Showing posts with label ပါရဂူ. Show all posts
Showing posts with label ပါရဂူ. Show all posts

Saturday, January 15, 2011

အံ့ဖွယ်ဇင်သို့

ခေတ်ရေစီးကြောင်းဆိုတာ တစ်ချိန်တည်း
တစ်နေရာတည်း ရပ်တည်မနေဘူး။
အမြဲမပြတ် စီးဆင်းနေတဲ့ စာပေဆိုတာကလည်း
ခေတ်၏ ရောင်ပြန်ဟပ်ခြင်းမျိုးဖြစ်တဲ့အတွက်
ပုတ်သင်ညိုအရောင်ပြောင်းသလို၊
ခေတ်ပြောင်းသလို အရောင်လိုက်ပြောင်းနေတယ်။



ပါရဂူ ၏

အံ့ဘွယ်ဇင်သို့

“အံ့ဘွယ်ဇင်” ဆိုတဲ့မင်းနာမည်ကို ဘယ်သူပေးတာလဲ။ မင်းအဖေကပေးတာလား မင်းအမေက ပေးတာလား။ “ အံ့ဘယ်ဇင်” ဆိုတဲ့နာမည်ကို ကြားလိုက်ရုံနှင့် မင်းအဖေပေးတဲ့နာမည်ဆိုတာ သိသာထင်ရှားနေတယ်။ ဘာဖြစ်လို့လဲဆိုရင် မင်းအဖေက ကဗျာဆရာတစ်ယောက်ဖြစ်နေတယ် မဟုတ်လား။ ကဗျာဆရာ၊ စာရေးဆရာများဟာ စိတ်ကူးယဉ်တတ်ကြတယ်။ ကိုယ့်သားသမီးများကိုလည်း နာမည်လှလှလေး ပေးတတ်ကြတယ်။ ဒါပေမယ့် ယခုခေတ် တချို့မိန်းကလေးများ မှည့်ခေါ်ထားကြတဲ့ စကားလုံး လေးငါးလုံး တွဲပြီးမှည့်ခေါ်တဲ့ နာမည်မျိုးကိုတော့ ကဗျာဆရာများ၊ စာရေးဆရာများက သူတို့သားသမီးများကို မှည့်ခေါ်ကြမှာ မဟုတ်ဘူး။

အစဉ်အဆက်က စပြီး မကြားရဖူးတဲ့၊ မြန်မာမဆန်တဲ့ အနက်အဓိပ္ပါယ်လည်း ဆက်စပ်လို့မရတဲ့ ခေါ်ရင်လည်း လျှာခလုတ်တိုက်တဲ့ နာမည်အဆန်းများကိုတော့ ရိုးရိုးလူတွေ ရွှေဥာဏ်တော်ကွန့်မြူးပြီး မှည့်ခေါ်ထားကြတာ ဖြစ်လိမ့်မယ်။ ကိုယ့်သားသမီးအမည်နာမကို ခပ်ဆန်းဆန်းမှည့်တဲ့ စာရေးဆရာများ ထဲမှာ “မင်းကျော်”လည်းပါတယ်။မင်းကျော် သူ့သားနံမည်ကို “အံ့ဘွယ်ကျော်” လို့ပေးထားတယ်။ မင်းနာမည်က “အံ့ဘွယ်” နဲ့ မင်းကျော်၏သားနံမည်က “အံ့ဘွယ်” နှစ်ခုထဲက ဘယ်အံ့ဘွယ်က ရှေးကျသလဲ။ မင်းက မင်းကျော်သားထက် ငယ်မှာဖြစ်တဲ့အတွက် မင်းကနောက်ကျလိမ့်မယ် ထင်တယ်။ မိမိသားရဲ့ နံမည်ကို ခပ်ဆန်းဆန်းမှည့်တဲ့ စာရေးဆရာတစ်ယောက်ရှိသေးတယ် ။ စာရေးဆရာ နတ်နွယ် ကလည်း သူ့သားနံမည်ကို “ ပုန်ကန်နွယ် ” လို့ မှည့်ထားတယ်။ ဒါပေမယ့် တစ်ချို့စာရေးဆရာ ကဗျာဆရာများကတော့ သူတို့သားသမီးများ၏ အမည်ကို ရိုးရိုး၊ တုံးတုံး၊ တိတိကြီး မှည့်ခေါ်ထား ကြတယ်။ ဖိုးခွေး၊ဖိုးဝ၊မောင်ပိန်၊သာဒွန်းအောင် စတဲ့ တုံးတုံးတိတိရိုးရိုး နာမည်များ၊ မိမိတို့ သားသမီးများကို ခေါ်တဲ့ စာရေးဆရာ ကဗျာဆရာတစ်ချို့ရဲ့ နှုတ်ဖျားမှာ ရောက်နေတာကိုလည်း တွေ့ရတယ်။ 

မြန်မာစာပေ သမိုင်းမှာ ကဗျာ၊ ၀တ္ထု ၊ ကျမ်းစာအုပ်ပေါင်း ရာချီပြီး ရေးသားခဲ့တဲ့ စာပေပညာရှင်ကြီး တစ်ယောက်ဟာ နှစ်ယောက်တည်းသာ ရှိတဲ့ သူ့သားနဲ့ သမီးကို နာမည်မှည့်တဲ့နေ့မှာတော့ အလွန်တရာ စကားလုံး ဆင်းရဲနွမ်းပါးနေတာကို တွေ့ရတယ်။ အဲဒီစာပေ ပညာရှင် စာရေးဆရာကြီး ကတော့ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးဖြစ်တယ်။ ဆရာဦးမောင်ကြီးက သူ၏ တစ်ဦးတည်းသော သားကို တင်ဦးလို့ နာမည်မှည့်ပြီး သူ၏တစ်ဦးတည်းသော သမီးကိုလည်း သားနဲ့ နာမည်တူ မတင်ဦးလို့ နာမည် မှည့်ထားတယ်။

ဝေါဟာရ စကားလုံးအလွန်ကြွယ်ဝတဲ့ ကဗျာဆရာ၊စာရေးဆရာ၊စာပေပညာရှင်ကြီး၊ သူ၏ သားနဲ့သမီးကို “တင်ဦး” လို့ စကားတစ်လုံးတည်းမှည့်ထားခြင်းမှာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးမှာ တစ်မျိုးတစ်မည် ထူးခြားတဲ့ အတွေးအခေါ် မရှိဘဲနေမှာမဟုတ်ဘူး။ သားနဲ့ သမီးကို နာမည်မှည့်ခေါ်တဲ့နေရာမှာ ဘယ်လိုထူးခြားတဲ့ အတွေးအခေါ်ရှိတယ်ဆိုတာ ထုတ်ဖေါ်မပြောပြခဲ့တဲ့အတွက် မသိကြဘူး။ ဒါပေမယ့် လယ်တီပဏ္ဍိတ ဦးမောင်ကြီးနှင့် ရပ်တူရွာတူ ဒေသတူ မုံရွာသား စာရေးဆရာ “ ဘ၀င်း ” ကတော့ လယ်တီပဏ္ဍိတ ဦးမောင်ကြီးဟာ သူ့သားနဲ့သမီး နာမည်မှည့်တဲ့နေရာမှာ စကားလုံးအလွန်တရာ ဆင်းရဲနွမ်းပါးတယ်လို့ ပြောခဲ့ဖူးတယ်။ သူ့အတွေးအခေါ်ကလည်း တစ်မျိုးပဲ။ “ အံဘွယ်ဇင် ” ဆိုတဲ့ မင်းနာမည်ကို အကြောင်းပြုပြီး စာရေးဆရာ၊ ကဗျာဆရာတွေ နာမည်မှည့်ပုံကို တောင်တွေး၊ မြောက်တွေး လျှောက်တွေးကြည့်တာဖြစ်တယ်။

မင်းနာမည် လိပ်မူပြီး ယခုပေးတဲ့စာထဲမှာ ရေးလိုတဲ့အဓိက အကြောင်းကတော့ မင်းအဖေက ကဗျာဆရာ တစ်ဦးဖြစ်နေတဲ့အတွက် ကဗျာအကြောင်းပဲဖြစ်သင့်တယ်လို့ယူဆပြီး ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့ မင်းတို့လူငယ်တွေ နားလည်အောင်ပြောပြ ရမှာ ဖြစ်တယ်။

ကဗျာဟာ မြန်မာစာပေဗိမာန်ကြီး၏ အုတ်မြစ်၊ ဖောင်ဒေးရှင်းလို့ခေါ်ရင် ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစာပေလောက စတင်ပေါ်ပေါက်လာတာ ကဗျာအဖွဲ့အနွဲ့များက စတင်တယ်လို့ ဆိုရလိမ့်မယ်။ မြန်မာစာပေလောက၏ အရုဏ်ဦးခေတ်ဖြစ်တဲ့ အင်းဝခေတ်ကို ပြန်ပြောင်းကြည့်ပါ။ အင်းဝခေတ်မှာ မြန်မာစာပေရဲ့ အုတ်မြစ်သို့မဟုတ် ဖောင်ဒေးရှင်းလို့ ခေါ်ရမယ့် ပျို့ကဗျာအလင်္ကာတွေ ဘယ်လောက်ရေးဖွဲ့ခဲ့သလဲ။ အင်းဝခေတ်မှာ စတင်ခဲ့တဲ့ ပျို့ကဗျာလင်္ကာပေါ်မှာ အခြေခံပြီး နောက်ပိုင်းခေတ်မှာ ကဗျာနဲ့စကားပြေ ရောနှောထားတဲ့ မြန်မာစာပေ သစ်ပင်ကြီးဟာ ယခုထက်ထိ အညွန့်တလူလူနှင့် ရှိလာခဲ့တယ်။ ဒါပေမယ့် ခေတ်ရေစီးကြောင်းဆိုတာ တစ်ချိန်တည်း တစ်နေရာထဲမှာ ရပ်တည်မနေဘူး။ အမြဲမပြတ်စီးဆင်းနေတယ်။စာပေဆိုတာကလည်း ခေတ်၏ ရောင်ပြန် ဟပ်ခြင်းတစ်မျိုးဖြစ်တဲ့အတွက် ပုတ်သင်ညိုအရောင်ပြောင်းသလို၊ ခေတ်ပြောင်းသလို အရောင်လိုက်ပြောင်းနေတယ်။ စာပေနှင့်ပတ်သက်လို့ ရေးဟန်တို့ အယူအဆတို့ဆိုတာ တစ်ခေတ်နဲ့ တစ်ခေတ်မတူဘူး။ ခေတ်ပြောင်းသလို စာပေအယူအဆ ရေးဟန်များလည်း လိုက်ပြောင်းနေတယ်။ ပြောင်းနေတဲ့ ခေတ်ကိုလှမ်းဆွဲထားလို့မရသလိုပဲ တစ်ခေတ်က စာပေရေးဟန်မျိုး၊ စာပေအယူအဆမျိုးကို အသေကိုင်ထားလို့ မဖြစ်ဘူး။

ယခုမင်းကို လိပ်မူပြီးရေးတဲ့ ယခုစာဟာ ကဗျာအကြောင်းကိုအဓိက ထားပြီးရေးတဲ့စာဖြစ်တဲ့အတွက် ကဗျာနဲ့ ပတ်သတ်ပြီးတော့ပဲ ပြောရလိမ့်မယ်။ကဗျာရေးပုံ၊ ကဗျာတွေးပုံကလည်း ရှေးခေတ်ကနဲ့ မတူတော့ဘဲ ပြောင်းလဲလာတယ်။ ရှေးခေတ်က ကဗျာလင်္ကာဖွဲ့နွဲ့တဲ့ နေရာမှာ စကားလုံးကို ဦးစားပေးပြီး ဖွဲ့ဆိုကြတယ်။ ယခု ခေတ်သစ်မှာတော့ စကားလုံးကို ဒါလောက်အလေးအနက် မထားဘဲ အနက်အဓိပ္ပါယ်ကို ဦးစားပေးဖေါ်ပြလာကြတယ်။ ယခု ခေတ်သစ်ကဗျာ အဖွဲ့အနွဲ့တွေမှာ အဓိကထားတာ ကတော့ အတွေးအခေါ်ဖြစ်တယ်။ ကဗျာမှာ အတွေးအခေါ် ဆန်းသစ်ရမယ်။ သူတစ်ပါး မတွေးတဲ့ အတွေးအခေါ်မျိုးကို တွေးခေါ်ထားရမယ်။ အတွေးအခေါ်မပါပဲ အကြောင်းအရာ အဖြစ်အပျက်ကိုသာ ပုတီးစေ့တစ်စေ့စီ သီကုံးထားတဲ့ ပုလဲကုံးလို တန်းစီဖော်ပြထားတဲ့ ကဗျာမျိုးကို ယခု ခေတ်သစ်ကဗျာလောကမှာ အလေးအနက်မထားကြတော့ဘူး။ ဒါကြောင့် ကဗျာတစ်ပုဒ်၏ အတိမ်အနက်ကို သို့မဟုတ် အနိမ့်အမြင့်ကို ဆုံးဖြတ်တဲ့နေရာမှာ အတွေးအခေါ်ဘယ်လောက်ပါသလဲ၊ ပါတဲ့အတွေးအခေါ်ကလည်း ဘယ်လောက်ဆန်းသစ်သလဲ ၊ ဘယ်လောက်ပြည်သူ့ဘ၀နှင့် ဘယ်လောက် လူ့အဖွဲ့အစည်းနဲ့ ဟပ်မိသလဲဆိုတာတွေ ရှေ့တန်းရောက်လာလိမ့်မယ်။

မင်းအဖေက ကဗျာဆရာတစ်ယောက် ဖြစ်တဲ့အတွက် မင်းအဖေက မင်းကို စာတစ်စောင်ရေးပြီး အသိပညာတတ်နိုင်သမျှ ပေးပေးပါလို့ တစ်ဆင့်စကား မှာကြားလိုက်တဲ့အတွက် မင်းကို ကဗျာနဲ့ ပတ်သက်ပြီး ခပ်လွယ်လွယ် နားလည်အောင် ပြောပြလိုက်ရခြင်းဖြစ်ပါတယ်။

ပါရဂူ


စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More