Sunday, December 19, 2010

သူ့မယား ငါ့မယား အခန်း(၁၀) ဇတ်သိမ်း



ကိုမြကြီးသည် ထိုနေ့၌ မယ်မှုန်နှင့် မယ်စံတို့အား မိမိ၏အခြေအနေကို သေချာစွာပြော၍ မပြလျှင် ဖြစ်တော့မည်မဟုတ် ၊ အခက်အခဲသည် သိသိသာသာကြီး လေး၍လာသည်ကို မျိုသိပ်၍ထားခဲ့သည်မှာ အတော်ကြာခဲ့လေ၏။ ယခုကား မပြောဘဲ မနေနိုင်တော့ပေ။ ကုန်စုံဆိုင်မှ ကုန်ကြွေးများကို မဆပ်နိုင်သဖြင့် ဖျက်သိမ်းရတော့မည့်အနေသို့ ရောက်၍နေလေ၏။

ထိုဆိုင်ကလေး ရှိသေသမျှ ငွေကြေးပင် အပိုအလျှံများစွာမရှိစေကာမူ ဣနြေ္ဒမပျက် ထမင်းနပ်စေ့အောင် စားနိုင်ကြသေး၏။ မတော်တဆ ဆိုင်ပိတ်လိုက်ရချေက ဖြစ်ပျက်ပုံအခြေအနေကို တစ်ရွာလုံး သိတော့မည်။ သိလျှင်အရှက်ကွဲတော့မည်။ ငွေငါးရာ ၊ တစ်ထောင်ကိုလည်း အဘယ်မှ လှည့်၍မျှ ရပုံမပေါ်သဖြင့် များစွာပင် အခက်ကြုံလေတော့သတည်း။

“ အများကတော့ ငါ့ကို သတိပေးကြတာပ ၊ လာဘ်အစား စုတ်တွေ ၀င်တယ်လို့ပြောကြတယ် ။ ငါကလည်း အယုံတရားမရှိခဲ့ဘူး ။ အခုတော့ သူတို့ပြောသလို ဖြစ်နေတော့တာပဲ ။ မယ်မှုန် မင်းလည်း ဘာမှ မသိဘူး ” ဟု ပြောလေ၏။
“ ကျုပ် သိပါတယ် ကိုမြရယ် ၊ သိလို့အသာနေတာ၊ စိတ်ညစ်စရာကိုပြောရင် အကျိုးမရှိလို့ ၊ ရှင်လည်း ကြံဦးစည်ဦးမှာပဲ ၊ ပေါ့နေမှာ မဟုတ်ဘူးလို့ အားကိုးပြီးနေတာပဲ ”

“ အေး ... ငါလည်း မကြံတတ်အောင် ရှိတော့တာပဲ ။ င့ါကိုယ်ပိုင် အလုပ်ကလေးဟာ အတော်သား ၊ အရူးဘုံမြှောက် ခြေ ထောက်က မိလို့ အခုလိုဖြစ်ရတာ၊ နိမ့်ကျတဲ့အလုပ်ကလေးနဲ့ ငွေကြေး အတော်အတန်ရတာနဲ့ ဒီနိမ့်ကျတဲ့ အလုပ်ကလေးပေါ်မှာ မာန်မာနတက်ပြီး ကျေးဇူးမဲ့ကာ စွန့်မိခြင်းဟာ အမှားကြီး မှားတာပဲ ၊ အခုမှ ပြန်ပြီးလုပ်ဖို့တော့ ခက်တာပဲ ”

“ ဒါတွေ တွေးပြီး ပူနေစရာမရှိပါဘူးတော် ၊ ကလေးနှစ်ယောက်နဲ့ လူကြီး သုံးယောက်ပါ ။ လူကြီး သုံးယောက်ရှာကြံလို့မှ လှလှ၀၀မနေနိုင်ရင် လူ့ဘ၀မှာ နေဖို့တောင် တော်မှာ မဟုတ်ဘူး ။ အရင်းအနှီး ရှိရင် ဘာမဆို လုပ်နိုင်ပါတယ်။ အကြီးဆုံး အရင်းအနှီးဟာ လူပါပဲ ”

“ ဒီစကားမျိုးတွေ နားထောင်လိုက်တော့ အင်မတန်ဟုတ်တာပဲ ၊ လုပ်တော့သာ မလွယ်တာ ။ မဂ္ဂဇင်း ဂျာနယ်တွေထဲမှာ တဂုံနတ်တို့၊ ဦးပဂျီငိုတို့ ၊ ဆရာ ပီ-မိုးနင်းတို့ ဒါမျိုးတွေရေးနေတာပေါ့ ၊ သူတို့လည်း တယ်ပြီးဟန်လှတယ်လို့ မကြားရသေးဘူး ”

“ ဒီလူတွေက ကျုပ်ကြားရတဲ့အတိုင်းတော့ သူတို့ ၀ါသနာကြောင့် ဆင်းရဲကြတာလို့ ကြားတာပဲ ၊ သူတို့က စာရေးဖို့သာ ၀ါသနာပါပြီး ၊ တခြားအလုပ်ကျတော့ ထိထိရောက်ရောက် မလုပ်ကြဘူးပဲ ။ လုပ်ရင် ဥာဏ်ရှိတဲ့လူတွေပဲ ။ သူများနည်းတူ မဖြစ်ဘဲနေမလား ၊ စီးပွားဆိုတာ လောဘ သက္ကာရနဲ့ ရှာမှရတာ၊ သူတို့စာရေးဆရာတွေက စာကိုသာ စွဲတာ စာရေးလို့ရတဲ့ငွေကို တစ်ဖက်တစ်လမ်း မရပ်မနှီး သုံးပစ်ကြတာပဲတဲ့ ။ တစ်ခုခုလုပ်ရင်လည်းပဲ ကိုယ်တိုင် ထိထိရောက်ရောက် ဂရုမစိုက် သူတို့သားမယား တွေကိုလွှဲထားတာတဲ့ ၊ ဖိတ်ဖိတ်စင်စင် ထင်သလိုလုပ်တယ်လို့ ကြားဖူးတာပဲ ”

“ အင်း....ဒါလည်း ဟုတ်မှာပဲ ၊ ဟောတာတစ်မျိုး လုပ်တာတစ်မျိုးဖြစ်ချင်လည်း ဖြစ်မှာပဲ။ကိုင်း ...ဒီလိုဖြင့် မင်းတို့ပဲ ကြံကြစမ်းပါဦး ”

ထိုသို့ပြောဆိုတိုင်ပင်၍ နေကြသောအခိုက်တွင် ချစ်တီးကုလားတစ်ယောက် သားနားသော မြန်မာလူမျိုး တစ်ယောက်နှင့် ရောက်၍လာရာ မိန်းမနှစ်ယောက် အံ့အားသင့်ပြီး မောင်မြကို ကြည့်၍နေကြလေ၏။ မောင်မြမှာ မျက်နှာပျက်လျက် ။ ချစ်တီးကို အိမ်ပေါ်သို့ပင်ခေါ်ပြီး ရဟန်းသံဃာတော် အရှင်သူမြတ် တစ်ပါးကို အရိုအသေပြုရသလို အရေးတယူ ပြုရလေ၏။

မောင်မြသည် အိမ်ကိုအပေါင်ထားပြီး ချစ်တီးထံမှ ငွေငါးရာယူထားရာ မည်သူမျှမသိခဲ့ပေ ။ ထိုငွေအတွက် ချစ်တီးက ပူသဖြင့် တောင်းပန်၍ထားသည်မှာ သုံးလ လေးလ ကြာခဲ့လေရာ ယနေ့ကားနောက်ဆုံးနေ့ ဖြစ်သဖြင့် ထုတ်ဖေါ်မပြောဘဲ မနေနိုင်သောကြောင့် ထုတ်ဖေါ်၍ ပြောရခြင်းဖြစ်လေ၏။ ထိုကဲ့သို့ပြောခြင်း သည် တွေ့ကြုံရမည့် ဆဲဆဲရှိသော စိတ်မကောင်းဖွယ်ရာ အဖြစ်အပျက်အတွက် တင်ကြိုပြင်ဆင်ခြင်းပင် ဖြစ်လေ၏။

ချစ်တီး ။ ။ “ အစ်ကိုကြီး ...တစ်နေ့ ပွေးမယ်။ ရှေ့လပွေးမယ် ။ မပွေးဘူး ။ သူဌေးက ကျုပ်ကို ချိတ်ချိုးတယ်။ ဒီဂနေ့ ဆိုင်ကို သိမ်းမယ်လို့ အမိန့်ပွေးဒယ် ၊ ဘဲ့နဲ့လုပ်မလဲ အစ်ကိုကြီး ”

မြ ။ ။ “ ကျုပ်လည်း မကြံတတ်ဘူး ၊ ကိုရာမ ကြည့်သာလုပ်ပါ ”

“ ကြည့်လုပ်ဆိုဒါ အိမ်ကို မောင်းတီးရမှာပေါ့ ၊ ကျနော် အများကြီး တနားတယ် ၊ သူဌေးက ပူဒယ် ၊ ဘဲ့နဲ့ လုပ်မလဲ အစ်ကိုကြီး ”

ထိုအခိုက် ကလေးနှစ်ယောက်နှင့် မယ်မှုန်သည် အိမ်အတွင်းခန်းတံခါးအကွယ်၌ ထိုင်ကာ မျက်ရည်စက်လက်နှင့် နေကြလေ၏ ။ မယ်စံသည်ကား မီးဖိုဘက်သို့ ထ၍ သွားလေ၏။ အိမ်မှာ သုံးထောင်ကျော်လောက် တန်ရာ မောင်မြသည် တစ်ထောင်ကျော်မျှနှင့် အချောင်ရ၍ထားသောအိမ် ဖြစ်လေ၏။

ထိုအခိုက် ရွာပြင်ဘက်လယ်ပြင်ထဲတွင် လူနှစ်ယောက် စကားပြော၍နေကြလေ၏ ။ ၄င်းလူနှစ်ယောက် အနက် တစ်ယောက်မှာ မောင်းတစ်ခုကို ပိုက်၍ထားသဖြင့် ပွဲမောင်းလား လေလံမောင်းလားဟု တွေးဖွယ်ရာဖြစ်၍ နေလေ၏ ။ တစ်ယောက်က “ ငါကွယ့် ဘိုးကြောင် ၊ သူများ မဟုတ်ဘူး ၊ ငါက တစ်ခုခုကို လုပ်ရင် ဖြစ်မှ၊ မဖြစ်ရင် မလုပ်ဘူး ၊ ဘာအသုံးကျတဲ့ အကောင်လဲ ၊ ဆံပင်ညှပ်သမား ခေါင်းပေါင်းစထောင်လို့ အိမ်နဲ့ရာနဲ့ ဖြစ်နေတာ ၊ ငါ မျက်စိစပါးမွှေးစူးတယ် ။ သူ ကုန်ဆိုင်တည် ကတည်းက ဒီရွာမှာ ဆိုင်ကြီးကြီးတည်ရင် ပတ်ဝန်းကျင် တောကောင်းလို့ အများကြီးအကျိုးရှိမယ့် အကြောင်းကို စစ်ကောင်းကို ငါသွားပြီးတွန်းတာပေါ့ ။ ကိုစစ်ကောင်းဆိုင်လည်း ရောက်ကရော သင်းဆိုင်လည်း ပြုတ်တာပဲ ။ ငါက သင်း သတင်းနားထောင်နေတာ ၊ သင်း ဘယ်အခြေအနေဆိုတာ ငါအမြဲ စောင့်ကြည့်နေတာ ၊ အခုတော့ ဒီကောင် အိမ်ပြုတ်ကရော မဟုတ်လား ။ ချစ်တီးက သူ့အပေါ်မှာ တော်တော်အထင်ကြီးနေတယ် ။သူ့မှာ ဘာမှမရှိကြောင်း ၊ ငါသွားပြောလို့ သိတာ၊ ကိုင်း ...လာ.... သွားမယ် ။ ဒီမောင်းကို ကွဲအောင်သာထု ”

“ ဒီအိမ်ဟာ ဒီကနေ့ကစပြီး ငါ့အိမ် ၊ ဒီရွာထဲမှာ ဆွဲနိုင်တဲ့လူ တစ်ယောက်မှမရှိဘူး ငါဆွဲမယ် ။ ကြည့်... ငွေငါးရာ ချစ်တီးက ငါ့ချစ်တီး သူ ဘင်္ဂလားရောက်နေတာ ငါးနှစ်ကျော်လို့ ငါ ဆင်းရဲနေတာ ။ အခု သူလည်းပြန်လာရော ငါလည်းလူဖြစ်တာပဲ။ အရှင်မွေး နေ့ချင်းကြီးဆိုတာ ဒါပေါ့ကွ ” ဟု အားရပါးရ အသက်မရှူဘဲ ပြောလေ၏။

မကြာမီ မောင်မြ၏ အိမ်ရှေ့သို့ ရောက်ကြလေရာ အိမ်ရှေ့မှ အိမ်တွင်းသို့ ငုံ့ကြည့်ပြီး ခါးထောက်ကာ ရပ်လျက် ဆေးပြင်းလိပ်ကို စတိုင်လ်ပါပါ သောက်ဖွာ၍နေလေ၏ ။ ထို့နောက် ငွေစက္ကူများကို အင်္ကျီအိတ်ထဲမှထုတ်ပြီး လျင်မြန်သောလက်ချောင်းများနှင့် လှန်ကာ ရေ၍ နေလေ၏။

မောင်းသမားသည်ကား မောင်းကိုကိုင်လျက် အိမ်ရှေ့ကို သွား၍ထိုင်လေ၏။ ကလေးနှစ်ယောက်သည် ဘိုးကြောင်ကိုမြင်သောအခါ အခန်းထဲမှ ထွက်မည်ဟန်နှင့် ထကြလေရာ မယ်မှုန်က ဆွဲ၍ထားပြီး “ သေမယ် ငြိမ်ငြိမ်နေကြ ၊ နင်တို့ အဖေကို ဒီလောက်တောင်ခင်သလား ” ဟု ပြောလေ၏ ။ မယ်စံ သည်ကား မီးဖိုထဲမှ မထွက်ဘဲနေလေ၏ ။

မောင်မြသည်ကား ချစ်တီးကိုတောင်းပန်၍ မရသောအခါ .......

“ ကိုင်း ကိုရာမ တောင်းပန်လို့မရရင်လည်း သဘောအတိုင်းသာ လုပ်ပေတော့လေ ။ တစ်လလောက် ဆိုင်းရင် ဒီငွေလောက်တော့ မခက်ပါဘူး ၊ ကျုပ်တပည့်တွေ အများကြီးရှိပါတယ် ။ မဆိုင်းနိုင်ရင် လုပ်လေ ” ဟု ပြောပြီး အိမ်နောက်ဖေးသို့ ဆင်းသွားလေ၏ ။

မယ်မှုန်သည် ကိုမြကိုကြည့်ကာ အားငယ်လျက် မျက်ရည်ကိုသာ သုတ်၍နေလေ၏ ။ မကြာမီ မောင်းကွဲ သံကြီးကို ကြားရလေ၏ ။ လူအများ ၀ိုင်းအုံ၍လာကြလေ၏ ။ ဘိုးကြောင်မှာကား ခေါင်းပေါင်းစ တစ်ထောင်ထောင်နှင့် ငွေစက္ကူများကို ကိုင်ဆုပ်လျက် ခေါက်တုံ့ခေါက်ပြန် လျှောက်၍နေလေ၏ ။

ရွာသာများသည် ၄င်းကို မုန်းထားရွံရှာသောမျက်နှာထားနှင့် ၄င်းကိုကြည့်၍သာနေကြရလေ၏။ တစ်စုံတစ်ရာကိုမျှ မလုပ်ကြပေ ။ သူကြီးအိမ်မှာ အစိုးရအရာရှိတစ်ယောက်နှင့် ပုလိပ်သားများကို မတွေ့ကြရချေကာ ၄င်းကို စိစိညက်ညက်ကြေအောင် လုပ်ချင်ကြလေ၏။

ရွာသားများအနက် မည်သူမျှ လေလံဆွဲရန် အကြံမရှိကြ ။ ကိုမြကြီးကို သနားကြလေ၏။ သို့ဖြစ်လေရာ ဘိုးကြောင်မှာ ကျိန်းသေ၍နေလေ၏။

ချစ်တီးသည် ပါ၍လာသော သားနားသော မြန်မာလူမျိုးနှင့် စကားတစ်ခွန်း ၊ နှစ်ခွန်းပြေလေ၏။ ၄င်းမြန်မာ လူမျိုးမှာ ဘီးလစ်စာရေးနှင့် တူလေ၏။

မောင်းမာ လေလ့မောင်းမဟုတ်သေး ၊ လူခေါ်သော မောင်းမျှဖြစ်လေ၏။ လူအတော်များလာသဖြင့် လေလံစ၍ ပစ်သောအခါ ဆွဲသူ တစ်ဦးတစ်ယောက်မျှ မပေါ်ပေါက်ပေ ။ သို့ဖြစ်လေရာ ဘိုးကြောင်မှာ စိတ်ချလက်ချ မိမိရတော့မည့်အနေနှင့် ငွေစက္ကူများကို တစ်ဖန် လူအများမြင်အောင် စတိုင်တင်းတင်းနှင့် ရေတွက်ပြန်လေ၏။

ထိုအတွင်း ယောကျာ်းပျိုတစ်ယောက်သည် လူစုလူဝေးထဲ ဖြတ်၍လာပြီး ဘိုးကြောင်၏လက်က ငွေများကို လက်နှစ်ဖက်နှင့် တစ်ချက်တည်းသုတ်ယူပြီး အိမ်ပေါ်ကို လျင်မြန်စွာ ပြေးတက်၍ သွားလေ၏။ မယ်မှုန်နှင့် ကလေးနှစ်ယောက်သည် အခန်းတွင်းမှ ၀င်းဝင်းတောက်သော မျက်နှာများနှင့် ထွက်၍လာကြပြီး ယောက်ျားပျိုကို အခန်းထဲသို့ သွင်းကြလေ၏။

အခန်းထဲသို့ရောက်သောအခါ ......

“ ရော့ မမ ၊ ဦးလေး ဘယ်မလဲ ” ဟု မေးလေ၏။

“ နောက်ဖေး တင်းကုပ်ထဲမှာ ၊ ငါ့သား ဘယ်တုန်က ရောက်သလဲ၊ မမ မျှော်လိုက်တာ ၊ စာကလေးတောင်မှ မပေးဘူး ၊ ဆပ်အင်စပက်တော်အလုပ်ကို ရသွားပြီလို့တော့ ကြားရဲ့ ။ ဘယ်မှာရယ်လို့ မသိဘူး ” ဟု ပြောရင်းသွားရာ နောက်ဖေး၌ မှိုင်၍နေသော ကိုမြကို တွေ့ကြသဖြင့်....

“ ဟောတော့ ... ရှင့်သား လာတယ် ” ဟု ပြောလေ၏ ။ ကိုမြသည် ဆပ်အင်စပက်တော်ဖြစ်၍ လာသော မယားပါသားကြီးကို ၀မ်းနည်းသောမျက်နှာနှင့်ကြည့်ရင်း တစ်စုံတစ်ရာ မပြောဘဲ သက်မကြီးချကာ.....

“ မင်း ဆပ်ဖြစ်လာတာတော့ ၀မ်းသာတာပဲဟေ့ ၊ အခု ငါတို့ ဖြစ်နေပုံကိုသာ ကြည့်ပေတော့ ”

“ မပူပါနဲ့ ဦးရယ် ။ ကျွန်တော် အထင်လွဲလို့ ပေါ့ပေါ့ဆဆ တမင်နေခဲ့ပါတယ် ။ ညီကလေးတွေကိုသာ တဖြည်းဖြည်းခေါ်ယူမယ် စိတ်ကူးမိတာပဲ ။ အခုမှ မော်လမြိုင်က သည်နယ်ကို ပြောင်းလာရတာနဲ့ ။ အကျိုးအကြောင်း စုံစမ်းကြည့်တော့မှ ကျွန်တော်တို့ အထင်လွဲကြောင်းသိရပြီး အဖေအရင်း မဟုတ်ပေမယ့် အဖေအရင်းထက် အရာရာမှာ သာနေတာတွေ ကျွန်တော်တို့ ဆိုးမိုက်သမျှ အတွက် သည်းညည်းခံတာတွေကို အကုန်ပဲ ပြန်တွေးမိတာနဲ့ ကျွန်တော်လာတာ ပါ ”

“ ဒါထက် အခုမောင်းထုတာ ငွေဘယ်လောက်အတွက်လဲ ”

ကိုမြ ။ ။ “ မများပါဘူးကွယ် ငါးရာတည်းပါ ။ တစ်လလောက်ဆိုင်းပါဆိုတာ မရဘူး ”

မှုန် ။ ။ “ ဘာရမလဲ ၊ ဟိုအကောင် လက်ချက် ။ ငါတို့ သိုက်သိုက်ဝန်းဝန်းနေတာကို မင်းအဖေက မကြည့်နိုင်ဘူး ၊ သည့်အတွက် ချစ်တီးကိုတွန်းပေးတာ ၊ လွဲကာမှ လွဲရော မမတော့ ဒီလိုထင်တာပဲ ။ သူဆွဲမလို့ ငွေတွေနဲ့လာတာကြည့် ပါလား၊ သူ့ချစ်တီးဟောင်း ပြန်ရောက်တယ် ကြားရတယ် ”

“ ဘာအရေးကြီးသလဲ မမရယ် ။ ကျွန်တော်ရှိပါသေးတယ် ၊ ကျွန်တော် ဆပ်အလုပ်ကို ဂုဏ်အတွက်လုပ်တာ ။ မော်လမြိုင်မှာ ကျွန်တော်မိန်းမ ရလာခဲ့တယ် ။ ဒီမှာ ” ဟု ပြောပြီး ငွေစက္ကူ ရာတန် အထပ်ကြီးတစ်ထပ်ကို ထုတ်၍ပြပြီး ပထွေး၏ လက်ကို ကိုင်ဆွဲကာ ထည့်ရင်း “ ကျွန်တော်တို့ စော်ကားမိုက်မှားသမျှကို ခွှင့်လွှတ်ပါ ဦးရယ် ” ဟု မျက်ရည် တလည်လည်နှင့် ပြောလေ၏။

ကိုမြမှာ ငိုသံပါမှာ စိုးသောကြောင့် စကားမပြောဘဲ ငွေစက္ကူလိပ်ကြီးကို ကိုင်ဆုပ်ပြီး နောက်သို့လှည့်ကာ နှပ်ညှစ်၍ မျက်နှာကို ပုဆိုးကပုံစနှင့် သုတ်လေ၏။

မမှုန် ။ ။ “ မင်း ညီများကိုလည်း ဆုံးမဦးမှဖြစ်မယ် ၊ သူတို့က အခုအထိ မိုက်တုန်းဆိုးတုန်း ပထွေးကို ဘာလောက်မှ အမှုမထားဘူး ၊ မြင်ရဲ့လား ၊ အစ်ကိုကြီးက ဘယ်လောက် လိမ္မာသလဲ ”

“ လိမ္မာပါလိမ့်မယ် မမရယ် ၊ ငယ်လို့ပါ။ မမိုက်ကြနဲ့နော် ။ ပထွေးပေမယ့် ငါ့တို့ဖေဖေနဲ့ စာကြည့် ငါတို့ကို ဘယ်သူ ပညာသင်ပေးသလဲ ” ဟု အစ်ကိုက ပြောရာ ညီနှစ်ယောက်မှာ ခေါင်းငုံ့လျက် မျက်ရည်ကိုသာ သုတ်၍နေကြလေ၏။

အိမ်ရှေ့၌ မောင်သံစဲ၍သွား၏။ မယ်မှုန်က ဘီးလစ်ထံကပ်ပြီး ငွေစက္ကူများကို ပေးလေ၏။ ထို့နောက် မီးဖိုသို့ သွားလေ၏။ မယ်စံနှင့် တွေ့သောအခါ......


“ ဒါ ညည်းယောက်ျားငွေတွေ၊ ညည်း ယူမလား ” ဟု မယ်မှုန်က ပြောလေ၏။

“ မလိုချင်ပါဘူး မမှုန်ရယ် ၊ သူ့ဟာသူ ပြန်ပေးလိုက်ပါ ” ဟု ပြောသဖြင့် မယ်မှုန် ထွက်လာသော အခါ ဘိုးကြောင်မှာ လက်ဝါးချင်းပွတ်လျက် ဘာကိုလုပ်ရမှန်းမသိပဲ အိမ်ဘက်ကိုသာ တမျှော်မျှော်ကြည့်၍ နေသည်ကို မြင်ရသဖြင့် မမှုန်က မိန်းမတစ်ယောက်အား ငွေစက္ကူများပေးပြီး “ ဟို အကောင်ကို သွားပေးလိုက်ပါ ” ဟု ပြောလေ၏ ။ မိန်းမလည်း သွား၍ပေးရာ ဘိုးကြောင်သည် ငွေစက္ကူများကို ယူပြီး မြန်မြန်ကြီး ထွက်၍သွားလေသတည်း။

နောင်နှစ်ပေါင်းနှစ်ဆယ်ကျော် အစိတ်ခန့် ကြာ၍သွားလေ၏ ။ ရန်ကုန်မြို့ ဖရေဇာလမ်း သားနားသော ခြံနှင့် အိမ်တစ်အိမ်ရှေ့ ပန်းခြံထဲတွင် ဓာတ်မီးရောင်၌ ကလေးကလေး လေးယောက် မြင်ခင်းပေါ်တွင် မြူးရွှင်ကစား၍ နေကြသည်ကို ပျိုရွယ်သော လင်မယားနှစ်ယောက်သည် ရပ်ကာ ကြည့်၍နေကြလေ၏။


ထိုအခိုက် ချည့်နဲ့စုတ်ပြတ်သော အဘိုးကြီးတစ်ယောက် ၀င်ရောက်၍လာရာ လင်မယားနှစ်ယောက်က ကြည့်၍နေကြပြီး မိန်းမက “ ဘာကိစ္စလဲ ” ဟု မေးလေ၏။

“ ရာဇ၀တ် ၀န်ကလေး ကိုဘဦး ရှိပါရဲ့လား ” ဟု မေးလေ၏။

“ ကျုပ်ပဲ ” ဟု ယောက်ျားကပြောပြီး အဘိုးကြီး၏မျက်နှာကို ကြည့်လိုက်ရာ အံ့အားသင့်၍နေလေ၏။

“ ဖေဖေလေ .... မမှိတ်မိတော့ဘူးလား ” ဟု အဘိုးကြီးက ပြောပြီး အနီးရှိ ခုံတန်းလျားပေါ်၌ ထိုင်ချကာ မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ရှိုက်ငင်နေလေ၏။ ရာဇ၀တ် ၀န်ကလေးသည် မိမိ၏ မယားအား တီးတိုးစကားပြောရာ မယားဖြစ်သူက ကလေးများကို ခေါ်၍ အိမ်တွင်းဘက်သို့ လျင်မြန်စွာသွားလေ၏။

ရာဇ၀တ် ၀န်ကလေးသည် ၄င်း၏အရှေ့၌ရပ်ကာ .... “ အဖေမို့ မငြင်းနိုင်ဘူး၊အင်း...ဒုက္ခ၊ ဒုက္ခ... မြင်ရပုံလည်း ပုံပန်းမလှ၊ အဖေရယ်လို့ ပြောရမှာ အင်မတန် ခက်တာပဲ။ အခု ဘယ်အကြိုအကြားက ပေါ်လာတာလဲ ၊ စုတ် လှချည်လား ”

“ မင်းတို့အားလုံး ဒီရောက်နေတာကို ဖေဖေသိတာ လေးလကျော်ပြီ ။ ဖေဖေ ပြရုပ်မကောင်းလို့ မလာဘူး၊ ဖေဖေဘာဖြစ်နေတယ်ဆိုတာတော့ မပြောပါရစေနဲ့တော့ကွယ်၊ အကဲသာ ခတ်ပါတော့ ” ဟု ပြောသဖြင့် သေချာစွာကြည့်လိုက်သော အခါ....

“ ပျော်ရာမှာပဲ နေပါတော့လား ဖေဖေရယ် ၊ ဘာလို့ လာပြီး သတိပေးရတာလဲ ”

“ မနေနိုင်လို့ လာရပါတယ် သားရယ်။ ဖေဖေကြာကြာမနေရတော့ပါဘူး ၊ ဆေးဖိုးဝါးခကလေးသာ ပေးလိုက်ပါတော့ ၊ ဖေဖေ မြန်မြန် သွားပါ့မယ်။ နောက်ကိုလည်း မလာတော့ဘူး ” ဟု ပြောလေ၏။

“ သြော် ... သံဝေဂ ရလို့လာတာ မဟုတ်ဘဲကိုး ။ သေခါနီးမှာ ကောင်းကောင်းကလေးများ နေပါတော့လား ဖေဖေ ”

“ မနေနိုင်ဘူး .... မနေနိုင်ဘူး ၊ ဖေဖေလည်း သားအကြောင်းကို ဘယ်သူမှ သိအောင်မပြောဘူး ၊ အခု ငတ်နေတယ်၊ မာလည်း မမာဘူး ၊ အဟူး ... အဟူး.....”

“ ဆေးဝါးစားပြီး အေးအေးနေပါလား ၊ ဒီမှာ ကြည့်မယ့်လူတွေ အများကြီးပဲ ”

“ လူတွေများလို့ ဖေဖေ မနေနိုင်တာပေါ့ ၊ ဖေဖေ တော်ရာမှာ သေမယ် ၊ သေမှပဲ ဖေဖေတော့ ၀ဋ်ကျွတ် မှာပဲ ”

ရာဇ၀တ်ဝန်ကလေးသည် ၀မ်းနည်းစွာ ဦးခေါင်းကို ခါပြီး “ နေဦး ” ဟု ပြော၍ ထွက်သွားလေ၏။ အတန်ကြာမှ ပေါ်လာပြီး ငွေစက္ကူ လေး ၊ ငါးရွက်ကို ပေးလေရာ ဦးဘိုးကြောင်သည် တုန်လှုပ်သောလက် နှင့်ယူပြီး “ ဒါနောက်ဆုံးပဲ ၊ ဒီ ငွေများဟာ ဖေဖေ့ကို အဆုံးစီရင်မှာပဲ ။ ကိုင်း ... ဖေဖေ သွားမယ်၊ ဖေဖေ ရှိတယ်လို့ စိတ်မှာ မအောက်မေ့နဲ့ ၊ သေပြီ လို့ မှတ်လိုက် ” ဟု ပြောပြီး ထိုင်ရာမှ ကုန်းကိုင်းသော ကိုယ်ဟန်ကို တရွေ့ရွေ့သွားရှာလေတော့ သတည်း။

ထိုအခိုက် ဦးမြ ၊ ဒေါ်မှုန် ၊ ဒေါ်စံတို့သည် ကလေးများနှင့် အိမ်ထဲမှ ထွက်၍လာကြရာ ရာဇ၀တ်ဝန်ကလေးက ၄င်းတို့ထံပြေးပြီး မယားမကြားအောင် တီးတိုးစကားပြော၍ လက်ညှိုးညွှန်ပြ လေရာ တရွေ့ရွေ့ဝေး၍ သွားသောသ ဏ္ဌန်ကို လှမ်း၍ ကြည့်ကြလျက် အံ့သြ၍ နေကြလေ၏။ ဒေါ်စံသည်ကား ပျောက်ကွယ်၍ သွားသည့်တိုင်အောင် ကြည့်ရှာလေ၏။


ပြီးပြီ ။

ပီ-မိုးနင်း



5 comments:

ကိုဇော် said...

သြော်.... သူ့ကြမ္မာ သူဖန်တီးသွားတာပါပဲလား။

Anonymous said...

အေးဗျာ သူ့ကြမ္မာသူဖန်တီးရုံ မဟုတ်ဘူး
တို့လဲ တို့ကြမ္မာ တို့ဖန်တီးနေကြတာကလား

မြစ်ကျိုးအင်း said...

ကိုယ်ပြုခဲ့တဲ့အပြုအမူအတိုင်းပဲ ရလဒ်ဆိုးနဲ့ ဇာတ်သိမ်းရတာပါပဲ။

sosegado said...

လောကကြီးအကြောင်းကို သိသွားရတယ်၊ ထိုခေတ်မှမဟုတ်ဘူး ခုခေတ်မှာလည်း ဒီလိုဘဝတွေစုံလို့ပါပဲ။

ahphyulay said...

အင်း ...
ရင်နင့် စရာပါပဲဗျာ။
ကျောမွဲတို့ ရဲ့ အဖြစ်တွေက...။

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More