှာတာပဲလို့ စဉ်းစားပြီး သနားလိုက်ပါသေးရဲ့ ၊ အခုတော့ သူ့ထိုက်နဲ့ သူ့ကံပေါ့”

               “အဲဒီလိုဖြေမှ ပေါ့ဟဲ့၊ ငါလည်းအရူးလို ဖြစ်သွားတာပဲ၊ ငါက တစ်ယောက်သမားဟဲ့၊ ဒါဆို ဒါမှပဲ၊ သင်းက ကိုယ်လို သဘောမထားတော့ ဒါဆိုဒါမှ ဆိုတဲ့စိတ်ကို ဖျောက်ပြီး ဟိုတစ်ယောက် ရှာရပြန် တာပေါ့ဟဲ” မယ်မှုန် သည်စကားမပြောဘဲ ဦးခေါင်းကို ငုံ့လျက် လက်တစ်ဖက်ကို ကြမ်းပေါ်မှာ ထောက်ရင်း စဉ်းစားသလို နေလေ၏။ သို့နေရာမှ ကျ၍လာသော မျက်ရည်စက် နှစ်စက် သည် ကွက်ခနဲ ကြမ်းပေါ်၌ ထင်လာသဖြင့် ရှက်ကိုရှက်ကန်း ဟန်လုပ်သော  မယ်မှုန်၏ မမှုန်သောမျက်နှာမှာ ပိုမို ချစ်စဖွယ်ရာ ကောင်းသည်ကို မောင်မြ သတိထားမိလေ၏။

               ဒါ့ကြောင့်လည်း သူတို့လင်မယား နှစ်ယောက်ကို တစ်ရွာလုံးက မင်းသားနဲ့ မင်းသမီးလို့ ခေါ်ကြတာပဲကိုး။ ဟိုကောင်က မင်းသားရုပ် ၊ သူက မငးသမီးရုပ် ၊ လှတဲ့သူများ အချင်းချင်းညားတော့ လည်း စိတ်မကျေနပ်ကြပါကလား ၊ ငါ့မယားဟာ သူ့မယားလောက်မလှ ၊ ငါ သင်းကို ရရင် ငါက အမြတ် ရကြောင်း လူတိုင်းပြောမှာပဲ ၊ သြော်........ မယ်စံ ....မယ်စံ ၊ သင်းတော့ ဟိုငနဲ နဲ့ တွဲဖက်တဲ့ ပွဲဆက်တွေမှာ ငါ့ကိုတစ်ချက်မှ သတိရတော့မှာ မဟုတ်ဘူး။ ဟိုက မင်းသား ရုပ် ခါးကလေး နွဲ့နွဲ့ မို့ သင်းတော့ အရမ်းဖြစ်နေတော့မှာပါပဲ စသည်ဖြင့် တွေးကာ ရင်ထဲတွင် ကတုန်ကယင် ဖြစ်၍လာ လေ၏။

                သို့သော်လည်း စိတ်ကိုတင်းလျက် သင်းက ကမြင်းလို့ လင်ငယ်နေတဲ့ ကောင်မ ၊ မယ်မှုန် ကလေးကို သင်းနဲ့စာတော့ မိန်းမကောင်းလို့ ဆိုရမှာပဲ၊ သည်တော့ ဟိုခွေးသား မင်းသားရုပ် ငကြောင်က ငါ၏ မကောင်းသော မိန်းမကိုယူ ၊ ငါက သူ့ရဲ့ မယားကောင်းမယားနိပ် ကလေးကိုရ၊ အဲဒီဟာမှာ ငါက တစ်လေး သာဦးမှာပဲ။ ဒင်္ဂါးတဲ့ ဒင်္ဂါး ၊ တောင်ဘက် ကရင်ရွာကို ဖောက်သည်ထဲ ဆွဲသွင်းရင် ဘယ်နည်းနဲ့မဆို ဗမာရွာတွေမှာထက် နှစ်ဆပိုရမှာပဲ၊ ဗမာဆိုတဲ့အကောင်တွေက ကိုယ့်အမျိုးသားချင်းပဲ ၀ံသာနုနဲ့ချည်း နှက်တာပဲ၊ ဆရာ ကိုကျောက်ခဲက သူ့ကျောင်းသားတွေကို ကုသိုလ်ဖြစ် တစ်လတစ်ကြိမ် ဆံပင်ညှပ်ပေး ပါတဲ့၊ ကရင်များမှာ ၀ံသာနုစိတ် မရှိ၊ ဒါမှ ကောင်းတယ် စသည်ဖြင့် ရောက်မိရောက်ရာ မိုးကို လျှောက်တွေး၍ နေလေ၏။

             
                လောက၌ ယောက်ျားများကို ဖမ်းစားတတ်သော ဒိန်းဒလိန်းနတ်သည် အကြမ်းဆုံးသော နတ်ဖြစ်လေရာ သတ်ရမှာလည်း အခက်၊ ခံရမှာလည်း အခက်မို့ မောင်မြသည် စိတ်ကိုပင် တင်းသော် လည်း လွယ်ကူစွာ မရ၊ အရက်နှင့် တွေ့သော အခါ ထိုရောဂါ ပို၍ ထတတ်လေ၏။

               ထိုအခါ မဖြစ်ဘူး ဒီစိတ်ပျောက်အောင် မယ်မှုန်ကို မြန်မြန်အရသိမ်းမှ တော်မယ်ဟု စဉ်းစား လေ၏။  “ မငိုပါနဲ့ မယ်မှုန်ရယ် ၊ နင်က အခုလိုငိုနေ ၊ ဟိုကတော့ နင့်ကို သတိတောင်ရမှာ မဟုတ်ဘူး၊ အူမြူးတုန်း ချစ်တုန်း ခင်တုန်း တဖြုန်းဖြုန်းဖြစ်နေမှာ”

“ဒိဌိပေါ့ ကိုမြရယ်၊ ကျွန်မဟာ ကျွန်မ ရှာစားနိုင် တယ်ဆိုတာလည်း သူသိတာကိုး ။ သည်တော့ အေးနေ တာပေါ့”
“ဒီလိုလူမျိုးဆိုတာ နင်တို့လို စွမ်းစွမ်းတမံ မိန်းမများကိုမှ တမင်ရှာယူတာ ၊ လူပေါ့မျိး ၊ အခုဖြစ်တာတော့ ဘယ်လိုရယ်လို့ ငါမတွေးနိုင်အောင် ရှိတာပဲ၊ မယ်စံက နင့်ထက်လှ လို့လား ၊ နင့်ခြေဖျားမှ  မီတာ မဟုတ်ဘူး၊ ငါပြုလို့ နုနေတာ၊ အခု ကြမ်းကြမ်းတမ်းတမ်း ကလေးလုပ်ရရင် သင်းရုပ်ဟာ လက်နှီးစုပ် လို ဖြစ်သွားမှာပေါ့၊ မျက်စိဒေါက်ထောက်ကြည့် လိုက်ရဦးမယ်” ဟု မောင်မြ က ပြောလေ၏။

               မယ်မှုန်လည်း ရှက်ကိုးရှက်ကန်း အမူအရာနှင့် မျက်လုံးများကို အင်္ကျီလက်နှင့် သုတ်ပြီး .....
“သူ့ကြောင့် မဟုတ်ပါဘူး၊ ကျွန်မ ကုသိုလ်ကံဆိုးတာ စဉ်းစားပြီး ကျေးဇူးမဲ့တာတွေကို တွေးမိလို့သာ ” ဟု ပြောလေ၏။

                သို့ စကားပြောနေကြစဉ် ရွာထဲတွင် အာအကျယ်ဆုံး ဖြစ်သော မပန်းအုန်ခေါ် မိန်းမကြီး သည် ဆီပုလင်းကို ကိုင်လျက် အိမ်ရှေ့ကိုရောက်လာပြီး သင်းတို့ နှစ်ယောက်ကို မြင်သော အခါ တစ္ဆေကို မြင်ရသလောက် ရွံ့ကြောက်အံ့သြ မိန်းမောချင်သလိုဖြစ်ကာ ရှေ့သို့ဆက်၍ မသွားနိုင်ပဲ နောက်သို့ လှည့်ကာ ပြေးလေ၏။

                မပန်းအုန်မှာ သတင်းအသစ်အဆန်း တစ်ခုခု တွေ့ရလျှင် ရွာထဲ၌ ရှေးဦးပထမ ကြေငြာချင် သော စိတ်ဓါတ် အဟုန်ကို ခုခံငြင်းဆန်ခြင်းငှာ စွမ်းနိုင်သူ မဟုတ်ရကား မီးဖို၌ ဒယ်အိုးကို တင်ပြီး ငါးပိဆီ သတ်ရန် ဆီပုလင်းကို ကြည့်ရာ ဆီမရှိသဖြင့် အနီးရှိ ရွာဆိုင်ကလေး သို့ အလာမှာ မောင်မြနှင့် မယ်မှုန်ကို မြင်ရပြီး ကြီးလေးသော ငါးပိဆီချက် လုပ်ငန်း ကိစ္စကြီးကို မေ့လျော့ကာ အဆောတလျင် ပြန်၍သွားခြင်း ဖြစ်ရာ သင်း၏ အရေးကြီးပုံမှာ နောက်မှ တစ်စုံတစ်ယောက် ရိုက်ဖို့အကြံနှင့် လိုက်လာလေ သလားဟု မှတ်ထင်ဖွယ် ဖြစ်လေ၏။

               “ကိုင်း ..... မယ်မှုန်၊  ဒေါ်ပန်းအုန်ကြီးတော့ တွေ့သွားပြီ တစ်ရွာလုံး ဆူတော့မှာပဲ၊ ကြာကြာ နေရင်အလကားပဲ ၊ ငါတော့ နင့်လင်ကို တရားလည်းမစွဲချင်တော့ဘူး ၊ ကလဲ့စားသာ ခုချက်ချင်း ချေလိုက် ချင်တော့တာပဲ” 

                “အို...ကိုမြက မတော်တာပဲ၊ ယောက်ျားဖောက်ပြန်တိုင်း မိန်းမက လိုက်ပြီး ဖောက်ပြန်ရမယ် ဆိုရင် ခက်ကုန်ရော ပေါ့ရှင်”

                “နင် ဖေါက်ပြန်ဖို့မလိုဘူး၊ ငါက အတင်းလှည်းနဲ့ တင်လို့ နင် ငါ့နောက်က ပါတဲ့ အနေပေါ့”

                “ အမယ်လေးတော် .....တကတဲ  မြန်လိုက်တာ၊ ဒီ အကြောင်းနဲ့ ပတ်သက်လို့ စကားနှစ် ခွန်းမှ မပြောရသေးဘူး ”

               “မြန်မှဖြစ်မှာ ၊ အလကား မဟုတ်ဘဲနဲ့ အပြောခံရမယ့် အစား ဟုတ်လိုက်ရင် သာပြီး  မကောင်းပေဘူးလား၊ အခုလို စိတ်ညစ်ပြီး အလကား နေမယ့်အစား ၊ ကိုင်း.....ဘယ့်နှယ်လဲ၊ လုပ်မလား”

               “ဘာလုပ်ရမှာလဲတော့ ၊ အရင်းမရှိ အဖျားမရှိနဲ့”

               “မဟုတ်ပါဘူးဟဲ့ ၊ ငါပြောတာ လုပ်မလားလို့ မေးတာ၊ ဖိုးထိန်မှာ လှည်းအသင့်ပဲ ရှိတယ်၊ သူ့နွားပေါက်ကလေး နှစ်ကောင်ကလည်း အင်မတန် အပြေးကောင်း၊ လှည်းလမ်းတွေကလည်း ဖုန်လို့၊ ဘယ်မဆို ရောက်နိုင်တယ်”

               “လူကဲ့ရဲ့ပါ့မယ်တော် ၊ မလုပ်ပါနဲ့”

               “ဟဲ့ ...... နင့်ကို ဘာကဲ့ရဲ့ စရာရှိလဲ၊ မောင်မြက သူ့မယားအခိုးခံရလို့ မခံချင်စိတ်နဲ့ အတင်း လုပ်ကြံလို့ဖြစ်ရတာဆိုတာ လူးတိုင်းပြောမှာပဲ၊ အခုလို အလကား စိတ်ညစ်နေမယ့်အစား လူကဲ့ရဲ့ လွတ်ပြီးပျော်ချင်သလို ပျော်ပျော်နေရမှ ဒါမှ အချောင်ပျော်ဖို့အချက်၊ ငါ့မှာလည်း အစိုးရပြစ်ဒဏ် အင်မတန်ကြီးမှာ မဟုတ်ဘူး၊ မခံနိုင်ရှာလို့ လုပ်မိတာလို့ တရားဝိုင်းမင်းများ သဘောရပြီး မသကာ ရုံးတက် ရုံးဆင်းပေါ့၊ မယ်မှုန်ရဲ့ နင့်လည်း ထွတ်ထွတ်ကလေး မဟုတ်တော့ပါဘူး၊ “ အထိုးခံ အုန်းသီး ဘုန်းကြီးကြိုက် မင်းကြိုက် ဆိုတာလို ဟဲ.... ဟဲ...” ဟု မူးရဲ၍ ပြောလေ၏။

               ထိုကဲ့သို့ ပြောရင်း တစ်ဖန် မယ်စံနှင့် ငကြောင် အဘယ်ပုံနေမည်ကို တွေးမိ ထင်မြင်လေရာ ရင်ထဲမှာ မသက်မသာ ဖြစ်၍ လာပြန်လေ၏။ထိုကဲ့သို့ ဖြစ်သည့် အခါတိုင်း ငါလည်း သင်းလို မဖြစ်နိုင်ဘူးလား ဟူသော စိတ်ကို ဆောင်လိုက်ရာ ဆူသော နှလုံးသွေးသည် ငြိမ်းအေး၍ သွားပြန်လေ၏။  မယ်မှုန်သည် စဉ်းစား၍ နေလေ၏။ ထိုသို့စဉ်းစား၍ နေခိုက်တွင် လူသံများ ကြားရသဖြင့်    ............

               “သွားပါ ကိုမြရယ် ၊ ဟိုကောင်မကြီး ရွာထဲလျှောက် မောင်းတီးလို့ ကြည့်ရအောင် လာကုန်ကြပြီ ” ဟု မယ်မှုန်က ပြောရာ အသံများ သာ၍ နီးလာသဖြင့် မောင်မြက.....

               “ဟဲ့ မယ်မှုန် ၊ ငါရှောင်လို့ လွတ်မှာ မဟုတ်ဘူး ၊ မြင်ကြတော့မှပဲ ၊ သည့်အတွက် နင့်အိမ် ထဲမှာ ပုန်းမှပဲ၊ တော်မယ် မဟုတ်လား မယ်မှုန်” ဟု ပြောရင်း အိမ်အတွင်းခန်းသို့ ထ၍ ပြေးဝင်လေ၏။ မယ်မှုန်လည်း ထ၍ လိုက်သွားရာ မောင်မြ ပုန်းစရာ နေရာ ရှာ၍ မတွေ့သဖြင့်.....

               “တကတဲတော်.... ဘယ့်နှယ်လူပါလိမ့်၊ ဒီကို လာပါ ရှင့်၊ လူတွေ မြင်ကုန်တော့မယ်” ဟု ပြောပြီး အိပ်ခန်းတွင်းရှိ ခုတင်အောက် လက်ပြလေရာ မောင်မြသည် ကဗျာကယာ ၀င်၍ ခုတင်အောက် မှာ ပုန်းလေ၏။ မယ်မှုန်သည် ကန့်လန့်ကာကို ချပြီး  အပြင်သို့ ထွက်၍နေလေ၏။

               မိန်းမ သုံး၊ လေးယောက်နှင့် ယောက်ျား သုံး၊ လေးယောက်လည်း အိမ်ရှေ့ သို့ ရောက်လာ ကြ ပြီး အိမ်ရှေ့၌ရပ်ကာ အတွင်းကို မယောင်မလည် ကြည့်ကြလေ၏။

                မှုန် ။     ။ “ရှင်တို့ ဘာလာကြည့်တာလဲ”
                ပန်းအုန် ။     ။ “ အိုးမလုံလို့ အုံပွင့်နေတာလားအေ့”
                မှုန် ။     ။ “ ဘာဖြစ်လို့ ကျမက အိုးမလုံရမှာလဲ ၊ ရှင့်စကားက ဘာလိုလိုနဲ့”
                “မသိပါဘူးအေ ၊ ခုတင်က မြင်မိသလားလို့”
                “ရှင်ဘာမြင်လို့လဲ ၊ ရှင့်အရေးလား”
                “ငါ့အရေးဖြင့် ဘာလာကြည့်နေစရာရှိသလဲအေ့၊ ငါ့ဘာသာ ကွေးနေမှာပေါ့”
                “ရှင့်လို ထင်လို့လား”
                “ငါ ဘာဖြစ်လို့လဲအေ၊ ညည်းနဲ့ ရန်ဖြစ်ဖို့လာတာ မဟုတ်ဘူးအေ့ ၊ ရပ်ဆွေရပ်မျိုး အိမ်နီးပါးချင်း သွေးလိုသားလို မတော်တာဖြစ်မှာစိုးလို့ပါအေ ၊ ညည်း မကြိုက်ရင်....”
                “ကျုပ်က ဘာမတော်တာ ဖြစ်ရမှာတုန်း ၊ ကျုပ်ယောက်ျား မယားငယ်နဲ့ ထွက်သွားလို့ စိတ် ညစ်နေရတဲ့ အထဲမှာ ”
                 “ဒါကိုသိလို့ ညည်းအတွက် အားလုံး စိတ်မကောင်း ဖြစ်ကြတာပါအေ ၊ ညည်းက တလွဲ မထင်ပါနဲ့”
                 “ရှင်တို့ စိတ်မကောင်းဖြစ်တာက ဘာလိုလို ကိုတော့”
                 “ဟဲ့....မယ်မှုန် ၊ ငါတို့က ခင်မင်လို့လာတာ၊ ညည်းက အခုလိုဆီးပြီး ရန်စွယ်နဲ့ ငေါငေါ လုပ်တာ ကောင်းရဲ့လား၊ ငါက မှန်တာဖွင့် ပြောလိုက်ရင် လူကြားမကောင်းအောင်ဖြစ် သွားလိမ့်မယ်၊ ခုတင်က မောင်မြနဲ့ ညည်း....”
                “အလိုလေးတော်....စပ်စပ်ဖာဖာ၊ ကိုမြနဲ့ ကျုပ် ဘာပြုသလဲ၊ သူ့မယားကို ကျုပ် ယောက်ျားက ခိုးပြေးလို့ ကျုပ်ကို လာပြီးတိုင်တာ ပါတော်၊ ကျုပ်က ဘာမှ မသိဘူးလို့ ပြောတာနဲ့ ထွက်သွား ပါပြီ ”
                  “ဒီလိုဖြင့် ကောင်းပါရဲ့အေ ၊ ညည်းလည်း ဒုက္ခ၊ သူလည်း ဒုက္ခ၊ ကံတူ အကျိုးပေးချင်းများ ဘာဖြစ်ကြသလဲလို့ စိတ်မချလို့ လာကြည့်တာပါ၊ ညည်းတို့ အကြောင်းလည်း မေးရင်းမြန်းရင်းပါပဲ၊ အားလုံးကို မေးကြည့်ပါ၊ အရိုးခံသဘော နဲ့ လာတာပါ”
                “တော်ပါရှင်.... ရှင်တစ်ယောက်ပဲ ရွာထဲမှာ ဖွာလောင် ဖွာလောင် နဲ့၊ ရှင်ဟာ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးနေနိုင်တဲ့ မိန်းမကြီး မဟုတ်ဘူး”
                “ကျုပ်တို့မှာ အေးလို့ ပူစရာဘာမှမရှိဘူး”
                ဟု ပန်းအုန်က ပြန်၍ပြောခိုက်မှာ အခြားမိန်းမ တစ်ယောက်က အိမ်ပေါ်သို့တက်ပြီး ဟိုကြည့် သည်ကြည့် အခန်းထဲကိုပင် ၀င်မလိုလိုလုပ်ရာ မယ်မှုန်က...
                “ရှင်တို့ ကျုပ်ကို ဘာများထင်လို့လဲ၊ ကျုပ်အိမ်မှာ ဘယ်သူမှ မရှိဘူး၊ လာပါ.... ကြည့်ပါ ”
                 ဟု ပြောကာ အခန်းထဲကို သွားပြီး ကန့်လန့်ကာကို လှပ်၍ ပြလေ၏။ ထိုအခါ ကုတင်အောက်ကို မကြည့်မိသော မိန်းမက......
                 “ကြည့်တာ မဟုတ်ပါဘူးအေ ၊ ညည်းကလည်း စိတ်တိုလိုက်တာ” ဟုပြောပြီးလျှင် ပြန်၍ လာလေ၏။
                အတန်ငယ်ကြာသော အခါ ပန်းအုန်နှင့် အဖော်များ တီးတိုးစကားပြောရင်း ထွက်သွားကြ လေ၏။ ထွက်၍ပင် သွားသော်လည်း အိမ်ရှေ့၌ လူမပြတ် ၊ ဘာမသိညာမသိ နှင့် နောက်ထပ်၍ ရောက်လာ ကြသော ကလေး လူကြီး ယောက်ျား မိန်းမ များသည် ပို၍ပင် များလာပြန်လေရာ မယ်မှုန်မှာ တစ်စုံတစ်ရာ မပြောတော့ပဲ မိမိအိမ်ကိုသာ ဆောင့်အောင့်ရင်း ရှင်းလင်းဖို့ သုတ်သင်ဟန် လုပ်၍နေလေ၏။ 
               အလွန် တိတ်ဆိတ်သော ရွာ၌ ထိုနေ့မှာ မယ်မှုန်၏ အိမ်ရှေ့၌ လူမရှင်းတော့ပေ။ မယ်မှုန် လည်း မည်သူ့ကိုမျှ ဂရုမစိုက်  ၊ မိမိ၏ ယောက်ျားကို ခိုးသော မယ်စံကိုသာ တဖျစ်တောက်တောက် ရေရွတ် ပြောဆိုရင်း မရှိသော အိမ်အလုပ်တွေကို လုပ်ဟန် ဆောင်၍ နေလေ၏။
               သို့နေရင်း အိမ်ရှေ့မှ ပြန်သူ ပြန်၊ လာသူ လာ ၊ မသင်္ကာစိတ် ရှိသူတို့သည် မသိစေချင် သည့်အကြောင်းကိုမှ သိလိုသော ရွာသူရွာသားတို့၏ အလေ့အတိုင်း ၊ နှစ်ယောက် တစ်တွဲ ၊ သုံးယောက် တစ်တွဲ တီးတိုးစကားပြောရင်း နေကြလေရာ မိုးချုပ်မှ လူပြတ်၍ ပြန်သွားလေတော့သတည်း။

ဆက်လက် ဖော်ပြပါမည်...........။

            

Saturday, October 30, 2010

ခပ်တည်တည် ၀န်ခံတယ်

စာတိုပေစ တွေ ရေးချင်တဲ့ကောင်ပေါ့။ နံမည်ကြီးချင်တဲ့ ပိုးကလည်းရှိတော့ အိမ်မှာတောင် စက္ကူပြားကြီးတွေ ပေါ်မှာ မီးသွေးခဲနဲ့ စာလုံးကြီးတွေ ရေပြီး ကုတင် ခေါင်းရင်းမှာ ထားအိပ်တဲ့ကောင်ပေါ့။ ဥာဏ်ကြီးရှင် ဖြစ်ချင်တာလဲ တစ်ပိုင်းသေနေပြီ ။ လေ့လာရင်း ဘယ်ဟာကို အမှန်ယူရမှန်း မသိနဲ့ အူတူတူ ဖြစ်နေတာ လဲကြာပေါ့။ Blog ဆိုတာကြီးကို ဘာမှန်းမသိပဲ မေးလ် အကောင့်တွေနဲ့ လျှောက်ဝင်ထားတာ 2008 ခုနှစ် ကတည်းကပေါ့လေ။ အိုင်တီ ဆိုလဲ အစ် = ထိုဟာသည် လောက်ပဲ သိတဲ့ကောင်ဆိုတော့ တန်းပလိတ် တစ်ခု ဘယ်လို ပြင်ရမှန်းကို မသိတာ။ နည်းပညာဆိုက်တွေ  ဆီမှာလဲ သွားသွားကြည့်တယ်။ တန်းပလိတ် ချဲ့နည်း ရေးပေးကြတဲ့ ကိုကို မမများသိရင် ရှက်ပြီး ကိုယ့်ကိုယ်ကို သတ်သေမှာတောင် စိုးရတယ်။ ဒီလောက် ရှင်းပြတာကို ဒီကောင် နားမလည်ဘူး၊ ငါသင်တာ ညံ့တာဖြစ်မယ်ဆိုပြီး သူတို့ဘာသာ ကျွန်တော့် ပယောဂ ကြောင့် ဆူစိုက် လုပ်ရင် ကြားထဲက ကိုယ်က ဒွတ်ခ ၊ ကဲ ထားတော့ လေရှည်တတ်တာ တည်တည်တံ့တံ့ မရှိတာကလဲ ကုမရတဲ့ ရောဂါ လို ဆွဲနေသဗျ ဟိုကကူး ဒီက ကော်ပီနဲ့ လုပ်ထားတဲ့ လူသားအားလုံးအတွက် ကို လည်း ဒီအတိုင်းထားမယ် အခုတော့ ကျန်နေသေးတဲ့ ကိုယ်ပိုင် စာအုပ်အနည်းငယ်နဲ့ လက်လှမ်းမှီရာတွေ ကူးပြီးတင်ပေးမယ် ဆိုပြီး ရည်ရွယ် ချက်နဲ့ ဒီတစ်ခုကို ထပ်ဖွင့်မိပါတယ် ဗျာ။ ကိုဏီ ဏီလင်းညီု ၊ ဘကျောက် (ရွှေရတုမှတ်တမ်း )၊ ကိုဇော် ဖတ်မိ၊မြင်မိ၊တွေးမိသမျှ တွေကလည်း ရေးဖို့  အားပေးကြတယ်။ ကိုယ်ကလဲ တစ်မျက်နှာပြည့်အောင် ကို ချမရေးတတ်သေး။ စာရေးနည်းစာအုပ်တွေကို ခေါင်းရင်းမှာ ထားဖတ်ရင်း သေဖို့ နီးနေပြီး။ 

                ထားတော့ ကိုယ်တော်ကြောင်းလျှောက်ကြွား နေရင် ကလေကချေ တွေတောင် မနာလို ဖြစ်ကုန်ဦးမယ်။ ဒီတန်းပလိန်ကိုတော့ အစ်ကိုတစ်ယောက် .... အဲ ပြောလိုက်တာပဲ ကောင်းမယ် ထင်တယ် (ဦးဇွတ်ရေ ခွင့်လွှတ်တော့)ကိုဇော် က မအားသေးလို့ ဗျာ။ သူလာပြင်ပေးလိမ်မယ် (အဲလို ခပ်တည်တည် ခေါင်းရှောင်တတ်တယ်) အခုတော့ ကျွန်တော်က စာအုပ်တွေ ကူးတင်ပေးပါ့မယ်။ ငမွဲမျိုးရိုး မဟုတ်ပေးမယ့် သူကြွယ်မျိုးက ဆင်းသက်လာသူမဟုတ်တော့ သူများနိုင်ငံမှာ ကျွန်လာခံ နေရလို့ အလုပ်ချိန်က တစ်နေ့ ဆယ့်နှစ်နာရီဗျာ။ ဆိုတော့ကာ အချိန်သိပ်မရှိလှဘူးပေါ့လေ။ ဒါကြောင့် ရတဲ့ အချိန်မှာတော့ စာဆိုရင် လာထား ဖတ်မယ် ဆိုတဲ့ လူတွေ အတွက် တတ်နိုင်သလောက် လေး ဒါနပြု မယ်ပေါ့လေ။ ပြောသာပြောရတာ အဲဒီ စာအုပ်တွေကို ပိုင်ရှင် စာရေးဆရာတွေထဲက တစ်ယောက်ကို မျှ အသိပေးထားခြင်းလဲ မရှိသေးပါဘူး။ (ဆရာတို့ ခွှင့်လွတ်ကြပါ)။ 

                ဟိုနေ့ကပဲ အစ်မလို ဖြစ်နေတဲ့ သယ်ရင်းတစ်ယောက်က ဘယ်ကို လာလည်ရမှာလဲ မျက်စိရှုပ်လည်တယ်ဆိုတဲ့ တစ်ယောက်ကတော့ ။ အထက်က ပြောခဲ့သလို အတင်းတွေ အဲ သတင်းတွေ ထူးထူးခြားခြား တွေ ဖတ်ချင်ရင် မိုးယံ (လူသားအားလုံးအတွက်)ကို လာလည်ပါ။ စာတွေချည်း သီးသန့်ဖတ်ချင်ရင် အင်္ဂါဟူး (မျှဝေမှုတို့ စုစည်းရာ)ကို လာပါဂျာ။ 

လိုနေတဲ့ ကွက်လပ် တစ်ခု မို့လို့ ဒီလိုလေး လုပ်တာ ကောင်းတယ် ပြောတဲ့ ဦးမြစ်ရေ ကျေးကျေးပါ။ (စီပုံးလဲ အသစ်ထည့်ထားသဗျို့) လင့်ခ် ထားတာ ကျေးကျေးပါ။ လည်လည်လာတဲ့ နတ်သမီး (အဖြူရောင်နတ်သမီး) အစ်မရေ ကျေးဇူးပါဗျာ (ထုချေလွှာ တင်ပြီး အဆင်ပြေပါစေ)၊ အတင်းကို စပ်စုတဲ့ ဇတ်မင်းသမီး မယ်မျိုးရေ “ ငါ မိုးပျံ ပါ” လို့ အော်လိုက်သည်။ မိုးယံလား အင်္ဂါယံ လားရှင်းရှင်းပြောပါလို့ မျက်စိသူငယ် နားသူငယ်နဲ့ မေးတဲ့ အန်တီညို (ကျွန်တော်ချစ်စနိုးခေါ်တတ်တဲ့) အစ်ကိုဏီ (ဏီလင်းညို) ရေ ၀ုတ်ဒယ် ဂျို့ အနော် တစ်ယောက်တည်းပါ။ မယ်မှုန် ဘာဆက်ဖြစ်လဲ သိချင်တဲ့ ဒေးဗစ်အုပ် (ကဗျာဟောင်းပေမယ့် လူက အသစ်လေးနော်) ဒီနေ့ ည လာဖတ်ပါ။ မခေါ်ပဲ သူလာ မနှင်ပဲနဲ့ ပြေးတဲ့ ချစ်သယ်ရင်း မီးမီးလေး မေပယ်လ် ရေ ကျေးကျေးနော်။ စန့်ငံ စန့်ငံတွေ မကြိုက်လို့ ကိုရီးယား ကားတောင် မကြည့်တဲ့ သယ်ရင်း ညီမလေး ဖြူ ရေ အချိန်ရသလောက် ကြိုးစားတင်ပေးပါ့မယ်ဂျာ။ ကဲ နောက်ဆုံး ကျေးဇူး စကားဆို ရမှာကတော့ ငွေလမင်း (ချစ်သူနှစ်ဦး) ကိုတော့ ဖီးလ်မအောက် ရလေ  အောင် ကြိုးစားပေးပါ့မယ် လို့ ၊ ဖွင့်ပွဲ မလုပ် ဘာမှ မကျွေးလို့ ရွှေစိတ်တော် ညိုတဲ့ ဒေါ်ဒေါ် ဦးဦး ငွေလမင်းတို့အား ဆွဲစရာများ ပါသော ဘန်ဒါကြီးကို ကြည့်ပြီး သွားရည်ကျ ကြပါလို့။ 

အန် ဘာလဲ မရဘူး ဟုတ်လား။ ဒါဆိုလဲ သယ်ရင်းတွေ ညီအစ်ကို မောင်နှမ တွေ လည်လည် လာ မိတ်သဟာတွေ အားလုံးပဲ ဒါလေးတွေ ဆွဲကြဗျာ.....













အားလုံးကို ကျေးဇူးတင်လျက်.................. အင်္ဂါဟူး

စာရေးဆရာဖြစ်ဖို့ မွေးဖွားလာခဲ့သူ

စာရေးဆရာ ဖြစ်ဖို့မွေးဖွားလာခဲ့သူ

ကျွန်တော့်မှာ စာရေးဆရာဖြစ်ဖို့
ပါရမီ မပါဘူးဆိုတာ
ဆယ့်ငါးနှစ်ကြာမှ သိခဲ့သည်။
သည်အချိန်မှာ ကျွန်တော်က
အရမ်းနံမည်ကြီးနေပြီဖြစ်ရာ
နောက်ဆုတ်၍ မရတော့။

( ရောဘတ်ဘင့်(ချ)လေ )

“သေသေကျေကျေ ဗျာ၊ ကျွန်တော်တော့ စာရေးဆရာ မဖြစ်ဖြစ်အောင် ကြိုးစားမယ် ၊ ” သည်စကားကို ပြောသူက ၊ ကျွန်တော့စားသောက်ဆိုင် ဖွင့်စမှာ ရောက်ရှိလာသည့် ဧည့်သည် တစ်ယောက် ဖြစ်၏ ။ အဲသည် တုန်းက သူ “စတား” မဖြစ်သေးပါ။ စာတစ်အုပ်မှ ပုံမနှိပ်ရသေး ။ ဘယ်သူမှလည်း မသိသေးပါ။ သို့သော် အလက်(စ်)ဟယ်လေက တစ်နေ့မှာ ကမ္ဘာက လေးစားရသည့် စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ သေချာပြဌာန်း ပြီးသား ပုဂ္ဂိုလ် တစ်ယောက်ဖြစ်သည်။

                 အလက်(စ) နှင့် ကျွန်တော် ၁၉၅၁ ခုနှစ်က စတွေ့သည်။ အဲသည်တုန်းက  ကျွန်တော် ဆန်ဖရစ်စစ္စကို ရှိ မရီနာ အထက်တန်းကျောင်းက ဖွင့်လှစ်သော သက်ကြီးပညာရေး အစီအစဉ်တွင် စာပေရေးသားခြင်း အတတ်ပညာသင်တန်း ပို့ချလျက်ရှိသည်။ အလက်(စ)က ကမ်းရိုးတန်း အစောင့်တပ်မှာ စားဖိုမှုးတစ်ယောက် ဖြစ်ပြီး ၊ ထူးခြားသော စာပေတစ်မျိုး ရေးသားသော အလုပ်၌ အောင်မြင်မှု ရလျက်ရှိသည်။ ထိုအလုပ် ဟူသည်က ၊ ပင်လယ်ပြင်မှာ ခရီးသွားနေစဉ် အတွင်း သူငယ်ချင်း သင်္ဘောသားများအတွက် ရည်းစားစာ တစ်စောင်လျှင် တစ်ဒေါ်လာနှုန်း ရေးဖွဲ့ သီကုံးပေးခြင်းဖြစ်သည်။ ကုန်းပေါ် ရောက်သည့်အခါ သူ့စာများကြောင့် ချစ်သူသက်ထားတွေနှင့် အဆင်ပြေကြ အကျိုးထူးခံစား ကြရသည် ဟုဆိုပါသည်။ အလက်(စ)က ကျွန်တော်၏ အဖျော်ယမကာ နှင့် စားသောက်ဆိုင် “အယ်(လ) မာတာဒါ” (နွားရိုင်းသတ်သမား) သို့ ပုံမှန်လာ လေ့ရှိသည့် ဧည့်သည်တစ်ယောက်ဖြစ်သည်။ သူက အရက် သောက်လေ့ရှိသူ မဟုတ်ပါ ။ သို့သော် ဘားခန်းတစ်ဝိုက်မှာပဲ သူ တရစ်ဝဲ၀ဲ နေလေ့ရှိသည်။ ရည်ရွယ်ချက် ကတော့ စာရေးဆရာ တစ်ယောက် ဖြစ်လာရေးတည်းဟူသော သူ၏ ရာသက်ပန် ရည်းမှန်းချက်ကြီး အောင်မြင် ရေးအတွက် အထောက်အကူပြုနိုင်မည့် စာပေနယ်မှ ပုဂ္ဂိုလ်များနှင့် တွေ့လိုသောကြောင့် ဖြစ်သည်။ 

                 သူ့မှာ နဂိုဗီဇ အနုပညာပါရမီ သိပ်မရှိလှပါ။ သို့သော် ဇတ်လမ်းတော့ သူကောင်းကေင်း ဖန်တီးတတ်သည်။ စာကို ကြိုးစားပမ်းစား နေ့တိုင်းရေးသည်။ စာရေးခြင်း အတတ်ပညာနှင့် စပ်လျဉ်းသည့် စာမှန် သမျှ အားလုံးဖတ်သည်။ ပြီး ၊ ဘယ်တော့မှ လက်လျှော့ဖို့ စိတ်မကူး။

                 သို့နှင့် ၊ တစ်နေ့မှာတော့ ကမ်းရိုးတန်း အစောင့်တပ် အကြောင်း  ရေးသားသည့် သူ့စာလေး တစ်ပုဒ် (ယခုအပတ်) တနင်္ဂနွေ သတင်းစာ အချပ်ပိုထဲမှာ ပါလာသည်။ 

                 “ကျွန်တော့်ကို ဒေါ်လာ ၁၀၀ ပေးတယ်ဗျ၊” သူ ပြောပြသည် ။ “ကျွန်တော် အဲဒီပိုက်ဆံကို တစ်ဒေါ်လာတန် အရွက် ၁၀၀ နဲ့ လဲတယ်၊ ပြီးတော့ အင်္ကျီအိတ် တစ်အိတ် မှာ ၅၀ စီ ခွဲထည့်တယ်၊ အိတ်နှစ်ဖက်ကိုညှစ်ပြီး လမ်းထဲလျှောက်ရတာ လက်က အရသာရှိလိုက်တာဗျာ” အဲသည် ညက အောင်ပွဲခံ သည့်အနေနှင့် မာတာဒေါမှ ကျွန်တော်တို့ ရှန်ပိန် တစ်လုံး ဖောက်ကြသည်။ 

တစ်ညတွင် စာရေးဆရာ ဘဒ်ရူးလ်ဘာ့ဂ် နယူးယောက်မှ လေယာဉ်နှင့်ရောက်ရှိကာ မာတာဒေါသို့ ၀င်လာ ခဲ့သည်။ အဲသည်တုန်းက အလက်(စ)သည် ပင်လယ်ကွေ့ အရှေ့ဘက်ကမ်းရှိ အုတ်ကလန်မြို့မှာ နေထိုင်လျက်ရှိသည်။ သူ့ဆီ ကျွန်တော်ဖုန်းလှမ်းဆက်တော့ ဆန်ဖရန်စစ္စကို တံတားကြီးကို အမြန်နှုန်းထား နှင့် ဖြတ်ကျော်ကာ ကျွန်တော်တို့ဆီ ရောက်လာသည်။ အလက်(စ)က ဘဒ်ရူးလ်ဘာ့ဂ်၏ waterfonts နှင့် What Makes Sammy Run ၀တ္ထုများကို အကြီးအကျယ် နှစ်သက်သူဖြစ်ရာ သည်စာအုပ်တွေ ရေးသည့် စာရေးဆရာနှင့် တွေ့ရမည့်အတွက် အရမ်းဝမ်းသာ တက်ကြွနေသည်။ ဘားခန်းမှာထိုင်ကာ သူတို့နှစ်ယောက် မနက်လေးနာရီ အထိ စကားပြောကြသည်။ ဘဒ်က အလက်(စ) စာရေးသည့် ကိစ္စကို အားပေးသည်။


                 နောက် လအနည်းငယ်မှာပင် ရိဒါးစ်ဒိုင်ဂျက်(စ်) မဂ္ဂဇင်းတွင် အလက်(စ)၏ စာတစ်ပုဒ် ပါလာသည်။ ပူးမင်းမီးရထား အထက်တန်းတွဲများမှာ တွဲစောင့်လုပ်ခဲ့သည့် သူ့ဖခင်အကြောင်း ကို “ကျွန်ုပ် မမေ့နိုင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်” ကဏ္ဍအတွက် ရေးသားခဲ့ခြင်း ဖြစ်၏။ အဲသည့်နောက်တွင် သူ တောက်လျှောက် တက်လာသည်ဟု မဆိုသာသော်လည်း စာပေနယ်မှာ အရှိန်ရစ ပြုလာတာတော့ အမှန်ပင် ။ True,Argosy,TrueConfession စသည်တို့ အပါအ၀င် မဂ္ဂဇင်းပေါင်းများစွာမှာ ဆောင်းပါး အပုဒ်ပေါင်းများစွာ သူရေးသည်။ “ဖွင့်ဟ၀န်ခံချက်” (Confession) မဂ္ဂဇင်းများသည် စာရေးသားရာ၌ အားပြိုင်မှု နှင့် ဇတ်ဆောင်စရိုက်ဖော် ရေးဖွဲ့မှု တို့၏ အရေးပါပုံကို နားလည်တတ်ကျွမ်းအောင် သင်ကြားပေးသည့် လေ့ကျင့်ကွင်းများ ဖြစ်ကြောင်းသူ အမြဲပြောလေ့ရှိသည်။

                 သည့်နောက်မှာ သူ သိသိသာသာ တစ်ဆင့်တက် လာသည်။ ဂျပ်(ဇ)တေးဂီတသမား ထရမ်းပက် ပညာရှင် မိုင်းလ်(စ)ဒေးဗစ်(စ) အကြောင်း သူရေးသားသည့် အမေးအဖြေပုံစံ ဆောင်းပါးက လူကြိုက်များသွားခြင်းဖြစ်သည် ။ အဲဒါသည် နောက်ပိုင်း၌ မလေးဘွိုင်း မဂ္ဂဇင်း၏ အင်တာဗျူး ပုံစံအဖြစ် တွင်သွားခဲ့သည်။ အဲသည်တုန်းက မိုင်းလ်(စ)ဒေးဗစ်(စ) အကြောင်း စာလုံးရေ ၆၀၀၀ ခန့်ပါသည့် ဆောင်းပါး တစ်ပုဒ်ရေးသားရန် သူ့အားအပ်ခဲ့ခြင်း ဖြစ်ပြီး ၊ ရက်သတ္တပတ် (၆) ပတ် သူအချိန်ရခဲ့သည် ။ သုံးပတ်လောက် ကုန်သွားပြီးသည့် နောက်တွင် သူ့ဆောင်းပါးကို အဲသည်လောက်ရှည်အောင် ရေးဖို့ မလွယ်ဘူး ဆိုတာ သူ သွားတွေ့သည်။

                 “မိုင်းလ်(စ)က ဟုတ်ကဲ့ ဟင့်အင်း လောက်ပဲပြောတဲ့ လူစားမျိုးဗျ” သူပြောပြသည်။ “ခင်ဗျားက သူ့မိတ်ဆွေ ဆိုပါတော့ ၊ ညနေ ၆ နာရီခွဲလောက်မှာ ဖုန်းဆက်လို့ ကောက်နားထောင်လိုက်ရင် ပြောသံကြားရမယ်၊ “ချိလိ”(ငရုတ်သီး) ဆိုတာမျိုး ၊ တစ်လုံးပဲပြောပြီး ဖုန်းချသွားမယ် ၊ အဲဒါဘာလဲ ဆိုတော့ သူ ငရုတ်သီးများများပါတဲ့ အစပ်ဟင်းတစ်ခုခု ချက်ထားတယ်၊ ခင်ဗျား လာစာဖို့ခေါ်တာ၊ အဲဒါမျိုး.... ဒီတော့ ကျွန်တော်ဘာလုပ်သလဲ၊ ကျွန်တော်က ဒီမဂ္ဂဇင်းမှာလည်း သိပ်ပါချင်တယ်ဗျာ ၊ အဲဒါနဲ့ ကံစွပ်ကံညားပေါ့ဗျာ စွန့်ပြီးလုပ်ကြည့် လိုက်တယ်၊ စာလုံးရေ ၆၀၀၀ ထဲက ပထမတစ်ဝက်ကို မိုင်းလ်(စ) နဲ့ သူရဲ့လောက အကြောင်း ဆက်ဆေးပုံစံနဲ့ ရေးတယ်၊ အဲဒါကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် အကြိမ်ကြိမ် ပြန်ရေးတယ်၊ နောက်သုံးထောင် အတွက်ကျတော့ ၊ သူပြောခဲ့သမျှ စကားတွေ အားလုံးယူ၊ အဲဒါတွေကို ကျွန်တော်က မေးလို့ သူကပြန်ဖြေတဲ့ ပုံစံမျိုးနဲ့ ပြန်ရေးတယ်၊ ပြီးတော့  အယ်ဒီတာတွေ သွားပေးတယ် ၊ ပရိတ်သတ်တွေက ဖတ်ပြီး ဒီစတိုင်လ်ကို သဘောကျသွားကြတယ်၊”

ဆက်လက်ဖော်ပြပါမည်........................။

Friday, October 29, 2010

သူ့မယား ငါ့မယား

အခန်း(၁)
သြော်.....မယ်စံ၊လုပ်ရက်တဲ့ ကောင်မ။ ငါကတော့ မယားတစ်ယောက် သူများနည်းတူ ၀တ်စေချင် ဆင်စေချင်လို့ သွားလိုက် လာလိုက် ရှာဖွေလိုက်ရတာ။ နေ့နှင့်အမျှ နေပူမိုးရွာ အခါမရွေး ဘိုင်စကယ် တစ်စင်းနဲ့ ရွာအနှံ့ သွားလိုက်ရတာ။ သူ့မှာတော့ ငါသွားနေသမျှ ကာလပတ်လုံး အိမ်မှာ ဟိုအကောင် နဲ့ ဖြစ်ချင်သလို ဖြစ်နေတာပါကလား။

သြော်.... မိန်းမ-မိန်းမ၊ မိန်းမများ ရက်စက်တော့ ဘာကိုမှ မထောက်ထား။ ကျေးဇူးတွေကို အကုန်မေ့တော့ တာပါကလား ကိရို။
အင်း...ဒါလည်း ငါ့အပြစ်ပဲ။ ငါပေါ့လို့ ဒီလိုဖြစ်တာပဲ၊ ငါယုံကြည်ပြီး လွှတ်ထားမိပေတာကိုး။ နွေဦးပေါက် ကတည်းက ငါလည်းခရီးလမ်းများ သူလည်း မူကွဲတာပဲ၊မူကွဲတာတောင် ငါအကဲ မခတ်မိဘူး၊ ငါ့မယားကို တစ်စုံ တစ်ယောက်နဲ့ ယုတ်ပတ် ဖို့မဆိုထားနဲ့၊ အမရာ ကိန္ဒရီ မဒ္ဒီ သမ္ဘူလ တော်လေးဆူလို ၊ အဖြူထည် စင်စင် မြူမထင် မိုးမထင် ငါက လွဲရင်ဖြင့် ဘယ်သင်းကိုမှ စိတ်မကူးဘူးလို့ မှတ်ထင်ခဲ့မိတာတွေ တက်တက်စင် လွဲတော့တာပါကလားကရို။
အဲလေ......မတတ်နိုင်ပါဘူး ၊ လူသူကလည်း ပြတ်လပ်၊ နွေရာသီကလည်း ဆိတ်ငြိမ် ၊ အိမ်ခြေရာလည်း ကျိုးတိုးကျဲတဲ ပူအိုက်တဲ့ နေ့လယ်အခါများမှာ တစ်ရွာလုံး ကိုယ့်အိမ်မှာကိုယ် ကုတ်ပြီး အသီးသီး လုပ်စရာရှိတဲ့ အိမ်တွင်း အလုပ်ခန်းများကိုသာ လုပ်နေကြရတော့ တစ်အိမ်နဲ့တစ်အိမ် အကူးအသန်းမရှိကြ။

သူ့မှာတော့လည်း ခြေဖ၀ါး လက်ဖ၀ါး ရေမစွတ် အောင်ထားတဲ့ မယားဖြစ်လေတော့ ၊ ငါမရှိခိုက်မှာ တစ်ကိုယ်တည်း ပျင်းချင်တိုင်း ပျင်း ၊ ရိချင်တိုင်း ရိသည့်ခါ ဟောဟို ကန့်လန့်ကာ အတွင်းမှာ တွန့်လိမ်ညောင်းညာ၍ နေမှာပဲ ၊ အဲသည်လိုနေခိုက်မှာ ဗရွတ်ရွှတ်တ တောင်ပြောမြောက်ပြော၊ ရောင်ချော ကလေးနဲ့၊ ဟိုအကောင်ဟာ ငကြောင်ဆိုတဲ့ နံမည်နှင့် လိုက်စွာ ကန့်လန့်ကာ ပြင်ဘက်နားမှာ လာပြီး တင်ပျဉ်ခွေ ထိုင်ကာ ၊ ဗလက္ကာရ စကားတွေကို ရယ်ရယ်မောမော ပြောချင်တိုင်းပြောရာမှ ၊ အရော တ၀င်ဖြစ် ၊ တစောင်းလှဲနေရာမှ သူ့ပေါင်ကိုလှမ်းပြီး လိမ်ချင်လိမ်မှာပဲ ၊ ဟိုအကောင်ကလည်း လက်ဆော့ ခြေဆော့ နှုတ်ကသော့သွမ်း မိုက်ရမ်းရမ်းဖြစ်တာနဲ့၊ ငါ့မယားတင်ပါးကို လှမ်းပြီး လက်နဲ့ပုတ်ချင် ပုတ်မှာပဲ ၊ အဲဒီလို လုပ်ရာက ကျီးနဲ့ကြက်မှ တစ်ပါး ဘယ်သူဘယ်ဝါမျှ မရှိတဲ့ အိမ်ခြောက်ကြီးမှာ နှစ်ယောက်တည်း ဒီလိုနေရင်း အတွင်းမီးတောက်ကြပြီး ရောက်ချင်ရာ ရောက်ကြရာမှ တစ်ယောက်ကိုတစ်ယောက် စွဲပြီး မနည်းကြီးဖြစ်ကြလို့ နှစ်ကြတာနဲ့ တူတာပဲ၊
ဟိုအကောင်လည်း မယားနဲ့ ၊ သင်းမှာလည်း ငါနဲ့၊ တယ်လေ... ဘယ်လိုဖြစ်ဖြစ် နှစ်ယောက်စလုံးကို လိုက်ရှာပြီး တွေ့ရာမှာ လှံနဲ့ထိုးသတ်ရရင် ကမ္ဘာမှာ ရာဇ၀င်ဆိုးတော့မှာပဲ စသည်ဖြင့်၊ မောင်မြ တွေးတော နေခိုက် ၊ ဘိုးကြောင်၏ မယား မယ်မှုန်သည် ပျာယီးပျာယာ အိမ်ရှေ့သို့ ရောက်လာပြီး လက်ညှိုး ငေါက်ငေါက် ထိုးကာ.......

“ရှင်သိရဲ့လား ၊ အခု ဘာဖြစ်တယ်ဆိုတာ ရှင် နားလည်ရဲ့လား၊ ဒီက ယောက်ျားကို ရှင့်မယား သွေးဆောင် သွားတာ၊ အခု ဘယ့်နှယ့်လုပ်မလဲ ၊ ကျုပ် မခံဘူး ၊ သေသေချာချာ မသိရလို့ ဆိုင်းနေတယ် ၊ အခုမှ သေသေ ချာချာ သိရတယ်။

မီးရထားရုံမှာ နှစ်ယောက်အတူသွားတာကို မျက်စိတပ်အပ် မြင်သူက ပြောလို့ သိရပါပြီ ။ ရှင့်မယား ရှင်ပြန်ခေါ် ၊ ခေါ်ရင် မခံဘူး၊ သူကြီးအိမ်သွားမယ် ၊ လင်းခိုးမျောက်မထားမ သိရစေ့မယ်”

စသည်ဖြင့် ရေရွတ်ပြောဆိုကာ မောင်မြသည် ဘာကို ပြန်၍ ပြောရမှန်းမသိ ပါးစပ်ဟလျက် ကြောင်တောင်တောင်ကြီး ကြည်၍ နေလေရာ ဒေါသထွက်သော မယ်မှုန်၏ မျက်နှာသည် သွေးရောင်နှင့် ၀င်းထိန်လျက်နေရာ တောက်လွင်ထွန်းပ ဒေါသကြောင့် လှ၍နေသူကို မောင်မြ သတိထားမိလေ၏။

“ငါဘာတတ်နိုင်မလဲ မယ်မှုန်ရယ်၊ ငါလည်း နင့်လိုပဲ ပေါ့ဟယ် ၊ ကံတူ အကျိုးပေး ဖြစ်နေတာပဲ ၊ ငါတော့ ကလဲ့စားသာ ချေလိုက်ချင်တော့တာပဲ” ဟု ဣနြေ္ဒကြီးနှင့် ပြောလိုက်ရာ ဘိုးကြောင်၏ မိန်းမသည် အံ့အား သင့်သော အမူအရာနှင့် မောင်မြ၏ ညှိုးငယ်သောမျက်နှာကို စိုက်ကာကြည့်၍ နေလေ၏။

မောင်မြသည် အခြားရွာသာများ နှင့်မတူ ၊ ရိုးသားလျက် မခုတ်တတ်သော ကြောင်ပမာ သဘော ကောင်းလျက် ၊ ချောမောသော အသွင်လည်း ရှိ၏။ 

သူ့အလုပ်မှာ ဘိုင်စကယ်တစ်စီးနှင့် ရွာများကို လှည့်လည်ကာ ဆံပင်ညှပ်ခြင်း ၊ သော့ပြင်ခြင်း ၊ အိမ်အသုံး အဆောင် အပျက်အစီးမှန်သမျှကို ပြင်ပေးခြင်းဖြင့် ငွေဝင်မှန်သော ဥာဏ်အလုပ်ကို စိတ်ကူးအလုပ်နှင့် အကြမ်းလွန်သော လက်အလုပ်ကို လုပ်သူဖြစ်ရာ ၊ တောပွဲစားလုပ်သော ဘိုးကြောင်နှင့် စာလျှင် တော်သလိုလို ဖြစ်၍နေလေ၏။

အတန်ငယ် ငေးပြီးနောက်.......

“ရှင်ဘာပြောတာလဲ” ဟု ဣနြေ္ဒနှင့် စိတ်ဆိုးသလို မေးလေ၏။   “ တစ်ခြားမဟုတ်ပါဘူး မယ်မှုန်ရယ် ၊ နင်က ဆူဖို့ မဟုတ်ပါဘူး၊ ငါက ဆူဖို့ပါ ၊ ငါဆူရင် နင့်လင်ဒုက္ခပဲ ၊ မယားခိုးမှုနော် ၊ ငယ်ငယ်မှတ်သလား ၊ ထောင်ဒဏ် ၇ နှစ် ဆိုတာ အနည်းဆုံးကျမှာ ၊ စစ်ဆေးစုံစမ်းနေဖို့ ဘာမှ မရှိဘူး၊ ခိုးပြေးတာ ထင်ရှားနေပြီ ၊ ကိုင်း.......နင်ဘယ်လို သဘောရလဲ၊ နင့်လင်ကို ငါထောင်ချရမလား”

မယ်မှုန်မှာ မျက်လုံးပြူး၍ လာလေ၏ ။ ထို့နောက် ဒေါသနှင့် မျက်နှာနီလျှက်..... “ အို ...... ထောင်မကလို့ တစ်ကျွန်းရောက်ရောက်တော်၊ ရှင့်သဘောရှိ ၊ သင်း ပွဲစားလုပ်တာ မယားတစ်ယောက်မှ ၀ အောင်မကျွေး နိုင်ဘူး ၊ ဒီက ဈေးရောင်း ကျွေးနေရတာ ၊ ဒီအကောင် ပြန်လာတောင် မပေါင်းနိုင်ဘူး ၊ အခု ရှင်သိစေချင်လို့ လာပြောတာ” ဟုပြောပြီး ချာကနဲ လှည့်၍ ထွက်သားလေ၏။

ဆက်လက် ဖေါ်ပြပါမည်.....။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More