Showing posts with label သူ့မယား ငါ့မယား. Show all posts
Showing posts with label သူ့မယား ငါ့မယား. Show all posts

Sunday, December 19, 2010

သူ့မယား ငါ့မယား အခန်း(၁၀) ဇတ်သိမ်း



ကိုမြကြီးသည် ထိုနေ့၌ မယ်မှုန်နှင့် မယ်စံတို့အား မိမိ၏အခြေအနေကို သေချာစွာပြော၍ မပြလျှင် ဖြစ်တော့မည်မဟုတ် ၊ အခက်အခဲသည် သိသိသာသာကြီး လေး၍လာသည်ကို မျိုသိပ်၍ထားခဲ့သည်မှာ အတော်ကြာခဲ့လေ၏။ ယခုကား မပြောဘဲ မနေနိုင်တော့ပေ။ ကုန်စုံဆိုင်မှ ကုန်ကြွေးများကို မဆပ်နိုင်သဖြင့် ဖျက်သိမ်းရတော့မည့်အနေသို့ ရောက်၍နေလေ၏။

ထိုဆိုင်ကလေး ရှိသေသမျှ ငွေကြေးပင် အပိုအလျှံများစွာမရှိစေကာမူ ဣနြေ္ဒမပျက် ထမင်းနပ်စေ့အောင် စားနိုင်ကြသေး၏။ မတော်တဆ ဆိုင်ပိတ်လိုက်ရချေက ဖြစ်ပျက်ပုံအခြေအနေကို တစ်ရွာလုံး သိတော့မည်။ သိလျှင်အရှက်ကွဲတော့မည်။ ငွေငါးရာ ၊ တစ်ထောင်ကိုလည်း အဘယ်မှ လှည့်၍မျှ ရပုံမပေါ်သဖြင့် များစွာပင် အခက်ကြုံလေတော့သတည်း။

“ အများကတော့ ငါ့ကို သတိပေးကြတာပ ၊ လာဘ်အစား စုတ်တွေ ၀င်တယ်လို့ပြောကြတယ် ။ ငါကလည်း အယုံတရားမရှိခဲ့ဘူး ။ အခုတော့ သူတို့ပြောသလို ဖြစ်နေတော့တာပဲ ။ မယ်မှုန် မင်းလည်း ဘာမှ မသိဘူး ” ဟု ပြောလေ၏။
“ ကျုပ် သိပါတယ် ကိုမြရယ် ၊ သိလို့အသာနေတာ၊ စိတ်ညစ်စရာကိုပြောရင် အကျိုးမရှိလို့ ၊ ရှင်လည်း ကြံဦးစည်ဦးမှာပဲ ၊ ပေါ့နေမှာ မဟုတ်ဘူးလို့ အားကိုးပြီးနေတာပဲ ”

“ အေး ... ငါလည်း မကြံတတ်အောင် ရှိတော့တာပဲ ။ င့ါကိုယ်ပိုင် အလုပ်ကလေးဟာ အတော်သား ၊ အရူးဘုံမြှောက် ခြေ ထောက်က မိလို့ အခုလိုဖြစ်ရတာ၊ နိမ့်ကျတဲ့အလုပ်ကလေးနဲ့ ငွေကြေး အတော်အတန်ရတာနဲ့ ဒီနိမ့်ကျတဲ့ အလုပ်ကလေးပေါ်မှာ မာန်မာနတက်ပြီး ကျေးဇူးမဲ့ကာ စွန့်မိခြင်းဟာ အမှားကြီး မှားတာပဲ ၊ အခုမှ ပြန်ပြီးလုပ်ဖို့တော့ ခက်တာပဲ ”

“ ဒါတွေ တွေးပြီး ပူနေစရာမရှိပါဘူးတော် ၊ ကလေးနှစ်ယောက်နဲ့ လူကြီး သုံးယောက်ပါ ။ လူကြီး သုံးယောက်ရှာကြံလို့မှ လှလှ၀၀မနေနိုင်ရင် လူ့ဘ၀မှာ နေဖို့တောင် တော်မှာ မဟုတ်ဘူး ။ အရင်းအနှီး ရှိရင် ဘာမဆို လုပ်နိုင်ပါတယ်။ အကြီးဆုံး အရင်းအနှီးဟာ လူပါပဲ ”

“ ဒီစကားမျိုးတွေ နားထောင်လိုက်တော့ အင်မတန်ဟုတ်တာပဲ ၊ လုပ်တော့သာ မလွယ်တာ ။ မဂ္ဂဇင်း ဂျာနယ်တွေထဲမှာ တဂုံနတ်တို့၊ ဦးပဂျီငိုတို့ ၊ ဆရာ ပီ-မိုးနင်းတို့ ဒါမျိုးတွေရေးနေတာပေါ့ ၊ သူတို့လည်း တယ်ပြီးဟန်လှတယ်လို့ မကြားရသေးဘူး ”

“ ဒီလူတွေက ကျုပ်ကြားရတဲ့အတိုင်းတော့ သူတို့ ၀ါသနာကြောင့် ဆင်းရဲကြတာလို့ ကြားတာပဲ ၊ သူတို့က စာရေးဖို့သာ ၀ါသနာပါပြီး ၊ တခြားအလုပ်ကျတော့ ထိထိရောက်ရောက် မလုပ်ကြဘူးပဲ ။ လုပ်ရင် ဥာဏ်ရှိတဲ့လူတွေပဲ ။ သူများနည်းတူ မဖြစ်ဘဲနေမလား ၊ စီးပွားဆိုတာ လောဘ သက္ကာရနဲ့ ရှာမှရတာ၊ သူတို့စာရေးဆရာတွေက စာကိုသာ စွဲတာ စာရေးလို့ရတဲ့ငွေကို တစ်ဖက်တစ်လမ်း မရပ်မနှီး သုံးပစ်ကြတာပဲတဲ့ ။ တစ်ခုခုလုပ်ရင်လည်းပဲ ကိုယ်တိုင် ထိထိရောက်ရောက် ဂရုမစိုက် သူတို့သားမယား တွေကိုလွှဲထားတာတဲ့ ၊ ဖိတ်ဖိတ်စင်စင် ထင်သလိုလုပ်တယ်လို့ ကြားဖူးတာပဲ ”

“ အင်း....ဒါလည်း ဟုတ်မှာပဲ ၊ ဟောတာတစ်မျိုး လုပ်တာတစ်မျိုးဖြစ်ချင်လည်း ဖြစ်မှာပဲ။ကိုင်း ...ဒီလိုဖြင့် မင်းတို့ပဲ ကြံကြစမ်းပါဦး ”

ထိုသို့ပြောဆိုတိုင်ပင်၍ နေကြသောအခိုက်တွင် ချစ်တီးကုလားတစ်ယောက် သားနားသော မြန်မာလူမျိုး တစ်ယောက်နှင့် ရောက်၍လာရာ မိန်းမနှစ်ယောက် အံ့အားသင့်ပြီး မောင်မြကို ကြည့်၍နေကြလေ၏။ မောင်မြမှာ မျက်နှာပျက်လျက် ။ ချစ်တီးကို အိမ်ပေါ်သို့ပင်ခေါ်ပြီး ရဟန်းသံဃာတော် အရှင်သူမြတ် တစ်ပါးကို အရိုအသေပြုရသလို အရေးတယူ ပြုရလေ၏။

မောင်မြသည် အိမ်ကိုအပေါင်ထားပြီး ချစ်တီးထံမှ ငွေငါးရာယူထားရာ မည်သူမျှမသိခဲ့ပေ ။ ထိုငွေအတွက် ချစ်တီးက ပူသဖြင့် တောင်းပန်၍ထားသည်မှာ သုံးလ လေးလ ကြာခဲ့လေရာ ယနေ့ကားနောက်ဆုံးနေ့ ဖြစ်သဖြင့် ထုတ်ဖေါ်မပြောဘဲ မနေနိုင်သောကြောင့် ထုတ်ဖေါ်၍ ပြောရခြင်းဖြစ်လေ၏။ ထိုကဲ့သို့ပြောခြင်း သည် တွေ့ကြုံရမည့် ဆဲဆဲရှိသော စိတ်မကောင်းဖွယ်ရာ အဖြစ်အပျက်အတွက် တင်ကြိုပြင်ဆင်ခြင်းပင် ဖြစ်လေ၏။

ချစ်တီး ။ ။ “ အစ်ကိုကြီး ...တစ်နေ့ ပွေးမယ်။ ရှေ့လပွေးမယ် ။ မပွေးဘူး ။ သူဌေးက ကျုပ်ကို ချိတ်ချိုးတယ်။ ဒီဂနေ့ ဆိုင်ကို သိမ်းမယ်လို့ အမိန့်ပွေးဒယ် ၊ ဘဲ့နဲ့လုပ်မလဲ အစ်ကိုကြီး ”

မြ ။ ။ “ ကျုပ်လည်း မကြံတတ်ဘူး ၊ ကိုရာမ ကြည့်သာလုပ်ပါ ”

“ ကြည့်လုပ်ဆိုဒါ အိမ်ကို မောင်းတီးရမှာပေါ့ ၊ ကျနော် အများကြီး တနားတယ် ၊ သူဌေးက ပူဒယ် ၊ ဘဲ့နဲ့ လုပ်မလဲ အစ်ကိုကြီး ”

ထိုအခိုက် ကလေးနှစ်ယောက်နှင့် မယ်မှုန်သည် အိမ်အတွင်းခန်းတံခါးအကွယ်၌ ထိုင်ကာ မျက်ရည်စက်လက်နှင့် နေကြလေ၏ ။ မယ်စံသည်ကား မီးဖိုဘက်သို့ ထ၍ သွားလေ၏။ အိမ်မှာ သုံးထောင်ကျော်လောက် တန်ရာ မောင်မြသည် တစ်ထောင်ကျော်မျှနှင့် အချောင်ရ၍ထားသောအိမ် ဖြစ်လေ၏။

ထိုအခိုက် ရွာပြင်ဘက်လယ်ပြင်ထဲတွင် လူနှစ်ယောက် စကားပြော၍နေကြလေ၏ ။ ၄င်းလူနှစ်ယောက် အနက် တစ်ယောက်မှာ မောင်းတစ်ခုကို ပိုက်၍ထားသဖြင့် ပွဲမောင်းလား လေလံမောင်းလားဟု တွေးဖွယ်ရာဖြစ်၍ နေလေ၏ ။ တစ်ယောက်က “ ငါကွယ့် ဘိုးကြောင် ၊ သူများ မဟုတ်ဘူး ၊ ငါက တစ်ခုခုကို လုပ်ရင် ဖြစ်မှ၊ မဖြစ်ရင် မလုပ်ဘူး ၊ ဘာအသုံးကျတဲ့ အကောင်လဲ ၊ ဆံပင်ညှပ်သမား ခေါင်းပေါင်းစထောင်လို့ အိမ်နဲ့ရာနဲ့ ဖြစ်နေတာ ၊ ငါ မျက်စိစပါးမွှေးစူးတယ် ။ သူ ကုန်ဆိုင်တည် ကတည်းက ဒီရွာမှာ ဆိုင်ကြီးကြီးတည်ရင် ပတ်ဝန်းကျင် တောကောင်းလို့ အများကြီးအကျိုးရှိမယ့် အကြောင်းကို စစ်ကောင်းကို ငါသွားပြီးတွန်းတာပေါ့ ။ ကိုစစ်ကောင်းဆိုင်လည်း ရောက်ကရော သင်းဆိုင်လည်း ပြုတ်တာပဲ ။ ငါက သင်း သတင်းနားထောင်နေတာ ၊ သင်း ဘယ်အခြေအနေဆိုတာ ငါအမြဲ စောင့်ကြည့်နေတာ ၊ အခုတော့ ဒီကောင် အိမ်ပြုတ်ကရော မဟုတ်လား ။ ချစ်တီးက သူ့အပေါ်မှာ တော်တော်အထင်ကြီးနေတယ် ။သူ့မှာ ဘာမှမရှိကြောင်း ၊ ငါသွားပြောလို့ သိတာ၊ ကိုင်း ...လာ.... သွားမယ် ။ ဒီမောင်းကို ကွဲအောင်သာထု ”

“ ဒီအိမ်ဟာ ဒီကနေ့ကစပြီး ငါ့အိမ် ၊ ဒီရွာထဲမှာ ဆွဲနိုင်တဲ့လူ တစ်ယောက်မှမရှိဘူး ငါဆွဲမယ် ။ ကြည့်... ငွေငါးရာ ချစ်တီးက ငါ့ချစ်တီး သူ ဘင်္ဂလားရောက်နေတာ ငါးနှစ်ကျော်လို့ ငါ ဆင်းရဲနေတာ ။ အခု သူလည်းပြန်လာရော ငါလည်းလူဖြစ်တာပဲ။ အရှင်မွေး နေ့ချင်းကြီးဆိုတာ ဒါပေါ့ကွ ” ဟု အားရပါးရ အသက်မရှူဘဲ ပြောလေ၏။

မကြာမီ မောင်မြ၏ အိမ်ရှေ့သို့ ရောက်ကြလေရာ အိမ်ရှေ့မှ အိမ်တွင်းသို့ ငုံ့ကြည့်ပြီး ခါးထောက်ကာ ရပ်လျက် ဆေးပြင်းလိပ်ကို စတိုင်လ်ပါပါ သောက်ဖွာ၍နေလေ၏ ။ ထို့နောက် ငွေစက္ကူများကို အင်္ကျီအိတ်ထဲမှထုတ်ပြီး လျင်မြန်သောလက်ချောင်းများနှင့် လှန်ကာ ရေ၍ နေလေ၏။

မောင်းသမားသည်ကား မောင်းကိုကိုင်လျက် အိမ်ရှေ့ကို သွား၍ထိုင်လေ၏။ ကလေးနှစ်ယောက်သည် ဘိုးကြောင်ကိုမြင်သောအခါ အခန်းထဲမှ ထွက်မည်ဟန်နှင့် ထကြလေရာ မယ်မှုန်က ဆွဲ၍ထားပြီး “ သေမယ် ငြိမ်ငြိမ်နေကြ ၊ နင်တို့ အဖေကို ဒီလောက်တောင်ခင်သလား ” ဟု ပြောလေ၏ ။ မယ်စံ သည်ကား မီးဖိုထဲမှ မထွက်ဘဲနေလေ၏ ။

မောင်မြသည်ကား ချစ်တီးကိုတောင်းပန်၍ မရသောအခါ .......

“ ကိုင်း ကိုရာမ တောင်းပန်လို့မရရင်လည်း သဘောအတိုင်းသာ လုပ်ပေတော့လေ ။ တစ်လလောက် ဆိုင်းရင် ဒီငွေလောက်တော့ မခက်ပါဘူး ၊ ကျုပ်တပည့်တွေ အများကြီးရှိပါတယ် ။ မဆိုင်းနိုင်ရင် လုပ်လေ ” ဟု ပြောပြီး အိမ်နောက်ဖေးသို့ ဆင်းသွားလေ၏ ။

မယ်မှုန်သည် ကိုမြကိုကြည့်ကာ အားငယ်လျက် မျက်ရည်ကိုသာ သုတ်၍နေလေ၏ ။ မကြာမီ မောင်းကွဲ သံကြီးကို ကြားရလေ၏ ။ လူအများ ၀ိုင်းအုံ၍လာကြလေ၏ ။ ဘိုးကြောင်မှာကား ခေါင်းပေါင်းစ တစ်ထောင်ထောင်နှင့် ငွေစက္ကူများကို ကိုင်ဆုပ်လျက် ခေါက်တုံ့ခေါက်ပြန် လျှောက်၍နေလေ၏ ။

ရွာသာများသည် ၄င်းကို မုန်းထားရွံရှာသောမျက်နှာထားနှင့် ၄င်းကိုကြည့်၍သာနေကြရလေ၏။ တစ်စုံတစ်ရာကိုမျှ မလုပ်ကြပေ ။ သူကြီးအိမ်မှာ အစိုးရအရာရှိတစ်ယောက်နှင့် ပုလိပ်သားများကို မတွေ့ကြရချေကာ ၄င်းကို စိစိညက်ညက်ကြေအောင် လုပ်ချင်ကြလေ၏။

ရွာသားများအနက် မည်သူမျှ လေလံဆွဲရန် အကြံမရှိကြ ။ ကိုမြကြီးကို သနားကြလေ၏။ သို့ဖြစ်လေရာ ဘိုးကြောင်မှာ ကျိန်းသေ၍နေလေ၏။

ချစ်တီးသည် ပါ၍လာသော သားနားသော မြန်မာလူမျိုးနှင့် စကားတစ်ခွန်း ၊ နှစ်ခွန်းပြေလေ၏။ ၄င်းမြန်မာ လူမျိုးမှာ ဘီးလစ်စာရေးနှင့် တူလေ၏။

မောင်းမာ လေလ့မောင်းမဟုတ်သေး ၊ လူခေါ်သော မောင်းမျှဖြစ်လေ၏။ လူအတော်များလာသဖြင့် လေလံစ၍ ပစ်သောအခါ ဆွဲသူ တစ်ဦးတစ်ယောက်မျှ မပေါ်ပေါက်ပေ ။ သို့ဖြစ်လေရာ ဘိုးကြောင်မှာ စိတ်ချလက်ချ မိမိရတော့မည့်အနေနှင့် ငွေစက္ကူများကို တစ်ဖန် လူအများမြင်အောင် စတိုင်တင်းတင်းနှင့် ရေတွက်ပြန်လေ၏။

ထိုအတွင်း ယောကျာ်းပျိုတစ်ယောက်သည် လူစုလူဝေးထဲ ဖြတ်၍လာပြီး ဘိုးကြောင်၏လက်က ငွေများကို လက်နှစ်ဖက်နှင့် တစ်ချက်တည်းသုတ်ယူပြီး အိမ်ပေါ်ကို လျင်မြန်စွာ ပြေးတက်၍ သွားလေ၏။ မယ်မှုန်နှင့် ကလေးနှစ်ယောက်သည် အခန်းတွင်းမှ ၀င်းဝင်းတောက်သော မျက်နှာများနှင့် ထွက်၍လာကြပြီး ယောက်ျားပျိုကို အခန်းထဲသို့ သွင်းကြလေ၏။

အခန်းထဲသို့ရောက်သောအခါ ......

“ ရော့ မမ ၊ ဦးလေး ဘယ်မလဲ ” ဟု မေးလေ၏။

“ နောက်ဖေး တင်းကုပ်ထဲမှာ ၊ ငါ့သား ဘယ်တုန်က ရောက်သလဲ၊ မမ မျှော်လိုက်တာ ၊ စာကလေးတောင်မှ မပေးဘူး ၊ ဆပ်အင်စပက်တော်အလုပ်ကို ရသွားပြီလို့တော့ ကြားရဲ့ ။ ဘယ်မှာရယ်လို့ မသိဘူး ” ဟု ပြောရင်းသွားရာ နောက်ဖေး၌ မှိုင်၍နေသော ကိုမြကို တွေ့ကြသဖြင့်....

“ ဟောတော့ ... ရှင့်သား လာတယ် ” ဟု ပြောလေ၏ ။ ကိုမြသည် ဆပ်အင်စပက်တော်ဖြစ်၍ လာသော မယားပါသားကြီးကို ၀မ်းနည်းသောမျက်နှာနှင့်ကြည့်ရင်း တစ်စုံတစ်ရာ မပြောဘဲ သက်မကြီးချကာ.....

“ မင်း ဆပ်ဖြစ်လာတာတော့ ၀မ်းသာတာပဲဟေ့ ၊ အခု ငါတို့ ဖြစ်နေပုံကိုသာ ကြည့်ပေတော့ ”

“ မပူပါနဲ့ ဦးရယ် ။ ကျွန်တော် အထင်လွဲလို့ ပေါ့ပေါ့ဆဆ တမင်နေခဲ့ပါတယ် ။ ညီကလေးတွေကိုသာ တဖြည်းဖြည်းခေါ်ယူမယ် စိတ်ကူးမိတာပဲ ။ အခုမှ မော်လမြိုင်က သည်နယ်ကို ပြောင်းလာရတာနဲ့ ။ အကျိုးအကြောင်း စုံစမ်းကြည့်တော့မှ ကျွန်တော်တို့ အထင်လွဲကြောင်းသိရပြီး အဖေအရင်း မဟုတ်ပေမယ့် အဖေအရင်းထက် အရာရာမှာ သာနေတာတွေ ကျွန်တော်တို့ ဆိုးမိုက်သမျှ အတွက် သည်းညည်းခံတာတွေကို အကုန်ပဲ ပြန်တွေးမိတာနဲ့ ကျွန်တော်လာတာ ပါ ”

“ ဒါထက် အခုမောင်းထုတာ ငွေဘယ်လောက်အတွက်လဲ ”

ကိုမြ ။ ။ “ မများပါဘူးကွယ် ငါးရာတည်းပါ ။ တစ်လလောက်ဆိုင်းပါဆိုတာ မရဘူး ”

မှုန် ။ ။ “ ဘာရမလဲ ၊ ဟိုအကောင် လက်ချက် ။ ငါတို့ သိုက်သိုက်ဝန်းဝန်းနေတာကို မင်းအဖေက မကြည့်နိုင်ဘူး ၊ သည့်အတွက် ချစ်တီးကိုတွန်းပေးတာ ၊ လွဲကာမှ လွဲရော မမတော့ ဒီလိုထင်တာပဲ ။ သူဆွဲမလို့ ငွေတွေနဲ့လာတာကြည့် ပါလား၊ သူ့ချစ်တီးဟောင်း ပြန်ရောက်တယ် ကြားရတယ် ”

“ ဘာအရေးကြီးသလဲ မမရယ် ။ ကျွန်တော်ရှိပါသေးတယ် ၊ ကျွန်တော် ဆပ်အလုပ်ကို ဂုဏ်အတွက်လုပ်တာ ။ မော်လမြိုင်မှာ ကျွန်တော်မိန်းမ ရလာခဲ့တယ် ။ ဒီမှာ ” ဟု ပြောပြီး ငွေစက္ကူ ရာတန် အထပ်ကြီးတစ်ထပ်ကို ထုတ်၍ပြပြီး ပထွေး၏ လက်ကို ကိုင်ဆွဲကာ ထည့်ရင်း “ ကျွန်တော်တို့ စော်ကားမိုက်မှားသမျှကို ခွှင့်လွှတ်ပါ ဦးရယ် ” ဟု မျက်ရည် တလည်လည်နှင့် ပြောလေ၏။

ကိုမြမှာ ငိုသံပါမှာ စိုးသောကြောင့် စကားမပြောဘဲ ငွေစက္ကူလိပ်ကြီးကို ကိုင်ဆုပ်ပြီး နောက်သို့လှည့်ကာ နှပ်ညှစ်၍ မျက်နှာကို ပုဆိုးကပုံစနှင့် သုတ်လေ၏။

မမှုန် ။ ။ “ မင်း ညီများကိုလည်း ဆုံးမဦးမှဖြစ်မယ် ၊ သူတို့က အခုအထိ မိုက်တုန်းဆိုးတုန်း ပထွေးကို ဘာလောက်မှ အမှုမထားဘူး ၊ မြင်ရဲ့လား ၊ အစ်ကိုကြီးက ဘယ်လောက် လိမ္မာသလဲ ”

“ လိမ္မာပါလိမ့်မယ် မမရယ် ၊ ငယ်လို့ပါ။ မမိုက်ကြနဲ့နော် ။ ပထွေးပေမယ့် ငါ့တို့ဖေဖေနဲ့ စာကြည့် ငါတို့ကို ဘယ်သူ ပညာသင်ပေးသလဲ ” ဟု အစ်ကိုက ပြောရာ ညီနှစ်ယောက်မှာ ခေါင်းငုံ့လျက် မျက်ရည်ကိုသာ သုတ်၍နေကြလေ၏။

အိမ်ရှေ့၌ မောင်သံစဲ၍သွား၏။ မယ်မှုန်က ဘီးလစ်ထံကပ်ပြီး ငွေစက္ကူများကို ပေးလေ၏။ ထို့နောက် မီးဖိုသို့ သွားလေ၏။ မယ်စံနှင့် တွေ့သောအခါ......


“ ဒါ ညည်းယောက်ျားငွေတွေ၊ ညည်း ယူမလား ” ဟု မယ်မှုန်က ပြောလေ၏။

“ မလိုချင်ပါဘူး မမှုန်ရယ် ၊ သူ့ဟာသူ ပြန်ပေးလိုက်ပါ ” ဟု ပြောသဖြင့် မယ်မှုန် ထွက်လာသော အခါ ဘိုးကြောင်မှာ လက်ဝါးချင်းပွတ်လျက် ဘာကိုလုပ်ရမှန်းမသိပဲ အိမ်ဘက်ကိုသာ တမျှော်မျှော်ကြည့်၍ နေသည်ကို မြင်ရသဖြင့် မမှုန်က မိန်းမတစ်ယောက်အား ငွေစက္ကူများပေးပြီး “ ဟို အကောင်ကို သွားပေးလိုက်ပါ ” ဟု ပြောလေ၏ ။ မိန်းမလည်း သွား၍ပေးရာ ဘိုးကြောင်သည် ငွေစက္ကူများကို ယူပြီး မြန်မြန်ကြီး ထွက်၍သွားလေသတည်း။

နောင်နှစ်ပေါင်းနှစ်ဆယ်ကျော် အစိတ်ခန့် ကြာ၍သွားလေ၏ ။ ရန်ကုန်မြို့ ဖရေဇာလမ်း သားနားသော ခြံနှင့် အိမ်တစ်အိမ်ရှေ့ ပန်းခြံထဲတွင် ဓာတ်မီးရောင်၌ ကလေးကလေး လေးယောက် မြင်ခင်းပေါ်တွင် မြူးရွှင်ကစား၍ နေကြသည်ကို ပျိုရွယ်သော လင်မယားနှစ်ယောက်သည် ရပ်ကာ ကြည့်၍နေကြလေ၏။


ထိုအခိုက် ချည့်နဲ့စုတ်ပြတ်သော အဘိုးကြီးတစ်ယောက် ၀င်ရောက်၍လာရာ လင်မယားနှစ်ယောက်က ကြည့်၍နေကြပြီး မိန်းမက “ ဘာကိစ္စလဲ ” ဟု မေးလေ၏။

“ ရာဇ၀တ် ၀န်ကလေး ကိုဘဦး ရှိပါရဲ့လား ” ဟု မေးလေ၏။

“ ကျုပ်ပဲ ” ဟု ယောက်ျားကပြောပြီး အဘိုးကြီး၏မျက်နှာကို ကြည့်လိုက်ရာ အံ့အားသင့်၍နေလေ၏။

“ ဖေဖေလေ .... မမှိတ်မိတော့ဘူးလား ” ဟု အဘိုးကြီးက ပြောပြီး အနီးရှိ ခုံတန်းလျားပေါ်၌ ထိုင်ချကာ မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ရှိုက်ငင်နေလေ၏။ ရာဇ၀တ် ၀န်ကလေးသည် မိမိ၏ မယားအား တီးတိုးစကားပြောရာ မယားဖြစ်သူက ကလေးများကို ခေါ်၍ အိမ်တွင်းဘက်သို့ လျင်မြန်စွာသွားလေ၏။

ရာဇ၀တ် ၀န်ကလေးသည် ၄င်း၏အရှေ့၌ရပ်ကာ .... “ အဖေမို့ မငြင်းနိုင်ဘူး၊အင်း...ဒုက္ခ၊ ဒုက္ခ... မြင်ရပုံလည်း ပုံပန်းမလှ၊ အဖေရယ်လို့ ပြောရမှာ အင်မတန် ခက်တာပဲ။ အခု ဘယ်အကြိုအကြားက ပေါ်လာတာလဲ ၊ စုတ် လှချည်လား ”

“ မင်းတို့အားလုံး ဒီရောက်နေတာကို ဖေဖေသိတာ လေးလကျော်ပြီ ။ ဖေဖေ ပြရုပ်မကောင်းလို့ မလာဘူး၊ ဖေဖေဘာဖြစ်နေတယ်ဆိုတာတော့ မပြောပါရစေနဲ့တော့ကွယ်၊ အကဲသာ ခတ်ပါတော့ ” ဟု ပြောသဖြင့် သေချာစွာကြည့်လိုက်သော အခါ....

“ ပျော်ရာမှာပဲ နေပါတော့လား ဖေဖေရယ် ၊ ဘာလို့ လာပြီး သတိပေးရတာလဲ ”

“ မနေနိုင်လို့ လာရပါတယ် သားရယ်။ ဖေဖေကြာကြာမနေရတော့ပါဘူး ၊ ဆေးဖိုးဝါးခကလေးသာ ပေးလိုက်ပါတော့ ၊ ဖေဖေ မြန်မြန် သွားပါ့မယ်။ နောက်ကိုလည်း မလာတော့ဘူး ” ဟု ပြောလေ၏။

“ သြော် ... သံဝေဂ ရလို့လာတာ မဟုတ်ဘဲကိုး ။ သေခါနီးမှာ ကောင်းကောင်းကလေးများ နေပါတော့လား ဖေဖေ ”

“ မနေနိုင်ဘူး .... မနေနိုင်ဘူး ၊ ဖေဖေလည်း သားအကြောင်းကို ဘယ်သူမှ သိအောင်မပြောဘူး ၊ အခု ငတ်နေတယ်၊ မာလည်း မမာဘူး ၊ အဟူး ... အဟူး.....”

“ ဆေးဝါးစားပြီး အေးအေးနေပါလား ၊ ဒီမှာ ကြည့်မယ့်လူတွေ အများကြီးပဲ ”

“ လူတွေများလို့ ဖေဖေ မနေနိုင်တာပေါ့ ၊ ဖေဖေ တော်ရာမှာ သေမယ် ၊ သေမှပဲ ဖေဖေတော့ ၀ဋ်ကျွတ် မှာပဲ ”

ရာဇ၀တ်ဝန်ကလေးသည် ၀မ်းနည်းစွာ ဦးခေါင်းကို ခါပြီး “ နေဦး ” ဟု ပြော၍ ထွက်သွားလေ၏။ အတန်ကြာမှ ပေါ်လာပြီး ငွေစက္ကူ လေး ၊ ငါးရွက်ကို ပေးလေရာ ဦးဘိုးကြောင်သည် တုန်လှုပ်သောလက် နှင့်ယူပြီး “ ဒါနောက်ဆုံးပဲ ၊ ဒီ ငွေများဟာ ဖေဖေ့ကို အဆုံးစီရင်မှာပဲ ။ ကိုင်း ... ဖေဖေ သွားမယ်၊ ဖေဖေ ရှိတယ်လို့ စိတ်မှာ မအောက်မေ့နဲ့ ၊ သေပြီ လို့ မှတ်လိုက် ” ဟု ပြောပြီး ထိုင်ရာမှ ကုန်းကိုင်းသော ကိုယ်ဟန်ကို တရွေ့ရွေ့သွားရှာလေတော့ သတည်း။

ထိုအခိုက် ဦးမြ ၊ ဒေါ်မှုန် ၊ ဒေါ်စံတို့သည် ကလေးများနှင့် အိမ်ထဲမှ ထွက်၍လာကြရာ ရာဇ၀တ်ဝန်ကလေးက ၄င်းတို့ထံပြေးပြီး မယားမကြားအောင် တီးတိုးစကားပြော၍ လက်ညှိုးညွှန်ပြ လေရာ တရွေ့ရွေ့ဝေး၍ သွားသောသ ဏ္ဌန်ကို လှမ်း၍ ကြည့်ကြလျက် အံ့သြ၍ နေကြလေ၏။ ဒေါ်စံသည်ကား ပျောက်ကွယ်၍ သွားသည့်တိုင်အောင် ကြည့်ရှာလေ၏။


ပြီးပြီ ။

ပီ-မိုးနင်း



Wednesday, December 15, 2010

သူ့မယား ငါ့မယား အခန်း(၉)

မိန်းမများသည် သားရေစာကိုသာ ဝေ၍စားမည်။ လင်ကို ဝေမစားဘူးဟုပြောသော်လည်း အခါခပ်သိမ်း ဟုတ်မှန်သော စကားမဟုတ်။ အိန္ဒိယ တိုင်းရင်းသူများစွာတို့မှာ လင်ကိုအများကြီးဝေ၍ စားကြရာ၌ များစွာ ပျော်ပိုက်လေ့ရှိကြကြောင်း သိရလေ၏။

ပျော်ပိုက်စရာလည်း အကြောင်းလုံလောက်စွာ ရှိလေ၏။ ထိုအကြောင်းကိုသိသော မြန်မာမိန်းမအချို့လည်း မိမိတို့၏ လင်ယောက်ျားအတွက် အပိုမိန်းမကို ရှာ၍ပင်ပေးတတ်ကြလေ၏။ မယ်မှုန်မှာ ထိုကဲ့သို့သော မိန်းမတစ်မျိုးဖြစ်လေ၏။

မယ်စံရောက်စ၌ ညဥ့်အခါများမှာ မအိပ်နိုင်ဘဲ နေလေ၏။ မိမိ၏ ယောက်ျား မယ်စံထံ ဆောင်တော်ကူးသွား ကောင်းမလားဟု မျက်လုံးတကျယ်ကျယ်နှင့် မအိပ်မနေ ချောင်းမြောင်း ရသောကြောင့် မျက်နှာများမှာ ကျုံ့စပြုလေ၏။

တနင်္ဂနွေ တစ်ပတ်လောက်ကြာသော အခါ၌ကား မောင်မြအား အိပ်ရာတွင် စ၍ မမေးဘဲ မနေနိုင်တော့ပေ။

“ ရှင့်မယားဆီ သွားချင်သလား ”

“ အို.....မင်းကလည်း ဘာတွေပြောနေတာလဲ ”

“ မဟုတ်ပါဘူး၊ ရှင် သွားချင်သလားလို့ပါ၊ သွားချင်ရင်လည်း....”

“ မတော်တာတွေ မပြောလာစမ်းပါနဲ့ မယ်မှုန်ရယ် ”

“ အမယ် ....... ရင်ထဲက ဖိုးကျိုင်းတုတ် ... ဖိုးကျိုင်းတုတ်နဲ့ ၊ ကျုပ်က သနားလို့ပြောတာ ၊ ရှင်တို့ အရင်က လင်မယားဖြစ်ခဲ့တော့ တောင်တောင်အီအီတွေ တွေးမှာပဲ ။ ဒါကြောင့် ကျုပ်က သနားလို့ပါ၊ ရှင့် သဘောလေ”

“ မင်းက ဒါမျိုး ကျပ်ကျပ်အားပေး ၊ အခု သူက ကျွန်၊ တော်တော်ကြာတော့ သခင်ဖြစ်လာရင် ဘယ့်နှယ်လုပ် မလဲ”

“ ဒါတော့ ရှင် အလိမ္မာသားပဲ ”

“ မင်း ငါ့ကို ဒါမျိုးတွေ လာပြီးမစနဲ့ ၊ အခု ငါ မမူးသေးဘူး ၊ မူးခိုက်မှာ လာပြောလို့ တစ်ခုခုဖြစ်ရင် မင်း ဆူမှာ ”

“ ကျုပ်ကလား ဆူမှာ ၊ ဝေးပါသေးတယ်တော် ၊ မဆူကြီးထဲကပါ ”

“ အေး.... မင်းစကား မင်းမြဲမြဲမှတ်ထား ” ဟု ကိုမြက ပြန်၍ပြောလေ၏။

နောက်တစ်ညဥ့် အိပ်ရာမ၀င်မီ မောင်မြသည် ထန်းရည်ကို အတော်များစွာ သောက်မိလေ၏။ မယ်မှုန်လည်း မေးနေကျနည်းမျိုးအတိုင်း မေးလေရာ ကိုမြက.....

“ မင်း ဒီလောက်တောင်ပြောမှ တယ်လေ ငါ....”

“ အမယ် ..... ရှင်က မူနေရသေး ”

“ ဒီကောင်မ ခက်နေပါပြီ ”

“ ရင်ထဲက ဖိုးကျိုင်းတုတ် ”

“ ဖိုးကျိုင်းတုတ်ဖြစ်တာ နင် ၊ နင် ဒိန်းဒလိန်းနတ် အပူးခံချင်လို့ ငါသိတယ် ၊ တယ်လေ.... ဘယ့်နှယ် ဖြစ်ဖြစ် ”

“ အမူးပြေပြီလား.... သောက်ဦးမလား ၊ ကျုပ် တစ်ပုလင်း ၀ှက်ထားတယ် ”

ညဥ့်သည် လွန်စွာဆိတ်ငြိမ်လေ၏။ လေသည် အတော်ပြင်းသဖြင့် အိမ်မိုးကိုမြှောက်ကာ ကစားတော့မလို တသိမ့်သိမ့် လှုပ်စေလေ၏။ လေသံနှင့် လေထဲ၌ လှုပ်ရှားနေသော အိမ်မိုးမှာ အဆစ်အမြစ် ညောင်းညာ ကိုက်ခဲ၍ ကျိုးကျိုးကြိတ်ကြိတ် မြည်သော အမယ်အိုလို ဖြစ်၍နေလေတော့ သတည်း။

မယ်မှုန်မှာကား ထိုညဥ့်၌ မအိပ်နိုင်ဘဲ နေလေတော့ သတည်း။

မယ်မှုန်နှင့် မယ်စံသည် တကျက်ကျက်ဖြစ်နေကြလိမ့်မည် ။ ကိုမြကြီး လှေကြီးပေါ် လှေငယ်တင်မှုကြောင့် ကိစ္စများတော့မည် ။ ကုသိုလ် ဇာတာမှေးခိုက်မှာ အလုပ်အကိုင် စီးပွားလမ်းမတည့်ရုံမက လာဘ်အစား စုတ်တွေသာ အ၀င်များသည်ကို သတိမမူသော ကိုမြကြီးမှာ ဒုက္ခတွေများတော့မှာပဲဟု ခင်မင်သူ မိတ်ဆွေ များကပြောကြလေ၏။

သို့ပြောရင်းပင် ကိုမြကြီး၏ အိမ်၌ တစ်စုံတစ်ရာမျှ ဖြစ်သံမကြား ၊ မယ်စံနှင့် မယ်မှုန် တို့မှာ ညီအစ်မမျှမက ခင်မင်ကြလျက် အိမ်ရှေ့မှာ တစ်ယောက်အလုပ်လုပ်လျှင် တစ်ယောက်က အိမ်နောက်မှာ အလုပ်လုပ်လေ၏။

ကလေးနှစ်ယောက်မှာလည်း အမေနှစ်ယောက် ရကြသလိုဖြစ်၍ နေလေ၏ ။ မယ်စံမှာ အစပင် ကလေးများနှင့် ခေတ္တတွေ့ကြုံ အသိအကျွမ်းဖြစ်ခဲ့လေရာ ယခုတွေ့သောအခါ သာလွန်ခင်မင်လျက်။ ၄င်းတို့အတွက် လျှော်ခြင်း ၊ ဖွပ်ခြင်း အလုပ်များကို မပြတ်မလပ် လုပ်လေ၏။

ရွာထဲ၌ကား ကိုမြကြီးတော့ လှေလှော်သမားကြီးဖြစ်နေပြီဟု အချို့ကပြောကြ၏။ အချို့ကမူကား လှေစီးမြင်းလှော် သမားဖြစ်နေပြီဟု ပြောကြလေ၏ ။ အကြောင်းမူကား ငါ့မြင်းသူစီး သင်းလှေငါလှော် ဆိုသော အနေမှ လှေရောမြင်းရော ပိုင်၍နေသကဲ့သို့ ဖြစ်၍နေလေ၏။

စီပွားဥစ္စာမှာကား အများတွေးပုံအတွင်း ဖြစ်၍နေလေ၏။ အကြောင်းမူကား ဆိုင်ကလေးမှာ အကျိုးမများ စားရရုံသာရှိသဖြင့် ရှိသမျှသော ငွေကလေးများမှာ ဆိုင်စား၍ ကုန်လုခမန်း ရှိနေလေ၏။

မယ်စံရောက်လာပြီးနောက် အခါလယ်နီးနီးကြာသောအခါ တစ်နေ့သ၌ ဘိုးကြောင်သည် မူးယစ်လျက် ရောက်၍လာလေ၏ ။ ၄င်းနှင့်အတူ အဖော်နှစ်ယောက် ပါ၍လာကြလေ၏။

ထိုအခါ ညနေ အချိန်ဖြစ်လေ၏။


“ မယ်စံ....မယ်စံ ” ဟု ပျာလဲ့လဲ့ အသံနှင့် အိမ်ရှေ့မှ ခေါ်လေ၏ ။ ထိုအခါ ကလေးများရော တစ်အိမ်သားလုံး ထွက်လာကြရာ မူးယစ်သော ဘိုးကြောင်ကို မြင်ကြရလေ၏။ ကလေးများမှာ မိမိတို့၏ ဖခင်အပေါ်၌ အတော်ပင် စိတ်ပျက်ပုံရကြလေ၏။

ကိုမြကြီးက.....

“ဟဲ့...မယ်စံ ၊ နင် အထဲမှာနေ ” ဟု ပြောသဖြင့် မယ်စံသည် အိမ်အတွင်းကို ပြန်၍၀င်နေလေ၏။

မယ်မှုန်က ဆဲဆိုလျက်...

“ နင် ဘာလာနှောင့်ယှက်သလဲ ၊ မယားတစ်ယောက်ကိုဖြင့် ထမင်းဝအောင် မကျွေးနိုင်ဘဲနဲ့ ၊ နင် ငါ့အိမ်ရိပ်ကို မနင်းနဲ့ ၊ နင်းရင် အခုချက်ချင်း ဒုက္ခတွေ့မယ် ” ဟု မယ်မှုန်က ပြောလေ၏။

“ နင်နဲ့ မဆိုင်ဘူး ၊ ငါ့မယား ငါခေါ်တယ် ၊ ဘာဆိုင် သလဲ ” ဟု ဘိုးကြောင်က ပြောလေ၏။

ကိုအခိုက် ကိုမြသည် အိမ်အပေါ်ထပ်သို့ တက်၍ သွားပြီး တစ်အောင့်လောက်ကြာသောအခါ အထိမ်းအမှတ် သဖွယ် သေတ္တာထဲ၌ စက္ကူများနှင့်ပတ်ကာ သိမ်း၍ထားသော ၀ါးခြမ်းဓားနှစ်လက်ကို ကိုင်စွဲလျက် ဆင်း၍လာပြီး “ နင် သေပေတော့ ” ဟု ကြုံးဝါးကာ အိမ်ပေါ်မှ ခုန်ဆင်းပြီး တစ်ဟုတ်တည်း လိုက်ပေရာ မယ်မှုန်က ရင်ဘတ်ထုကာ “ လာကြပါဦး .... သတ်ကုန်ပြီ ၊ ဟဲ့..... ဟို မအေ ပြေးပါတော့လား ၊ ပြေး ....ပြေး.... နင် သေချင်လို့လာတာ ” ဟု အော်၍ ပြောလေရာ လူတွေဝိုင်း၍ လာကြလေ၏ ။ မယ်မှုန်ရော မယ်စံရော ပြေး၍ လိုက်ပြီး ဓားများကိုလုကာ ကိုမြကြီးသည် ရုန်းပြန်လျက် “ နင်တို့ ငါ့ကိုလွှတ် ၊ နင်တို့လင် သေမှာစိုးလို့လား ၊ ငါ စက်တိုင်တက်မယ် ၊ လွှတ် .... အခုလွှတ် ” ဟု ပြောပြီး ခုန်ပေါက်လျက် ဓားနှစ်စင်းကို မြှောက်ရင်း တစ်ခါတစ်ခါ ဒေါသကြီး၍ ခြေလှမ်းမမှန်ပုံနှင့် တစ်နေရာတည်းမှ လေပွေဝှေ့သလို ချာလပတ် လည်လျက် ခုန်၍နေလေ၏။




အခန်း (၁၀) ဇတ်သိမ်းပိုင်းအား ဆက်လက် ဖေါ်ပြပါမည်။

Sunday, December 12, 2010

သူ့မယား ငါ့မယား အခန်း(၈)

အခန်း (၈)

တစ်နေ့သ၌ လင်မယားနှစ်ယောက် ထမင်းစားနေခိုက်တွင် သူငယ်တစ်ယောက် အိမ်ရှေ့သို့ရောက်လာပြီး ကိုမြကြီးကို တီးတိုးစကားပြောလေ၏။

ကိုမြကြီးလည်း ခဏမျှစဉ်းစားပြီး ထမင်းကို သုတ်သုတ်စား၍ လိုက်သွားလေ၏။ မယ်မှုန်သည်ကား ဘယ်လို အကြောင်းများ ဖြစ်ပါလိမ့်မလဲဟု စဉ်းစားပြီး တစ်အောင့်လောက် ကြာသောအခါလိုက်၍ သွားလေ၏။

သို့ရာတွင် အိမ်တစ်အိမ်သို့ ရောက်လျှင် နောက်ဖေးနွားတင်းကုပ်၌ စောင်ကလေးကို ဦးခေါင်းထက်မှာ တင်၍ ထားသေား မိန်းမညစ်ထပ်ထပ် တစ်ယောက်နှင့် စကားပြော၍ နေသည်ကို မြင်ရသဖြင့် ဒေါထလျက် ထဘီကို တိုတိုပြင်၍ ၄င်းတို့ရှိရာသို့သွားရာ စကားပြော၍နေသာ မိန်းမမှာ အခြားမဟုတ် မယ်စံဖြစ်နေသည်ကို တွေ့ရှိရလေ၏။

ထိုအခါ မယ်မှုန်သည် ဒေါသဖြစ်လျက် မယ်မှုန်ကို ကြည့်ကာ..........

“ညည်း ဘာလာရှုပ်သလဲ၊ ဘာကိစ္စ လာသလဲ” ဟု မေးလေ၏။

ထိုအခါ မောင်မြက ထိုင်ရာမှ ထပြီး

“သည်းခံ မယ်မှုန် ၊ ငါလည်း ဘာမှ မသိဘူး၊ အခုမှ တွေ့တာပဲ၊ မေးမေးမြန်းမြန်း စုံစုံစမ်းစမ်း လုပ်မှပေါ့၊ ငါသာ ပဓာနပါ မယ်မှုန်ရယ်”

မယ်စံမှာ များစွာ ညစ်ပေညှိုးငယ်လျက် နေသည်ကို တွေ့ရလေ၏။

မယ်စံသည် မယ်မှုန်အား တစ်စုံတစ်ရာ ပြန်၍ မပြောဘဲ မျက်နှာကို အောက်ချကာ မျက်ရည်များကိုသာ သုတ်လေ၏။

“ပြောစမ်းပါဦး ၊ ညည်း ဘယ်လိုဖြစ်တာလဲ ၊ ညည်း ယောက်ျားရော ” ဟု ပထမအသံလောက် မပြင်းထန်သော အသံနှင့် ပြောလေ၏။

“မပြောပါရစေနဲ့ မယ်မှုန်ရယ်၊ ကျွန်မကိုသာ ကြည့်ပါတော့။ ကျွန်မ ဈေးရောင်းလို့ ရသမျှငွေကလေးတွေနဲ့ ဈေးအပြန်မှာ ချက်ကျွေးရသေးတယ်တော့ ၊ ရတဲ့ အထဲက ဆိုင်ကလေးတစ်ခု ဖွင့်မယ်လို့ စုထားတဲ့ ငွေကလေး အစုစု ဆယ်ငါးကျပ်လောက်ရှိတယ် ၊ ကျွန်မ မွေ့ရာထဲ ထည့်ချုပ်ထားတယ်၊ အဲဒါ အကုန် တိတ်တိတ် ဖေါက်ယူပြီး နွားပွဲသွားလောင်းပစ် လို့ ကုန်တယ်တော့ ၊ ဒါနဲ့ ကျုပ်က မတော်ကြောင်းပြောတယ်၊ ပြောရမလားဆိုပြီး ရိုက်တယ် ၊ ဖနောင့်နဲ့ ပေါက်တယ်။ ကျောကုန်းကိုသာ ကြည့်ပါတော့၊ ပြီးတော့ နှင်ပစ်တယ် ” ဟု ပြောကာ ကျောကိုလှန်ပြရာ နွားကြိမ်လုံးနှင့်ရိုက်သော ဒဏ်ရာ အရှိုးကြီးများကို မြင်ရသဖြင့် မယ်မှုန် မှာ သနားပြီး.......

“ညည်းကံပဲ၊ ငါတော့ ကံကောင်းလို့ ၀ဋ်ကျွတ်လာခဲ့တယ် ၊ အခု ညည်း ဘယ်ကို သွားမလို့လဲ”

“ဘယ်ကိုမှ သွားစရာလည်း မရှိဘူး၊ မမှုန် သဘောထားကြီးမယ်ဆိုရင် မမှုန်တို့ဆီမှာ အခိုင်းအစေပဲ ဖြစ်ပြီး နေပါရစေတော့ ၊ ကျွန်မတော့ အားကိုးပြီး လာတာပဲ”

မယ်မှုန်နှင့် မောင်မြသည် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လျက် စဉ်းစားနေကြလေ၏။ များစွာ ကရုဏာ သက်ပုံလည်း ရကြလေ၏။

မှုန် ။ ။ “ ရှင် ဘယ့်နှယ် သဘောရသလဲ ၊ ဒီလူဟာ ဘယ်တော့မှ ကောင်းမှာ မဟုတ်ဘူး ”

မြ ။ ။ “ မင်း ဘယ့်နှယ်သဘောရသလဲ ၊ ဒီတစ်ခါ လာရင် ငါ့ဓားနဲ့ ဧကန်တွေ့တော့မှာပဲ ”

မောင်မြသည် ၀ါးခြမ်းဓားကို တကယ့်ဓား မှတ်ထင်သူတို့အား ၄င်းတို့ အထင်နှင့်ညီအောင် ပြောရအားကြီး သဖြင့် မိမိကိုယ်တိုင် စိတ်၌ပင် ငကြောင်ကို တကယ် ဓားနှင့်ခုတ်၍ သတ်ရန် လိုက်ဖူးသကဲ့သို့ စိတ်၌ အထင်ရောက်၍ နေလေ၏။

စံ ။ ။ “ ကျွန်မတော့ မပြန်တော့ဘူး၊ ခြေနဲ့ကန်ရင် ခြေဖက်ရတော့ မှာပဲ။ မမှုန်မှ မကယ်ရင် ကျွန်မ ရေထဲ ဆင်းသေမယ် ၊ ဒီအကောင့်ဆီတော့ ပြန်မသွားဘူး ”

မယ်မှုန်မှာ သနားလွယ်သော မိန်းမဖြစ်ရာ မောင်မြကို ယုံကြည်စိတ်ချသဖြင့် တစ်ကြောင်း ၊ နီးစပ်၍ တစ်စုံတစ်ရာ ဖြစ်လျှင်လည်း ယောက်ျားကောင်းမောင်းမ တစ်ထောင်ဆိုသည့် စကားလို မယားနှစ်ယောက်နှင့် တင့်တင့်တယ်တယ် နေကြသူတွေ လောကမှာ အများကြီးရှိသည်ကို စဉ်းစားမိသဖြင့် တစ်ကြောင်း ၊ ငါ့လင်ကို သူခိုးတာဟာ ငါ့အစား သူဝင်ပြီး ၀ဋ်ခံရှာတာပဲ ဟု စဉ်းစားကာ ကျေးဇူးကို ရှာတတ်သော စိတ်ကြောင့် လည်းကောင်း......

“ ဘယ့်နှယ် သဘောရသလဲ ကိုမြ ၊ ရှင့်သဘောအရသာ စီမံပေတော့ ။ ကျုပ် ဘာမှ မကန့်ကွက်ဘူး ” ဟု ပြောလေ၏။

“ ဘယ်ပြောတတ် မလဲဟယ် ၊ မင်းပဲ ကြည့်ပြီး စီမံပါ ။ ဒါထက် နင့်လင်က လာပြီး နှောင့်ယှက်ဦးမှာလား ”

“ သူ လာနှောင့်ယှက်မှာကို ကိုမြက ကြောက်ရသေး သလား၊ သင်းဟာ တစ်ကယ့်နေရာကျတော့ အစွမ်းအစ ရှိတဲ့ အကောင် မဟုတ်ပါဘူး၊ သားမယားကို စော်ကားဖို့ တတ်တယ်။ အရင်တစ်ခါ ရှင်ဓားနဲ့ လိုက်လို့ ပြေးခဲ့ရပြီ မဟုတ်လား ”

“ အင်း ..... သည်တုန်းက သူ ကံကလေး အတော် ကောင်းသွားတယ် ”

“ အခုလည်း မလာဝံတော့ပါဘူး ။ စိတ်သာချပါ ” ဟု မယ်စံက ပြောလေ၏။

မှုန် ။ ။ “ ကိုင်း ....ထ .....ထ ... သွားမယ်၊ အိမ်ကိုပဲလိုက်ခဲ့ ။ သြော် ... ဒုက္ခ၊ ဒုက္ခ၊ လင်ဆိုးမယား တစ်ဖားဖား ဆိုတာ တယ်မှန်တာပဲ ။ ညည်းက မိုက်တာကိုး ။ ဒါပေမယ့် ညည်းမိုက်တာကို ကျေးဇူးတင်လို့ ညည်းကို ငါလက်ခံတာ သိလား။ ညည်း ကောင်းကောင်းနေမလား ”

“ကျွန်မ သိပါပြီ၊ သေဖူးမှ ပျဉ်ဖိုးနားလည်ရောပေါ့ မမှုန်ရယ် ၊ ရှေ့မျက်နှာ နောက်ထားပြီး လာရတာပါ ၊ ဆင်မျက်နှာ ဆိတ်မကြည့်ဝံ့သလိုပါပဲ ”

မောင်မြ သွားနှင့်ပြီး ဖြစ်လေ၏။

“ညည်း ငါ့ယောက်ျားကိုများ ပြန်ခိုးမယ် ကြံသလား၊ ဒါတော့ ချမ်းသာပေးပါအေ ”

“ မတော်တာ မမှုန်ရယ် ၊ ဒီလို လုပ်တော့ အိမ်ပေါ်က ကန်ချလိုက်တာပေါ့ ”

“ ကန်လည်း မချပါဘူးအေ ၊ ငါ့ကံပေါ့... ငါ သဘောကောင်းလို့ ခံရရင်လည်း ခံရရောပေါ့ ။ ငါတော့ သဘောထား ကြီးပါတယ် ”

အတန်ကြာလျှင် အိမ်ကို ရောက်ကြလေရာ.. မယ်စံမှာ မျက်နှာကလေး ငယ်ငယ်နှင့် မနေတတ် မထိုင်တတ် သလို ဖြစ်၍ နေလေ၏။ မယ်မှုန်က အင်္ကျီ လုံချည်အသစ်များကို ထုတ်၍ပေး လေ၏။ သူငယ် နှစ်ယောက် သည်ကား မယ်စံကို မြင်သောအခါ အံ့သြ၍ နေကြလေ၏။

အငယ်ကောင်ကလေးက အမှုန်အနားကို ကပ်ကာ.....

“ မေမေ သူ ဒီကိုလာရင် မေမေ ဖေဖေ့ဆီပြန်ရတော့ မှာပေါ့နော် ” ဟု ပြောလေ၏ ။

မှုန် ။ ။ “ အသာနေပါကွယ် ၊ မင်းတို့ နားမလည်ပါဘူး ” ဟု ပြောလိုက် ရလေ၏။










အခန်း..... (၉) အား မကြာမီ ဆက်လက်ကူးယူ ဖေါ်ပြပါမည်.....။



Saturday, December 4, 2010

သူ့မယား ငါ့မယား အခန်း (၇)

တနင်္ဂနွေ တစ်ပတ်လောက်ကြာသော အခါ ပြန်၍ လာကြရာ ကလေးများပါ လိုက်၍လာကြလေ၏။ အကြောင်းမူကား အသိမိတ်ဆွေ ဥာတိသင်္ဂဟအပေါင်းတို့ကပင် ကလေးများအား ဖျောင်းဖျ နားချပြီး ပထွေးနှင့် သင့်အောင်နေဖို့ ထည့်လိုက်ကြလေ၏။ မောင်မြကလည်း..........

“ဒါကတော့ အကြောင်းပေါ့လေ၊ ငါက သားသမီးရတဲ့ လူမျိုးမဟုတ်လို့ နတ်များက ပေးလာတဲ့ သားထူးသားမြတ် တွေလို့ ဆိုရမှာပဲ။  အမြတ်ပေါ့ မယ်မှုန်ရယ် ၊ မင်းလည်း ငါ့အတွက် ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ ကြွေးတုံ့ ကြွေးလှည့် ၊ မွေးတုံ့ မွေးလှည့်ရှိလို့ ကျွေးရ မွေးရတာ”

“ကလေးတွေက မိုက်တယ် ကိုမြရဲ့ ၊ သည်းညည်းခံနိုင်ရင် တော်ပါရဲ့”

“မိုက်တာတော့ မဟုတ်ပါဘူး ထင်ပါရဲ့ကွယ်။ အထင်လွဲပြီး ငါ့ကို မျက်မုန်းကျိုးလို့ပါ၊ နောင် တဖြည်းဖြည်း ငါကောင်းမှန်း သိလာရင် နေရာကျမှာပဲ ၊ ကိုယ့် မိခင်ဆိုတာ တခြား သူစိမ်းပြင်ပြင် တစ်ယောက်နဲ့ အတူနေတာကို မြင်ရရင် ကလေးသူငယ်တို့ဘာဝ မခံချင်စိတ် ဖြစ်တာပဲ”

ရွာထဲ၌ကား စကားအသစ်ဖြစ်ပေါ်၍ နေသည်ကား........

“ကျုပ်တို့ ကိုမြကြီးတော့ ထီပေါက်နေပြီ ၊ အခု ကလေးသုံးယောက်ရော အမြွာပူး တစ်ကြိမ်တည်း ရနေပါကလား” ဟူသော စကားဖြစ်လေ၏။

ကလေးများနှင့် သင့်တင့်ပုံမရကြောင်းလည်း သိကြသဖြင့် ကိုမြကြီးကို များစွာပင် သနားကြလေ၏။  အချို့ကလည်း ရယ်စရာ ပြောကြလေ၏ ။ အကြောင်းမူကား ကိုမြကြီးမှာ.....

“ငါ့မြင်းကို သင်း စီးတယ်  ငါက ဘာအညံ့ခံမလဲ ၊ သင်းလှေ ငါလှော်မယ် ” ဟူသော ကိန်းမျိုး ကြုံ၍ နေရှာလေတော့သတည်း။

ကိုမြကြီးမှာ သူငယ်သုံးယောက် တက်ရောက်၍ လာသည့်နေ့ကစပြီး စပါးဈေးများ မလှုပ်မရှား ငုပ်လျှိုသက်ဆင်းမည့် နမိတ်တွေကိုသာ ကြားရသဖြင့် ဘုရား......ဘုရား..... ဒီအကောင်ကလေး သုံးယောက်ဟာ ငါ့တို့အား ကောင်းကျိုးပေးဖို့လာတာမှ ဟုတ်ပါ့မလား။ လာပုံကို ထောက်တော့ သူတို့ အမေကြီး သေလို့ လာရတာကို ထောက်တော့ သေမင်းက ပို့လွှတ်တာ ဖြစ်နေပါကလား။ စပါးဈေးများလည်း အိုနာနေ နှိပ်စက် ၊ စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတဲ့ ကိန်းကြုံ၍ နေပါကလား၊ စသည်ဖြင့် တွေးတောပူပင်စ ပြုလေ၏။

ကလေးများကလည်း ပထွေးကို ဂရုမစိုက် ၊ ပထွေးက တစ်စုံတစ်ရာကို ပြောသည့်အခါ.....

“ခင်ဗျား မပြောနဲ့ ၊ ကျွန်တော်တို့ မမပြောတာသာ ခံမယ် ။ ခင်ဗျား ကျွန်တော်တို့ အဖေ မဟုတ်ဘူး” စသည်ဖြင့် ပြောကြလေ၏။

ကြားရသော အခြားသူများက ကိုမြကြီးအတွက် မခံချင်ဖြစ်ကြလေ၏။

“ငကြောင် ခင်ဗျားဖြစ်လို့ ဒီအကောင် ကလေးတွေ ခင်ဗျားသားတွေဖြစ်ရင် အခုလို စော်ကားဝံ့ကြမှာ မဟုတ်ဘူး ချီးမွမ်းအောင် ကြောက်ရမှာ ” ဟု ပြောကြလေ၏။

ကိုမြကြီးသည်ကား မည်သူ မည်သို့ပင် ပြောစေကာမူ တစ်ဖက်နားက၀င်၍ တစ်ဖက်နားမှ ထွက်လျက် စပါးဈေးကို သာ စောင့်မျှော်၍နေလေ၏။

မယ်မှုန်မှာလည်း ကလေးတွေကို နှိမ်၍မရ၊ “သူတို့နဲ့ မြန်မြန်ကင်းချင်ရင် ပညာမြန်မြန် တတ်အောင် သင်ပေးပြီး အတောင်အလက်စုံရင် လွှတ်လိုက်ဖို့ရှိတာပဲ” ဟု အတန်တန်ပြောကြသဖြင့် ရွာထဲ၌ အလုပ်မရှိ သော ကောလိပ်ကျောင်းသားတစ်ယောက်အား တစ်လ အစိတ်ပေးပြီး ၄င်းတို့ကို ပညာ အသင်ခိုင်း ရလေ၏။

ကလေးများမှာ ကိုမြကြီး အပေါ်၌သာ ဆိုးကြ၏။ အခြားသူများနှင့်ကား တစ်စုံတစ်ရာဖြစ်သည်ဟု မကြားရ။ ပညာကိုလည်း ကြိုးစားကြလေ၏။

ကိုမြကြီးသည် မိမိအိမ်တွင်း ဆန်၊ ဆီ ၊ ဆေး၊ ဆား ၊ ငရုတ် ၊ ကြက်သွန် မှစ၍ ရွပ်ရွာနှင့် သင့်တော်သော ကုန်များကို လိုလေသေးမရှိအောင် ၀ယ်ခြမ်း၍ ကုန်စုံဆိုင်ကလေးတစ်ခု တည်ထောင်ရောင်းချ ခဲ့ရာ တစ်နေ့တစ်ခြား ဆိုင်ကလေးမှာ ကြီးပွားလာသည်ကို တွေ့မြင်ရသော အခါ......

ရွာလယ်၌ တရုတ်ကုန်စုံဆိုင်ကြီးတစ်ခု ရောက်၍လာလေ၏။  မြစ်ကမ်းရှိ ရေတွင်းမှ ရေဟူသမျှသည် မြစ်ရေ၏ အားအရှိန်စုပ်ယူရာသို့ ပါရသလို ဆိုင်ကလေးမှာ လုံးပါးပါးစ ပြုလေရာ အကြွေးဝယ်သူသာ များလေ၏။

သို့သော်လည်း ကိုမြကြီးသည် ကလေးများအား ပညာသင်ပေးခြင်းအလုပ်ကို မလျှော့ ၊ ရှိသမျှ ငွေကလေး နှင့်ပင် အနေအစားကို လင်မယားနှစ်ယောက် ခြိုးခြံကာ ကလေးများ မြန်မြန်ပညာတတ်ဖို့ကိုသာ ဂရုစိုက် ကြရလေ၏။

အရင်က လက်ဝယ် ငွေကြေးအတော်ကလေးရှိစဉ်ကပင် ကလေးများ၏ ချစ်ခင်ကြည်ညိုခြင်းကို မခံရသောသူ တစ်ယောက်မှာ လုံးပါးပါးပြီး လက်ဝါးချည်းကျန်ရှိသည့် အခြေအနေသို့ ရောက်သောအခါ၌ သာ၍ပင် မလေးမစားပြုကြသည်ကို ခံရလေ၏။ တဖြည်းဖြည်း ကိုမြကြီး၏ ခန္တီပါရမီကြီးရင့် ခိုင်မာကြောင်း သိ၍လာကြသောအခါ အထက်ထက်က မခံချင်သောစိတ်နှင့် “ အလကား ငနဲကြီးပါ ၊ မယားကြောက်ကြီးပါ” စသည်ဖြင့် ကဲ့ရဲ့ပြောဆိုသူများပင် ၄င်းအား ချီးမွမ်းစပြုကြလေ၏။

ထိုကဲ့သို့နေရာ အခါလယ်ကျော်ခန့်ရှိသောအခါ သားအကြီးဆုံးဖြစ်သူမှာ အလွတ်ပညာသင်အဖြစ်နှင့် ဆယ်တန်းအောင်၍သွားပြီး ၄င်းတို့ကိုသင်ပြသော ဆရာကလေး၏ အသိမိတ်ဆွေ အဆက်အနွယ်များ၏ ကျေးဇူးကြောင့် ဆပ်ကျောင်းသို့ လျှင်မြန်စွာ ရောက်၍သွားလေ၏။
အလတ်မှာ ၇ တန်း မအောင်သေး ၊ အငယ်မှာ ၇ တန်းဖြေဖို့သာ ဆက်လက်၍ သင်ကြားနေကြရသဖြင့် အငယ်နှစ်ယောက် တာဝန်သာရှိ၏။ ဆရာကလေးကလည်း မိမိ၏ တပည့်တစ်ယောက် ဆပ်ဖြစ်တော့မည်ဟု မျှော်လင့်ကာ အားရှိလှသဖြင့် လူကြီးများမှာလည်း အရင်ကနှင့်မတူတော့သည့် အခြေအနေသို့ ရောက်၍နေလေကြောင်း သိရသောအခါ လခမယူပဲ သင်ပေးလေ၏။ အကြောင်းမူကား ထိုဆရာကလေးမှာ တစ်ယောက်ကစ တစ်ရာဆိုသလိုနှင့် သင်ပြသဖြင့် သူငယ်တစ်ယောက် ဆယ်တန်းအောင်ပြီး ဆပ်ကျောင်းကို ရောက်ကြောင်း ကြားသိကြရသမျှသော သားသမီးရှင်တို့က ကူညီကြသဖြင့် ရွာကျောင်းကြီး တစ်ခုဖြစ်၍လာရာ ဆရာကလေးမှာ ထိုအလုပ်ဖြင့် ချမ်းသာနိုင်သော အခြေအနေသို့ ရောက်၍လာလေတော့ သတည်း။




အခန်း (၈) အား ဆက်လက် ဖေါ်ပြပါမည်........................................။

Friday, December 3, 2010

သူ့မယား ငါ့မယား အခန်း(၆)

အခန်း(၆)

ထိုအခါ စပါးကုန်သည်အဖြစ်နှင့် ကိုမြကြီးမှာ အတော်နာမည်ကြီး၍ လာလေ၏။ သို့သော်လည်း ပစ္စည်းဥစ္စာတို့ ပင်လယ်၌ထသော လှိုင်းပမာ မြင့်သည့်အခါမြင့် ၊ နိမ့်သည့်အခါ နိမ့်တတ်သည့် သဘောကြောင့်တစ်ကြောင်း ၊ မလုပ်ဖူးသော အလုပ်ကို လုပ်မိသဖြင့် တစ်ကြောင်း၊ နာမည်ကြီးသလောက် အကျိုးမများ၊ ပထမ သိုလှောင်သော စပါးများမှာ ငွေရင်းရှိသမျှ အကုန်သွင်းမိလျက်ဖြစ်ရကား ထောင့်ငါးရာ လောက် ရှုံး၍သွားလေ၏။ သို့သော်လည်း ဣနြေ္ဒမပျက် ဆင်ကြုံကျွဲပေါ့ဟူသော စကားမျိုးနှင့် ဒုတိယနှစ်ဆက်၍ လှောင်ပြန်လေ၏။

စပါးများ ကျီတွင်းသို့ရောက်ပြီးနောက် လင်းမယားနှစ်ယောက်သည် အိမ်ရှေ့၌ ထိုင်ကာ တွက်ကိန်းချ နေခိုက်တွင် သူငယ်သုံးယောက်သည် ရင်ပေါင်တန်း လက်ချင်းဆက်ကာ သွက်လက်လျင်မြန်သော ခြေလှမ်းနှင့် လာကြလေ၏။ မယ်မှုန်ကို မြင်ကြသောအခါ ပြေး၍လာကြလေ၏။ မယ်မှုန်လည်း ထိုင်ရာမှ ၄င်းတို့ထံ ထ၍ပြေးလေ၏။ မကြာမီ သုံးယောက်သား မယ်မှုန်ကို ဖက်ကာတွယ်ကာ သူတစ်ခွန်း ငါတစ်ခွန်း ပြောရင်းမေးရင်း လိုက်၍လာကြလေ၏။ မောင်မြမှာ ထိတ်လန့်ကြောက်ရွံ့သော အမူအရာနှင့် ကြည့်၍နေလေ၏။ အကြောင်းမူကား အသက် ၁၈ နှစ်ခန့်ရှိ အကြီးဆုံးအကောင် ချောချောကလေးမှာ ငကြောင့်နှင့် လွန်စွာတူ၍ နေလေ၏။

“ဟဲ ... ဒါတွေ ဘာတွေလဲ”

“ကျွန်မ သားတွေလေ”

“ဟင် .... နင်ငါ့ကို အရင်က မပြောပါကလား”

“အရင်က သူတို့ ရှိမှ မရှိဘဲကိုး၊ ကျုပ်လည်း သူတို့အဘွားနဲ့မို့ စိတ်ချနေတာပဲ၊ တာဝန်တော့ ဒီတစ်သက်မှာ ရှိတော့မှာ မဟုတ်ဘူးလို့ အောက်မေ့မိတာပဲ”

“နို့ အခု ဘယ်လိုဖြစ်သလဲ”

“အမေ မမာလို့တဲ့ ”

“နေစမ်းပါဦး၊ ဟေ့ .... အခု မင်းတို့ ဘယ်ကလာသလဲ” ဟု အလတ်သူငယ်ကို မေးရာ.....

“ဖေဖေ့ ဆီကပေါ့ဗျာ ” ဟု ပြန်၍ ပြောလေ၏။

“ဟင် ... မင်းတို့ ဖေဖေ ဘယ်သူလဲ” “ ပွဲစားကြီး ဦးဘိုးကြောင် ပေါ့ဗျာ၊ ခင်ဗျား တစ်ခါမှ မကြားဖူးဘူးလား”

မယ်မှုန်မှာ မျက်နှာပျက်လျက် မောင်မြ နောက်၌ ရပ်ကာ........

“ဒါ နင်တို့အဖေ၊ ပထွေး” ဟု တိုးတိုး အသံမပါ နှုတ်ခမ်းဖြင့် ပီသစွာ ပြောလေ၏။

“သိပါတယ် မမရယ် ၊ မမ မဟုတ်တာ လုပ်လို့ ကျွန်တော်တို့ ခေါ်ဖို့လာတာ၊ ဖေဖေ ဘယ်လောက် သနားစရာ ကောင်းသလဲ၊ အမေ မမာလို့ သွားပြောတော့ ကျွန်တော်တို့ကို တစ်ယောက်စီဖက်ပြီး ငိုတယ်၊ မမကတော့ ဒီမှာ ပျော်လို့”

“သူ့မှာလည်း မိန်းမနဲ့ သားရဲ့”

“မမ ဒီလူကြီးနဲ့ လိုက်ပြေးလို့ ဖေဖေ့မှာ တစ်ယောက်တည်း ထမင်းချက်ကျွေးမယ့် လူ မရှိလို့ ယူရတာ”

ကိုမြသည် များစွာ မသက်သာသော မျက်နှာနှင့် မယ်မှုန်ကို ကြည့်လေ၏။

မမှုန်ကား ၄င်းကို သတိမထားဘဲ....
“နို့ မင်းတို့ မိထွေးက သဘောကောင်းရဲ့လား”
“ကောင်းတာပေါ့၊ ကျွန်တော်တို့ကို ကြက်သားဟင်း နဲ့တောင် ကျွေးလိုက်သေးတယ်၊ ပြီးတော့ ဟိုမှာ တစ်ရက်နေပြီး မမကိုခေါ်ဖို့ လာတာပဲ”
“မင်းတို့ မိထွေးက အခေါ်ခိုင်းတာလား”
“မဟုတ်ပါဘူး၊ အမေ မမာတာ လာပြောတာ”
“အမေ့မှာ ပိုက်ဆံများ ရှိသေးရဲ့လား”
“မနှစ်က သူဌေး ဦးထိုက်က.... ငွေငါးထောင် ခဏလှည့်ပါပြောလို့ လှည့်လိုက်တာ၊ အခု သူဌေး ဦးထိုက် ၊ ဘာဆိုလဲ ၊ ဂျွန်ဒီဝါးဆိုလား အဲဒါဖြစ်သတဲ့ ၊ ဒါနဲ့ အကုန်ဆုံးကုန်ပြီ၊ ကျွန်တော်တို့တောင် ရှင်မပြု ရ သေး ဘူး”
“မဟုတ်ပါဘူးကွယ်.၊ ဒေ၀ါလီဆိုတဲ့ ကုလားက သူဌေးဦးထိုက်ကို လိမ်သွားတာကွယ့်” ဟု အလတ်က ပြောလေ၏။

“ ဟင် ......ဒီလိုဖြင့် အမေပစ္စည်းဆုံးမို့ မမာတာပေါ့၊ ဒေ၀ါလီထဲ ပါသွားတာပေါ့”

မမှုန်သည် မျက်လုံးများကို အင်္ကျီလက်နှင့် တို့လေ၏ ။ ဖြစ်ပျက်ပုံမှာ မမှုန်၏ မိခင်မှာ အသက် ၆၀ ခန့် မုဆိုးမကြီး ဖြစ်ရာ သွားလေသူ ကျောင်းဒကာကြီးက ကျန်ရစ်သော ငွေကလေး သုံး၊ လေးထောင်ကို အတိုးချ၍ နေလေ၏။ လွန်စွာလည်း စေးနှဲစီစစ်သဖြင့် တစ်ကြောင်း၊ သမက်ငကြောင် က ဖြုံးမှာစိုးသဖြင့် တစ်ကြောင်း၊ သမီးကို ပြန်၍ မကြည့်ဘဲ နေခဲ့လေ၏။ ၄င်းအမယ်ကြီး၏ စိတ်၌ သမီး မယ်မှုန်ကို အဘယ် ယောက်ျားမျှ ယူစေလိုသော စိတ်ဆန္ဒမရှိ သမက်မှန်သမျှ သိုက်တူးသမားချည်းဟူ၍သာ သဘောပိုက်ခဲ့လေ၏။ မြေးသုံးယောက်ကို မူကား အသုံးမကျသော သမက်ကြောင့် ဆင်းဆင်းရဲရဲ နေကြရမှာ စိုးသဖြင့် အိမ်၌လည်း ဆေးပေးမီးယူ ဖြစ်စေတော့ဟု သဘောထားကာ မိမိထံ ခေါ်၍ထားသည်မှာ မမှုန်နှင့် မောင်မြ မတွေ့မီ တစ်နှစ်ကျော် အခါလောက်က ဖြစ်လေ၏။ ထိုအကြောင်းကို အမယ်ကြီးနေသော မီးရထားလမ်းမြို့က လူများသာသိ၍ ငကြောင့်နှင့်အတူ ပြောင်းရွှေ့ နေထိုင်သော ရွာသူရွာသားများ မသိကြပေး။ မယ်မှုန်မှာလည်း အားမကိုးလောက်သော လင် ဘိုးကြောင်းနှင့် ကံကောင်း ထောက်မ၍ ကွဲလျှင်၊ လူကောင်းသူကောင်း တစ်ယောက်ယောက်နှင့် တွေ့စေတော့ ဟူသော အကြံနှင့် မိမိမှာ သားသုံးယောက်ရှိကြောင်း မည်သူ့အားမျှ လေသံမျှ မတိမ်းခဲ့ပေ။ ယခုမှ ထိုအကြောင်းကို မောင်မြ သိရသော အခါ  တစ်နှစ်ကျော် နှစ်နှစ် ပေါင်းခဲ့ပြီးဖြစ်သော မယားကို ကလေးသုံးယောက်အတွက် မစွန့်ရက်နိုင်ဘဲ ငါ့မှာ အမြတ်ရသေးရဲ့ ဟူ၍ မချည့်သောစိတ်ကို ဖြေရတော့မည့်အနေသို့ ရောက်၍ နေလေတော့သတည်း။ ယခု အခြေအနေမှာ ၄င်းတို့၏ အားကိုးရာဖြစ်သော အမယ်ကြီးမှာ ပစ္စည်းမရှိတော့ သည်ဖြစ်ရကား မိမိသာလျှင် တာဝန်ရောက်တော့မည်ကို သိလေ၏။ ဘိုးကြောင်ကား တာဝန်ခံမည့်လူ မဟုတ်။ မ ခင်မှ ဥ ခင်၊ ဥများမှာလည်း နှစ်ရှည်လများ ကွဲ၍ နေခဲ့သော ဥများဖြစ်ရာ ဂရုစိုက်ဖို့လမ်းမှာ သာ၍ပင် ဝေး၍ နေလေ၏။ ဂရုစိုက်နိုင်မည့် အခြေအနေလည်း မရှိကြောင်း၊ ယခုအခါ မယ်စံက ဈေးတောင်း ခေါင်းရွက် ကျွေး၍နေရသည့် သတင်းကို ကြားသိသဖြင့် သိရလေ၏။

သူငယ်ကလေးများ၏ အမူအရာကို မောင်မြသိလေ၏။ မိမိနှင့် အဘယ်သောအခါမျှ သင့်မြတ်ပုံမရကြောင်း တွေးမိ၏။ မိမိကပင် လိုက်လျောစေကာမူ ထိုကလေးများ၏ စိတ်ကို မိမိဘက်သို့ ယိမ်းညွတ်အောင် လုပ်ဖို့ရန် လွန်စွာခက်မည်ဖြစ်ကြောင်း စဉ်းစားမိလျက် မောင်မြမှာ များစွာပင် စိတ်မသက်မသာ ဖြစ်လေ၏။

မယ်မှုန်ကလည်း မောင်မြ၏စိတ်၌ အဘယ်ပုံဖြစ်ပျက်၍နေသည်ကို ရိပ်မိလေ၏။ သို့သော်လည်း မိမိ၏ ကလေးများကိုကား ငြင်းပယ်ကာ မိမိ၏ ကလေးများမဟုတ် ကြောင်းမပြောနိုင်ပေ။

ကလေးများ၏ ကံဆိုးပုံကိုလည်း တွေးတောကာ ရင်ထဲ၌ မသက်မသာဖြစ်လေ၏။ ဖအေလုပ်သူက မကောင်းသည့်အတွက့် ငါ့သားကလေးတွေမှာ မကြာမီ ပထွေးအောက် မျက်နှာချရတော့မှာပါကလား ဟု စဉ်းစားသည့် အခါ မျက်ရည်များ လည်၍လာပြန်သဖြင့် တစ်ဖန် မျက်နှာကို သုတ်ရပြန်လေ၏။

မြ ။     ။ “မင်းတို့ အမေကြီး မတော်တဆ သေရင် မင်းတို့ ဘယ်မှာနေမလဲ ” ဟု မေးလေ၏။

၎င်းတို့ သုံးယောက်အနက် အလတ်ကလေးမှာ သွက်လက်ချက်ချာပုံ ရသည့်အတိုင်း ၄င်းကပင် လျင်မြန်စွာပြောသည်ကား။

“ကျွန်တော်တို့ ဖေဖေ့ဆီမှာ နေမှာပေါ့”

“မင်းတို့ ဖေဖေ သူ့မယားက ဈေးရောင်းကျွေးနေရတယ်လို့ ဦးလေးကြားတယ်။ သူ့မယားက မင်းတို့ သုံးယောက်စလုံးကိုပါ ဈေးရောင်းကျွေးနိုင်ပါ့မလား”

“ကျွန်တော်တို့လည်း ကူပြီးလုပ်မှာပေါ့၊ ကျွန်တော်တို့ အဖေဘာမှမလုပ်ဘူးဆိုတာ ခင်ဗျားကို ဘယ်သူပြောလဲ၊ ကျွန်တော်တို့ ဖေဖေ ပွဲစားကြီး”

“ပွဲစားကြီးဖြင့် တော်ပါရဲ့၊ မင်းတို့ မမကိုတော့ မင်းတို့ လုပ်မကျွေးချင်ဘူးလား”

“ကျွန်တော်တို့ မမ ဖေဖေ့ဆီ ပြန်လာရင် လုပ်ကျွေးမှာပေါ့”

“ဒီလိုဖြင့် မင်းတို့အဖေမှာ မိန်းမနှစ်ယောက် ဖြစ်နေမှာပေါ့”

“မိန်းမနှစ်ယောက် ရှိရင် သာပြီးကောင်းတာပေါ့၊ နှစ်ယောက်စလုံး ဈေးရောင်းရင် ဖေဖေကလည်း တစ်ဖက်ရတာနဲ့ ကျွန်တော်တို့ အများကြီးချမ်းသာမှာပေါ့၊ ”

“မင်းတို့ မမက မင်းတို့ ဖေဖေဆီ ပြန်မသွားဘူးဆိုရင်ရော”

“ပြန်မသွားရင် သူ့ဘာသာသူ”

“မင်းတို့ ဒီမှာ မနေချင်ဘူးလား”

“ကျွန်တော်တို့ ဖေဖေကလွဲလို့ ဘယ်သူနဲ့မှ မနေဘူး၊ ငတ်လို့သေသေ”

မောင်မြသည် မယ်မှုန်၏မျက်နှာကို လှည့်ကာ “ကြားရဲ့လားဟေ့ ၊မင်းသားများက မင်းကို တယ်ခင်ပါလား၊ မင်းကိုတောင်မှ မခင်ရင် ငါနဲ့တော့ အတော်ခက်မှာပဲ”

“ကျွန်တော်တို့ ညီအစ်ကိုသုံးယောက် ခင်ဗျားတို့ဆီ ဘယ်တော့မှ လာမနေဘူး ၊ စိတ်ချ”

“ကောင်းပါ့ မောင်၊ နို့....မင်းတို့ နှစ်ယောက်ကရော” ဟု အငယ်ကလေးနှင့် အကြီးကို မေးရာ...

အကြီး ။     ။ “ကျွန်တော်အခု အင်္ဂလိပ်စာ ၇ တန်းအောင်တယ်၊ ကျွန်တော် အလုပ်ရအောင်ရှာပြီး ကျွန်တော့်ညီလေးတွေကို ကျွေးမှာပဲ”

“အခု ၇ တန်းနဲ့ အလုပ်မရနိုင်ဘူးကွယ့် ၊ ရှေးကလို မဟုတ်ဘူး”

“ကျွန်တော် ပညာဆက်သင်မယ်”

“မတော်တဆ မင်းတို့ အမေကြီး သေရင် ဆက်သင်နိုင်ပါ့မလား”

“ကျွန်တော်တို့ ယေရှုခရစ်ကျောင်းသွားပြီး လခမပေးရတဲ့ ကျောင်းသားအဖြစ်နဲ့ သင်မယ်”

“မင်း သင်နေခိုက်မှာ မင်းညီကလေးတွေ ဘယ့်နှယ်လုပ်မလဲ”

“သူတို့ကိုလည်း ခေါ်သွားမှာပေါ့၊ မောင်ခင် (အလတ်)က ငါးတန်းရပြီ၊ မောင်ကြင်(အငယ်ဆုံး)က သုံးတန်း ကျွန်တော်တို့ဘာသာ သနားအောင် သွားပြောရင် ဘယ်နည်းနဲ့မဆို လက်ခံမှာပဲ”

“အေး....မင်း တော်ရဲ့၊ မင်းတို့ မမကို မင်းတို့က ဒီလောက်တောင် စိတ်နာသလား၊ မင်းတို့ မမ အပြစ်မဟုတ်ဘူးကွယ့်၊ မင်းတို့ အဖေက စပြီး  မဟုတ်တာ လုပ်တာ”

“ကျွန်တော်သိပါတယ်၊ အစဦးမှာ ဖေဖေက အခု သူ့မိန်းမကို အလကား ကစားသလိုလုပ်တာ တကယ်ယူဖို့ ကြံတာ မဟုတ်ဘူးတဲ့။ သည့်နောက် မမက ခင်ဗျားနဲ့ ထွက်ပြေးလို့ စိတ်နာပြီး အခု သူ့မိန်းမကို အတည်ပေါင်းနေတာ၊ သူကတော့ ကလဲ့စားချေတာလို့ ပြောတာပဲ”

“အခု သူ့မိန်းမက ဘယ်အရပ်ကတဲ့လဲ”

“ဒါတော့ ကျွန်တော်တို့ ဘာသိမလဲ”

မှုန် ။     ။ “မင်းတို့ ဖေဖေက ကလဲ့စားချေတာ မဟုတ်ဘူးကွယ့်။ သူ့မိန်းမကို ပထမ ခိုးပြေးလို့၊ ဒီက မခံနိုင်လို့ ကလဲ့စားချေတာ၊ မမ အပြစ်လည်း မဟုတ်ဘူး။ မမကို ဒီက အတင်းလှည်းနဲ့ တင်လို့ လိုက်ရတာ”

ထိုအခါ ညီအစ်ကို သုံးယောက်စလုံး မျက်လုံးပြူး၍ နေကြလေ၏။

အလတ် ။     ။ “ဒီလိုဖြင့် ခင်ဗျားကြီးက ကျွန်တော်တို့ မမကို အတင်းကြံတာပေါ့လေ။ ကျွန်တော်တို့ ဘယ်တော့မှ မကျေဘူး။ ခင်ဗျား အတင်းမကြံရင် ကျွန်တော်တို့ ဖေဖေ မမနဲ့ အတူနေရမှာပဲ”

မှုန် ။     ။ “တော်..... တော်..... ဒါတွေ ပြောမနေနဲ့၊ အမေ အခု ဘယ့်နှယ် နေသလဲ”

“မနည်းဖြစ်နေတယ်၊ မမကို ခေါ်ဖို့လာတယ်၊ မမ လိုက်ခဲ့ပါ”

“အမေက မမကို မှာသလား ။ မမကို သေခန်းဖြတ် ထားတာကွယ့်၊ မမ လိုက်လို့မဖြစ်ဘူး၊ တကယ်ပဲ မနည်းဖြစ်နေသလား”

“တော်တော်တော့ ဖျားနေတာပဲ”

“အခု ဘယ်သူ ကြည့်ရှုနေသလဲ”

“ကြီးကြီး မဖွားအုံတို့ တစ်အိမ်သားလုံး လာပြီး ပြုစုနေကြလို့ပေါ့”

“မင်းတို့ကို ဘယ်သူက လွှတ်သလဲ”


“ကြီးကြီးက လွှတ်တယ်”

“ဒီကောင်မကြောင့် မမကို အမေ သေခန်းဖြတ်တာ၊ သူတို့ အမေ့ကို သနားလို့လာပြီး နေတာ မဟုတ်ဘူး။ ထမင်းငတ်လို့ အစားချောင်အောင် ၊ ပြီးတော့ အမွေရမလားလို့ လာပြီး ပြုစုဟန်ဆောင်နေတာ၊ ဒီ အမယ်ကြီး ဒါမျိုးတွေနဲ့မှ တော်တယ် ” ဟု ပြောကာ တစ်ချက်၊ နှစ်ချက် ရှိုက်ပြီး တစ်ဖန် အင်္ကျီလက်နှင့် မျက်နှာကို သုတ်လျက် အိမ်ပေါ်သို့ တက်၍ သွားလေ၏။

မောင်မြလည်း လိုက်၍ သွားလေ၏။ ကလေးသုံးယောက်မှာ အိမ်ရှေ့၌ ရှိသော ခုံတန်းလျားမှ ထိုင်လျက် ဆိတ်ငြိမ်၍ နေကြလေ၏။

ကလေးများသည် မိခင်ဖြစ်သူကို အရေးယူကြ၏။ ပထွေးကို ကား ရှိသည်ဟူ၍မှ အမှတ်မထားကြချေ။ နဂိုက ပစ္စည်းရှိသူ အမယ်အိုကြီး၏ ယုယခြင်း၊ အခြားဆွေမျိုးညာတိ ဆင်းရဲသူတို့၏ မြှောက်စားခြင်းများကို ခံခဲ့ကြသူကလေးများဖြစ်ရာ ထောင်လွှားမာန်တက်လျက်၊ မည်သူ့ကိုမျှ လေးစားလောက်သည်ဟု  မထင်ကြချေ။ သို့ဖြစ်လေရာ မြင်လျှင်မြင်ချင်း ငါ့တို့မမကို ယူထားတဲ့ အကောင်ကြီးဟူသော မခံချင်သော စိတ်ကြောင့် မချစ်နိုင် မခင်နိုင်ဖြစ်၍နေသာ ပထွေးကို အဘယ်နည်းဖြင့် ခင်မင်နိုင်ပါ့မည်နည်း။ သို့ဖြစ်လေရာ စကတည်းက ယဉ်စစ ဆိုသည့်စကားလို “ စတင်ရန် ခက်ပါဘိ” ဆိုသည့် ကိန်းသည် အစစ်အမှန် ကြုံကြိုက်၍ နေလေ၏။

နောက်တစ်နေ့ ညနေ အချိန်၌ ကျောင်းသားလူငယ် နှင့် တူသူ ကလေးတစ်ယောက်သည် မယ်မှုန်ထံ ရောက်၍လာပြီး စာတစ်စောင်ကို ပေးလေ၏။ ထိုစာမှာ......

မယ်မှုန်

အမေကြီးဆုံးပြီဟု ကြားရသည်။ သွားပြီး ကြည့်ဦးမှ တော်မည်။ ပစ္စည်းတွေ ကစဥ့်ကရဲဖြစ်မှာ စိုးရသည်။ ကလေးတွေ ရောက်ရဲ့လား။
ကြောင်

ထိုစာကို ဖတ်ရလျှင် ဖတ်ရချင်း မယ်မှုန်သည် ဟစ်အော်၍ ငိုလိုက်လေ၏။ ကလေးများလည်း စာကို ကြည့်ကြပြီးနောက် ငိုကြလေ၏။

ကိုမြကြီး ။     ။ “ဒီလောက်တောင်ငိုဖို့ မဟုတ်ပါဘူး မယ်မှုန်ရယ် ။ လူကြီးဆိုတာ သေတာမျိုးပဲ ။ ပစ္စည်းဥစ္စာ မရှိ ဆင်းဆင်းရဲရဲ အိုနေမယ့် အစား သေတာက အေးတာပေါ့ဟယ်။ ၀တ္တရားရှိသလောက် သွားဖို့ ရှိတာပေါ့” စသည်ဖြင့် တရားချလေ၏။

နောက်တစ်နေ့ လင်မယားနှစ်ယောက်စလုံး ကလေးများနှင့် အတူ သွားကြလေ၏။




အခန်း (၇) အား ဆက်လက်ဖေါ်ပြပါမည်..........................................။


Saturday, November 20, 2010

သူ့မယား ငါ့မယား အခန်း(၅)

                 ကာလသားများသည်ကား ထိုမျှနှင့်မကျေနပ် ။ မယ်မှုန်နှင့် မောင်မြထံသို့ ကာလသား ဒယ်လီကိတ် ကိုယ်စားလှယ်ခြောက်ယောက် တစ်နေ့သ၌ လာရောက်ကြလေ၏။

မောင်မြက ၄င်းတို့အား ကောင်းစွာဧည့်ခံ၍ အကျိုးအကြောင်းမေးသာအခါ ခေါင်းဆီလီဒါး ဒယ်လီကိတ် ဥက္ကဌ ဖြစ်သူ စံမှူးက.......... “ကျုပ်တို့ရွာမှာ ကိုမြကြီး ဆံပင်ညှပ်ဆိုင်နှင့် စက်အမျိုးမျိုးပြင်တဲ့ အလုပ်ရုံ လာပြီးဖွင့်လှစ်ဖို့ သဘောတူသည့်အတွက် ရပ်ရွာ၏ ဂုဏ်ကျက်သရေ ဖြစ်သောကြောင့် အလွန်ကျေးဇူး တင်ကြောင်း၊ ကျွန်တော်တို့ ကာလသားများမှာလည်း ကိုမြကြီး ပြုလို့ ဗိုလ်ကေနဲ့ နုနေကြရသည်မှာ လပေါင်းအတော်ကြာခဲ့ပါပြီ၊ ကျုပ်ခေါင်းဟာ တစ်လမရှိသေးဘူး၊ ကိုမြကြီးလက်ရာပါပဲ။ ကျွန်တော်တို့ ကာလသားများမှာလည်း ကိုမြကြီးထံ တပည့်ခံပြီး ဆံပင်ညှပ်အတတ်၊ စက်အမျိုးမျိုး သော့ခလောက် အမျိုးမျိုး ပြင်တဲ့အတတ်၊ သော့အတတ်များကို တပည့်ခံသင်ကြားပြီး အရပ်ရပ်အနယ်နယ်မှာ အသီးသီး အခြေစိုက်ဖို့ အကြံလည်းရှိပါတယ်၊ သည့်အတွက် ယခုပင် ဆရာသမားအရင်းအခြာလို သဘောထားပြီး ကျေးဇူးကို တင်ကြို၍ ဆပ်ချင်ပါတယ်” ဟု ပြောလေ၏။

               တစ်ယောက်က........

               “ကျေးဇူးဆပ်ဆို ဒီလိုပါ ဆရာ၊ ဟို ငကြောင်ဆိုတဲ့ အကောင်ဟာ တစ်နေ့သ၌ ကိုမြကြီးကို သူ့မယားအတင်းခိုးတယ်လို့ စွပ်စွဲမှာ စိုးရပါတယ်၊ သူက စတာတော့ မှန်ပါတယ်။ သို့သော်လည်း တရားတစ်ပေါင်ဆိုတာ လည်ရာဘက်က နိုင်တာပဲ။ တရားတာ၊ မတရား ဆိုလာလိုလို အခုကာလမှာ ဖြစ်နေတာမို့ လူသိနတ်ကြား ပုဆိုးတန်းတင် မင်္ဂလာဆောင် ယူဆယ်ဆိုတဲ့ အနေရောက်အောင် ဆရာ ကတော်နဲ့ မင်္ဂလာဆောင်ဖို့ ကျွန်တော်တို့က တိုက်တွန်းလာတာပါ၊ မင်္ဂလာအရေး ကိစ္စအတွက်တော့ လိုလေသေးမရှိရအောင် ကျွန်တော်တို့ကပဲ တာဝန်ခံပါတယ်” ဟု ပြောလေ၏။

               မြ ။     ။ “မင်္ဂလာဆောင်တာက နောက် ၊ သူ့မယား ကို ခိုးတာက အရင်ဖြစ်နေတယ်၊ ခိုးပြီး မင်္ဂလာဆောင်ရုံနဲ့ အပြစ်မကင်းဘူးလို့ ဆရာ သဘောရတယ်”

               တစ်ယောက် ။     ။ “ အိုး........ ဘာပဲဖြစ်ဖြစ် ဆောင်သာဆောင်လိုက်ပါ၊ ဆရာ ခဲဖိုးမပေးရ ပါဘူး၊ ခဲဖိုးကို ကျွန်တော်တို့ကပဲခံပြီး ချက်အရက် ကြက်သားဟင်းနဲ့ ဧည့်ခံပါမယ်။ ဆောင်သာဆောင်ပါ”

               သည်လိုဖြင့်.............

               “ ကိုရင်တို့ သဘောပဲလေ၊ ကြည့်သာ စီမံကြပါတော့ ၊ ဘယ်တော့လဲ”

               “ကိုရင်တို့ သဘောရှိပါ၊ မငြင်းပါဘူး၊ ကျုပ်တို့တော့ မင်္ဂလာဆောင် သတို့သမီး သတို့သား ရယ်လို့ ယှဉ်မထိုင်ပါရစေနဲ့၊ ဒါတော့ တစ်ဆိတ် သည်းခံပါ”

               တစ်ယောက် ။     ။ “ဒါလည်း မလိုပါဘူး၊ တိုတိုတုတ်တုတ် ပြောရရင် ဆရာနဲ့ ဆရာကတော်ကို အကြောင်းပြုပြီး အဲဒီအိမ်မှာ ကျွန်တော်တို့ ပျော်ပွဲလုပ်ဖို့ပါပဲ”

               မြ ။      ။ “ သာဓု ဗျာ ..... သာဓု ၊ မူးယစ်ပြီး သောင်းကျန်းမှာသာ ဆရာက စိုးတာပဲ၊ သောင်းကျန်းရင်တော့ ဆရာကပေမယ့် စိတ်က အတော်ကလေးမြန်တတ်လို့ ဓားကိုင်မိမှာ စိုးလို့ သတိပေးရတာ၊ ငယ်ငယ်က ကျောမှာ ၀က်ကုန်းထိုးထားလို့၊ ရှေ့မှာ ရုန်းရင်းဆန်ခတ် မြင်ရရင် လူစိတ်ပျောက်ပြီး ထစ်ခနဲရှိ ဓားသာကိုင်မိတာပဲ၊ အရင်တစ်ခါမှ တစ်နေ့က ဖြစ်တာလို မဖြစ်ခဲ့ဘူး၊ ဒီအကောင် လာပြီးရမ်းတာနဲ့ ဘာလုပ်မိမှန်း မသိဘူး မွှန်ပြီးမေ့သွားတာပဲ၊ လူစိတ်ပျောက်ပြီး ဆေးစိတ် ၀င်လာတာနဲ့ တူပါတယ်”

               “ကျွန်တော်တို့လည်း ကိုယ့်ဆရာသမားဆို အရေးထဲမှာ ခေါင်းဆောင်မှ သဘောကျတာ၊ ဟိုနေ့က မြင်ကတည်းက ဆရာ့ကို ကျွန်တော်တို့အားလုံးပဲ အားကိုးကြပါတယ်၊ ပွဲလမ်းသဘင်ကျရင် တောင်ရွာက ငမိုးတို့လူစုတွေ လာပြီးကျယ်တာ အခံရခက်လွန်းလို့ပါ ဆရာရယ်။ ကျွန်တော်တို့ ရွာသားတွေက လူမညီဘူး၊ ညီဖို့ရာလည်း ခေါင်းဆောင်မရှိပဲကလား ဆရာရဲ့။ အခုတော့ ဆရာ့ကြောင့် ညီကြပါတော့မယ် ၊ တစ်ခြားရွာသားတွေ စော်ကားတာလည်း ခံရတော့မှာ မဟုတ်ဘူးလို့ ယုံကြည့်ပါတယ်” စသည့်ဖြင့် တစ်ယောက်က အာသွက်လျှာသွက်နှင့် အကျယ်တစ်ဝင့် ပြောလေ၏။

               ထိုနေ့ ညနေအချိန်မှစ၍ အိမ်ရှေ့၌ ချက်ကြပြုတ်ကြသော ကာလသားတွေ တရုန်းရုန်း ထမင်းဟင်း မကျက်မီကပင် မူးယစ်ကြလျက် ကသူ က ၊ ခုန်သူ ခုန်နှင့် ပျော်စရာကြီး ဖြစ်၍ နေလေ၏။ ပျော်ပွဲမှာ ထိုညဥ့်နက် သန်းခေါင်ကျော်မှ အပြီးသတ်လေ၏။

               နောက်တနင်္ဂနွေ တစ်ပတ်ကြာသော အခါ မိမိတို့မူလတည်းသော အိမ်ရှေ့မှာပင် အလုပ်ရုံဖြစ်လျက် မောင်မြမှာ တပည့်များနှင့် ဆံပင်ညှပ်ဆိုင်ကို ဖွင့်လှစ် အတည်တကျဖြစ်၍ သွားလေ၏။

               စက်အလုပ်ရုံမှာ ရွာနီးချောင်းစပ် ပတ်ဝန်းကျင်မှရသမျှသော အပ်ချုပ်စက်၊မီးအိမ်၊ စတောင်းကင်း ၊ နာရီ၊ သော့ကလောက်၊ သေတ္တာပျက်၊ တယော၊ မယ်ဒလင် စသည့် အပျက်အစီး ဟူသမျှ အိမ်ထောင်ပစ္စည်း ဆေးသုတ်လုပ်ငန်းသို့ တိုင်အောင် အကုန်စုဆောင်းလုပ်ကိုင် နိုင်ရန်အတွက် မောင်မြသည် တပည့်များကို အရာရာသို့ ဘိုင်စကယ်များနှင့် လွှတ်လေ၏။ ဘိုင်စကယ် အပျက်အစီးများ ကိုလည်းပြင်၏။ ၀ယ်၍ အသစ်ပြုပြင်ကာ ငှားလည်းငှား၏။ လက်သမား တတ်သူများကိုလည်း အခပေး စေခိုင်း၏။ သို့ဖြစ်လေရာ ခြောက်လလောက်ကြာသော အခါ စခန်းကြီးရွာမှာ ရွာအပေါင်းတို့အပေါ်၌ စခန်းကြီးလောက်အောင် ထင်ပေါ်ကျော်ကြားခြင်း အဖြစ်သို့ရောက်ရုံမက အချို့သော တပည့်များအားလည်း အခြားရွာများသို့ ဆိုင်ခွဲတည်ထောင်ရန် စ၍စေလွှတ်နိုင်သော အခြေအနေသို့ ရောက်လေ၏။ ဆိုင်ခွဲဆိုသော်လည်း ဆိုင်ဆွဲတည်သူများမှာ နာမည်သာ ဆိုင်ခွဲဖြစ်၍ အမှန်မှာ ကိုယ်ပိုင် ဆိုင်များပင်ဖြစ်ကြလေ၏။

               သို့ဖြစ်လေရာ မောင်မြမှာ အစ၌ အတော်ပင် စည်ကားသော်လည်း တပည့်များအား ဆိုင်ခွဲများပေးရသောအခါ မိမိ၏ဆိုင်မှာ အစကလောက် အလုပ်မများ၊ အလုပ်များ ပါးစပြုလေ၏။ ဆိုင်ခွဲ တပည့်များမှာလည်း တပည့်တွေနှင့် အသီးသီးဖြစ်၍လာကြလေရာ နယ်တစ်ခွင်တစ်ပြင်လုံးမှာ အသက်မွေးမှု မျိုးစေ့ကို စ၍ကြဲသူမှာ အထက်အခါက ဘိုင်စကယ်ကလေးနှင့် တစ်ကိုယ်တည်းလှည့်လည် လုပ်ကိုင်ခဲ့စဉ်ကလောက် ငွေကြေးအ၀င်မများတော့ပေ။ သို့ဖြစ်လေရာ ထိုအလုပ်များကို လုံးလုံးလျားလျား စွန့်ပြီး စုဆောင်းရရှိပြီးသော ငွေကလေး နှစ်ထောင်ကျော်၊ သုံးထောင်နှင့် စပါးအလုပ်ကို ကူးပြောင်းလုပ်ရလေတော့သတည်း။ တစ်ခါတစ်ခါ တပည့်များထံမှ လက်ဆောင်များကို ရလေ၏။ စခန်းကြီးရွာရှိ ဆံပင်ညှပ်ဆိုင်နှင့် စက်ရုံ အလုပ်ရုံကလေးကိုကား မိမိတို့ စ၀င်တည်းခိုကတည်း က မခွဲမခွာ ဆွေးမျိုးရင်းချာလိုဖြစ်၍ နေသာ အိမ်ရှင်အား အပြီးအပိုင် လွှဲအပ်လိုက်လေ၏။




အခန်း(၆) အား ဆက်လက်ဖေါ်ပြပါမည်။

Tuesday, November 16, 2010

သူ့မယား ငါ့မယား အခန်း(၄)

ထိုနေ့ နံနက် ကောက်ညှင်းပေါင်းစားကြရင်း မောင်မြမှာ ကောက်ညှင်းပေါင်းကိုဆုပ်လျှက် တစ်ခါတစ်ခါ ငေးမော တွေးတောသလိုဖြစ်၍နေလေ၏။ အိမ်ရှင်လင်မယား နှစ်ယောက်မှာ တစ်ယောကိုတစ်ယောက် လက်တို့ကာ ၄င်းကိုသာကြည့်လျက် ရယ်ချင်သောစိတ်ကို ချုပ်၍ထားကြရလေ၏။

                  မှုန်  ။     ။  “စားပါတော့....ဘာများငေးနေရတာလဲ၊ ဒီရေရောက်မှ ဘာများတွေးကြောက် နေရတာလဲ၊ သင်းလည်း ဒီလောက်တောင် လူမိုက်ကြီး မဟုတ်ပါဘူးတော့။ ဟိုရွာမှာသာ သူ့အဖော်တွေနဲ့ ရွာကျယ်လုပ်နေတာပါ၊ မင်းမဲ့တိုင်းပြည်မဟုတ်ပါဘူးတော့ ၊ ရှင် ဒီလောက်ကြောက်ရင် ဘာပြုလို့ ကျုပ်ကို အတင်းခေါ်လာရတာလဲ ၊ လုံချည်ချင်း လဲဝတ်လိုက်ချင်ပါရဲ့၊ သိတ္တိကို ပြလိုက်ချင်စမ်းလှတယ်”

                 အိမ်ရှင် မိန်းမက......

“ကြောက်လို့မဟုတ်ပါဘူး၊ ဖိုးကြောင်ကို ဘယ်လိုသတ်ရရင် ကောင်းမယ်ဆိုတာ စဉ်းစားတာပါ”
                 မောင်မြသည် ထရံကို လှန်၍ကြည့်လေ၏။ ဓားနှစ်စင်းကို မတွေ့ရတော့ပေ။
ထိုအတွင်း ဗိုက်ပူနံကား အင်္ကျီမပါ လုံချည်အနီကလေးများကို ခါးသိမ်းအောင်စည်းလျက် ကလေး နှစ်ယောက် သည် ဓါးတစ်လက်စီနှင့် တစ်ယောက်ကိုတစ်ယောက် လိုက်ဟန် ပြေး၍လာကြပြီး ရုင်ရှင်စတိုင် ပါပါ ဓားသိုင်းပြ၍ နေကြလေ၏။ မောင်မြသည် သေချာစွာစိုက်၍ကြည့်ပြီး......

                 “ဓားတွေက တူလည်း တူပေတာကိုး၊ တကယ့်ဓားလိုပဲ” ဟု ပြောလေ၏။ အတန်ကြာလျှင် ကလေးနှစ်ယောက်သည် နှုတ်နှင့် ပြာရောစပ်ကာ ခြယ်၍ထားသော ကြောင်ကျားသော မျက်နှာများနှင့် ကောက်ညှင်းဝိုင်းကို ၀င်ကာ နှာခေါင်းများကို လက်မောင်းနှင့်သုတ်ဆွဲပြီး မည်းနက်သောလက်များနှင့် ကောက်ညှင်းပေါင် ကိုင်ဆုပ်လိုက်ရာ ကောက်ညှင်းပေါင်း အတောင့်များ ရွှံ့တုံးလို ဖြစ်၍သွားလေ၏။

                “သွား....မျက်နှာသစ်ချေ၊ လက်ကိုစင်အောင်ဆေး ၊ မိုးမလင်းသေးဘူး၊ ဘယ်ပြာပုံမှာများ ဓားသိုင်းပြလာကြတဲ့ ရုပ်ရှင်မင်းသားတွေလဲ မသိပါဘူး၊ သူက ဘတင့်တော့၊ ဟောဟိုက မောင်မောင်ဧ ပေါ့၊ ရွာကျော်တွေ ဓားသိုင်းမှာတော့ ၀ိတ်၊ ရှင့်သားတွေကို မပြောဘူးလား” ဟု ယောက်ျားအား လှမ်းအော် ပြောလေ၏။ ကလေးနှစ်ယောက်လည်း ဓားများကိုလွှတ်ချ လက်ဝါးများကို ဖြန့်ကြည့်ပြီး တင်ပါးကိုသုတ်ရင်း ကြမ်းပြင်သို့ ပြေးဝပ်လေ၏။

                 အတော်ကလေး နေမြင့်သောအခါ ဘိုးကြောင်နှင့် မယ်စံ စုံတွဲလျှောက်၍လာကြရာ အိမ်ရှေ့သို့ ရောက်လာကြလေလျှင် မယ်မှုန်နှုင့်မောင်မြ အတူထိုင်လျက်နေသည်ကို မြင်ရလေ၏။

                 မယ်စံသည် ချာခနဲလှည့်ထွက်ပြီး လွတ်ရာသို့ ကွင်းသွားလေ၏။ ဘိုးကြောင်ကား ရပ်လျက် ၄င်းတို့ကို ကြည့်၍နေပြီးမှ မျက်လုံးများ ၀င်းဝင်းတောက်လျက် ခေါင်းပေါင်းကို ပြင်၍ ဆံပင်နှင့်ရောပေါင်း ကာပတ်ပြီး ၄င်းတို့ရှိရာသို့ တူရူလာပြီးမယ်မှုန်အား စားတော့ ၀ါးတော့မည့်ကျားလို ကြည့်ကာ ဆဲဆိုရေ ရွတ်လျက်.....

                “နင် ဒီမှာ ဘာလုပ်တာလဲ၊ ဒီအကောင်နဲ့ အတူလာတာလား၊ အခု အိမ်ပေါ်ကဆင်း” ပြောကာ လက်ကို အတင်းဆွဲ၍ချလိုက်ရာ မယ်မှုန်သည် အိမ်ရှေ့သို့ ခေလျက်ကျသွားလေ၏။ ထို့နောက် ဆဲဆိုရေ ရွတ်ရင်း မယ်မှုန်ကို ခြေနှင့်ကန်ကျောက်လေ၏။

                 မောင်မြမှာ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လျက်နေလေ၏။ တစ်စုံတစ်ရာမလုပ်၊ အိမ်ပေါ်မှ ဆင်းပြီး ကျောက်တိုင်ပမာ မတ်တပ်ရပ်လျက်နေလေ၏။ အိမ်ရှင်လင်မယား နှစ်ယောက်က လာ၍ဖြေလေ၏ ဘိုးကြောင်သည် မယ်မှုန်ကိုလွှတ်ပြီး မောင်မြကိုကြည့်ကာ ဘာညာ စသည်ဖြင့် ဆဲဆိုရေရွတ်ခြင်းများ ပြုပြီး..................
                “လူပါးဝလို့ ၊ မင်း ငါ့အကြောင်းကို သိရဲ့လား” ဟု ပြောကာ မောင်မြမျက်နှာကို လက်ဝါးနှင့် တီးလိုက်ရာ မောင်မြသည် ဒေါထလျက် တစ်ချက်ပြန်ထိုးလေ၏။ ထိုအခါ ဘိုးကြောင်သည် နောက်သို့ ယိုင်လဲတော့မလို ဖြစ်သွားပြီး ရှူးတူးရှားတား လက်နက်တစ်ခုခုကို ရှာသလို အိမ်အောက်၌ တောင်ဆွဲ မြောက်ကိုင် လုပ်လေ၏။

                 ထိုအခိုက် မောင်မြသည် ကလေးများချ၍ ထားသော ၀ါးဓားခြမ်း နှစ်လက်ကို ပြေး၍ ကောက်ပြီး ကျစ်ဆံနီ နတ်ပူးသလို ဓားတစ်လက်စီကိုင်သော လက်နှစ်ဖက်ကိုမြှောက်ကာ ဒူးနှစ်ဖက်ကို ကွေးလျက် မင်းသားကြီး လေးကင်းပြသလို တစ်ချက်၊ နှစ်ချက်ခုန်ပြီး ကြိမ်း၍ ၀က်ရူးပြန်လိုက်လေ၏။

                 အိမ်ရှင်က......

“ဟေ့ကောင်....ပြေး၊ မပြေးသေးဘူးလား၊ မ စိတ်နော်၊ လူကောင်းထမှ ကြောက်ရတာ” ဟု ပြောလိုက်လေ၏။ အိမ်ရှင်မိန်းမကလည်း........

                 “လာကြပါဦး.... သတ်ကုန်ပြီ၊ ဓားတွေနဲ့” ဟု ထိတ်လန့်တကြား အသံကုန် အော်လေ၏။

မယ်မှုန်ကလည်း

                “ရှင် ပြေး ၊ သေလိမ့်မယ်” ဟု ပြောရာ ဘိုးကြောင်သည် ဖနောင့်နှင့် တင်ပါး တစ်သားတည်း ဖြစ်အောင် ကဆုန်ပေါက်၍ပြေးလေ၏။

                 ထိုအခါ မောင်မြသည် ဓားနှစ်လက်ကိုထောင်ကာ ခုန်ပေါက်လျက် တအားအော် လိုက်လေ၏။ မယ်မှုန်က.......

                 “ဆွဲကြပါဦး၊ လုပ်ကြပါဦး ၊ အမယ်လေး....” စသည်ဖြင့် မျက်ကလဲဆန်ပျာ အော်လျက် ရင်ထု ကာ ပြေး၍ လိုက်လေ၏။ ရွာသူရွာသားများလည်း ဓားကိုကြောက်သဖြင့် မည်သူမျှ မကပ်ဝံ့ပဲနေရာ မယ်မှုန် နှင့် အိမ်ရှင်လင်မယားသည် မောင်မြကို ပြေး၍ ဖက်ကြပြီး......

                 “မလုပ်ပါနဲ့ ၊ သူသေရင် သေစားသေရမှာ” စသည်ဖြင့် ပြောဆို တောင်းပန်ကြလေ၏။ မယ်မှုန်ကား ဓားနှစ်လက်ကို လုယူပြီး အိမ်ကိုပြန်လေ၏။ ဘိုးကြောင်မှာ အဘယ်သို့ရောက်သည် မသိရ ၊ အစအန မမြင်ရတော့ပေ၊

                 မကြာမီ ကာလသား အကြီး၊ အငယ်၊ အရွယ်၊ အလတ်ဟူသမျှတို့ ရောက်လာကြရာ ၄င်းတို့ အနက် တစ်ယောက်က.... “ ဟာ တစ်ခြားလူမှတ်လို့ ကိုယ်တို့ ကိုမြကြီးပါကလား၊ ဘယ့်နှယ်ဖြစ်တာတုန်း ၊ အင်မတန်သဘောကောင်းတာပဲ၊ ဘိုင်စကယ်တစ်စင်းနဲ့ ရောက်ရာနေရာမှာ တွေ့သမျှလူတိုင်း ခင်မင်တဲ့ လူပဲ၊ အခု ဘယ်လိုဖြစ်တာလဲ၊ မခုတ်တတ်တဲ့ကြောင်ကြီးပါ” ဟု ပြောလေ၏။ တစ်ယောက်က.......

                 “မခုတ်တတ်တဲ့ ကြောင်မျိုးမှ ကြောက်စရာ ကောင်းတာကလား” ဟု ပြောလေ၏။ ထိုအခါ မောင်မြ တည်းသေားအိမ်ရှင်က အဖြစ်အပျက်ကို ပြော၍ပြရာ အားလုံးကပင်....

                 “ဟာ... ဒီလိုဖြင့် ဟိုအကောင် လွန်တာပေါ့၊ အင်မတန် မတရားတာပဲ၊ ကိုမြကြီးကို မခုတ်တတ် တဲ့ကြောင်ရယ်လို့စော်ကားတာပေါ့၊ ကိုမြကြီးကလည်း ကြံကြံဖန်ဖန် ကလဲ့စားချေပုံ သိပ်ဟန်ကျတာပဲ၊ သူမို့ စိတ်ကူးရတယ်” စသည်ဖြင့် သူတစ်ခွန်း ငါတစ်ခွန်းပြောကြလေ၏။ မခုတ်တတ်သော ကြောင်ကြီးသည် ခဏချင်းတွင် သူရဲကောင်းကြီးအဖြစ် ရောက်လေရာ ၄င်း၏ ကတ်ကြေး ၊ ၄င်း၏ ဘီးနှင့် မကင်းသောကာလသား ဟူသမျှသည် ၄င်းအား ၀ိုင်း၍ အားပေးကြရုံမက ဘိုးကြောင်ကိုပင် ၀ိုင်း၍ ရိုက်နှက် သတ်ပုတ်ကြမလို ပြောဆို ကြိမ်းမောင်းစ ပြုလေ၏။

                မောင်မြက...... “ ကျုပ်လည်း မခံချင်လို့ ဒေါသအလျောက် သင်းစော်ကားအားကြီးလို့ လုပ်မလို့ ကြံလိုက်မိတာပဲ၊ ကံကြီးလို့ပေါ့၊ နို့မဟုတ်ရင် ဒီအကောင် ပွဲချင်းပြီးသေမှာပဲ၊ သူသေရင် ကိုယ်လည်း သေမှာပဲ၊ အားလုံးက ၀ိုင်းပြီး ကာကွယ်ကြလို့ပေါ့၊ တော်ပါပြီ... သူ့ကိုလည်းထပ်ပြီး ရန်မလို တော့ပါဘူး၊ ဓား ဘေးက သင်း လွတ်သော်လည်း ကျုပ်လက်သီးက အင်မတန်ပြင်းတာ၊ တော်တော်နဲ့ ထနိုင်မှာ မဟုတ်ပါဘူး၊ သူတို့ဘာသာ သူတို့ နေပါစေတော့လေ၊ မကောင်းတဲ့ကောင်မ မကောင်းတဲ့ အကောင်နဲ့တွေ့တာပေါ့ မဟုတ်လား၊ သူ မကောင်းတဲ့ ကောင်မကိုရတယ်၊ ကျုပ်က အကောင်းရတယ်၊ ကျုပ်က မြတ်ပါသေးတယ်၊ ဟိုကောင်မလေး ကလေးပါမသွားဘူး၊ မယ်မှုန်လည်း သားသမီးမရှိ ကိုယ်လွတ် ချည်းပါပဲ၊ ၀မ်းနည်းစရာမရှိပါဘူး” စသည်ဖြင့် မောင်မြက ပြောလေ၏။

                 ငကြောင်တို့ လင်မယားလည်း ရွာသားများ၏ ခြိမ်းခြောက်ခြင်းကို လည်းကောင်း၊ တစ်နေ့နေ့၌ မောင်မြ၏ ဓားနှင့်တွေ့မှာ ကြောက်သောကြောင့်တစ်ကြောင်း ၊ မိမိတို့ တည်းခို၍ နေသော အိမ်မှ မထွက်ဝံ့ပဲ နေကြလေ၏။

                 ထိုအတွင်း မောင်မြ၏ သူရသတ္တိကို ကြည်ညိုသော ကာလသားများသည် မောင်မြကို မိမိတို့ ရှေ့၌တင်ကာ ငကြောင်တို့လင်မယားရှိနေသော အိမ်ရှေ့မှာ နေ့ရောညရောသံချပ်များ ထိုးလျှက် ဆူညံ၍ နေကြလေ၏။ နောက်သုံးရက်လောက် ကြာသောအခါ နှစ်ယောက်စလုံး ထိုရွာမှ ထွက်ခွါ၍ သွားကြလေ သတည်း....။

                ထိုအခါ ရွာသားများက မောင်မြနှင့် မယ်မှုန်အား.... “ ခင်ဗျားတို့ ဘယ်ကိုမှ မသွားရဘူး၊ ကျုပ်တို့ရွာမှာပဲ ဆံပင်ညှပ်ဆိုင်နဲ့ ဘိုင်စကယ်၊ အပ်ချုပ်စက်၊ သော့များကို ပြင်သောဆိုင်တစ်ခု ဖွင့်ပြီးနေရ မည်။ ကိုမြကြီးအိမ်မှာရှိတဲ့ ပစ္စည်းများကို ကျုပ်တို့သွားပြီး လှည်းနှင့်သယ်မယ်” ဟု ပြောကြသဖြင့် ထိုရွာမှာ ပင် အတည်တကျနေကြရတော့လေသတည်း။ မောင်မြ၏ အိမ်မှာ သူကြီးပိုင် အိမ်လွတ်ကို ငှား၍ နေသော အိမ်ဖြစ်ရာ ခွင့်ပြုလိုက်ရလေ၏။




ဆက်လက်ဖော်ပြပါမည်............... ယခု ရက်ပိုင်းအတွင်း တစ်ကယ်ကို အလုပ်အရမ်းများနေ၍ တင်ပေးချင်တာလေးများကို မြန်မြန်ဆန်ဆန် မမျှဝေနိုင်သေးသည်ကို နားလည်ခွင့်လွှတ်စေချင်ပါသည်။

Thursday, November 4, 2010

သူ့မယား ငါ့မယား အခန်း(၃)

                မယ်မှုန်သည်ကား နဂိုကပင် မောင်မြ ခေါ်ရာကိုလိုက်လျှင် တော်မည်၊ မတော်မည် ဝေခွဲ၍မရပဲ နေခဲ့ရာတွင် မူးမူးရူးရူးနှင့် ရဲဆေးတင်ကာ ထင်ရာကိုလုပ်သော မောင်မြကို ချိန်ခွင်လျှာ ရုန်းခိုက်မှာ တစ်ဖက်၌ အလေးကိုတင်လိုက်သလို ငိုက်ခနဲ ဖြစ်ကာ လိုက်ပါ၍လာခြင်း ဖြစ်လေ၏။

                မိမိတို့၏ရွာနှင့် ငါးမိုင်ကွာသော စခန်းကြီးရွာသို့ ရောက်သောအခါ သန်းခေါင်ကျော်ခန့် ဖြစ်၍ နေလေ၏။ ထိုရွာ၌ အသိတစ်ယောက်၏ အိမ်မှာ တည်းခိုကြလေ၏။ 

               အိမ်ရှင် လင်မယားနှစ်ယောက်သည် ၄င်းတို့အတွက် နေရာခန်းများကို ပြင်ဆင်၍ပေးကြလေရာ နှစ်ယောက်၏ အိပ်ရာဖြစ်လေ၏။ မောင်မြက အိမ်ရှင် မိန်းမအား......

               “အောင်မယ်....မရုံ၊ မတော်တရော် မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်တို့ ဆွေမျိုးမတော် သေးပါဘူး၊ ပြေးရုံ ပြေးလာတာ ပါ” ဟု ပြောလေ၏။

               မရုံနှင့် ၄င်း၏ယောက်ျား ကိုမောင်မှာ အံ့သြလျက် နှစ်ယောက်စလုံးကို နားမလည်သလို ကြည့်၍ နေကြလေ၏။ မယ်မှုန်မှာလည်း မျက်လုံးကျယ်လျက် မောင်မြကို အံ့သြသလို ကြည့်နေပြီးမှ ဣနြေ္ဒလုပ်၍ နေလေ၏။ မယ်မှုန်၏ စိတ်၌ မောင်မြကို မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေရာတွင် မောင်မြ၏ ထူးခြားစွာ ပြုမူပုံကို တွေ့ရသော အခါ ယုံကြည်အားကိုးသော စိတ်ရော၊ ချစ်သောစိတ်ရော၊ သနားကြင်နာစိတ်ရော၊ ချီးမွမ်းစိတ်ရော စုပေါင်းကာ ရုတ်တရက် ချက်ချင်းပေါ်လာလေ၏။

               သြော်.....လူကောင်းကြီးပါကလား၊ ဘယ်လိုစိတ်နဲ့ ငါ့ကိုခေါ်လာပါလိမ့်မလဲ၊ ဒီလူနှယ် ထူးဆန်းပါဘိတော့တယ်။ ဘယ်လိုလူများ ဖြစ်ပါလိမ့်မတုန်း သူတော်ကောင်းကြီး ပါကလား စသည်ဖြင့် တွေးရာမှ စိတ်ကို ဒုန်းဒုန်းချလိုက်လေ၏။ သို့ ဒုန်းဒုန်းချခြင်းသည်ကား သည်ရေကို ရောက်မှဖြင့် နောင်ခါမှ ဘာဖြစ်ဖြစ် မျက်စိမှိတ်လိုက်ပါတော့မည်ဟူသော စိတ်ချခြင်းမျိုး ဖြစ်လေ၏။

               အိမ်ရှင် မိန်းမက......

               “ရှင်တို့ဟာ ...ဘယ့်နှယ်လဲ” ဟု အံ့သြလျက် ပြောလေ၏။ ၄င်း မိန်းမသည် ပျော်ပျော်ရွှင်ရွှင် နေတတ်သော မိန်းမဖြစ်ရာ ဤလိုအရေးမျိုး ကြုံသည့်အခါ အမြဲအားဖြင့် အားပေးအားမြှောက် ပြုခြင်းဖြင့် စိတ်နှလုံး စိုစိုပြည်ပြည်နေတတ်သူ တစ်မျိုး ဖြစ်လေ၏။ သူများကောင်းလျှင် ကိုယ်ကောင်းသလို သဘောထားလေ့ရှိ၏။ သူများပျော်လျှင် ကိုယ်တိုင်ပျော်လေ့ရှိ၏။ ထိုညဥ့်သည်ကား အတော်ပင်ပျော်လိမ့် မည်ဟူသော မျှော်လင့်ချက်နှင့် မိမိတို့ လင်မယားအိပ်သော အခန်းနှင့်ယှဉ်လျက် ကျူထရံကလေး တစ်ခုသာ ခြားသောနေရာမှာ ၄င်းတို့အတွက် အိပ်ရာကို ပြင်၍ပေးရာ မောင်မြ၏ စကားကို ကြားရသော အခါ ပွဲမှာ ဖျာတွေ၊ ယိုင်တွေခင်းကျင်းပြီးမှ ပွဲမိန့်မရ ဟူသော သတင်းကို ကြားသူများအလား စိတ်ပျက်၍ သွားလေ၏။

               “မပြောတတ်ပါဘူး ရှင်၊ ကျွန်မကို အတင်း လှည်းနဲ့တင်လာတယ်ရှင့်၊ အဲဒါသာ စဉ်းစား ကြည့်တော့ ၊ ကျွန်မတော့ မစဉ်းစားတတ်အောင် ရှိတာပဲ” ဟု ရှက်ကိုးရှက်ကန်း မျက်နှာနီမြန်းလျက် ပြောရာတွင် မောင်မြသည် မယ်မှုန်၏ လက်ဖျား တုန်လှုပ်သလိုဖြစ်၍ နေသည်ကို သတိထားမိလေ၏။

                “ရော....ဘယ့်နှယ် ဟာပါလိမ့်မလဲ၊ ခက်ပြီ ၊အဲဒါမှ အကျပ်၊ သူ့မျက်နှာက နီမြန်းမြန်းနဲ့ ၊ လက်တွေလည်း တုန်လို့၊လည်ချောင်းကလည်း ခဏခဏ ဘာလဲမသိဘူး မျိုမျိုချတယ်၊ ဘာဖြစ်ပါလိမ့် မလဲ။ မိန်းမများလည်း ဒိန်းဒလိန်းနတ် ဖမ်းမယ် ထင်ပါရဲ့၊သူ့လင် အကြောင်းတွေးပြီး အင်း........
အင်း... ဧကန်ဒိဌ ။ ဒါပဲ....ဒါပဲ”... စသည်ဖြင့် စဉ်းစားကာ ကြောက်စရာ သဏ္ဌာန်တစ်ခုကို ကြည့်သည့် နည်းမျိုးအတိုင်း ပဆစ်တုပ်ထိုင်၍ နေသော မယ်မှုန်ကို ကြည့်လေ၏။


               မယ်မှုန်သည်ကား ခေါင်းငုံ့ကာ တခစ်ခစ်ရယ်မော လေ၏။ အိမ်ရှင်လင်မယားလည်း စကား မပြောဘဲ ရယ်မော်၍သာ နေကြလေ၏။

               အိမ်ရှင် မိန်းမ“ ကျွန်မတို့မှာ နေရာကျဉ်းတယ်တော့၊ ရှင် ဒီမှာ မအိပ်ရင် လာ၊ ဟို ခြေရင်းက စပါးပုတ်ပေါ်မှာ အိပ်မှပဲ၊ စပါးတွေပြည့်နေလို့ တော်ပါရဲ့၊ ကြမ်းပေါ်မှာထက်တော့ ပိုပြီး နွေးမှာပဲ”

               “ကိုင်း....မယ်မှုန်၊ နင် ဘယ့်နှယ်သဘောရသလဲ ၊ ငါ့ကို စပါးပုတ်ပေါ်မှာ အိပ်ရမယ်တဲ့” 

               “ရှင် ဒီမှာ မအိပ်ရင် စပါးပုတ်ပေါ်မှာ အိပ်ရမှာပေါ့၊ ရှင့်သဘောလေ၊ ကျုပ်တော့ နက်ဖြန်ခါ ကျရင် ရွာထဲက ပြောနေကြတော့မှာပဲ”    မောင်မြသည် အတန်ငယ် စဉ်းစားနေပြီးမှ အိမ်ရှင် ယောက်ျား အနားကပ်ပြီး တီးတိုးစကားပြောလေ၏။

               “ချက်အရက်တော့ မရှိဘူး၊ သာရှင်းဆီမှာတော့ ဦးရည်တစ်တွဲရောက်တယ် ကြားတာပဲ ” ဟု အိမ်ရှင်က ပြန်ပြောရာ မောင်မြက “ အောင်မယ်လေး....ဒါပဲ တော်လှပါပြီ ကျေးဇူးရှင်ကြီး၊ ဆောင်ကြည်း ပေးစမ်းပါ၊ တစ်လုံးတည်းပါ” ဟု ပြောကာ ငွေတစ်ကျပ်ထုတ်၍ ပေးလေ၏။ အိမ်ရှင်ယောက်ျားလည်း ထွက်၍ သွားလေ၏။ ထို့နောက် အိမ်ရှင်မိန်းမကို လက်တို့ခေါ်ရာ အိမ်ရှင် မိန်းမက....

               “အလို ... ဘယ့်နှယ်လူပါလိမ့်၊ မမှုန် ရှင့်လူဟာ.......”

               မြ “ မဟုတ်ပါဘူးဗျာ ၊ကျုပ်က ကြောက်တတ်လို့ပါ၊ သူ့မှာ ယောက်ျားနဲ့ဗျာ၊ ကျုပ်မူးတုန်းမှာ ဆွဲခေါ်လာတာ၊ အခုတော့ ကြောက်တယ်၊ အ၀ီစိဗျာ....အ၀ီစိ....”

               “ဒီလိုဖြင့် ဦးရည်သောက်ပေါ့ရှင့် ၊ မူးရင် အကြောက်ပျောက်ကရော မဟုတ်လား၊ ရှင့်မယားကို ဟိုကခေါ်သွားတယ်ဆို၊ မသကာ သရေပေါ့ရှင့်၊ ဘယ်သူကမှ ကုသိုလ်ပိုရဖို့ မရှိပါဘူး”

               မောင်မြသည် ဦးခေါင်းကို ကုတ်ပြီး......

               “ အင်း .... ဒါလည်း ဟုတ်တုတ်တုတ်ပဲ ” ဟု ပြောကာ မယ်မှုန် ဘက်သို့လှည့်ပြီး “ ဟဲ .. ဟဲ...” ဟု ပါးစပ်ပြဲကြီးနှင့် ရယ်လေ၏။

               မယ်မှုန်ကား မျက်နှာလွှဲ၍ နေလေ၏။

               မကြာမီ ဦးရည်နှစ်လုံး ရောက်လာရာ အိမ်ရှင် ယောက်ျားနှင့် အတူထိုင်၍ သောက်လေ၏။ အိမှ်ရှင်မိန်းမက ကြက်သားဟင်း တစ်ခွက်ကို ခပ်လာ၍ ပေးလေ၏။

               တစ်ခွက် ၊ နှစ်ခွက် သောက်မိသော အခါ.........

               “အေး... မဟိုဒင်း ပြောတာ အဟုတ်သားပဲ၊ ခင်းဗျား မိန်းမ တော်တော်ပညာရှိတယ် ၊ သုဓမ္မစာရီ ၀င်စားတယ်ထင်တယ်၊ ကိုင်း.....”

               “ဘာလဲဗျာ့....ခင်ဗျား ကိုင်းက” ထိုအခါ အိမ်ရှင်မက အကြောင်းကို ပြော၍ ပြလေ၏။ မယ်မှုန်ကား ရှက်ကိုးရှက်ကန်းဖြစ်ကာ မှောင်ရိပ်ဘက်သို့ မျက်နှာကို လှည့်ပြီး ဦးခေါင်းငုံ့လျက်သာ နေလေ၏။

               “သြော်....ဒါထက် တစ်နေ့က ရွှေမောင်တို့ အိမ်ကိုလည်း စုံတွဲတစ်ခု ရောက်နေ ဆိုပါကလား၊တစ်နေ့က ရောက်သတဲ့။ ယောက်ျားရော မိန်းမ သနားကမားတဲ့၊ ခိုးရာလိုက်လာ ကြသတဲ့” ဟု ယောက်ျားက ပြောလေ၏။ မယ်မှုန်နှင့် မောင်မြသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြလေ၏။ 

               မှုန် “ ဘယ်လိုတဲ့လဲ ၊ ယောက်ျားက ဘယ်အရွယ်တဲ့လဲ”         “ အသက် သုံးဆယ်ကျော် လေးဆယ်နီးနီးလို့ ပြောတာပဲ” 

               “ရုပ်ရည် ကရော”

               “ရုပ်ရည်တော့ သနားကမားယောင်နဲ့တဲ့၊ ပိန်ပိန်းပါးပါးတဲ့၊ လူတော့ တော်တော် လည်ပုံရသတဲ့” 

               မှုန် “သင်းတို့လား”

               မောင်မြမှာ မျက်နှာပျက်၍လာလေ၏။ ကြောက်ရွံ့ခြင်းသည် ဖုံးကွယ်၍ မရပေ ။

               “ဘယ့်နှယ်လဲ .... မယ်မှုန် ၊ ငါတို့ ဒီရွာမှာ နေလို့ မကိုက်ဘူးထင်တယ်၊ ငါတော့ ညတွင်းချင်း တခြားရွာရွှေ့ချင် တာပဲ”

               “ရှင်က...ကြောက်သာလား”

               “ကြောက်လို့ မဟုတ်ပါဘူး၊ မင်္ဂလာဦးမှာ ရှုပ်ရှုပ်ယှက်ယှက်တွေ မဖြစ်ချင်လို့ပါ” ဟု လီဆယ်၍ ပြောလေ၏။ အိမ်ရှင်မိန်းမက......

               “ဘာဖြစ်လို့လဲရှင့်၊ သြော်....ကျွန်မ နားလည်ပြီ၊ အောင်မယ်လေးတော် .... ရှင့်နှယ် ၊ သူရဲဘောနည်းလိုက်တာ၊ သူတို့ကစပြီး မဟုတ်တာ လုပ်တာ ရှင်က ကြောက်နေရသေးသလား၊ ကျွန်မ တာဝန်ထားလိုက်၊ သူတို့မကောင်းကြောင်းကို တစ်ရွာလုံး ကျွန်မ မနက်ကျရင် မောင်းတီးမယ်၊ရှင် လူရိုး ဖြစ်တာ ကျွန်မတို့သိပါတယ်၊ မှဲ့တစ်ပေါက် မစွန်းရဘူးလို့မှတ်ပါ၊ ဒီက မမှုန်ဆိုတာ ငယ်သူငယ်ချင်း ဟိုအကောင်နဲ့ ဖြစ်တာ ခွေးနဲ့မှားတာပဲ”

               မယ်မှုန်က စကားဆက်မှာစိုးသဖြင့် မျက်စပစ်၍ပြ လိုက်လေ၏။ အဘယ်အထိ စကားဆက်မှာကို မယ်မှုန်စိုးရိမ် သည့်အကြောင်းနှင့်ပတ်သက်၍ ရှေ့လာမည့် အခန်းများတွင် တွေ့ရှိရ ပါလိမ့်မည်။

               မယ်မှုန်၏ အမူအရာမှာ မိန်းမ မပီရာ ကျ၍နေ၏။ သို့သော်လည်း အကြောင်းမဲ့ မဟုတ်ပေ။ မယ်မှုန်မှာ လုပ်၍ကျွေးမည့် ယောက်ျားကောင်းတစ်ယောက်ကို စိတ်ချလက်ချ ကိုယ်ပိုင်ရဖို့အရေးသည် ထိုအချိန် ထိုအခါ၌ များစွာကြီး၍နေလေ၏။ မောင်မြမှာ ရုပ်မလှသော်လည်း အရုပ်ဆိုးသူ မဟုတ်။ ၄င်း၏ စိတ်နေသဘောထားပုံမှာ ရုပ်ထက်ပိုမို ချစ်ဖွယ်ရာ ကောင်း၍နေလေ၏။ သေရည်ကြိုက်ခြင်းသာ အပြစ်ဖြစ်လေ၏။ သို့သော်လည်း ထိုအပြစ်ကြောင့် အကျိုးမယုတ်ခဲ့ပေ။ နေပူစပ်ခါး မိုးလေထဲများ၌ အမြဲ သွားလာရှာကြံ လုပ်ကိုင်ရသူမှာ မလွန်သော သေရည်သည် သေရည်မဟုတ် ရှင်ရေ သကဲ့သို့ ဖြစ်၍နေ လေ၏။ ပင်ကျရည်ကလေးများ ပေါ်သည့်ဆောင်းလရာသီများ၌ သာလွန်ခရီးတွင်၍ သာလွန် အကျိုးရှိ ခဲ့လေ၏။

               အိမ်ရှင် လင်မယားနှစ်ယောက်က အားပေးကြသဖြင့် အတော်ပင် အားရှိ၍လာရုံမက ရဲဆေး တင်သလို ရဲစိတ်ဝင်လျက်.....“ကျုပ်ကို လူကြောက်ကြီး မထင်ကြပါနဲ့ဗျာ၊ ကျုပ်က ကုလားဖြူ ရာဇ၀တ် ဥပဒေနဲ့ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အရာရာမှာ ဘေးကင်းအောင် နေတာ၊ လူ့ဘ၀မှာ အသက်တိုတို ကလေးရယ်၊ မခံချင်တဲ့ စိတ်ကလေး အလိုလိုက်ပြီး မာန်ဘီသို့ သုံး ၊ လေး၊ ငါးနှစ် ကုလားဖြူထောင်ထဲ ရောက်နေရင် အလကားအချိန်ကုန်တာပေါ့ဗျာ၊ အခုတော့ ဘယ်လိုဖြစ်ဖြစ် ဇာမဏီမျိုး အမြီးတစ်ချောင်း အကျွတ်မခံဘူးဗျာ့၊ ကျုပ်အကြောင်း ကို သိရစေ့မယ်” ဟု ပြောပြီး အိမ်ခေါင်းရင်း ထရံရှိရာသို့ ဗြုန်းကနဲ ထ၍ သွားလေ၏။

               အားလုံး အံ့အားသင့်၍ နေကြလေ၏။ မောင်မြသည်ကား ထရံမှာထိုး၍ ထားသော ငှက်ကြီးတောင် ဓားနှစ်စင်းကို နုတ်၍ကိုင်ပြီး ကြမ်းကို ဓားရိုးနှင့် ဆောင့်လေ၏။

               ထိုအခါ လင်မယားနှစ်ယောက်မှ ပက်လက်လန်အောင် ရယ်မောကြလျက် အူနှိပ်၍နေကြ လေ၏။အိမ်ရှင် မန်းမက....

               “သေသေချာချာ ကြည့်ပါဦးရှင့်” ဟု ပြောလေ၏။ မောင်မြ သေသေချာချာ ကြည့်သောအခါ ၀ါးခြမ်းများ ဓားများဖြစ်၍ နေသည်ကို တွေ့ရသဖြင့်.... 

               “ဟင်..... တကယ့်ဓားလားလို့” ဟု ပြောကာ ကိုင်ဆင်းရင်း ရယ်မောလေ၏။ 

               “ကျွန်မ ကလေးတွေ ဓားသိုင်းသင်တဲ့ ဟာတွေပါရှင့်၊ ဓားတစ်ပြက် တုတ်တစ်ပြက် ဖြစ်ဖို့ မလိုပါဘူးရှင့်၊ ကျွန်မတို့ ရှိပါသေးတယ်” ထို့နောက် ခဏမျှ စကားပြောရင်း မောင်မြမှာ ငိုက်စ ပြုလေ၏။ 

               “အိမ်ရှင် လင်မယားနှစ်ယောက်နှင့် မယ်မှုန်သည် ၄င်းကို ကြည့်ကာ မျက်စပစ်ကာ ၊ မေးငေါ့ကာ ၊ လက်တို့ကာနှင့် တခစ်ခစ်ရယ်မောကြလေ၏၊ ရယ်သံကို ကြားရသောအခါ ငိုက်နေသော ဦးခေါင်းကို ငေါက်ခနဲထောင်ပြီး..............

               “ဟင်....ဘာဖြစ်လို့လဲ၊ ဟာ.... အိပ်ချင်ပြီ” ဟု ပြောကာ အိပ်ရာထဲ ထိုးလှဲ၍ ၀င်လိုက်ပြီး နောက် ဆယ်မိနစ်လောက်အတွင်း ဟောက်၍ နေလေ၏။

               လင်မယားနှစ်ယောက်လည်း တစ်ယောက်ပြီးတစ်ယောက် အိပ်ရာဝင်ကြလေ၏။ မယ်မှုန် လည်း အိပ်ရာထဲကို ၀င်ကာ မောင်မြဘက်ကို ခဏမျှတစောင်းလှည့်လျက် အိပ်မောကျနေသူကို ကြည့်၍ နေလေ၏။ ထို့နောက် သက်မကြီးကိုချကာ ပက်လက်လှန်ပြီး အိမ်ခေါင်မိုးကို ကြည့်၍နေလေ၏။ ထို့နောက် မောင်မြဘက် ကျောခိုင်းလိုက်လေ၏။ တစ်ဖန် ပက်လက်လှန်လေ၏။ ထိုနည်းဖြင့် ဘယ်ပြောင်း ညာပြန် တစ်ညလုံး အိပ်၍ မပျော်ဘဲနေလေ၏။

               လင်းအားကြီးမှ အိပ်ပျော်၍သွားပြီး ဘုန်း.....ဘုန်း.... ဘုန်း.... ရိုက်သံကြောင့် လန့်၍ နိုးသောအခါ ဗျပ်နီကြီးထဲတွင် ကောက်ညှင်းပေါင်းများကို ယောက်မနှင့် ရိုက်၍နေသော အိမ်ရှင်မိန်းမကို မြင်ရလေ၏။ မောင်မြမှာကား အိပ်တုန်းပင် ရှိနေလေ၏။

               မယ်မှုန် အိပ်ရာကထပြီး ၄င်းအနားသို့ သွား၍ထိုင် သောအခါ မိန်းမက......

               “မယ်မှုန့်လူက တယ်ရှော်တဲ့လူပဲ” ဟု ပြောလေရာ မယ်မှုန်သည် ပြုံးလျက် ထ၍သွားပြီး ကြမ်းပြင်မှာ မျက်နှာသစ်လေ၏။

               မယ်မှုန် မျက်နှစ်သာ၍ အိပ်တွင်းကို ပြန်ဝင်သော အခါ အိမ်ရှင်မက.....

               “မမှုန်လူကို နှိုးလေ၊ အင်မတန် ပျော်စရာကောင်းတဲ့ လူ အိမ်စိုတယ်ရှင့်၊ ကောက်ညှင်းပေါင်း စားပါစေ၊ ငါးပတ်ခြောက်ကြီးတွေက ဆူလွန်းလို့” ဟု ပြောလေ၏။

               မယ်မှုန်သည် မောင်မြ ခြေသလုံးကို ကိုင်ကာလှုပ်၍ နှိုးလေ၏။ 

               မောင်မြသည် တွန့်လိမ်သမ်းဝေလျက် မယ်မှုန်၏ မျက်နှာကို စိုက်ကာ စဉ်းစားသလို ကြည့်၍ နေလေ၏။ မိမိအား အဘယ်နည်း အဘယ်ပုံ မယ်မှုန် လာ၍ နှိုးနေသလဲ ဟု နားမလည်သဖြင့် စဉ်းစား၍ နေဟန်ရှိလေ၏။ ထို့နောက်မှ သတိရဟန် နှင့် ပြုံးလျက် မျက်စိဇိမ်ခံ၍ ကြည့်နေပြီးမှ ငေါက်ခနဲ ထ၍ ထိုင်လေ၏။



အခန်း (၄) အား  ဆက်လက်ဖေါ်ပြပါမည်..........။

Tuesday, November 2, 2010

သူ့မယား ငါ့မယား အခန်း(၂)

အခန်း (၂)
မယ်မှုန်သည်ကား အိမ်၌ မီးတိုင်ကိုမျှ မထွန်းတော့ဘဲ အိမ်ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ ဆေးပေါ့လိပ်ကို ဖွာလျှက်နေလေ၏။ အိမ်တွင်းက လူကို အဘယ်ပုံထုတ်ရမည်ကို မကြံတတ်ဘဲ နေလေ၏။ ရွာသူရွာသားများ သည်ကား မယုံရသော လူမျိုးဖြစ်လေ၏။ မိမိတို့အရေးထက် သူတစ်ပါး အရေးကို ပိုမိုဂရုစိုက်တတ်ကြရာ မတော်တဆ အနီးအပါးမှောင်ရိပ်များမှ ချောင်းမြေင်း၍ နေကြချေကာ တစ်စုံတစ်ယောက် မြင်း၍သွားလျှင် တစ်ရွာလုံး ဆူညံတော့မည် ၊ အရှက်ကွဲ အကျိုးနည်းဖြစ်တော့မည် ဟူသော အကြောင်းကို စဉ်းစား၍ ကြောက်လေ၏။

               အကြောင်းမူကား ဘိုးကြောင်သည် ပွဲစားဆိုသော်လည်း ရိုးရိုးသားသား အလုပ်လုပ်ကိုင် အသက်မွေးသူ မဟုတ်၊ လည်ပတ်ကာနေ၏ ။ စကားတတ်သမျှ အစွမ်းတို့ကို ရွာပေါ်၌ ရွာစော်လုပ်ခြင်း ၊ ဌာနမှား အသုံးပြုသဖြင့် ကာလသားခေါင်း တစ်ယောက်ကဲ့သို့ဖြစ်လျက် လူမိုက်လူရမ်းတို့နှင့် အကျွမ်းဝင် သူဖြစ်ရာ မိမိကိုယ်တိုင်လည်း တစ်ခါ ၊ နှစ်ခါ ရိုက်နှက် သတ်ပုတ်သော အလုပ်များ၌ ပါဖူးသူဖြစ်သဖြင့် မိမိ ကိုယ်တိုင်ပင် မယားအပေါ်၌ သစ္စာဖောက်သော်လည်း မယားသစ္စာဖောက်ကြောင်း သိရချေက ငြိမ်သက် စွာ ခံ၍နေမည် မဟုတ် ၊ မညှာမတာ လုပ်မည့် လူစားဖြစ်ကြောင်း သိရလေရာ မယ်မှုန်မှာ စိုးရိမ်မကင်း ဖြစ်၍နေလေ၏။ လူမိုက်တို့မည်သည် ရပ်ရွာ၌ မျက်နှာတစ်မျိုးကြီးလေ့ ရှိလေရာ အချို့သောသူများက မျက်နှာလို မျက်နှာရ ၊ မိမိ ဒုက္ခဖြစ်အောင် ၊ ဘိုးကြောင်အား တိုက်ကြမှာကို ကြောက်လေ၏။ သို့ဖြစ်လေ ရာ မောင်မြကို အဘယ်ပုံ အိမ်ထဲမှ ထုတ်ရမည့် အရေးနှင့် ပတ်သက်၍ အခက်ကြုံလျက် ရှိနေလေတော့ သတည်း။

               မောင်မြမှာလည်း ခုတင်အောက်မှ မထွက် ၊ မာန်စွယ် မရှိသော လူရိုးဖြစ်သော်လည်း အသောက်အစား ကလေးကို ကြိုက်တတ်သူဖြစ်လေရာ မယားနှင့် ပတ်သက်သော အခါ သေရည်သည် မခံချင်သောစိတ်ကို နှိုးဆွ၍ပေးသဖြင့် အရဲစွန့်ကာ ငါ့မယားကို သင်း ဦးတယ်၊ သင်းမယာကိုလည်း ငါ အရတွယ်မယ် ၊ အညံ့ခံရိုးလား ဟူသော စိတ်ကို ဆောင်မိလျက်သား ဖြစ်၍နေသောကြောင့် အခန်းထဲမှ မထွက်ပဲ မယ်မှုန် ၀င်လာမည်ကို စောင့်မျှော်ရင်း ခုတင်အောက်၌ ပက်လက်တစ်ခါ ၊ တစောင်းမျိုး၊ ဖင်ဘူးထောင်း တစ်ဖုံ ၊ မှောက်ခုံ တစ်ခါ ၊ စိတ်ညစ်စွာ ခွေလို ခွေ ၊ သူခိုးလို မှောင်ခို၍ နေလေ၏ ။

               မယ်မှုန်မှာလည်း လင်ယောက်ျားကိုပင် ကြောက်သော်ငြားလည်း အလုပ်အကိုင်ချင်းမတူ ရိုးဂုဏ်ကလည်း သာသူဖြစ်ကြောင်း သိလေရာ သင်း မခံချင်သော စိတ်နှင့် ငါ့ကို ကြောရုံမျှကြံခြင်း မဟုတ်ချေက သူ့အကြံကို လိုက်ပါရလျှင် တော်များ တော်လေမလားဟု တစ်ခါတစ်ခါ တွေးမိလေ၏။ သိုကသော်လည်း စိတ်ကို ပိုင်နိုင်စွာ ဆုံးဖြတ်ချက်ချ၍ မရ ၊ မတော်ပါဘူးလေ ၊ ယောက်ျားဆိုတာ မှားတဲ့ အခါ မှားပြီး နောက်ဆုံးကျတော့ အဟောင်းတလည်လည် ဆိုတာလို သတိရတဲ့အခါ ဒုန်ရင်းပြန်ရောက် တာမျိုးပါပဲဟု ဆင်ခြင်ပြန်လေ၏။ ထို့နောက်တစ်ဖန် အတွေးဆက်ကာ သင်းဟာ ငါနဲ့ညား ကတည်းက တစ်နှစ်သော်လည်း တော်နိုး ၊ ရှေ့နှစ်သော်လည်း တော်နိုးနဲ့ ၊ ငါကချည်း ရှာကျွေးလာရတာပဲ၊ ငါ့ဘက်က အဒေါ်တွေ အရီးတွေ မောင်တွေမရှိချင် ၊ အခုနေမှာ ကျွန်စုပ်တဲ့ သရက်စေ့ဖြစ်နေမှာပဲ၊ ဒီအကောင်ဟာ ဘယ်တော့မှ ကောင်းမယ့်အကောင် မဟုတ်ပါဘူး၊ တစ်ခါတစ်ခါလည်း မိုက်ချင် သလိုလိုနဲ့ ၊ မတော်တဆ မင်းပြစ်မင်းဒဏ်သင့်တတ်တဲ့ အမှုကိုပြုမိရင် လင်ဆိုးမယား တစ်ဖားဖားဆိုတာလို ဖြစ်ရချည်ရဲ့ စသည်ဖြင့် စဉ်းစားပြန်လေ၏။ 

               သို့အတန်ကြာ စဉ်းစားပြီးနောက် အတော်ညဥ့်နက်မှ အိမ်ရှေ့တံခါးများကို ပိတ်ပြီး ဒီလူက လည်း ဘယ့်နှယ်လူပါလိမ့်မလဲ၊ နောက်ဖေးပေါက် တင်းကုပ်ဘက်ကနေပြီး ထုတ်မှဖြစ်လိမ့်မယ် ထင်ပါရဲ့၊ လူသူတော့ ပြတ်တန်ပါပြီ စသည်ဖြင့် အောက်မေ့ကာ အခန်းဘက်သို့ ခြေသံခပ်ပြင်းပြင်းပေး၍ သွားလေ၏။ 

               တံခါးသို့ရောက်သောအခါ ရပ်လျက် ချောင်းဟန့်လေ၏။ အတွင်းမှ တုတ်တုတ်မျှ မလှုပ်၊ ခေါ်ရမှာ ပြောရမှာလည်း လူကြားမှာစိုးရ၍ အခက်၊ ငင်ရမှာလည်း အကျပ် ၊ အပြင်မှာ အိပ်ရမှာလည်း ခြင်တွေကို တဖတ်ဖတ်ရိုက်၍ သတ်ရသော အလုပ်ကြောင့် အိပ်ခွင့်ရမှာမဟုတ် ၊ အိပ်ပြန်လျှင်လည်း မတော်တဆ ၊ သန်းခေါင်ယံမှာ သရဲပမာ လာ၍စီးမှာစိုးရ ၊ သူခိုး....သူခိုးဟု ဟစ်ရမှာလည်း လူရိုးကြီးမို့ သူခိုဖြစ်အောင် လုပ်သော်လည်း မည်သူမျှ ယုံမှာမဟုတ် ၊ေ၀၀ုစ်မာယာ မိန်းမယုတ်ရဲ့ ဥာဏ်ဟု အများက ထင်ကြတော့မှာပဲ၊ အိပ်ပျော်၍များ နေလေသလား ခက်ပါဘိတော့တယ် လူရိုးများရဲတော့ အခက်ကြီး ခက်တော့တာပဲ စသည်ဖြင့် တွေးပြီး ဘီလူးသရဲ ခိုအောင်သည့် ဂူထဲကို ၀င်ရမည်ကဲ့သို့ဖြစ်၍ နေလေ၏။ သို့နေရာမှ ကြောက်ကြောက်နှင့် ၀င်သွားလေ၏။

               မောင်မြသည်ကား မအိပ်ဘဲ စောင့်စား၍ နေသူဖြစ်ရာ ၀င်လာသည့်ခြေသံကို ကြားလျှင် ကြားချင်း ရင်ထဲမှာ ဘိုတို ဘိုတိုနှင့် နှလုံးသည် သမင်လို အော်စပြုလေ၏။ အကြောင်းမူကား ငါမှန်းသိ လျက်နှင့် မခေါ် မငင်၊ ရဲတင်းစွာ ၀င်၍လာသည်မှာ ဧကန်ဒိဌ သူ့စိတ်မှာ ငါ့အလိုကျချင်လို့ပဲဟု အောက်မေ့လေ၏။ အကြောင်းမူကား မယ်မှုန်၏ တွေးခေါ်ကြောင့်ကြပုံ များကို မသိရပေ၊ မယ်မှုန်သည် ကား အိမ်အောက်၌လည်းကောင်း ၊ အိမ်ခေါင်းရင်း အနီး၌လည်းကောင်း ချေင်းမြောင်း၍ နေသူများရှိမှာပဲ ၊ စကားပြောရင် ကြားကြမှာပဲ ၊ ကြားရရင် ဆူဆူညံညံဖြစ်ကြမှာပဲ ဟူသော အတွေးနှင့် မခေါ်မပြောဘဲ ၀င်လာခြင်းဖြစ်လေ၏။

               ခုတင်အနီးသို့ ရောက်သောအခါ ရပ်လျက် ဒီ သတ္တ၀ါကြီးကို ငါဘယ်လို ကလော်ပြီး ထုတ်ရ ပါ့မလဲဟု တွေး၍ နေလေ၏။ ခုတင်အောက်မှ တုတ်တုတ်မျှ အသံမပြု၊ မလှုပ်မရှား သေလို့များနေလေ သလား ရှိမှရှိရဲ့လားဟု တွေးရင်း မရဲတရဲထိုင်ပြီး အတွင်းကို လက်နှင့်စမ်းလိုက်ရာ ခုတင်အောက် ကနေပြီး ၄င်း၏လက်ကို ဆုပ်ဖမ်းကာ ဆွဲကိုင်လိုက်သည်ကို သိရသဖြင့်.......

               “ရှင် မသွားသေးဘူးလား၊ ထွက်ပါရှင်၊ အေးအေး သွားစမ်းပါ” ဟု မယ်မှုန်က တိုးတိုး ပြောလေ၏။ မောင်မြ ထွက်၍လာပြီး..........

               “သွားလို့ မဖြစ်သေးဘူး၊ အပြင်မှာ လူသံတွေကြားရတယ် ၊ ဟော... ဟော.... ကြားရဲ့လား၊ ချောင်းနေကြတယ်၊ အာဂ ကောင်တွေ” ဟု ပြောလေ၏။ နှစ်ယောက်သား စကားဆိတ်လျက် နားထောင်၍ နေကြလေ၏။ အိမ်ခေါင်းရင်းဘက်မှ တီးတိုးစကားပြောကြသည် ကိုကြားရပုံကား။

               “ဟုတ်တယ် ၊ ရှိသေးတယ်”

               “အေး....သူ့အိမ်ကို ငါ သွားကြည့်ချင်တယ် ၊ မရှိဘူး၊ အရက်တစ်ပိုင်းတွေ့လို့ ငါတောင် မော့လာခဲ့သေးတယ်” မောင်မြသည် ထိုစကားကို ကြားရသော အခါ......

               “ဟိုက် ....ရှောက်ကျိုးနဲပြီ” ဟု ပြောရာ အပြင်မှ .......

               “ဟော..... ဟော.... ကြားရဲ့လား ၊ အကျိုးနည်းပြီတဲ့ ၊ ဟေ့.......ရွှေလှ ၊ ဖိုးကဲနဲ့ မပန်းအုန် ကြီး သွားခေါ်စမ်း”

               “နေပါကွယ့်........မင်းကလဲ ၊ သူတို့ ဘာလုပ်သလဲ ဆိုတာ သိရအောင်”

               “ မှုန် .....ထွက်.....ထွက် ....ရှင် ထွက်၊ ကျွန်မကို ရှင် တမင်သက်သက် ဒုက္ခလာပေးတာ”

               ထိုအတွင်း အပြင်မှ အသံများသည် တိုး၍ကျယ် တိုး၍များလာ၏ ။ ပန်းအုန်က.....

               “ဟဲ့........မယ်မှုန် ၊ ဘာဖြစ်နေသလဲ၊ တံခါးများ ဖွင့်ပါဦးလေ” ဟု ပြောလေ၏။

               မောင်မြ ။      ။ “ကိုင်း......ဘယ့်နှယ်လုပ်မလဲ၊ လူတွေသိကုန်ပြီ၊ လာ....လာ.... မထူးပါဘူး ဟယ်။ လာပါ...... ငါနင့်ကို အရင်ကတည်းက မေတ္တာရှိနေတာပါ ၊ ဟိုကောင်မ ရှိနေတဲ့ အတွက် နေရတာ ၊ နင့်ယောက်ျားကို နင်လုပ်ကျွေး နေရတာ ၊ ငါ့ကို ယူရင် နင်ဘာမှ မလုပ်ရဘူး ၊ လာသာလာ ပါဟဲ့ ၊ မကြောက်ပါနဲ့” စသည်ဖြင့် ပြောရင်း လက်ကိုဆွဲရာ မယ်မှုန်မှာ ရုန်းမလို လုပ်ရင်း လိုက်ပါ၍ သွားလေ၏။

               “ကံအားလျော်စွာ နောက်ဖေတင်းကုပ်၌ မည်းမှောင်၍နေသောကြောင့် အိမ်ထဲကိုသာ ဂရိုစိုက်၍နေသော လူများသည် ၄င်းတို့ကို မမြင်လိုက်ကြပေ၊ တင်းကုပ်မှ နောက်ဖေးခြံစည်းရိုးကို ရောက် ကြသောအခါ ပျက်၍နေသော အပေါက်မှ အပြင်သို့ရောက်၍ သွားကြလေ၏။ လယ်ပြင်သို့ ရောက်သော အခါ တဲတစ်တဲ သို့ရောက်လျှင် မောင်မြသည် ၀င်ရောက်၍ တဲရှင်ကိုနှိုး တီးတိုးစကားပြောလေ၏။

                မကြာမီ တဲရှင်သည် အိမ်မှုန်စုံမွှား ထွက်၍လာပြီး နွားတင်းကုပ်က နွားနှစ်ကောင်ကို ဆွဲထုတ်၊ တဲ့ရှေ့ရှိ လှည်းမှာ တပ်ပြီးနောက်...........

               “ကိုင်း........တက်ကြ” ဟု ပြောရာ မောင်မြက မယ်မှုန်ကို လှည်းနောက်မြီးမှ ပွေ့၍တင်ပြီး ကိုယ်တိုင်လှည်းပေါ်သို့ တက်လေ၏။ ဆိတ်ငြိမ်သော ညဥ့်အချိန်၌ နွားနှစ်ကောင်၏ လည်ပင်းမှ ဆည်းလည်းနှစ်လုံး၏ သိမ့်မွေ့သောအသံသည် ကွင်းလယ်ပြင် တစ်ခုလုံးကို နိုးကြားစေသည်နှင့် တူလေ၏။





အခန်း (၃) .... ဆက်လက်ဖေါ်ပြပါမည်။

Sunday, October 31, 2010

သူ့မယား ငါ့မယား အခန်း(၁)အပိုင်း(2)

ဒီကောင်မလည်း ခေတဲ့ကောင်မ မဟုတ်ဘူး ။ ပြောပုံဆိုပုံ ရုပ်ရည်နဲ့ဆိုတော့ မယ်စံထက် မညံ့။ သင်းက တောင် သာသလိုလိုပါကလား။ သင်းတောင် ငါ့မယားကို ရသေးတာ၊ သင်းမယား ငါမရ ဘာမို့လဲ ၊ တရားစွဲ နေရင် ကိစ္စများမယ်၊ ငါ့မယား သူယူ ၊ သူ့မယား ငါယူ ဘာဖြစ်သေးလဲ။ သို့သော်လည်း ဟိုအကောင် ယဉ်စစ ငါက ပုတိုက်ရိုက်၊ ရုပ်ချင်းတော့ သူကသာပေတာပဲ ၊ နို့ပေမယ့် ရုပ်သွေးသောက်ရတာ မဟုတ် ၊ ရွှေငွေ စိန်ကျောက် ဆင်နိုင်မှ အဖိုးတန်ဆိုတဲ့ တရားကို ဟောရမှာပဲ၊

                သူ့မှာလည်း သားသမီးမရှိ ဟန်ရပြီ၊ မြန်မြန်နေရာ ကျအောင်လုပ်မှ တော်မယ်ဟု တွေးရင်း ချက် အရက်တစ်ခွက်ကို မော့၍သောက်ပြီး ၊ မယ်မှုန်၏ အိမ်ဘက်သို့ ထ၍သွားလေ၏။ မယားပျောက် ကတည်းက အရက်ဖြင့် အပူကိုဖျောက်ကာ နေလေ၏။ 

                မယ်မှုန်မှာ ဆံပင် ဖိုးရိုးဖားရားနှင့် အိမ်ပေါ်ဆောင့်ကာနင်းလျက် သုတ်သင်ရှင်းလင်းရင်း ၊ ညောင်ရေအိုးတွေကို ရိုက်ခွဲ၊ ကြမ်းပြင်က ရေအိုးများကို ကန်ချ၊ တစ်ကိုယ်တည်း သောင်းကျန်းလျက် လင်စိတ် မွှန်ကာ ငန်းနက်ကြီးဖမ်း၍ နေလေ၏။ “ ဟဲ့.......မယ်မှုန် ၊ လူသူလေးပါး ကြားပါ့ဟယ် ၊ သူက နင့်ကို မကြင်နာလို့ စွန့်သွားမှ၊ နင်က ဒီလောက်တောင် ဘာဖြစ်နေစရာ ရှိသလဲ၊ လူ့ပြည်မှာ လင်မရှားပါ ဘူးဟယ်၊ နင် ကံကောင်းချင်လို့ ဖြစ်လာတာ ၊ ငါတော့ ဟိုကောင်မလုပ်သွားတာ ငါ ကံကောင်းချင်လို့ ထင်တာပဲ၊ နင်နဲ့ငါနဲ့ ကံတူအကျိုးပေးပါ လဟယ်၊ ငါတောင်နေနိုင်သေးတာ နင် ဘာမနေ နိုင်စရာရှိသလဲ၊ ယောက်ျားဆိုတာ ဒီလိုပဲဟဲ့ ၊ နင့်မှာ အရှက်ကွဲ အကျိုးယုတ် မဖြစ်သေးပါဘူး ၊ ငါက အရှက်ကွဲတာ ” “ သောက်ချင်လို့သွား ဆိုင်တံခါးပိတ် စိတ်ပျက်စရာ ညအခါ” ဆိုတဲ့ စကားလို ဆံပင်ညှပ်ရာက ပြန်လာ အိမ်ရောက်ရင် မြင်ရလိမ့်မယ်၊ မြင်ရရင် ငါအပန်းပြေရောဟဲ့လို့ အောက်မေ့ပြီးပြန်လာပါ၊ အိမ်ရောက်တော့ မယ်မင်းကြီး လူလည်းမမြင် ၊ အသံလည်းမကြားရ ၊ ငါ့မှာဟယ် တိုင်ကိုင် အရိုက်ခံရတဲ့ ကြက်ဖလို ဖြစ်သွားတာပဲဟဲ့။ နင့်အပူဟာ ငါ့အပူလောက် မကြီးသေးပါဘူးဟဲ့၊ သည်လောက်တောင် မဆူပါနဲ့” ဟု ပြောရင်း အိမ်ဦးအခန်း ခါးပန်းပေါ်မှ ညင်သာစွာ ထိုင်လိုက်လေ ၏။

              “ရှင် ဘာလာလုပ်တာလဲ ၊မတော်ပါဘူးရှင်၊ လူသူလေးပါး မြင်ရင် တောင်တောင် မြောက်မြောက်  ပြောပါ့မယ်” ဟုပြောပြီး တံမြက်စည်ကို ရိုက်တော့မလို ကိုင်ထားလေ၏။ “ နို့ နင်ရော ဘာပြုလို့ ငါ့ဆီကို ခုတင်က လာသလဲ၊ ငါမသွားရင် နင် ဘယ့်နှယ့်လုပ်မလဲ ” ဟု စပ်ဖြဲဖြဲ ပြောလေ၏။ 

                မယ်မှုန်သည် မျက်စောင်းထိုးလျက် နှုတ်ခမ်းစူ၍ နေရာ လက်မှ တံမြက်စည်းလွတ်ကျ၍ သွားမှ သတိရပြီး.............. “ ရှင်တော့ ပျော်နေတာပေါ့လေ ၊ မျက်နှာက မချိုမချဉ်နဲ့ ၊ ဘယ့်နှယ်လူများ ဖြစ်ပါလိမ့်”  မောင်မြသည် ကျယ်သော ရင်ဘတ်ကို လက်ဖြင့် ဖြန်းခနဲ တီးပြီး.....
                               
                “ဖြစ်မှ ဖြစ်ရလေ ငမှုန်ရယ်”

                “အလိုလေးတော်... လူကိုများ ငမှုန်လေး ဘာလေးနဲ့ ၊ တော်ပါ ရှင် ..... ဘာပြောမလို့လဲ”

                “တော်ပါလည်း ပြောသေးရဲ့၊ ဘာပြောမလို့လဲလည်း မေးသေးရဲ့၊ ငါပြောတာက ဒီလို ၊ လူ့ပြည်မှာ မယားမရှားဘူး သိရဲ့လား၊ သင်းတစ်ယောက် ဆင်းသွားရင် ဆယ်ယောက်လောက် လာ အောင် လုပ်နိုင်တယ် ၊ ငါဟာ ရေး၊ မြိတ် ၊ ထားဝယ် ၊ တနင်္လာရီ ၊ ရခိုင် အကုန်နှံ့ ခဲ့ပြီးမှ သင်းအတွက် ကြောင့် အရပ်ကို ပါ ခင်မင်ပြီးနေတာ ၊ အခုလည်း ပတ်ပတ်လည် မြင်သမျှ ရွာတွေဟာ ငါ့ရွာချည်းပဲ၊ ငါ့ကို မသိတဲ့ တစ်ခုလပ် ၊ မုဆိုးမ ဆိုတာ တစ်ယောက်မှ မရှိဘူး၊ အခု ဒင်္ဂါးနှစ်ပြားကို ဟောဒီလို လှုပ်ပြလိုက်ရင် ဒိုက်ခနဲ စာပို့ရထား ထက်တောင် အရှိန်ပြင်းသေးရဲ့၊ ရောက်လာကြမှတွေ” ဟုပြောကာ ငွေ သုံး လေးကျပ်ကို ရှပ်အင်္ကျီ အိတ်ထဲမှ ထုတ်ကာ လက်ထဲတွင် လှုပ်၍ ပြလေ၏။

                “ငွေပေါတာကိုးရှင်း ၊ ရှင်တို့တော့ ယောက်ျား သောက်စားပြီး တစ်ယောက်တည်း ထင်သလို နေရလေ ပျော်လေပေါ့၊ ဒီမှာတော့ မိန်းမသားရှင့် ၊ ထင်သလိုလည်း မနေနိုင်ဘူး ၊ ဖျောက်ဖျက် လို့လည်း မရဘူးရှင့်၊ ထပါဦးရှင် ......... မတော်ပါ ဘူး” ဟုပြောကာ သင်ဖြူးကို ယူ၍ပေးလေ၏ ။ သင်ဖြူး ခင်ပေးပြီး ကွမ်းအစ်၊ ဆေးလိပ်များကို ယူ၍တည်ရင်း မိမိကိုယ်တိုင်ပါ ပဆစ်တုပ်၍ ထိုင်လျက်....

               “ရုတ်တရက် ချက်ချင်းဆိုတော့ ဘယ်ဖြေလို့ရနိုင်မလဲရှင် ၊ အခုတော့ စဉ်းစားမိလို့ ပြေသလို လို ဖြစ်သွားပါပြီ ၊ တွေးလိုက်ရင် အသည်းနာတာ တစ်ခုပါ၊ ကိုမြရယ် ကျွန်မ ဈေးတောင်းခေါင်းပေါ် ရွက်ပြီး သူ့ကိုရှာကျွေးလာရတာ၊ သူ ပွဲစားလုပ်တယ် ဆိုတာ ဘယ်လိုပွဲစားလဲ မသိပါဘူး၊ ကိုမြရယ် တစ်လကြာလို့ တစ်ဆယ်မရဘူး၊ သူ့ကိုသာ အားကိုးရရင် ၀မ်းဟောင်းလောင်း တောင်နေနိုင်မှာ မဟုတ် ဘူး၊ ဗိုက်နဲ့ကျော ကပ်ပြီးသေမှာ ၊ ဒါ့ကြောင့် သြော်.. မယ်စံ ..... မယ်စံ ဖြစ်ရလေတယ်၊ ဒီအကောင်မှာ ဘာများမြင်လို့ ဖြစ်ရတာတုန်း၊ ကိုယ်မှ ဖြစ်မိလို့ မှိတ်ပြီးနေရတာ၊ သင်းငါ့ဒဏ်ကို ၀င်ခံရှာတာပဲလို့ စဉ်းစားပြီး သနားလိုက်ပါသေးရဲ့ ၊ အခုတော့ သူ့ထိုက်နဲ့ သူ့ကံပေါ့”

               “အဲဒီလိုဖြေမှ ပေါ့ဟဲ့၊ ငါလည်းအရူးလို ဖြစ်သွားတာပဲ၊ ငါက တစ်ယောက်သမားဟဲ့၊ ဒါဆို ဒါမှပဲ၊ သင်းက ကိုယ်လို သဘောမထားတော့ ဒါဆိုဒါမှ ဆိုတဲ့စိတ်ကို ဖျောက်ပြီး ဟိုတစ်ယောက် ရှာရပြန် တာပေါ့ဟဲ” မယ်မှုန် သည်စကားမပြောဘဲ ဦးခေါင်းကို ငုံ့လျက် လက်တစ်ဖက်ကို ကြမ်းပေါ်မှာ ထောက်ရင်း စဉ်းစားသလို နေလေ၏။ သို့နေရာမှ ကျ၍လာသော မျက်ရည်စက် နှစ်စက် သည် ကွက်ခနဲ ကြမ်းပေါ်၌ ထင်လာသဖြင့် ရှက်ကိုရှက်ကန်း ဟန်လုပ်သော  မယ်မှုန်၏ မမှုန်သောမျက်နှာမှာ ပိုမို ချစ်စဖွယ်ရာ ကောင်းသည်ကို မောင်မြ သတိထားမိလေ၏။

               ဒါ့ကြောင့်လည်း သူတို့လင်မယား နှစ်ယောက်ကို တစ်ရွာလုံးက မင်းသားနဲ့ မင်းသမီးလို့ ခေါ်ကြတာပဲကိုး။ ဟိုကောင်က မင်းသားရုပ် ၊ သူက မငးသမီးရုပ် ၊ လှတဲ့သူများ အချင်းချင်းညားတော့ လည်း စိတ်မကျေနပ်ကြပါကလား ၊ ငါ့မယားဟာ သူ့မယားလောက်မလှ ၊ ငါ သင်းကို ရရင် ငါက အမြတ် ရကြောင်း လူတိုင်းပြောမှာပဲ ၊ သြော်........ မယ်စံ ....မယ်စံ ၊ သင်းတော့ ဟိုငနဲ နဲ့ တွဲဖက်တဲ့ ပွဲဆက်တွေမှာ ငါ့ကိုတစ်ချက်မှ သတိရတော့မှာ မဟုတ်ဘူး။ ဟိုက မင်းသား ရုပ် ခါးကလေး နွဲ့နွဲ့ မို့ သင်းတော့ အရမ်းဖြစ်နေတော့မှာပါပဲ စသည်ဖြင့် တွေးကာ ရင်ထဲတွင် ကတုန်ကယင် ဖြစ်၍လာ လေ၏။

                သို့သော်လည်း စိတ်ကိုတင်းလျက် သင်းက ကမြင်းလို့ လင်ငယ်နေတဲ့ ကောင်မ ၊ မယ်မှုန် ကလေးကို သင်းနဲ့စာတော့ မိန်းမကောင်းလို့ ဆိုရမှာပဲ၊ သည်တော့ ဟိုခွေးသား မင်းသားရုပ် ငကြောင်က ငါ၏ မကောင်းသော မိန်းမကိုယူ ၊ ငါက သူ့ရဲ့ မယားကောင်းမယားနိပ် ကလေးကိုရ၊ အဲဒီဟာမှာ ငါက တစ်လေး သာဦးမှာပဲ။ ဒင်္ဂါးတဲ့ ဒင်္ဂါး ၊ တောင်ဘက် ကရင်ရွာကို ဖောက်သည်ထဲ ဆွဲသွင်းရင် ဘယ်နည်းနဲ့မဆို ဗမာရွာတွေမှာထက် နှစ်ဆပိုရမှာပဲ၊ ဗမာဆိုတဲ့အကောင်တွေက ကိုယ့်အမျိုးသားချင်းပဲ ၀ံသာနုနဲ့ချည်း နှက်တာပဲ၊ ဆရာ ကိုကျောက်ခဲက သူ့ကျောင်းသားတွေကို ကုသိုလ်ဖြစ် တစ်လတစ်ကြိမ် ဆံပင်ညှပ်ပေး ပါတဲ့၊ ကရင်များမှာ ၀ံသာနုစိတ် မရှိ၊ ဒါမှ ကောင်းတယ် စသည်ဖြင့် ရောက်မိရောက်ရာ မိုးကို လျှောက်တွေး၍ နေလေ၏။

             
                လောက၌ ယောက်ျားများကို ဖမ်းစားတတ်သော ဒိန်းဒလိန်းနတ်သည် အကြမ်းဆုံးသော နတ်ဖြစ်လေရာ သတ်ရမှာလည်း အခက်၊ ခံရမှာလည်း အခက်မို့ မောင်မြသည် စိတ်ကိုပင် တင်းသော် လည်း လွယ်ကူစွာ မရ၊ အရက်နှင့် တွေ့သော အခါ ထိုရောဂါ ပို၍ ထတတ်လေ၏။

               ထိုအခါ မဖြစ်ဘူး ဒီစိတ်ပျောက်အောင် မယ်မှုန်ကို မြန်မြန်အရသိမ်းမှ တော်မယ်ဟု စဉ်းစား လေ၏။  “ မငိုပါနဲ့ မယ်မှုန်ရယ် ၊ နင်က အခုလိုငိုနေ ၊ ဟိုကတော့ နင့်ကို သတိတောင်ရမှာ မဟုတ်ဘူး၊ အူမြူးတုန်း ချစ်တုန်း ခင်တုန်း တဖြုန်းဖြုန်းဖြစ်နေမှာ”

“ဒိဌိပေါ့ ကိုမြရယ်၊ ကျွန်မဟာ ကျွန်မ ရှာစားနိုင် တယ်ဆိုတာလည်း သူသိတာကိုး ။ သည်တော့ အေးနေ တာပေါ့”
“ဒီလိုလူမျိုးဆိုတာ နင်တို့လို စွမ်းစွမ်းတမံ မိန်းမများကိုမှ တမင်ရှာယူတာ ၊ လူပေါ့မျိး ၊ အခုဖြစ်တာတော့ ဘယ်လိုရယ်လို့ ငါမတွေးနိုင်အောင် ရှိတာပဲ၊ မယ်စံက နင့်ထက်လှ လို့လား ၊ နင့်ခြေဖျားမှ  မီတာ မဟုတ်ဘူး၊ ငါပြုလို့ နုနေတာ၊ အခု ကြမ်းကြမ်းတမ်းတမ်း ကလေးလုပ်ရရင် သင်းရုပ်ဟာ လက်နှီးစုပ် လို ဖြစ်သွားမှာပေါ့၊ မျက်စိဒေါက်ထောက်ကြည့် လိုက်ရဦးမယ်” ဟု မောင်မြ က ပြောလေ၏။

               မယ်မှုန်လည်း ရှက်ကိုးရှက်ကန်း အမူအရာနှင့် မျက်လုံးများကို အင်္ကျီလက်နှင့် သုတ်ပြီး .....
“သူ့ကြောင့် မဟုတ်ပါဘူး၊ ကျွန်မ ကုသိုလ်ကံဆိုးတာ စဉ်းစားပြီး ကျေးဇူးမဲ့တာတွေကို တွေးမိလို့သာ ” ဟု ပြောလေ၏။

                သို့ စကားပြောနေကြစဉ် ရွာထဲတွင် အာအကျယ်ဆုံး ဖြစ်သော မပန်းအုန်ခေါ် မိန်းမကြီး သည် ဆီပုလင်းကို ကိုင်လျက် အိမ်ရှေ့ကိုရောက်လာပြီး သင်းတို့ နှစ်ယောက်ကို မြင်သော အခါ တစ္ဆေကို မြင်ရသလောက် ရွံ့ကြောက်အံ့သြ မိန်းမောချင်သလိုဖြစ်ကာ ရှေ့သို့ဆက်၍ မသွားနိုင်ပဲ နောက်သို့ လှည့်ကာ ပြေးလေ၏။

                မပန်းအုန်မှာ သတင်းအသစ်အဆန်း တစ်ခုခု တွေ့ရလျှင် ရွာထဲ၌ ရှေးဦးပထမ ကြေငြာချင် သော စိတ်ဓါတ် အဟုန်ကို ခုခံငြင်းဆန်ခြင်းငှာ စွမ်းနိုင်သူ မဟုတ်ရကား မီးဖို၌ ဒယ်အိုးကို တင်ပြီး ငါးပိဆီ သတ်ရန် ဆီပုလင်းကို ကြည့်ရာ ဆီမရှိသဖြင့် အနီးရှိ ရွာဆိုင်ကလေး သို့ အလာမှာ မောင်မြနှင့် မယ်မှုန်ကို မြင်ရပြီး ကြီးလေးသော ငါးပိဆီချက် လုပ်ငန်း ကိစ္စကြီးကို မေ့လျော့ကာ အဆောတလျင် ပြန်၍သွားခြင်း ဖြစ်ရာ သင်း၏ အရေးကြီးပုံမှာ နောက်မှ တစ်စုံတစ်ယောက် ရိုက်ဖို့အကြံနှင့် လိုက်လာလေ သလားဟု မှတ်ထင်ဖွယ် ဖြစ်လေ၏။

               “ကိုင်း ..... မယ်မှုန်၊  ဒေါ်ပန်းအုန်ကြီးတော့ တွေ့သွားပြီ တစ်ရွာလုံး ဆူတော့မှာပဲ၊ ကြာကြာ နေရင်အလကားပဲ ၊ ငါတော့ နင့်လင်ကို တရားလည်းမစွဲချင်တော့ဘူး ၊ ကလဲ့စားသာ ခုချက်ချင်း ချေလိုက် ချင်တော့တာပဲ” 

                “အို...ကိုမြက မတော်တာပဲ၊ ယောက်ျားဖောက်ပြန်တိုင်း မိန်းမက လိုက်ပြီး ဖောက်ပြန်ရမယ် ဆိုရင် ခက်ကုန်ရော ပေါ့ရှင်”

                “နင် ဖေါက်ပြန်ဖို့မလိုဘူး၊ ငါက အတင်းလှည်းနဲ့ တင်လို့ နင် ငါ့နောက်က ပါတဲ့ အနေပေါ့”

                “ အမယ်လေးတော် .....တကတဲ  မြန်လိုက်တာ၊ ဒီ အကြောင်းနဲ့ ပတ်သက်လို့ စကားနှစ် ခွန်းမှ မပြောရသေးဘူး ”

               “မြန်မှဖြစ်မှာ ၊ အလကား မဟုတ်ဘဲနဲ့ အပြောခံရမယ့် အစား ဟုတ်လိုက်ရင် သာပြီး  မကောင်းပေဘူးလား၊ အခုလို စိတ်ညစ်ပြီး အလကား နေမယ့်အစား ၊ ကိုင်း.....ဘယ့်နှယ်လဲ၊ လုပ်မလား”

               “ဘာလုပ်ရမှာလဲတော့ ၊ အရင်းမရှိ အဖျားမရှိနဲ့”

               “မဟုတ်ပါဘူးဟဲ့ ၊ ငါပြောတာ လုပ်မလားလို့ မေးတာ၊ ဖိုးထိန်မှာ လှည်းအသင့်ပဲ ရှိတယ်၊ သူ့နွားပေါက်ကလေး နှစ်ကောင်ကလည်း အင်မတန် အပြေးကောင်း၊ လှည်းလမ်းတွေကလည်း ဖုန်လို့၊ ဘယ်မဆို ရောက်နိုင်တယ်”

               “လူကဲ့ရဲ့ပါ့မယ်တော် ၊ မလုပ်ပါနဲ့”

               “ဟဲ့ ...... နင့်ကို ဘာကဲ့ရဲ့ စရာရှိလဲ၊ မောင်မြက သူ့မယားအခိုးခံရလို့ မခံချင်စိတ်နဲ့ အတင်း လုပ်ကြံလို့ဖြစ်ရတာဆိုတာ လူးတိုင်းပြောမှာပဲ၊ အခုလို အလကား စိတ်ညစ်နေမယ့်အစား လူကဲ့ရဲ့ လွတ်ပြီးပျော်ချင်သလို ပျော်ပျော်နေရမှ ဒါမှ အချောင်ပျော်ဖို့အချက်၊ ငါ့မှာလည်း အစိုးရပြစ်ဒဏ် အင်မတန်ကြီးမှာ မဟုတ်ဘူး၊ မခံနိုင်ရှာလို့ လုပ်မိတာလို့ တရားဝိုင်းမင်းများ သဘောရပြီး မသကာ ရုံးတက် ရုံးဆင်းပေါ့၊ မယ်မှုန်ရဲ့ နင့်လည်း ထွတ်ထွတ်ကလေး မဟုတ်တော့ပါဘူး၊ “ အထိုးခံ အုန်းသီး ဘုန်းကြီးကြိုက် မင်းကြိုက် ဆိုတာလို ဟဲ.... ဟဲ...” ဟု မူးရဲ၍ ပြောလေ၏။

               ထိုကဲ့သို့ ပြောရင်း တစ်ဖန် မယ်စံနှင့် ငကြောင် အဘယ်ပုံနေမည်ကို တွေးမိ ထင်မြင်လေရာ ရင်ထဲမှာ မသက်မသာ ဖြစ်၍ လာပြန်လေ၏။ထိုကဲ့သို့ ဖြစ်သည့် အခါတိုင်း ငါလည်း သင်းလို မဖြစ်နိုင်ဘူးလား ဟူသော စိတ်ကို ဆောင်လိုက်ရာ ဆူသော နှလုံးသွေးသည် ငြိမ်းအေး၍ သွားပြန်လေ၏။  မယ်မှုန်သည် စဉ်းစား၍ နေလေ၏။ ထိုသို့စဉ်းစား၍ နေခိုက်တွင် လူသံများ ကြားရသဖြင့်    ............

               “သွားပါ ကိုမြရယ် ၊ ဟိုကောင်မကြီး ရွာထဲလျှောက် မောင်းတီးလို့ ကြည့်ရအောင် လာကုန်ကြပြီ ” ဟု မယ်မှုန်က ပြောရာ အသံများ သာ၍ နီးလာသဖြင့် မောင်မြက.....

               “ဟဲ့ မယ်မှုန် ၊ ငါရှောင်လို့ လွတ်မှာ မဟုတ်ဘူး ၊ မြင်ကြတော့မှပဲ ၊ သည့်အတွက် နင့်အိမ် ထဲမှာ ပုန်းမှပဲ၊ တော်မယ် မဟုတ်လား မယ်မှုန်” ဟု ပြောရင်း အိမ်အတွင်းခန်းသို့ ထ၍ ပြေးဝင်လေ၏။ မယ်မှုန်လည်း ထ၍ လိုက်သွားရာ မောင်မြ ပုန်းစရာ နေရာ ရှာ၍ မတွေ့သဖြင့်.....

               “တကတဲတော်.... ဘယ့်နှယ်လူပါလိမ့်၊ ဒီကို လာပါ ရှင့်၊ လူတွေ မြင်ကုန်တော့မယ်” ဟု ပြောပြီး အိပ်ခန်းတွင်းရှိ ခုတင်အောက် လက်ပြလေရာ မောင်မြသည် ကဗျာကယာ ၀င်၍ ခုတင်အောက် မှာ ပုန်းလေ၏။ မယ်မှုန်သည် ကန့်လန့်ကာကို ချပြီး  အပြင်သို့ ထွက်၍နေလေ၏။

               မိန်းမ သုံး၊ လေးယောက်နှင့် ယောက်ျား သုံး၊ လေးယောက်လည်း အိမ်ရှေ့ သို့ ရောက်လာ ကြ ပြီး အိမ်ရှေ့၌ရပ်ကာ အတွင်းကို မယောင်မလည် ကြည့်ကြလေ၏။

                မှုန် ။     ။ “ရှင်တို့ ဘာလာကြည့်တာလဲ”
                ပန်းအုန် ။     ။ “ အိုးမလုံလို့ အုံပွင့်နေတာလားအေ့”
                မှုန် ။     ။ “ ဘာဖြစ်လို့ ကျမက အိုးမလုံရမှာလဲ ၊ ရှင့်စကားက ဘာလိုလိုနဲ့”
                “မသိပါဘူးအေ ၊ ခုတင်က မြင်မိသလားလို့”
                “ရှင်ဘာမြင်လို့လဲ ၊ ရှင့်အရေးလား”
                “ငါ့အရေးဖြင့် ဘာလာကြည့်နေစရာရှိသလဲအေ့၊ ငါ့ဘာသာ ကွေးနေမှာပေါ့”
                “ရှင့်လို ထင်လို့လား”
                “ငါ ဘာဖြစ်လို့လဲအေ၊ ညည်းနဲ့ ရန်ဖြစ်ဖို့လာတာ မဟုတ်ဘူးအေ့ ၊ ရပ်ဆွေရပ်မျိုး အိမ်နီးပါးချင်း သွေးလိုသားလို မတော်တာဖြစ်မှာစိုးလို့ပါအေ ၊ ညည်း မကြိုက်ရင်....”
                “ကျုပ်က ဘာမတော်တာ ဖြစ်ရမှာတုန်း ၊ ကျုပ်ယောက်ျား မယားငယ်နဲ့ ထွက်သွားလို့ စိတ် ညစ်နေရတဲ့ အထဲမှာ ”
                 “ဒါကိုသိလို့ ညည်းအတွက် အားလုံး စိတ်မကောင်း ဖြစ်ကြတာပါအေ ၊ ညည်းက တလွဲ မထင်ပါနဲ့”
                 “ရှင်တို့ စိတ်မကောင်းဖြစ်တာက ဘာလိုလို ကိုတော့”
                 “ဟဲ့....မယ်မှုန် ၊ ငါတို့က ခင်မင်လို့လာတာ၊ ညည်းက အခုလိုဆီးပြီး ရန်စွယ်နဲ့ ငေါငေါ လုပ်တာ ကောင်းရဲ့လား၊ ငါက မှန်တာဖွင့် ပြောလိုက်ရင် လူကြားမကောင်းအောင်ဖြစ် သွားလိမ့်မယ်၊ ခုတင်က မောင်မြနဲ့ ညည်း....”
                “အလိုလေးတော်....စပ်စပ်ဖာဖာ၊ ကိုမြနဲ့ ကျုပ် ဘာပြုသလဲ၊ သူ့မယားကို ကျုပ် ယောက်ျားက ခိုးပြေးလို့ ကျုပ်ကို လာပြီးတိုင်တာ ပါတော်၊ ကျုပ်က ဘာမှ မသိဘူးလို့ ပြောတာနဲ့ ထွက်သွား ပါပြီ ”
                  “ဒီလိုဖြင့် ကောင်းပါရဲ့အေ ၊ ညည်းလည်း ဒုက္ခ၊ သူလည်း ဒုက္ခ၊ ကံတူ အကျိုးပေးချင်းများ ဘာဖြစ်ကြသလဲလို့ စိတ်မချလို့ လာကြည့်တာပါ၊ ညည်းတို့ အကြောင်းလည်း မေးရင်းမြန်းရင်းပါပဲ၊ အားလုံးကို မေးကြည့်ပါ၊ အရိုးခံသဘော နဲ့ လာတာပါ”
                “တော်ပါရှင်.... ရှင်တစ်ယောက်ပဲ ရွာထဲမှာ ဖွာလောင် ဖွာလောင် နဲ့၊ ရှင်ဟာ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးနေနိုင်တဲ့ မိန်းမကြီး မဟုတ်ဘူး”
                “ကျုပ်တို့မှာ အေးလို့ ပူစရာဘာမှမရှိဘူး”
                ဟု ပန်းအုန်က ပြန်၍ပြောခိုက်မှာ အခြားမိန်းမ တစ်ယောက်က အိမ်ပေါ်သို့တက်ပြီး ဟိုကြည့် သည်ကြည့် အခန်းထဲကိုပင် ၀င်မလိုလိုလုပ်ရာ မယ်မှုန်က...
                “ရှင်တို့ ကျုပ်ကို ဘာများထင်လို့လဲ၊ ကျုပ်အိမ်မှာ ဘယ်သူမှ မရှိဘူး၊ လာပါ.... ကြည့်ပါ ”
                 ဟု ပြောကာ အခန်းထဲကို သွားပြီး ကန့်လန့်ကာကို လှပ်၍ ပြလေ၏။ ထိုအခါ ကုတင်အောက်ကို မကြည့်မိသော မိန်းမက......
                 “ကြည့်တာ မဟုတ်ပါဘူးအေ ၊ ညည်းကလည်း စိတ်တိုလိုက်တာ” ဟုပြောပြီးလျှင် ပြန်၍ လာလေ၏။
                အတန်ငယ်ကြာသော အခါ ပန်းအုန်နှင့် အဖော်များ တီးတိုးစကားပြောရင်း ထွက်သွားကြ လေ၏။ ထွက်၍ပင် သွားသော်လည်း အိမ်ရှေ့၌ လူမပြတ် ၊ ဘာမသိညာမသိ နှင့် နောက်ထပ်၍ ရောက်လာ ကြသော ကလေး လူကြီး ယောက်ျား မိန်းမ များသည် ပို၍ပင် များလာပြန်လေရာ မယ်မှုန်မှာ တစ်စုံတစ်ရာ မပြောတော့ပဲ မိမိအိမ်ကိုသာ ဆောင့်အောင့်ရင်း ရှင်းလင်းဖို့ သုတ်သင်ဟန် လုပ်၍နေလေ၏။ 
               အလွန် တိတ်ဆိတ်သော ရွာ၌ ထိုနေ့မှာ မယ်မှုန်၏ အိမ်ရှေ့၌ လူမရှင်းတော့ပေ။ မယ်မှုန် လည်း မည်သူ့ကိုမျှ ဂရုမစိုက်  ၊ မိမိ၏ ယောက်ျားကို ခိုးသော မယ်စံကိုသာ တဖျစ်တောက်တောက် ရေရွတ် ပြောဆိုရင်း မရှိသော အိမ်အလုပ်တွေကို လုပ်ဟန် ဆောင်၍ နေလေ၏။
               သို့နေရင်း အိမ်ရှေ့မှ ပြန်သူ ပြန်၊ လာသူ လာ ၊ မသင်္ကာစိတ် ရှိသူတို့သည် မသိစေချင် သည့်အကြောင်းကိုမှ သိလိုသော ရွာသူရွာသားတို့၏ အလေ့အတိုင်း ၊ နှစ်ယောက် တစ်တွဲ ၊ သုံးယောက် တစ်တွဲ တီးတိုးစကားပြောရင်း နေကြလေရာ မိုးချုပ်မှ လူပြတ်၍ ပြန်သွားလေတော့သတည်း။

ဆက်လက် ဖော်ပြပါမည်...........။

            

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More