အခန်း (၂)
မယ်မှုန်သည်ကား အိမ်၌ မီးတိုင်ကိုမျှ မထွန်းတော့ဘဲ အိမ်ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ ဆေးပေါ့လိပ်ကို ဖွာလျှက်နေလေ၏။ အိမ်တွင်းက လူကို အဘယ်ပုံထုတ်ရမည်ကို မကြံတတ်ဘဲ နေလေ၏။ ရွာသူရွာသားများ သည်ကား မယုံရသော လူမျိုးဖြစ်လေ၏။ မိမိတို့အရေးထက် သူတစ်ပါး အရေးကို ပိုမိုဂရုစိုက်တတ်ကြရာ မတော်တဆ အနီးအပါးမှောင်ရိပ်များမှ ချောင်းမြေင်း၍ နေကြချေကာ တစ်စုံတစ်ယောက် မြင်း၍သွားလျှင် တစ်ရွာလုံး ဆူညံတော့မည် ၊ အရှက်ကွဲ အကျိုးနည်းဖြစ်တော့မည် ဟူသော အကြောင်းကို စဉ်းစား၍ ကြောက်လေ၏။ အကြောင်းမူကား ဘိုးကြောင်သည် ပွဲစားဆိုသော်လည်း ရိုးရိုးသားသား အလုပ်လုပ်ကိုင် အသက်မွေးသူ မဟုတ်၊ လည်ပတ်ကာနေ၏ ။ စကားတတ်သမျှ အစွမ်းတို့ကို ရွာပေါ်၌ ရွာစော်လုပ်ခြင်း ၊ ဌာနမှား အသုံးပြုသဖြင့် ကာလသားခေါင်း တစ်ယောက်ကဲ့သို့ဖြစ်လျက် လူမိုက်လူရမ်းတို့နှင့် အကျွမ်းဝင် သူဖြစ်ရာ မိမိကိုယ်တိုင်လည်း တစ်ခါ ၊ နှစ်ခါ ရိုက်နှက် သတ်ပုတ်သော အလုပ်များ၌ ပါဖူးသူဖြစ်သဖြင့် မိမိ ကိုယ်တိုင်ပင် မယားအပေါ်၌ သစ္စာဖောက်သော်လည်း မယားသစ္စာဖောက်ကြောင်း သိရချေက ငြိမ်သက် စွာ ခံ၍နေမည် မဟုတ် ၊ မညှာမတာ လုပ်မည့် လူစားဖြစ်ကြောင်း သိရလေရာ မယ်မှုန်မှာ စိုးရိမ်မကင်း ဖြစ်၍နေလေ၏။ လူမိုက်တို့မည်သည် ရပ်ရွာ၌ မျက်နှာတစ်မျိုးကြီးလေ့ ရှိလေရာ အချို့သောသူများက မျက်နှာလို မျက်နှာရ ၊ မိမိ ဒုက္ခဖြစ်အောင် ၊ ဘိုးကြောင်အား တိုက်ကြမှာကို ကြောက်လေ၏။ သို့ဖြစ်လေ ရာ မောင်မြကို အဘယ်ပုံ အိမ်ထဲမှ ထုတ်ရမည့် အရေးနှင့် ပတ်သက်၍ အခက်ကြုံလျက် ရှိနေလေတော့ သတည်း။
မောင်မြမှာလည်း ခုတင်အောက်မှ မထွက် ၊ မာန်စွယ် မရှိသော လူရိုးဖြစ်သော်လည်း အသောက်အစား ကလေးကို ကြိုက်တတ်သူဖြစ်လေရာ မယားနှင့် ပတ်သက်သော အခါ သေရည်သည် မခံချင်သောစိတ်ကို နှိုးဆွ၍ပေးသဖြင့် အရဲစွန့်ကာ ငါ့မယားကို သင်း ဦးတယ်၊ သင်းမယာကိုလည်း ငါ အရတွယ်မယ် ၊ အညံ့ခံရိုးလား ဟူသော စိတ်ကို ဆောင်မိလျက်သား ဖြစ်၍နေသောကြောင့် အခန်းထဲမှ မထွက်ပဲ မယ်မှုန် ၀င်လာမည်ကို စောင့်မျှော်ရင်း ခုတင်အောက်၌ ပက်လက်တစ်ခါ ၊ တစောင်းမျိုး၊ ဖင်ဘူးထောင်း တစ်ဖုံ ၊ မှောက်ခုံ တစ်ခါ ၊ စိတ်ညစ်စွာ ခွေလို ခွေ ၊ သူခိုးလို မှောင်ခို၍ နေလေ၏ ။
မယ်မှုန်မှာလည်း လင်ယောက်ျားကိုပင် ကြောက်သော်ငြားလည်း အလုပ်အကိုင်ချင်းမတူ ရိုးဂုဏ်ကလည်း သာသူဖြစ်ကြောင်း သိလေရာ သင်း မခံချင်သော စိတ်နှင့် ငါ့ကို ကြောရုံမျှကြံခြင်း မဟုတ်ချေက သူ့အကြံကို လိုက်ပါရလျှင် တော်များ တော်လေမလားဟု တစ်ခါတစ်ခါ တွေးမိလေ၏။ သိုကသော်လည်း စိတ်ကို ပိုင်နိုင်စွာ ဆုံးဖြတ်ချက်ချ၍ မရ ၊ မတော်ပါဘူးလေ ၊ ယောက်ျားဆိုတာ မှားတဲ့ အခါ မှားပြီး နောက်ဆုံးကျတော့ အဟောင်းတလည်လည် ဆိုတာလို သတိရတဲ့အခါ ဒုန်ရင်းပြန်ရောက် တာမျိုးပါပဲဟု ဆင်ခြင်ပြန်လေ၏။ ထို့နောက်တစ်ဖန် အတွေးဆက်ကာ သင်းဟာ ငါနဲ့ညား ကတည်းက တစ်နှစ်သော်လည်း တော်နိုး ၊ ရှေ့နှစ်သော်လည်း တော်နိုးနဲ့ ၊ ငါကချည်း ရှာကျွေးလာရတာပဲ၊ ငါ့ဘက်က အဒေါ်တွေ အရီးတွေ မောင်တွေမရှိချင် ၊ အခုနေမှာ ကျွန်စုပ်တဲ့ သရက်စေ့ဖြစ်နေမှာပဲ၊ ဒီအကောင်ဟာ ဘယ်တော့မှ ကောင်းမယ့်အကောင် မဟုတ်ပါဘူး၊ တစ်ခါတစ်ခါလည်း မိုက်ချင် သလိုလိုနဲ့ ၊ မတော်တဆ မင်းပြစ်မင်းဒဏ်သင့်တတ်တဲ့ အမှုကိုပြုမိရင် လင်ဆိုးမယား တစ်ဖားဖားဆိုတာလို ဖြစ်ရချည်ရဲ့ စသည်ဖြင့် စဉ်းစားပြန်လေ၏။
သို့အတန်ကြာ စဉ်းစားပြီးနောက် အတော်ညဥ့်နက်မှ အိမ်ရှေ့တံခါးများကို ပိတ်ပြီး ဒီလူက လည်း ဘယ့်နှယ်လူပါလိမ့်မလဲ၊ နောက်ဖေးပေါက် တင်းကုပ်ဘက်ကနေပြီး ထုတ်မှဖြစ်လိမ့်မယ် ထင်ပါရဲ့၊ လူသူတော့ ပြတ်တန်ပါပြီ စသည်ဖြင့် အောက်မေ့ကာ အခန်းဘက်သို့ ခြေသံခပ်ပြင်းပြင်းပေး၍ သွားလေ၏။
တံခါးသို့ရောက်သောအခါ ရပ်လျက် ချောင်းဟန့်လေ၏။ အတွင်းမှ တုတ်တုတ်မျှ မလှုပ်၊ ခေါ်ရမှာ ပြောရမှာလည်း လူကြားမှာစိုးရ၍ အခက်၊ ငင်ရမှာလည်း အကျပ် ၊ အပြင်မှာ အိပ်ရမှာလည်း ခြင်တွေကို တဖတ်ဖတ်ရိုက်၍ သတ်ရသော အလုပ်ကြောင့် အိပ်ခွင့်ရမှာမဟုတ် ၊ အိပ်ပြန်လျှင်လည်း မတော်တဆ ၊ သန်းခေါင်ယံမှာ သရဲပမာ လာ၍စီးမှာစိုးရ ၊ သူခိုး....သူခိုးဟု ဟစ်ရမှာလည်း လူရိုးကြီးမို့ သူခိုဖြစ်အောင် လုပ်သော်လည်း မည်သူမျှ ယုံမှာမဟုတ် ၊ေ၀၀ုစ်မာယာ မိန်းမယုတ်ရဲ့ ဥာဏ်ဟု အများက ထင်ကြတော့မှာပဲ၊ အိပ်ပျော်၍များ နေလေသလား ခက်ပါဘိတော့တယ် လူရိုးများရဲတော့ အခက်ကြီး ခက်တော့တာပဲ စသည်ဖြင့် တွေးပြီး ဘီလူးသရဲ ခိုအောင်သည့် ဂူထဲကို ၀င်ရမည်ကဲ့သို့ဖြစ်၍ နေလေ၏။ သို့နေရာမှ ကြောက်ကြောက်နှင့် ၀င်သွားလေ၏။
မောင်မြသည်ကား မအိပ်ဘဲ စောင့်စား၍ နေသူဖြစ်ရာ ၀င်လာသည့်ခြေသံကို ကြားလျှင် ကြားချင်း ရင်ထဲမှာ ဘိုတို ဘိုတိုနှင့် နှလုံးသည် သမင်လို အော်စပြုလေ၏။ အကြောင်းမူကား ငါမှန်းသိ လျက်နှင့် မခေါ် မငင်၊ ရဲတင်းစွာ ၀င်၍လာသည်မှာ ဧကန်ဒိဌ သူ့စိတ်မှာ ငါ့အလိုကျချင်လို့ပဲဟု အောက်မေ့လေ၏။ အကြောင်းမူကား မယ်မှုန်၏ တွေးခေါ်ကြောင့်ကြပုံ များကို မသိရပေ၊ မယ်မှုန်သည် ကား အိမ်အောက်၌လည်းကောင်း ၊ အိမ်ခေါင်းရင်း အနီး၌လည်းကောင်း ချေင်းမြောင်း၍ နေသူများရှိမှာပဲ ၊ စကားပြောရင် ကြားကြမှာပဲ ၊ ကြားရရင် ဆူဆူညံညံဖြစ်ကြမှာပဲ ဟူသော အတွေးနှင့် မခေါ်မပြောဘဲ ၀င်လာခြင်းဖြစ်လေ၏။
ခုတင်အနီးသို့ ရောက်သောအခါ ရပ်လျက် ဒီ သတ္တ၀ါကြီးကို ငါဘယ်လို ကလော်ပြီး ထုတ်ရ ပါ့မလဲဟု တွေး၍ နေလေ၏။ ခုတင်အောက်မှ တုတ်တုတ်မျှ အသံမပြု၊ မလှုပ်မရှား သေလို့များနေလေ သလား ရှိမှရှိရဲ့လားဟု တွေးရင်း မရဲတရဲထိုင်ပြီး အတွင်းကို လက်နှင့်စမ်းလိုက်ရာ ခုတင်အောက် ကနေပြီး ၄င်း၏လက်ကို ဆုပ်ဖမ်းကာ ဆွဲကိုင်လိုက်သည်ကို သိရသဖြင့်.......
“ရှင် မသွားသေးဘူးလား၊ ထွက်ပါရှင်၊ အေးအေး သွားစမ်းပါ” ဟု မယ်မှုန်က တိုးတိုး ပြောလေ၏။ မောင်မြ ထွက်၍လာပြီး..........
“သွားလို့ မဖြစ်သေးဘူး၊ အပြင်မှာ လူသံတွေကြားရတယ် ၊ ဟော... ဟော.... ကြားရဲ့လား၊ ချောင်းနေကြတယ်၊ အာဂ ကောင်တွေ” ဟု ပြောလေ၏။ နှစ်ယောက်သား စကားဆိတ်လျက် နားထောင်၍ နေကြလေ၏။ အိမ်ခေါင်းရင်းဘက်မှ တီးတိုးစကားပြောကြသည် ကိုကြားရပုံကား။
“ဟုတ်တယ် ၊ ရှိသေးတယ်”
“အေး....သူ့အိမ်ကို ငါ သွားကြည့်ချင်တယ် ၊ မရှိဘူး၊ အရက်တစ်ပိုင်းတွေ့လို့ ငါတောင် မော့လာခဲ့သေးတယ်” မောင်မြသည် ထိုစကားကို ကြားရသော အခါ......
“ဟိုက် ....ရှောက်ကျိုးနဲပြီ” ဟု ပြောရာ အပြင်မှ .......
“ဟော..... ဟော.... ကြားရဲ့လား ၊ အကျိုးနည်းပြီတဲ့ ၊ ဟေ့.......ရွှေလှ ၊ ဖိုးကဲနဲ့ မပန်းအုန် ကြီး သွားခေါ်စမ်း”
“နေပါကွယ့်........မင်းကလဲ ၊ သူတို့ ဘာလုပ်သလဲ ဆိုတာ သိရအောင်”
“ မှုန် .....ထွက်.....ထွက် ....ရှင် ထွက်၊ ကျွန်မကို ရှင် တမင်သက်သက် ဒုက္ခလာပေးတာ”
ထိုအတွင်း အပြင်မှ အသံများသည် တိုး၍ကျယ် တိုး၍များလာ၏ ။ ပန်းအုန်က.....
“ဟဲ့........မယ်မှုန် ၊ ဘာဖြစ်နေသလဲ၊ တံခါးများ ဖွင့်ပါဦးလေ” ဟု ပြောလေ၏။
မောင်မြ ။ ။ “ကိုင်း......ဘယ့်နှယ်လုပ်မလဲ၊ လူတွေသိကုန်ပြီ၊ လာ....လာ.... မထူးပါဘူး ဟယ်။ လာပါ...... ငါနင့်ကို အရင်ကတည်းက မေတ္တာရှိနေတာပါ ၊ ဟိုကောင်မ ရှိနေတဲ့ အတွက် နေရတာ ၊ နင့်ယောက်ျားကို နင်လုပ်ကျွေး နေရတာ ၊ ငါ့ကို ယူရင် နင်ဘာမှ မလုပ်ရဘူး ၊ လာသာလာ ပါဟဲ့ ၊ မကြောက်ပါနဲ့” စသည်ဖြင့် ပြောရင်း လက်ကိုဆွဲရာ မယ်မှုန်မှာ ရုန်းမလို လုပ်ရင်း လိုက်ပါ၍ သွားလေ၏။
“ကံအားလျော်စွာ နောက်ဖေတင်းကုပ်၌ မည်းမှောင်၍နေသောကြောင့် အိမ်ထဲကိုသာ ဂရိုစိုက်၍နေသော လူများသည် ၄င်းတို့ကို မမြင်လိုက်ကြပေ၊ တင်းကုပ်မှ နောက်ဖေးခြံစည်းရိုးကို ရောက် ကြသောအခါ ပျက်၍နေသော အပေါက်မှ အပြင်သို့ရောက်၍ သွားကြလေ၏။ လယ်ပြင်သို့ ရောက်သော အခါ တဲတစ်တဲ သို့ရောက်လျှင် မောင်မြသည် ၀င်ရောက်၍ တဲရှင်ကိုနှိုး တီးတိုးစကားပြောလေ၏။
မကြာမီ တဲရှင်သည် အိမ်မှုန်စုံမွှား ထွက်၍လာပြီး နွားတင်းကုပ်က နွားနှစ်ကောင်ကို ဆွဲထုတ်၊ တဲ့ရှေ့ရှိ လှည်းမှာ တပ်ပြီးနောက်...........
“ကိုင်း........တက်ကြ” ဟု ပြောရာ မောင်မြက မယ်မှုန်ကို လှည်းနောက်မြီးမှ ပွေ့၍တင်ပြီး ကိုယ်တိုင်လှည်းပေါ်သို့ တက်လေ၏။ ဆိတ်ငြိမ်သော ညဥ့်အချိန်၌ နွားနှစ်ကောင်၏ လည်ပင်းမှ ဆည်းလည်းနှစ်လုံး၏ သိမ့်မွေ့သောအသံသည် ကွင်းလယ်ပြင် တစ်ခုလုံးကို နိုးကြားစေသည်နှင့် တူလေ၏။
အခန်း (၃) .... ဆက်လက်ဖေါ်ပြပါမည်။
4 comments:
မြန်မြန်ဆက်ပါ
အခု အားလို့ လာဖတ်တယ် ကောင်းခန်းရောက်နေပြီ ဆက်လေ
အင်း ဒါပေမဲ့ တမျိုးကြီးဘဲနော်
အပြင်မှာလဲ အဲလိုတွေ တကယ်ရှိလား
စိတ်ပျက်စရာကြီး
ပြေးကြလေပြီပေါ့..အဟီး
နောက်တပိုင်းးးးး
Post a Comment
ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။