Tuesday, December 7, 2010

စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်

စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်

ရုပ်မြင်သံကြားမှာ လာလာနေသော ကြော်ငြာတွေကိုသာ နိုင်ငံခြားသားတွေ ကြည့်မိလျှင် မြန်မာလူမျိုး ဆိုသည်မှာ ခေါင်းကလေးလျှော်လိုက် ၊သနပ်ခါးလေး မိတ်ကပ်လေးလိမ်းလိုက်၊အချိုရည်လေး သောက်လိုက် အားဆေးလေးမှီဝဲလိုက် ၊ ကော်ဖီမစ်လေး သောက်လိုက်၊ ရွှေကလေးဝယ်လိုက်နှင့် နေတတ်သော လူမျိုးဟု ထင်ကြပေလိမ့်မည်။

ကြော်ငြာတွေကလည်း ဒါတွေချည်းပဲကိုး။ ဒါတောင် ဘီယာ၊ အရက်နှင့် စီးကရက် ကြော်ငြာတွေကို ကြပ်ကြပ် မတ်မတ် လုပ်လိုက်ပေလို့ပေါ့။ ဒါမှ မဟုတ်လို့ကတော့ မြန်မာဆိုတာ ဘီယာလေး ၊ အရက်လေး တမြမြ စီးကရက်လေး တဖွာဖွာ နေတတ်သူများဟု သတ်မှတ်ခံရမှာ သေချာသည်။

မြန်မာတို့သည် စာအလွန်ဖတ်သော လူမျိုးဟု အထင်ကြီးခံရဖို့ အလားအလာတော့ သိပ်မရှိလှပါ။ အကြောင်းမှာ ရုပ်မြင်သံကြားတွင် စာအုပ်ကြော်ငြာ မပါသလောက် ဖြစ်နေသောကြောင့်ပင်ဖြစ်၏။

တစ်လ တစ်ခါ၊ နှစ်ခါလောက်တော့ ရှားရှားပါးပါး တွေ့ရတတ်သည်။ သို့ရာတွင် စာအုပ်ကြော်ငြာဆိုတာ က သူများတွေလို အချိန်အကြာကြီးယူပြီး ကြော်ငြာနိုင်တာမဟုတ်။ စက္ကန့်အနည်းငယ် အတွင်းမှာ အမြန် တက်သုတ်နှင်ရခြင်း ဖြစ်၏။ နောက်ခံစကားပြောကိုလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ မလုပ်နိုင်ရှာ။ ဘယ်သူ၏ ဘာဝတ္ထု ၊ ဘယ်စာအုပ်တိုက်က ထွက်နေပါပြီ ဆိုတာလောက်ကို နောက်မှ ရန်သူလိုက်လာဘိသကဲ့သို့ အမောတကော ပြောရသည်။ လေသံကလည်း ရပ်ကွက်ထဲ ဖြတ်ပြေးရင်း “ မီးဗျို့၊ မီးလောင်နေပြီ” ဟု အော်သွားသည့် ပုံစံမျိုး။

ဒါတောင် အရောင်းရဆုံး စာရင်းဝင် စာရေးဆရာများ၏ စာအုပ်များသာ ခုလိုကြော်ငြာနိုင်သည်။ တော်ရုံ တန်ရုံ ဆရာဆိုလျှင်တော့ သတင်းစားမှာ ကြော်ငြာတာတောင် စာအုပ်ထွက်ချိန်အမှီ ကြော်ငြာပါဖို့ တော်တော်ကြိုးစားကြရရှာသည်။

ရုပ်မြင်သံကြားမှ အခြားကုန်ပစ္စည်းတွေ အကြီးအကျယ်ကြေငြာ နေကြတာကြည့်ပြီး အားကျမိ၏။ ငါ့တို့ စာအုပ်တွေလည်း ဒီလိုကြော်ငြာနိုင်ရင် ကောင်းမှာပဲ ဟု တွေးမိ၏။ ဒါကလည်း ဝေးပါသေးသည်။

ဒီတော့ တစ်ခုစဉ်းစားမိ၏။ ကိုယ့်ဘာသာ ကြော်ငြာစင်မြင့် တစ်ခုလုပ်ပြီး စာအုပ်တွေ ကြော်ငြာလျှင် မကောင်းဘူးလား။ ကောင်းသည်။ သို့ရာတွင် ဘယ်သူက စပွန်ဆာလုပ်ပြီး ငွေထုတ်ပေးမှာလဲ။ လက်တွေ့ အကောင်အထည် ဖော်ဖို့မလွယ်။ ထိုအခါ စာတွေ့အကောင်အထည်ဖေါ်ကြည့်သည်။ ဤသို့ဖြင့် စာပေနယ်မှ ကျွန်တော်ချစ်သော ဆရာ၊ ဆရာမများကို ဇတ်ဆောင်များ အဖြစ် ဖန်တီးပြီး ၀တ္ထုတစ်ပုဒ် ရေးလိုက်ရပါသည်။ (ကြော်ငြာပေးသည့်အတွက် ကျွန်တော့်ကို ပြုစုကျွေးမွေးလိုကြပါလျှင်လည်း အမြန် ဆက်သွယ်နိုင်ပါသည်။ ဦးရာလူစနစ်ဖြင့် လက်ခံပါမည်။)

“စာပေကြော်ငြာ စတိတ်ရှိုးကြီး”

စာပေ၀ါသနာရှင်များအတွက် အထူးအစီအစဉ် ။ လေထန်ကုန်းမီဒီယာ အင်တာပရိုက်စ်မှ တင်ဆက်သည်။ စာရေးဆရာ၊ စာရေးဆရာမများ ကိုယ်တိုင်စင်မြင့်ပေါ်တက်၍ ကြော်ငြာသီချင်းများကို ဆိုကြမည်။ ပျော်ကြမည်။ တစ်သက်မှာ တစ်ခါသာ ကြုံရမည့် ပွဲတော်ကြီး။ ကြိုတင်လက်မှတ်များ ရောင်းချနေပါပြီ။ လက်မှတ်တစ်စောင် ၃၀ ကျပ်။

ရန်ကုန်မြို့အနှံ့ ကြော်ငြာတွေ လိုက်ကပ်ထားသည်။ ထိုင်ခုံပေါင်း ခြောက်ရာအတွက် လက်မှတ်များ ရိုက်နှိပ်ရောင်းချရာ ပွဲလုပ်ဖို့ သုံးရက်လောက်လိုသည့် နေ့အထိ လက်မှတ်အစောင် တစ်ရာကျော်ကျော် သာ ရောင်းရ၏။ စီစဉ်သူများစိတ်ပူကြရပြီ။ စာရေးဆရာတွေကို ဒီလောက်စိတ်ဝင်စားမှု နည်းကုန်ကြပြီ လားဟု စိုးရိမ်သွားကြသည်။ ထို့ကြောင့် ကြံမိကြံရာ ကြံကြ၏။

လက်မှတ်ဝယ်ထားသော ပရိတ်သတ်များကို ကံစမ်းမဲမောက်ပေးမည်။ မဲပေါက်သူကို စာရေးဆရာမ မစန္ဒာ နှင့်အတူ ပါပူဝါ နယူးဂီနီကျွန်းသို့ အပန်းဖြေခရီး စရိတ်ငြိမ်း ပို့ပေးမည်ဟု ကြော်ငြာလိုက်၏။

မစန္ဒာဆိုတာ အသက်ဘယ်လောက်ရှိပြီလဲ။ ဖြူသလား ၊ မဲသလား မသိပါ။ ပါပူဝါ နယူးဂီနီကျွန်း ဘယ်နားမှာ ရှိမှန်းမသိသော်လည်း နိုင်ငံခြားဆိုတာနှင့်ပင် လက်မှတ်တွေ ပြိုက်ခနဲ ကုန်ရုံမက မှောင်ခိုတောင် ဖြစ်သွားလေ၏။

*** *** ***

စတိတ်ရှိုး ကျင်းပမည့်နေ့သို့ ရောက်လာသည်။ပရိတ်သတ်များလည်း တဖွဲဖွဲ ရောက်လာကြ၏။ ခန်းမ၏ အပြင်ဘက်မှာလည်း ဈေးဆိုင်ခန်းများနှင့် စည်စည်ကားကား ရှိလေ၏။ စာပေလောက စာအုပ်တိုက်က တောင် အထူးစာအုပ်ဆိုင် လာဖွင့်သေးသည်။

“ရွှေပွဲလာ ပရိတ်သတ်များခင်ဗျာ အခမ်းအနား စတင်တော့မှာ ဖြစ်တဲ့အတွက် သတ်မှတ်ထားသော နေရာများမှာ ၀င်ရောက်နေရာယူကြဖို့ ပန်ကြားအပ်ပါတယ် ခင်ဗျား”

အခမ်းအနားမှုးအဖြစ် ဆောင်ရွက်သူ မြတ်ခိုင်၏အသံ ထွက်ပေါ်လာသည်။ မြတ်ခိုင်သည် အခမ်းအနားမှုး လုပ်ရမည်ဖြစ်၍ သားသားနားနား ၀တ်စားပြင်ဆင်လာ၏။ တစ်ခုပဲ ပြဿနာရှိ၏။ သူသည်ကြော်ငြာ ရိုက်ဖို့ ကိစ္စတစ်ခုကြောင့် တစ်နေ့လုံးအလုပ်များနေခဲ့ရ၏။ ညနေစောင်းမှ အိမ်ပြန်ရောက်သည်။ စတိတ်ရှိုးသွားဖို့ နောက်ကျမည်စိုး၍ ကတိုက်ကရိုက် ပြင်ဆင်ရသည်။ ထိုအခါ မျက်နှာလိမ်းရမည့် အသားဖြူဆေးနှင့် ခေါင်းလိမ်းဆီခရင်မ်ကို နေရာလွဲမှားပြီး လိမ်းလိုက်မိ၏။ ထို့ကြောင့် ဆံပင်တွေက ဖြူသွားပြီး မျက်နှာက ပိတုန်းရောင်တောက်သွားသည်။ ပြန်ပြင်ဖို့ အချိန်မရတော့သဖြင့် ဒီအတိုင်းပင် ထွက်လာခဲ့ရသည်။ ရေးဖော်ရေးဖက်တွေကတော့ မြတ်ခိုင်တို့ကတော့ ထူးထူးခြားခြား လုပ်ချလိုက်ပြန်ပြီ ဟု ချီးကျူးကြလေသည်။

မြတ်ခိုင်သည် စင်ပေါ်တက်လာပြီး

“ရွှေပွဲလာ ဧည့်ပရိတ်သတ်များခင်ဗျား၊ အခုချိန်ကစပြီး ကြော်ငြာ စတိတ်ရှိုး စင်တင်ပွဲကြီးကို စတင်ဖွင့်လှစ် လိုက်ပါပြီ ခင်ဗျား”

လက်ခုပ်သံတွေ ထွက်ပေါ်လာသည်။

“ဒီပွဲကြီးဟာဆိုရင် အင်မတန်ထူးခြားတဲ့ ပွဲကြီးပဲ ဖြစ်ပါတယ်။ ပရိတ်သတ်များ ချစ်ခင်နှစ်သက် စွဲလမ်းခဲ့ကြ တဲ့ စာရေးဆရာ၊ ဆရာမများ ကိုယ်တိုင် စင်ပေါ်တက်ပြီး ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ တစ်သက်မှာ တစ်ခါ ဆိုသလို ကြုံတောင့်ကြုံခဲ ဖြစ်ရာတာမို့ အားပါးတရ ရှုစားတော်မူကြပါ ခင်ဗျား။ အခု ပထမဆုံး မဏာမ မိတ်ဆက်အနေနဲ့ ဖျော်ဖြေမှာကတော့ သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း အဖွဲ့သားများပဲ ဖြစ်ပါတယ် ခင်ဗျား.....................”

လက်ခုပ်သံ ဖြိုးဖြိုးဖြောက်ဖြောက်နှင့် အတူ သောင်းပြောင်းထွေလာမှ အယ်ဒီတာချုပ် မာလတ်၊ တာဝန်ခံ အယ်ဒီတာ ကောက်နွယ်(ကနောင်) နှင့် အဖွဲ့သားများ စင်ပေါ်တက်လာကြသည်။

သူတို့သည် တီရှပ်အဖြူရောင် နှင့် အ၀ါရောင် ဘောင်းဘီများ ၀တ်ထားကြ၏။ တီရှပ်ပေါ်မှာ ရယ်မောနေ သည့် မျက်နှာဖုံးပုံကို ရိုက်နှိပ်ထား၏ ။ ၀မ်းတူးသရီးဖိုးဟု အချက်ပေးလိုက်သောအခါ ဘာမှန်းမသိသော အကတစ်မျိုးကို တစ်ယောက်တစ်ပေါက်စီ မညီမညာကရင်း သံပြိုင်ဆိုသည်။

“သောင်းပြောင်းထွေလာ ... ရှားလားလာလာလာ သင်မှန်မှန် ဖတ်ပါကွယ်..... သောင်းပြောင်းထွေလာ ရှာလာလာလာ ရယ်စရာတွေ မျိုးစုံတယ်”

ကြည့်ရှုနေသော ပရိတ်သတ်က “ ဟင်း ရယ်စရာ မဂ္ဂဇင်းအဖွဲ့တဲ့ကွာ၊ တစ်ယောက်မှလည်း ရယ်စရာ ရုပ်မပေါက်ဘူး.....။ ဟို အယ်ဒီတာချုပ်ဆိုတဲ့ လူရဲ့မျက်နှာက ပုပ်သိုးသိုးနဲ့... တာဝန်ခံ အယ်ဒီတာက လည်းနှုတ်ခမ်းမွှေးနဲ့......သူကြီးသား လူမိုက်ရုပ်မျိုး” ဟု ဝေဖန်ကြလေသည်။

သူတို့အုပ်စု ကုပ်ချောင်းချောင်းနှင့် ဆင်းသွားကြပြီးနောက် အခမ်းအနားမှုးမြတ်ခိုင် စင်ပေါ်တက်လာပြန် သည်။

“ရွှေပွဲလာ ဧည့်ပရိတ်သတ်များ ခင်ဗျား၊ အခု ဆက်လက်ပြီး တင်ဆက်မယ့် သူကတော့ သရုပ်မှန် ၀တ္ထုများ ဖြင့် ထင်ရှားကျော်ကြားခဲ့တဲ့ စာရေးဆရာမှ ခင်မြဇင်ပဲ ဖြစ်ပါတယ် ခင်ဗျား”

တကယ်တော့ ခင်မြဇင်မှာ ခုလို လူကြားသူကြား ထွက်လေ့မရှိ၊ အိမ်ထောင်ကျပြီး နောက်ပိုင်း စာရေးကျဲ နေသဖြင့် “ ဒီအတိုင်းဆိုရင် ပရိတ်သတ်နဲ့ စိမ်းသွားလိမ့်မယ်၊ စာမရေးဖြစ်ရင်တောင် အခုလိုပွဲမျိုးမှာ တက်ပြီး ပရိတ်သတ်နဲ့ ထိတွေ့မှဖြစ်မယ်” ဟု စီစဉ်သူများက စေတနာနှင့် အကြံပေးသလို လုပ်ပြီး ခြိမ်းခြောက် သောကြောင့် စင်ပေါ်တက်လာရရှာခြင်း ဖြစ်၏။

သူသည် စင်ပေါ်ရောက်သောအခါ ခေါင်းကြီးငုံ့ပြီး ရှက်နေသေးသည်။ နောက်ခံတီးလုံး စသောအခါ သူမဆိုပဲ နေလို့မရတော့....

“ပါရာရာ ရာရာဘုံ... ပါရာရာ ရာရာဘုံ.. ပါရာရာ ရာရာ အရွယ်စုံဖတ်တယ်၊ ခင်မြဇင် ၀တ္ထုတွေလည်း..... လူငယ်တွေ ကြိုက်ကြတာပဲ... ဝေဖန်သူများလည်း ကြိုက်တဲ့ ခင်မြဇင်.... အရေးအသားလည်း ကောင်းပါတယ်....ကြာတာလေးလဲ ခွင့်လွှတ်ပါကွယ်၊ အချိန်ယူကာ အကောင်းဆုံးရေးတဲ့ ခင်မြဇင် ဘုံ... ပါရာရာ ရာရာဘုံ... ပါရာရာ ရာရာဘုံ”

ဆိုလို့ပြီးသွားသော်လည်း ပရိတ်သတ်က ငိုင်ပြီး ငြိမ်နေကြသည်။ သူ့ခင်ပွန်း ကိုသန်းအုန်းက အရင်ဆုံး လက်ခုပ်တီးပြီး ချူလိုက်တော့မှ ပရိတ်သတ်တွေ လက်ခုပ်လိုက်တီးကြလေ၏။

“အခုတစ်ခါ အလှည့်ကျသူကတော့ မကြာခင် အချိန်ကလေးကမှ အဲယားမန္တလေး လေယာဉ်နဲ့ ဆိုက်ရောက် လာခဲ့တဲ့ ဆရာကံချွန်ပဲ ဖြစ်ပါတယ် ခင်ဗျား”

အခမ်းအနားမှုးက ကြေငြာသည်။ အမှန်တော့ ကံချွန်သည် လေယာဉ်နှင့်လာခဲ့ခြင်းမဟုတ်။ အက်စ်အီး အမြန်ရထား အထက်တန်းတွဲ၏ လှေကားချောင်မှာ ခိုကပ်လိုက်လာခဲ့ရခြင်းသာ ဖြစ်၏။ လူအထင်ကြီး အောင် မြှောက်ပင့်ကြေညာလိုက်ခြင်းပင်။

ဘာပဲဖြစ်ဖြစ် ကံချွန်ကတော့ မျက်မှန်ကလေး တ၀င့်ဝင့်လုပ်ရင်း စင်မြင့်ပေါ်ကို ခပ်တည်တည် တက်လာသည်။ ပရိတ်သတ်ဘက်လှည့်၍ လက်အုပ်ချီပြီး နှုတ်ဆက်၏။ ထို့နောက် သူ၏ပင်ကိုဟန် ဖြစ်သော ဗိုက်ပူပူကလေးကို ရှေ့သို့ပစ်၍ပစ်၍ လှုပ်ရင်း..

“ပန် .. ပန်..ပန်...ပန်..ပန်၊ ပန်ပန် ပန်ပန်းပန် ကံချွန် ကာတွန်းဆွဲလို့ အောင်မြင်၊ ကံချွန် ၀တ္ထုရေးလဲ အောင်မြင်၊ ကံချွန် ကြုံရာ အကုန်လုပ်လိုက်ချင်...ရွှေမန်းရဲ့ သခင် ...ဗိုမောင် ..ပန် ..ပန် .. ပန်..ပန်းပန်”

“ ဟာ..ဘယ့်နှယ် ဗိုမောင်ဆိုတာကြီးက ပါလာရတာလဲကွ”

ဟု ပရိတ်သတ်ထဲမှ အသံထွက်လာ၏။ ကံချွန်က သွားလေးဖြီး၍ လက်အုပ်ချီလိုက်ပြီး

“အခွင့်အရေးရတုန်း ကျွန်တော့်ညီအတွက်ပါ ထည့်ကြော်ငြာ လိုက်ရတာပါ ခင်ဗျာ”

ဟုပြောပြီး အမြန်ဆင်းပြေးသွားသည်။

နောက်ထပ်အလှည့်ကျသူ ချစ်ဦးညိုဖြစ်သည်။ သူကတော့ ဇတ်သဘင်နှင့် ပတ်သက်နေသဖြင့် နှစ်ပါးသွား ပုံစံ လုပ်လာသည်။ တစ်ခုပဲရှိ၏။ သူနှင့်တွဲဖို့ မင်းသမီးရှာလို့မရခြင်းပင် ဖြစ်၏။ သူနှင့်ခင်သော ဇတ် မင်းသမီးတွေကလည်း ဇတ်နားထားကြတာ ကြာတော့ ၀တုတ်ကြီးတွေဖြစ်သူဖြစ်၊ အိမ်ထောင်ကျသူကျ၊ တချို့ကတော့ “ကျွန်မတို့ စင်ပေါ်ပြန်မတက်ချင်တော့ပါဘူး ဆရာရယ်” ဟု အလိမ္မာနှင့် ငြင်းလွှတ် ကြသည်။

တကယ့် ကြော်ငြာမင်းသမီးတွေကျတော့လည်း သရုပ်ဆောင်ခ သိန်းနှင့်ချီ တောင်းနေသဖြင့် အနားတောင် မကပ်နိုင်။ နောက်ဆုံးတော့ ရရာဆွဲမှ ပဲဆိုပြီး သူ့အိမ်က လေဒီကြီးကိုပဲ စည်းရုံးရတော့ သည်။ပြောရမှာ တော်တော်ခက်မည် ထင်ထားသော်လည်း တကယ်တမ်းကျတော့ တစ်ခါပဲ မေးရ သေးသည်။ “စောစောက ပြောပါလား ၊ တကတည်း သူများတွေ လျှောက်ရှာနေရသေးတယ်” ဟု ဆိုလေ၏။

တစ်ခုပဲ ရှိ၏။ လေဒီချစ်ဦးညိုမှာ အသက်အရွယ်ကလေး နည်းနည်းရလာပြီ ဖြစ်၍ ကိုယ်လုံးကိုယ်ထည်က ဖယောင်းတိုင်ရှိပ် ဖြစ်ချင်နေပြီ။ ဒီတော့ ဂျိန်းဖောင်ဒါ၏ စာအုပ်ဖတ်ပြီး နှစ်ပတ်အတွင်း အပြင်းအထန် လေ့ကျင့်လိုက်ရာ အံ့သြစရာကောင်းလောက်အောင် ငယ်မူပြန်သွား၏။

ဒီလိုနှင့် စင်မြင့်ပေါ် နှစ်ယောက်တွဲ တက်လာနိုင်ခဲ့လေသည်။ သူတို့မှာ ရိုးရာဟန်မပျက်စေဘဲ ကျေးလက် ဂီတသံဖြင့် ကြောငြာသွားပုံမှာ...

“ကိုကြီးညိုရေ”
“ဗျို...ဗျို...ဗျို...ဗျို...”
“ကိုကြီး ညိုရေ”
“ဗျာ...ဗျာ...ဗျာ...ဗျာ့...”
“ဒီတစ်ခေါက် ၀တ္ထုရေးရင် မမေ့ပါနဲ့ရှင်၊ အများတကာတွေ တောင်းတတာပင် ကျွန်မမှာလေ ကြားရ ပါသရှင်၊ ရာဇ၀င် ၀တ္ထုကလေး ရေးလို့ဖြင့် ထုတ်စမ်းပါရှင်... ကိုကြီးညိုရေ..”
“အေး ပါဟ”

လူလတ်ပိုင်းနှင့် လူကြီးပိုင်း ပရိတ်သတ်က သဘောကျကြသည်.။ လူငယ် တွေကတော့ ၀တ်ကျေ တန်းကျေ လောက်သာ လက်ခုပ်တီးကြသည်။

အခမ်းအနားမှုးက ကြေညာပြန်သည်။

“ယခု အလှည့်ကျသူကတော့ ကာတွန်းဆရာ ငွေကြည်ပဲ ဖြစ်ပါတယ် ခင်ဗျား”

ငွေကြည် စင်ပေါ်တက်လာသည်။ သူ့ကို ရုတ်တရက် မမှိတ်မိနိုင်ကြ။ အကြောင်းမှာ သူကား သားရေဂျာ ကင်နှင့် ဂျင်းဘောင်းဘီဝတ်ထားပြီး ဆံပင်ကိုလည်း အနီရောင်ဆိုးထားသောကြောင့် ဖြစ်၏။ သူသည် တံတောင်ဆစ်ကို ကွေး၍ လက်သီးကို ဆုပ်၊ ဒူးကို အနည်းငယ် ညွှတ်လိုက်ပြီးမှ

“ဒူဝါ ဒီဒီ ဒမ်း ဒီးဒီဒူ... အို့၊ ငွေကြည်ဆိုသည်မှာ ကာတွန်းဆရာပဲ၊ အိုလေ....ဒူဝါဒီဒီ ဒမ်း ဒီဒီးဒူ... အပြစ်ကင်းစွာ ရယ်မောကြ၊ ရိုးရာဟာသလေး များပါ၊ ပြည်သူတွေ ရွှင်ပြုံးနှစ်သက်လို့ ကြည်နူးလို့သာ မဆုံး...ရေးဆွဲတဲ့ ငွေကြည်လေးပါပဲ”

ပရိတ်သတ် မှင်သက်သွားမိကြ၏။ သူတို့စိတ်ထဲတွင် ကာတွန်းငွေကြည်ကို သီချင်းဆိုတတ်မှာ မဟုတ်ဟု ထင်ထားကြသည်။တကယ်တမ်းကျတော့ အသံရော ဟန်ရော တကယ့်ဝါရင့်တွေအတိုင်း ဖြစ်နေသဖြင့် အံ့သြချီးကျူးကြရသည်။ စည်သူလွင်ထက်တောင် သာသည်ဟု မှတ်ချက်ချကြလေ၏။

* * *

ထို့နောက် ပရိတ်သတ်များ ခံစားမှု အာရုံအပြောင်းအလဲဖြစ်စေရန် ကြားဖြတ် အစီအစဉ်များ တင်ဆက်သည်။
ကိုရိုးကွန့်၏ မျက်လှည့်၊ အော်ပီကျယ်၏ အသံတု၊ နေ၀င်းမြင့်နှင့် ညိုထွန်းလူတို့၏ ဟာဒယရွှင်ဆေး၊ မမွှေး ၊ မ၀ိုင်း ဇွန်ပွင့်နှင့် ရာသက်ပန် (တောင်ငူဆောင်)တို့၏ ပန်းပွားအက၊ မအိ၏ တစ်ကိုယ်တော် ဖက်ရှင်ရှိုး၊ စသော အစီအစဉ်များကိုလည်း ပရိတ်သတ်က သဘောကျကြသည်။

ကြားဖြတ်အစီအစဉ်များအပြီးတွင် မူလကြော်ငြာ စတိတ်ရှိုး အစီအစဉ် ပြန်စသည်။ အလှည့်ကျသူက ဆရာအောင်ပြည့် ဖြစ်၏ ။ သူက စာလည်းရေးသည်၊ အယ်ဒီတာလည်း လုပ်သည်။ ကျူရှင်လည်း ပြသည်။ ရုပ်ရှင် သရုပ်ဆောင်လည်း လုပ်သည်။ ခုလည်း ကျူရှင်ပြရာမှ တန်းလာရသောကြောင့် စင်ပေါ်တက်လာ ရသောအခါ ကျူရှင်ဆရာတို့၏ အထိမ်းအမှတ်ဖြစ်သော မျက်နှာသုတ်ပ၀ါ အသေးစားကလေးက ပခုံးပေါ် တင်လျက်ပါလာ၏။


ဆရာအောင်ပြည့်သည် မျက်နှာနှင့် လည်ပင်းမှ ချွေးများကို ပ၀ါလေးနှင့် သုတ်ပြီး အဆင်သင့်ပြင်သည်။ တီးလုံး စပြီ။ ထိုအခါကျမှ တီးဝိုင်းဘက်သို့ ပြူးပြူးပြာပြာ လက်ကာပြပြီး ပါးစပ်ထဲမှ မြုံ့လျက်သား ရှိနေသော ကွမ်းဖတ်များကို သွားထွေးထုတ်ပစ်သည်။ ပြီးမှ တီးဝိုင်းဘက်သို့ အချက်ပြလိုက်၏။

“၀တ္ထုလား ၊ ဆောင်းပါလား၊
ဗီဒီယို ရိုက်ဦးမလား၊
အယ်ဒီတာ ခန့်ချင်သလား၊
အောင်ပြည့်ဆီကိုသွား၊
လေကုန်ခံကာလေ မမေးနဲ့၊
မြန်မာစာတော်ချင်ရင် ပြေးခဲ့၊
ကျောင်းသားတွေ အားလုံးအတွက်
မြန်မာစာသင်တန်း....တက်ကြစို့လား..”

ဆရာအောင်ပြည့်သည် ချွေးတစ်ခါ ထပ်သုတ်၊ကွမ်းယာဘူးထဲမှ တစ်ယာထုတ်ဝါးပြီး ပြန်ဆင်းသွား၏။
“ဆရာအောင်ပြည့်တို့ကတော့ ပိုင်တယ်ဗျာ၊သူ့အလုပ်တွေ အားလုံးပါအောင် ကြော်ငြာသွားနိုင်တယ်” ဟု ဇော်ဇင်က သူ့ဘေးနားကထိုင်နေသော မြင့်ဦးဦးမြင့်ကို ပြောလိုက်၏။ မြင့်ဦးဦးမြင့်က ခေါင်းညိတ်ပြသည်။ ထို့နောက်... “ ဟော ...လာပြီ ၊ လာပြီ” ဟု ပြောလိုက်၏။

မောင်ခိုင်မာ စင်ပေါ်တက်သည်။ သူသည် ပါးစပ်မှာ တပ်လျက်သား ပါလာသော ဆေးပြင်းလိပ်တို ကို ချွတ်သည်။ ဆေးလိပ်မီးကို တံတွေးနှင့် အသာတို့၍ ငြိမ်းသတ်ပြီး ရှပ်အင်္ကျီအိတ်ထဲ ရွရွကလေး ထည့်သိမ်း ထားလိုက်သည်။ သူက ကဗျာဆရာ ပီပီ သူများတွေလို သီချင်းမဆိုဘဲ ကဗျာ တစ်ပုဒ်ကိုသာ အသံနေ အသံထားဖြင့် ရွတ်ဆိုလိုက်သည်။

“နွေရက် မိုးဆောင်း
ပြောင်းလို ပြောင်းလော့
အဟောင်းသွေဖည်
အသစ်တည်မည်
ရာသီတိုင်းမှာ...
မောင်ခိုင်မာ..”

ကဗျာ အဆုံးသတ်လိုက်သော အချိန်မှာပင် လူငယ် ကဗျာ သမားအုပ်စုထံမှ “ဒါမှ ဆရာခိုင်ကွ” ဟူ၍ အော်ဟစ် အားပေးသံများ ထွက်လာ၏။ ထို့နောက် အခမ်းအနားမှူးမြတ်ခိုင် စင်ပေါ်တက်လာပြန်သည်။ သူက ရှေ့တန်းမှာ ထိုင်နေကြသော သူများဆီ မျက်လုံးကစားလိုက်ပြီး “ အခု ကြားဖြတ်ဖျော်ဖြေမှု အနေနဲ့ တင်ဆက်မယ့်သူကတော့ ဆရာဝင်းငြိမ်း ပဲ ဖြစ်ပါတယ် ခင်ဗျား”

ရှေ့ဆုံးတန်းတွင် ထိုင်နေသော ဆရာဝင်းငြိမ်းမျက်လုံးပြူးသွားသည်။ သူက စင်ပေါ်တက်ပြီး ကြော်ငြာဖို့ လာခဲ့ခြင်းမဟုတ်။ ဧည့်သည်တော်အနေဖြင့် တက်ရောက်လေ့လာခြင်းသာ ဖြစ်၏။ ဒါကို မြတ်ခိုင်က စေတနာ တွေပိုသွားမိ၏။ တခြားစာရေးဆရာတွေအသီးသီး စင်ပေါ်တက်ပြီး ဆိုကြဟစ်ကြချိန်မှာ သူ့ဆရာက ဒီအတိုင်း ထိုင်နေရတာကို မကြည့်နိုင်သဖြင့် ပွဲထုတ်ဖို့ စိတ်ကူးရပြီး ရုတ်တရက် ကြေညာလိုက်ခြင်းဖြစ်၏။

ကြေညာပြီးမှတော့ စင်ပေါ်မတက်လို့မဖြစ်တော့။ ပရိတ်သတ်တွေကလည်း လက်ခုပ်တီး၍ ကြိုဆိုနေကြပြီ။ အနီးအနားမှ လူများကလည်း ၀ိုင်းကြည့်နေကြပြီ။ ထို့ကြောင့်စင်ပေါ်သို့ ခပ်ဖြည်းဖြည်း ခပ်လေးလေး တက်လာခဲ့ရ၏။ မိုက်ကရိုဖုန်းရှေ့မှာ ရပ်လိုက်ပြီးနောက် ဘာလုပ်ရမှန်းမသိပဲ ခေါင်းကုတ်လိုက်၏ ။ ပရိတ်သက် က ကြွက်စီကြွက်စီ ဖြစ်လာသည်။ ဒီအတိုင်း ဆက်ရပ်နေလို့ မဖြစ်တော့သဖြင့် ခေါင်းထဲ ဖျတ်ခနဲပေါ်လာသည့် အတိုင်း........

“မိုးလုံးဟိန်းတဲ့ ၀င်းငြိမ်း” ဟု အော်လိုက်၏။ ရုတ်တရက် ကြံရာမရသဖြင့် စိတ်ကူးတည့်ရာ အော်လိုက်ခြင်း ဖြစ်သော်လည်း ပရိတ်သတ်က သဘောကျသွားပြီး လက်ခုတ်တီး၍ သြဘာပေးကြသည်။ ဆရာ ၀င်းငြိမ်းမှာ ခုမှ သက်ပြင်းချနိုင်ပြီး စင်ပေါ်မှ ဆင်းသွားသည်။ သူ့နေရာသို့အသွားတွင် မြတ်ခိုင်ရှိရာသို့ မျက်နှာထားကြီး နှင့် ကြည့်လိုက်၏ ။ မြတ်ခိုင်မှာ ဇက်ကလေးပုပြီး မျက်လုံးကလေး ကလယ်ကလယ် လုပ်နေရှာသည်။

“နောက်ထပ် အလှည့်ကျသူကတော့ ပရိတ်သတ်များ မျှော်လင့်စောင့်စားနေကြတဲ့ စူပါစတား စာရေး ဆရာကလေး တာရာမင်းဝေ နဲ့ မနော်ဟရီတို့ပဲ ဖြစ်ပါတယ်ခင်ဗျား”

လပ်ခုပ်သံများနှင့်အတူ တာရာမင်းဝေတို့စုံတွဲ စင်ပေါ်တက်လာ၏။ တာရာမင်းဝေက အနောက်တိုင်းပွဲတက် ၀တ်စုံကို ၀တ်ဆင်ထား၏။ မနော်ဟရီကလည်း အနီရဲရဲဝတ်စုံနှင့်။ အသက်ကလေးတွေကလည်း ငယ်၊ ရုပ်ကလေး တွေကလည်း ချောမောကြသဖြင့် သူတို့နှစ်ယောက်ကိုကြည့်ပြီး တိုက်တန်းနစ် ဇတ်ကားထဲမှ မင်းသားမင်းသမီးများဖြစ်ကြသော လီယိုနာဒို ဒါဗင်ချီ (ဆောရီး) လီယိုနာဒိုဒီကာပရီယိုနှင့် ကိတ်ဝင်းစလက် တို့ကို ချက်ချင်း သတိရမိကြလေ၏။

(လီယိုနာဒိုမှာ ရုပ်ရှင်ထဲတွင် ရေခဲတမျှအေးသော ပင်လယ်ထဲ၌ သွေးခဲပြီး သေသွားခဲ့သည်။ တာရာမင်းဝေ ကတော့ မိန်းမချောချောကလေး ရပြီးကတည်းက ပါးစပ်ကြီးဖြဲဖြဲ နေတတ်သဖြင့် သွားတွေ အအေးမိမှာ စိုးရိမ်ရ၏။)

တီးလုံးက အင်ထရိုဖြင့် အစပျိုးလိုက်ပြီ။ တာရာမင်းဝေက လက်ဖျောက်ကလေးတီးပြီး စတင်လှုပ်ရှား လိုက်သောအခါ မနော်ဟရီက လက်နှစ်ဖက်ကို မြှောက်၍ဆန့်တန်းလိုက်ပြီး

“ဘီဒီ ဘီဒီ ဘမ်းဘမ်း ... ၀ူး...ဘီဒီ...ဘီဒီ ဘမ်းဘမ်း... ဘီဒီ ဘီဒီ...ဘမ်း... တာရာရဲ့ ကဗျာ..တာရာရဲ့စာ အဆင့်မြင့်မြင့်နဲ့ ဖတ်ကြည့်ပါ။ ဘီဒီ ဘီဒီ ဘမ်းဘမ်း....ဘီဒီဘီဒီဘမ်းဘမ်း ရွှေရောင်လွှမ်းလာ....မော်ဒန်ခေတ် မှာ ဆန်းသစ်တောက်ပ အတွေးများစွာ.......ဘီဒီဘီဒီ ... ဘမ်းဘမ်း...ဘီဒီ ဘီဒီ ဘမ်းဘမ်း...ဘီဒီ... ဘီဒီ... ဘီဒီ... ဘီဒီ...”

လူငယ် ပရိတ်သတ်က သည်းသည်းလှုပ်မျှ လက်ခုပ်သြဘာ ပေးကြသည်။ အဘိုးကြီး တစ်ယောက်ကတော့ “ဘယ့်နှယ်ကွာ ဒီနေရာမှာများ ဘီပီဘမ်းပရုတ်ဆီလာကြော်ငြာနေ ရတယ်လို့” ဟု ရေရွတ်လိုက်၏။

တာရာမင်းဝေတို့ ဆင်းသွားပြီး ခဏအကြာမှာပင် မီးတွေမှောင်ကျသွားသည်။
“ဟာ.... အရေးထဲဆို မီးကပြတ်ပြီ”
“မီးစက်မရှိဘူးလားဟေ့၊ နှိုးလေကွာ”
စသည်ဖြင့် အော်ဟတ်ကြသည်။ ထိုစဉ်မှာပင် အသံချဲ့စက်မှ ကြေညာသံ ထွက်လာ၏။

“ဧည့်ပရိတ်သတ်များ ခင်ဗျား အခုနောက်ဆုံး အစီအစဉ်အဖြစ် တင်ဆက်မှာ ဖြစ်တဲ့အတွက် မီးများ မှောင်ချထားခြင်း ဖြစ်ပါတယ်၊ အခု ဖျော်ဖြေ တင်ဆက်မယ့်သူကတော့ ဟာသထိပ်ခေါင် ဂုရုကွေးခေါ် ဆရာကြီးကွေး ခေါ် အီကြာကွေး ဖြစ်ပါတယ် ခင်ဗျား”

ကြေညာသံနှင့်အတူ စပေါ့လိုက်ခေါ် မီးဆလိုက်ကြီးများဖြင့် စင်မြင့်ပေါ်သို့ ကွက်၍ ထိုးလိုက်သည်။ ဆရာကြီး ကွေးသည် စွပ်ကျယ်လက်ပြတ်အနီ ၊ သူဝတ်နေကျ မီးခိုးရောင် ဘောင်းဘီတို့ကို ဆင်မြန်းလျက် ၀ါးလုံးရှည်ကြီး တစ်လုံးကိုထမ်း၍ လက်နှစ်ဘက်တင်ထားပြီး ပြုံးပြုံးကြီး ရပ်နေသည်။ သူ့နောက်မှာ တပည့် ကျော်များဖြစ်သည့် ဒကာဆိတ် ၊ ဟာကြူလီ ငပျော့နှင့် စာကလေးတို့ တန်းစီရပ်နေကြ၏။ လက်ထဲမှလည်း ကွမ်းယာဆေးမွှေးထည့်သည့် ဗူးတွေကို ဆုပ်ကိုင်ထားကြသည်။

လက်ခုပ်သံများ ဆူညံသွားသည်။

“ဆရာကွေးကွ ၊ ဒါမှ တို့ဆရာကွေး ၊ အဲဗားကွေး ၊ အဲဗား ကွေး”
ဆိုသော အော်ဟစ် အားပေးသံများလည်း ထွက်ပေါ်လာသည်။ ဆရာကြီးကွေးသည် ထမ်းထားသည့် ၀ါးလုံးကြီးကို ပစ်ချလိုက်ပြီး “ ကွေး ဆရာရေ့” ဟု အချက်ပေးလိုက်သော အခါ တပည့်ကျော်များက သံပြိုင် ဟစ်လိုက်ကြ၏။

“ဘယ်သူတွေ ဘယ်လောက်ကောင်းကောင်း အီကြာလူတိုင်းကြိုက်ကုန်ပြီ၊ ဒန်းဒန် ...ဒန်းဒန် ၊ စာစောင်တွေ အများကြီးထဲ အီကြာပါမှ ပွဲစည်သည် ဒန်းဒန် ... ဒန်းဒန်...၊ ၀ို.. ၀ိုးဝူ...၀ိုးဝူ....၀ို ဟာသလေးများ လစဉ်ရေးနိုင် ပါသည်။ သက်တမ်းကလည်း အနှစ် နှစ်ထောင် ပြည့်ခဲ့ပြီ၊ ဘယ်သူတွေ ဘယ်လောက်ကောင်းကောင်း အီကြာ လူတိုင်းကြိုက်ကုန်ပြီ”

သီချင်းအဆုံးတွင် ဆရာကြီးကွေးက လက်နှစ်ဖက်မြှောက်ပြီး တီးလုံးနှင့် အံဝင်ခွင်ကျ ရပ်လိုက်၏။
လက်ခုပ်သံများ လက်ခေါက်မှုတ်သံများ တဝေါဝေါ ဆူညံနေ၏။
“ဆရာကွေးကွ”
“စူပါကွေးကွ”
“ပြည်သူချစ်တဲ့ ဆရာကြီးကွေးကွ”
“ဆရာကွေး ... ၀မ်ဆွေ့ ၀မ်ဆွေ့.. ၀မ့် ၀မ်ဆွေ့”
စသည့်ဖြင့် အော်ဟစ်အားပေးသံများက ခန်းမကြီး ပွင့်ထွက်မတတ် မြည်ဟိန်းနေသည်။ ဤသို့ဖြင့် စာပေကြော်ငြာ စတိတ်ရှိုးကြီးမှာ အောင်မြင်စွာပြီးဆုံးသွား၏။

ကံစမ်းမဲဖေါက်ရာတွင် ကိုစန်းမောင်ဆိုသူက ပေါက်သွား၏။ ထိုသူမှာ အခြားမဟုတ် ၊ စာရေးဆရာမ မစန္ဒာ အိမ်က လူကြီးပင်ဖြစ်သတည်း။

(မှတ်ချက် ။ ။ ကျွန်တော်ချစ်ခင်သော စာရေးဆရာတွေ အများကြီးရှိပါသေးသည်။ သို့ရာတွင် ကြော်ငြာ သီချင်းစာသားများနှင့် အံဝင်ခွင်ကျဖြစ်အောင် စပ်ဆိုရန် အခက်အခဲရှိသဖြင့် ချန်လှပ်ထားခဲ့ရသည်ကို ခွင့်လွတ် ပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။ နောင် အလျဉ်းသင့်လျှင် ထည့်သွင်းဖေါ်ပြပေးပါမည်)


(သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်း၊ သြဂုတ် ၁၉၉၈)

Monday, December 6, 2010

စာရေးဆရာဖြစ်ဖို့ မွေးဖွားလာခဲ့သူ (အဆက်)

ပလေးဘွိုင် အင်တာဗျူးများက ယနေ့တိုင်အဲသည် စတိုင်လ်အတိုင်း ရှိနေဆဲဖြစ်သည်။

ပလေးဘွိုင်အတွက် အဲသည်လိုအင်တာဗျူးအများအပြား အလက်(စ)ရေးသားခဲ့သည်။ သည်အထဲမှာ နံမည်ဆိုးနှင့် ကျော်ကြားသည့် လူမျိုးခွဲခြားရေးသမား နာဇီလက်သစ်တစ်ဦးဖြစ်သူ ဂျော့ခ်ျလင်ကွန်းရော့ခ်ဝဲလ် နှင့်လုပ်သည့် အင်တာဗျူးလည်း ပါဝင်သည်။ သူ့ဘာသာသူ ဟစ်တလာပုံစံ ခေါင်းဆောင်ကြီး လုပ်နေသည့် ရော့ခ်ဝဲလ်နှင့် အလက်(စ) တို့၏ အဆင်မပြေလှသော တွေ့ဆုံပွဲက ဗာဂျီးနီးယားပြည်နယ် အယ်လင်တန်ရှိ ရော့ဝဲလ်၏ ကျယ်ဝန်းလှသော ဌာနချုပ် နယ်မြေထဲတွင် ဖြစ်ပွားခဲ့သည်။

ပလေးဘွိုင် အတွက် မဂ္ဂဇင်းက ရော့ခ်ဝဲလ်ထံသို့ အင်တာဗျူးအတွက် ဆက်သွယ်ချိန်းဆိုစဉ်က၊ “ခင်ဗျားတို့ လွှတ်မဲ့လူဟာ ဂျူး မဟုတ်ရင် ပြီးရောဗျ၊” ဟုပြောပြီး သဘောတူခဲ့သည်။ အဲလက်(စ)က ရော့ခ်ဝဲလ်ထံသို့ မိမိ မည်သည့်အချိန်ရောက်လာမည့် အကြောင်း ဆက်သွယ်ပြောဆိုသည့် အခါ၌လည်း “ မင်း ဂျူး မဟုတ်တာ သေချာတယ်နော်” ဟူ၍ တစ်ခွန်းမေးသေးသည်။

“ဟုတ်ကဲ့ ၊ သေချာပါတယ် ခင်ဗျ ၊ ကျွန်တော် ဂျူး လုံးဝ မဟုတ်ပါဘူး၊” အဲလက်(စ) က အာမခံသည်။

“ဒါဆို ပြီးရောကွာ ၊ မင်းကို အချိန် တစ်နာရီပေးမယ်” ရော့ခ်ဝဲလ်က ဆိုသည်။

သူတို့ဆီ ရောက်သွားသည့်အခါ အလက်(စ) အား ယူနီဖောင်းများ ၀တ်ထားသည့် လူကောင်ထွားထွား အစောင့်အကြပ်များက နာဇီအလံများ ၊ ဟစ်တလာ ရုပ်ပုံကြီးများကြားမှ ဖြတ်သန်းကာ ရော့ခ်ဝဲလ်၏ ရုံးခန်းဆီသို့ ခေါ်ဆောင်သွားသည်။ အစောင့်များက နာဇီများ ထုံးစံအတိုင်း ဇိတ်(က)ဟေးလ် (အောင်ပါစေ)ဟု ကြွေးကြော်အလေးပြုပြီး တံခါးဖွင့်ပေးသည်။ အလက်(စ)အား လူမည်းတစ်ယောက်မှန်း သိသွားသည့်အခါ ရော့ခ်ဝဲလ် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။

“ဘုရားရေ” သူ့ပါးစပ်က အာမေဍ္ဍိတ် ထွက်သွားသည်။ သို့သော် စိတ်မပါ့တပါ့နှင့် ပင် အင်တာဗျူးကို တော့ ဆက်လုပ်ရန် သဘောတူလိုက်သည်။

“ဟေ့ တစ်ခုတော့ ရှင်းရှင်းပြောမယ်ကွ” ရော့ခ်ဝဲလ်က ကုလားထိုင်မှာ မှီထိုင်ရင်း ငေါက်ဆတ်ဆတ် လေသံနှင့် ပြောသည်။ “မင်းရော ၊ မင်းတို့အမျိုးတွေပါ ငါ့စိတ်ထဲမှာ ချင်ပန်ဇီထက်သာတယ်လို့ သဘောမထားဘူး”

“ဟုတ်ကဲ့ ၊ ရပါတယ်ခင်ဗျ၊” တော်ရုံလောက်ကို အရေးမလုပ်သည့် အလက်(စ)ကဆိုသည်။ “ လူကြီးမင်းကြိုက်သလို သဘောထားနိုင်ပါတယ်”။

အင်တာဗျူး အစမှာပဲ အလက်(စ)က စားပွဲနံဘေးရှိ ခုံငယ်တစ်ခုပေါ်မှာ လျှပ်စစ်လက်နှိပ်စက်တစ်လုံး တင်ထားတာ သွားမြင်သည်။
“မစ္စတာရော့ခ်ဝဲလ်၊ ကျွန်တော်မှတ်စုရေးတဲ့အခါ များသောအားဖြင့် လက်နှိပ်စက် နဲ့ ရေးလေ့ရှိပါတယ်၊ ကျွန်တော် ဒီလက်နှိပ်စက် သုံးလို့ရမလား ခင်ဗျာ”

ရော့ခ်ဝဲလ်က သူ့ကိုကြည့်ပြီးနောက် “ ဒါက လျှပ်စစ် လက်နှိပ်စက်ကွ ” ဟု ဆိုသည်။
“ဟုတ်ကဲ့ ကျွန်တော် ကိုင်တတ်ပါတယ် ခင်ဗျ၊” အလက်(စ)က ပြုံး၍ ပြောသည်။

အဲသည်နောက် အလက်(စ)က မေးခွန်းမေးပြီး၊ အဖြေကို လက်နှိပ်စက်နှင့် ရိုက်သည်။ ရော့ခ်ဝဲလ် သူ လိုက်မီအောင် ဆိုသော သဘောနှင့် အဖြေတွေကို ဖြေးဖြေးနှေးနှေးလေး ပြောပေးနေသည်။ သို့နှင့်၊ အလက်(စ)က ၊ “ကျွန်တော့်ကို ခုထက် မြန်မြန်လေး ပြောလို့ရပါတယ် ခင်ဗျ” ဟုပြောရသည် သူက လက်နှိပ်စက် အမြန်ရိုက်ပွဲတွင် ကယ်လီဖိုးနီးယား တစ်နယ်လုံးမှာ ဗိုလ်စွဲခဲ့ဖူးသူ ဖြစ်သည်။

“ကောင်းပြီး ၊ ကျွန်တော် မွေးတဲ့ အချိန်က...”

“ဟုတ်ကဲ့ ၊ ဒီထက် မြန်မြန်ပြောပါ ခင်ဗျာ၊”

ရော့ခ်ဝဲလ်က နည်းနည်းပို၍ မြန်မြန်ပြောရင်း ၊ ပုံမှန် စကားပြောနှုန်းလောက် ရောက်လာသည်။ အလက်(စ)က သူပြောသမျှ စကားကို ပြိုင်တူလိုက်ရိုက်သည်။ ရော့ခ်ဝဲလ်က ပုံမှန်ထက်ပို၍ မြန်မြန်ပြော သည်။ အလက်(စ)က ဒါကိုလည်း မီအောင်ရိုက်သည်။ ရော့ခ်ဝဲလ်က မြန်သထက်မြန်အောင် ပြောသည်။ ဒါလည်း အလက်(စ)က လိုက်၍မီသည်။ နောက်တော့ ရော့ခ်ဝဲလ် ရပ်သွားကာ ဟန်ပန်တွေ လုပ်မနေတော့ဘဲ၊ အလက်(စ)အား အံ့သြစွာ ငေးကြည့်နေသည်။

အလက်(စ)က ပြန်ကြည့်ပြီး ၊ ပခုံးတွန့်ကာ ဟန်ပါပါ ပြောလိုက်သည်။ “ချင်ပန်ဇီတစ်ယောက် အနေနဲ့ သိပ်မဆိုးဘူး ပေါ့နော်”

နောက်တွင် ၊ အလက်(စ)သည် စာအုပ်လောကတွင် ကျော်ကြားခဲ့သည့် မယ်လကမ်အိပ်(က)(စ) ကိုယ်ရေး အတ္ထုပတ္တိ စာအုပ်ကိုရေးပေးခဲ့သည်။ ၄င်း စာအုပ်မှာ အုပ်ရေ ၆ သန်းကျော် အထိရောင်းချ ခဲ့ရသည်။

သို့သော်၊ သည်အတော အတွင်း သူ့ကိုယ်ထဲမှာ သည့်ထက်ပို၍ ကြီးကျယ်သော စာအုပ်တစ်အုပ် ကိန်းအောင်းနေခဲ့သည်။ စာအုပ်က အပြင်ထွက်ချင်လှပြီ ပူဆာနေသည်။ အကြောင်းအရာက သူ့ဇာတိ သူ့ဇစ်မြစ် အကြောင်းဖြစ်၍ ၊ သူ့အဖွားနှင့် သူ့အဒေါ်တွင် တင်နက်ဆီပြည်နယ် ဟင်နင်းမြို့ရှိသူတို့ အိမ်ရှေ့အ၀င်ခန်းကလေးမှာ ထိုင်ရင်း၊ သူ့အား လက်ဆင့်ကမ်းပြောကြားခဲ့သည့် ပါးစပ်ရာဇ၀င် ပုံစံအတိုင်း သူရေးပြခြင်းဖြစ်သည်။ သူကိုယ်တိုင်၏ မျိုးရိုးစဉ်ဆက်တွေ အကြောင်းဟု ဆိုသော်လည်း အမေရိကန် လူမည်းတိုင်း၏ ဘ၀ဇတ်ကြောင်းကို ဖော်ထုတ်ရေးသားသလို ရှိခဲ့သည်။ အစ၌ သူက သည်စာအုပ်ကို Before This Anger ဟု အမည်ပေးခဲ့ပြီး၊ စာအုပ် တစ်စိတ်တစ်ဒေသကို ကျွန်တော် တဟီတီ မှာ သွားရောက်နေထိုင်လျက် ရှိစဉ် ကျွန်တော့စတူဒီယို၌ သူရေသားခဲ့ခြင်း ဖြစ်သည်။ ကျွန်တော် ပြန်ရောက်လာ၍ သူက သူ့စာအုပ်ထဲက အကြောင်းတွေပြောပြသည့် အခါ ကျွန်တော် အကြီးအကျယ် စိတ်ဝင်စားသွားပြီး စာအုပ်ရေးမပြီးသေးမီပင် သူ့အား ဟောလိဝုဒ်ရှိ ကျွန်တော့်အေးဂျင့်ဖြစ်သူ ရှေ့နေ လူးဝစ်ဘလောင်းကို သွားရောက်တွေ့ဆုံစေခဲ့သည်။ ဘလောင်းက အလွန်အောင်မြင် နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ အလုပ် အဆမတန် များသည်။ သူ တာဝန်ယူ ဆောင်ရွက်ပေးနေရသူတွကလည်း နာမည်ကြီး ရုပ်ရှင်မင်းသား မင်းသမီး ၊ ဒါရိုက်တာနှင့် ထိပ်သီးစာရေးဆရာ တွေ များသည်ဖြစ်ရာ သူနှင့် တွေ့ဆုံပြောဆိုရတာ သိပ်တော့ မလွယ်။

“မစ္စတာ အလက်(စ)ဟယ်လေ၊ ခင်ဗျား ဇတ်လမ်းပြောဖို့ အချိန် ဆယ့်ငါးမိနစ် ပေးမယ်ဗျာ ၊ ဒိထက်တော့ ကျွန်တော့မှာ အချိန်မရှိဘူး၊” သူက ဆိုသည်။

အလက်(စ)က သူ့ထုံးစံအတိုင်း လေသံအေးအေး နှင့်ပင်၊ အလွန်ဝေးလံသော ကာလ သူ၏ ဘိုးဘေး ဘီဘင်တစ်ဦးဖြစ်သူ “ကွန်တာကင်တီ” အာဖရိကတိုက် ဂမ်ဘီယာမြစ်ဖျားရှိ တောကြီးမျက်မည်း တစ်နေရာတွင် ဖမ်းဆီးခံရပုံအကြောင်း ၊ ကင်တီအား သံခြေကျင်း သံကြိုးကွင်းတွေ ချည်နှောင်ကာ အမေရိကသို့ သယ်ဆောင်လာပြီး ဗာဂျီးနီးယားပြည်နယ် စပေါ့(တ)ဆီလ်ဗေးနီးယားခရိုင်ရှိ ဒေါက်တာ ၀ီလျံဝေါ်လာ ဆိုသူထံ ရောင်းချခဲ့ကြောင်း အစချီကာ ၊ နောင်တစ်နေ့ ကမ္ဘာတစ်လွှားရှိ စာဖတ်သူများ၊ ရုပ်မြင်သံကြားကြည့် ပရိတ်သတ်များ ကျွမ်းဝင်သိရှိကြရမည့် ချစ်ကင်းဂျော့ခ်ျ၊ တစ်ဇီ အစရှိသူတို့ အပါအ၀င် မြောက်များလှစွာသော ဆွေမျိုးစုဝင် ဇတ်ဆောင် တို့ဖြင့် ပုံဖော်ရက်လုပ်အပ်သော “ဇာစ်မြစ်” (Roots) ဇာတ်လမ်း ကိုပြောပြသည်။

ဆယ်ငါ့းမိနစ်အဆုံးတွင် ဘလောင်းက သူ့အတွင်းရေးမှူးအား တခြားအစီအစဉ် အချိန်းအချက်တွေ အားလုံးဖျက်ခိုင်းလိုက်ပြီး အလက်(စ)ပြောပြသည့် သူ့မျိုးနွယ် အဆက်ဆက်တို့၏ လှိုင်းဂယက်ထန်လှ သော ဘ၀ခရီးကြမ်း အကြောင်းကို နောက်ဆုံးမျိုးဆက်ကလေး မွေးဖွားသည်အထိ နှစ်နာရီမျှ ကြာအောင် အာရုံစိုက်နားထောင်သည်။ “ အဲဒီကလေးကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲ” ဟူသော စကားဖြင့် သူ့ဇတ်လမ်းကို နိဂုံးချုပ်သည်အထိ ဘလောင်း တစ်ခွန်းမျှပင် ၀င်မမေးပဲ ငြိမ်သက်၍ နေခဲ့သည်။

အဲသည်နောက်တွင်မှ သူ ဖြည်းညင်းစွာ ထလာပြီး အလက်(စ)ဆီသို့ လက်ကမ်းကာ “ မစ္စတာ ဟယ်လေ၊ဒီဇတ်လမ်းကို ခင်းဗျား အခု ကျွန်တော့်ကို ပြောပြတဲ့အတိုင်းသာ ရေးနိုင်မယ်ဆိုရင် ကမ္ဘာတုန်သွား နိုင်တယ်ဗျ” ဟူ၍ ဆိုလိုက်တော့သည်။

သူပြောသည့်အတိုင်း အလက်(စ) တကယ်ရေးနိုင်ခဲ့ပြီး တကယ်လည်း ကမ္ဘာတုန်ခဲ့ပါသည်။

ထိုပြင်၊ အဲသည်နေ့မှာပင် သူ့ဇတ်လမ်းကို ရုပ်မြင်သံကြား ဇတ်လမ်းတွဲ အဖြစ် ရိုက်ကူးရန် သဘောတူညီချက် ရခဲ့သည်။ တကယ် ရိုက်ကူးဖြစ်သောအခါ၌လည်း ရုပ်မြင်သံကြား သမိုင်းတွင် လူကြည့်အများဆုံး ဇတ်လမ်းတွဲအဖြစ် စံချိန်တင်ခဲ့သည်။

သူ့စာအုပ် (Roots) ထွက်လာသည့်အခါမှာလည်း အကြီးအကျယ် လူကြိုက်များခဲ့ပြီး အရောင်းရဆုံး စာအုပ်များစာရင်းတွင် ကာလကြာရှည် ပါဝင်နေခဲ့သည်။ သည်စာအုပ်ဖြင့် ပူလစ်ဇာ ဆုလည်း ရသည်။ အမျိုးသားစာအုပ်ဆု လည်းရသည်။ ထို့ပြင် အနယ်နယ် အရပ်ရပ်ကလည်း သူ့အား သူ့စာအုပ် အကြောင်း သူ့စာပေ ဘ၀အကြောင်း လာရောက်ဟောပြောပေးရန် အလုအယက် ဖိတ်ကြားသည်။

တစ်ကြိမ်၌ အိုင်အိုဝါပြည်နယ် အင်ဒီယာနိုလာမြို့ ကလေးရှိ ဆင်ပဆင်ကောလိပ်တွင် ပရိတ်သတ် တစ်ထောင်ခန့်ကို သူဟောပြောရသည်။ ဟောပြောအပြီး စာအုပ်များတွင် လက်မှတ် ရေးထိုးပေးနေစဉ် လူတစ်ယောက်ကို သူ သတိထားမိသည်။ လူက ဆွေကြီးမျိုးကြီးထဲက ပုံမျိုး ၊ သူနှင့် စကားပြောချင်နေပုံ ရသည်။ သို့သော် နည်းနည်း ချီတုံချတုံ ဖြစ်သည့် အမူအရာဖြင့် နောက်ဘက် ခပ်လှမ်းလှမ်းမှာ ရပ်နေသည်။

“ဟုတ်ကဲ့ ၊ ဘာများ ပြောချင်လို့ပါလဲ ခင်ဗျာ” အလက်(စ)ကပဲ စတင်၍ မေးလိုက်သည်။

ပုဂ္ဂိုလ်က လည်ချောင်း နည်းနည်းရှင်းလိုက်ပြီး ၊ “မစ္စတာ ဟယ်လေ၊ ကျွန်တော်က ဒီကျောင်းမှာ ပညာရေးပိုင်း ဆိုင်ရာ အကြီးအကဲပါ ၊ ကျွန်တော် ဆရာ့စာအုပ်ကို ဖတ်ပါတယ်၊ ပြီးတော့ ကျွန်တော့် မျိုးနွယ်ဆက် မှတ်တမ်းတွေကို ပြန်ကြည့်ပါတယ်။ ကျွန်တော်ကလည်း ဆရာ့လို အမျိုးအရိုး ရာဇ၀င်တွေ စိတ်ဝင်စားသူ တစ်ယောက်ပါပဲ” ဟု စကားချီသည်။

“ဟုတ်ကဲ့ ပြောပါခင်ဗျား”

“အဲဒီမှာ ၊ ကျွန်တော် သွားတွေ့တာ.....ဒီကိစ္စကို ဘယ်လိုပြောရမှန်းတောင် မသိပါဘူး ဆရာ ၊ အားနာ စရာလဲ ဖြစ်နေတယ်........”

“ရပါတယ်.... ခင်ဗျား၊ ပြောသာပြောပါ”

“ဟုတ်ကဲ့ ဆရာ ၊ ကျွန်တော် သွားတွေ့တာက ဆရာ့အဘိုးရဲ့ အဘိုးရဲ့ အဘိုးဖြစ်သူ ကွန်တာကင်တီကို ပိုင်ဆိုင်ခဲ့တဲ့ ဒေါက်တာဝီလျံဝေါ်လာ ဆိုတာဟာ ကျွန်တော့် အဘိုးရဲ့ အဘိုးရဲ့ အဘိုဖြစ်တယ် ဆိုတာပါပဲ ခင်ဗျား၊”

သည်အဖြစ်အပျက်ကို အလက်(စ)က ကျွန်တော့်အား ပြန်ပြောပြခဲ့သည်။

“ အဲဒီမှာ ကျွန်တော်တို့နှစ်ယောက် ရပ်ပြီး တစ်ယောက်ကို တစ်ယောက် ငေးကြည့်နေမိတယ် ၊ ၁၇၆၀ ခုနှစ် နောက်ပိုင်း ကာလက သခင်နဲ့ကျွန်ရဲ့ မြေးရဲ့ မြေးရဲ့ မြေးလေးတွေလေ၊ အဲဒိနောက် ဒေါက်တာ ဝေါ်လာဝိုက်ဇာရဲ့ အိမ်မှာ ကျွန်တော်တို့ နှစ်ယောက် မျိုးရိုးစဉ်ဆက် ဇယားတွေ အပြန်အလှန် နှိုင်းယှဉ်ချိတ်ဆက်ပြီး ရှေးဖြစ်တွေ လှန်နေလိုက်ကြတာ သန်းခေါင်ကျော် တစ်ချက် နှစ်ချက် တီးရောပဲ၊ အဲဒီနေ့ကစပြီး သူနဲ့ ကျွန်တော်လည်း ရာသက်ပန် မိတ်ဆွေရင်းချာတွေ ဖြစ်သွားကြတယ်”

အလက်(စ)၏ မိသားစုနှင့် ပတ်သက်သည့် အကြောင်းအရာတွေ အားလုံးတော့လည်း (Roots) ထဲမှာ ပါခဲ့သည် မဟုတ်ပါ။ သူနှင့် သူတို့ ညီအစ်ကို မောင်နှမတွေ၏ ဘ၀ကို ယခုအခြေ အနေ အဆင့်အတန်း မျိုးရောက်အောင် အစပျိုး မြှင့်တင်ပေးခဲ့သည့် ဖခင်ဖြစ်သူ ဆိုင်မွန်ဟယ်လေ အကြောင်းကို ကျွန်တော့်အား အလက်(စ)က တစ်ခါက ပြောပြဖူးသည်။

ဆိုင်မွန်ဟယ်လေ၏ ဖခင်သည် ငွေဝယ်ကျွန်ဘ၀မှာ နေခဲ့ရဘူးသူတစ်ဦး ဖြစ်ပြီး ၊ နောက်ပိုင်း၌ တင်နက်ဆီ ပြည်နယ် ဆဗန်းနားမြို့တွင် လယ်သီးစားတစ်ယောက် အဖြစ် အသက်မွေး ရပ်တည်ခဲ့ရသည်။ ဆိုင်မွန်ကမူ လယ်ယာလုပ်သား ဘ၀က လွတ်အောင်ရုန်းထွက်ရန် သန္နိဌာန် ချခဲ့သူ ဖြစ်ရာ အထက်တန်းကျောင်းကို ပြီးဆုံးအောင် တက်သည်။ ထို့နောက် မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ဂရင်း(စ)မြို့ရှိ အေအင်တီကောလိပ်တွင် ဆက်၍ ပညာသင်နိုင်ရန် ကြိုးစားသည်။ သို့သော် ၊ တစ်ဖက်က ကျောင်းတက်ရင်း ၊ တစ်ဖက်က စားစရိတ်ရော ကျောင်းစရိတ်ပါ ရှာရသည်မှာ မလွယ်သဖြင့် သူ့ရည်မှန်းချက်ကို လျှော့လိုက်ရသည်။ ကျောင်းတစ်ဝက်တစ်ပျက်နှင့် ထွက်လာပြီးနောက် ၊ လယ်သီးစား ဘ၀ဆီ ပြန်မလား မပြန်ဘူးလား ဆုံးဖြတ်ချက် မကျသေးမီ ပူးလ်မင်း ရထားတွဲစောင့် ၀င်လုပ်သည်။ ရထား ခရီးစဉ်တစ်ခုတွင် ခရီးသည်တစ်ဦးဖြစ်သူ အာရ်အက်(စ)အင်(မ)ဗွိုက်(စ) အား ဝေယျာဝစ္စ ဆောင်ရွက်ပေးရသည်။ ဗွိုက်(စ)မှာ ကားတစ် စာအုပ်ထုတ်ဝေရေး ကုမ္ပဏီ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဗွိုက်(စ)က သွက်လက်ချက်ချာပြီး လိမ္မာယဉ်ကျေးမှုလည်း ရှိသော ဆိုင်မွန်အား သဘောကျသဖြင့် စကာစမြည်ပြောရင်း သူ့ဘ၀အကြောင်း သူ့ရည်မှန်းချက်များ အကြောင်း မေးမြန်းသည်။ ထို့နောက်၌ ဗွိုက်(စ)က ဆိုင်မွန်အား ဒေါ်လာ ၅၀၀ ပေးပို့ခဲ့သည်။ ထိုငွေမှာ ထိုစဉ်က ကောလိပ်ကျောင်း တစ်နှစ် တက်ရန်အတွက် ကျောင်းစရိတ်ရော စားစရိတ်ပါ ပြည့်စုံလုံလောက်သော ပမာဏ ဖြစ်သည်။ ထိုအကူအညီဖြင့် ဆိုင်မွန် ကျောင်းဆက်တက်ပြီး ကောလိပ်မှ ဘွဲ့ရသည်။ ထို့ပြင်၊ သူ့အတန်း၌ ပထမအဆင့်မှ အောင်မြင်သဖြင့် ကော်နဲလ် တက္ကသိုလ်တွင် မဟာတန်း ဆက်တက်ရန် စကောလားရှစ်ဆု ချီးမြှင့်ခြင်း ခံရသည်။

ဖခင်လက်ထက်တွင် ထိုသို့အခြေအနေ ပြောင်းသွား ခဲ့သဖြင့် အလက်(စ)တို့ ညီအစ်ကို မောင်နှမတစ်တွေလည်း လယ်သီးစား သားသမီးများအဖြစ် တောကျေးလက်တွင် ဆင်းရဲနုံချာစွာ နေရမည့် ဘ၀နှင့် ကင်းဝေးကာ စာအုပ်စာတမ်းများနှင့် ပညာမြတ်နိုးသူများကြားမှာ ကြီးပြင်းခွင့် ရခဲ့ပြီး ၊ အလက်(စ)က စာရေးဆရာ ဖြစ်ခဲ့သည်။ သူ့ညီအစ်ကိုများအနက် ဂျော့ခ်ျက အမေရိကန် ပြည်ထောင်စု စာပို့နှုန်းထားကော်မရှင် တွင် ဥက္ကဌရာထူးအထိ ရရှိပြီး၊ ဂျူးလိယက်(စ)မှာ ဗိသုကာတစ်ဦး ဖြစ်လာသည်။ ထို့ပြင် ညီမဖြစ်သူ လိုဝစ်(စ)သည် ဂီတဆရာမ တစ်ယောက်ဖြစ်ခဲ့သည်။ ချုပ်ပြောရလျှင် ၊ ဟိုယခင် ၁၉၈၁ ခုနှစ် ဆီက မီးရထားပေါ်မှာ သူတို့ဖခင် ဆုံတွေ့ ခဲ့ရသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ မေတ္တာစေတနာ ကြောင့် ဟူ၍ ဆိုနိုင်ပေသည်။

အလက်(စ)က အဲသည်လို အဖြစ်အပျက်မျိုးတွေကို စိတ်ဝင်စားဖွယ် သီကုံးပြောဆိုတတ်သူတစ်ယောက် ဖြစ်သည်။ မာတာဒေါမှာ တစ်ခါက သူပြောဖူးသည့် ဖြစ်ရပ်ကလေး တစ်ခုကမူ သူ၏ ရိုးဖြောင့် မှန်ကန်သော စိတ်ဓာတ်ကို တစေ့တစောင်း ဖေါ်ပြနေသည် ဟုဆိုချင်သည်။

သူက ဇာတိမြို့မှ ညီအစ်ကို ၀မ်းကွဲတစ်ယောက် အကြောင်းပြောပြခြင်းဖြစ်သည်။ သည်လူငယ်က ပညာတတ်ဆိုပြီး ဘ၀မြင့်သည်။ သူများထက် တော်သည် တတ်သည် ဆိုပြီး နေရာတကာ ၀င့်ဝါချင်သည်။ သူက အမေရိကန် တက္ကသိုလ်လောကမှာ ထင်ရှားသည့် ဖိုင်ဘီတာကက်ပါ ဂုဏ်ထူးဆောင် ကျောင်းသား အသင်းဝင်ဖြစ်ခဲ့ရာ ၊ သည်ဟာကို ကြွားချင်သဖြင့် ၊ အပြင်ထွက်တိုင်း အသင်းဝင်အမှတ်တံဆိပ် “သော့” ကလေးကို လည်ပင်းမှာ ကြိုးနှင့်ဆွဲ၍ ထွက်လေ့ရှိသည်။

တစ်နေ့မှာတော့ မျက်စိနောက်နေသည့် အဒေါ်တစ်ယောက်က သူ့လည်ပင်းက သော့ကလေးကို သေသေချာချာ မျက်မှောင်ကြုတ်၍ ကြည့်ကာ “သိပ်လှတာပဲ ငါ့တူရယ်၊ သိပ်ကိုလှတာပဲ၊ ဒါပေမယ့် ဒီသော့နဲ့ ဘာတွေများ ဖွင့်လို့ရသလဲကွဲ့” ဟူ၍ မေးလိုက်သည် ၊ ဟူ၏။

ယခုတော့ ၊ အလက်(စ) မရှိတော့ပါပြီ။ သူနှင့် ပတ်သက်၍ ကျွန်တော် ဘားနဒ်ရှော၏ စကားတစ်ခွန်းကိုသာ ကိုးကားပြီး ပြောလိုက်ချင်ပါသည်။

“ဒီလို သူငယ်ချင်းမျိုး တစ်ယောက်ကို ကျွန်တော် သေသွားလို့သာ ဆုံးရှုံးချင် ဆုံးရှုံးပါစေ ၊ သူကွယ်လွန် လို့ ဆုံးရှုံး ရတာမျိုးတော့ ကျွန်တော် အဖြစ်မခံနိုင်ပါ ၊ ” ဟူ ၍ ။

မူရင်း ။ ။ Barnaby Conrad ၏ Alex Haley - A Writer of Destiny


Saturday, December 4, 2010

သူ့မယား ငါ့မယား အခန်း (၇)

တနင်္ဂနွေ တစ်ပတ်လောက်ကြာသော အခါ ပြန်၍ လာကြရာ ကလေးများပါ လိုက်၍လာကြလေ၏။ အကြောင်းမူကား အသိမိတ်ဆွေ ဥာတိသင်္ဂဟအပေါင်းတို့ကပင် ကလေးများအား ဖျောင်းဖျ နားချပြီး ပထွေးနှင့် သင့်အောင်နေဖို့ ထည့်လိုက်ကြလေ၏။ မောင်မြကလည်း..........

“ဒါကတော့ အကြောင်းပေါ့လေ၊ ငါက သားသမီးရတဲ့ လူမျိုးမဟုတ်လို့ နတ်များက ပေးလာတဲ့ သားထူးသားမြတ် တွေလို့ ဆိုရမှာပဲ။  အမြတ်ပေါ့ မယ်မှုန်ရယ် ၊ မင်းလည်း ငါ့အတွက် ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ ကြွေးတုံ့ ကြွေးလှည့် ၊ မွေးတုံ့ မွေးလှည့်ရှိလို့ ကျွေးရ မွေးရတာ”

“ကလေးတွေက မိုက်တယ် ကိုမြရဲ့ ၊ သည်းညည်းခံနိုင်ရင် တော်ပါရဲ့”

“မိုက်တာတော့ မဟုတ်ပါဘူး ထင်ပါရဲ့ကွယ်။ အထင်လွဲပြီး ငါ့ကို မျက်မုန်းကျိုးလို့ပါ၊ နောင် တဖြည်းဖြည်း ငါကောင်းမှန်း သိလာရင် နေရာကျမှာပဲ ၊ ကိုယ့် မိခင်ဆိုတာ တခြား သူစိမ်းပြင်ပြင် တစ်ယောက်နဲ့ အတူနေတာကို မြင်ရရင် ကလေးသူငယ်တို့ဘာဝ မခံချင်စိတ် ဖြစ်တာပဲ”

ရွာထဲ၌ကား စကားအသစ်ဖြစ်ပေါ်၍ နေသည်ကား........

“ကျုပ်တို့ ကိုမြကြီးတော့ ထီပေါက်နေပြီ ၊ အခု ကလေးသုံးယောက်ရော အမြွာပူး တစ်ကြိမ်တည်း ရနေပါကလား” ဟူသော စကားဖြစ်လေ၏။

ကလေးများနှင့် သင့်တင့်ပုံမရကြောင်းလည်း သိကြသဖြင့် ကိုမြကြီးကို များစွာပင် သနားကြလေ၏။  အချို့ကလည်း ရယ်စရာ ပြောကြလေ၏ ။ အကြောင်းမူကား ကိုမြကြီးမှာ.....

“ငါ့မြင်းကို သင်း စီးတယ်  ငါက ဘာအညံ့ခံမလဲ ၊ သင်းလှေ ငါလှော်မယ် ” ဟူသော ကိန်းမျိုး ကြုံ၍ နေရှာလေတော့သတည်း။

ကိုမြကြီးမှာ သူငယ်သုံးယောက် တက်ရောက်၍ လာသည့်နေ့ကစပြီး စပါးဈေးများ မလှုပ်မရှား ငုပ်လျှိုသက်ဆင်းမည့် နမိတ်တွေကိုသာ ကြားရသဖြင့် ဘုရား......ဘုရား..... ဒီအကောင်ကလေး သုံးယောက်ဟာ ငါ့တို့အား ကောင်းကျိုးပေးဖို့လာတာမှ ဟုတ်ပါ့မလား။ လာပုံကို ထောက်တော့ သူတို့ အမေကြီး သေလို့ လာရတာကို ထောက်တော့ သေမင်းက ပို့လွှတ်တာ ဖြစ်နေပါကလား။ စပါးဈေးများလည်း အိုနာနေ နှိပ်စက် ၊ စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတဲ့ ကိန်းကြုံ၍ နေပါကလား၊ စသည်ဖြင့် တွေးတောပူပင်စ ပြုလေ၏။

ကလေးများကလည်း ပထွေးကို ဂရုမစိုက် ၊ ပထွေးက တစ်စုံတစ်ရာကို ပြောသည့်အခါ.....

“ခင်ဗျား မပြောနဲ့ ၊ ကျွန်တော်တို့ မမပြောတာသာ ခံမယ် ။ ခင်ဗျား ကျွန်တော်တို့ အဖေ မဟုတ်ဘူး” စသည်ဖြင့် ပြောကြလေ၏။

ကြားရသော အခြားသူများက ကိုမြကြီးအတွက် မခံချင်ဖြစ်ကြလေ၏။

“ငကြောင် ခင်ဗျားဖြစ်လို့ ဒီအကောင် ကလေးတွေ ခင်ဗျားသားတွေဖြစ်ရင် အခုလို စော်ကားဝံ့ကြမှာ မဟုတ်ဘူး ချီးမွမ်းအောင် ကြောက်ရမှာ ” ဟု ပြောကြလေ၏။

ကိုမြကြီးသည်ကား မည်သူ မည်သို့ပင် ပြောစေကာမူ တစ်ဖက်နားက၀င်၍ တစ်ဖက်နားမှ ထွက်လျက် စပါးဈေးကို သာ စောင့်မျှော်၍နေလေ၏။

မယ်မှုန်မှာလည်း ကလေးတွေကို နှိမ်၍မရ၊ “သူတို့နဲ့ မြန်မြန်ကင်းချင်ရင် ပညာမြန်မြန် တတ်အောင် သင်ပေးပြီး အတောင်အလက်စုံရင် လွှတ်လိုက်ဖို့ရှိတာပဲ” ဟု အတန်တန်ပြောကြသဖြင့် ရွာထဲ၌ အလုပ်မရှိ သော ကောလိပ်ကျောင်းသားတစ်ယောက်အား တစ်လ အစိတ်ပေးပြီး ၄င်းတို့ကို ပညာ အသင်ခိုင်း ရလေ၏။

ကလေးများမှာ ကိုမြကြီး အပေါ်၌သာ ဆိုးကြ၏။ အခြားသူများနှင့်ကား တစ်စုံတစ်ရာဖြစ်သည်ဟု မကြားရ။ ပညာကိုလည်း ကြိုးစားကြလေ၏။

ကိုမြကြီးသည် မိမိအိမ်တွင်း ဆန်၊ ဆီ ၊ ဆေး၊ ဆား ၊ ငရုတ် ၊ ကြက်သွန် မှစ၍ ရွပ်ရွာနှင့် သင့်တော်သော ကုန်များကို လိုလေသေးမရှိအောင် ၀ယ်ခြမ်း၍ ကုန်စုံဆိုင်ကလေးတစ်ခု တည်ထောင်ရောင်းချ ခဲ့ရာ တစ်နေ့တစ်ခြား ဆိုင်ကလေးမှာ ကြီးပွားလာသည်ကို တွေ့မြင်ရသော အခါ......

ရွာလယ်၌ တရုတ်ကုန်စုံဆိုင်ကြီးတစ်ခု ရောက်၍လာလေ၏။  မြစ်ကမ်းရှိ ရေတွင်းမှ ရေဟူသမျှသည် မြစ်ရေ၏ အားအရှိန်စုပ်ယူရာသို့ ပါရသလို ဆိုင်ကလေးမှာ လုံးပါးပါးစ ပြုလေရာ အကြွေးဝယ်သူသာ များလေ၏။

သို့သော်လည်း ကိုမြကြီးသည် ကလေးများအား ပညာသင်ပေးခြင်းအလုပ်ကို မလျှော့ ၊ ရှိသမျှ ငွေကလေး နှင့်ပင် အနေအစားကို လင်မယားနှစ်ယောက် ခြိုးခြံကာ ကလေးများ မြန်မြန်ပညာတတ်ဖို့ကိုသာ ဂရုစိုက် ကြရလေ၏။

အရင်က လက်ဝယ် ငွေကြေးအတော်ကလေးရှိစဉ်ကပင် ကလေးများ၏ ချစ်ခင်ကြည်ညိုခြင်းကို မခံရသောသူ တစ်ယောက်မှာ လုံးပါးပါးပြီး လက်ဝါးချည်းကျန်ရှိသည့် အခြေအနေသို့ ရောက်သောအခါ၌ သာ၍ပင် မလေးမစားပြုကြသည်ကို ခံရလေ၏။ တဖြည်းဖြည်း ကိုမြကြီး၏ ခန္တီပါရမီကြီးရင့် ခိုင်မာကြောင်း သိ၍လာကြသောအခါ အထက်ထက်က မခံချင်သောစိတ်နှင့် “ အလကား ငနဲကြီးပါ ၊ မယားကြောက်ကြီးပါ” စသည်ဖြင့် ကဲ့ရဲ့ပြောဆိုသူများပင် ၄င်းအား ချီးမွမ်းစပြုကြလေ၏။

ထိုကဲ့သို့နေရာ အခါလယ်ကျော်ခန့်ရှိသောအခါ သားအကြီးဆုံးဖြစ်သူမှာ အလွတ်ပညာသင်အဖြစ်နှင့် ဆယ်တန်းအောင်၍သွားပြီး ၄င်းတို့ကိုသင်ပြသော ဆရာကလေး၏ အသိမိတ်ဆွေ အဆက်အနွယ်များ၏ ကျေးဇူးကြောင့် ဆပ်ကျောင်းသို့ လျှင်မြန်စွာ ရောက်၍သွားလေ၏။
အလတ်မှာ ၇ တန်း မအောင်သေး ၊ အငယ်မှာ ၇ တန်းဖြေဖို့သာ ဆက်လက်၍ သင်ကြားနေကြရသဖြင့် အငယ်နှစ်ယောက် တာဝန်သာရှိ၏။ ဆရာကလေးကလည်း မိမိ၏ တပည့်တစ်ယောက် ဆပ်ဖြစ်တော့မည်ဟု မျှော်လင့်ကာ အားရှိလှသဖြင့် လူကြီးများမှာလည်း အရင်ကနှင့်မတူတော့သည့် အခြေအနေသို့ ရောက်၍နေလေကြောင်း သိရသောအခါ လခမယူပဲ သင်ပေးလေ၏။ အကြောင်းမူကား ထိုဆရာကလေးမှာ တစ်ယောက်ကစ တစ်ရာဆိုသလိုနှင့် သင်ပြသဖြင့် သူငယ်တစ်ယောက် ဆယ်တန်းအောင်ပြီး ဆပ်ကျောင်းကို ရောက်ကြောင်း ကြားသိကြရသမျှသော သားသမီးရှင်တို့က ကူညီကြသဖြင့် ရွာကျောင်းကြီး တစ်ခုဖြစ်၍လာရာ ဆရာကလေးမှာ ထိုအလုပ်ဖြင့် ချမ်းသာနိုင်သော အခြေအနေသို့ ရောက်၍လာလေတော့ သတည်း။




အခန်း (၈) အား ဆက်လက် ဖေါ်ပြပါမည်........................................။

Friday, December 3, 2010

သူ့မယား ငါ့မယား အခန်း(၆)

အခန်း(၆)

ထိုအခါ စပါးကုန်သည်အဖြစ်နှင့် ကိုမြကြီးမှာ အတော်နာမည်ကြီး၍ လာလေ၏။ သို့သော်လည်း ပစ္စည်းဥစ္စာတို့ ပင်လယ်၌ထသော လှိုင်းပမာ မြင့်သည့်အခါမြင့် ၊ နိမ့်သည့်အခါ နိမ့်တတ်သည့် သဘောကြောင့်တစ်ကြောင်း ၊ မလုပ်ဖူးသော အလုပ်ကို လုပ်မိသဖြင့် တစ်ကြောင်း၊ နာမည်ကြီးသလောက် အကျိုးမများ၊ ပထမ သိုလှောင်သော စပါးများမှာ ငွေရင်းရှိသမျှ အကုန်သွင်းမိလျက်ဖြစ်ရကား ထောင့်ငါးရာ လောက် ရှုံး၍သွားလေ၏။ သို့သော်လည်း ဣနြေ္ဒမပျက် ဆင်ကြုံကျွဲပေါ့ဟူသော စကားမျိုးနှင့် ဒုတိယနှစ်ဆက်၍ လှောင်ပြန်လေ၏။

စပါးများ ကျီတွင်းသို့ရောက်ပြီးနောက် လင်းမယားနှစ်ယောက်သည် အိမ်ရှေ့၌ ထိုင်ကာ တွက်ကိန်းချ နေခိုက်တွင် သူငယ်သုံးယောက်သည် ရင်ပေါင်တန်း လက်ချင်းဆက်ကာ သွက်လက်လျင်မြန်သော ခြေလှမ်းနှင့် လာကြလေ၏။ မယ်မှုန်ကို မြင်ကြသောအခါ ပြေး၍လာကြလေ၏။ မယ်မှုန်လည်း ထိုင်ရာမှ ၄င်းတို့ထံ ထ၍ပြေးလေ၏။ မကြာမီ သုံးယောက်သား မယ်မှုန်ကို ဖက်ကာတွယ်ကာ သူတစ်ခွန်း ငါတစ်ခွန်း ပြောရင်းမေးရင်း လိုက်၍လာကြလေ၏။ မောင်မြမှာ ထိတ်လန့်ကြောက်ရွံ့သော အမူအရာနှင့် ကြည့်၍နေလေ၏။ အကြောင်းမူကား အသက် ၁၈ နှစ်ခန့်ရှိ အကြီးဆုံးအကောင် ချောချောကလေးမှာ ငကြောင့်နှင့် လွန်စွာတူ၍ နေလေ၏။

“ဟဲ ... ဒါတွေ ဘာတွေလဲ”

“ကျွန်မ သားတွေလေ”

“ဟင် .... နင်ငါ့ကို အရင်က မပြောပါကလား”

“အရင်က သူတို့ ရှိမှ မရှိဘဲကိုး၊ ကျုပ်လည်း သူတို့အဘွားနဲ့မို့ စိတ်ချနေတာပဲ၊ တာဝန်တော့ ဒီတစ်သက်မှာ ရှိတော့မှာ မဟုတ်ဘူးလို့ အောက်မေ့မိတာပဲ”

“နို့ အခု ဘယ်လိုဖြစ်သလဲ”

“အမေ မမာလို့တဲ့ ”

“နေစမ်းပါဦး၊ ဟေ့ .... အခု မင်းတို့ ဘယ်ကလာသလဲ” ဟု အလတ်သူငယ်ကို မေးရာ.....

“ဖေဖေ့ ဆီကပေါ့ဗျာ ” ဟု ပြန်၍ ပြောလေ၏။

“ဟင် ... မင်းတို့ ဖေဖေ ဘယ်သူလဲ” “ ပွဲစားကြီး ဦးဘိုးကြောင် ပေါ့ဗျာ၊ ခင်ဗျား တစ်ခါမှ မကြားဖူးဘူးလား”

မယ်မှုန်မှာ မျက်နှာပျက်လျက် မောင်မြ နောက်၌ ရပ်ကာ........

“ဒါ နင်တို့အဖေ၊ ပထွေး” ဟု တိုးတိုး အသံမပါ နှုတ်ခမ်းဖြင့် ပီသစွာ ပြောလေ၏။

“သိပါတယ် မမရယ် ၊ မမ မဟုတ်တာ လုပ်လို့ ကျွန်တော်တို့ ခေါ်ဖို့လာတာ၊ ဖေဖေ ဘယ်လောက် သနားစရာ ကောင်းသလဲ၊ အမေ မမာလို့ သွားပြောတော့ ကျွန်တော်တို့ကို တစ်ယောက်စီဖက်ပြီး ငိုတယ်၊ မမကတော့ ဒီမှာ ပျော်လို့”

“သူ့မှာလည်း မိန်းမနဲ့ သားရဲ့”

“မမ ဒီလူကြီးနဲ့ လိုက်ပြေးလို့ ဖေဖေ့မှာ တစ်ယောက်တည်း ထမင်းချက်ကျွေးမယ့် လူ မရှိလို့ ယူရတာ”

ကိုမြသည် များစွာ မသက်သာသော မျက်နှာနှင့် မယ်မှုန်ကို ကြည့်လေ၏။

မမှုန်ကား ၄င်းကို သတိမထားဘဲ....
“နို့ မင်းတို့ မိထွေးက သဘောကောင်းရဲ့လား”
“ကောင်းတာပေါ့၊ ကျွန်တော်တို့ကို ကြက်သားဟင်း နဲ့တောင် ကျွေးလိုက်သေးတယ်၊ ပြီးတော့ ဟိုမှာ တစ်ရက်နေပြီး မမကိုခေါ်ဖို့ လာတာပဲ”
“မင်းတို့ မိထွေးက အခေါ်ခိုင်းတာလား”
“မဟုတ်ပါဘူး၊ အမေ မမာတာ လာပြောတာ”
“အမေ့မှာ ပိုက်ဆံများ ရှိသေးရဲ့လား”
“မနှစ်က သူဌေး ဦးထိုက်က.... ငွေငါးထောင် ခဏလှည့်ပါပြောလို့ လှည့်လိုက်တာ၊ အခု သူဌေး ဦးထိုက် ၊ ဘာဆိုလဲ ၊ ဂျွန်ဒီဝါးဆိုလား အဲဒါဖြစ်သတဲ့ ၊ ဒါနဲ့ အကုန်ဆုံးကုန်ပြီ၊ ကျွန်တော်တို့တောင် ရှင်မပြု ရ သေး ဘူး”
“မဟုတ်ပါဘူးကွယ်.၊ ဒေ၀ါလီဆိုတဲ့ ကုလားက သူဌေးဦးထိုက်ကို လိမ်သွားတာကွယ့်” ဟု အလတ်က ပြောလေ၏။

“ ဟင် ......ဒီလိုဖြင့် အမေပစ္စည်းဆုံးမို့ မမာတာပေါ့၊ ဒေ၀ါလီထဲ ပါသွားတာပေါ့”

မမှုန်သည် မျက်လုံးများကို အင်္ကျီလက်နှင့် တို့လေ၏ ။ ဖြစ်ပျက်ပုံမှာ မမှုန်၏ မိခင်မှာ အသက် ၆၀ ခန့် မုဆိုးမကြီး ဖြစ်ရာ သွားလေသူ ကျောင်းဒကာကြီးက ကျန်ရစ်သော ငွေကလေး သုံး၊ လေးထောင်ကို အတိုးချ၍ နေလေ၏။ လွန်စွာလည်း စေးနှဲစီစစ်သဖြင့် တစ်ကြောင်း၊ သမက်ငကြောင် က ဖြုံးမှာစိုးသဖြင့် တစ်ကြောင်း၊ သမီးကို ပြန်၍ မကြည့်ဘဲ နေခဲ့လေ၏။ ၄င်းအမယ်ကြီး၏ စိတ်၌ သမီး မယ်မှုန်ကို အဘယ် ယောက်ျားမျှ ယူစေလိုသော စိတ်ဆန္ဒမရှိ သမက်မှန်သမျှ သိုက်တူးသမားချည်းဟူ၍သာ သဘောပိုက်ခဲ့လေ၏။ မြေးသုံးယောက်ကို မူကား အသုံးမကျသော သမက်ကြောင့် ဆင်းဆင်းရဲရဲ နေကြရမှာ စိုးသဖြင့် အိမ်၌လည်း ဆေးပေးမီးယူ ဖြစ်စေတော့ဟု သဘောထားကာ မိမိထံ ခေါ်၍ထားသည်မှာ မမှုန်နှင့် မောင်မြ မတွေ့မီ တစ်နှစ်ကျော် အခါလောက်က ဖြစ်လေ၏။ ထိုအကြောင်းကို အမယ်ကြီးနေသော မီးရထားလမ်းမြို့က လူများသာသိ၍ ငကြောင့်နှင့်အတူ ပြောင်းရွှေ့ နေထိုင်သော ရွာသူရွာသားများ မသိကြပေး။ မယ်မှုန်မှာလည်း အားမကိုးလောက်သော လင် ဘိုးကြောင်းနှင့် ကံကောင်း ထောက်မ၍ ကွဲလျှင်၊ လူကောင်းသူကောင်း တစ်ယောက်ယောက်နှင့် တွေ့စေတော့ ဟူသော အကြံနှင့် မိမိမှာ သားသုံးယောက်ရှိကြောင်း မည်သူ့အားမျှ လေသံမျှ မတိမ်းခဲ့ပေ။ ယခုမှ ထိုအကြောင်းကို မောင်မြ သိရသော အခါ  တစ်နှစ်ကျော် နှစ်နှစ် ပေါင်းခဲ့ပြီးဖြစ်သော မယားကို ကလေးသုံးယောက်အတွက် မစွန့်ရက်နိုင်ဘဲ ငါ့မှာ အမြတ်ရသေးရဲ့ ဟူ၍ မချည့်သောစိတ်ကို ဖြေရတော့မည့်အနေသို့ ရောက်၍ နေလေတော့သတည်း။ ယခု အခြေအနေမှာ ၄င်းတို့၏ အားကိုးရာဖြစ်သော အမယ်ကြီးမှာ ပစ္စည်းမရှိတော့ သည်ဖြစ်ရကား မိမိသာလျှင် တာဝန်ရောက်တော့မည်ကို သိလေ၏။ ဘိုးကြောင်ကား တာဝန်ခံမည့်လူ မဟုတ်။ မ ခင်မှ ဥ ခင်၊ ဥများမှာလည်း နှစ်ရှည်လများ ကွဲ၍ နေခဲ့သော ဥများဖြစ်ရာ ဂရုစိုက်ဖို့လမ်းမှာ သာ၍ပင် ဝေး၍ နေလေ၏။ ဂရုစိုက်နိုင်မည့် အခြေအနေလည်း မရှိကြောင်း၊ ယခုအခါ မယ်စံက ဈေးတောင်း ခေါင်းရွက် ကျွေး၍နေရသည့် သတင်းကို ကြားသိသဖြင့် သိရလေ၏။

သူငယ်ကလေးများ၏ အမူအရာကို မောင်မြသိလေ၏။ မိမိနှင့် အဘယ်သောအခါမျှ သင့်မြတ်ပုံမရကြောင်း တွေးမိ၏။ မိမိကပင် လိုက်လျောစေကာမူ ထိုကလေးများ၏ စိတ်ကို မိမိဘက်သို့ ယိမ်းညွတ်အောင် လုပ်ဖို့ရန် လွန်စွာခက်မည်ဖြစ်ကြောင်း စဉ်းစားမိလျက် မောင်မြမှာ များစွာပင် စိတ်မသက်မသာ ဖြစ်လေ၏။

မယ်မှုန်ကလည်း မောင်မြ၏စိတ်၌ အဘယ်ပုံဖြစ်ပျက်၍နေသည်ကို ရိပ်မိလေ၏။ သို့သော်လည်း မိမိ၏ ကလေးများကိုကား ငြင်းပယ်ကာ မိမိ၏ ကလေးများမဟုတ် ကြောင်းမပြောနိုင်ပေ။

ကလေးများ၏ ကံဆိုးပုံကိုလည်း တွေးတောကာ ရင်ထဲ၌ မသက်မသာဖြစ်လေ၏။ ဖအေလုပ်သူက မကောင်းသည့်အတွက့် ငါ့သားကလေးတွေမှာ မကြာမီ ပထွေးအောက် မျက်နှာချရတော့မှာပါကလား ဟု စဉ်းစားသည့် အခါ မျက်ရည်များ လည်၍လာပြန်သဖြင့် တစ်ဖန် မျက်နှာကို သုတ်ရပြန်လေ၏။

မြ ။     ။ “မင်းတို့ အမေကြီး မတော်တဆ သေရင် မင်းတို့ ဘယ်မှာနေမလဲ ” ဟု မေးလေ၏။

၎င်းတို့ သုံးယောက်အနက် အလတ်ကလေးမှာ သွက်လက်ချက်ချာပုံ ရသည့်အတိုင်း ၄င်းကပင် လျင်မြန်စွာပြောသည်ကား။

“ကျွန်တော်တို့ ဖေဖေ့ဆီမှာ နေမှာပေါ့”

“မင်းတို့ ဖေဖေ သူ့မယားက ဈေးရောင်းကျွေးနေရတယ်လို့ ဦးလေးကြားတယ်။ သူ့မယားက မင်းတို့ သုံးယောက်စလုံးကိုပါ ဈေးရောင်းကျွေးနိုင်ပါ့မလား”

“ကျွန်တော်တို့လည်း ကူပြီးလုပ်မှာပေါ့၊ ကျွန်တော်တို့ အဖေဘာမှမလုပ်ဘူးဆိုတာ ခင်ဗျားကို ဘယ်သူပြောလဲ၊ ကျွန်တော်တို့ ဖေဖေ ပွဲစားကြီး”

“ပွဲစားကြီးဖြင့် တော်ပါရဲ့၊ မင်းတို့ မမကိုတော့ မင်းတို့ လုပ်မကျွေးချင်ဘူးလား”

“ကျွန်တော်တို့ မမ ဖေဖေ့ဆီ ပြန်လာရင် လုပ်ကျွေးမှာပေါ့”

“ဒီလိုဖြင့် မင်းတို့အဖေမှာ မိန်းမနှစ်ယောက် ဖြစ်နေမှာပေါ့”

“မိန်းမနှစ်ယောက် ရှိရင် သာပြီးကောင်းတာပေါ့၊ နှစ်ယောက်စလုံး ဈေးရောင်းရင် ဖေဖေကလည်း တစ်ဖက်ရတာနဲ့ ကျွန်တော်တို့ အများကြီးချမ်းသာမှာပေါ့၊ ”

“မင်းတို့ မမက မင်းတို့ ဖေဖေဆီ ပြန်မသွားဘူးဆိုရင်ရော”

“ပြန်မသွားရင် သူ့ဘာသာသူ”

“မင်းတို့ ဒီမှာ မနေချင်ဘူးလား”

“ကျွန်တော်တို့ ဖေဖေကလွဲလို့ ဘယ်သူနဲ့မှ မနေဘူး၊ ငတ်လို့သေသေ”

မောင်မြသည် မယ်မှုန်၏မျက်နှာကို လှည့်ကာ “ကြားရဲ့လားဟေ့ ၊မင်းသားများက မင်းကို တယ်ခင်ပါလား၊ မင်းကိုတောင်မှ မခင်ရင် ငါနဲ့တော့ အတော်ခက်မှာပဲ”

“ကျွန်တော်တို့ ညီအစ်ကိုသုံးယောက် ခင်ဗျားတို့ဆီ ဘယ်တော့မှ လာမနေဘူး ၊ စိတ်ချ”

“ကောင်းပါ့ မောင်၊ နို့....မင်းတို့ နှစ်ယောက်ကရော” ဟု အငယ်ကလေးနှင့် အကြီးကို မေးရာ...

အကြီး ။     ။ “ကျွန်တော်အခု အင်္ဂလိပ်စာ ၇ တန်းအောင်တယ်၊ ကျွန်တော် အလုပ်ရအောင်ရှာပြီး ကျွန်တော့်ညီလေးတွေကို ကျွေးမှာပဲ”

“အခု ၇ တန်းနဲ့ အလုပ်မရနိုင်ဘူးကွယ့် ၊ ရှေးကလို မဟုတ်ဘူး”

“ကျွန်တော် ပညာဆက်သင်မယ်”

“မတော်တဆ မင်းတို့ အမေကြီး သေရင် ဆက်သင်နိုင်ပါ့မလား”

“ကျွန်တော်တို့ ယေရှုခရစ်ကျောင်းသွားပြီး လခမပေးရတဲ့ ကျောင်းသားအဖြစ်နဲ့ သင်မယ်”

“မင်း သင်နေခိုက်မှာ မင်းညီကလေးတွေ ဘယ့်နှယ်လုပ်မလဲ”

“သူတို့ကိုလည်း ခေါ်သွားမှာပေါ့၊ မောင်ခင် (အလတ်)က ငါးတန်းရပြီ၊ မောင်ကြင်(အငယ်ဆုံး)က သုံးတန်း ကျွန်တော်တို့ဘာသာ သနားအောင် သွားပြောရင် ဘယ်နည်းနဲ့မဆို လက်ခံမှာပဲ”

“အေး....မင်း တော်ရဲ့၊ မင်းတို့ မမကို မင်းတို့က ဒီလောက်တောင် စိတ်နာသလား၊ မင်းတို့ မမ အပြစ်မဟုတ်ဘူးကွယ့်၊ မင်းတို့ အဖေက စပြီး  မဟုတ်တာ လုပ်တာ”

“ကျွန်တော်သိပါတယ်၊ အစဦးမှာ ဖေဖေက အခု သူ့မိန်းမကို အလကား ကစားသလိုလုပ်တာ တကယ်ယူဖို့ ကြံတာ မဟုတ်ဘူးတဲ့။ သည့်နောက် မမက ခင်ဗျားနဲ့ ထွက်ပြေးလို့ စိတ်နာပြီး အခု သူ့မိန်းမကို အတည်ပေါင်းနေတာ၊ သူကတော့ ကလဲ့စားချေတာလို့ ပြောတာပဲ”

“အခု သူ့မိန်းမက ဘယ်အရပ်ကတဲ့လဲ”

“ဒါတော့ ကျွန်တော်တို့ ဘာသိမလဲ”

မှုန် ။     ။ “မင်းတို့ ဖေဖေက ကလဲ့စားချေတာ မဟုတ်ဘူးကွယ့်။ သူ့မိန်းမကို ပထမ ခိုးပြေးလို့၊ ဒီက မခံနိုင်လို့ ကလဲ့စားချေတာ၊ မမ အပြစ်လည်း မဟုတ်ဘူး။ မမကို ဒီက အတင်းလှည်းနဲ့ တင်လို့ လိုက်ရတာ”

ထိုအခါ ညီအစ်ကို သုံးယောက်စလုံး မျက်လုံးပြူး၍ နေကြလေ၏။

အလတ် ။     ။ “ဒီလိုဖြင့် ခင်ဗျားကြီးက ကျွန်တော်တို့ မမကို အတင်းကြံတာပေါ့လေ။ ကျွန်တော်တို့ ဘယ်တော့မှ မကျေဘူး။ ခင်ဗျား အတင်းမကြံရင် ကျွန်တော်တို့ ဖေဖေ မမနဲ့ အတူနေရမှာပဲ”

မှုန် ။     ။ “တော်..... တော်..... ဒါတွေ ပြောမနေနဲ့၊ အမေ အခု ဘယ့်နှယ် နေသလဲ”

“မနည်းဖြစ်နေတယ်၊ မမကို ခေါ်ဖို့လာတယ်၊ မမ လိုက်ခဲ့ပါ”

“အမေက မမကို မှာသလား ။ မမကို သေခန်းဖြတ် ထားတာကွယ့်၊ မမ လိုက်လို့မဖြစ်ဘူး၊ တကယ်ပဲ မနည်းဖြစ်နေသလား”

“တော်တော်တော့ ဖျားနေတာပဲ”

“အခု ဘယ်သူ ကြည့်ရှုနေသလဲ”

“ကြီးကြီး မဖွားအုံတို့ တစ်အိမ်သားလုံး လာပြီး ပြုစုနေကြလို့ပေါ့”

“မင်းတို့ကို ဘယ်သူက လွှတ်သလဲ”


“ကြီးကြီးက လွှတ်တယ်”

“ဒီကောင်မကြောင့် မမကို အမေ သေခန်းဖြတ်တာ၊ သူတို့ အမေ့ကို သနားလို့လာပြီး နေတာ မဟုတ်ဘူး။ ထမင်းငတ်လို့ အစားချောင်အောင် ၊ ပြီးတော့ အမွေရမလားလို့ လာပြီး ပြုစုဟန်ဆောင်နေတာ၊ ဒီ အမယ်ကြီး ဒါမျိုးတွေနဲ့မှ တော်တယ် ” ဟု ပြောကာ တစ်ချက်၊ နှစ်ချက် ရှိုက်ပြီး တစ်ဖန် အင်္ကျီလက်နှင့် မျက်နှာကို သုတ်လျက် အိမ်ပေါ်သို့ တက်၍ သွားလေ၏။

မောင်မြလည်း လိုက်၍ သွားလေ၏။ ကလေးသုံးယောက်မှာ အိမ်ရှေ့၌ ရှိသော ခုံတန်းလျားမှ ထိုင်လျက် ဆိတ်ငြိမ်၍ နေကြလေ၏။

ကလေးများသည် မိခင်ဖြစ်သူကို အရေးယူကြ၏။ ပထွေးကို ကား ရှိသည်ဟူ၍မှ အမှတ်မထားကြချေ။ နဂိုက ပစ္စည်းရှိသူ အမယ်အိုကြီး၏ ယုယခြင်း၊ အခြားဆွေမျိုးညာတိ ဆင်းရဲသူတို့၏ မြှောက်စားခြင်းများကို ခံခဲ့ကြသူကလေးများဖြစ်ရာ ထောင်လွှားမာန်တက်လျက်၊ မည်သူ့ကိုမျှ လေးစားလောက်သည်ဟု  မထင်ကြချေ။ သို့ဖြစ်လေရာ မြင်လျှင်မြင်ချင်း ငါ့တို့မမကို ယူထားတဲ့ အကောင်ကြီးဟူသော မခံချင်သော စိတ်ကြောင့် မချစ်နိုင် မခင်နိုင်ဖြစ်၍နေသာ ပထွေးကို အဘယ်နည်းဖြင့် ခင်မင်နိုင်ပါ့မည်နည်း။ သို့ဖြစ်လေရာ စကတည်းက ယဉ်စစ ဆိုသည့်စကားလို “ စတင်ရန် ခက်ပါဘိ” ဆိုသည့် ကိန်းသည် အစစ်အမှန် ကြုံကြိုက်၍ နေလေ၏။

နောက်တစ်နေ့ ညနေ အချိန်၌ ကျောင်းသားလူငယ် နှင့် တူသူ ကလေးတစ်ယောက်သည် မယ်မှုန်ထံ ရောက်၍လာပြီး စာတစ်စောင်ကို ပေးလေ၏။ ထိုစာမှာ......

မယ်မှုန်

အမေကြီးဆုံးပြီဟု ကြားရသည်။ သွားပြီး ကြည့်ဦးမှ တော်မည်။ ပစ္စည်းတွေ ကစဥ့်ကရဲဖြစ်မှာ စိုးရသည်။ ကလေးတွေ ရောက်ရဲ့လား။
ကြောင်

ထိုစာကို ဖတ်ရလျှင် ဖတ်ရချင်း မယ်မှုန်သည် ဟစ်အော်၍ ငိုလိုက်လေ၏။ ကလေးများလည်း စာကို ကြည့်ကြပြီးနောက် ငိုကြလေ၏။

ကိုမြကြီး ။     ။ “ဒီလောက်တောင်ငိုဖို့ မဟုတ်ပါဘူး မယ်မှုန်ရယ် ။ လူကြီးဆိုတာ သေတာမျိုးပဲ ။ ပစ္စည်းဥစ္စာ မရှိ ဆင်းဆင်းရဲရဲ အိုနေမယ့် အစား သေတာက အေးတာပေါ့ဟယ်။ ၀တ္တရားရှိသလောက် သွားဖို့ ရှိတာပေါ့” စသည်ဖြင့် တရားချလေ၏။

နောက်တစ်နေ့ လင်မယားနှစ်ယောက်စလုံး ကလေးများနှင့် အတူ သွားကြလေ၏။




အခန်း (၇) အား ဆက်လက်ဖေါ်ပြပါမည်..........................................။


Wednesday, December 1, 2010

အမျိုးသားနေ့ က အမျိုးသားတစ်ယောက်

ဟိုတစ်လောက ဂိုဒေါင်ဘက်မှာ အလုပ်များနေခဲ့တာဗျ။...အခုတော့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကို လွှဲထားခဲ့လိုက်တယ်.. ကျန်တဲ့ ရုံးခန်းထဲက အလုပ်တွေ လုပ်ဖို့ မောင်အင်္ဂါဟူး တစ်ယောက် ရုံးခန်းဘက် ခြေလှည့်လာချေပြီ။ သို့သော်လည်းပဲ ကုသမရ ထိုရောဂ ကြောင့် ကွန်ပျူတာရှေ့ထိုင်မိရင် ဟိုကလစ် ဒီနှိပ်နဲ့ မရောက်တာ ကြာတဲ့ ဘော်ဘော်တွေအိမ်ကို လှည့်တယ် ၊ ပို့စ်အသစ်တွေ ဘာတွေ တင်မယ်စိတ်ကူးတယ်။ ဒီ မျှဝေမှုတို့စုစည်းရာမှာ ပီမိုးနင်း (သူ့မယားငါ့မယား)အဆက်ကို စောင့်မျှော်နေတဲ့ ဘော်ဘော်တွေရဲ့ ဆန္ဒကိုဖြည့်ဆည်းနိုင်အောင် ကြိုးစားမယ်.... အခုလည်း ကြည့်လေ အလုပ်လုပ်မယ်ဆိုပြီး စားပွဲရှေ့အထိုင် အလုပ်တွေလုပ်နေတာ မြင်တယ်မဟုတ်လား။


 အလုပ်လုပ်ချင်ယောင်ဆောင်ပြီး စာရွက်တော့ ရှေ့ချထားတယ်...ကွန်ပျူတာမှာဖွင့်ထားတာ ဘလော့ဂ်


အခုဆိုရင်တော့ ပိတ်သတ်ကြီးမြင်ရတဲ့ အတိုင်းပါပဲ.... လုပ်ရမယ့် စာရင်းတွေကိုယ်နဲ့ပဲ ရန်ဖြစ်ထားသလို စားပွဲရဲ့ ဟိုးအစွန်းကို ခပ်တည်တည်တွန်းပို့ထားလိုက်တယ်...
ဒါကတော့ ကမ္ဘာ့တွေးခေါ်ပညာရှင်ကြီး အင်္ဂါဟူးပါပဲ...... သဲကြီးမဲကြီး ကြည့်နေတာ စာရင်းတွေလို့တော့ မထင်နဲ့ အကြွေးတင်နေတဲ့ ဘလော့ဂ်တွေ လိုက်ရှင်းနေတာ.. ဟဲဟဲ

တစ်ကယ်လဲမှတ်မနေနဲ့ ဦး ။အလုပ်က လုပ်နေရင်းတန်းလန်းပါဗျာ... အလုပ်နဲ့ပတ်သက်တဲ့ မေးတွေစစ်ဖို့ လုပ်ရင်း ယောင်ရမ်းပြီးဂျီတော့လေး ဖွင့်မိပါတယ်... ကောင်မလေးတွေ ၀ိုင်းခေါ်လို့ ကဗျာကယာ ပိတ်ပြီး ဂျီပုန်းကြီးဘ၀နဲ့ တစ်နေကုန်မီးမှိတ် နေရဂျောင်း...ဂွီ။ ဒီနေ့အမျိုးသားနေ့ဆိုတော့ ဘယ်သူတွေများအမျိုးသားနေ့ အကြောင်း အမှတ်တရဘာတွေတင်မလဲဆိုပြီး လိုက်မွှေတာ ဘယ်သူဆီမှာမှ မတွေ့ဘူး.(ကိုယ်လက်လှမ်းမီရာမှာပေါ့) ဒါနဲ့ပဲ ရွှေဥာဏ်တော်စူးရောက်စွာနဲ့ အမျိုးသားနေ့က အမျိုးသားတစ်ယောက်ဆိုပြီး ခပ်တည်တည် နဲ့ ပေါက်တတ်ကရတွေ ရေးတင်ပါတယ်ဗျာ... ဂိုဒေါင်ထဲက အလုပ်တွေကိုတော့ မိုးယံ (လူသားအားလုံးအတွက်) မှာရေးတင်ခဲ့တယ်.. ဒီဘက်မှာတော့ အသစ်မတင်ဖြစ်တာ ကြာပြီလေ... ဒါကြောင့် ဆားချက်သလို ငံပြာရည်ချက်သလို နဲ့ စိတ်ကူးပေါက်ရာရေးတင်တာပါ။ ပရိတ်သတ်ကို ကော်စား အဲစော်ကားသလို မဟုတ်ရပါဗျာ.. .. အမှန်ကတော့ မလေးရှားကို ဆရာတော်ဥူးသုမင်္ဂလ တရားလာဟော တုန်းက ဖိုင်ကိုတင်မလို့ပါဗျာ... ဒါပေမယ့် ဒီဗွီဒီခွေဆိုတော့ ဘလော့ဂ်မှာတင်လို့ ရအောင်ဖြတ်ရ တောက်ရ မှာကြောင့် အချိန်ယူရမှာမို့ နောက်နေ့များမှာ ရအောင်တင်ပေးပါ့မယ်ဗျာ....

ကဲဒီတော့ စာချစ်သူမိတ်ဆွေများက ဒီနေရာကနေ ပီမိုးနင်းရယ် နောက်အသစ်တင်မယ့် စာတွေကို မကြာမီ လာမည်... မျှော်ပေါ့... တရားချစ်ခင် သူတော်စင်တွေကတော့ လူသားအားလုံးအတွက်မှာ တရားလာနာကြဖို့ နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရကြောင်းပါ ခင်ဗျာ....

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More