Showing posts with label လူငယ်များသို့. Show all posts
Showing posts with label လူငယ်များသို့. Show all posts

Saturday, January 15, 2011

အံ့ဖွယ်ဇင်သို့

ခေတ်ရေစီးကြောင်းဆိုတာ တစ်ချိန်တည်း
တစ်နေရာတည်း ရပ်တည်မနေဘူး။
အမြဲမပြတ် စီးဆင်းနေတဲ့ စာပေဆိုတာကလည်း
ခေတ်၏ ရောင်ပြန်ဟပ်ခြင်းမျိုးဖြစ်တဲ့အတွက်
ပုတ်သင်ညိုအရောင်ပြောင်းသလို၊
ခေတ်ပြောင်းသလို အရောင်လိုက်ပြောင်းနေတယ်။



ပါရဂူ ၏

အံ့ဘွယ်ဇင်သို့

“အံ့ဘွယ်ဇင်” ဆိုတဲ့မင်းနာမည်ကို ဘယ်သူပေးတာလဲ။ မင်းအဖေကပေးတာလား မင်းအမေက ပေးတာလား။ “ အံ့ဘယ်ဇင်” ဆိုတဲ့နာမည်ကို ကြားလိုက်ရုံနှင့် မင်းအဖေပေးတဲ့နာမည်ဆိုတာ သိသာထင်ရှားနေတယ်။ ဘာဖြစ်လို့လဲဆိုရင် မင်းအဖေက ကဗျာဆရာတစ်ယောက်ဖြစ်နေတယ် မဟုတ်လား။ ကဗျာဆရာ၊ စာရေးဆရာများဟာ စိတ်ကူးယဉ်တတ်ကြတယ်။ ကိုယ့်သားသမီးများကိုလည်း နာမည်လှလှလေး ပေးတတ်ကြတယ်။ ဒါပေမယ့် ယခုခေတ် တချို့မိန်းကလေးများ မှည့်ခေါ်ထားကြတဲ့ စကားလုံး လေးငါးလုံး တွဲပြီးမှည့်ခေါ်တဲ့ နာမည်မျိုးကိုတော့ ကဗျာဆရာများ၊ စာရေးဆရာများက သူတို့သားသမီးများကို မှည့်ခေါ်ကြမှာ မဟုတ်ဘူး။

အစဉ်အဆက်က စပြီး မကြားရဖူးတဲ့၊ မြန်မာမဆန်တဲ့ အနက်အဓိပ္ပါယ်လည်း ဆက်စပ်လို့မရတဲ့ ခေါ်ရင်လည်း လျှာခလုတ်တိုက်တဲ့ နာမည်အဆန်းများကိုတော့ ရိုးရိုးလူတွေ ရွှေဥာဏ်တော်ကွန့်မြူးပြီး မှည့်ခေါ်ထားကြတာ ဖြစ်လိမ့်မယ်။ ကိုယ့်သားသမီးအမည်နာမကို ခပ်ဆန်းဆန်းမှည့်တဲ့ စာရေးဆရာများ ထဲမှာ “မင်းကျော်”လည်းပါတယ်။မင်းကျော် သူ့သားနံမည်ကို “အံ့ဘွယ်ကျော်” လို့ပေးထားတယ်။ မင်းနာမည်က “အံ့ဘွယ်” နဲ့ မင်းကျော်၏သားနံမည်က “အံ့ဘွယ်” နှစ်ခုထဲက ဘယ်အံ့ဘွယ်က ရှေးကျသလဲ။ မင်းက မင်းကျော်သားထက် ငယ်မှာဖြစ်တဲ့အတွက် မင်းကနောက်ကျလိမ့်မယ် ထင်တယ်။ မိမိသားရဲ့ နံမည်ကို ခပ်ဆန်းဆန်းမှည့်တဲ့ စာရေးဆရာတစ်ယောက်ရှိသေးတယ် ။ စာရေးဆရာ နတ်နွယ် ကလည်း သူ့သားနံမည်ကို “ ပုန်ကန်နွယ် ” လို့ မှည့်ထားတယ်။ ဒါပေမယ့် တစ်ချို့စာရေးဆရာ ကဗျာဆရာများကတော့ သူတို့သားသမီးများ၏ အမည်ကို ရိုးရိုး၊ တုံးတုံး၊ တိတိကြီး မှည့်ခေါ်ထား ကြတယ်။ ဖိုးခွေး၊ဖိုးဝ၊မောင်ပိန်၊သာဒွန်းအောင် စတဲ့ တုံးတုံးတိတိရိုးရိုး နာမည်များ၊ မိမိတို့ သားသမီးများကို ခေါ်တဲ့ စာရေးဆရာ ကဗျာဆရာတစ်ချို့ရဲ့ နှုတ်ဖျားမှာ ရောက်နေတာကိုလည်း တွေ့ရတယ်။ 

မြန်မာစာပေ သမိုင်းမှာ ကဗျာ၊ ၀တ္ထု ၊ ကျမ်းစာအုပ်ပေါင်း ရာချီပြီး ရေးသားခဲ့တဲ့ စာပေပညာရှင်ကြီး တစ်ယောက်ဟာ နှစ်ယောက်တည်းသာ ရှိတဲ့ သူ့သားနဲ့ သမီးကို နာမည်မှည့်တဲ့နေ့မှာတော့ အလွန်တရာ စကားလုံး ဆင်းရဲနွမ်းပါးနေတာကို တွေ့ရတယ်။ အဲဒီစာပေ ပညာရှင် စာရေးဆရာကြီး ကတော့ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးဖြစ်တယ်။ ဆရာဦးမောင်ကြီးက သူ၏ တစ်ဦးတည်းသော သားကို တင်ဦးလို့ နာမည်မှည့်ပြီး သူ၏တစ်ဦးတည်းသော သမီးကိုလည်း သားနဲ့ နာမည်တူ မတင်ဦးလို့ နာမည် မှည့်ထားတယ်။

ဝေါဟာရ စကားလုံးအလွန်ကြွယ်ဝတဲ့ ကဗျာဆရာ၊စာရေးဆရာ၊စာပေပညာရှင်ကြီး၊ သူ၏ သားနဲ့သမီးကို “တင်ဦး” လို့ စကားတစ်လုံးတည်းမှည့်ထားခြင်းမှာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးမှာ တစ်မျိုးတစ်မည် ထူးခြားတဲ့ အတွေးအခေါ် မရှိဘဲနေမှာမဟုတ်ဘူး။ သားနဲ့ သမီးကို နာမည်မှည့်ခေါ်တဲ့နေရာမှာ ဘယ်လိုထူးခြားတဲ့ အတွေးအခေါ်ရှိတယ်ဆိုတာ ထုတ်ဖေါ်မပြောပြခဲ့တဲ့အတွက် မသိကြဘူး။ ဒါပေမယ့် လယ်တီပဏ္ဍိတ ဦးမောင်ကြီးနှင့် ရပ်တူရွာတူ ဒေသတူ မုံရွာသား စာရေးဆရာ “ ဘ၀င်း ” ကတော့ လယ်တီပဏ္ဍိတ ဦးမောင်ကြီးဟာ သူ့သားနဲ့သမီး နာမည်မှည့်တဲ့နေရာမှာ စကားလုံးအလွန်တရာ ဆင်းရဲနွမ်းပါးတယ်လို့ ပြောခဲ့ဖူးတယ်။ သူ့အတွေးအခေါ်ကလည်း တစ်မျိုးပဲ။ “ အံဘွယ်ဇင် ” ဆိုတဲ့ မင်းနာမည်ကို အကြောင်းပြုပြီး စာရေးဆရာ၊ ကဗျာဆရာတွေ နာမည်မှည့်ပုံကို တောင်တွေး၊ မြောက်တွေး လျှောက်တွေးကြည့်တာဖြစ်တယ်။

မင်းနာမည် လိပ်မူပြီး ယခုပေးတဲ့စာထဲမှာ ရေးလိုတဲ့အဓိက အကြောင်းကတော့ မင်းအဖေက ကဗျာဆရာ တစ်ဦးဖြစ်နေတဲ့အတွက် ကဗျာအကြောင်းပဲဖြစ်သင့်တယ်လို့ယူဆပြီး ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့ မင်းတို့လူငယ်တွေ နားလည်အောင်ပြောပြ ရမှာ ဖြစ်တယ်။

ကဗျာဟာ မြန်မာစာပေဗိမာန်ကြီး၏ အုတ်မြစ်၊ ဖောင်ဒေးရှင်းလို့ခေါ်ရင် ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစာပေလောက စတင်ပေါ်ပေါက်လာတာ ကဗျာအဖွဲ့အနွဲ့များက စတင်တယ်လို့ ဆိုရလိမ့်မယ်။ မြန်မာစာပေလောက၏ အရုဏ်ဦးခေတ်ဖြစ်တဲ့ အင်းဝခေတ်ကို ပြန်ပြောင်းကြည့်ပါ။ အင်းဝခေတ်မှာ မြန်မာစာပေရဲ့ အုတ်မြစ်သို့မဟုတ် ဖောင်ဒေးရှင်းလို့ ခေါ်ရမယ့် ပျို့ကဗျာအလင်္ကာတွေ ဘယ်လောက်ရေးဖွဲ့ခဲ့သလဲ။ အင်းဝခေတ်မှာ စတင်ခဲ့တဲ့ ပျို့ကဗျာလင်္ကာပေါ်မှာ အခြေခံပြီး နောက်ပိုင်းခေတ်မှာ ကဗျာနဲ့စကားပြေ ရောနှောထားတဲ့ မြန်မာစာပေ သစ်ပင်ကြီးဟာ ယခုထက်ထိ အညွန့်တလူလူနှင့် ရှိလာခဲ့တယ်။ ဒါပေမယ့် ခေတ်ရေစီးကြောင်းဆိုတာ တစ်ချိန်တည်း တစ်နေရာထဲမှာ ရပ်တည်မနေဘူး။ အမြဲမပြတ်စီးဆင်းနေတယ်။စာပေဆိုတာကလည်း ခေတ်၏ ရောင်ပြန် ဟပ်ခြင်းတစ်မျိုးဖြစ်တဲ့အတွက် ပုတ်သင်ညိုအရောင်ပြောင်းသလို၊ ခေတ်ပြောင်းသလို အရောင်လိုက်ပြောင်းနေတယ်။ စာပေနှင့်ပတ်သက်လို့ ရေးဟန်တို့ အယူအဆတို့ဆိုတာ တစ်ခေတ်နဲ့ တစ်ခေတ်မတူဘူး။ ခေတ်ပြောင်းသလို စာပေအယူအဆ ရေးဟန်များလည်း လိုက်ပြောင်းနေတယ်။ ပြောင်းနေတဲ့ ခေတ်ကိုလှမ်းဆွဲထားလို့မရသလိုပဲ တစ်ခေတ်က စာပေရေးဟန်မျိုး၊ စာပေအယူအဆမျိုးကို အသေကိုင်ထားလို့ မဖြစ်ဘူး။

ယခုမင်းကို လိပ်မူပြီးရေးတဲ့ ယခုစာဟာ ကဗျာအကြောင်းကိုအဓိက ထားပြီးရေးတဲ့စာဖြစ်တဲ့အတွက် ကဗျာနဲ့ ပတ်သတ်ပြီးတော့ပဲ ပြောရလိမ့်မယ်။ကဗျာရေးပုံ၊ ကဗျာတွေးပုံကလည်း ရှေးခေတ်ကနဲ့ မတူတော့ဘဲ ပြောင်းလဲလာတယ်။ ရှေးခေတ်က ကဗျာလင်္ကာဖွဲ့နွဲ့တဲ့ နေရာမှာ စကားလုံးကို ဦးစားပေးပြီး ဖွဲ့ဆိုကြတယ်။ ယခု ခေတ်သစ်မှာတော့ စကားလုံးကို ဒါလောက်အလေးအနက် မထားဘဲ အနက်အဓိပ္ပါယ်ကို ဦးစားပေးဖေါ်ပြလာကြတယ်။ ယခု ခေတ်သစ်ကဗျာ အဖွဲ့အနွဲ့တွေမှာ အဓိကထားတာ ကတော့ အတွေးအခေါ်ဖြစ်တယ်။ ကဗျာမှာ အတွေးအခေါ် ဆန်းသစ်ရမယ်။ သူတစ်ပါး မတွေးတဲ့ အတွေးအခေါ်မျိုးကို တွေးခေါ်ထားရမယ်။ အတွေးအခေါ်မပါပဲ အကြောင်းအရာ အဖြစ်အပျက်ကိုသာ ပုတီးစေ့တစ်စေ့စီ သီကုံးထားတဲ့ ပုလဲကုံးလို တန်းစီဖော်ပြထားတဲ့ ကဗျာမျိုးကို ယခု ခေတ်သစ်ကဗျာလောကမှာ အလေးအနက်မထားကြတော့ဘူး။ ဒါကြောင့် ကဗျာတစ်ပုဒ်၏ အတိမ်အနက်ကို သို့မဟုတ် အနိမ့်အမြင့်ကို ဆုံးဖြတ်တဲ့နေရာမှာ အတွေးအခေါ်ဘယ်လောက်ပါသလဲ၊ ပါတဲ့အတွေးအခေါ်ကလည်း ဘယ်လောက်ဆန်းသစ်သလဲ ၊ ဘယ်လောက်ပြည်သူ့ဘ၀နှင့် ဘယ်လောက် လူ့အဖွဲ့အစည်းနဲ့ ဟပ်မိသလဲဆိုတာတွေ ရှေ့တန်းရောက်လာလိမ့်မယ်။

မင်းအဖေက ကဗျာဆရာတစ်ယောက် ဖြစ်တဲ့အတွက် မင်းအဖေက မင်းကို စာတစ်စောင်ရေးပြီး အသိပညာတတ်နိုင်သမျှ ပေးပေးပါလို့ တစ်ဆင့်စကား မှာကြားလိုက်တဲ့အတွက် မင်းကို ကဗျာနဲ့ ပတ်သက်ပြီး ခပ်လွယ်လွယ် နားလည်အောင် ပြောပြလိုက်ရခြင်းဖြစ်ပါတယ်။

ပါရဂူ


Monday, November 22, 2010

လူငယ်များအတွက် စာပေလက်ဆောင်

သုခမိန်

လူငယ်များအတွက်
စာပေလက်ဆောင်

အဲဒီအချိန်က
ဆရာတို့အများဆုံးဖတ်ခဲ့ရတဲ့စာကတော့
ဆရာကြီးပီမိုးနင်းရဲ့ တက်ကျမ်းတွေပါဘဲ။
ဒါကြောင့် အဲဒီခေတ်ကလူငယ်တွေဟာ
ညီညွတ်ကြတယ်။ ရိုင်းပင်းကြတယ်။
မဟုတ်တာကို မလုပ်ကြဘူး။
လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး လေလွင့်မနေဘူး။
မူးယစ်သောက်စားခြင်းလဲ မရှိဘူး။
-   ဆရာမှာခဲ့မည် တပည့်ငယ်အများတို့...
-   ငါဆရာ့စကားကို နားစေ့စေ့ထောင်လေ....
-   မသေမျှကာလအတွင်းတွင် ဖျင်းတန်ပေါ့သွပ်သော လူကို မပေါင်းနှင့်...
-   လောင်းကစား သေစာမှုကို ဝေးစွာကြဉ်...
-   ဆရာသခင်၊ အရှင်နှစ်ပါး၊ မိဘများကို မုန်းထား မန်မျက်၍ စိတ်ထွက်အောင် မပြုနှင့်...
-   သူ့ကျေးဇူးကို အထူးသိလေ...
-   ဆွေလာမျိုးဝတ်လည်း ကျေလှစေ...
-   အဆွေမိတ်ကောင်းကို ရအောင်ရှာ...
-   ကာမဂုဏ်ကြောင့်လည်း မရူးနှင့်...
-   ဥစ္စာဂုဏ်ကြောင့်လည်း မမြူးနှင့်...
-   ကျေးဇူးမသိသည့် ခင်ပွန်းကို ပစ်ပယ်...
-   အလယ်အလတ်ကျအောင် ကြံ...
-   မာန်မာန နည်းသူကိုရှာ...
-   ကုသိုလ်၊ ဥစ္စာ၊ ပညာ သုံးခု ၊ တစ်နေ့မှုမှာ ၊ တစ်ခုခုကို ရအောင်ကြံ...
-   ကံကိုချည့်လည်း မယိုးနှင့်...
-   ဥာဏ်ကိုချည့်လည်း မကိုးနှင့်...
-   တစ်ထောင်တန် သူ့အကျိုးကြောင့် ကိုယ်အကျိုးကို မယုတ်စေရာ...
-   လိမ္မာတုကို ခိုး...
-   ကိုယ်ကျိုးကို ရှိအောင်ကြံ...
-   လောဘခက်ထန်လျှင် စားရသုံးရ၏...
-   ဒေါသခက်ထန်လျှင် ပစ္စုပ္ပန်သံသရာ၊ နှစ်ဖြာရှုံး၍ စုံးစုံးနစ်၏။

               ဒီစာကတော့ ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး လက်ထက်က ထင်ရှားကျော်ကြားခဲ့တဲ့ လုံးတော်ဆရာတော်ရဲ့ သြ၀ါဒကထာ၊ လူငယ်များအတွက်လမ်းညွှန် ဆုံးမစာဖြစ်ပါတယ်။ အဲဒီဆုံးမစာကို ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်က ၁၉၆၀ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ ဆုံးမစာပေါင်းချုပ်စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။ဤစာရေးသူ(ဆရာ)က စုပေါင်းတည်းဖြတ်ပေးခဲ့တာပါ။

ဆရာတော်ရဲ့ ဆုံးမစာဟာ အတော်ရှည်ပါတယ်။ အလှူ့ရှင်တစ်းဦးက ဓမ္မဒါနပုံနှိပ်ထုတ်ဝေငှပါရစေလို့ တောင်းဆိုတဲ့အတွက် ခွင်ပြုခဲ့ပါတယ်။ အဲဒီခေတ်က လူငယ်များကို လမ်းညွှန်ဆုံးမတဲ့စာလို့ ဆိုရပါမယ်။ သို့သော်လဲ ယနေ့ခေတ်လူငယ်များအတွက်လည်း မမှားနိုင်တဲ့ အဖိုးတန်တဲ့ စာတွေဖြစ်နေပါတယ်။

ရှေးခေတ်ကပေါ်ခဲ့တဲ့ ပုတ္တောဝါဒ၊ မာတောဝါဒ၊ အစရှိတဲ့ ဆုံးမစာတွေဟာလဲ လူငယ်တွေကိုဆုံးမတာပါဘဲ။ ဒါပေမယ့် ရိုးတယ်။ လုံးတော် ဆရာတော်ရဲ့စာနဲ့ မတူဘူး။ လုံးတော်ဆရာတော်ရဲ့ စာက ဆန်းသစ်တယ်၊ ခေတ်ဆန်တယ်။ ပြည့်စုံတယ်လို့ ဆိုရမယ်။ ဒီစာကိုမကြာမကြာဖတ်ပြီး လောကရဲ့ အမြင်နဲ့ ဆင်ခြင်နှလုံး သွင်းသင့်တယ်။

ဒီမှာစကားစပ်မိတဲ့ အတွက် ဆရာတို့ဖြတ်သန်းလာခဲ့ရတဲ့ ခေတ်အကြောင်းကို ပြောပြချင်ပါတယ်။ဆရာတို့ ကိုမွေးဖွားခဲ့တဲ့ ၁၂၈၅(၁၉၂၃) ခုနှစ်ဆိုတာ ၀ံဿာနုတွေချည်းဖြစ်ကုန်ကြတဲ့ ၀ံသာနုခေတ်ပါပဲ။ ၀ံသာနုဆိုတာ အမျိုး၊ဘာသာ ၊ သာသနာ၊ ပညာ၊ အရာရာမညှိုး၊ တိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ လမ်းစဉ်နဲ့ လှုပ်ရှားနေတဲ့ အဖွဲ့ကြီးပါ။ ၀ံသာနုများကို မျက်စိပွင့်အောင် ခေါင်းဆောင် ညွှန်ပြသူကတော့ ဆရာတော် ဦးဥတ္တမဖြစ်ပါတယ်။ ဦးဥတ္တမဟာ အိန္ဒိယသွား၊ ဂျပန်နိုင်ငံသွားပြီး နိုင်ငံခြားဗဟုသုတ ရှိသူဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဟောပြောချက်တွေကို စုပေါင်းပြီး စာအုပ်ထုတ်ခဲ့ပါတယ်။ ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရမှယူမယ်၊ ဒိုင်အာခီခေါ် ပူးတွဲအုပ်ချုပ်ရေးကို မလိုချင်ဘူးလို့ပြောပါတယ်။

ဝံသာနုအသင်းချုပ်ကြီးထဲက ၂၁ ဦးသော ပုဂ္ဂိုလ်တွေက ဒိုင်အာခီကို လက်ခံမယ်ဆိုပြီး ခွဲထွက်သွားကြ တော့ ၀ံသာနု နှစ်ခြမ်းကွဲခဲ့တယ်။ အဲဒီနောက် အစိတ်စိတ်ကွဲပြီး ၀ံသာနုအသင်းချုပ်ကြီးဟာ ယိုင်လဲခဲ့တယ်။ ဗြိတိသျှအစိုးရကတော့ ဒိုင်အာခီ အုပ်ချုပ်ရေးကို ပေးခဲ့တယ်။ ၂၁ ဦးခေါင်းဆောင် အမ်အေဦးမောင်ကြီးဟာ ပညာရေးဝန်ကြီး ဖြစ်လာခဲ့တယ်။

၁၉၂၀ ခုနှစ်က တက္ကသိုလ်ကို သပိတ်မှောက်ပြီး နေရှင်နယ်ကျောင်းအမည်နဲ့ ကိုယ်ထူကိုယ်ထ ထူထောင်ခဲ့ တဲ့ကျောင်းတွေရှိတယ်။ ဦးမောင်ကြီးက နေရှင်နယ်ပညာရေးကောင်စီကို ဖွဲ့ပြီး နေရှင်နယ်ကျောင်းတွေကို ကူညီထောက်ပံ့ကြေးပေးခဲ့တယ်။ အဲဒီတုန်းက ခွေးတံဆိပ်ဓါတ်ပြား ကုမ္ပဏီက အရှေ့ပိုင်းဆရာချစ်ရေးပြီး မကြည်အောင် သီဆိုထားတဲ့ “ကိုလေအိုး” သီချင်းတစ်ပုဒ် ရှိခဲ့တယ်။


- ကိုလေအိုးဆရာရယ်၊ သူ့ကြောင့်ကွယ်၊ မကြည်အောင်ကို လွမ်းလဲလွမ်းကြတယ်၊ တမ်းလဲတမ်းကြတယ်၊ ကိုဗိုကေ အုပ်ပေါင်းပေါင်းလို့ တုတ်တစ်ချောင်း နဲ့ လမ်းကိုလျှောက်တယ်၊ ဟိုက်စကူး ကျောင်းကျောင်းသား ရယ်၊ နေရှင်နယ်ကျောင်းသားရယ်၊ အေဘီစီဒီ မတတ်ပဲနဲ့ အရပ်ထဲကိုလည်၊ မောင်ရယ် ၊ ရှောင်ကွယ် ကြောက်တယ်၊ ကြောက်တယ်-

အဲသည်တော့ ခရစ်ယာန် သာသနာပြုအဖွဲ့တွေက တည်ထောင်တဲ့ ကောလိပ်ကျောင်း၊ အစိုးရက တည်ထောင်တဲ့ ဟိုက်စကူးကျောင်းနဲ့ ၀ံသာနုအသင်းများက တည်ထောင်တဲ့ နေရှင်နယ်ကျောင်းရယ်လို့ သုံးမျိုးရှိခဲ့တယ်။ ဒီမှာ အစိုးရက ထူးထောင်တဲ့ တိုင်းရင်းမြန်မာကျောင်းတွေ မပါသေးဘူး။ အားလုံး လေးမျိုး ရှိတာပေါ့။

ဆရာဟာ အဲသည်တုန်းက အင်မတန်ငယ်သေးလို့ ဒါတွေကို မသိပါဘူး။ လက်ဖက်ရည်ကြမ်းဝိုင်း ဆုံကြရင် လူကြီးတွေဟာ ၀ံသာနုစကားတွေပြောကြတယ်။ ဆရာ့အဖေ ဦးဘိုးသက်ဟာ တိုက်နယ်ဝံသာနု ဥက္ကဌ ဖြစ်လို့ အလှူရှိရင် သံဃာစင်ပေါ်မှာ ၀ံသာနုတရားဟောရတာ အမောပါပဲ။ ဆရာကတော့ နားစွန်နားဖျား ကြားရတာပါ။

အဲ- ၀ံသာနုအသင်းမှာ တရားဟောကောင်းလှတဲ့ ဆရာတော်ဦးညေယျတရားပွဲကိုတော့ အဖေနဲ့လိုက်သွား လို့ ကြားနာဖူးရပါတယ်။ သောင်မမြင် ကမ်းမမြင်တရားတဲ့-

-သမုဒ်ပင်လယ်၊ ရေပြင်ကျယ်၌၊ လှေငယ်နဲ့သွား၊ ပမာလားသို့၊ လှေသွားညီအစ်ကို ၊ များထိုထိုတို့၊ အလိုမကျ ၊ ကိုယ့်ဆန္ဒနှင့်၊ မမျှလေချက်၊ သို့အတွက်ကြောင့် ရန်စနက်ဆွယ်၊ မာန်မျက်ခြယ်၍၊ နင်ဟယ်ငါက၊ ဒေါမာန်ထလျက်၊ ရိုက်ကြထုထောင်း၊ သို့အကြောင်းကြောင့်၊ အပေါင်းလိပ်ငါး၊ ငမန်းများတို့၊ အနားသို့လျှင်း၊ စားဖို့ချဉ်းပေါ့၊ လေးပြင်းလည်းကျ၊ လှိုင်းလဲထလျက်၊ မြုပ်ရမည်ပင်၊ မိုးမှောင်ဆင်သည်၊ သြော်-သောင်မမြင် ကမ်းမမြင် ဖြစ်ရလေတော့သတည်း။

အဲဒီလင်္ကာလေးကိုတော့ လူကြီးတွေဆီကတစ်ဆင့် ရထားခဲ့တယ်။ ဆရာ့အသက် ၇ နှစ်၊ ၈ နှစ်လောက်မှာ တောင်သူလယ်သမား ခေါင်းဆောင်ကြီး ဆရာစံ သူပုန်ထလို့ တစ်နိုင်ငံလုံး ဆူပွက်ခဲ့တယ်၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ဆရာစံအတုတွေကလဲ ရောယောင်ပြီး ဓားပြတိုက်ကြတယ်။ ဆရာတို့ဇာတိ ရပ်သာရွာကလေးဟာ ဆင်မြီးဆွဲမြို့ရဲ့ အနောက်ဘက်တစ်မိုင် လောက်မှာရှိပါတယ်၊ သွပ်မိုးအိမ် သုံးလေး အိမ်ပဲရှိပါတယ်။ ဆရာတို့အိမ်စုကို လေးကြိမ်တိတိ ဓားပြတိုက်ခံရတယ်။ ဆရာတို့ မိသားစုဟာ ပြည်မြို့မှာရှိတဲ့ အဒေါ်ရဲ့ အိမ်မှာသွားနေရတယ်။

ဆရာ သတ္တမတန်းရောက်တော့ သဲကုန်းမြို့က အလယ်တန်းကျောင်းမှာနေရတယ်။ ၁၃၀၀ ပြည့်အရေး တော်ပုံနဲ့ တိုးခဲ့တာကြောင့် စတိသဘောနဲ့ တစ်နေ့သပိတ်မှောက်ရတယ်။ ကျောင်းသားကြီးတွေက ရှေ့က အော်တာကို ဆရာတို့က လိုက်အော်ရတယ်။

နံပါတ်တုတ်၊ နံပါတ်တုတ် 
အောင်ကျော်ရိုက်တဲ့ နံပါတ်တုတ်

ဆိုတာ မှတ်မိနေတယ်၊ အဲသည်တုန်းက ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့တယ်လေ။ ဆရာတို့နိုင်ငံဟာ မလွတ်လပ်တဲ့အတွက် ဗြိတိသျှကိုလိုနီ အစိုးရက ဖိနှိပ်သမျှခံနေရတယ်လို့ နားလည်ခဲ့ တယ်။ ဒေါက်တာဘမော် အစိုးရလဲ ပြုတ်ကျခဲ့တယ်။

၈ တန်း ၊ ၉ တန်း ၊ ၁၀ တန်းကျတော့ ပုတီးကုန်းမြို့ အရှေ့ဘက်ရှိ သိုက်တောရွာ ဘုန်းကြီးကျောင်းမှာ ဆက်နေရတယ်။ ဦးလေးသခင်ထွန်းအုပ်နဲ့ ဦးလေးသခင် ရွှေဘော်တို့က တာဝန်ယူပြီး ကျောင်းထားပေး တယ်။ ဒါကြောင့် အသက် ၁၆ နှစ်နဲ့ သခင်ဖြစ်ခဲ့တယ်။ ပုတီးကုန်းမြို့ဟာ သခင်တွေ အင်အားအများဆုံး မြို့ပါပဲ။ ပြည်ခရိုင် တို့ဗမာ အစည်းအရုံးနှစ်ပတ်လည် ညီလာခံကို ပုတီးကုန်းမြို့ ဘုရားကြီး ၀င်းထဲမှာ ပြုလုပ်ခဲ့တယ်။ ပုတီးကုန်းမှာ ထင်ရှားသူကတော့ သခင်ပု ဖြစ်တယ်။ သခင်ပုရဲ့ဇနီး ဒေါ်ရှင်ဟာ အလွန်သဘောကောင်းတယ်။ မကြာခဏဆိုသလို သူတို့အိမ်မှာ ထမင်းစားခဲ့ဖူးတယ်။


အဲဒီအချိန်ကစပြီး တို့ဗမာအစည်းအရုံးရဲ့ ကြေညာချက်စာတမ်းတွေ၊ ဒေါင်းအပတ်စဉ် စာစောင်တွေ၊ တက္ကသိုလ်ကထုတ်တဲ့ အိုးဝေစာစောင်တွေကို ဖတ်ရတယ်။ ဆရာတို့ရဲ့နှလုံးသားကို နှိုးဆွပေးလိုက်တာ ကတော့ ၀ိုင်အမ်ဘီသခင်တင်ရေးတဲ့ “တို့ဗမာ” သီချင်းပါပဲ။ ဇာတိမာန် မျိုးချစ်စိတ်ဓာတ် ထက်သန်အောင် လုပ်ပေးလိုက်တဲ့သီချင်းပါ။ ပြီးတော့....

၂။   သခင်သီချင်း၊ သခင်မ သီချင်း
၃။   တောင်သူလယ်သမား သီချင်း
၎။   မီးတုတ် သီချင်း
၅။   မိုးကိုဒူးနဲ့ တိုက်မယ် သီချင်း

တွေဟာ ရဲစိတ်ရဲမာန် ထက်သန်လာအောင် ၀ီရရသ မြောက်အောင်ရေးထားတဲ့ သီချင်းတွေပါ။ အသံမာပြီး တော့မာန်ပါတယ်။ တို့ဗမာ လူထုတရားပွဲတွေကျရင် “ တို့ဗမာ” သီချင်းနဲ့ စပြီးဖွင့်ရတယ်။ အခမ်းအနား ပြီးဆုံးရင် ....

၁။   ဓနရှင်သီချင်း
၂။   အာဏာရှင်သီချင်း

တစ်ခုခုနဲ့ နိဂုံးချုပ်ရတယ်။ သခင်တင်(ဒဂုန်သခင်တင်) ရေးတာဖြစ်ပါတယ်။ ဒီသီချင်းနှစ်ပုဒ်က တေးသွား တူတယ်။ သခင်အဖြစ်က ကျွန်ဖြစ်ရတာ နာလှတယ်လို့ ဆိုထားတဲ့သီချင်းပါ။ အသံပျော့ပြီး ဆိုရပါတယ်။ ဂရုဏာ ရသဖြစ်အောင် ရေးထားတာပါ။ ဒီသီချင်းနှစ်ပုဒ်ကို ဓါတ်ပြားသွင်းခွင့် မရခဲ့ဘူး။

တယော၊မယ်ဒိုလင်၊ဘင်ဂျိုတူရိယာ များကို ဆရာတို့ နည်းနည်းပါးပါး တီးတတ်ခေါက်တတ်စပြုတဲ့ အချိန်မှာ အဆိုတော်စိန်ပါတီ ဆိုထားတဲ့ ပါတော်မူသီချင်းဓါတ်ပြားထွက်လာတယ်။ရေးသူက ဂီတစာဆို ရွှေတိုင်ညွှန့် ဖြစ်ပါတယ်။



- ရတနာပုံနေပြည်၊ မင်းဆယ့်တစ်ဆက် အုပ်စိုးခဲ့သည်။ ရှေးတုန်းကတော့ အလွန်သာယာစည်၊ သီပေါရာဇာ နန်းစံခုနစ်နှစ်မှာ ဖြစ်ရတဲ့ အရေးကို တွေးမိပါတော့.....သည်။
-မြန်မာပြည် ဇတ်လမ်းရှုပ်သမျှ၊ ရွှေကညစ်နဲ့ရေးကာ စာကိုစီ၊ ရာဇဌာနီ မြနန်းအယုဇ္ဈမှာ၊ ဧကရာဇ်နဲ့ ဝေးတာကြာလေပြီ။ တစ်ထောင်နဲ့ နှစ်ရာလေးဆယ့် ခုနစ်ခုနှစ်မှာအတည်၊ တန်ဆောင်မုန်းလဆုတ် ရှစ်ရက်နေ့ကိုတော့ ၊ မမေ့နိုင်ပါပြီ၊ ယနေ့တိုင်ကြာရှည်၊ ရေမြေ့ရှင်ကို ယူငယ်သွားတော့၊ လူရှင်အများတို့ ကြေကွဲကြလို့၊ ရေနည်းငါးပုံညီ ၊ သြော်.....သီပေါရာဇာ ပါတော်မူရှာပြီ-
-ကိုယ့်ဘုရင် ကိုယ့်သခင်ကိုမျှော်မှန်းရည်။ ယနေ့တိုင် မမေ့နိုင်ပါတော့သည်။

ဘုရင်စနစ်ကို လွမ်းဆွတ်တမ်းတနေခြင်းမဟုတ် ။ မိမိတို့ အချုပ်အခြာအာဏာ ၊ မိမိတို့ လွတ်လပ်ရေး ဆုံးရှုံးသွားရခြင်းအတွက် ရင်နာရပုံကို ပြောထားခြင်းဖြစ်ပါတယ်။ သို့မှသာ ဆရာတို့လူငယ်တွေမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ၊ ကိုယ့်လွတ်လပ်ရေး ဆိုတဲ့ စိတ်ဓါတ်တွေ ရင့်ကျက်ခိုင်မာလာ မှာ ဖြစ်ပါတယ်။

အဲဒီနောက်(၁) နဂါးနီသီချင်း ၊ (၂)ဘိုးဘိုးအောင် သီချင်းကို ရုပ်ရှင်မင်းသားကြီး ခင်မောင်ရင်က သီဆိုထားတဲ့ ဓာတ်ပြားထွက်လာပါတယ်။ တို့ဗမာ အစည်းအရုံးရဲ့ တံဆိပ်အလံဖြစ်တဲ့ “သုံးရောင်ခြယ်” သီချင်းကို ပထမဒေါ်ကြည်အောင်နဲ့ ဓါတ်ပြားသွင်းပြီးထုတ်ဝေတာမှာ သိပ်မစွံတဲ့အတွက် စိန်ပါတီနဲ့ အသံသွင်းပြီး ထုတ်ဝေတော့မှ တစ်နိုင်ငံလုံး ပြန့်နှံ့အောင်မြင်ခဲပါတယ်။

အထက်ပါ သီချင်းတွေဟာ ရောင်းမလောက်အောင် ဖြစ်ခဲ့တဲ့ သီချင်းတွေပါ။ လူတွေဟာ ဘယ်လောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်နေကြသလဲ ဆိုတာကို ဒီသီချင်းတွေနဲ့ သက်သေပြလိုက်ခြင်းပါပဲ။ ရွှေတိုင်ညွန့်နဲ့ စိန်ပါတီတို့ဟာ သခင်အသင်းကို ၀င်ခဲ့ကြတယ်။အဲဒီအချိန်က ဆရာတို့ ဆရာတို့အများဆုံးဖတ်ခဲ့ရတဲ့ စာကတော့ ဆရာကြီးပီမိုးနင်းရဲ့ တက်ကျမ်းတွေပါပဲ။ ထိပ်ဆုံးသို့၊ လူတစ်လုံးသူတစ်လုံး၊ ဘ၀တိုက်ပွဲ စတဲ့ စာအုပ်တွေဟာ အတွေးအမြင်သဿနစာမျိုးဖြစ်ပါတယ်။ တိုးတက်တဲ့ အယူအဆရှိပါတယ်။ လူငယ်တွေရဲ့ စိတ်ဓာတ်ကိုပြုပြင်ပေးပါတယ်။ ဒါကြောင့် အဲဒီခေတ်က လူငယ်တွေဟာ ညီညွတ်ကြတယ်၊ရိုင်းပင်းကြတယ်၊ မဟုတ်တာကို မလုပ်ကြဘူး။ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး လေလွင့်မနေဘူး၊ မူးယစ်သောက်စားခြင်းလဲ မရှိဘူး။

တစ်ဖက်ကလဲ ကျောင်းစာကို တကုတ်ကုတ်ကျက်နေရ၊ တွက်နေရတာကလဲ ရှိသေးတယ်။ ဒီလိုနဲ့ပဲ ဆရာတိုက ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းအောင်ခဲ့ကြတယ်။ အနောက်ဥရောပ တိုက်မှာတော့ အကြီးအကျယ် ဆူပူနေကြပြီ။ ဟစ်တလာ လက်စွမ်းပြနေပြီ။ အရှေ့အာရှတိုက်မှာတော့ ၁၉၄၁ ခု၊ ဒီဇင်ဘာလမှာ ဒုတိယ ကမ္ဘာစစ်ကြီးစပြီးဖြစ်ခဲ့တယ်။ ၁၉၄၂ ခု ဇန်န၀ါရီလဆန်းမှာ နိပွန်စစ်တပ်တွေဟာ ရဲဘော်သုံးကျိပ်တို့နဲ့ အတူ မြန်မာနိုင်ငံထဲကို ၀င်လာကြပါတယ်။ ရန်ကုန်နေပြည်တော် အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့တော့ ဦးလေးသခင် ထွန်းအုပ်က အုပ်ချုပ်ရေးခေါင်းဆောင်၊ သခင်အောင်ဆန်းက စစ်ခေါင်းဆောင်ဖြစ်ပါတယ်။

ဒီအချိန်မှာ နိပွန်စစ်တပ်မှ ပညာရေးဌာနက ပုဂ္ဂိုလ်အချို့နဲ့ မြန်မာလူငယ်တို့ တွေ့ဆုံဆွေးနွေးကြပြီး အရှေ့အာရှတိုက် သာတူညီမျှကောင်းစားရေးဝါဒအတွက်“အာရှလူငယ်” အစည်းအရုံးကို ၁၉၄၂ ခု၊ ဇွန် ၂၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့ကြပါတယ်။ ဥက္ကဌ ကတော့ဦးဘဂျမ်း ဖြစ်ပါတယ်။ ပထမကတော့ ဓမ္မစေတီလမ်း၊ စက်မှုလက်မှုကျောင်း နေရာမှာစခဲ့ပါတယ်။နောက်တော့ အမှတ်-၈၊ ကိုယ့်မင်းကိုယ်ချင်းလမ်းကို ပြောင်းရွှေ့ ခဲ့ပါတယ်။

အဲဒီတုန်းက ရာဇ၀င်ဂုဏ်ထူးနဲ့ ၀ိဇ္ဇာဘွဲ့ရတဲ့ ဆရာဘရှင်(နောင်-သမိုင်းကော်မရှင်ကျမ်းပြု အရာရှိ)က အာရှလူငယ်များကို သင်တန်းပေးပါတယ်။ကမ္ဘာ့ရာဇ၀င်၊ မြန်မာ့ရာဇ၀င်၊ အုပ်ချုပ်ပုံစနစ်အမျိုးမျိုး၊ ခေါင်းဆောင်ဟူသည် အဘယ်နည်း စသဖြင့် အစုံပါပဲ။ အာရှလူငယ် နှစ်ပတ်လည်နေ့မှာ ဆရာဘရှင်ရဲ့ ဟောပြောချက်များကို စုပေါင်းပြီး စာကူးစက်နဲ့ကူးကာ စာအုပ်ထုတ်ပါတယ်။ တန်ဖိုး ၅ ဒေါ်လာ ပေးရပါတယ်။ ဆရာ့ဆီမှာ ခုထိရှိပါသေးတယ်။ အာရှလူငယ်ဟာ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပါတယ်။ နယ်အဖွဲ့ခွဲတွေဖွဲ့ပြီး ညီညီညွတ်ညွတ်ရှိကြပါတယ်။ ၁၉၄၂ ခု၊  သြဂုတ်လ(၁) ရက်နေ့မှာ ဒေါက်တာဘမော်ခေါင်းဆောင်တဲ့အစိုးရကို ဖွဲ့ပါတယ်။ ၁၉၄၃ ခု၊ သြဂုတ်လ(၁) ရက်နေ့မှာ နိပွန်အစိုးရကပေးတဲ့ လွတ်လပ်ရေးကိုရခဲ့ပါတယ်။ ကန်တော်ကြီးမှာ ကုန်းပွဲရေပွဲတွေ ပြုလုပ်ပြီး အောင်ပွဲခံ ခဲ့ပါတယ်။
-လွတ်လပ်ပြီ၊ လွတ်လပ်ပြီ
ဒို့ပြည်လွတ်လပ်ပြီ
အောင်သပြေကို ဆွတ်ကာအတည်
ငါတို့ကိုင်ဆောင်မည်-
ဘာပဲဖြစ်ဖြစ် ဆရာတို့လူငယ်တွေ ပျော်ခဲပါတယ်။ စစ်အတွင်း လွတ်လပ်ရေးဆိုတာ ဟန်ပြလွတ်လပ်ရေး ပဲပေါ့။အရာရာမှာ စစ်အောင်နိုင်ရေးကိုသာ အဓိကထားနေရတဲ့ နိပွန်တွေရဲ့ ဘ၀ဟာလဲ မသေချာ မရေရာ ပါဘူး။ ဆရာ့ကို ခင်မင်တဲ့ ဆရာကြီး တစ်ဦးကပြောတယ်-

“ဒီမှာ - ကိုရင်ရဲ့၊ နိပွန်တွေဟာ အိန္ဒိယနိုင်ငံကြီးကို တက်ပြီးသိမ်းနိုင်ရင် ဒီစစ်ပွဲမှာသူတို့နိုင်မယ်။ အိန္ဒိယပြည် ကြီးကိုမသိမ်းနိုင်ရင် ဒီစစ်ပွဲမှာ နိပွန်တွေရှုံးမယ်၊ ၀မ်းထဲမှာထားနော်”

တဲ့။ ဟုတ်ပါတယ်။ ၁၉၄၅ ခုနှစ်ဆန်းမှာပဲ ဗြိတိသျှလေတပ်၊ ကြည်းတပ်တွေဟာ မြန်မာပြည်ထဲကို ထိုးဖောက်ဝင်ရောက် လာကြပါတယ်။ မတ်လ ၂၇ ရက်နေ့မှာပဲ မြန်မာ့တပ်မတော်ဟာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွဲခဲ့ပါတယ်။ ဒီမှသိထားဖို့က ဖက်ဆစ်ကိုသာတော်လှန်တာဖြစ်တယ် ။ နိပွန် (ဂျပန်)ကို တော်လှန်တာမဟုတ်ဘူးဆိုတာပါပဲ။ အဲဒီတုန်းက အာရှလူငယ်တွေဟာ ဖက်ဆစ်တော်လှန်ရေး မှာ ပါဝင်ကူညီခဲ့ကြပါတယ်။ နယ်တွေကို စည်းရုံးရေးဆင်းပြီး ပြည်သူတွေနဲ့အတူ တပ်မတော်ကို ကူညီခဲ့ကြတယ်။

အာရှလူငယ်စည်းရုံးရေးလုပ်ခဲ့စဉ်က အာရှလူငယ်သီချင်းများကို သဟာယဆရာတင်၊ရွှေတိုင်ညွှန့်၊ဒဂုန် ဆရာထင်၊ ရန်နိုင်စိန် တို့က ရေးသားပေးခဲ့ကြပါတယ်။ အဲဒီထဲမှာ အနှစ်သာရအရှိဆုံးကတော့ ဂီတစာဆို ရန်နိုင်စိန်ရဲ့ သီချင်းပါပဲ။ ကြာရင်ပျောက်ကွယ်သွားမှာစိုးလို့ အစအဆုံးဖော်ပြလိုက်ပါတယ်။

အာရှလူငယ်အမှတ်(၆)

-နောက်ကိုပြန်မတွေးချင်၊ ရာဇ၀င်သာအသစ်ပြင်ရေးတော့မယ်၊လွန်ခဲ့တာတွေ....တို့ပြည်တ၀ှမ်းမှာ....။
၁။   သာတူညီမျှတဲ့စနစ်ကြီးကိုသာ တီထွင်ကာရယ်၊ 
မြန်မာတိုင်းဝယ်၊၀တ္တရားကိုလဲ ထင်ရှားသိအောင်၊
အာရှလူငယ်အစည်းအရုံးထောင်လို့၊ ရင်ဘောင်ချီကာ ရှေ့ဆောင်ပြုမယ်၊
မြန်မာတစ်ပြည်လုံးကို တို့ကာကွယ်မယ်၊ မြို့ရွာနယ်ပယ်(အကုန်)မကျန်မကြွင်းရအောင်၊
ဒုက္ခပေါင်းကင်းစေကြောင်းနဲ့ရယ်၊ သြော်......
ဗုံးတွေမီးတွေသည်အကြားက၊ ဇမ္ဗူနယ်တစ်လွှားမှာ၊
တူဘွယ်ရှားတဲ့၊ လူငယ်များက စွန့်စားခဲ့ပါတယ်-
- နောက် အနာဂတ်ခေတ်ထဲဝယ်၊ခေါင်းဆောင်အစစ်တွေဖြစ်မယ်၊
အများတွက်ကိုသာရည်ရွယ်၊ ဒို့တစ်ကိုယ်ကောင်းစိတ်ထားငယ်၊ 
ကိုယ့်တာဝန်ကို ကိုယ်ပဲထမ်းကာ လမ်းမှန်အောင် ကြံရွယ်၊ 
အာရှလူငယ် မောင်နဲ့မယ်(သိတ္တိခဲ)၃- တွေ ဇွဲကောင်းပါပေတယ်။
၂။   မြန်မာပြည်တစ်ဝှမ်းမှာ၊ လူတန်းစေ့ပါလို့၊ 
တစ်မျိုးလုံးပဲ ကျပ်ပြည့်အမြင်ကျယ်ဘွယ်၊စေတနာ့ဝန်ထမ်းကာ ကြိုးပမ်းပါလို့၊
အများအတွက်ဖြင့် အားတက်ဖွယ်ကူမယ်၊
မောင်မယ်များတွေ စိတ်ထားချင်းညီလို့အရေးကြီးရင် သွေးစည်းကာကွယ်မယ်၊
လူငယ်သဘောဟာ အပြောနဲ့သာမဟုတ်၊အလုပ်ကဖြင့် သက်သေခံပါတယ်။
ရှေ့ကိုတိုးရင် မြန်မာတွေ ဂုဏ်တက်တော့မယ်၊ မလျှော့တဲ့ဇွဲဟာ ဒို့အသဲမှာအမြဲစွဲတယ်၊
ဝိုင်းကြစို့အမောင်လူငယ်၊ တိုင်းပြည်အမျိုးသားအတွက်ဖြင့်
သေချင်သေပစေကွယ်၊ ငုတ်မိသဲတိုင်တရား လက်ကိုင်ထားပါလို့၊
တရားသောစရိုက်နဲ့ ဒို့အာရှတိုက်လူငယ်၊ 
အရေးကြုံရင် သက်လုံကောင်းပါစေ၊ ပေါင်းအဆွေ၊
အာရှတိုက်သား တို့များညီစေဘွယ်-
-နောက်အနာဂတ်.... ဇွဲကောင်းပါပေတယ်။   ။ 

(မြန်မာ ၆ ပေါက်မူတည်သံဖြင့် တီးရသည်)

ဖက်ဆစ်တော်လှန်ရေးတုန်းက ဆရာ့အသက် ၂၂ နှစ်ရှိပါပြီ။ တို့တိုင်းပြည်၊ တို့လူမျိုး၊ တို့လွတ်လပ်ရေး ဆိုတဲ့စိတ်တွေ လူငယ်တိုင်းရဲ့ စိတ်ထဲမှာ စွဲမြဲနေခဲ့ပါတယ်။ ဆရာရဲ့ လူငယ်ဘ၀ကို ဒီမှာတွင်ဘဲ ရပ်လိုက်ပါတယ်။ ဒီ ခေတ်လူငယ်တွေ အမှန်တရားကို ရှာဖွေတွေ့ရှိကြပါစေ။

သုခမိန်

Wednesday, November 3, 2010

လူငယ်များသို့ (စာရိတ္တ တန်ဖိုး)

လူငယ်တို့သည် လိမ္မာရေးခြားဖြစ်စေရန်
ပူဇော်ထိုက်သူကို ပူဇော်ရမည်ဟူ၏
မပူဇော်ထိုက်သူအား
မပူဇော်ရုံမျှမက ရှောင်ကြဉ်ရပေမည်။
စိတ်ကောင်း စေတနာကောင်းထားရှိခြင်းသည်
လူ၏ ရည်မွန်မှုကိုပြည့်စေ၍ ကောင်းမှုဟူသည်
ပညာဟူသော အသိပညာတို့ကို
တတ်သိစေရန်ပင်ဖြစ်၏။

တက်တိုး၏
စာရိတ္တ၏ တန်ဖိုး

               အမျိုးသားလူငယ်များကို ဆုံးမစကား စာဖြင့်ပြောကြား စေလိုကြောင်း ဆိုလာသဖြင့် ထိုတောင်းဆို မှုသည် ကောင်းသော လုပ်ရပ်ဖြစ်သည်။ ဆုံးမစကားကို နာယူခြင်းသည် မင်္ဂလာဖြစ်၏။ မင်္ဂလာသည် ကောင်းကျိုးပြုခြင်းဖြစ်သည်။ လူသားတို့မှာ အကုသိုလ်ကင်း၍ ကုသိုလ်ပြည့်စုံသည် ဆိုလျှင် မင်္ဂလာနှင့်ပြည်စုံခြင်း ဖြစ်၏။

                 မင်္ဂလာသည် ကောင်းသော အခြင်းအရာ ဖြစ်ပေသည်။ ကောင်းကျိုးပေးခြင်း ကောင်းကျိုး ရယူခြင်းသည် မင်္ဂလာဖြစ်ပေသည်။ ဘ၀အဆက်ဆက် လူသားတို့သည် အကုသိုလ် မကောင်းမှုကို မကောင်းမှုများဖြစ်ကြောင်း ၊ အကုသိုလ်ကင်းသော ကောင်းမှုမှန်သမျှသည် ဘ၀၌ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံခြင်းပင် ဖြစ်သဖြင့် မိမိတို့ဘ၀၌ မင်္ဂလာရှိသည် ဟု ဆိုရပေသည်။

                 ရှေးရှေးကာလမှာ လူသားတို့သည် ကောင်းသောစိတ် စေတနာဖြင့် ကောင်းသောကုသိုလ် ကောင်းမှုတို့ မည်သို့ပြုရမည်နည်း။ အကုသိုလ် ဟူသော မကောင်းမှု ဒုစရိုက်များကိုပယ်၍ ကောင်းသော အမှုကို မည်သို့ဆောင်ရွက်ရမည်နည်း ဟူသော ပြဿနာကို လူ့လောကတွင်ရှိသော အသီးသီး ပညာရှင် တို့သည် ကြံဆဖော်ပြ၏။ သို့သော် သူတို့၏ အဆိုအပြောတို့မှာ ပြီးပြည့်စုံသည်ဟု မဆိုသာ ဖြစ်နေချေ သည်။ ယင်းတို့ဖြင့် လူ့သိက္ခာအကြောင်းနှင့် ပတ်သက်၍ ကျေနယ်ဖွယ် ဖော်ပြမှု မပြုနိုင်သည်မှာ သာမန် နတ်သား(အညတရ ဒေ၀)အဖြစ် ဗုဒ္ဓမြတ်စွာ ရှေ့တော်မှောက်သို့ ချဉ်းကပ် ရိုကျိုး၍ လူတို့စောင့်အပ် သော လူ့သိက္ခာကို မေးမြန်းစုံစမ်းလေသည်။ မြတ်စွာဘုရားက လူ့ကျင့်ဝတ်ကို မင်္ဂလသုတ် တရားတော် မှာ ဖော်ပြတော် မူသည်။ ယင်းသည် မြန်မာဗုဒ္ဓဘာသာ လူငယ်များအဖို့ ရှေးတုန်းကတော့ လူငယ်တွေ ဘုန်းကြီးကျောင်းသား အဖြစ်နဲ့ အနည်းဆုံးတစ်နှစ်တော့ နေကြပြီး မင်္ဂလာသုတ်ကို သင်ယူကြရတာ အစဉ်အလာပါပဲ။ အခုခေတ်တော့ လူငယ်တို့ဟာ ဘုန်းကြီးကျောင်းသား မဖြစ်ဖူးကြဘူး။ လောကီစာကို အခြေခံပညာသင် ကျောင်းတွေမှာ သင်ကြတယ်။ ဘုန်းကြီးကျောင်းမှာ မနေကြရဘူး ဆိုဦးတော့ သုံးဆယ့် ရှစ်ဖြာ မင်္ဂလာကို ဖတ်ရွတ်လေ့လာဖို့ သင့်ပါသည်။ မင်္ဂတရားတော်သည် လောကုတ္တရာချည်း မဟုတ်ပဲ လောကီလူမှုရေးတို့မှာလည်း လူငယ်တို့ဟာ စတင်လေ့လာသင့်ပါတယ်။  လောကီရေးရာရော လောကုတ္တရာ ရေးရာမှာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော်ကို ကျကျနန လေ့လာဆောင်ရွက် စေချင်ပါ တယ်။လောကီရေးရာမှာ ပြုကျင့်ရမယ့် လူ့ကျင့်ဝတ်နှင့် ပတ်သက်သဖြင့် ကိုးကွယ်သည့် ဘာသာတရား များ အတွက်လည်းဖြစ်သည်ဟု ယူဆခံယူနိုင်ပေသည်။ လူတိုင်းကျင့်အပ်သည့် လူမှုရေးရာဘက်တွင် အသုံးဝင်ပါသည်။ 

                ဆိုလိုသည်မှာ လောကီ၊လောကုတ္တရာ နှစ်ဖြာသော ကျင့်ဝတ်တို့အဖြစ် ကျင့်သုံးနိုင်သော အရာများဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် လူငယ်လူရွယ်တို့ လူမှုရေးကျင့်ဝတ်များ အဖြစ် လိုက်နာကျင့်သုံး လျှင် ကိုယ်ကျင့်တရား ကောင်းမွန်၍ ကိုယ်ကျိုးလည်း ဖြစ်ထွန်းစေသည်။ သူတစ်ပါး လူအများအတွက် လည်း မိမိက ကောင်းကျိုးပြုနိုင်သည်။ လူ့သိက္ခာ လူကျင့်ဝတ်တို့ဖြစ်သဖြင့် လောကီ လောကုတ္တရာ အကျိုးနှစ်ဖြာ ပြည့်စုံနိုင်ပေသည်။ 

                 မြတ်စွာဘုရားသည် “အသေ၀နာစ ဗာလာနံ ၊ ပဏ္ဍိတာနဉ္စသေ၀နာ” ဟု စတင်ဟော တော်မူသည်။ “လူမိုက်ကိုရှောင် ၊ လူလိမ္မာပညာရှိကို ဆည်းကပ်” ဟု ဟောလေရာ လူမှုရေး၌ အရေးပါ ဆုံးသည် အပေါင်းအသင်းဖြစ်ကြောင်း အပေါင်းအသင်းမှားလျှင် ကိုယ်ကျိုးပျက်စီးစေမည့် အဓိပ္ပါယ်သည် ထင်ရှား၏။ လူငယ်တို့သည် လိမ္မာရေးခြား ဖြစ်စေရန် ပူဇော်ထိုက်သူကို ပူဇော်ရမည်ဟူ၏။ မပူဇော်ထိုက် သူအား မပူဇော်ရုံမျှမက ရှောင်းကြဉ် ရပေမည်။ စိတ်ကောင်းစေတနာကောင်း ထားရှိခြင်းသည် လူ၏ ရည်မွန်မှုကို ပြည့်စုံစေ၍ ကောင်းမှုသည် ပညာဟူသော အသိပညာ အတတ်ပညာတို့ကို တတ်သိစေရန် ပင်ဖြစ်၏။ အရေးကြီးသော အချက် တစ်ခုမှာ အမိအဘကို လုပ်ကျွေးသမှု ပြုခြင်းဖြစ်၏။ မိဘကို ရိုသေစွာ ကျေးဇူးဆပ်သည့် အနေဖြင့် မိမိကိုမွေးဖွားသော မိဘတို့သည် အချိန်တန်သောအခါ အိုမင်းမစွမ်း ဖြစ်လာ တော့သည်။ ထိုအခါ အခြေအနေတိုးတက်လာသော သားသမီးတို့က မိဘများကို မွေးကျေးဇူး ဆပ်ကြရမည်။ အပြစ်ကင်းသော အသက်မွေးမှု အလုပ်အကိုင်တို့ကို လုပ်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုကြ ရပြီး ကျေးဇူးဆပ်စဉ်မှာပင် ဆွေမျိုးသားချင်းတို့ကို ကူညီစောင့်ရှောက် ရပေမည်။

               သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော်သည် လူမှုရေးနှင့်ပတ်သက်၍ လူသားတို့ ဆောင်ရွက် အပ်သော ၀တ္တရားများကိုဖော်ပြသည်။ လူငယ် လူရွယ်တို့သည် မင်္ဂလာ တရားတော်အတိုင်း လုပ်ကိုင် ဆောင်ရွက်လျှင် လူတော်လူကောင်း ဖြစ်မည်။ လူ့တာဝန် လူ့ဝတ္တရားများကို ဆောင်ရွက်ခြင်းဖြင့် လူ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဟူ၍ လူမှုရေးနှင့် ပတ်သက်သည့် တရားလည်းဖြစ်သည် ။ လူမျိုးမရွေး ဘာသာမရွေး အားလုံးသော လူသားတို့က ကျင့်သုံးကြလျှင် လူ့လောက၌ အဆိုးအမိုက်များ ကင်းနိုင်သလောက် ကင်းပေလိမ့်မည်။ 

                သို့သော် ယခုခေတ်သည် သိပ္ပံနှင့် နည်းပညာတို့၏ ကျေးဇူးကြောင့် လူသားတို့အား ထူးထူးခြားခြား ထောက်ပံလျက်ရှိသည်။ သို့သော် ထိုပစ္စည်းများ အရည်အသွေးတိုးတက်၍ စွမ်းရည် ထက်စေကာမူ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော် ပါ အချက်အလက်တို့ကို ဂရုမထားပဲ မာန်မာန တက်ကာ အကျင့်စရိုက်ဆိုးများကိုသာ ပြုလုပ် အားထုတ်လျက်ရှိသည့် လူငယ်ပိုင်းသည် အများအမြင် အားဖြင့် တိုးတက်လျက်ရှိ၏။ တစ်ဖက်မှာ တိုးတက်လျှင် အခြားဘက်မှာ ဆုတ်ယုတ်တတ်သည်။ နှစ်ဖက်လုံး ညီတူညီမျှ တိုးတက်လျှင် လူ့လောကသည် အေးချမ်းသာယာ၍ လူတို့သည် လူ့ဘ၀တွင် နေရေး ထိုင်ရေး ၀မ်းစာရှာရေးတို့သည် အဆင်ပြေ၍ မင်္ဂလာရှိပေမည်။ သို့သော် ထိုသို့မဟုတ်ပဲ တိုးတက် ခိုက်မှာပင် အမိုက်ပိုနေကြသဖြင့် များစွာသော လူသားတို့သည် မတော်မတရား လုပ်ရပ်များ ကြောင့် ရန်သတ္တရုပွား၍ ကမ္ဘာအရပ်ရပ်တွင် ဒေါသ လောဘ မီးများ ပွားပြန့်လျက်ရှိသည်။ 

               ကျွန်တော့် အမြင်မှာ တတိယထောင်စုနှစ် အစ ၂၁ ရာစုနှစ်ကာလတွင် တစ်ကမ္ဘာလုံး လူဦးရေ တိုးတက်သည်နှင့် အမျှ စာရိတ္တပျက်ပြားမှုသည် အကြမ်းဖျင်းအားဖြင့် ပွားများသထက် ပွားများ လာသည်။ ကျယ်ပြန့်ပွားများ လာသည့် အလျောက် တိုင်းပြည်များ၊ လူမျိုးများသည် ထိန်းမနိုင် သိမ်းမရ ဖြစ်နေချေပြီ။ အထူသဖြင့် လူငယ်လူရွယ်တို့သည် စည်းမဲ့ကမ်းမဲ့ သောင်းကျန်းနေကြသည်။ ယင်းသို့သော သောင်းကျန်းမှုကို သူတို့က ခေတ်မှီလှပြီ ထင်နေကြသည်။ ရှေးခေတ်မှာ ထွန်းကားခဲ့ သော စရဏတရားကို အမှတ်မထင် ပြုရုံသာမက ခေတ်မမီတော့ဟု သဘောထားကာ အဆိုအမိန့်များ ဆုံးမချက်များကို ပစ်လိုက်ကြသည်။ ရှေးဟောင်းစာပေးများ ကိုလည်း ခေတ်လွန်သော အဟောင်းအမျင်း များဟု သဘောထားကြသည်။ ယင်းအင်အားစုသည် လူငယ်လူရွယ်တို့ကြားတွင် အတော်များလာသည် ကို တွေ့ရသည်။

               စရဏတရားကို သရုပ်သဏ္ဌာန်ပေါ်သော ၀တ္ထု ကဗျာ ဆောင်းပါးများကို ပြက်ရယ်ပြုကြ သည်ကို တွေ့ရပါသည်။ အချို့လူငယ်တို့က စရဏတရားကို ပြောင်ပြောင်ပစ်ပယ် ကြသည်ကိုလည်း တွေ့ရသည်။ ခေတ်သစ်၌ ပေါ်ထွန်းသော လောကီအာရုံ ကာမဂုဏ်တို့ကို အမွှန်းတင်သော စာပေများကို စိတ်ဝင်စားစွာ ဖတ်ရှု၍ ကျေနပ်နေကြသည်။ 

               လူငယ်လူရွယ်တို့သည် ပတ်ဝန်းကျင် အခြေအနေများ၏ ပယောဂကြောင့် ကိုယ့်ကျင့်တရား ပျက်ပြားခြင်းကိုပင် ခေတ်မီသည်ဟု ထင်နေကြသည်။ လူ့ဘ၀ စည်းစိမ်များကို စွဲမက်နေကြသည်။ ယင်းသို့ ကာမဂုဏ်များကို နှစ်သက်ကာနေ၍ ပြုလုပ်နေခြင်းကို ခေတ်မီသည် ၊ ခေတ်သစ်တွင် ခေတ်နှင့် အတူလိုက်မှ တိုးတက်သည်။ မိဘရိုးရာ ဘာသာတရားတို့ကို အထင်သေးသလို ဖြစ်လာကာ ဘာသာရေး ၌ စိတ်ဝင်စားမှု လျော့နည်း၍ လောကီးရေးတိုးတက်မှုများကို ကိုးကွယ်ကြချေသည်။ သူတို့ကို စေတနာဖြင့် သတိပေးမှုကိုပင် ပြက်ရယ်ပြုကြချေသည်။
               ယခုဖော်ပြချက်များသည် တစ်ကမ္ဘာလုံးရှိ လူငယ်၊ လူရွယ်တို့သာမက လူကြီးများစွာ တို့ကလည်း ပေါ်ပင်တွေ ကို လိုက်စားကြချေသည်။ ပွင့်လင်းစွာ ဆိုရပါမူ မြန်မာဗုဒ္ဓဘာသာဝင် လူငယ်များ၌ စာရိတ္တပျက်ပြားမှုသည် အခြားဒေသများထက် လျော့နည်း၍ ၀မ်းသာကျေနပ်မိပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့လို ကြီးရင့်သော ပုဂ္ဂိုလ်များက သတိပေးစကား ထပ်ခါထပ်ခါ ပြောနေကြရ ပါသည်။

               လူငယ်တွေ ယင်းသို့ ငယ်ရွယ်ချိန်မှာ စရဏတရားကို စတင်လေ့လာသင့်သည်။ ကျွန်တော် အကြံပေးလိုက်သည်မှာ မင်္ဂလသုတ် သင်တန်းများဖွင့်၍ လူငယ်များ ကျောင်းအားချိန် စနေ တနင်္ဂနွေ နေ့တို့တွင် တက်၍ သင်ယူကြစေလိုပါသည်။ ရှေးခေတ်၌မူ ကျောင်းသားအရွယ်အစလောက်တွင် ဘုန်းကြီး ကျောင်းတွင်သွား၍ မြန်မာစာ ဖတ်တတ်အောင် သင်ပြီးလျှင် မင်္ဂလသုတ် အရကျက်ကြရသည်။ ယခု အခါ၌မူ ထိုအခြေအနေမျိုး မရှိသလောက် ဖြစ်နေချေပြီ။ စာသင်စ ကလေးများကို အခြေခံပညာ ကျောင်းတွင် စာသင်ကြရသည်။ ထို့ကြောင့် မင်္ဂလသုတ်တတ်ဖို့ အခွင့်မသာချေ။ ထို့ကြောင့် စနေ ၊ တနင်္ဂနွေ နေ့များတွင် မင်္ဂလသုတ် သင်တန်းများ ဖွင့်ပေးစေလိုပါသည်။ မင်္ဂလသုတ်ကို သင်ကြားရာ၌ ပါဠိပုဒ်များကို မြန်မာဘာသာ ပြန်ရုံမျှဖြင့် ကိစ္စမပြီးသင့်ပါ။ အပုဒ်တိုင်းကို အကျယ်ချဲ့၍ သင်ပေးခြင်းဖြင့် လူငယ်တို့အား စရဏတရားကို ကျေညက်အောင် သင်ပေးစေလိုပါသည်။

               ကျောင်းသားတို့သည် ယင်းသို့ ကျောင်းနေစအရွယ်မှ မင်္ဂလာတရားတော်နှင့် ငါးပါးသီလ တို့ကို ကောင်းစွာနားလည် သဘောပေါက်သည်အထိ သင်ပေးစေလိုပါသည် ။ ကျောင်းသား ကလေးများ ချည်းမဟုတ်ပါ ။ ကျောင်းသားကြီးများလည်း သင်ယူဖို့လိုပါသည်။ ကျွန်တော့်အယူအဆမှာ ကလေး အရွယ်မှ အထက်တန်းကျောင်းသားတို့အထိ မင်္ဂလသုတ်နှင့် ငါးပါးသီလကို ကောင်းစွာ သိနားလည်ကြ စေချင်ပါသည်။ လူငယ်လူရွယ်တို့သည် “စရဏ” အကျင့် ရစေရန် လိုအပ်ပေသည်။ ယခုကျဆင်း နေသော စရဏ အကျင့် (စာရိတ္တ) အစွမ်းထက်စေမှသာ နောင်ကာလတွင် လူတော်လူကောင်း အစစ်များ ဖြစ်ပြီးလျှင် အကျင့်စာရိတ္တ မြင့်မားထက်သန်ပြီး လူမျိုး၏ဂုဏ် တက်သည်သာမက သူတို့အဖို့လည်း တစ်သက်တာလုံး အကျင့်စာရိတ္တကောင်းမွန်၍ အကျိုးမပျက်ဘဲ ခိုင်မြဲသောအကျင့်ကောင်းများ ထွန်းကား ပေလိမ့်မည်။

               အကျင့်စာရိတ္တသည် လူ့ဘ၀တွင် အရေးပါဆုံးဖြစ်သည် ဟူသော အချက်ကို သိနားလည်ပေ လိမ့်မည်။ ကျွန်တော့်အနေဖြင့် စာရိတ္တကောင်းမှသာ အမျိုးသားရေး အရည်အသွေးကောင်းပေမည်။ သို့မှ သာလည်း လူမျိုးနှင့် နိုင်ငံတို့သည် လူ့လောကတွင် လူမှုရေး အဆင့်မြင့်တက်ပေ လိမ့်မည်။

တက်တိုး

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More