Thursday, December 23, 2010

လေထန်ဖုန်း

ကျွန်တော်သည် ၁၉၉၈ သြဂုတ်လထုတ် သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်းထဲတွင် “စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်” ဆိုသော ၀တ္ထုတစ်ပုဒ် ရေးခဲ့ပါသည်။ ကျွန်တော်ချစ်သော၊ခင်သော၊လေးစားသော စာပေနယ်သားများကို ဇတ်ကောင်များလုပ်၍ ကလူကျီစယ်ခဲပါသည်။ (ထို ၀တ္ထုကို သဘင်ဂျာနယ်တွင် ဆရာဆန်းထွန်းက ရုပ်ပြကာတွန်းအဖြစ် ထပ်ဆင့် တင်ဆက်ခဲ့ပါသေးသည်။)

ကျွန်တော်၏ရည်ရွယ်ချက်မှာ မတွေ့ဆုံဖြစ်တာကြာပြီဖြစ်သော ဆရာ ဆရာမများကို သတိရသောကြောင့် လည်း ဖြစ်၏။ စက္ကူဈေးတွေတက်၊ကုန်ကျစားရိတ်တွေကြီး၊ စာအုပ်တွေ အရောင်းကျသဖြင့် လေးလံထိုင်းမှိုင်း သုန်မှုန်နေသော စာပေလောကသားတို့ စိတ်ပြေလက်ပျောက်မချိပြုံးကလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေဆိုသော စေတနာလည်းဖြစ်၏။

ကျွန်တော့်ရည်ရွယ်ချက်သည် အထိုက်အလျောက်တော့ အောင်မြင်ပါသည်။ စာဖတ်ပရိသတ်များကကော ၀တ္ထုထဲ ပါဝင်သော ဇတ်ကောင်များကပါ သဘောကျနှစ်သက်ကြသည်ဟု အယ်ဒီတာ ဆရာကောက် က ပြောပါသည်။ (တကယ်ဟုတ်မဟုတ်တော့ မသိပါ။ နောက်ကို စာမူတောင်းလို့ကောင်းအောင် လည်ဆယ်ခြင်းလည်း ဖြစ်နိုင်ပါသည်။)

ပြဿနာလုံးဝ မရှိတော့မဟုတ်။ နည်းနည်းပါးပါးတော့ မကျေနပ်သံလေးတွေ ထွက်လာခဲ့ပါသည်။ တခြား မဟုတ် တချို့စာရေးဆရာတွေက ၀တ္ထုထဲတွင် သူတို့အခန်းတွေ နည်းသည်ဟု ဆိုသည်။ တချို့ ကျတော့လည်း သူတို့လို နာမည်ကြီးတွေကို ဇတ်ပို့ဇတ်ရံလောက်သာ နေရာပေးသဖြင့် နည်းနည်း စိတ်ခုသွားကြသည်ဟု ကြားသိရပါသည်။

ဒါ့အပြင် တချို့က “ ဒီလောက် ခင်မင်နေတဲ့လူတွေ ဖြစ်လျက်နဲ့ ငါတို့ကျတော့ ဘာကြောင့်ထည့်မရေး ရသလဲ” ဟု မချိတင်ကဲပြောကြသည်။ စာရေးဆရာမလေး ဂျူးဆိုလျှင် ခရီးလွန်နေသဖြင့် စတိတ်ရှိုးပွဲတော် မနွဲပျော်လိုက်ရလေခြင်းဟု ယူကြုံးမရဖြစ်ပြီးလျှင် ပရိုဗီမင် အလုံးသုံးဆယ် တစ်ခါတည်းသောက်ချလိုက် သည်ဟု သတင်းကြားရပါသည်။ စာရေးဆရာမလေး မိုနိုဆန်းကလည်း “ ဒို့များ တက္ကသိုလ်မှာတုန်းက အလှဘုရင်မ ရွေးပွဲမဏာမ အဆင့်မှာ အရန်အဖြစ်အရွေးခံရဖူးပါတယ်။ အတန်းထဲမှာ မိန်းကလေး ဆယ်ယောက်ရှိတာ န၀မ ချိတ်ခဲ့တယ်လေ၊ဒို့ရဲ့ အဓိကပြိုင်ဖက် ခင်ဖြူက တုတ်ကွေးမိလို့ နှုတ်ထွက်သွား တာကိုး” ဟု ဖုန်းဆက်ပြီး လှမ်းပြောသည်။

နဂါးစာပေမှ ကိုထွန်းဦးကလည်း မန္တလေးမှ ဖုန်းလှမ်းဆက်ပြီး သူသည်လည်း စာပေလောကသားတစ်ဦး ဖြစ်ကြောင်း၊ အထက်မြန်မာနိုင်ငံ အတွက် စာနယ်ဇင်းများကို အကြီးအကျယ် ဖြန့်ဖြူးပေးနေသော နာမည်ကြီး တစ်ဦးဖြစ်ကြောင်း၊ တကယ်လို့ သီချင်းစာသားထဲ ထည့်စပ်ဖို့ အခက်အခဲရှိလျှင်တောင် “နဂါးဆွန်နား အခြားဟဲ” ဆိုတာလောက်တော့ ထည့်ပေးသင့်ကြောင်း အရေးဆိုလာ၏။

နောက်တစ်ခုကတော့ ပန်းချီဆရာများ၏ စောဒကတက်မှုပင် ဖြစ်၏။ ကျွန်တော်၏ ၀တ္ထုထဲတွင် စာရေးဆရာ၊ ကဗျာဆရာ ၊ ကာတွန်းဆရာ၊ အယ်ဒီတာတွေ စုံလင်သော်လည်း ပန်းချီဆရာများထဲမှ မမွှေး တစ်ယောက်သာ တစ်ခန်းလောက် ဖျတ်ခနဲပါခဲ့သည်။ ကျွန်တော်သည် ပန်းချီဆရာများနှင့် အတော်လုံးလုံး ထွေးထွေး နေခဲ့ဖူးသဖြင့် သူတို့ကို ၀တ္ထုထဲမှာ နေရာမပေးမိခြင်းအတွက် စိတ်မကောင်းဖြစ်ရပါသည်ဟု ဆိုပါသည်။

ထိုအကြောင်းကို ဖွင့်ဟပြောသူမှာ ဆရာမောင်ဒီဖြစ်၏။ သူနှင့်ကျွန်တော်မှာ ညီအစ်ကိုတမျှ ခင်မင်သူများ ဖြစ်၏။ ထို့ကြောင့်နောက်ဆက်တွဲ အဖြစ် ရေးသားဖော်ပြရမည်ဟု အကျပ်ကိုင်လေသည်။ တစ်ခုရှိတာ ဆရာဒီသည် ပန်းချီဆွဲရာမှာ သရုပ်မှန်ရော၊မော်ဒန်ပါ လက်ဖျားခါလောက် သူဖြစ်၏။ပညာမာနလည်း ကြီးသည်။ တော်ရုံလူကို အထင်မကြီးတတ်။ ကျွန်တော့်ကို ဆိုလျှင်လေးခွတစ်လက်နှင့် လျှောက်လက်တည့် စမ်းတတ်သော နွားကျောင်းသားလေလောက်သာ သဘောထားသူဖြစ်၏။ ထို့ကြောင့်.............

“မင်းရေးမယ်ဆိုရင် သီချင်းကိုတော့ ငါ့ဘာသာစပ်ထားတဲ့ ကိုယ်ပိုင် သီချင်းကိုပဲ သုံးမှရမယ်၊ မင်းကို စိတ်မချဘူး” ဆိုပြီး အသင့်ရေးလာသည့် သီချင်းစာရွက်ကို ပေးပါသည်။ ထိုသီချင်းမှာ..

“လိုင်းလိုင်းလိုင်းလိုင် လိုင်လိုင်လိုင်လိုင်းလိုင်း လိုင်းလိုင်းလိုင်းလိုင် လိုင်လိုင်လိုင်လိုင်းလိုင်း
သင့်အတွက်တာ မောင်ဒီ၊ကဗျာရေးသည်၊နှစ်သက်စရာ ဂုဏ်ရည်၊ ရေးဆွဲတဲ့ ပန်းချီ၊ မောင်ဒီ ရင်ခုန်နေတဲ့ မောင်ဒီ၊ ပျိုနုနေဆဲ မောင်ဒီ ၊ လေညှင်းလေးတောင် တေးဖွဲ့လို့သီ မန်ကျည်းဖျော်ရည်”

“ဟင်... မန်ကျည်းဖျော်ရည်က ဘယ်လိုလုပ်ပါလာတာလဲ ဆရာဒီရဲ့” ဟု ကျွန်တော်က မေးလိုက်သော အခါ ဆရာဒီက

“ငါက မြစ်ခြေသားလေကွာ ၊ ဒါ့ကြောင့် အညာအငွေ့အသက်ပါအောင် ထည့်လိုက်တာ”

အော်.....ဒါကြောင့် မြန်မာပြည်မှာ ဆရာဒီရယ်လို့ နာမည် ကျော်ပေတာကိုး...။


နောက်ပြဿနာတစ်ခု ။ ထူးခြားသည့်ဇတ်လမ်း တစ်ပုဒ်တွေ့ပြီဆိုလျှင် အရင်ဦးအောင် လိုက်တတ်ကြသော ဗွီဒီယိုသမားများ၏ ထုံးစံအတိုင်း ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ) ရောက်ရှိလာပြီး

“အဲဒီ ၀တ္ထုကို ဗွီဒီယိုရိုက်ချင်တယ်ဆရာ၊ ရိုက်ခွင့်ရမယ် ဆိုရင်တော့ ဗွီဒီယို လောကမှာ မှတ်တိုင်တစ်တိုင် စိုက်လိုက်နိုင်မှာပဲ” ဟု လာစည်းရုံးသည်။ ကျွန်တော်က မှတ်တိုင်စိုက်သော ကိစ္စမှာ လွယ်လွယ်လေးမဟုတ် ကြောင်း၊ စည်ပင်သာယာတို့၊ ခရီးသည် ပို့ဆောင်ရေး အဖွဲ့အစည်းတို့က ခွင့်ပြုဖို့လည်း လိုသေးကြောင်း ပြောပြီး ငြင်းလိုက်ရပါသည်။

သို့တိုင်အောင် လူပိန်သလောက် အသံပြဲသော မောင်ပြည့်ဝ သည် သူ့စိတ်ကူးကို လက်ဖက်ရည်ဆိုင် တွေမှာ အော်ကြီးဟစ်ကျယ် ပြောခဲ့သဖြင့် ထိုသတင်းက ပျံ့သွားသည်။

ထိုအခါ ကျွန်တော့်ထံသို့ မအိ ရောက်လာလေသည်။ စာပေ ကြော်ငြာ စတိတ်ရှိုးပွဲတော် ၀တ္ထုကို ဗွီဒီယို ရိုက်မည်ဟုသတင်းကြားကြောင်း၊ မိမိအနေနှင့်မူ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ မိမိသည် မဟေသီ မဂ္ဂဇင်းမှာ ဆရာဟိန်းလတ်နှင့် အင်တာဗျူးလုပ်ပြီးကတည်းက ဗီဒီယိုရိုက်ဖို့မပြောနဲ့ ဓါတ်ပုံအရိုက်ခံဖို့တောင် အကြီးအကျယ်စိတ်ကုန်သွားကြောင်း၊ တစ်ခုတော့ တောင်းပန်လိုကြောင်း၊ ဗွီဒီယို ရိုက်ဖြစ်ခဲ့လျှင် မိမိနေရာတွင် အိန္ဒြာကျော်ဇင်ကို ထည့်သွင်းအသုံးပြုစေလိုကြောင်း တစ်နာရီလောက် ကြာအောင်ပြောသွားပါသည်။

ပန်းချီမမွှေးကျတော့ တစ်မျိုးဖြစ်၏ ။ ဗွီဒီယို ရိုက်ဖြစ်ခဲ့လျှင် သူ့နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင် တစ်ယောက်ကို အစားထိုးတာမျိုး ခွင့်မပြုနိုင်ကြောင်း ၊ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း ပြောလာပါသည်။

“ ဘာကြောင့်လဲဆိုတော့ ကျွန်မလဲ သရုပ်ဆောင်လိုင်းပြောင်းမလို့ ဆုံးဖြတ်ထားလို့ ၊ ပန်းချီ ရေးရတာ သိပ်မစားသာတော့ဘူး ”

“ ကောင်းပါတယ် ခင်ဗျား အရပ်အမောင်းက စိုးမြတ်နန္ဒာနဲ့ မတိမ်းမယိမ်းပဲ ” ဟု ကျွန်တော်က အလိုက်အထိုက် ပြောလိုက်ရာ သူ အားတက်သွားပြီး ......

“ ဟုတ်တယ် ၊ မောင်မျိုးမင်းကလည်း ဒီအတိုင်းပြောတယ် ၊ အခု သူရိုက်မယ့် ဗွီဒီယိုကားမှာတောင် ၀င်ပြီး သရုပ်ဆောင်ဖို့ သဘောတူပြီးသွားပြီ ၊ မမေ့ရက်ဘူး အချစ်ဦးရယ် ဆိုတဲ့ တရုတ်ကားကို ပြန်ရိုက်မှာလေ ”

“ ခင်ဗျားက ဘယ်နေရာမှာ သရုပ်ဆောင်မှာလဲ ”

“ ကျန်ကျောင်းတို့ အမေနေရာက ”

“ အင်း ကောင်းပါတယ် ၊ ခင်ဗျားနဲ့ လိုက်ပါတယ် ”

“ အမေနေရာဆိုပေမယ့် ဇတ်ရဲ့ အဓိက သရုပ်ဆောင်ပဲလေ ၊ ဇတ်ကားနံမည်ကိုတောင် ကံကောင်းလို့မသေ ကျန်ကျောင်းတို့ အမေလို့ ပေးထားတယ် ”

“ ဒါဆို ခင်ဗျားသားနေရာက ဘယ်သူ သရုပ်ဆောင်မှာလဲ ”

“ ပန်းချီ ကိုမျိုးမြင့် ”

“ ဟင်.... သူ့အရွယ်ကြီးနဲ့များ မင်းသားအဖြစ် သရုပ်ဆောင်မယ်ဆိုတော့ ကြည့်လည်း လုပ်ကြပါဦးဗျာ ”

“ ဒါကတော့ သူက ပရိုဂျူဆာကိုး အစ်ကိုရဲ့ ၊ သူကြိုက်တဲ့ ဇတ်ရုပ်နေရာ ယူမှာပေါ့ ”

“ သြော်...ဒီလိုလား ”

ပန်းချီကိုမျိုးမြင့်သည် ကျွန်တော်နှင့်လည်ပင်းဖက် ပေါင်းလာသော သူငယ်ချင်းဖြစ်၍ သူ့အကြောင်း ကောင်းကောင်းသိသည်။ သူ့အနေနှင့် မင်းသားလုပ်မည်ဆိုလျှင် လုပ်နိုင်သည့် အခြေအနေရှိသည်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်တတ်သည် ။ အသားကလည်း ဖြူသည်။ ရုပ်ရည်ကလည်း မဆိုးလှ ၊ ရုပ်မြင်သံကြားမှာ ပြသွားသည့် တစ်ရာ့တစ်ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း ဇတ်ကားထဲက ဂျပန်မင်းသားနှင့် ခပ်ဆင်ဆင် တူသည်။

သူသည် ဒီက ပန်းချီလောကမှာ ထိပ်တန်းအဆင့်ရောက်နေတာတောင် အားမရသေးပဲ စင်ကာပူမှာ အလုပ်သွားလုပ်နေသူ ဖြစ်၏။ ကျွန်တော်တို့ကတော့ မိသားစုရှေ့ရေး ၊ သူ့မိခင်အိုကြီးကို ပြုစုစောင့်ရှောက် နိုင်ရေးအတွက် စွန့်စွန့်စားစား သွားလုပ်တာပဲလိုဆိုပြီး ချီးကျူးမိသေးသည် ။

ခုမှပဲ သူ့အကြံကိုသိရတော့သည်။ လက်စသပ်တော့ သူက မင်းသားလုပ်ဖို့ အရင်းအနှီးရအောင် ငွေသွားရှာ တာကိုး။

“ ဒါဆို သူ့မိန်းမ မထားကကော မင်းသမီး လုပ်ဦးမှာလား ”

“ မထားက အဲဒီလောက် မကြောင်ပါဘူး ၊ ပါရမီဖြည့်ဘက် တစ်ယောက်အနေနဲ့သာ ပံ့ပိုးပေးမှာပါတဲ့ ။ သူ့ ယောက်ျား မင်းသားဖြစ်သွားပြီဆိုရင်တော့ စိတ်အေးရပါပြီတဲ့ ။ အဲဒီ အခါကျရင်တော့ စင်ကာပူက ကွမ်ရင်မယ်တော်ကျောင်းမှာ သီလရှင်ဘ၀နဲ့ပဲ အေးအေးချမ်းချမ်းနေပြီး အရိုးထုတ်တော့မယ်တဲ့ ”

“ သာဓုဗျာ ၊ သာဓု သာဓု ၊ ကိုမျိုးမြင့်တစ်ယောက် အောင်မြင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ ”

ဆရာမောင်ခိုင်မာတို့ ဇနီးမောင်နှံ ကျွန်တော့်အိမ်လာလည်မည်ဟု တယ်လီဖုန်းသတင်း ရလိုက်သော အခါ ကျွန်တော်အတော်ကလေး ပြာသွား၏။ ဆရာခိုင်ကို ၀တ္ထုထဲမှာ “ ရာသီတိုင်းမှာ မောင်ခိုင်မာ ” ဟု ရေးခဲ့သည်။ သူသည် နေမကောင်းဖြစ်နေတဲ့ကြားက တကူးတကန့်လာမှာဆိုတော့ အကောင်းတော့မဖြစ်နိုင် ။ ပြဿနာ ရှာဖို့လာခြင်းသာ ဖြစ်ရမည်။

သူစိတ်ပြေအောင် ဘယ်လိုဖားရပါ့မလဲ ။ အပူတပြင်းစဉ်းစားပြီး လက်ထဲမှာ ပူပူနွေးနွေးရှိနေသေးသော သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှရသည့် စာမူခကလေးဖြင့် အားဆေးတစ်ပုလင်း အမြန်ပြေးဝယ်ထား ရပါသည်။

သူတို့လင်မယား ရောက်လာသောအခါ ပျာပျာသလဲ ဆီးကြိုရသည်။ အိမ်းဦးခန်းသို့ခေါ်သွားပြီး ပက်လက် ကုလားထိုင်မှာ ထိုင်ခိုင်းရသည်။ ပြီးတော့ ကြိုတင်စီစဉ်ထားသည့်အတိုင်း အရင်ဦးအောင် ပြောလိုက်ရ၏။

“ အစ်ကို နေမကောင်းဘူးတဲ့ သတင်းကြားပါတယ် ။ကျွန်တော်လဲ သတင်းလာမေးမလို့ပါပဲ၊ ဒါပေမယ့် အစ်ကိုရာ ကျွန်တော်လဲ ဒီရက်ပိုင်းအတွင်း ဘယ်လိုဖြစ်တယ် မပြောတတ်ဘူး။ အရမ်းချူချာတာပဲ၊ တုတ်ကွေးမိတယ်၊ နမိုးနီးယားဖြစ်တယ်၊သွားနာတယ်၊ခါးကိုက်တယ်၊ အဆစ်အမြစ်တောင် ယောင်ပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူး” ဟု သတိရသမျှ ရောဂါတွေ လျှောက်ပြောပြီး အပြစ်လွတ် အောင်ကြိုးစားကြည့်လိုက်၏ ။ ဆရာခိုင်သည် ရှူတည်တည်ကြီးလုပ်၍ နားထောင်နေရာမှ ဟိုက္ကူကဗျာ တစ်ပုဒ်ကို လက်တန်းစပ်ပြီး အသံနေအသံထားဖြင့် ကောက်ကာငင်ကာ ရွတ်ဆိုလိုက်လေ၏။

“ လူကြီးတွေ စော်ကား
ရောဂါဘယ ထူလို့ပွား
ဟေ့ကောင် မှတ်ပြီလား ”

ကျွန်တော်သည် “ ဟဲ ဟဲ အစ်ကိုကြီးကလဲ ” ဆိုပြီး သွားဖြီးလိုက်ရ၏ ။ သူ ထပ်ဆင့်နဘေ မထပ်နိုင်ခင်မှာပင် အားဆေးပုလင်းကို အလျင်အမြန်ထုတ်၍

“ အစ်ကို့အတွက် ကျွန်တော်ဝယ်ထားတာ ” ဆိုပြီး လက်ထဲ ထည့်ပေးလိုက်သည်။ သူသည် ကျွန်တော့်ကို သိပ်ယုံကြည်ဟန် မရှိသေး။ အားဆေးပုလင်းကို အစစ်ဟုတ်မဟုတ် ၊ အင်ထုထားခြင်း ဟုတ်မဟုတ် သေချာစွာစစ်ဆေးပြီး ကျေနပ်သွားတော့မှ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ပြီးတော့ ဟိုက္ကူ ကဗျာတစ်ပုဒ်ကို အသံနေအသံထားဖြင့် ရွတ်ဆိုပြန်၏။

“ လူပင်ငယ်သော်ငြား
ဆရာသမား သိတတ်သား
အပြစ်လွတ်စေဗျား” ဟု ဆိုပြီး မျက်နှာထားကိုပြင်ပြီး တဟားဟား ရယ်လေတော့သည်။

“ ဟဲ ဟဲ တော်တော် လန့်သွားသလားကွ ”

ဒီတော့မှ ကျွန်တော့်ကို အတည်ပေါက်နှင့် ခြောက်နေခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။သူ၏ ရှင်မက ပြုံးတုံးတုံးလုပ်ရင်း ၀င်ပြောသည်။

“ တကယ်ဆိုရင် သူကတောင် မင်းကိုကျေးဇူးတင်ရဦးမယ်၊ သူ့မှာနေမကောင်းဖြစ်နေပြီးကတည်းက တမှိုင်မှိုင် အတွေတွေ မရယ်နိုင် ၊ မပြုံးနိုင်ဖြစ်နေတာကြာပြီ ၊ မင်းဝတ္ထုကိုဖတ်ပြီးတော့မှ လန်းလန်းဆန်းဆန်း ဖြစ်လာတာ ” ဟု ချီးကျူးလိုက်ပြီး ဆက်လက်၍

“ ၀တ္ထုထဲမှာ ချစ်ဦးညို မိန်းမ ပါလာတော့ တို့ကိုလဲ ဇတ်ကောင်လုပ်ပြီး ထည့်ရေးဦးမလားလို့ ရှာကြည့်ရ သေးတယ် ”

ရှင်မသည် ကဗျာဆရာကတော်ပီပီ ၀င်္က၀ုတ္တိလင်္ကာဖြင့် ပြောလိုက်ခြင်းဖြစ်ကြောင်း ကျွန်တော် သိသည်။ သူဆိုလိုတာက ဆရာချစ်ဦးညို၏ ဖယောင်းတိုင်ကြီးတောင် ၀တ္ထုထဲပါသေးတာ ၊ သူ့လိုမျက်နှာဖုံးရှင် တစ်ယောက်အနေဖြင့် ဘာကြောင့်မပါရသနည်းဟု မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ သူသည် ဆရာမောင်ခိုင်မာ၏ “ ရှင်မရေ ” ဆိုသော ကဗျာစာအုပ်မှ မျက်နှာဖုံးရှင် ဖြစ်နေတာကိုး။

“ ကျွန်တော်လဲ အစ်မကို ထည့်ရေးမလို့ပါပဲ ။ ဒါပေမယ့် အစ်မရဲ့ ဘော်ဒီဝိတ်နဲ့ဆိုရင် ကျမ်းလေးမှာစိုးလို့ ချန်ထားခဲ့ရတာပါ။ ဆရာခိုင်ရဲ့ ရှင်မ ကဗျာစာအုပ် မျက်နှာဖုံးမှာပါတုန်းကတောင် ရိုးရိုးဆယ့်ခြောက်ချိုး ဆိုက်နဲ့ မဆန့်လို့ ဆယ်ချိုးဆိုက်ကြီးပြောင်းရိုက်ရတယ် မဟုတ်လား ” ဟု ပြေရာပြေကြောင်း ပြောလိုက်ရ၏။

ထိုစဉ်မှာပင် ကျွန်တော်တို့ထိုင်နေသော အိမ်ဦးခန်းလေးသည် တသိမ့်သိမ့်လှုပ်လာသည်။ အလိုလိုကမှ အသည်းငယ်တတ်သော ဆရာခိုင်မှာ

“ ဟာ..ဟာ လုပ်ကြပါဦး ၊ ငလျင်လှုပ်တယ်ထင်တယ် ”

ဟု သူ့ရှင်မလက်ကို လှမ်းကိုင်ပြီး အလန့်တကြားပြေလိုက်သည်။ တကယ်တော့ ငလျင်လှုပ်တာ မဟုတ်ပါ ။ “ လည်ပင်းအထိ စောင်ခြုံထားတဲ့အခါမှာတော့ လှနေတုန်းပဲ ” ဟု တင်စားချီးမွန်းခဲ့ဖူးသော ကျွန်တော်၏ ချစ်ဇနီးသည် ဆရာခိုင့်အတွက် နို့ဖျော်ပြီးလာပို့ခြင်းသာ ဖြစ်ပါ၏။ ဆရာခိုင်၏ ရှင်မနှင့် ကျွန်တော်၏ လေဒီမင်းလူတို့သည် ဂျပန်နပမ်းသမားကြီးများ မျက်နှာချင်းဆိုင် တွေ့ဘိသကဲ့သို့ တစ်ဦးကို တစ်ဦး အကဲခတ်ကြပြီးမှ အသိအမှတ်ပြုသည့်အပြုံးဖြင့် အပြန်အလှန် နှုတ်ဆက်လိုက်ကြ၏ ။

ဆရာခိုင်ကလည်း ကျွန်တော့်ဇနီးကို တစ်ချက်မော့ကြည့်ပြီးနောက် ခပ်သဲ့သဲ့ရယ်၍....

“ ဟင်း...ဟင်း.... မင်းကဗျာစာအုပ်ထုတ်တဲ့အခါကျရင်တော့ မဂ္ဂဇင်းဆိုက် ရိုက်ရလိမ့်မယ်ထင်တယ် ” ဟု ၀ိုက်လက်သီးတစ်လုံးနှင့် တုံ့ပြန်လိုက်လေ၏။

ဆရာခိုင်တို့ ပြန်သွားပြီးနောက် ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ၀င်ရောက်လာသည်။ ကျွန်တော့် ၀တ္ထုထဲ ထည့်ရေးခဲ့သော ဆရာ ဆရာမ အများစုမှာ သူတော်ကောင်းများဖြစ်၍ ခန္တီပါရမီနှင့် ပြည့်စုံကြသော်လည်း သူတို့ထဲမှာ စုန်းပြူးတစ်ယောက်နှစ်ယောက်လောက် ရှိကောင်းရှိနိုင်သည်။

မတော်တဆ သူတို့ထဲမှ တစ်ယောက်ယောက်က ကျွန်တော့်ကိုဇတ်ကောင်လုပ်ပြီး မဟုတ်က ဟုတ်ကတွေ ပြန်ရေးလာလျှင် ခက်မည်။မြတ်ဆိုင်တို့ ၊ တာရာမင်းဝေတို့က ယုံရတာမဟုတ် ။ သူတို့ဦးနှောက်တွေကလည်း ကျွန်တော့်လိုပင် ပေါက်ကရအတွေးမျိုး ထွက်တတ်သည်။

ဒီလို စဉ်းစားမိသောအခါ “ မဖြစ်ချေဘူး ၊ သူတို့ကျေနပ်အောင် တစ်ခုခုတော့ လုပ်မှပဲ ” ဆိုပြီး မိမိကိုယ် မိမိ ပြန်နှိပ်ကွပ်သည့် ၀တ္ထုတစ်ပုဒ်ကို အောက်ပါအတိုင်း ရေးလိုက်ရပါသည်။(ကိုယ့်ဟာကိုယ် ရေးတာဆိုတော့ ဇတ်နာပြီး သနားအောင်ကြည့်လုပ်လို့ ရတာပေါ့လေ။)

****......****

ရုံးတော်၏ နောက်ဖက် သီးသန့်ခန်းလေးထဲတွင် သုခမိန်ကြီး ပေါင်စိန်သည် အ၀တ်အစားလဲနေသည်။ သူ၏ ဦးခေါင်းတစ်ဘက်တစ်ချက်တွင် တပ်ဆင်ထားသော အင်တာနာနှစ်ချောင်းကို နေသားတကျ ရှိမရှိ မှန်ထဲတွင် ကြည့်နေစဉ် ရုံးအပြင်ဘက်မှ ဗုံတီးသံများကို ကြားလိုက်ရ၏။ ထို့ကြောင့်ဘေးမှာ ရပ်နေသော ကုန်းစွန်းကို မေးလိုက်သည်။

“ အခု ဗုံတီးနေတာ ဘယ်သူလဲ ”

“မိုးဇော်ဗိုလ် ဖြစ်မှာပေါ့”

“တယ်...ဘာကြောင့် ပေါ့ပေါ့ဆဆပြောရတာလဲ ၊ သေချာအောင် သွားကြည့် ”

သုခမိန်ကြီးက ငေါက်လိုက်တော့မှ ကုန်စွန်းလည်း ခပ်သုတ်သုတ် ထွက်သွားသည်။ ခဏအကြာတွင် ပြန်ဝင်လာပြီး.....

“ ဟာ ...အများကြီးပဲ စာရေးဆရာတွေ ၊ စာရေးဆရာမတွေ ဗုံကို အလုအယက် တီးနေကြတာ ၊ ကုမ္ပဏီဖွင့်ပွဲမှာ လက်ဆောင်ပစ္စည်းဝေလို့ ၀ိုင်းလုနေကြတဲ့ အတိုင်းပဲ ”

“ သူတို့က ဘယ်သူ့ကို တရားစွဲချင်လို့တဲ့လဲ ”

“ ဟို... မျောက်ညီနောင် လေးဖော်ထဲက အငယ်ဆုံးကောင်ကို တရာစွဲချင်လို့တဲ့ ”

“ သြော စာပေနယ် ၊ ရုပ်ရှင်နယ်မှာ ခြေရှုပ်နေတဲ့ မျောက်ညီနောင် လေးဖော်လား ” 

“ ဟုတ်ပါတယ် ”

“ ကဲ...ဒါဆို ကျန်စိန်ဝင်းကို တရားခံသွားဖမ်းခိုင်းလိုက် ၊ ပြီးရင် ရုံးဖွင့်မယ် ”


လေထန်ဖုန်းတရားရုံးတွင် လူစုံပြီ ၊ သုခမိန်ကြီး ပေါင်စိန် ၊ ကုန်းစွန် ၊ ကျန်စိန်ဝင်း ၊ ၀မ်ခ ၊ မာလတ် ၊ ဆွေလုံ ၊ ကောက်ဟူ အားလုံးနေရာယူပြီး ကြပြီ ။ သုခမိန်ကြီးက ခေါင်းညိတ်လိုက်သောအခါ သူတို့ထဲတွင် အသံအပြီဆုံး ၊ အပြာဆုံးဖြစ်သည့် ၀မ်ခက.....

“ ရုံးတော်ဖွင့်ပြီ ” ဟု အော်လိုက်သည်။ (ဤနေရာတွင် တရုတ်ပြည်သူ့တရားရှင် ဇတ်လမ်းတွဲထဲကလို ရုံးအမှုထမ်းများက “ ၀ူ ...၀ယ် ” ဟု မအော်ကြပါ ။ သုခမိန်ကြီးမှာ အားကစား ၀ါသနာပါသူဖြစ်သဖြင့် အောက်ပါအတိုင်း အော်ဖို့အမိန့်ထုတ်ထားသောကြောင့် )

“ ဟာလေ ဟာလေး ဟားလေ ၊ ဟာလေ ဟာလေး ဟာလေး”

“ ကဲ ...တရားလိုတွေကို ဆင့်ခေါ်လိုက် ” 

စာရေးဆရာ ၊ ဆရာမများ တန်းစီဝင်လာကြသည်။ ပေါင်စိန်ကြီးကို ဂါရ၀ပြုပြီးနောက် ဘေးတစ်ဘက်မှာ ကပ်ရပ်နေလိုက်ကြ၏။

“ တရားခံကို ခေါ်ခဲ့ ”

သုခမိန်ကြီးက အမိန့်ပေးလိုက်သောအခါ မျောက်ညီနောင်လေးဖော်ထဲက အငယ်ဆုံးဖြစ်သော တရားခံ မျောက်လူကို လက်မောင်းတစ်ဖက်တစ်ချက်ဆီမှ ချုပ်နှောင်ပြီးခေါ်လာသည်။ ကြမ်းပြင်ပေါ်တွင် ဒူးထောက် ခိုင်းလိုက်၏။ 

“ အခု ရုံးရှေ့မှာ ဒူးထောက်နေတာ ဘယ်သူလဲ ”

ဟုသုခမိန်ကြီးက မေးလိုက်၏။ တရားခံကမော့ကြည့်သည် ။ပြီးတော့ အံ့သြသွားသည်။ ထို့နောက် စပ်ဖြဲဖြဲ ဖြစ်လာ၏။ သုခမိန်ကြီးဆိုလို့ လန့်နေတာ လက်စသတ်တော့ ပေါင်စိန်ဆိုတာ အားကစား ဆောင်းပါးရှင် ဆရာစိန်မျိုးမြင့်ကြီးပါလားဟု သိသွားသောကြောင့် ဖြစ်၏။ ပြီးတော့ ရုံးအဖွဲ့သားတွေက လည်း တစ်ခြားလူတွေ မဟုတ် ။

ကုန်းစွန်းဆိုတာ မောင်ရွှေစွန် ၊ ကျန်စိန်ဝင်းဆိုတာ မောင်စိန်ဝင်း(ပုတီးကုန်း) ၊ ၀မ်ခဆိုတာ ပေဖူးလွှာ အယ်ဒီတာဟောင်း မောင်သုခ ၊ မာလတ်ဆိုတာ သောင်းပြောင်းထွေလာ အယ်ဒီတာချုပ်၊ ဆွေလုံဆိုတာ ကီဝီ၊ ကောက်ဟူဆိုတာ ကောက်နွယ်(ကနောင်) အားလုံးဘော်ဒါတွေချည်းပါလား ။ ထိုအခါ နည်းနည်း အကြောက်ပြေသွားသည်။

“ မေးနေတာ မကြားဘူးလား ” ဟု သုခမိန်ကြီးက ထပ်မေးသည်။

“ ဟင်...ကိုကြီးစိန် ကျွန်တော့်ကိုတောင် မမှတ်မိတော့ဘူးလား ” 

“ ဘာ ကိုကြီးစိန်လဲ ပြင်ပြောစမ်း ” 

ဘယ်လိုပြင်ပြောရမှန်း မသိသဖြင့် ဟိုဒီကြောင်ကြည့်နေစဉ်.....

ကောက်ဟူက “ ပေါင်စိန်ကြီးလို့ ခေါ်ရတယ် ” ဟု ခပ်တိုးတိုးပြောသည်။ သေချာစွာ မကြားရသောကြောင့် နားစွန်နားဖျားဖြင့် ...

“ ဟုတ်ကဲ့...ဒီလိုရှိပါတယ် အပေါင်ဆိုင်ကြီးရယ် ” 

“ တယ် ၊ လုပ်ပြန်ပြီ ၊ ပေါင်စိန်ကွ....ပေါင်စိန် ” 

သုခမိန်ကြီး စိတ်တိုသွားသဖြင့် တရားခံ လန့်သွား၏။ စိတ်ပြေအောင် ဘယ်လိုဖားရပါ့မလဲ စဉ်းစားရင်းမှ တစ်ခု သတိပြုမိ၏။ ထို့ကြောင့်....

“ ဟာ....ပေါင်စိန်ကြီး နဖူးမှာ ဘောက်ဖတ်ကြီး ကပ်နေတယ် ”

ဟု လှမ်းအော်ပြောလိုက်၏။ ပေါင်စိန်ကြီးသည် လန့်ဖျပ်ပြီး နဖူးကို စမ်းလိုက်သည်။ ပြီးမှ.....

“ ဟာ...ဒါ ဂမ္ဘီရလခြမ်းကွ၊ ဘာမှတ်နေလဲ ၊ လင်းရောင်တင် ကိုယ်တိုင် စီရင်းပေးထားတာ ” 

တကယ်တော့ နဖူးမှာတပ်ရမည့် လခြမ်းပုံကို ပီကေဖြင့် ကမန်းကတန်းလုပ်ရသောကြောင့် မပီမပြင် ဖြစ်သွားခြင်း ။ သုခမိန်ကြီသည် ဣနြေ္ဒဆည်လိုက်ပြီး...

“ ကဲ တရားလိုတွေ ..ဒီကောင့်ကို ဘာတွေ စွပ်စွဲချင်သလဲ ပြော ” 

ထိုအခါ တရားလိုများမှာ တစ်ယောက်တစ်ပေါက် ဆူညံစွာ ပြောကြ၏။ ဘာတွေပြောမှန်း မသိလောက်အောင် ရောထွေးနေသဖြင့်.....

“ တိတ်စမ်း ” 

ပေါင်စိန်ကြီးက စားပွဲကို သစ်သားတူကြီးနှင့် ထုလိုက်၏။ ထိုအခါ တစ်ယောက်တစ်ပေါက် ဆူညံနေသူများ အသံတိတ်သွားသည်။

(ထိုသစ်သားတူကြီးမှာ စာပေလောက ပုံနှိပ်တိုက်မှ စာစီဖိုမင်ဆရာများသုံးသော ပစ္စည်းဖြစ်၏။ ခုချိန်မှာ ကွန်ပျူတာစာစီခေတ်ဖြစ်သဖြင့် ဒါကြီးအသုံးမ၀င်တော့ဘူးဆိုပြီး လွှင့်ပစ်မည့်ဆဲဆဲ ဆွေလုံက ကိုမျိုးညွန့် ထံမှ ရမ်တစ်လုံးနှင့် လဲပြီး ယူလာခဲ့ခြင်း ဖြစ်၏။)

“ ဒီလို တစ်ယောက်တစ်ပေါက် ပြောနေလို့ ဘယ်ဖြစ်မလဲ ၊ တစ်ယောက်ချင်းပြော ၊ ကဲ ... ဟိုဘက်က မျက်မှန်နဲ့ ပြဇတ်မင်းသားလိုလူ မောင်မောင်း စပြော...”

သုခမိန်ကြီးက လူတစ်ယောက်ကို လက်ညှိုးထိုးရင်းပြောလိုက်၏။ ထိုသူကား ချစ်ဦးညို။ သူသည် ပါတိတ် ဟာဝေယံရှပ်နှင့် စာပေဟောပြောပွဲမှ လက်ဆောင်ရခဲ့သော ပိုးယောလုံချည် ခရမ်းရောင်ကို ၀တ်ထားသဖြင့် ပြဇတ်မင်းသားနှင့် ပိုတူနေတာအမှန်ပဲ ဖြစ်၏ ။ သူက ရှေ့ကိုတစ်လှမ်းတိုးပြီးနောက် တရားခံကို တစ်ချက်လှမ်းကြည့်သည် ။ တရားခံက လက်မကိုထောင်ပြီး တစ်စုံတစ်ခု မော့သောက်သည့် ဟန် လုပ်ပြ၏။ အရက်ပြတ်ပါပြီ ဆိုပြီးမှ မိန်းမ မသိအောင် ဘီယာခိုးသောက်သည့် ကိစ္စ ဖော်လိုက်ရမလားဟု ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်၏။ ထို အခါ ချစ်ဦးညိုမှာ နှုတ်ဆွံ့သွားပြီး....

“ အဲ ...တစ်ကယ်တော့ ကျွန်တော့်အနေနဲ့ တရားစွဲဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ဟိုဒင်းက အဲဒီလိုပြောလို့... ”

ယောင်ချာချာလုပ်နေသဖြင့် သူ၏လေဒီက ဗိုက်ခေါက်ကိုဆွဲပြီး ကားစက်နှိုးသလို လှည့်လိုက်တော့မှ....  “ အား....အဲ....ဟုတ်ပါတယ်၊ တရားစွဲမလို့ပါပဲ၊ ဒီနေရာမှာ တရားဆိုတာဘာလဲ၊ တရားဆိုတာ စကားက လာတာပါ၊စကားဆိုရာမှာလဲ သမိုင်းဝင်တဲ့ စကား၊ သမိုင်းတွင်တဲ့ စကားရယ်လို့ ရှိပါတယ်၊ ဒါကြောင့် သမိုင်းမတွင် ၊ သမိုင်းဝင် လူတွင် ပန်းဆယ်မျိုးဆိုတာလို...”

လေဒီချစ်ဦးညိုက စိတ်မရှည်တော့ဘဲ.....

“ တော်စမ်းပါ၊ ရှင့်ကို ပေါ်ပြူလာဂျာနယ်မှာ ဆောင်းပါးရေးခိုင်းနေတာ မဟုတ်ဘူး၊ ဖယ်၊ ဖယ် ကျုပ်ဘာသာပဲ ပြောတော့မယ် ” ဆိုပြီး ဆွဲဖယ်လိုက်သည်။ ချစ်ဦးညိုကလည်း နေရာမှန်ဖြစ်သော မိန်းမနောက်သို့ ရို့ရို့ကလေး ဆုတ်သွား၏ ။ လေဒီချစ်ဦးညိုက ရှေ့သို့တိုးလာပြီးမှ ရုတ်တရက် ဘာပြောရမှန်းမသိဘဲ....

“ ကိုကြီးစိန်ရေ ” ဟု ရုတ်တရက် ခေါ်မိရာ ပေါင်စိန်ကြီးကလည်း “ ဗျို ဗျို ဗျို ဗျို့ ” ဟု ယောင်ပြီး ထူးမိ၏။ ပြီးမှ ရှက်သွားပြီး....

“ တယ်အတင့်ရဲနေပါလား ” ဟု ငေါက်လိုက်၏။ လေဒီ ချစ်ဦးညိုကလည်း

“ ကျွန်မ အဲဒါ စိတ်စွဲနေလို့ပါ ”  ဟု တောင်းပန်လိုက်သည်။

“ ကဲ...ကဲ... မယ်မင်း၊ သူ့ကို ဘာကြောင့် တရားစွဲချင်တာလဲ ပြော ”

လေဒီချစ်ဦးညိုသည် တရားခံကို တစ်ချက်ကြည့်ပြီး “ သူက ၀တ္ထုထဲမှာ ကျွန်မကို ဖယောင်းတိုင် ရှိတ်ကြီးလို့ ရေးထားတယ်၊ အဲဒါကို မကျေနပ်ဘူး ”

“ ကဲ ...မောင်မင်း ဘာပြောချင်သလဲ ” တရားခံကို မေးလိုက်ရာ

“ ဟာ ...တကယ်ဆို ဒီလိုအရေးခံရတာ ဂုဏ်တောင်ယူသင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခုချိန်မှာ ဖယောင်းတိုင်ဆိုတာ အိမ်တိုင်းအိမ်တိုင်းမှာ မရှိမဖြစ် အရေးအကြီးဆုံး ပစ္စည်းပဲ၊ လူတကာကြားမှာ စူပါစတားဖြစ်နေတာ ၊ ဆရာချစ်နဲ့ အစ်မဟာ မီးသွေးနဲ့ ဖယောင်းတိုင်လို လိုက်ဖက်တယ်ဆိုတဲ့ သဘော....”

“ ကြည့်စမ်း..၊ ထပ်လုပ်ပြန်ပြီ ၊ ပေါင်စိန်ကြီးရှင့်...တကယ်တော့ ဖယောင်းတိုင်ဆိုတာ မီးရှို့လိုက်တာနဲ့ စပြီး ပုံပျက်တော့တာပဲ ၊ ကြာလေ အဖုအထစ်တွေနဲ့ ရုပ်ဆိုးလေပဲ ”

“ အစ်မ မကြိုက်ဘူးဆိုရင် မီးချောင်းရှိတ်လို့ ပြောင်းရေးပေးပါ့မယ် ”

“ အမယ် ဘာထူးလဲ ။ မီးချောင်းလဲ တစ်ဖြောင့်တည်းပဲ ”

“ တော်ကြစမ်း...၊ ကြာရင် မီးလုံးရှိတ်တို့ ၊ ဖန်ပြောင်းရှိတ်တို့ ၊ အင်ဗာတာ ရှိတ်တို့ ဖြစ်တော့မယ်၊ ကဲ ... ခင်ဗျားရဲ့ စွဲချက်ကို မှတ်တမ်းတင်ထားမယ် ၊ နောက်တစ်ယောက် ပြော..”

သုခမိန်ကြီးက စကားဖြတ်လိုက်ရတော့၏။ တရားလို နောက်တစ်ယောက်မှာ မစန္ဒာ ဖြစ်၏။ သူ့ဘေးတွင် အိမ်ကလူကြီး ကိုစန်းမောင် ကုပ်ကုပ်လေးရပ်နေသည်။ သူက အသံတိုးတိုးဖြင့်

“ မိချိုရာ ဒီငပေါကို အဖက်လုပ်ပြီး ပြောမနေစမ်းပါနဲ့ ”

ဟု တားသော်လည်း မစန္ဒာက “ အသာနေစမ်းပါ ” ဟု ပြောရင်း တံတောင်နှင့်တွတ်လိုက်ပြီး ရှေ့တိုးရပ်လိုက်၏ ။ ပြီးတော့ “ သုခမိန်ကြီးရှင့် ... ဒီကောင်လေးဟာ ၀တ္ထုထဲမှာ ကျွန်မတို့ ဇနီးမောင်နှံကို ပါပူဝါနယူးဂီနီကျွန်းကို ပို့မယ်လို့ ရေးထားပါတယ်။ တစ်ကယ်တော့ အဲဒီကျွန်းဟာ မီးတောင်ပေါက်လိုက်၊ မုန်တိုင်းကျပြီး ရေလွှမ်းလိုက်ဖြစ်နေတာပဲ။ ဒါပေမယ့် ဆွေမျိုးနဲ့ သူငယ်ချင်းတွေက တော့ ကျွန်မတို့တကယ်ပဲ နိုင်ငံခြား သွားရတယ်မှတ်ပြီး အိမ်ပြန်လက်ဆောင်တွေ လာတောင်း နေကြတယ်၊ ၀တ္ထုထဲမှာ အတိအလင်းပါတာဆိုတော့ ငြင်းလို့လဲ မရဘူး။ မင်္ဂလာဈေးက ပစ္စည်းတွေဝယ်ပြီး ပေးနေရတယ်၊ ဒါဟာ သူ့ကြောင့်ပဲ....”

ဟု တရားခံကို လက်ညှိုးထိုးရင်း ပြောသည်။ တရားခံက “ အဲဒါ ကျွန်တော့သဘောနဲ့ ကျွန်တော် ရေးတာ မဟုတ်ပါဘူး။ တစ်ရက်မှာ ကိုစန်းမောင်နဲ့ မြို့ထဲမှာတွေ့တော့ သူက ခုတလော မင်းတို့အစ်မ တော်တော် “ပဲ” များနေတယ်၊ ကြည့်ပြီး နှိပ်လိုက်စမ်းပါ ဆိုလို့ ”

ကိုစန်းမောင်က ပျာပျာသလဲ “ ဟေ့..ဟေ့ကောင် ငါ့ကို ဆွဲမထည့်နဲ့ ” ပြောနေတုန်း မစန္ဒာက သူ့လူကြီး ဘက်လှည့်ပြီး “ ဟင်...ဒါ ရှင့်အကြံပေါ့လေ၊ ကျောင်းမှာတုန်းက တီစကွဲယားနဲ့ အရိုက်ခံရတာ မမှတ်သေး ဘူးလား....ကဲ ” ဆိုပြီး ကိုစန်းမောင်၏ နဖူးကို ဒေါင်ခနဲ ခေါက်လိုက်၏။ ကိုစန်းမောင်ကလည်း နဖူးကိုပွတ်ရင်း

“ ဟာ ... ငါက ပဲများတယ်ဆိုတာလောက်သာ ပြောတာ ၊ ၀တ္ထုထဲ ထည့်ရေးခိုင်းတာမှ မဟုတ်ပဲ ” သုခမိန်ကြီးက စားပွဲကို တစ်ချက်ထုပြီး “ ကဲ ...တော်တော့ ဒါ လင်မယားရန်ဖြစ်ရမယ့် နေရာမဟုတ်ဘူး၊ ဒီစွပ်စွဲချက်ကို မှတ်ထားမယ် ၊ ကဲ ...နောက် ဘယ်သူရှိသေးသလဲ ”

ပိန်ပိန်ရှည်ရှည် ငယ်ငယ်ချောချော မိန်းကလေးသုံးယောက် တန်းစီဝင်လာကြ၏ ။ စကတ်တိုတို ကြပ်ကြပ် များဝတ်၍ သားရေလည်ရှည် ဖိနပ်များစီးထားကြသည်။

သုခမိန်ကြီးက နဖူးကြောများတင်းသွားပြီး

“ တယ် ရုံးကိုလာတာ ဒီလို ၀တ်စားလာရသလား၊ မယ်မင်းတို့က ဘယ်သူတွေလဲ ဘာကိစ္စလဲ ”

ခေါင်းဆောင်ဖြစ်ဟန်တူသော မိန်ကလေးက ရှေ့တိုးလာပြီး

“ကျွန်မတို့ ကြော်ငြာ အစီအစဉ်လေးတစ်ခု တင်ဆက်ချင်လို့ပါ”

“ ဘာ ၊ ရာရာစစ ဒါကြော်ငြာရမယ့်နေရာလား ၊ အခုထွက်သွားကြစမ်း၊ ဘာပေကပ်ကပ် လုပ်နေတာလဲ၊ ၀မ်ခ ၊ မာလတ် ၊ ဆွေလုံ ၊ ကောက်ဟူ ”

“ရှိ”

“ သူတို့ကို ဆွဲထုတ်သွားစမ်း”

ထိုစဉ်တွင် ကုန်းစွန်က သုခမိန်ကြီး နားနားသို့ကပ်၍ တိုးတိုးပြောလိုက်သည်။

“ သုခမိန်ကြီးခင်ဗျား၊ သူတို့ကို ခွင့်မပြုလို့ မဖြစ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အခုကျွန်တော်တို့ ၀တ်ထားတဲ့ အ၀တ်အစားတွေဟာ သူတို့ ကုမ္ပဏီက ထောက်ပံ့ထားတာပါ ”

သုခမိန်ကြီးက ခေါင်းကုတ်လိုက်ပြီး

“ ခက်တာပဲ ၊ ကြော်ငြာတွေကလဲ နေရာတကာမှာပါပဲလား ”

“ ကြော်ငြာချင်လည်း မြန်မြန်ကြော်ငြာ ၊ စီးကရက်နဲ့ အရက်ဆိုရင်တော့ ခွင့်မပြုဘူး ”

“ ဟုတ်ကဲ့ပါ ။ ကျွန်မတို့က အလှကုန် ကြော်ငြာမှာပါ။ ကဲ သူငယ်ချင်းတို့ရေ ” ဟု ခေါင်းဆောင် မိန်းကလေးက အချက်ပေးလိုက်ပြီး ပရိသတ်ဘက်လှည့်၍

“ ကျေးဇူးပြုပြီး နားဆင်ပါရှင်၊ ကျွန်မတို့ရဲ့ လေးသူစံကုမ္ပဏီက နိုင်ဂျီးရီးယား နိုင်ငံမှ တိုက်ရိုက် တင်သွင်းတဲ့ မယ်ကုဝဏ်တံဆိပ် အလှကုန် ပစ္စည်းများကို သုံးစွဲကြပါစို့ နော ” ထို့နောက် မိန်းကလေး သုံးယောက်တို့သည် နောက်ကျောကို ပိတ်ကန်ခံထားရသော ကိုယ်ဟန်အမူအရာဖြင့် ခါးကလေးတွေ ကော့ပြီး ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန် ပြေးရင်း

“ ယာယာယေ ကုဝဏ် ၊ ကုဝဏ်၊ ယာယာယေ ” ဟု သီဆိုပြီး ထွက်သွားကြလေ၏ ။

“ တော်တော်ရှုပ်တဲ့ဟာတွေ ၊ ကဲ နောက်တရားလို တစ်ယောက်လာခဲ့ ”

ခုတစ်ခါ အလှည့်ကျသူကတော့ ခင်မြဇင် ။ သူ့ခင်ပွန်း ကိုသန်းအုံးကတော့ သဘောကောင်းသူ ၊ နားအေး ပါးအေး နေချင်သူဖြစ်သဖြင့် ပရိသတ်အကြားမှာပင် ထိုင်ရင်း သက်ပြင်းတချချ လုပ်နေ၏။

“ ကဲ...ဘာတင်ပြချင်လဲ၊ ပြော ”

သုခမိန်ကြီးက မေးလိုက်၏။ ခင်မြဇင်သည် တရားခံကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး “ သူဟာ ဒီတစ်ခါတည်းမဟုတ်ပါဘူး၊ ဟိုးအရင်ကလည်း ၀တ္ထုတွေထဲမှာ အမျိုးမျိုး ပေါက်ကရတွေ ရေးခဲ့ပါတယ်။ ၀တ္ထုတစ်ပုဒ်ထဲမှာ ကျွန်မကို ဆေးဘဲဥနဲ့ တူတယ်လို့ ရေးတယ်။ ပြီးတော့ အပျိုကြီးဖြစ်ပါစေလို့လည်း ကျိန်ဆဲခဲ့ဖူးတယ် ၊ သူ့ကျိန်စာကြောင့် ကျွန်မတော်တော်နဲ့ မစွံတာပေါ့ ။ ဝေဒတက်ခေတ်ဦးမြတ်သစ် ဆီမှာ ယတြာချေလိုက်တော့မှ ကိုသန်းအုံးနဲ့အဆင်ပြေသွားတာ ၊ ဒါကြောင့် သူ့ကို ပြင်းပြင်းထန်ထန် အရေးယူပေးပါ ”

တရားခံက မျက်နှာငယ်လေး လှမ်းကြည့်ပြီး...
“မခင်မြဇင်ရာ ကျွန်တော်တို့ဟာ တက္ကသိုလ်မှာကတည်းက ကဗျာတူတူရေးခဲ့ကြတဲ့ သူငယ်ချင်းတွေပါ ”

“ ဟော အခုမှ သတိရတယ်၊ ကျောင်းမှာတုန်းက ပိုက်ဆံအစိတ်ချေးထားတာ ပြန်မပေးရသေးဘူး ”

“ အဲဒါ ကျွန်တော်သုံးဖို့မဟုတ်ဘူး ၊ တိုးမိုးရဲ့ ပုဆိုးပေါင်ထားတာ ပြန်ရွေးဖို့ပါ။ ဘာပဲဖြစ်ဖြစ် ကောင်းတာလည်း ရေးပါတယ်၊ မခင်မြဇင်ရဲ့ ကဗျာတွေဟာ လက်ဖျားခါလောက်တယ်လို့ ချီးကျူးခဲ့ဖူးပါ တယ်ခင်ဗျာ ”

“ အမယ် ၊ ဒါကော အကောင်းရေးတာမှ မဟုတ်ဘဲ ၊ လက်ဖျားခါလောက်တယ်ဆိုပြီး နောက်က ကွင်းစကွင်းပိတ်နဲ့ ဆေးလိပ်မီးကို သွားကိုင်မိလို့ ဆိုတာ ပါသေးတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မကျေနပ်ဘူး ၊ မကျေနပ်ဘူး ” ဟု ပြောပြီး ကလေးတစ်ယောက်လို ခြေဆောင့်နေ၏။ သုခမိန်ကြီးက

“ ကဲ ၊ ကဲ ၊ ကလေးမ ကျေနပ်အောင် ဆောင်ရွက်ပေးမယ်၊ ဟုတ်ပြီလား ၊ နောက်...”

သုခမိန်ကြီး စကားမဆက်နိုင်ခင် ဆွေလုံနှင့်ဝမ်ခတို့က လူတစ်ယောက်ကို ချုပ်ကိုင်၍ ၀င်လာသည်။

“ အပေါက်ဝမှာ ယောင်လည်လည် လုပ်နေလို့ ဆွဲလာခဲ့တာပါ သုခမိန်ကြီး ”

ထိုသူမှာ ကဗျာဆရာ မြမြင့်မိုရ်ဖြစ်၏ ။ သုခမိန်ကြီးက

“ မောင်မင်း ဘာလုပ်မလို့လဲ ”

“ ကျွန်တော် ၊ ကျွန်တော် ဆရာစိန့်မွေးနေ့ အတွက် မုန့်ဟင်းခါးကျွေးနေတယ်ဆိုလို့ ၀င်လာတာပါ ”

“ မင်းကို ဘယ်သူပြောတာလဲ ”

“ မင်းသိုက်မွန် ပြောတာ ”

“ ဒါလောက်တောင် ငတ်ကြီးကျတဲ့ကောင်နဲ့ သူများကို ချောက်တွန်းချင်တဲ့ကောင်တွေ ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ဒဏ်ရိုက်ရမယ် ၊ တစ်ယောက်ကို ဘီအီးငါးပက်စီ ဒဏ်ကြေးပေးစေ ”

မြမြင့်မိုရ်မှာ မရှိသော ဆံပင်ကလေးကို ဖွရင်း

“ သွားပါပြီ ၊ ညနေစာလေးတော့ ကုန်ပါပြီ ” ဟု ညည်းလိုက်ရှာလေ၏။

“ ဘယ်သူ ကျန်သေးလဲ ” ဟု မေးလိုက်ရာ ခပ်ပိန်ပိန် အမျိုးသမီးကြီးတစ်ဦး လူကြားထဲက တိုးထွက်လာပြီး

“ ကျွန်မ တိုင်စရာရှိတယ် ”

“ ခင်ဗျားက ဘာတိုင်မလို့လဲ ဒေါ်စိန်ဂွတ်ထော် ” ဟု မေးလိုက်ရာ ခပ်ပိန်ပိန် အမျိုးသမီးကြီးသည် ဆတ်ခနဲ ဖြစ်သွားပြီး

“ ကျွန်မက စိန်ဂွက်ထော်မဟုတ်ဘူး ၊ ရွှေကူမေနှင်း ”

“ အောအော ရုတ်တရက် မမှတ်မိလို့ပါ ။ နေစမ်းပါဦး ၊ သူ့ဝတ္ထုထဲမှာ ခင်ဗျားမှ မပါဘဲ ”

“ ၀တ္ထုထဲမှာ မပါပေမယ့် စာပေဟောပြောပွဲတွေကျရင် ကျွန်မကို အာပြဲခြောက် ကျပ်တင်ထားတာနဲ့ တူတယ်၊ ဘာညာနဲ့ ဟင်း သူကျတော့ ငကျီးခြောက်ကို ရေနံ သုတ်ထားတဲ့ ပုံစံနဲ့ ”

“ ခင်ဗျားက သူပြောသလောက်တော့ မဆိုးပါဘူး ၊ စိုစိုပြည်ပြည် ရှိသားပဲ ”

ရွှေကူမေနှင်း ကျေနပ်သွားပြီး

“ ဟုတ်တယ် ၊ ကျွန်မ မနက်တိုင်း လေ့ကျင့်ခန်းလုပ်နေလို့ ခုလိုအရွယ်တင်နေတာပေါ့၊ ဒါကို သူက အမနာပ ပြောတာ တရားသလား ”

“ မှန်ပါတယ် ၊ ဒီအတွက် သင့်တော်သလို အရေးယူပေးမယ် ”

ထိုအခိုက်မှာပင် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကြားရသဖြင့် သုခမိန်ကြီးက

“ ဘာဖြစ်တာလဲဟေ့”

ကောက်ဟူက ပြေးဝင်လာပြီး

“ သိုင်းသမားတစ်ယောက် တရားခံကို ကယ်ထုတ်ဖို့ ကြိုးစားနေတယ် ”

“ ဟုတ်လား  ဒါဆို ”

ကျန်စိန်ဝင်းဘက်

“ ကျန်စိန်ဝင်း”

“ရှိ”

“ မောင်မင်း အဲဒီသိုင်းသမားကို သွားရှင်းလိုက်စမ်း ”

“ရှိ”

ကျန်စိန်ဝင်းသည် လေထဲတွင် လွှားခနဲ ၀ဲပျံသွားသည်။ ကြက်တောင်ပံခတ်သလို ဖလပ်ဖလပ်မြည်သွား၏။ သို့ရာတွင် တရားရုံးအလယ်လောက်မှာပင် ရပ်တန့်သွားပြီး လေထဲတွင် တွဲလောင်းကြီး ဖြစ်နေ၏။ ခါးမှာချိတ်ထားသော စက်သီးကြိုး ငြိသွားသောကြောင့် ဖြစ်၏။ ၀မ်ခ နှင့် မာလတ် တို့က စက်သီးကြိုးကိုဖြုတ်၍ အောက်ကို ထမ်းချပေးရသည်။ ထို့နောက်သူသည် အပြင်ကို ဒီအတိုင်းပင် ပြေးထွက်သား၏။ ခဏကြာတော့ ပြန်ဝင်လာသည်။ လက်ဝါးကို လက်သီးနှင့်ထောက်၍ အရိုအသေပြုပြီး.

“ ဖမ်းလို့ မမိလိုက်ပါဘူး၊ သူ့သိုင်းပညာက တော်တော် အဆင့်မြင့်တယ်၊ ကျွန်တော်က သူအုတ်နံရံကို လွှားခနဲ ကျော်သွားလိမ်မယ်ဆိုပြီး အပေါ်ကို မော့ကြည့်နေတုန်း၊ ခွေးတိုးပေါက်ကနေ လှစ်ခနဲ လျှောထွက်သွားတာပဲ ”

“ ဟုတ်လား၊ ဒါဆိုရင် နီကိုရဲပဲ ဖြစ်မယ်၊ နောက်ထပ် မနှောင့်ယှက်နိုင်အောင် သေသေချာချာ သတိထား နေကြ ၊ ကဲ ”

သုခမိန်ကြီးက တရားခံဘက်လှည့်၍

“ မောင်မင်းအပေါ် စွပ်စွဲထားတာတွေက တော်တော်ခိုင်လုံနေပြီ၊ ဘာပြောချင်သေးလဲ ”

“ သူတို့ သက်သက်မဲ့ မကျေမနပ် ဖြစ်ကြတာပါ ၊ တစ်ကယ်တော့ ကျွန်တော့်ဝတ္ထုဟာ သရုပ်မှန်လွန်းလို့ ဆရာဇန်မြင့်ကတောင် ရွှေပါးစပ် ၊ ငွေပါးစပ် ထဲမှာ ချီးကျူးထားပါသေးတယ် ”

“ အဲဒီလို ချီးကျူးမိလို့ ဇန်မြင့်တစ်ယောက် စာဖတ်ပရိသတ် တော်တော်လျော့သွားတယ် လို့တောင် သတင်းကြားရတယ် ” ဟု ကုန်းစွန်က ၀င်ပြော၏ ။ တရားခံက ဆက်၍

“ တစ်ခုလည်း ရှိပါသေးတယ်၊ အခုလို စာရေးဆရာတွေကို ဇတ်ကောင်လုပ်ပြီးရေးတာ ကျွန်တော်စတာ မဟုတ်ပါဘူး၊ ဆရာသော်တာဆွေတို့ ၊ ဆရာသာဂဒိုးတို့က စခဲ့တာပါ ”

“ ဟေ့...လူကြီးတွေကို ဆွဲမထည့်နဲ့ ”

“ ဒီလိုရှိပါတယ်၊ ကျွန်တော်က...”

“ တိတ်စမ်း....”

တူကြီးနှင့် စားပွဲကို ထုလိုက်ရာ

“ ဟာလေ ဟာလေ ဟာလေး ”

“ ကဲ ...ဘာမှ ဆက်မပြောနဲ့ ၊ အမိန့်ချမယ်၊ မောင်မင်းဟာ သူတို့ဘာသာ အေးအေးဆေးဆေးနေတဲ့ စာရေးဆရာတွေကို နောက်လားပြောင်လား လုပ်တဲ့အတွက် အပြစ်ရှိတယ် ၊ ဒါ့ကြောင့် နောက်ကို ပေါက်ကရ မရေးနိုင်အောင် လက်ကိုဖြစ်စေ”

“ ဟာ...ချမ်းသာပေးပါ သုခမိန်ကြီးရယ် ”

“ မရဘူးဟေ့၊ လိပ်ခေါင်းဓားစက်ယူခဲ့ ” ဟု အမိန့်ပေးလိုက်သောအခါ မောင်မြင့် စာအုပ်ချုပ် လုပ်ငန်းမှ ကုလားလေး လေးယောက်တို့သည် စက္ကူဖြတ်သည့် ဓားစက်ကြီးကို မချလာပြီး သုခမိန်ကြီးကို အရိုအသေပြုရင်း ခေါင်းဆောင် ကုလားလေးက

“ ဘယ်လိုဖြတ်ရမှာလဲ ဆရာကြီး ၊ ကရောင်းဆယ့်ခြောက်ချိုးလား၊ ဖူးစကတ် ဆယ်ချိုးလား ”

“ တယ်...စက္ကူဖြတ်မှာ မဟုတ်ဘူး၊ လူဖြတ်မှာ ၊ ကိုင်း ....ဓားစက်ဖွင့်”

ကုလားလေးက ခလုတ်ကို နှိပ်လိုက်၏။ ပြီးမှ

“ ဖွင့်လို့မရဘူး ဆရာကြီး ၊ မီးပျက်နေတယ် ”

“ ဒါဆို မီးစက်နှိုး ”

တရားခံက တောင်းပန်သည်။

“ သုခမိန်ကြီးရယ် လက်တော့ မဖြတ်ပါနဲ့ ၊ ကျွန်တော့်မှာ ဒါလေးနဲ့ လုပ်စားနေရတာပါ ”

“ ဒါဆိုရင် ဖြတ်လို့ ရတဲ့ ဟာကိုဖြတ်စေ ”

ထိုစဉ်တွင် အမျိုးသမီးတစ်ယောက်သည် ငိုကြီးချက်မနှင့် ပြေးဝင်လာသည်။ စောစောက စကားများကို နားစွန်နားဖျားကြားပြီး

“ ကျွန်မ ယောက်ျားကို မဖြတ်ပါနဲ့ရှင် ၊ သူ့မှာ ဒါလေးနဲ့ပဲ လုပ်စားနေရတာပါ ” ဟု ရမ်းသမ်းပြောလိုက် သဖြင့် သုခမိန်ကြီးတောင် ပြုံးမိသလို ဖြစ်သွား၏။ သူက မော့်ကြည့်ပြီး

“ ဟင် ... ကိုကြီးစိန် ၊ ကောင်းကြပါလေရဲ့၊ ကျွန်မတို့ မင်္ဂလာဆောင်တုန်းက ရေခဲမုန့် သုံးခွက်ဆင့်စား သွားတာတောင် မထောက်တော့ဘူးလား ”

“ ကလေးမကိုတော့ သနားပါတယ်၊ ဒါပေမယ့် ဒီကောင့်ကို ချမ်းသာပေးလိုက်ရင် တရားလိုတွေက ပြဿနာ ရှာလိမ့်မယ် ၊ ကဲ...အသင့်ပြင် ”

မာလတ်နှင့်ကောက်ဟူတို့က တရားခံကို ချုပ်ကိုင်ပြီး ဓားစက်ဆီ ဆွဲခေါ်သွား၏ ။ သုခမိန်ကြီးသည် အချက်ပေးရန်အတွက် ဆီချက်ခေါက်ဆွဲဆိုင်မှ တောင်းလာသော ၀ါးတူကို မြှောက်ကိုင်လိုက်စဉ်....

“ ဦးရီးတော် ပ၀မ်ကွေး ကြွလာတယ် ”

“ ချမ်း ချမ်း ” ဆိုသော ယကွင်းသံနှင့်အတူ ဦးရီးတော် ပ၀မ်ကွေးသည် ကိုယ်ရံတော်များ ဖြစ်ကြသော စာကလေး၊ဒကာဆိတ်၊ ဟာကျူလီငပျော့တို့နှင့်အတူ ကြွချီလာသည်။ ပရိတ်သတ်ကြီးက ၀မ်ဆွေ့ ၀မ်ဆွေ့ ၀မ့်ဝမ့်ဆွေ့ ဟု အရိုအသေပြုကြ၏။ သုခမိန်ကြီး ပေါင်စိန်ပင်လျှင် စင်မြင့်ပေါ်မှ ဆင်းလာပြီး ဂါရ၀ပြုရင်း

“ ဦးရီးတော် ဘာကိစ္စများ ရှိလို့ပါပဲ ”

“ ကိစ္စကတော့ ”

တရားခံကို လက်ညှိုးထိုးပြပြီး

“ သူ့ကိစ္စပဲ ၊ သူဟာ စာပေကြော်ငြာ စတိတ်ရှိုးဆိုတဲ့ ၀တ္ထုကို မလိုတမာစိတ်နဲ့ ရေးတာ မဟုတ်ပါဘူး၊ စာပေသမားတွေကို ချစ်လို့ခင်လို့ ကလူကျီစယ်တဲ့ သဘောပါ။ ခုလို ၀တ္ထုထဲ ထည့်ရေးလိုက်တဲ့ အတွက် စာဖတ်သူတွေ ရယ်မောပျော်ရွှင်ကြရလို့ ကုသိုလ်တောင် ရပါသေးတယ်၊ ပညာရှိအမတ်ကြီး ဘိုးဘိုးကြပ် ကတောင် ကျွန်ုပ်နဲ့ သဘောချင်း တူညီကြောင်း သ၀ဏ်လွှာ ပါးလိုက်ပါသေးတယ် ”

သုခမိန်ကြီးက ဦးညွှတ်လိုက်ပြိး

“ ဦးရီးတော်ရဲ့ စကားကို မပယ်ရှားဝံ့ကြောင်းပါ ။ သို့သော်လည်း သူ့ကို ဒီအတိုင်း ခွှင့်လွှတ်လို့တော့ မဖြစ်ဘူး ထင်ပါတယ် ”

“ ဒါကတော့ ဟုတ်တယ်၊ ဒီကောင်ဟာ ကျွန်ုပ်ကိုတောင် နောက်လားပြောင်လား လုပ်ခဲ့သေးတာပဲ ၊ မှတ်လောက်အောင်တော့ ဆုံးမရမှပေါ့၊ ကိုင်း ဒီတော့ ဒီကောင့်ကို အူမတက်မချင်း ၀ိုင်းပြီး ကလိထိုးကြစေ”

ဦးရီးတော် ပ၀မ်ကွေး၏ စကားအဆုံးတွင် တရားလို ပရိသတ်ကြီးမှာ “ ဟာလေ ဟာလေး ဟာလေး ” ဟု အော်၍ သူ့ထက်ငါ အလုအယက် ကလိထိုးရန် ၀ိုင်းအုံလာကြလေတော့သည်။


မင်းလူ
(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း၊ ဇန်န၀ါရီလ ၁၉၉၉)


4 comments:

မောင်မျိုး said...

;) ကျေးဇူးသယ်ရင်း ငါက မင်းလူ ပရိသတ် သူ့စာတွေဖတ်ရင် အသက်ရှည်တယ်လို့ ခံစားရတယ် ။

ကိုဇော် said...

အရမ်းကြိုက်ခဲ့ဖူးတဲ့ ဟာသအတွေး သရော်စာလေးပေါ့။
ခင်ရတဲ့ ဘလော့ဂါ သူငယ်ချင်းတွေကိုတောင်မှ အဲဒီလို လုပ်ပြီး ရေးဖို့ စဉ်းစားမိပါသေးရဲ့။ စဉ်းစားမိတဲ့ အတိုင်းပဲ အကြိမ်ကြိမ် ပျက်သွားပါရဲ့။
တော်ပါသေးရဲ့ . . . အခုတော့ မရေးမိတာလို့ အောက်မေ့မိပါတယ်။

အနမ်း said...

မျှဝေပေးတာကြောင့် ဖတ်မိတာပါ...
ရှဲ့ရှဲ့..း))

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ
ဖတ်စရာတွေကလည်းတယ်များပါလားကရို့ -

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More