Thursday, November 11, 2010

ကဲ အခုတော့ ဘာပြောမလဲ

ဒီလူဆိုးတယ်လို့ ကိုယ်မြင်တယ်
လူကောင်းတိုင်းလဲ အဲလိုမြင်တယ်

ဒီလူမရှိရင်ကောင်းမယ်လို့ ကိုယ်ရိုင်းမိတယ်
နောက်လူကောင်းကို မျှော်လင့်မိတယ်

ဘုရားသခင် ကောင်းချီးပေးပါတယ်
နောက်လူရောက်လာတယ်။
အရောင်အသွေး မခြားခဲ့ပါဘူး
လုပ်ရပ်တွေ မထူးခြားပါဘူး။

ဒီအဖေက မွေးတဲ့ဒီသား
အဖေ့စကား ဆို ဦးထိပ်ပန်ဆင်

စနစ်ဟောင်းလေးနဲ့ လူပြောင်းလဲခဲ့တယ်

အို--- ကမ္ဘာလောက


မိုးယံ (29.8.2010)


Sunday, August 29, 2010 တုန်းက လူသားအားလုံးအတွက် မှာ တင်ထားတာပါ။ အလုပ်တွေ အရမ်းများနေလို့ ဆားချက်တာပါ။


Saturday, November 6, 2010

မွေးနေ့မဟုတ်သော မွေးနေ့

 
၅.၁၁.၂၀၁၀

မြန်မာလို  တိုင်းတာမှုမျိုး မဟုတ်ပဲ  ယနေ့ကမ္ဘာသုံးဖြစ်သော နေ့တာ တွက်ချက်မှုများ အရ နေ့တစ်နေ့မှ တစ်နေ့ကို ကူးပြောင်းသွားချိန်ကတော့ ညသန်းခေါင် ၁၂ နာရီကို ကျော်လွန်ချိန်မှာ နောက်တစ်နေ့ အဖြစ်သတ်မှတ် ကြတယ် ဆိုတာကတော့ လူတိုင်းနားလည်ပြီးသားပါ။ ဆိုတော့ကာ..... ဒါကို ဘာလို့လာပြောနေတာလဲ စာဖတ်သူမေးရင်တော့ ရှင်းပါတယ်။ ကျွန်တော်က လေရှည်တတ်လို့ပါပဲ။

ဆယ့်တစ်လပိုင်း လေးရက်နေ့ ညပဲ ပြောပြော၊ ငါးရက်နေ့ မနက်လို့ပဲ ပြောပြော တစ်နာရီ ငါးဆယ့်ခြောက်မိနစ်မှ သုံးနာရီ နှစ်ဆယ့်တစ်မိနစ်တိုင်တိုင် တစ်နာရီကျော်ကြာ ဆွေးနွေးပွဲလေး ထဲမှာ မေပယ်လ်နဲ့ ကျွန်တော် ပျော်ဝင်စီးမျော နေခဲ့ပါတယ်။ အယူအဆတွေ ပျော်ရွှင်မှုတွေ ခင်မင်မှုတွေ အပြန်အလှန် လေးစားမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီ အချိန်မတိုင်ခင်မှာ အင်္ဂါဟူး စီပုံးမှာ ငွေလမင်းက ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေလို့ လာရေးသွားတာ မြင်တော့ အူကြောင်ကြောင်ကိုယ်က“ဟ .. ဘာလဲဟ” ဆိုပြီး ကြောင်တောင်တောင်  ဖြစ်သွား သေးတယ်။ ဒါနဲ့ သူ့ကိုလဲ စီပုန်း ကိစ္စကို သိသလောက် မှတ်သလောက် ကူညီခဲ့သေး တယ်ပေါ့လေ။


မနက် ကိုးနာရီ “ဒူတန်ဒူတန် တန်တန်…. ဒူတန်ဒူတန် တန်တန်…..” ဘယ်လိုမှ နားထောင် မကောင်းသော ဖုန်းမြည်သံက ခေါင်းအုန်းအောက်မှ မြည်နေသလို တုန်ခါမှုတွေက ဦးခေါင်းကို လာရောက်ထိခတ်တော့ မနက်ခင်းဟာ ကျက်သရေ ယုတ်ခဲ့ပေါ့။

“ဟယ်လို ပြောကြည့် ဦးလေး”

ကျွန်တော်တို့ မန်နေဂျာကို ကျွန်တော်က “ဦးလေး” ဟု သာခေါ်ပါသည်။ နောက်ကွယ် မှာတော့ ပြောင်ကြီးလို့ ခေါ်တတ်သည် ပေါ့ဗျာ။

“ဟေ့ကောင် မိုးယံ လာခဲ့ အခုလာခဲ့တော၊ မင်း ကားသမား အလာကို စောင့်မနေနဲ့ ကိုယ့်အစီအစဉ်နဲ့ အမြန်သာလာခဲ့တော့”

“ဟုတ် .. ဟုတ်ကဲ့ ဦးလေး၊ ကျွန်တော် တစ်ယောက်ပဲ အရင်လာခဲ့လိုက်မယ်”

ဟု ပြောပြီးယုံတင် တစ်ဖက်မှ ယဉ်ကျေးမှု ခေါင်းပါးသော လူက ဘာမှ ပြန်မပြောပဲ ဖုန်းချသွားခဲ့လေသည်။ ကိုယ်ကလဲ အခုလာခဲ့မယ်လို့ သာ မနက်ခင်း မုသားကို သုံးခဲ့ပေမယ့် အိပ်ယာထက်မှာ အပျင်းကြောဆွဲကောင်းတုန်း ၊ အခြေအနေကို သုံးသပ်ပြီး တော့မှ ကပျာကယာ ရေချိုး ၊ တန်းပေါ်က အ၀တ်တွေ ဖြစ်သလို ကောက်စွပ်နေတုန်း ရှိသေးတယ် ဖုန်းသံက မြည်လာပြန်ရော။

“ အေး ...ဟေ့ကောင်”

“ ဗျာ… ပြောကြည့်ဦးလေ”

“မင်း မလာနဲ့ဦး ခဏစောင့်နေလိုက်၊ ဒီက ကားနဲ့လာခေါ်မယ်”

“ဟုတ်ကဲ့”

အဲလိုနဲ့ မနေ့ညက ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ကြက်ဥဟင်း တစ်ခြမ်းကို ထမင်းကြမ်းခဲထည့် ပြီး မိုက်ခရိုဝေ့ထဲ တစ်မိနစ်ထား  ပြန်ထုတ် ၊ ၀ါး ပြီးတော့မှ တိုက်ရေး ခိုက်ရေး အပြည့်ရှိတဲ့ စစ်သူကြီး စစ်ထွက်မယ့် ဟန်ချီပြီး ခပ်တည်တည် ဖယ်ရီ စောင့်သပေါ့လေ။ ဒီလိုနဲ့ ၀ါဂျာ ကားလေ ထိုးဆိုက်လာတဲ့ အချိန်မှာတော့ စစ်ရထားကြီး ပဲရောက်လာသလို မာန်အပြည့်နဲ့ တိုက်ပွဲဆင်ရန် စတင် ထွက်ခွာလာခဲ့လေသည်။ အတွေ့အကြုံ ရင့်ကျက်သော စစ်သူကြီး၏ အမြော်အမြင်ရှိမှုကြောင့် ရိက္ခာသည် အစာအိမ်ထဲတွင် ရေသင့်တင့်ယုံ နှင့် ယနေ့တိုက်ပွဲ အတွက် လုံလောက်ပေသည်။ ယခင် နှစ်များတုန်းကယခု ကဲ့သို့ စစ်ပွဲနှင့် ဆင်တူသော ပျားပန်းခတ်မျှ များပြားလှသော ဈေးဝယ်များကြောင့် နံနက်စာ မစားရသေးပဲ နေ့လည်စာကို ခြောက်နာရီ ထိုးခဲ့သော့ နှစ်များကို လည်း ဖြတ်သန်းခဲ့ဖူးလေသည်။ စက်သေနတ် ကျည်ကဒ် လည်သလို ၀ယ်သူ၏ စိတ်ကြိုက်ရွေးချယ်လာသော ပစ္စည်းများကို အိတ်ထဲထည့်၊ ပိုက်ဆံယူ ၊ပိုငွေပြန်အမ်း၊ ဇယ်ဆက်နေသော လက်ကို ထောက်ပံ့ထားသော ကိုယ်သည် ခြောက်လက်မ သာသာရှိသော ခြေဖ၀ါးနှစ်ခုပေါ်တွင် မြဲမြဲခိုင်ခိုင်ဖြင့် အချိန်ကြာကြာ ရပ်တည်နေနိုင်ရန် စိတ်သတ္တိကိုလည်း တင်းထားရသေးသည်။


ဒီနှစ်ကတော့ အခြေအနေကောင်းသည် ဆိုရပေမည် ။ မနက်ခင်း ၀င်ပေါက်ပိတ်အောင် တိုးနေသော ဈေးဝယ်များသည် နေ့လည်ခင်းတွင် အတန်ငယ်ပါးသွား သဖြင့် သုံးနာရီ ဆယ့်ငါးမိနစ်တွင် ထမင်းစားဖြစ်ခဲ့သည်။

သည်လိုနှင့် နောက်တစ်သုတ် တက်လာသော လူအုပ်ကြီးကို ဖြိုပြီး သကာလ ၊ ရောင်းထားသော ငွေများကို စာရင်းလုပ်၊ ကောင်တာအပ်ပြီး၊ ဆိုင်ထဲတွင် လစ်ဟာ သွားသော ပစ္စည်းများကို ပြန်လည်ဖြည့်တင်းရန်၊ ဈေးဝယ်များ မွှေနှောက်သွားသော ဂျာနယ် မဂ္ဂဇင်း စာအုပ်များ ပြန်လည် သေသပ်စေရန်၊ ပြန်လည် နေရာချထားရေး ၀န်ကြီးယောင်ယောင် စည်ပင်က အမှိုက်သိမ်းသမား ယောင်ယောင် နဲ့ ယောင်ခြောက်ဆယ်ဖြင့် အလုပ်များချင်ယောင် ဆောင်ပြီးသကာလ၊ ဈေးဝယ်များ၏ လိုအပ်သော ပစ္စည်းများကို ကူညီယူပေးရန်နှင့် ကို့ရို့ ကားယား ၀ယ်ယူထားသော ပစ္စည်းများကို စမတ်ကျကျ ဖြစ်စေရန် ခြင်းထောင်းများ နှင့်လိုက်ထည့်ပေးခြင်း စသည့် အညောင်းပြေ အညာပြေ ဆိုင်ထဲလမ်းလျှောက်ရသော တာဝန်ယူနေ သခိုက်။

ကျွန်တော့် ညာဖက် ပေါင်တစ်ချောင်းသည် ပေါင်းရင်းနားမှ နေ၍ တုန်ခါမှုကို အာရုံကြောများမှ တစ်ဆင့်ခံစားသိခဲ့လေသည်။ ဖုန်းလာနေသည်ကိုး ။ ကဗျာကယာ ဘောင်းဘီ အိတ်ထဲမှ ဖုန်းကို ထုတ်ပြီး အကြည့် ၊ ဖုန်းထဲ တွင်ပေါ်လာသော နံမည်က “ဒေါ်တင်မိုးလွင်” ပထမတော့ စဉ်းစားလိုက်သေးသည်။ ထုံးစံအတိုင်း “ ဟ.. ဘာလဲဟ” နောက်တော့မှ သတိရသွားတယ် ကိုယ့် ဂျီးတော်ရဲ့ နံမည်က ဒေါ်တင်မိုးလွင် ။ သူလဲ ဆရာမပဲ ဒါပေမယ့် မယ်ဒေါ်တွေ၊ အဲ မော်ဒယ်လ်တွေကို တော့နည်းပြတာ မဟုတ်ပါဘူး ၊  ကလေးတွေကို စာပြတဲ့ ဆရာမပါ။ 

အဲဒါနဲ့ ဖုန်းကိုင်လိုက်ပြီး

“ဟယ်လို”

“ဟဲ့အကောင် .. ဟတ်ပီးဘတ်ဒေး”

“ဗျာ”

“ဟဲ့ ဒီနေ့နင့်မွေးနေ့လေ”

အန် …. ပထမတာ့ ကြောင်အအ ယောင်နနပေါ့ ။ ဒီနေ့က ဒေပါဝါလီ (deepavali) နေ့ပါ။ဘယ့်နှယ်ဖြစ်လို့ ငါ့မွေးနေ့ဖြစ်ရတာတုန်း ပြီးတော့င့ါကို မွေးတာ ဗုဒ္ဓဟူးနေ့လို့ ပြောကြတာပါ ။ ဒီနေ့က သောကြာနေ့ကြီးကို … ကိုယ့်လိုပဲ အဒေါ်လဲ အတည်ပေါက်နဲ့ ဦးစားနေတယ် မှတ်တာပေါ့... 

“ ဒီနေ့ နိုဝင်ဘာ ငါးရက်နေ့လေ”
“သြော်... ဟုတ်ကဲ့ကြီးကြီး ။ ကျေးဇူတင်ပါတယ်” 

ဒီလိုနဲ့ ဦးလေးတွေ အဒေါ်ငယ်တွေလည်း လာပြီး ပြောကြတယ်လေ။ မြန်မာလို ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေလို့ အဓိပ္ပါယ်ရတဲ့စကားကို အင်္ဂလိပ်လိုတွေ ပြောကြ တယ်လေ။ ကိုယ်လဲ “ကျေးဇူးတင်ပါတယ်” တွေလှိမ့်ပြော ၊ ဒီလိုနဲ့ ပတ်ဝန်းကျင်ရဲ့ အတင်း အဲ... ပြောင်းလဲ ဖြစ်ပျက်နေတဲ့ သတင်း ရန်ကုန်သတင်း လာမည့် တနင်္ဂနွေ အသည်းကြား မဲပြား ဆိုလား အဲဒါတွေ ပြောပြီး ဖုန်းချဖို့ နှုတ်ဆက်စကားဆိုရ ပြန်ရော။ အဲဒီတော့မှ သိလိုက်ရတာကတော့ ကျွန်တော်တို့ ရေမြေက သယံဇာတတွေ အရမ်းထွက်တော့ မြေပြင်ပေါ် ဝေဟင်ထဲက ဖုန်းလိုင်းတွေ က သိပ်မကောင်းသလို စနစ်တွေကလဲ မကောင်း ဘူး၊ အဲလိုဖြစ်တာက မျှတတဲ့ သဘောမျိုးဖြစ်အောင် ဘုရားသခင် ရဲ့ စွမ်းဆောင်မှုမျိုးတဲ့။ ဘာတွေမှန်းလဲ သေချာတော့ သူပြောတာတွေ နားမလည်ပါဘူး၊ သူဆရာမ လုပ်တုန်းကတော့ သူ့တပည့်တွေနဲ့မိဘတွေက  သူသင်ပြတာ အရမ်းကောင်းတယ်လို့ ပြောကြတာပဲ။ နောက်ဆုံးပြောတဲ့ စကားကိုတော့ နားလည်သလိုဖြစ်မိသား ဘာတဲ့ “အခု ကြီးကြီးတို့ ဖုန်းက ငါးသိန်းတန်လေ အက်ဖ်အီးစီ ထည့်ပြောရတာ အဲဒါ နင့်ဆီကို ခေါ်ဖို့ပဲ သီးသန့်ထည့်ထားတာ၊ ဟိုတစ်ခေါက်က ခေါ်ပြီး ကတည်းက မခေါ်ဖြစ်တာလဲ ကြာပြီ ၊ အခု ဒီဖုန်းကဒ်ကလဲ သက်တမ်းကုန်တော့ မှာ ဆက်ဆက်မဆက်ဆက် ပေးထားတဲ့ အချိန်ပြည့်ရင် အဲဒီပိုက်ဆံ ဆုံးမှာ၊ အဲဒါနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် နင့်ဆီ ဖုန်းဆက်တာပါ၊ ဘာမှ တော့ အရေးမကြီး ပါဘူး” တဲ့ ။ ကဲ ကောင်းရော ။

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ လူဆိုတာတဲ့ မွေးဖွားတဲ့နေ့ဆိုတာ တစ်နေ့ပဲ ရှိတယ်၊အခုလုပ်နေတဲ့ မွေးနေ့ပွဲတွေ ဆိုတာတွေက အားလုံးအတုတွေ ချည်းပဲတဲ့။ သူပြောတာလဲ ဟုတ်သလိုပဲ။ ဆရာကတော့ မင်းခိုက်စိုးစန် ထင်တာပဲ သေချာတော့ မမှတ်မိတော့ပါဘူး ။ကိုယ်ကြားဖူတာကလဲ “ သေတစ်နေ့ မွေးတစ်နေ့” အခု ဒီဘလော့ဂ် ရေစီးကြောင်းတွေထဲမှာ စီးမျောရင်း ညီအစ်ကိုလို ခင်မင်ခဲ့ရတဲ့ အစ်ကို တစ်ယောက် ကလည်း ။ “မွေးနေ့နှစ်ပတ်လည် လို့ သုံးရင် ပို အဆင်ပြေတယ်တဲ့” သူကတော့ မြန်မာစကားတွေကို ခက်ဆစ်သိပ်ဖွင့်တဲ့ သူပေါ့။ 

ကျွန်တော်ကလည်း အစကတည်းက အဲလိုမျိုးတွေ ခေါင်းထဲမှာ နေရာပေးထားတော့ မွေးနေ့ကို အထူးတစ်လည်မှတ်မထားသလို စိတ်ဝင်တစားလဲ ဘာမှကို မလုပ်ပါဘူး။ အလှူအတန်းတွေ ဘာတွေဆိုတာကလဲ မွေးနေ့မှ မဟုတ်ပါဘူး ကြုံရင် ကြုံသလို လုပ်တတ်တာလေ။ ဆိုတော့ကာ စေတနာကို ခေါင်းစဉ်တစ်ခုအောက်မှာ မနစ်မွန်းစေချင် လို့ဘာအတွက် ညာအတွက်ကြောင့်လို့ မရည်ရွယ်သလို ဘာပြန်ရပါစေ ညာပြန်ရပါစေ လို့လည်း ဆုမတောင်းပဲ ၊ တစ်ပါးသူပျော်ရွှင် ချမ်းမြေ့စေချင်၊ အဆင်ပြေ အောင်မြင် စေချင်တဲ့ စေတနာ သန့်သန့်ပဲထားပါတယ်။ ကလေး ဘ၀ကတော့ ဆုတောင်းခဲ့တာ တွေရှိသပေါ့။ ထားတော့ မသိခဲ့လို့ကိုး ... အခုတော့ တစ်မျိုးပေါ့။

ဆိုတော့ကာ .... ၅.၁၁.၂၀၁၀ ၊ သောကြာနေ့ ဟိန္ဒူလူမျိုးတွေရဲ့ ပွဲတော်နေ့ ဒေပါဝါလီ  နေ့ဟာ အင်္ဂါ မက ဗုဒ္ဓဟူးမကျတဲ့ ကျွန်တော့်လို ကောင်ကို မွေးဖွားခဲ့တဲ့ နေ့ရက်နဲ့ ပြန်လည်တိုက်ဆိုင်ခြင်းပါတဲ့.....။အသက်ကတော့ ဘယ်အရွယ်လဲဆိုတာ ကျွန်တော်လဲ သေချာမသိသလို အရင်တုန်းက သန်းခေါင်စာရင်း ဟာလည်း ကျောင်းနေ အဆင်ပြေအောင် လိမ်ထားသတဲ့၊ အမေကလည်း အယူသည်းတော့ မွေးနေ့ သက္ကရာဇ် တွေကို လူတွေ မသိလေကောင်းလေတဲ့။ အမေရေ.... အမေ့သားကိုယ်တိုင်လည်း သေချာမသိ သေးပါဘူး အမေရယ်။ ဒါနဲ့ စကားမစပ် အမေကလည်း သူ့ကို ကျွန်တော်တို့ သိထားသလို ဗုဒ္ဓဟူးသမီးလို့ပဲ ယုံကြည်စေချင်ကြောင်း ပြောပြီး ကြာသပတေး သမီးလိုလို အင်္ဂါသမီးလိုလို အရိပ်အမြွက်စာကားတွေလဲ ပြောသေးသဗျ။ ထားတော့.....
ကျွန်တော်ကိုယ်တိုင် မလေးစားသော၊ မသေချာသော ၊မေ့လျော့နေသော  နေ့တစ်နေ့ ကို ချစ်သူငယ်ချင်း မိတ်ဆွေများက သတိတရ မွေးနေ့ဆုတောင်းပေးကြသည်ကို အထူးပင်ကျေနပ် ၀မ်းသာမိကြောင်းပါ ခင်ဗျာ.. မွေးနေ့ ဆုတောင်းပေးကြသော ငွေလမင်း (ချစ်သူနှစ်ဦး) ၊ ညီငယ် ကိုကိုးအိမ်၊ သယ်ရင်း မေပယ်လ်တို့ သည်လည်း အောင်မြင်ပျော်ရွှင်မှုများဖြင့် ဘ၀ကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ လို့......



Thursday, November 4, 2010

သူ့မယား ငါ့မယား အခန်း(၃)

                မယ်မှုန်သည်ကား နဂိုကပင် မောင်မြ ခေါ်ရာကိုလိုက်လျှင် တော်မည်၊ မတော်မည် ဝေခွဲ၍မရပဲ နေခဲ့ရာတွင် မူးမူးရူးရူးနှင့် ရဲဆေးတင်ကာ ထင်ရာကိုလုပ်သော မောင်မြကို ချိန်ခွင်လျှာ ရုန်းခိုက်မှာ တစ်ဖက်၌ အလေးကိုတင်လိုက်သလို ငိုက်ခနဲ ဖြစ်ကာ လိုက်ပါ၍လာခြင်း ဖြစ်လေ၏။

                မိမိတို့၏ရွာနှင့် ငါးမိုင်ကွာသော စခန်းကြီးရွာသို့ ရောက်သောအခါ သန်းခေါင်ကျော်ခန့် ဖြစ်၍ နေလေ၏။ ထိုရွာ၌ အသိတစ်ယောက်၏ အိမ်မှာ တည်းခိုကြလေ၏။ 

               အိမ်ရှင် လင်မယားနှစ်ယောက်သည် ၄င်းတို့အတွက် နေရာခန်းများကို ပြင်ဆင်၍ပေးကြလေရာ နှစ်ယောက်၏ အိပ်ရာဖြစ်လေ၏။ မောင်မြက အိမ်ရှင် မိန်းမအား......

               “အောင်မယ်....မရုံ၊ မတော်တရော် မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်တို့ ဆွေမျိုးမတော် သေးပါဘူး၊ ပြေးရုံ ပြေးလာတာ ပါ” ဟု ပြောလေ၏။

               မရုံနှင့် ၄င်း၏ယောက်ျား ကိုမောင်မှာ အံ့သြလျက် နှစ်ယောက်စလုံးကို နားမလည်သလို ကြည့်၍ နေကြလေ၏။ မယ်မှုန်မှာလည်း မျက်လုံးကျယ်လျက် မောင်မြကို အံ့သြသလို ကြည့်နေပြီးမှ ဣနြေ္ဒလုပ်၍ နေလေ၏။ မယ်မှုန်၏ စိတ်၌ မောင်မြကို မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေရာတွင် မောင်မြ၏ ထူးခြားစွာ ပြုမူပုံကို တွေ့ရသော အခါ ယုံကြည်အားကိုးသော စိတ်ရော၊ ချစ်သောစိတ်ရော၊ သနားကြင်နာစိတ်ရော၊ ချီးမွမ်းစိတ်ရော စုပေါင်းကာ ရုတ်တရက် ချက်ချင်းပေါ်လာလေ၏။

               သြော်.....လူကောင်းကြီးပါကလား၊ ဘယ်လိုစိတ်နဲ့ ငါ့ကိုခေါ်လာပါလိမ့်မလဲ၊ ဒီလူနှယ် ထူးဆန်းပါဘိတော့တယ်။ ဘယ်လိုလူများ ဖြစ်ပါလိမ့်မတုန်း သူတော်ကောင်းကြီး ပါကလား စသည်ဖြင့် တွေးရာမှ စိတ်ကို ဒုန်းဒုန်းချလိုက်လေ၏။ သို့ ဒုန်းဒုန်းချခြင်းသည်ကား သည်ရေကို ရောက်မှဖြင့် နောင်ခါမှ ဘာဖြစ်ဖြစ် မျက်စိမှိတ်လိုက်ပါတော့မည်ဟူသော စိတ်ချခြင်းမျိုး ဖြစ်လေ၏။

               အိမ်ရှင် မိန်းမက......

               “ရှင်တို့ဟာ ...ဘယ့်နှယ်လဲ” ဟု အံ့သြလျက် ပြောလေ၏။ ၄င်း မိန်းမသည် ပျော်ပျော်ရွှင်ရွှင် နေတတ်သော မိန်းမဖြစ်ရာ ဤလိုအရေးမျိုး ကြုံသည့်အခါ အမြဲအားဖြင့် အားပေးအားမြှောက် ပြုခြင်းဖြင့် စိတ်နှလုံး စိုစိုပြည်ပြည်နေတတ်သူ တစ်မျိုး ဖြစ်လေ၏။ သူများကောင်းလျှင် ကိုယ်ကောင်းသလို သဘောထားလေ့ရှိ၏။ သူများပျော်လျှင် ကိုယ်တိုင်ပျော်လေ့ရှိ၏။ ထိုညဥ့်သည်ကား အတော်ပင်ပျော်လိမ့် မည်ဟူသော မျှော်လင့်ချက်နှင့် မိမိတို့ လင်မယားအိပ်သော အခန်းနှင့်ယှဉ်လျက် ကျူထရံကလေး တစ်ခုသာ ခြားသောနေရာမှာ ၄င်းတို့အတွက် အိပ်ရာကို ပြင်၍ပေးရာ မောင်မြ၏ စကားကို ကြားရသော အခါ ပွဲမှာ ဖျာတွေ၊ ယိုင်တွေခင်းကျင်းပြီးမှ ပွဲမိန့်မရ ဟူသော သတင်းကို ကြားသူများအလား စိတ်ပျက်၍ သွားလေ၏။

               “မပြောတတ်ပါဘူး ရှင်၊ ကျွန်မကို အတင်း လှည်းနဲ့တင်လာတယ်ရှင့်၊ အဲဒါသာ စဉ်းစား ကြည့်တော့ ၊ ကျွန်မတော့ မစဉ်းစားတတ်အောင် ရှိတာပဲ” ဟု ရှက်ကိုးရှက်ကန်း မျက်နှာနီမြန်းလျက် ပြောရာတွင် မောင်မြသည် မယ်မှုန်၏ လက်ဖျား တုန်လှုပ်သလိုဖြစ်၍ နေသည်ကို သတိထားမိလေ၏။

                “ရော....ဘယ့်နှယ် ဟာပါလိမ့်မလဲ၊ ခက်ပြီ ၊အဲဒါမှ အကျပ်၊ သူ့မျက်နှာက နီမြန်းမြန်းနဲ့ ၊ လက်တွေလည်း တုန်လို့၊လည်ချောင်းကလည်း ခဏခဏ ဘာလဲမသိဘူး မျိုမျိုချတယ်၊ ဘာဖြစ်ပါလိမ့် မလဲ။ မိန်းမများလည်း ဒိန်းဒလိန်းနတ် ဖမ်းမယ် ထင်ပါရဲ့၊သူ့လင် အကြောင်းတွေးပြီး အင်း........
အင်း... ဧကန်ဒိဌ ။ ဒါပဲ....ဒါပဲ”... စသည်ဖြင့် စဉ်းစားကာ ကြောက်စရာ သဏ္ဌာန်တစ်ခုကို ကြည့်သည့် နည်းမျိုးအတိုင်း ပဆစ်တုပ်ထိုင်၍ နေသော မယ်မှုန်ကို ကြည့်လေ၏။


               မယ်မှုန်သည်ကား ခေါင်းငုံ့ကာ တခစ်ခစ်ရယ်မော လေ၏။ အိမ်ရှင်လင်မယားလည်း စကား မပြောဘဲ ရယ်မော်၍သာ နေကြလေ၏။

               အိမ်ရှင် မိန်းမ“ ကျွန်မတို့မှာ နေရာကျဉ်းတယ်တော့၊ ရှင် ဒီမှာ မအိပ်ရင် လာ၊ ဟို ခြေရင်းက စပါးပုတ်ပေါ်မှာ အိပ်မှပဲ၊ စပါးတွေပြည့်နေလို့ တော်ပါရဲ့၊ ကြမ်းပေါ်မှာထက်တော့ ပိုပြီး နွေးမှာပဲ”

               “ကိုင်း....မယ်မှုန်၊ နင် ဘယ့်နှယ်သဘောရသလဲ ၊ ငါ့ကို စပါးပုတ်ပေါ်မှာ အိပ်ရမယ်တဲ့” 

               “ရှင် ဒီမှာ မအိပ်ရင် စပါးပုတ်ပေါ်မှာ အိပ်ရမှာပေါ့၊ ရှင့်သဘောလေ၊ ကျုပ်တော့ နက်ဖြန်ခါ ကျရင် ရွာထဲက ပြောနေကြတော့မှာပဲ”    မောင်မြသည် အတန်ငယ် စဉ်းစားနေပြီးမှ အိမ်ရှင် ယောက်ျား အနားကပ်ပြီး တီးတိုးစကားပြောလေ၏။

               “ချက်အရက်တော့ မရှိဘူး၊ သာရှင်းဆီမှာတော့ ဦးရည်တစ်တွဲရောက်တယ် ကြားတာပဲ ” ဟု အိမ်ရှင်က ပြန်ပြောရာ မောင်မြက “ အောင်မယ်လေး....ဒါပဲ တော်လှပါပြီ ကျေးဇူးရှင်ကြီး၊ ဆောင်ကြည်း ပေးစမ်းပါ၊ တစ်လုံးတည်းပါ” ဟု ပြောကာ ငွေတစ်ကျပ်ထုတ်၍ ပေးလေ၏။ အိမ်ရှင်ယောက်ျားလည်း ထွက်၍ သွားလေ၏။ ထို့နောက် အိမ်ရှင်မိန်းမကို လက်တို့ခေါ်ရာ အိမ်ရှင် မိန်းမက....

               “အလို ... ဘယ့်နှယ်လူပါလိမ့်၊ မမှုန် ရှင့်လူဟာ.......”

               မြ “ မဟုတ်ပါဘူးဗျာ ၊ကျုပ်က ကြောက်တတ်လို့ပါ၊ သူ့မှာ ယောက်ျားနဲ့ဗျာ၊ ကျုပ်မူးတုန်းမှာ ဆွဲခေါ်လာတာ၊ အခုတော့ ကြောက်တယ်၊ အ၀ီစိဗျာ....အ၀ီစိ....”

               “ဒီလိုဖြင့် ဦးရည်သောက်ပေါ့ရှင့် ၊ မူးရင် အကြောက်ပျောက်ကရော မဟုတ်လား၊ ရှင့်မယားကို ဟိုကခေါ်သွားတယ်ဆို၊ မသကာ သရေပေါ့ရှင့်၊ ဘယ်သူကမှ ကုသိုလ်ပိုရဖို့ မရှိပါဘူး”

               မောင်မြသည် ဦးခေါင်းကို ကုတ်ပြီး......

               “ အင်း .... ဒါလည်း ဟုတ်တုတ်တုတ်ပဲ ” ဟု ပြောကာ မယ်မှုန် ဘက်သို့လှည့်ပြီး “ ဟဲ .. ဟဲ...” ဟု ပါးစပ်ပြဲကြီးနှင့် ရယ်လေ၏။

               မယ်မှုန်ကား မျက်နှာလွှဲ၍ နေလေ၏။

               မကြာမီ ဦးရည်နှစ်လုံး ရောက်လာရာ အိမ်ရှင် ယောက်ျားနှင့် အတူထိုင်၍ သောက်လေ၏။ အိမှ်ရှင်မိန်းမက ကြက်သားဟင်း တစ်ခွက်ကို ခပ်လာ၍ ပေးလေ၏။

               တစ်ခွက် ၊ နှစ်ခွက် သောက်မိသော အခါ.........

               “အေး... မဟိုဒင်း ပြောတာ အဟုတ်သားပဲ၊ ခင်းဗျား မိန်းမ တော်တော်ပညာရှိတယ် ၊ သုဓမ္မစာရီ ၀င်စားတယ်ထင်တယ်၊ ကိုင်း.....”

               “ဘာလဲဗျာ့....ခင်ဗျား ကိုင်းက” ထိုအခါ အိမ်ရှင်မက အကြောင်းကို ပြော၍ ပြလေ၏။ မယ်မှုန်ကား ရှက်ကိုးရှက်ကန်းဖြစ်ကာ မှောင်ရိပ်ဘက်သို့ မျက်နှာကို လှည့်ပြီး ဦးခေါင်းငုံ့လျက်သာ နေလေ၏။

               “သြော်....ဒါထက် တစ်နေ့က ရွှေမောင်တို့ အိမ်ကိုလည်း စုံတွဲတစ်ခု ရောက်နေ ဆိုပါကလား၊တစ်နေ့က ရောက်သတဲ့။ ယောက်ျားရော မိန်းမ သနားကမားတဲ့၊ ခိုးရာလိုက်လာ ကြသတဲ့” ဟု ယောက်ျားက ပြောလေ၏။ မယ်မှုန်နှင့် မောင်မြသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြလေ၏။ 

               မှုန် “ ဘယ်လိုတဲ့လဲ ၊ ယောက်ျားက ဘယ်အရွယ်တဲ့လဲ”         “ အသက် သုံးဆယ်ကျော် လေးဆယ်နီးနီးလို့ ပြောတာပဲ” 

               “ရုပ်ရည် ကရော”

               “ရုပ်ရည်တော့ သနားကမားယောင်နဲ့တဲ့၊ ပိန်ပိန်းပါးပါးတဲ့၊ လူတော့ တော်တော် လည်ပုံရသတဲ့” 

               မှုန် “သင်းတို့လား”

               မောင်မြမှာ မျက်နှာပျက်၍လာလေ၏။ ကြောက်ရွံ့ခြင်းသည် ဖုံးကွယ်၍ မရပေ ။

               “ဘယ့်နှယ်လဲ .... မယ်မှုန် ၊ ငါတို့ ဒီရွာမှာ နေလို့ မကိုက်ဘူးထင်တယ်၊ ငါတော့ ညတွင်းချင်း တခြားရွာရွှေ့ချင် တာပဲ”

               “ရှင်က...ကြောက်သာလား”

               “ကြောက်လို့ မဟုတ်ပါဘူး၊ မင်္ဂလာဦးမှာ ရှုပ်ရှုပ်ယှက်ယှက်တွေ မဖြစ်ချင်လို့ပါ” ဟု လီဆယ်၍ ပြောလေ၏။ အိမ်ရှင်မိန်းမက......

               “ဘာဖြစ်လို့လဲရှင့်၊ သြော်....ကျွန်မ နားလည်ပြီ၊ အောင်မယ်လေးတော် .... ရှင့်နှယ် ၊ သူရဲဘောနည်းလိုက်တာ၊ သူတို့ကစပြီး မဟုတ်တာ လုပ်တာ ရှင်က ကြောက်နေရသေးသလား၊ ကျွန်မ တာဝန်ထားလိုက်၊ သူတို့မကောင်းကြောင်းကို တစ်ရွာလုံး ကျွန်မ မနက်ကျရင် မောင်းတီးမယ်၊ရှင် လူရိုး ဖြစ်တာ ကျွန်မတို့သိပါတယ်၊ မှဲ့တစ်ပေါက် မစွန်းရဘူးလို့မှတ်ပါ၊ ဒီက မမှုန်ဆိုတာ ငယ်သူငယ်ချင်း ဟိုအကောင်နဲ့ ဖြစ်တာ ခွေးနဲ့မှားတာပဲ”

               မယ်မှုန်က စကားဆက်မှာစိုးသဖြင့် မျက်စပစ်၍ပြ လိုက်လေ၏။ အဘယ်အထိ စကားဆက်မှာကို မယ်မှုန်စိုးရိမ် သည့်အကြောင်းနှင့်ပတ်သက်၍ ရှေ့လာမည့် အခန်းများတွင် တွေ့ရှိရ ပါလိမ့်မည်။

               မယ်မှုန်၏ အမူအရာမှာ မိန်းမ မပီရာ ကျ၍နေ၏။ သို့သော်လည်း အကြောင်းမဲ့ မဟုတ်ပေ။ မယ်မှုန်မှာ လုပ်၍ကျွေးမည့် ယောက်ျားကောင်းတစ်ယောက်ကို စိတ်ချလက်ချ ကိုယ်ပိုင်ရဖို့အရေးသည် ထိုအချိန် ထိုအခါ၌ များစွာကြီး၍နေလေ၏။ မောင်မြမှာ ရုပ်မလှသော်လည်း အရုပ်ဆိုးသူ မဟုတ်။ ၄င်း၏ စိတ်နေသဘောထားပုံမှာ ရုပ်ထက်ပိုမို ချစ်ဖွယ်ရာ ကောင်း၍နေလေ၏။ သေရည်ကြိုက်ခြင်းသာ အပြစ်ဖြစ်လေ၏။ သို့သော်လည်း ထိုအပြစ်ကြောင့် အကျိုးမယုတ်ခဲ့ပေ။ နေပူစပ်ခါး မိုးလေထဲများ၌ အမြဲ သွားလာရှာကြံ လုပ်ကိုင်ရသူမှာ မလွန်သော သေရည်သည် သေရည်မဟုတ် ရှင်ရေ သကဲ့သို့ ဖြစ်၍နေ လေ၏။ ပင်ကျရည်ကလေးများ ပေါ်သည့်ဆောင်းလရာသီများ၌ သာလွန်ခရီးတွင်၍ သာလွန် အကျိုးရှိ ခဲ့လေ၏။

               အိမ်ရှင် လင်မယားနှစ်ယောက်က အားပေးကြသဖြင့် အတော်ပင် အားရှိ၍လာရုံမက ရဲဆေး တင်သလို ရဲစိတ်ဝင်လျက်.....“ကျုပ်ကို လူကြောက်ကြီး မထင်ကြပါနဲ့ဗျာ၊ ကျုပ်က ကုလားဖြူ ရာဇ၀တ် ဥပဒေနဲ့ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အရာရာမှာ ဘေးကင်းအောင် နေတာ၊ လူ့ဘ၀မှာ အသက်တိုတို ကလေးရယ်၊ မခံချင်တဲ့ စိတ်ကလေး အလိုလိုက်ပြီး မာန်ဘီသို့ သုံး ၊ လေး၊ ငါးနှစ် ကုလားဖြူထောင်ထဲ ရောက်နေရင် အလကားအချိန်ကုန်တာပေါ့ဗျာ၊ အခုတော့ ဘယ်လိုဖြစ်ဖြစ် ဇာမဏီမျိုး အမြီးတစ်ချောင်း အကျွတ်မခံဘူးဗျာ့၊ ကျုပ်အကြောင်း ကို သိရစေ့မယ်” ဟု ပြောပြီး အိမ်ခေါင်းရင်း ထရံရှိရာသို့ ဗြုန်းကနဲ ထ၍ သွားလေ၏။

               အားလုံး အံ့အားသင့်၍ နေကြလေ၏။ မောင်မြသည်ကား ထရံမှာထိုး၍ ထားသော ငှက်ကြီးတောင် ဓားနှစ်စင်းကို နုတ်၍ကိုင်ပြီး ကြမ်းကို ဓားရိုးနှင့် ဆောင့်လေ၏။

               ထိုအခါ လင်မယားနှစ်ယောက်မှ ပက်လက်လန်အောင် ရယ်မောကြလျက် အူနှိပ်၍နေကြ လေ၏။အိမ်ရှင် မန်းမက....

               “သေသေချာချာ ကြည့်ပါဦးရှင့်” ဟု ပြောလေ၏။ မောင်မြ သေသေချာချာ ကြည့်သောအခါ ၀ါးခြမ်းများ ဓားများဖြစ်၍ နေသည်ကို တွေ့ရသဖြင့်.... 

               “ဟင်..... တကယ့်ဓားလားလို့” ဟု ပြောကာ ကိုင်ဆင်းရင်း ရယ်မောလေ၏။ 

               “ကျွန်မ ကလေးတွေ ဓားသိုင်းသင်တဲ့ ဟာတွေပါရှင့်၊ ဓားတစ်ပြက် တုတ်တစ်ပြက် ဖြစ်ဖို့ မလိုပါဘူးရှင့်၊ ကျွန်မတို့ ရှိပါသေးတယ်” ထို့နောက် ခဏမျှ စကားပြောရင်း မောင်မြမှာ ငိုက်စ ပြုလေ၏။ 

               “အိမ်ရှင် လင်မယားနှစ်ယောက်နှင့် မယ်မှုန်သည် ၄င်းကို ကြည့်ကာ မျက်စပစ်ကာ ၊ မေးငေါ့ကာ ၊ လက်တို့ကာနှင့် တခစ်ခစ်ရယ်မောကြလေ၏၊ ရယ်သံကို ကြားရသောအခါ ငိုက်နေသော ဦးခေါင်းကို ငေါက်ခနဲထောင်ပြီး..............

               “ဟင်....ဘာဖြစ်လို့လဲ၊ ဟာ.... အိပ်ချင်ပြီ” ဟု ပြောကာ အိပ်ရာထဲ ထိုးလှဲ၍ ၀င်လိုက်ပြီး နောက် ဆယ်မိနစ်လောက်အတွင်း ဟောက်၍ နေလေ၏။

               လင်မယားနှစ်ယောက်လည်း တစ်ယောက်ပြီးတစ်ယောက် အိပ်ရာဝင်ကြလေ၏။ မယ်မှုန် လည်း အိပ်ရာထဲကို ၀င်ကာ မောင်မြဘက်ကို ခဏမျှတစောင်းလှည့်လျက် အိပ်မောကျနေသူကို ကြည့်၍ နေလေ၏။ ထို့နောက် သက်မကြီးကိုချကာ ပက်လက်လှန်ပြီး အိမ်ခေါင်မိုးကို ကြည့်၍နေလေ၏။ ထို့နောက် မောင်မြဘက် ကျောခိုင်းလိုက်လေ၏။ တစ်ဖန် ပက်လက်လှန်လေ၏။ ထိုနည်းဖြင့် ဘယ်ပြောင်း ညာပြန် တစ်ညလုံး အိပ်၍ မပျော်ဘဲနေလေ၏။

               လင်းအားကြီးမှ အိပ်ပျော်၍သွားပြီး ဘုန်း.....ဘုန်း.... ဘုန်း.... ရိုက်သံကြောင့် လန့်၍ နိုးသောအခါ ဗျပ်နီကြီးထဲတွင် ကောက်ညှင်းပေါင်းများကို ယောက်မနှင့် ရိုက်၍နေသော အိမ်ရှင်မိန်းမကို မြင်ရလေ၏။ မောင်မြမှာကား အိပ်တုန်းပင် ရှိနေလေ၏။

               မယ်မှုန် အိပ်ရာကထပြီး ၄င်းအနားသို့ သွား၍ထိုင် သောအခါ မိန်းမက......

               “မယ်မှုန့်လူက တယ်ရှော်တဲ့လူပဲ” ဟု ပြောလေရာ မယ်မှုန်သည် ပြုံးလျက် ထ၍သွားပြီး ကြမ်းပြင်မှာ မျက်နှာသစ်လေ၏။

               မယ်မှုန် မျက်နှစ်သာ၍ အိပ်တွင်းကို ပြန်ဝင်သော အခါ အိမ်ရှင်မက.....

               “မမှုန်လူကို နှိုးလေ၊ အင်မတန် ပျော်စရာကောင်းတဲ့ လူ အိမ်စိုတယ်ရှင့်၊ ကောက်ညှင်းပေါင်း စားပါစေ၊ ငါးပတ်ခြောက်ကြီးတွေက ဆူလွန်းလို့” ဟု ပြောလေ၏။

               မယ်မှုန်သည် မောင်မြ ခြေသလုံးကို ကိုင်ကာလှုပ်၍ နှိုးလေ၏။ 

               မောင်မြသည် တွန့်လိမ်သမ်းဝေလျက် မယ်မှုန်၏ မျက်နှာကို စိုက်ကာ စဉ်းစားသလို ကြည့်၍ နေလေ၏။ မိမိအား အဘယ်နည်း အဘယ်ပုံ မယ်မှုန် လာ၍ နှိုးနေသလဲ ဟု နားမလည်သဖြင့် စဉ်းစား၍ နေဟန်ရှိလေ၏။ ထို့နောက်မှ သတိရဟန် နှင့် ပြုံးလျက် မျက်စိဇိမ်ခံ၍ ကြည့်နေပြီးမှ ငေါက်ခနဲ ထ၍ ထိုင်လေ၏။



အခန်း (၄) အား  ဆက်လက်ဖေါ်ပြပါမည်..........။

Wednesday, November 3, 2010

လူငယ်များသို့ (စာရိတ္တ တန်ဖိုး)

လူငယ်တို့သည် လိမ္မာရေးခြားဖြစ်စေရန်
ပူဇော်ထိုက်သူကို ပူဇော်ရမည်ဟူ၏
မပူဇော်ထိုက်သူအား
မပူဇော်ရုံမျှမက ရှောင်ကြဉ်ရပေမည်။
စိတ်ကောင်း စေတနာကောင်းထားရှိခြင်းသည်
လူ၏ ရည်မွန်မှုကိုပြည့်စေ၍ ကောင်းမှုဟူသည်
ပညာဟူသော အသိပညာတို့ကို
တတ်သိစေရန်ပင်ဖြစ်၏။

တက်တိုး၏
စာရိတ္တ၏ တန်ဖိုး

               အမျိုးသားလူငယ်များကို ဆုံးမစကား စာဖြင့်ပြောကြား စေလိုကြောင်း ဆိုလာသဖြင့် ထိုတောင်းဆို မှုသည် ကောင်းသော လုပ်ရပ်ဖြစ်သည်။ ဆုံးမစကားကို နာယူခြင်းသည် မင်္ဂလာဖြစ်၏။ မင်္ဂလာသည် ကောင်းကျိုးပြုခြင်းဖြစ်သည်။ လူသားတို့မှာ အကုသိုလ်ကင်း၍ ကုသိုလ်ပြည့်စုံသည် ဆိုလျှင် မင်္ဂလာနှင့်ပြည်စုံခြင်း ဖြစ်၏။

                 မင်္ဂလာသည် ကောင်းသော အခြင်းအရာ ဖြစ်ပေသည်။ ကောင်းကျိုးပေးခြင်း ကောင်းကျိုး ရယူခြင်းသည် မင်္ဂလာဖြစ်ပေသည်။ ဘ၀အဆက်ဆက် လူသားတို့သည် အကုသိုလ် မကောင်းမှုကို မကောင်းမှုများဖြစ်ကြောင်း ၊ အကုသိုလ်ကင်းသော ကောင်းမှုမှန်သမျှသည် ဘ၀၌ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံခြင်းပင် ဖြစ်သဖြင့် မိမိတို့ဘ၀၌ မင်္ဂလာရှိသည် ဟု ဆိုရပေသည်။

                 ရှေးရှေးကာလမှာ လူသားတို့သည် ကောင်းသောစိတ် စေတနာဖြင့် ကောင်းသောကုသိုလ် ကောင်းမှုတို့ မည်သို့ပြုရမည်နည်း။ အကုသိုလ် ဟူသော မကောင်းမှု ဒုစရိုက်များကိုပယ်၍ ကောင်းသော အမှုကို မည်သို့ဆောင်ရွက်ရမည်နည်း ဟူသော ပြဿနာကို လူ့လောကတွင်ရှိသော အသီးသီး ပညာရှင် တို့သည် ကြံဆဖော်ပြ၏။ သို့သော် သူတို့၏ အဆိုအပြောတို့မှာ ပြီးပြည့်စုံသည်ဟု မဆိုသာ ဖြစ်နေချေ သည်။ ယင်းတို့ဖြင့် လူ့သိက္ခာအကြောင်းနှင့် ပတ်သက်၍ ကျေနယ်ဖွယ် ဖော်ပြမှု မပြုနိုင်သည်မှာ သာမန် နတ်သား(အညတရ ဒေ၀)အဖြစ် ဗုဒ္ဓမြတ်စွာ ရှေ့တော်မှောက်သို့ ချဉ်းကပ် ရိုကျိုး၍ လူတို့စောင့်အပ် သော လူ့သိက္ခာကို မေးမြန်းစုံစမ်းလေသည်။ မြတ်စွာဘုရားက လူ့ကျင့်ဝတ်ကို မင်္ဂလသုတ် တရားတော် မှာ ဖော်ပြတော် မူသည်။ ယင်းသည် မြန်မာဗုဒ္ဓဘာသာ လူငယ်များအဖို့ ရှေးတုန်းကတော့ လူငယ်တွေ ဘုန်းကြီးကျောင်းသား အဖြစ်နဲ့ အနည်းဆုံးတစ်နှစ်တော့ နေကြပြီး မင်္ဂလာသုတ်ကို သင်ယူကြရတာ အစဉ်အလာပါပဲ။ အခုခေတ်တော့ လူငယ်တို့ဟာ ဘုန်းကြီးကျောင်းသား မဖြစ်ဖူးကြဘူး။ လောကီစာကို အခြေခံပညာသင် ကျောင်းတွေမှာ သင်ကြတယ်။ ဘုန်းကြီးကျောင်းမှာ မနေကြရဘူး ဆိုဦးတော့ သုံးဆယ့် ရှစ်ဖြာ မင်္ဂလာကို ဖတ်ရွတ်လေ့လာဖို့ သင့်ပါသည်။ မင်္ဂတရားတော်သည် လောကုတ္တရာချည်း မဟုတ်ပဲ လောကီလူမှုရေးတို့မှာလည်း လူငယ်တို့ဟာ စတင်လေ့လာသင့်ပါတယ်။  လောကီရေးရာရော လောကုတ္တရာ ရေးရာမှာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော်ကို ကျကျနန လေ့လာဆောင်ရွက် စေချင်ပါ တယ်။လောကီရေးရာမှာ ပြုကျင့်ရမယ့် လူ့ကျင့်ဝတ်နှင့် ပတ်သက်သဖြင့် ကိုးကွယ်သည့် ဘာသာတရား များ အတွက်လည်းဖြစ်သည်ဟု ယူဆခံယူနိုင်ပေသည်။ လူတိုင်းကျင့်အပ်သည့် လူမှုရေးရာဘက်တွင် အသုံးဝင်ပါသည်။ 

                ဆိုလိုသည်မှာ လောကီ၊လောကုတ္တရာ နှစ်ဖြာသော ကျင့်ဝတ်တို့အဖြစ် ကျင့်သုံးနိုင်သော အရာများဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် လူငယ်လူရွယ်တို့ လူမှုရေးကျင့်ဝတ်များ အဖြစ် လိုက်နာကျင့်သုံး လျှင် ကိုယ်ကျင့်တရား ကောင်းမွန်၍ ကိုယ်ကျိုးလည်း ဖြစ်ထွန်းစေသည်။ သူတစ်ပါး လူအများအတွက် လည်း မိမိက ကောင်းကျိုးပြုနိုင်သည်။ လူ့သိက္ခာ လူကျင့်ဝတ်တို့ဖြစ်သဖြင့် လောကီ လောကုတ္တရာ အကျိုးနှစ်ဖြာ ပြည့်စုံနိုင်ပေသည်။ 

                 မြတ်စွာဘုရားသည် “အသေ၀နာစ ဗာလာနံ ၊ ပဏ္ဍိတာနဉ္စသေ၀နာ” ဟု စတင်ဟော တော်မူသည်။ “လူမိုက်ကိုရှောင် ၊ လူလိမ္မာပညာရှိကို ဆည်းကပ်” ဟု ဟောလေရာ လူမှုရေး၌ အရေးပါ ဆုံးသည် အပေါင်းအသင်းဖြစ်ကြောင်း အပေါင်းအသင်းမှားလျှင် ကိုယ်ကျိုးပျက်စီးစေမည့် အဓိပ္ပါယ်သည် ထင်ရှား၏။ လူငယ်တို့သည် လိမ္မာရေးခြား ဖြစ်စေရန် ပူဇော်ထိုက်သူကို ပူဇော်ရမည်ဟူ၏။ မပူဇော်ထိုက် သူအား မပူဇော်ရုံမျှမက ရှောင်းကြဉ် ရပေမည်။ စိတ်ကောင်းစေတနာကောင်း ထားရှိခြင်းသည် လူ၏ ရည်မွန်မှုကို ပြည့်စုံစေ၍ ကောင်းမှုသည် ပညာဟူသော အသိပညာ အတတ်ပညာတို့ကို တတ်သိစေရန် ပင်ဖြစ်၏။ အရေးကြီးသော အချက် တစ်ခုမှာ အမိအဘကို လုပ်ကျွေးသမှု ပြုခြင်းဖြစ်၏။ မိဘကို ရိုသေစွာ ကျေးဇူးဆပ်သည့် အနေဖြင့် မိမိကိုမွေးဖွားသော မိဘတို့သည် အချိန်တန်သောအခါ အိုမင်းမစွမ်း ဖြစ်လာ တော့သည်။ ထိုအခါ အခြေအနေတိုးတက်လာသော သားသမီးတို့က မိဘများကို မွေးကျေးဇူး ဆပ်ကြရမည်။ အပြစ်ကင်းသော အသက်မွေးမှု အလုပ်အကိုင်တို့ကို လုပ်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုကြ ရပြီး ကျေးဇူးဆပ်စဉ်မှာပင် ဆွေမျိုးသားချင်းတို့ကို ကူညီစောင့်ရှောက် ရပေမည်။

               သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော်သည် လူမှုရေးနှင့်ပတ်သက်၍ လူသားတို့ ဆောင်ရွက် အပ်သော ၀တ္တရားများကိုဖော်ပြသည်။ လူငယ် လူရွယ်တို့သည် မင်္ဂလာ တရားတော်အတိုင်း လုပ်ကိုင် ဆောင်ရွက်လျှင် လူတော်လူကောင်း ဖြစ်မည်။ လူ့တာဝန် လူ့ဝတ္တရားများကို ဆောင်ရွက်ခြင်းဖြင့် လူ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဟူ၍ လူမှုရေးနှင့် ပတ်သက်သည့် တရားလည်းဖြစ်သည် ။ လူမျိုးမရွေး ဘာသာမရွေး အားလုံးသော လူသားတို့က ကျင့်သုံးကြလျှင် လူ့လောက၌ အဆိုးအမိုက်များ ကင်းနိုင်သလောက် ကင်းပေလိမ့်မည်။ 

                သို့သော် ယခုခေတ်သည် သိပ္ပံနှင့် နည်းပညာတို့၏ ကျေးဇူးကြောင့် လူသားတို့အား ထူးထူးခြားခြား ထောက်ပံလျက်ရှိသည်။ သို့သော် ထိုပစ္စည်းများ အရည်အသွေးတိုးတက်၍ စွမ်းရည် ထက်စေကာမူ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော် ပါ အချက်အလက်တို့ကို ဂရုမထားပဲ မာန်မာန တက်ကာ အကျင့်စရိုက်ဆိုးများကိုသာ ပြုလုပ် အားထုတ်လျက်ရှိသည့် လူငယ်ပိုင်းသည် အများအမြင် အားဖြင့် တိုးတက်လျက်ရှိ၏။ တစ်ဖက်မှာ တိုးတက်လျှင် အခြားဘက်မှာ ဆုတ်ယုတ်တတ်သည်။ နှစ်ဖက်လုံး ညီတူညီမျှ တိုးတက်လျှင် လူ့လောကသည် အေးချမ်းသာယာ၍ လူတို့သည် လူ့ဘ၀တွင် နေရေး ထိုင်ရေး ၀မ်းစာရှာရေးတို့သည် အဆင်ပြေ၍ မင်္ဂလာရှိပေမည်။ သို့သော် ထိုသို့မဟုတ်ပဲ တိုးတက် ခိုက်မှာပင် အမိုက်ပိုနေကြသဖြင့် များစွာသော လူသားတို့သည် မတော်မတရား လုပ်ရပ်များ ကြောင့် ရန်သတ္တရုပွား၍ ကမ္ဘာအရပ်ရပ်တွင် ဒေါသ လောဘ မီးများ ပွားပြန့်လျက်ရှိသည်။ 

               ကျွန်တော့် အမြင်မှာ တတိယထောင်စုနှစ် အစ ၂၁ ရာစုနှစ်ကာလတွင် တစ်ကမ္ဘာလုံး လူဦးရေ တိုးတက်သည်နှင့် အမျှ စာရိတ္တပျက်ပြားမှုသည် အကြမ်းဖျင်းအားဖြင့် ပွားများသထက် ပွားများ လာသည်။ ကျယ်ပြန့်ပွားများ လာသည့် အလျောက် တိုင်းပြည်များ၊ လူမျိုးများသည် ထိန်းမနိုင် သိမ်းမရ ဖြစ်နေချေပြီ။ အထူသဖြင့် လူငယ်လူရွယ်တို့သည် စည်းမဲ့ကမ်းမဲ့ သောင်းကျန်းနေကြသည်။ ယင်းသို့သော သောင်းကျန်းမှုကို သူတို့က ခေတ်မှီလှပြီ ထင်နေကြသည်။ ရှေးခေတ်မှာ ထွန်းကားခဲ့ သော စရဏတရားကို အမှတ်မထင် ပြုရုံသာမက ခေတ်မမီတော့ဟု သဘောထားကာ အဆိုအမိန့်များ ဆုံးမချက်များကို ပစ်လိုက်ကြသည်။ ရှေးဟောင်းစာပေးများ ကိုလည်း ခေတ်လွန်သော အဟောင်းအမျင်း များဟု သဘောထားကြသည်။ ယင်းအင်အားစုသည် လူငယ်လူရွယ်တို့ကြားတွင် အတော်များလာသည် ကို တွေ့ရသည်။

               စရဏတရားကို သရုပ်သဏ္ဌာန်ပေါ်သော ၀တ္ထု ကဗျာ ဆောင်းပါးများကို ပြက်ရယ်ပြုကြ သည်ကို တွေ့ရပါသည်။ အချို့လူငယ်တို့က စရဏတရားကို ပြောင်ပြောင်ပစ်ပယ် ကြသည်ကိုလည်း တွေ့ရသည်။ ခေတ်သစ်၌ ပေါ်ထွန်းသော လောကီအာရုံ ကာမဂုဏ်တို့ကို အမွှန်းတင်သော စာပေများကို စိတ်ဝင်စားစွာ ဖတ်ရှု၍ ကျေနပ်နေကြသည်။ 

               လူငယ်လူရွယ်တို့သည် ပတ်ဝန်းကျင် အခြေအနေများ၏ ပယောဂကြောင့် ကိုယ့်ကျင့်တရား ပျက်ပြားခြင်းကိုပင် ခေတ်မီသည်ဟု ထင်နေကြသည်။ လူ့ဘ၀ စည်းစိမ်များကို စွဲမက်နေကြသည်။ ယင်းသို့ ကာမဂုဏ်များကို နှစ်သက်ကာနေ၍ ပြုလုပ်နေခြင်းကို ခေတ်မီသည် ၊ ခေတ်သစ်တွင် ခေတ်နှင့် အတူလိုက်မှ တိုးတက်သည်။ မိဘရိုးရာ ဘာသာတရားတို့ကို အထင်သေးသလို ဖြစ်လာကာ ဘာသာရေး ၌ စိတ်ဝင်စားမှု လျော့နည်း၍ လောကီးရေးတိုးတက်မှုများကို ကိုးကွယ်ကြချေသည်။ သူတို့ကို စေတနာဖြင့် သတိပေးမှုကိုပင် ပြက်ရယ်ပြုကြချေသည်။
               ယခုဖော်ပြချက်များသည် တစ်ကမ္ဘာလုံးရှိ လူငယ်၊ လူရွယ်တို့သာမက လူကြီးများစွာ တို့ကလည်း ပေါ်ပင်တွေ ကို လိုက်စားကြချေသည်။ ပွင့်လင်းစွာ ဆိုရပါမူ မြန်မာဗုဒ္ဓဘာသာဝင် လူငယ်များ၌ စာရိတ္တပျက်ပြားမှုသည် အခြားဒေသများထက် လျော့နည်း၍ ၀မ်းသာကျေနပ်မိပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့လို ကြီးရင့်သော ပုဂ္ဂိုလ်များက သတိပေးစကား ထပ်ခါထပ်ခါ ပြောနေကြရ ပါသည်။

               လူငယ်တွေ ယင်းသို့ ငယ်ရွယ်ချိန်မှာ စရဏတရားကို စတင်လေ့လာသင့်သည်။ ကျွန်တော် အကြံပေးလိုက်သည်မှာ မင်္ဂလသုတ် သင်တန်းများဖွင့်၍ လူငယ်များ ကျောင်းအားချိန် စနေ တနင်္ဂနွေ နေ့တို့တွင် တက်၍ သင်ယူကြစေလိုပါသည်။ ရှေးခေတ်၌မူ ကျောင်းသားအရွယ်အစလောက်တွင် ဘုန်းကြီး ကျောင်းတွင်သွား၍ မြန်မာစာ ဖတ်တတ်အောင် သင်ပြီးလျှင် မင်္ဂလသုတ် အရကျက်ကြရသည်။ ယခု အခါ၌မူ ထိုအခြေအနေမျိုး မရှိသလောက် ဖြစ်နေချေပြီ။ စာသင်စ ကလေးများကို အခြေခံပညာ ကျောင်းတွင် စာသင်ကြရသည်။ ထို့ကြောင့် မင်္ဂလသုတ်တတ်ဖို့ အခွင့်မသာချေ။ ထို့ကြောင့် စနေ ၊ တနင်္ဂနွေ နေ့များတွင် မင်္ဂလသုတ် သင်တန်းများ ဖွင့်ပေးစေလိုပါသည်။ မင်္ဂလသုတ်ကို သင်ကြားရာ၌ ပါဠိပုဒ်များကို မြန်မာဘာသာ ပြန်ရုံမျှဖြင့် ကိစ္စမပြီးသင့်ပါ။ အပုဒ်တိုင်းကို အကျယ်ချဲ့၍ သင်ပေးခြင်းဖြင့် လူငယ်တို့အား စရဏတရားကို ကျေညက်အောင် သင်ပေးစေလိုပါသည်။

               ကျောင်းသားတို့သည် ယင်းသို့ ကျောင်းနေစအရွယ်မှ မင်္ဂလာတရားတော်နှင့် ငါးပါးသီလ တို့ကို ကောင်းစွာနားလည် သဘောပေါက်သည်အထိ သင်ပေးစေလိုပါသည် ။ ကျောင်းသား ကလေးများ ချည်းမဟုတ်ပါ ။ ကျောင်းသားကြီးများလည်း သင်ယူဖို့လိုပါသည်။ ကျွန်တော့်အယူအဆမှာ ကလေး အရွယ်မှ အထက်တန်းကျောင်းသားတို့အထိ မင်္ဂလသုတ်နှင့် ငါးပါးသီလကို ကောင်းစွာ သိနားလည်ကြ စေချင်ပါသည်။ လူငယ်လူရွယ်တို့သည် “စရဏ” အကျင့် ရစေရန် လိုအပ်ပေသည်။ ယခုကျဆင်း နေသော စရဏ အကျင့် (စာရိတ္တ) အစွမ်းထက်စေမှသာ နောင်ကာလတွင် လူတော်လူကောင်း အစစ်များ ဖြစ်ပြီးလျှင် အကျင့်စာရိတ္တ မြင့်မားထက်သန်ပြီး လူမျိုး၏ဂုဏ် တက်သည်သာမက သူတို့အဖို့လည်း တစ်သက်တာလုံး အကျင့်စာရိတ္တကောင်းမွန်၍ အကျိုးမပျက်ဘဲ ခိုင်မြဲသောအကျင့်ကောင်းများ ထွန်းကား ပေလိမ့်မည်။

               အကျင့်စာရိတ္တသည် လူ့ဘ၀တွင် အရေးပါဆုံးဖြစ်သည် ဟူသော အချက်ကို သိနားလည်ပေ လိမ့်မည်။ ကျွန်တော့်အနေဖြင့် စာရိတ္တကောင်းမှသာ အမျိုးသားရေး အရည်အသွေးကောင်းပေမည်။ သို့မှ သာလည်း လူမျိုးနှင့် နိုင်ငံတို့သည် လူ့လောကတွင် လူမှုရေး အဆင့်မြင့်တက်ပေ လိမ့်မည်။

တက်တိုး

Tuesday, November 2, 2010

သူ့မယား ငါ့မယား အခန်း(၂)

အခန်း (၂)
မယ်မှုန်သည်ကား အိမ်၌ မီးတိုင်ကိုမျှ မထွန်းတော့ဘဲ အိမ်ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ ဆေးပေါ့လိပ်ကို ဖွာလျှက်နေလေ၏။ အိမ်တွင်းက လူကို အဘယ်ပုံထုတ်ရမည်ကို မကြံတတ်ဘဲ နေလေ၏။ ရွာသူရွာသားများ သည်ကား မယုံရသော လူမျိုးဖြစ်လေ၏။ မိမိတို့အရေးထက် သူတစ်ပါး အရေးကို ပိုမိုဂရုစိုက်တတ်ကြရာ မတော်တဆ အနီးအပါးမှောင်ရိပ်များမှ ချောင်းမြေင်း၍ နေကြချေကာ တစ်စုံတစ်ယောက် မြင်း၍သွားလျှင် တစ်ရွာလုံး ဆူညံတော့မည် ၊ အရှက်ကွဲ အကျိုးနည်းဖြစ်တော့မည် ဟူသော အကြောင်းကို စဉ်းစား၍ ကြောက်လေ၏။

               အကြောင်းမူကား ဘိုးကြောင်သည် ပွဲစားဆိုသော်လည်း ရိုးရိုးသားသား အလုပ်လုပ်ကိုင် အသက်မွေးသူ မဟုတ်၊ လည်ပတ်ကာနေ၏ ။ စကားတတ်သမျှ အစွမ်းတို့ကို ရွာပေါ်၌ ရွာစော်လုပ်ခြင်း ၊ ဌာနမှား အသုံးပြုသဖြင့် ကာလသားခေါင်း တစ်ယောက်ကဲ့သို့ဖြစ်လျက် လူမိုက်လူရမ်းတို့နှင့် အကျွမ်းဝင် သူဖြစ်ရာ မိမိကိုယ်တိုင်လည်း တစ်ခါ ၊ နှစ်ခါ ရိုက်နှက် သတ်ပုတ်သော အလုပ်များ၌ ပါဖူးသူဖြစ်သဖြင့် မိမိ ကိုယ်တိုင်ပင် မယားအပေါ်၌ သစ္စာဖောက်သော်လည်း မယားသစ္စာဖောက်ကြောင်း သိရချေက ငြိမ်သက် စွာ ခံ၍နေမည် မဟုတ် ၊ မညှာမတာ လုပ်မည့် လူစားဖြစ်ကြောင်း သိရလေရာ မယ်မှုန်မှာ စိုးရိမ်မကင်း ဖြစ်၍နေလေ၏။ လူမိုက်တို့မည်သည် ရပ်ရွာ၌ မျက်နှာတစ်မျိုးကြီးလေ့ ရှိလေရာ အချို့သောသူများက မျက်နှာလို မျက်နှာရ ၊ မိမိ ဒုက္ခဖြစ်အောင် ၊ ဘိုးကြောင်အား တိုက်ကြမှာကို ကြောက်လေ၏။ သို့ဖြစ်လေ ရာ မောင်မြကို အဘယ်ပုံ အိမ်ထဲမှ ထုတ်ရမည့် အရေးနှင့် ပတ်သက်၍ အခက်ကြုံလျက် ရှိနေလေတော့ သတည်း။

               မောင်မြမှာလည်း ခုတင်အောက်မှ မထွက် ၊ မာန်စွယ် မရှိသော လူရိုးဖြစ်သော်လည်း အသောက်အစား ကလေးကို ကြိုက်တတ်သူဖြစ်လေရာ မယားနှင့် ပတ်သက်သော အခါ သေရည်သည် မခံချင်သောစိတ်ကို နှိုးဆွ၍ပေးသဖြင့် အရဲစွန့်ကာ ငါ့မယားကို သင်း ဦးတယ်၊ သင်းမယာကိုလည်း ငါ အရတွယ်မယ် ၊ အညံ့ခံရိုးလား ဟူသော စိတ်ကို ဆောင်မိလျက်သား ဖြစ်၍နေသောကြောင့် အခန်းထဲမှ မထွက်ပဲ မယ်မှုန် ၀င်လာမည်ကို စောင့်မျှော်ရင်း ခုတင်အောက်၌ ပက်လက်တစ်ခါ ၊ တစောင်းမျိုး၊ ဖင်ဘူးထောင်း တစ်ဖုံ ၊ မှောက်ခုံ တစ်ခါ ၊ စိတ်ညစ်စွာ ခွေလို ခွေ ၊ သူခိုးလို မှောင်ခို၍ နေလေ၏ ။

               မယ်မှုန်မှာလည်း လင်ယောက်ျားကိုပင် ကြောက်သော်ငြားလည်း အလုပ်အကိုင်ချင်းမတူ ရိုးဂုဏ်ကလည်း သာသူဖြစ်ကြောင်း သိလေရာ သင်း မခံချင်သော စိတ်နှင့် ငါ့ကို ကြောရုံမျှကြံခြင်း မဟုတ်ချေက သူ့အကြံကို လိုက်ပါရလျှင် တော်များ တော်လေမလားဟု တစ်ခါတစ်ခါ တွေးမိလေ၏။ သိုကသော်လည်း စိတ်ကို ပိုင်နိုင်စွာ ဆုံးဖြတ်ချက်ချ၍ မရ ၊ မတော်ပါဘူးလေ ၊ ယောက်ျားဆိုတာ မှားတဲ့ အခါ မှားပြီး နောက်ဆုံးကျတော့ အဟောင်းတလည်လည် ဆိုတာလို သတိရတဲ့အခါ ဒုန်ရင်းပြန်ရောက် တာမျိုးပါပဲဟု ဆင်ခြင်ပြန်လေ၏။ ထို့နောက်တစ်ဖန် အတွေးဆက်ကာ သင်းဟာ ငါနဲ့ညား ကတည်းက တစ်နှစ်သော်လည်း တော်နိုး ၊ ရှေ့နှစ်သော်လည်း တော်နိုးနဲ့ ၊ ငါကချည်း ရှာကျွေးလာရတာပဲ၊ ငါ့ဘက်က အဒေါ်တွေ အရီးတွေ မောင်တွေမရှိချင် ၊ အခုနေမှာ ကျွန်စုပ်တဲ့ သရက်စေ့ဖြစ်နေမှာပဲ၊ ဒီအကောင်ဟာ ဘယ်တော့မှ ကောင်းမယ့်အကောင် မဟုတ်ပါဘူး၊ တစ်ခါတစ်ခါလည်း မိုက်ချင် သလိုလိုနဲ့ ၊ မတော်တဆ မင်းပြစ်မင်းဒဏ်သင့်တတ်တဲ့ အမှုကိုပြုမိရင် လင်ဆိုးမယား တစ်ဖားဖားဆိုတာလို ဖြစ်ရချည်ရဲ့ စသည်ဖြင့် စဉ်းစားပြန်လေ၏။ 

               သို့အတန်ကြာ စဉ်းစားပြီးနောက် အတော်ညဥ့်နက်မှ အိမ်ရှေ့တံခါးများကို ပိတ်ပြီး ဒီလူက လည်း ဘယ့်နှယ်လူပါလိမ့်မလဲ၊ နောက်ဖေးပေါက် တင်းကုပ်ဘက်ကနေပြီး ထုတ်မှဖြစ်လိမ့်မယ် ထင်ပါရဲ့၊ လူသူတော့ ပြတ်တန်ပါပြီ စသည်ဖြင့် အောက်မေ့ကာ အခန်းဘက်သို့ ခြေသံခပ်ပြင်းပြင်းပေး၍ သွားလေ၏။ 

               တံခါးသို့ရောက်သောအခါ ရပ်လျက် ချောင်းဟန့်လေ၏။ အတွင်းမှ တုတ်တုတ်မျှ မလှုပ်၊ ခေါ်ရမှာ ပြောရမှာလည်း လူကြားမှာစိုးရ၍ အခက်၊ ငင်ရမှာလည်း အကျပ် ၊ အပြင်မှာ အိပ်ရမှာလည်း ခြင်တွေကို တဖတ်ဖတ်ရိုက်၍ သတ်ရသော အလုပ်ကြောင့် အိပ်ခွင့်ရမှာမဟုတ် ၊ အိပ်ပြန်လျှင်လည်း မတော်တဆ ၊ သန်းခေါင်ယံမှာ သရဲပမာ လာ၍စီးမှာစိုးရ ၊ သူခိုး....သူခိုးဟု ဟစ်ရမှာလည်း လူရိုးကြီးမို့ သူခိုဖြစ်အောင် လုပ်သော်လည်း မည်သူမျှ ယုံမှာမဟုတ် ၊ေ၀၀ုစ်မာယာ မိန်းမယုတ်ရဲ့ ဥာဏ်ဟု အများက ထင်ကြတော့မှာပဲ၊ အိပ်ပျော်၍များ နေလေသလား ခက်ပါဘိတော့တယ် လူရိုးများရဲတော့ အခက်ကြီး ခက်တော့တာပဲ စသည်ဖြင့် တွေးပြီး ဘီလူးသရဲ ခိုအောင်သည့် ဂူထဲကို ၀င်ရမည်ကဲ့သို့ဖြစ်၍ နေလေ၏။ သို့နေရာမှ ကြောက်ကြောက်နှင့် ၀င်သွားလေ၏။

               မောင်မြသည်ကား မအိပ်ဘဲ စောင့်စား၍ နေသူဖြစ်ရာ ၀င်လာသည့်ခြေသံကို ကြားလျှင် ကြားချင်း ရင်ထဲမှာ ဘိုတို ဘိုတိုနှင့် နှလုံးသည် သမင်လို အော်စပြုလေ၏။ အကြောင်းမူကား ငါမှန်းသိ လျက်နှင့် မခေါ် မငင်၊ ရဲတင်းစွာ ၀င်၍လာသည်မှာ ဧကန်ဒိဌ သူ့စိတ်မှာ ငါ့အလိုကျချင်လို့ပဲဟု အောက်မေ့လေ၏။ အကြောင်းမူကား မယ်မှုန်၏ တွေးခေါ်ကြောင့်ကြပုံ များကို မသိရပေ၊ မယ်မှုန်သည် ကား အိမ်အောက်၌လည်းကောင်း ၊ အိမ်ခေါင်းရင်း အနီး၌လည်းကောင်း ချေင်းမြောင်း၍ နေသူများရှိမှာပဲ ၊ စကားပြောရင် ကြားကြမှာပဲ ၊ ကြားရရင် ဆူဆူညံညံဖြစ်ကြမှာပဲ ဟူသော အတွေးနှင့် မခေါ်မပြောဘဲ ၀င်လာခြင်းဖြစ်လေ၏။

               ခုတင်အနီးသို့ ရောက်သောအခါ ရပ်လျက် ဒီ သတ္တ၀ါကြီးကို ငါဘယ်လို ကလော်ပြီး ထုတ်ရ ပါ့မလဲဟု တွေး၍ နေလေ၏။ ခုတင်အောက်မှ တုတ်တုတ်မျှ အသံမပြု၊ မလှုပ်မရှား သေလို့များနေလေ သလား ရှိမှရှိရဲ့လားဟု တွေးရင်း မရဲတရဲထိုင်ပြီး အတွင်းကို လက်နှင့်စမ်းလိုက်ရာ ခုတင်အောက် ကနေပြီး ၄င်း၏လက်ကို ဆုပ်ဖမ်းကာ ဆွဲကိုင်လိုက်သည်ကို သိရသဖြင့်.......

               “ရှင် မသွားသေးဘူးလား၊ ထွက်ပါရှင်၊ အေးအေး သွားစမ်းပါ” ဟု မယ်မှုန်က တိုးတိုး ပြောလေ၏။ မောင်မြ ထွက်၍လာပြီး..........

               “သွားလို့ မဖြစ်သေးဘူး၊ အပြင်မှာ လူသံတွေကြားရတယ် ၊ ဟော... ဟော.... ကြားရဲ့လား၊ ချောင်းနေကြတယ်၊ အာဂ ကောင်တွေ” ဟု ပြောလေ၏။ နှစ်ယောက်သား စကားဆိတ်လျက် နားထောင်၍ နေကြလေ၏။ အိမ်ခေါင်းရင်းဘက်မှ တီးတိုးစကားပြောကြသည် ကိုကြားရပုံကား။

               “ဟုတ်တယ် ၊ ရှိသေးတယ်”

               “အေး....သူ့အိမ်ကို ငါ သွားကြည့်ချင်တယ် ၊ မရှိဘူး၊ အရက်တစ်ပိုင်းတွေ့လို့ ငါတောင် မော့လာခဲ့သေးတယ်” မောင်မြသည် ထိုစကားကို ကြားရသော အခါ......

               “ဟိုက် ....ရှောက်ကျိုးနဲပြီ” ဟု ပြောရာ အပြင်မှ .......

               “ဟော..... ဟော.... ကြားရဲ့လား ၊ အကျိုးနည်းပြီတဲ့ ၊ ဟေ့.......ရွှေလှ ၊ ဖိုးကဲနဲ့ မပန်းအုန် ကြီး သွားခေါ်စမ်း”

               “နေပါကွယ့်........မင်းကလဲ ၊ သူတို့ ဘာလုပ်သလဲ ဆိုတာ သိရအောင်”

               “ မှုန် .....ထွက်.....ထွက် ....ရှင် ထွက်၊ ကျွန်မကို ရှင် တမင်သက်သက် ဒုက္ခလာပေးတာ”

               ထိုအတွင်း အပြင်မှ အသံများသည် တိုး၍ကျယ် တိုး၍များလာ၏ ။ ပန်းအုန်က.....

               “ဟဲ့........မယ်မှုန် ၊ ဘာဖြစ်နေသလဲ၊ တံခါးများ ဖွင့်ပါဦးလေ” ဟု ပြောလေ၏။

               မောင်မြ ။      ။ “ကိုင်း......ဘယ့်နှယ်လုပ်မလဲ၊ လူတွေသိကုန်ပြီ၊ လာ....လာ.... မထူးပါဘူး ဟယ်။ လာပါ...... ငါနင့်ကို အရင်ကတည်းက မေတ္တာရှိနေတာပါ ၊ ဟိုကောင်မ ရှိနေတဲ့ အတွက် နေရတာ ၊ နင့်ယောက်ျားကို နင်လုပ်ကျွေး နေရတာ ၊ ငါ့ကို ယူရင် နင်ဘာမှ မလုပ်ရဘူး ၊ လာသာလာ ပါဟဲ့ ၊ မကြောက်ပါနဲ့” စသည်ဖြင့် ပြောရင်း လက်ကိုဆွဲရာ မယ်မှုန်မှာ ရုန်းမလို လုပ်ရင်း လိုက်ပါ၍ သွားလေ၏။

               “ကံအားလျော်စွာ နောက်ဖေတင်းကုပ်၌ မည်းမှောင်၍နေသောကြောင့် အိမ်ထဲကိုသာ ဂရိုစိုက်၍နေသော လူများသည် ၄င်းတို့ကို မမြင်လိုက်ကြပေ၊ တင်းကုပ်မှ နောက်ဖေးခြံစည်းရိုးကို ရောက် ကြသောအခါ ပျက်၍နေသော အပေါက်မှ အပြင်သို့ရောက်၍ သွားကြလေ၏။ လယ်ပြင်သို့ ရောက်သော အခါ တဲတစ်တဲ သို့ရောက်လျှင် မောင်မြသည် ၀င်ရောက်၍ တဲရှင်ကိုနှိုး တီးတိုးစကားပြောလေ၏။

                မကြာမီ တဲရှင်သည် အိမ်မှုန်စုံမွှား ထွက်၍လာပြီး နွားတင်းကုပ်က နွားနှစ်ကောင်ကို ဆွဲထုတ်၊ တဲ့ရှေ့ရှိ လှည်းမှာ တပ်ပြီးနောက်...........

               “ကိုင်း........တက်ကြ” ဟု ပြောရာ မောင်မြက မယ်မှုန်ကို လှည်းနောက်မြီးမှ ပွေ့၍တင်ပြီး ကိုယ်တိုင်လှည်းပေါ်သို့ တက်လေ၏။ ဆိတ်ငြိမ်သော ညဥ့်အချိန်၌ နွားနှစ်ကောင်၏ လည်ပင်းမှ ဆည်းလည်းနှစ်လုံး၏ သိမ့်မွေ့သောအသံသည် ကွင်းလယ်ပြင် တစ်ခုလုံးကို နိုးကြားစေသည်နှင့် တူလေ၏။





အခန်း (၃) .... ဆက်လက်ဖေါ်ပြပါမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More