Wednesday, December 15, 2010

ဆုံမှတ်လွဲ ငြိမ်းချမ်းမှု

မျက်နှာချင်းဆိုင် ဆုံတွေ့တဲ့အခိုက်အတန့်လေးကို
ခဏလောက်ဖမ်းဆုပ်ထားချင်တယ်
ဒါပေမယ့်
လားရာဘက်ချင်း မတူတော့လည်း ဆုံမှတ်တွေလွဲတာပေါ့


ထင်းရှူးပင်ရိပ်ကို ကျည်ဆံဖြတ်သလို
မြန်လွန်းတဲ့ တွေ့ဆုံမှုမှာ
ဘာကြောင့် ငါ့အသည်းက မင်းလက်ထဲပါသွားလဲ


ချစ်ခဲ့တယ်ဆိုတာက ခဏအတွက်မှ မဟုတ်တာ
လမ်းမှာတွေ့လို့ပြုံးပြရုံတော့ မလုပ်လိုက်ပါနဲ့


ချစ်ခြင်းကိုပစ်ခွင်းမယ့်မြှားတစ်စင်းမှ မရှိတော့သူမို့
ထားရစ်နိုင်ခဲ့လို့ မေ့အသည်းကို စိန်လို့မှတ်မယ်


တစ်ဖက်စောင်းနင်း စကားဆိုတာတော့ မဟုတ်ဘူး
တစ်ဖက်ကိုစောင်းချင်လို့ ငါ့ဘက်ကိုနင်းခဲ့တာကိုး...
တိမ်းမှောက်မှ သိရတဲ့ လှေလူးလိုပဲ


တစ်ဘက်သတ်ချစ်ခဲ့ရသူမှ မဟုတ်ပဲနဲ့
ငါ့ဘက်ကို သတ်ရက်တယ်.


မီးစာကုန် ဆီခမ်းတဲ့ ဆီမီးငယ်ကို
ဘာမှမရှိတော့ဘူးလို့ မထင်လိုက်ပါနဲ့
ငြိမ်းချမ်းခြင်း သန္တိသုခ ဓါတ်ကလေးကျန်သေးရဲ့


အင်္ဂါဟူး (15-Dec-2010)

6 comments:

Anonymous said...

အဲဒါ နင့်လက်ရာလား
တယ်ဟုတ်ပါလားဟ
တို့တွေ နင့်အကြောင်း ပြောမိတဲ့အခါ ဒီကောင် စာရေးလိုက်ရင်လဲ တကယ့်ကောင်ဗျလို့

ahphyulay said...

အင်း..
စာကောင်းလေးဖတ်လိုက်ရလို့ 
ကော်ဖီခါးခါးလေး မြုံ့  လိုက်ရသလိုပဲ
ကျေနပ်သွားမိပါတယ်။
ကျွန်တော်သိမ်းလိုက်ပြီ ကိုမိုးရဲ့  လင့်  ကလေးကို..။

Anonymous said...

လားရာမတူတဲ့ ဖြတ်မျဉ်းနှစ်ကြောင်းဆိုတော့လည်း ဆုံမှတ်လွဲတာပေါ့လေ... ငြိမ်းချမ်းခြင်း သန္တိသုခ ဓါတ်ကလေးကျန်သေးတယ်ဆိုလို့ ဝမ်းသာပါတယ်။ :)

အုပ်ကြီး said...

ဆုံမှတ်လွဲ ..တကယ်ပဲငြိမ်းချမ်းသွားပြီလားဟင် ..
တစ်ခါတစ်လေတော့လည်း ပဌာန်းဒေသနာလိုပါပဲ ..
မကောင်းမှုတွေက ကောင်းမှုတွေဖြစ်စေဖို့ အထောက်အပံ့တွေဖြစ်စေပါတယ်ဗျာ.
(ဒါနဲ့ တကယ်ရင်တွင်းဖြစ်တွေလားဟင် )

မြစ်ကျိုးအင်း said...

ကဗျာရေးတော့လည်း တယ်ဟုတ်ပါလား။
ဆက်ဆွဲရဲဘော်..။ အားပေးတယ်

ကိုဇော် said...

ကောင်းလှချည်လားဟ. . .
ဘယ်လို သန္ဓေခပြီး မွေးလာပါလိမ့်။

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More