ချစ် စံ ၀င်း
ယင်းစာသည် ခွေးမွေးထားသောရုံး၏ စာလက်ခံဌာနမှ “ အဆင့်ဆင့် ဆက်လက်တင်ပြသည်၊ ဆက်လက်တင်ပြပါသည် ” ဟူသော မှတ်ချက်ဆယ်ခုလောက်ဖြင့် နောက်ဆုံး ရုံးမှတာဝန်ရှိ ပုဂ္ဂိုလ်ထံ သို့ရောက်သွား၏။ ထိုပုဂ္ဂိုလ်က “ ယင်းကိစ္စ ဟုတ်မဟုတ် စုံစမ်းတင်ပြပါ ” ဟူသော မှတ်ချက်တွင် “ အရေးယူ ဆောင်ရွက်ရန်၊ အရေးယူ ဆောင်ရွက်ရန်” ဟူသော ထပ်ဆင့်မှတ်ချက်များနှင့်အတူ အောက်သို့ပြန်ကျလာ၏။
ထိုအခါ ယင်းကိစ္စကို ဟုတ်မဟုတ် စုံစမ်းရေးအတွက် ရုံးအုပ် အဆင့်ရှိသူများက အဖွဲ့ဖွဲ့ကာ တစ်ပတ်ကျော်မျှ စုံစမ်းပြီး စာအမှတ်မည်မျှဖြင့် တစ်ဖက်ရုံးမှ ပေးပို့သောကိစ္စသည် မှန်ကန်ပါသည်ဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ရှိပုဂ္ဂိုလ်ဆီသို့ ရောက်သွားပြန်၏။ ထိုအခါ ယင်းပုဂ္ဂိုလ်က ယင်းကိစ္စမှန်ကန်လျှင် မည်သို့ဆောင်ရွက်ရမည်ကို နည်းလမ်းများစုံစမ်းတင်ပြပါဟူသော မှတ်ချက်ဖြင့် အောက်သို့ပြန်ချပေးလိုက် ပြန်၏။ အောက်သို့ကျလာသော အခါ ရုံးအုပ်နှင့်အဖွဲ့သည် မည်ကဲ့သို့ဖြေရှင်းရမည်ကို အချိန်ယူ၍ ဆွေးနွေးတိုင်ပင်က နောက်ဆုံး၌ ရုံးအုပ်နှင့်အဖွဲ့က လူကြီးမင်း၏ မှတ်ချက်အမိန့်အရ နည်းလမ်းများကို ရှာဖွေကာ အောက်ပါနည်းလမ်းများကို တွေ့ရှိရပါသဖြင့် တင်ပြအပ်ပါသည်ဟု ဆိုကာ အောက်ဖေါ်ပြပါ နည်း လေးနည်းကို တင်ပြခဲ့သည်။
(ခ) ယင်းခွေးကို အဝေးသို့ပို့ခြင်း။
(ဂ)ခွေးဝင်သောအပေါက်ကို လုံးဝပိတ်ထားခြင်း။
(ဃ) ခွေးမ၀င်ရန် စာကပ်ထားခြင်း။
(က) နည်းမှာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်၍ မရွေးချယ်နိုင်ရန်၊ (ခ) နည်းမှာ ယင်းခွေးတွင် သားသမီးငယ်များရှိနေသည်ဟု သိရ၍၊ (က)နည်းတူ မရွေးချယ်နိုင်။ (ဂ) နည်းမှာ ရုံးနှစ်ရုံး၏ ဆက်သွယ်ရေး ကိစ္စများကို ထိခိုက်စေသောကြောင့် ယင်းနည်းကိုရွေးချယ်ရန် ကျွန်ုပ်ငြင်းဆို၏။ (ဃ) နည်းမှာမူ မည်သူ့ကိုမှလည်း မထိခိုက်။ မဇ္ဈိမပဋိပဒါလည်း ကျသောကြောင့် ယင်းနည်းကို ကျွန်ုပ်ကိုယ်တိုင် ရွေးချယ်လိုက်သည်။
အထက်ပါမှတ်ချက်ဖြင့် စာသည် ရုံးထုံးစံအတိုင်း အဆင့်ဆင့်ကျလာပြီး အောက်ပိုင်းမှ စာတစ်စောင်ပြန်၍ တက်လာပြန်၏။ ယင်းစာမှာ “ လူကြီးမင်းရွေးချယ်သော (ဃ) နည်းကို အသုံးပြုရေးအတွက် ခွေးမ၀င်ရ ဟူသော စာကပ်ရန် မည်သည့်ပန်းချီဆရာဖြင့်ရေးရမည်ကို အမိန့်တောင်းခံအပ်ပါသည် ” ဟူ၍ဖြစ်၏။ ထိုအခါ အထက်လူကြီးက သင့်လျော်သော ပန်းချီဆရာနာမည်များ တင်ပြပါဟု မှတ်ချက်ဖြင့် ပြန်ကျလာ၏။ အောက်ပိုင်းမှ တစ်ဖန် ပန်းချီဆရာလေးဦး၏ အမည်များကို ယင်းတို့၏ အရည်အချင်း၊ အရည်အသွေးများနှင့် အတူ တင်ပြရာ အထက်မှ ဖြော်ပပါအရည်အချင်းများအရဆိုမူ ကျွန်ုပ်တို့သည် နံပါတ်(၂) ပန်းချီဆရာကို ရွေးသည်ဟူသော မှတ်ချက်ဖြင့် ပြန်ကျလာ၏။
ရုံးအုပ်နှင့်အဖွဲ့သည် ထုံးစံအတိုင်း နံပါတ်(၂) ပန်းချီဆရာဖြင့် ခွေးမ၀င်ရ ဟူသော စာတန်းကိုရေးဆွဲကာ ရုံးနှစ်ရုံး၏ အ၀င်အထွက် တံခါးဝတွင် ချိတ်ဆွဲထားလိုက်၏။
သို့သော် မကြာမီ တစ်ဖက်ရုံးမှနေ၍ လွန်ခဲ့သော (၁၂) လက စာအမှတ် ဘယ်လောက် ဘယ်လောက်ဖြင့် “ လူကြီးမင်းတို့ ရုံးမှခွေးတစ်ကောင် ၀င်ရောက်နောက်ဖေးယိုနေ၍ အရေးယူဆောင်ရန်ပါရန် စာပို့ ခဲ့သော်လည်း ယခုတိုင် ယင်းခွေးသည် နောက်ဖေးယိုနေဆဲဖြစ်၍ ထပ်မံ အကြောင်းကြားအပ်ပါသည် ” ဟူသော စာသည် အတွင်းရေး ဟူသော ထိပ်စည်းနှင့်အတူ ရောက်လာပြန်၏။
ထိုစာသည် ထုံးစံအတိုင်း စာလက်ခံရာဌာနမှ တစ်ဆင့် အထက်လူကြီးဆီသို့ တင်ပြရာ အထက်လူကြီးက “ မိမိသည် ဤ ကိစ္စကို အသေအချာ အရေးယူဆောင်ရွက်ပါလျက် ယခုကဲ့သို့ အဘယ်ကြောင့် ဆက်လက်ဖြစ်နေသည်ကို ချက်ချင်းစုံစမ်းတင်ပြပါ ” ဟူ၍ မှတ်ချက်ဖြင့် အောက်သို့ပြန်ချလိုက်၏။ ထိုအခါ ရုံးအုပ်သည် အဖွဲ့တစ်ခု ချက်ချင်းထပ်ဖွဲ့ကာ အဘယ်ကြောင့် ယင်းခွေးသည် ဆက်လက်နောက်ဖေးယိုနေသည်ကို အရေးတယူစုံစမ်းကြပြီးနောက် အောက်ပါအတိုင်း အဆင့်ဆင့် တင်ပြလိုက်ပြန်၏။
စာအမှတ်မည်မျှဖြင့် “ လူကြီးမင်း၏ ချက်ချင်းအရေးယူ ဆောင်ရွက်ရန် မှတ်ချက်အမိန့်အရ ကျွန်တော်များ ချက်ချင်း အလျင်အမြန်စုံစမ်းကြည့်ရာ ယင်းခွေးသည် စာမတတ်ကြောင်း တွေ့ရှိရပါသည် ”
အထက်ပါ စုံစမ်းတင်ပြချက်စာသည် တစ်ဆင့်ပြီးတစ်ဆင့် ရုံးထုံးစံအတိုင်း အထက်သို့တက်လျက်ရှိနေ၏။ ယင်းတင်ပြချက် အပေါ်အထက်လူကြီးက မည်သို့မှတ်ချက်ရေးဦးမည်ကို မသိရသေး။ သို့သော် တစ်ခုသေချာသည်ကတော့ ယင်းခွေးသည် အခြားဟိုဖက်ရုံး၏ ဧည့်ခန်းတွင် နောက်ဖေးယိုမြဲ ယိုနေဦးမည် ကတော့ သေချာနေပေသတည်း။
RSS Feed
Twitter
1:54 AM
မိုးယံ