Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Saturday, July 9, 2011

စာရေးပျင်း အနုပညာ (သို့) ကျွန်တော် စာမရေးရခြင်း အကြောင်း

စာဖတ်နိုင်ကြသူများထဲတွင် စာရေးသူများအနည်းငယ်တွေ့ရသည်။ သူတို့ ဘာကြောင့် စာရေးခြင်းကို ကျွန်တော် မသိရပေမယ့် စာရေးသူအနည်းငယ်မျှသာ စာဖတ်နိုင်ကြသူများထဲမှ ပေါ်ထွက်လာခြင်းကို ကြည့်ခြင်းဖြင့် စာရေးရန် အတွက် လုံလောက်သော အားထုတ်မှု လိုအပ်သည်ကို သိရှိနိုင်သည်ဖြစ်သည်။ရေးချင်၍ရေးသူ ရှိသလို၊ရေးရန်လိုအပ်၍ ရေးသူများလည်း ရှိမည် ဖြစ်သည်။သူတို့ ရေးလျှင် ကျွန်တော်က ဖတ်မည်သာ ဖြစ်သည်။ စာရေးသူသည် စာများများဖတ်ရန် လိုသည်ဟု ဆိုကြသဖြင့် စားများများဖတ်ထားသူများ စာရေးသင့်သည်ဟု ဆိုလျှင် ညီမျှခြင်းချကြည့်၍ မှန်မည် မဟုတ်ပေ။

စာရေးရန် လက်ချောင်းကလေးများ မရှိသော်လည်း ရေးချင်သူအဖို့မှာ ခြေချောင်းများဖြင့် အားထုတ်ရှာသည်။ မျက်စိမမြင် သော်လည်း ဖောင်းကြွ သင်္ကေတဖြင့် ရေးကြပြန်သည်။ စာရေးလိုစိတ် ပြင်းပြခြင်းကို အံ့သြမိသည်။

မိမိစာကို ဖတ်သည်ဖြစ်စေ ၊ မဖတ်သည် ဖြစ်စေ နေ့စဉ်ရေးသားနေကြသူများ ရှိကြသေးသည်။ မနေနိုင်၍ ပဲ ရေးရေး ၊ ရေးချင်၍ပဲ ရေးရေး စာရေးဖို့ အချိန်ပေးရခြင်း၊ လက်ချောင်းများညောင်းအောင် နှိပ်စက်ရခြင်းဖြင့် ကြိုးစားအားထုတ်နေကြသည်ကို ကျွန်တော်တို့က ဖတ်ရှုပေးခြင်းဖြင့် ချီးမွမ်းဂုဏ်ပြုကြသေးသည် ဟု ယူဆသည်။

စာရေးရာတွင်လည်း မိမိတို့ သန်သလို ကဗျာ၊ ၀တ္တု၊ အလင်္ကာ၊ ရသ၊ ဟာသ၊ အချစ်၊စွန့်စား၊ထူးခြား၊ သိပ္ပံ စသည်ဖြင့် ရေးကြသလို ဆောင်းပါ၊ အတ္ထုပတ္တိ၊ ဓမ္မ၊ ကြော်ငြာ မျိုးစုံသော ပုံစံဖြင့်ရေးသည် ကို တွေ့ရသည့်အပြင် နို့တစ်စာ ၊ခြိမ်းခြောက်စာ၊ ဆင့်ခေါ်စာ၊ ရည်းစားစာကဲ့သို့သော စာများအပြင် အပေါ့ အလေသွားရင်း လက်ကိုနေရာမထားတတ်သောကြောင့် နံရံတွင် ဟိုခြစ် သည်ခြစ်ဖြင့် အယားဖြေတတ်သော စာရေးသူများကိုလည်း တွေ့ရသည်။

အကြောင်းအရာကို ဖြစ်စေ၊ အတွေးအခေါ်ကို ဖြစ်စေ၊ သတင်းအချက်အလက်ကို ဖြစ်စေ၊ တင်ပြလိုသည့် အကြောင်းအရာကို ပုံစံမျိုးစုံဖြင့်လည်း ရေးသားတင်ပြတတ်ကြသေးသည်။ ထိုကဲ့သို့ လူမျိုးပေါင်းစုံ စာပေါင်းစုံများကို ရေးဖွဲ့ပုံ ပုံစံမျိုးစုံဖြင့် ရေးသားနေကြသည်ကို တွေ့ရသော်လည်း ထိုအလုပ်အပေါ် အားကျသော စိတ် မိမိထံတွင် ရိုးတိုးရိတ်တိတ်မျှပင် မဖြစ်ခဲ့ပေ။

အပေါင်းအသင်းများကလည်း စာရေးရန် တိုက်တွန်းခြင်း မရှိပေ၊ ရှိပါကလည်း အပေါင်းအသင်းကို အားနာ၍ ရေးဖြစ်မည် မထင်ပါ။ ရေးစရာ အကြောင်းအရာမရှိ၍လည်း မဟုတ်ပါ။ ရေးစရာ အဆင်သင့်မရှိ၍ လည်းမဟုတ်ပါ။ အထင်မကြီး၍လည်း မဟုတ်၊ ၀ါသနာ မပါ၍လည်းမဟုတ်ပါ။ ဘာမှမဟုတ်ရင်လည်း မရေးနဲ့ပေါ့ဟု ဆိုလျှင်လည်း မရေးဘဲ နေမည်သာဖြစ်သည်။ စာရေးရမည်ထက်စာလျှင် ပါးစပ်ဖြင့်ပြောလိုက် ခြင်းက လိုချင်သော အကြောင်းအရာနှင့် အချက်အလက်ကို အားပါးတရ တင်ပြနိုင်သည်ဟု ယူဆသည်ကလည်း တစ်ကြောင်း၊ စာရေးထားခြင်းသည် ကာလတစ်ခုအထိ တည်ရှိနေနိုင်သော သဲလွန်စ အထောက်အထားကဲ့သို့ ခြေရာလက်ရာမျိုး မကျန်ခဲ့စေချင်သည်က တစ်ကြောင်း။ (မယုံလျှင် မိမိတို့ ရည်းစားစာများကို ပြန်ဖတ်ကြည့်လျှင် တွေ့ကြရလိမ့်မည်။) ( မိမိကိုယ်တိုင် ထိုခြေရာလက်ရာများကို ယခုထိ မျက်နှာ ပူရဆဲဖြစ်သည်)

အဓိက အချက်မှာ စာရေးရမှာကို ပျင်းလွန်းခြင်းကြောင့် မရေးခြင်းဖြစ်သည်။ အနည်းဆုံး အက္ခရာတစ်လုံးကိုပင် လေထဲတွင် “ ၀ ” ဖြစ်အောင် မ၀ိုင်းဘူးပေ။ ငယ်စဉ်ကတည်းက စာရေးလျှင် “ သည် ” တစ်လုံးကို အဆုံးတွင် ရအောင် ကပ်ရေးပြီး နောက်တစ်ကြောင်းဆုံးတိုင်း ထိုသည် အောက်မှပင် တူညီအမှတ်လေး အဖြစ် တုတ်ချောင်းတစ်ချောင်းသာ ဆွဲခဲ့သည်ကို အမှတ်ရမိသေးသည်။ တူနေသော ၀ါကျပါလျှင်လည်း ထိုအတိုင်းပင် ကြက်ခြေပြခဲ့ရာ စာမေးပွဲဖြေချိန်တွင် ဘာသာရပ်တိုင်းလိုလိုကို ပြန်ကူး ခဲ့ရပေါင်းများလှပေသည်။

မရေးမဖြစ် ရေးရလျှင်တောင် သုံးကြောင်းထက်ပိုလျှင် ပုဒ်မတောင် မချချင်တော့လောက်အောင် ပျင်းခဲ့သည်။ မိဘ နှစ်ပါးက ကြေးနန်းဌာနတွင် အလုပ်သွင်းပေးမည် တကဲကဲဖြင့် ကျွန်တော့် အကျင့်ကို ထောပနာ ပြုခဲ့ဖူးသည်။ သူငယ်ချင်း တစ်ယောက်က ပြောဖူးသည်။ မင်း သူများကို ဆဲချင်ရင် ပါးစပ်နဲ့ပဲဆဲတဲ့၊ စာရေးပြီးဆဲကြည့်ပါလား တစ်သက်လုံးမင်းကို အယုတ္တအနတ္တကောင်ဆိုပြီး လူတိုင်းသိအောင် လျှောက်ပြမှာပေါ့တဲ့။ နမူနာကောင်းကို မှတ်တတ်သော ကျွန်တော့်အကျင့်က ထိုအတွေး အခေါ်ကို မှတ်ယူထားလိုက်သဖြင့် စာရေးရမှာလည်း ကြောက်လာပါသည်။

ချွင်းချက်အနေဖြင့် တစ်ခါတော့ စာရေးချင်စိတ် ဖြစ်ခဲ့ဖူးသည်ဟု ၀န်ခံပါသည်။ မည်သည်အကြောင်းဟု ဆိုရသော်.....................

ကျွန်တော့်ရည်းစား လင်နောက် ကောက်ကောက်ပါသွားချိန်ကဖြစ်သည်။ သစ်စိမ်းချိုးဆိုတော့ ထိုအချိန်က ဒေါသ တော်တော်ဖြစ်မိသည်။ ဒင်းစာတွေကို ပြန်ဖတ်ပြီး သူ့အစားရော ကိုယ့်အစားပါ ရှက်ပြီး မီးရှို့ရန် ကြံစည်ပြီးမှ ဒင်းစာတွေ စာမျက်နှာပေါ်တင်ပြီး အရှက်ခွဲလျှင် အင်မတန်မှ သင့်လျော်မည်ဟု တွေးမိပြီး မဂ္ဂဇင်းများကို ပို့သေးသည်။ သို့ရာတွင် သူများရည်းစားစာပေါ်တွင် ညွှန်းစာလေး တစ်ကြောင်း နှစ်ကြောင်းဖြည့်ပြီး ပို့ခြင်းဖြစ်ရာ အယ်ဒီတာတိုင်း ဒေါသထွက်ဖူးခဲသဖြင့် မည်သည့် မဂ္ဂဇင်းကိုမျှ မည်သည့် အကြောင်းဖြင့်ပင် ဖြစ်စေ ယနေ့တိုင် ခြေဦးမလှည့်ရဲတော့ပါ။

ထိုအချိန်လောက်ကပင် စာတို တစ်ကြောင်း နှစ်ကြောင်း ရေးခဲ့ဖူးပါသည်။ နောင်တွင်လည်း ရေးမည်မဟုတ်ပါ။ စာရေးရမှာ ပျင်းသော ကျွန်တော့်အတွက် မည်သည့်အကြောင်းအရာဖြစ်စေ စာလုံးအဖြစ် ပြောင်းလဲစေမည် မဟုတ်ပါ။ သူငယ်ချင်းများ ပြောခဲ့သလို ပါးစပ်ဖြင့်သာ ဆဲပါမည်။ မကြားနိုင်သူများ အဖို့ ကျွန်တော်သည် လူကောင်းဖြစ်နေမည်သာ ဖြစ်သည်။ စာတစ်ကြောင်း နှစ်ကြောင်း ကြောင့် တစ်သက်လုံးခေါ်မဖော် နိုင်သော ဘ၀ထက်စာလျှင် လုံးဝ စာရေးပျင်းသော၊ လုံးဝ စာမရေးဘူးသော ဘ၀က ပို၍ အဆင်ပြေစေ မည်ဟု ထင်သည်။ ထို့ကြောင့် ကျွန်တော် စာလုံးဝမရေးရခြင်းဖြစ်သည်ဟု အသိပေးလိုက်ရပါသည်

မှတ်ချက် ။ ။ စာမရေးရခြင်း အကြောင်းထဲမှာ လက်ညောင်းတာလည်းပါတယ်။

ဂြိုလ်ကော်


ဟားခလုတ် (3) မှ

Thursday, May 26, 2011

ပြောမဆုံး မောမဆုံး ဘောလုံး....ဘောလုံး

ရှောမနိပ်ဥုက်က ဘောသမားကြီးပါ။ ငယ်စဉ်ကများဆိုရင် ဘောဆိုလာထား ကန်ပြီးသားဆိုသလို တွေ့သမျှဘော အကုန်ကန်ခဲ့တာ။ ရာဘာဘောလုံး ကော်ဘောလုံးဆိုတာတင်မက ကလေးဆော့တဲ့ ပူစီဖောင်း မကျန် ကန်ခဲ့တဲ့ ဘောသမားအစစ်ကြီးဗျ။

ခု...အသက်လေးက ရလာပြီဆိုတော့ ဘောကိုခြေထောက်နဲ့ မကန်ဖြစ်တော့ဘူး။ ခြေထောက်နဲ့မကန် ဘာနဲ့ကန်သတုန်းဆိုတော့ မျက်လုံးနဲ့ ကန်နေသဗျ။

ဟဲဟဲ .....မျက်လုံးနဲ့ ကန်တယ်ဆိုသဟာက ဘောပွဲကြည့်တာကို ဆိုလိုတာပါ။ အင်္ဂလိပ် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေ၊ ဂျာမန်ဘွန်းဒက်လီဂါ၊ မြန်မာအမ်အက်ဖ်အက်ဖ် ပါမကျန် မျက်လုံးနဲ့ လိုက်ကန်ဖြစ်နေတာပါပဲ။

အဲသလို အကန်ဘယ်လောက်များခဲ့သလဲဆို ကိုယ့်ဆွေမျိုး နာမည်သာ မေ့ချင်မေ့မယ်၊ ဟိုကောင်တွေ ကျတော့ ဖန်သားပြင်မှာ ယင်ကောင်အရွယ် အစားလေး မြင်ရင်တောင် ပီတာခရော့၊ တော့တီ အလွန်ဆို အိုဆေးဆိုပြီး ဘိုင်ဟတ်ပြောနိုင်သဗျ။


၂၀၁၀ ကမ္ဘာ့ဖလားကြီး တောင်အာဖရိကမှာဖြစ်တော့ လက်ဟောင်းဘောသမားကြီး ရှောမနိပ်ဥုက် ရေငတ်တဲ့ဖား ရေကန်ထဲကျသလို ပျော်ခဲ့ရသပေါ့ဗျာ။

ကမ္ဘာတစ်လွှား ဘောခရေဇီ မိတ်ဆွေများလည်း ရှောမနိပ်ဥုက်ကဲ့သို့ ပျော်ကြမော်ကြရတာပေါ့။ ကဲ....... ပွဲကြီးအောင်မြင်စွာ ပြီးစီးသွားတော့ ပြောမဆုံး မောမဆုံး ဖြစ်နေကြပြန်ပါရော။

ဘောပွဲတစ်လျှောက် ထင်တစ်လုံးနဲ့ ထင်ထားခဲ့တဲ့ မက်ဆီထင်တိုင်းမပေါက်၊ ရွန်းနီညံ့ဖျင်း၊ ကာကာ ခြေမပေါ်၊ စီရော်နယ်ဒို အလုပ်မဖြစ်၊ အီတလီဖျာလိပ်၊ အင်္ဂလန် အရှက်ကွဲ ဆိုတဲ့အကြောင်းတွေ၊ အာဂျင်တီးနားသား ဗိုလ်စွဲရင် ဖင်ချွတ်ပြီး မြို့တစ်ပတ်ပတ်မယ်ဆိုတဲ့ မာရာဒိုနာကြီးရဲ့ အကြောင်း စတာတွေ ပြောမဆုံးဖြစ်ခဲ့ကြတာ စုံနေတာပါပဲဗျာ။

အမယ်...ဥရုဂွေးက မော်ဒယ်လ်မလေးကလည်း မာယာဒိုနာလိုပဲ သူတို့ဂွေးသာ အနိုင်ရရင် လူပုံအလယ် လုံးတီးကမယ်ဆိုပဲ။တော်သေးတာပေါ့ဗျာ။ ဘုရားသခင်က အဲဒီလိုအရှက်နည်းတဲ့သူတွေကို မျက်နှာသာမပေးခဲလို့။ နို့မို့ဆို ခရုဆံကျွတ်တွေကို မတွေ့ချင် မြင်နေလျက်သား ဖြစ်နေဦးမှာ။

ဘောပွဲကြီးမှာ ထင်သူတွေမပေါက်ပဲ မထင်သူတွေ ပေါက်တာလည်းအများကြီးတွေ့နေရသဗျ။ အာဖရိကရဲ့ ဘူးဘူးပလွေဆို ကမ္ဘာကိုကျော်ရော။ အပေါက်တကာ့အပေါက်ဆုံးကတော့ မိတ်ဆွေတို့ သိတဲ့အတိုင်း ရေဘ၀ဲပေါလ်။အနှီကျောရိုးမဲ့ သတ္တ၀ါလေးရဲ့ ခန့်မှန်းချက်တွေက ကွက်တိမှန်ခဲ့တာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ဗေဒင်နက္ခတ်အကြားအမြင် ဆရာတွေတင်မက ဘောပွဲတစ်ပွဲ ကြိုင်တင်ခန့်မှန်းသူ ပညာရှင်တွေ၊ ဘောကလောင်ရှင် စာနယ်ဇင်းဆရာကြီးတွေပါ ပက်လက်လန်ကုန်ရောပဲ။

ဟယ်.....တိရစ္ဆာန်ကလူထက်မှန်သဟဆိုတဲ့ အကြောင်းကလည်း   ပြောမဆုံး   မောမဆုံး  ဖြစ်ရပြန်သပေါ့ဗျာ။  ရေဘ၀ဲပေါလ်ကို ဈေးကြီးပေးပြီး ဟိုလူဝယ်မယ် ဒီလူဝယ်မယ်ဆိုတဲ့ သတင်း။ တချို့နိုင်ငံတွေက ဂုဏ်ထူးဆောင်လက်မှတ်ပေးပြီး ဂုဏ်ပြုကြတဲ့သတင်း စုံနဖာစေ့ နေတာပါပဲဗျာ။ ၏

နောက်တစ်ယောက် ပေါက်ခဲ့တာကတော့ ရှာကီရာ။ ဒီကောင်မလေးက နဂိုကတည်းက ကမ္ဘာကျော်ပြီးသားပါ။ ကျော်သော်ငြား ဂီတလိုက်စားသူများသာ သိခဲ့ကြတာပါ။အခု ဘောလုံးပွဲကြီးရဲ့ အဖွင့်သီချင်းဆိုလိုက်မှ ကမ္ဘာမြေအနှံ့အပြား တောကြိုတောင်ကြား မကျန် ကလေးအစ ခွေးအဆုံး သိကြတာပေါ့ဗျာ။

ခွေးအဆုံးဆိုတာ တကယ်ပြောတာဗျ။ အိမ်မှာမွေးထားတဲ့ ခွေးကြီးအောင်နက်ဆို ရှာကီရာရဲ့ ၀ါကာ ၀ါကာဆိုတဲ့ အသံကြားတာနဲ့ ပြေးလာပြီး အမြီးနှံ့နေတာပဲဗျ။ ရှာကီရာ သီချင်းဆုံးလို့ တခြားအဆိုတော် ၀င်လာရင် ၀ုတ်ဝုတ်ဝုတ်ဆိုပြီး မကျေနပ်သလိုလုပ်တာ....အံ့ရော။

ကောင်မလေးကလည်း မြင်တဲ့အတိုင်းပဲ။ ရုပ်ကလေးကလှ၊ အသံကလည်းကောင်း ၊ ကအုပ်ကလေးချီပြီး က တော့ချစ်စရာ၊ ဟော အာဖရိကန်လို ခုန်ပေါက်တော့လည်း စွဲမက်စရာလေးကိုဖြစ်နေတာကိုး ။

ဝါကာ ၀ါကာက စိတ်ချမ်းသာစရာပါ။ ကမ္ဘာမှာ ၀ါကာ ၀ါကာ မြန်မာမှာလည်း ၀ါကာ ၀ါကာ ၊ ကြော်ငြာနှစ်ခု သုံးခုပြိုင်ပြီး ထွက်လာကြတာ ၀ါကာဝါကာ၊ ဘောဆို အသေကြိုက် ဘောမှန်သမျှ ပါးစပ်နဲ့ ကန်ခဲ့တဲ့ စတီရီယိုခေတ် အဆိုတော် အန်တီကြီးကလည်း ၀ါကာ ၀ါကာ ၊ ရှောမနိပ်ဥုက်ကိုက ၀ါကာဝါကာ အေ့အေ့ ဖြစ်နေကမင့်ဟာ၊ ဘာပြောကောင်းမလည်း ၊ ပျော်စရာကြီးပေါ့။ သြော်...... ဒါကလည်းပြောမဆုံးပါပဲ အရပ်ကတို့။

ဥက္ကာမင်းဆက်
ဟားခလုတ် (၃)စာအုပ်မှ

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More