Saturday, December 4, 2010

သူ့မယား ငါ့မယား အခန်း (၇)

တနင်္ဂနွေ တစ်ပတ်လောက်ကြာသော အခါ ပြန်၍ လာကြရာ ကလေးများပါ လိုက်၍လာကြလေ၏။ အကြောင်းမူကား အသိမိတ်ဆွေ ဥာတိသင်္ဂဟအပေါင်းတို့ကပင် ကလေးများအား ဖျောင်းဖျ နားချပြီး ပထွေးနှင့် သင့်အောင်နေဖို့ ထည့်လိုက်ကြလေ၏။ မောင်မြကလည်း..........

“ဒါကတော့ အကြောင်းပေါ့လေ၊ ငါက သားသမီးရတဲ့ လူမျိုးမဟုတ်လို့ နတ်များက ပေးလာတဲ့ သားထူးသားမြတ် တွေလို့ ဆိုရမှာပဲ။  အမြတ်ပေါ့ မယ်မှုန်ရယ် ၊ မင်းလည်း ငါ့အတွက် ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ ကြွေးတုံ့ ကြွေးလှည့် ၊ မွေးတုံ့ မွေးလှည့်ရှိလို့ ကျွေးရ မွေးရတာ”

“ကလေးတွေက မိုက်တယ် ကိုမြရဲ့ ၊ သည်းညည်းခံနိုင်ရင် တော်ပါရဲ့”

“မိုက်တာတော့ မဟုတ်ပါဘူး ထင်ပါရဲ့ကွယ်။ အထင်လွဲပြီး ငါ့ကို မျက်မုန်းကျိုးလို့ပါ၊ နောင် တဖြည်းဖြည်း ငါကောင်းမှန်း သိလာရင် နေရာကျမှာပဲ ၊ ကိုယ့် မိခင်ဆိုတာ တခြား သူစိမ်းပြင်ပြင် တစ်ယောက်နဲ့ အတူနေတာကို မြင်ရရင် ကလေးသူငယ်တို့ဘာဝ မခံချင်စိတ် ဖြစ်တာပဲ”

ရွာထဲ၌ကား စကားအသစ်ဖြစ်ပေါ်၍ နေသည်ကား........

“ကျုပ်တို့ ကိုမြကြီးတော့ ထီပေါက်နေပြီ ၊ အခု ကလေးသုံးယောက်ရော အမြွာပူး တစ်ကြိမ်တည်း ရနေပါကလား” ဟူသော စကားဖြစ်လေ၏။

ကလေးများနှင့် သင့်တင့်ပုံမရကြောင်းလည်း သိကြသဖြင့် ကိုမြကြီးကို များစွာပင် သနားကြလေ၏။  အချို့ကလည်း ရယ်စရာ ပြောကြလေ၏ ။ အကြောင်းမူကား ကိုမြကြီးမှာ.....

“ငါ့မြင်းကို သင်း စီးတယ်  ငါက ဘာအညံ့ခံမလဲ ၊ သင်းလှေ ငါလှော်မယ် ” ဟူသော ကိန်းမျိုး ကြုံ၍ နေရှာလေတော့သတည်း။

ကိုမြကြီးမှာ သူငယ်သုံးယောက် တက်ရောက်၍ လာသည့်နေ့ကစပြီး စပါးဈေးများ မလှုပ်မရှား ငုပ်လျှိုသက်ဆင်းမည့် နမိတ်တွေကိုသာ ကြားရသဖြင့် ဘုရား......ဘုရား..... ဒီအကောင်ကလေး သုံးယောက်ဟာ ငါ့တို့အား ကောင်းကျိုးပေးဖို့လာတာမှ ဟုတ်ပါ့မလား။ လာပုံကို ထောက်တော့ သူတို့ အမေကြီး သေလို့ လာရတာကို ထောက်တော့ သေမင်းက ပို့လွှတ်တာ ဖြစ်နေပါကလား။ စပါးဈေးများလည်း အိုနာနေ နှိပ်စက် ၊ စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတဲ့ ကိန်းကြုံ၍ နေပါကလား၊ စသည်ဖြင့် တွေးတောပူပင်စ ပြုလေ၏။

ကလေးများကလည်း ပထွေးကို ဂရုမစိုက် ၊ ပထွေးက တစ်စုံတစ်ရာကို ပြောသည့်အခါ.....

“ခင်ဗျား မပြောနဲ့ ၊ ကျွန်တော်တို့ မမပြောတာသာ ခံမယ် ။ ခင်ဗျား ကျွန်တော်တို့ အဖေ မဟုတ်ဘူး” စသည်ဖြင့် ပြောကြလေ၏။

ကြားရသော အခြားသူများက ကိုမြကြီးအတွက် မခံချင်ဖြစ်ကြလေ၏။

“ငကြောင် ခင်ဗျားဖြစ်လို့ ဒီအကောင် ကလေးတွေ ခင်ဗျားသားတွေဖြစ်ရင် အခုလို စော်ကားဝံ့ကြမှာ မဟုတ်ဘူး ချီးမွမ်းအောင် ကြောက်ရမှာ ” ဟု ပြောကြလေ၏။

ကိုမြကြီးသည်ကား မည်သူ မည်သို့ပင် ပြောစေကာမူ တစ်ဖက်နားက၀င်၍ တစ်ဖက်နားမှ ထွက်လျက် စပါးဈေးကို သာ စောင့်မျှော်၍နေလေ၏။

မယ်မှုန်မှာလည်း ကလေးတွေကို နှိမ်၍မရ၊ “သူတို့နဲ့ မြန်မြန်ကင်းချင်ရင် ပညာမြန်မြန် တတ်အောင် သင်ပေးပြီး အတောင်အလက်စုံရင် လွှတ်လိုက်ဖို့ရှိတာပဲ” ဟု အတန်တန်ပြောကြသဖြင့် ရွာထဲ၌ အလုပ်မရှိ သော ကောလိပ်ကျောင်းသားတစ်ယောက်အား တစ်လ အစိတ်ပေးပြီး ၄င်းတို့ကို ပညာ အသင်ခိုင်း ရလေ၏။

ကလေးများမှာ ကိုမြကြီး အပေါ်၌သာ ဆိုးကြ၏။ အခြားသူများနှင့်ကား တစ်စုံတစ်ရာဖြစ်သည်ဟု မကြားရ။ ပညာကိုလည်း ကြိုးစားကြလေ၏။

ကိုမြကြီးသည် မိမိအိမ်တွင်း ဆန်၊ ဆီ ၊ ဆေး၊ ဆား ၊ ငရုတ် ၊ ကြက်သွန် မှစ၍ ရွပ်ရွာနှင့် သင့်တော်သော ကုန်များကို လိုလေသေးမရှိအောင် ၀ယ်ခြမ်း၍ ကုန်စုံဆိုင်ကလေးတစ်ခု တည်ထောင်ရောင်းချ ခဲ့ရာ တစ်နေ့တစ်ခြား ဆိုင်ကလေးမှာ ကြီးပွားလာသည်ကို တွေ့မြင်ရသော အခါ......

ရွာလယ်၌ တရုတ်ကုန်စုံဆိုင်ကြီးတစ်ခု ရောက်၍လာလေ၏။  မြစ်ကမ်းရှိ ရေတွင်းမှ ရေဟူသမျှသည် မြစ်ရေ၏ အားအရှိန်စုပ်ယူရာသို့ ပါရသလို ဆိုင်ကလေးမှာ လုံးပါးပါးစ ပြုလေရာ အကြွေးဝယ်သူသာ များလေ၏။

သို့သော်လည်း ကိုမြကြီးသည် ကလေးများအား ပညာသင်ပေးခြင်းအလုပ်ကို မလျှော့ ၊ ရှိသမျှ ငွေကလေး နှင့်ပင် အနေအစားကို လင်မယားနှစ်ယောက် ခြိုးခြံကာ ကလေးများ မြန်မြန်ပညာတတ်ဖို့ကိုသာ ဂရုစိုက် ကြရလေ၏။

အရင်က လက်ဝယ် ငွေကြေးအတော်ကလေးရှိစဉ်ကပင် ကလေးများ၏ ချစ်ခင်ကြည်ညိုခြင်းကို မခံရသောသူ တစ်ယောက်မှာ လုံးပါးပါးပြီး လက်ဝါးချည်းကျန်ရှိသည့် အခြေအနေသို့ ရောက်သောအခါ၌ သာ၍ပင် မလေးမစားပြုကြသည်ကို ခံရလေ၏။ တဖြည်းဖြည်း ကိုမြကြီး၏ ခန္တီပါရမီကြီးရင့် ခိုင်မာကြောင်း သိ၍လာကြသောအခါ အထက်ထက်က မခံချင်သောစိတ်နှင့် “ အလကား ငနဲကြီးပါ ၊ မယားကြောက်ကြီးပါ” စသည်ဖြင့် ကဲ့ရဲ့ပြောဆိုသူများပင် ၄င်းအား ချီးမွမ်းစပြုကြလေ၏။

ထိုကဲ့သို့နေရာ အခါလယ်ကျော်ခန့်ရှိသောအခါ သားအကြီးဆုံးဖြစ်သူမှာ အလွတ်ပညာသင်အဖြစ်နှင့် ဆယ်တန်းအောင်၍သွားပြီး ၄င်းတို့ကိုသင်ပြသော ဆရာကလေး၏ အသိမိတ်ဆွေ အဆက်အနွယ်များ၏ ကျေးဇူးကြောင့် ဆပ်ကျောင်းသို့ လျှင်မြန်စွာ ရောက်၍သွားလေ၏။
အလတ်မှာ ၇ တန်း မအောင်သေး ၊ အငယ်မှာ ၇ တန်းဖြေဖို့သာ ဆက်လက်၍ သင်ကြားနေကြရသဖြင့် အငယ်နှစ်ယောက် တာဝန်သာရှိ၏။ ဆရာကလေးကလည်း မိမိ၏ တပည့်တစ်ယောက် ဆပ်ဖြစ်တော့မည်ဟု မျှော်လင့်ကာ အားရှိလှသဖြင့် လူကြီးများမှာလည်း အရင်ကနှင့်မတူတော့သည့် အခြေအနေသို့ ရောက်၍နေလေကြောင်း သိရသောအခါ လခမယူပဲ သင်ပေးလေ၏။ အကြောင်းမူကား ထိုဆရာကလေးမှာ တစ်ယောက်ကစ တစ်ရာဆိုသလိုနှင့် သင်ပြသဖြင့် သူငယ်တစ်ယောက် ဆယ်တန်းအောင်ပြီး ဆပ်ကျောင်းကို ရောက်ကြောင်း ကြားသိကြရသမျှသော သားသမီးရှင်တို့က ကူညီကြသဖြင့် ရွာကျောင်းကြီး တစ်ခုဖြစ်၍လာရာ ဆရာကလေးမှာ ထိုအလုပ်ဖြင့် ချမ်းသာနိုင်သော အခြေအနေသို့ ရောက်၍လာလေတော့ သတည်း။




အခန်း (၈) အား ဆက်လက် ဖေါ်ပြပါမည်........................................။

5 comments:

မြစ်ကျိုးအင်း said...

ဖတ်သွားတယ်ဗျ။။ ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ

ဂျစ်တူး ( မုံရွာ ) said...

ဖတ်သွားတယ်----ဟိုးးးးးးးးးးးးးးးးးးး(၁) ကနေ စပြီးအခု (၇)အထိပေါ့
ဆက်အုံးမယ်ပေါ့လေ-
ဒီတော့လည်းစောင့်ပေအုံးပေါ့ဗျာ-
လာလည်သွားတာကျေးဇူးပါဗျာ-

Anonymous said...

သြော်..ကိုမြကြီး ကိုမြကြီးး
ပြောပေးစမ်းဗျာ သုံးမွှာပူးထဲက တစ်ကောင်လောက် မွေးစားချင်လို့

ကိုဇော် said...

ဖတ်ပြီးပါကြောင်း....
မျှော်လျက်...

witch83 said...

Looking forward to the upcoming modules. :)

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More