Sunday, October 31, 2010

သူ့မယား ငါ့မယား အခန်း(၁)အပိုင်း(2)

ဒီကောင်မလည်း ခေတဲ့ကောင်မ မဟုတ်ဘူး ။ ပြောပုံဆိုပုံ ရုပ်ရည်နဲ့ဆိုတော့ မယ်စံထက် မညံ့။ သင်းက တောင် သာသလိုလိုပါကလား။ သင်းတောင် ငါ့မယားကို ရသေးတာ၊ သင်းမယား ငါမရ ဘာမို့လဲ ၊ တရားစွဲ နေရင် ကိစ္စများမယ်၊ ငါ့မယား သူယူ ၊ သူ့မယား ငါယူ ဘာဖြစ်သေးလဲ။ သို့သော်လည်း ဟိုအကောင် ယဉ်စစ ငါက ပုတိုက်ရိုက်၊ ရုပ်ချင်းတော့ သူကသာပေတာပဲ ၊ နို့ပေမယ့် ရုပ်သွေးသောက်ရတာ မဟုတ် ၊ ရွှေငွေ စိန်ကျောက် ဆင်နိုင်မှ အဖိုးတန်ဆိုတဲ့ တရားကို ဟောရမှာပဲ၊

                သူ့မှာလည်း သားသမီးမရှိ ဟန်ရပြီ၊ မြန်မြန်နေရာ ကျအောင်လုပ်မှ တော်မယ်ဟု တွေးရင်း ချက် အရက်တစ်ခွက်ကို မော့၍သောက်ပြီး ၊ မယ်မှုန်၏ အိမ်ဘက်သို့ ထ၍သွားလေ၏။ မယားပျောက် ကတည်းက အရက်ဖြင့် အပူကိုဖျောက်ကာ နေလေ၏။ 

                မယ်မှုန်မှာ ဆံပင် ဖိုးရိုးဖားရားနှင့် အိမ်ပေါ်ဆောင့်ကာနင်းလျက် သုတ်သင်ရှင်းလင်းရင်း ၊ ညောင်ရေအိုးတွေကို ရိုက်ခွဲ၊ ကြမ်းပြင်က ရေအိုးများကို ကန်ချ၊ တစ်ကိုယ်တည်း သောင်းကျန်းလျက် လင်စိတ် မွှန်ကာ ငန်းနက်ကြီးဖမ်း၍ နေလေ၏။ “ ဟဲ့.......မယ်မှုန် ၊ လူသူလေးပါး ကြားပါ့ဟယ် ၊ သူက နင့်ကို မကြင်နာလို့ စွန့်သွားမှ၊ နင်က ဒီလောက်တောင် ဘာဖြစ်နေစရာ ရှိသလဲ၊ လူ့ပြည်မှာ လင်မရှားပါ ဘူးဟယ်၊ နင် ကံကောင်းချင်လို့ ဖြစ်လာတာ ၊ ငါတော့ ဟိုကောင်မလုပ်သွားတာ ငါ ကံကောင်းချင်လို့ ထင်တာပဲ၊ နင်နဲ့ငါနဲ့ ကံတူအကျိုးပေးပါ လဟယ်၊ ငါတောင်နေနိုင်သေးတာ နင် ဘာမနေ နိုင်စရာရှိသလဲ၊ ယောက်ျားဆိုတာ ဒီလိုပဲဟဲ့ ၊ နင့်မှာ အရှက်ကွဲ အကျိုးယုတ် မဖြစ်သေးပါဘူး ၊ ငါက အရှက်ကွဲတာ ” “ သောက်ချင်လို့သွား ဆိုင်တံခါးပိတ် စိတ်ပျက်စရာ ညအခါ” ဆိုတဲ့ စကားလို ဆံပင်ညှပ်ရာက ပြန်လာ အိမ်ရောက်ရင် မြင်ရလိမ့်မယ်၊ မြင်ရရင် ငါအပန်းပြေရောဟဲ့လို့ အောက်မေ့ပြီးပြန်လာပါ၊ အိမ်ရောက်တော့ မယ်မင်းကြီး လူလည်းမမြင် ၊ အသံလည်းမကြားရ ၊ ငါ့မှာဟယ် တိုင်ကိုင် အရိုက်ခံရတဲ့ ကြက်ဖလို ဖြစ်သွားတာပဲဟဲ့။ နင့်အပူဟာ ငါ့အပူလောက် မကြီးသေးပါဘူးဟဲ့၊ သည်လောက်တောင် မဆူပါနဲ့” ဟု ပြောရင်း အိမ်ဦးအခန်း ခါးပန်းပေါ်မှ ညင်သာစွာ ထိုင်လိုက်လေ ၏။

              “ရှင် ဘာလာလုပ်တာလဲ ၊မတော်ပါဘူးရှင်၊ လူသူလေးပါး မြင်ရင် တောင်တောင် မြောက်မြောက်  ပြောပါ့မယ်” ဟုပြောပြီး တံမြက်စည်ကို ရိုက်တော့မလို ကိုင်ထားလေ၏။ “ နို့ နင်ရော ဘာပြုလို့ ငါ့ဆီကို ခုတင်က လာသလဲ၊ ငါမသွားရင် နင် ဘယ့်နှယ့်လုပ်မလဲ ” ဟု စပ်ဖြဲဖြဲ ပြောလေ၏။ 

                မယ်မှုန်သည် မျက်စောင်းထိုးလျက် နှုတ်ခမ်းစူ၍ နေရာ လက်မှ တံမြက်စည်းလွတ်ကျ၍ သွားမှ သတိရပြီး.............. “ ရှင်တော့ ပျော်နေတာပေါ့လေ ၊ မျက်နှာက မချိုမချဉ်နဲ့ ၊ ဘယ့်နှယ်လူများ ဖြစ်ပါလိမ့်”  မောင်မြသည် ကျယ်သော ရင်ဘတ်ကို လက်ဖြင့် ဖြန်းခနဲ တီးပြီး.....
                               
                “ဖြစ်မှ ဖြစ်ရလေ ငမှုန်ရယ်”

                “အလိုလေးတော်... လူကိုများ ငမှုန်လေး ဘာလေးနဲ့ ၊ တော်ပါ ရှင် ..... ဘာပြောမလို့လဲ”

                “တော်ပါလည်း ပြောသေးရဲ့၊ ဘာပြောမလို့လဲလည်း မေးသေးရဲ့၊ ငါပြောတာက ဒီလို ၊ လူ့ပြည်မှာ မယားမရှားဘူး သိရဲ့လား၊ သင်းတစ်ယောက် ဆင်းသွားရင် ဆယ်ယောက်လောက် လာ အောင် လုပ်နိုင်တယ် ၊ ငါဟာ ရေး၊ မြိတ် ၊ ထားဝယ် ၊ တနင်္လာရီ ၊ ရခိုင် အကုန်နှံ့ ခဲ့ပြီးမှ သင်းအတွက် ကြောင့် အရပ်ကို ပါ ခင်မင်ပြီးနေတာ ၊ အခုလည်း ပတ်ပတ်လည် မြင်သမျှ ရွာတွေဟာ ငါ့ရွာချည်းပဲ၊ ငါ့ကို မသိတဲ့ တစ်ခုလပ် ၊ မုဆိုးမ ဆိုတာ တစ်ယောက်မှ မရှိဘူး၊ အခု ဒင်္ဂါးနှစ်ပြားကို ဟောဒီလို လှုပ်ပြလိုက်ရင် ဒိုက်ခနဲ စာပို့ရထား ထက်တောင် အရှိန်ပြင်းသေးရဲ့၊ ရောက်လာကြမှတွေ” ဟုပြောကာ ငွေ သုံး လေးကျပ်ကို ရှပ်အင်္ကျီ အိတ်ထဲမှ ထုတ်ကာ လက်ထဲတွင် လှုပ်၍ ပြလေ၏။

                “ငွေပေါတာကိုးရှင်း ၊ ရှင်တို့တော့ ယောက်ျား သောက်စားပြီး တစ်ယောက်တည်း ထင်သလို နေရလေ ပျော်လေပေါ့၊ ဒီမှာတော့ မိန်းမသားရှင့် ၊ ထင်သလိုလည်း မနေနိုင်ဘူး ၊ ဖျောက်ဖျက် လို့လည်း မရဘူးရှင့်၊ ထပါဦးရှင် ......... မတော်ပါ ဘူး” ဟုပြောကာ သင်ဖြူးကို ယူ၍ပေးလေ၏ ။ သင်ဖြူး ခင်ပေးပြီး ကွမ်းအစ်၊ ဆေးလိပ်များကို ယူ၍တည်ရင်း မိမိကိုယ်တိုင်ပါ ပဆစ်တုပ်၍ ထိုင်လျက်....

               “ရုတ်တရက် ချက်ချင်းဆိုတော့ ဘယ်ဖြေလို့ရနိုင်မလဲရှင် ၊ အခုတော့ စဉ်းစားမိလို့ ပြေသလို လို ဖြစ်သွားပါပြီ ၊ တွေးလိုက်ရင် အသည်းနာတာ တစ်ခုပါ၊ ကိုမြရယ် ကျွန်မ ဈေးတောင်းခေါင်းပေါ် ရွက်ပြီး သူ့ကိုရှာကျွေးလာရတာ၊ သူ ပွဲစားလုပ်တယ် ဆိုတာ ဘယ်လိုပွဲစားလဲ မသိပါဘူး၊ ကိုမြရယ် တစ်လကြာလို့ တစ်ဆယ်မရဘူး၊ သူ့ကိုသာ အားကိုးရရင် ၀မ်းဟောင်းလောင်း တောင်နေနိုင်မှာ မဟုတ် ဘူး၊ ဗိုက်နဲ့ကျော ကပ်ပြီးသေမှာ ၊ ဒါ့ကြောင့် သြော်.. မယ်စံ ..... မယ်စံ ဖြစ်ရလေတယ်၊ ဒီအကောင်မှာ ဘာများမြင်လို့ ဖြစ်ရတာတုန်း၊ ကိုယ်မှ ဖြစ်မိလို့ မှိတ်ပြီးနေရတာ၊ သင်းငါ့ဒဏ်ကို ၀င်ခံရှာတာပဲလို့ စဉ်းစားပြီး သနားလိုက်ပါသေးရဲ့ ၊ အခုတော့ သူ့ထိုက်နဲ့ သူ့ကံပေါ့”

               “အဲဒီလိုဖြေမှ ပေါ့ဟဲ့၊ ငါလည်းအရူးလို ဖြစ်သွားတာပဲ၊ ငါက တစ်ယောက်သမားဟဲ့၊ ဒါဆို ဒါမှပဲ၊ သင်းက ကိုယ်လို သဘောမထားတော့ ဒါဆိုဒါမှ ဆိုတဲ့စိတ်ကို ဖျောက်ပြီး ဟိုတစ်ယောက် ရှာရပြန် တာပေါ့ဟဲ” မယ်မှုန် သည်စကားမပြောဘဲ ဦးခေါင်းကို ငုံ့လျက် လက်တစ်ဖက်ကို ကြမ်းပေါ်မှာ ထောက်ရင်း စဉ်းစားသလို နေလေ၏။ သို့နေရာမှ ကျ၍လာသော မျက်ရည်စက် နှစ်စက် သည် ကွက်ခနဲ ကြမ်းပေါ်၌ ထင်လာသဖြင့် ရှက်ကိုရှက်ကန်း ဟန်လုပ်သော  မယ်မှုန်၏ မမှုန်သောမျက်နှာမှာ ပိုမို ချစ်စဖွယ်ရာ ကောင်းသည်ကို မောင်မြ သတိထားမိလေ၏။

               ဒါ့ကြောင့်လည်း သူတို့လင်မယား နှစ်ယောက်ကို တစ်ရွာလုံးက မင်းသားနဲ့ မင်းသမီးလို့ ခေါ်ကြတာပဲကိုး။ ဟိုကောင်က မင်းသားရုပ် ၊ သူက မငးသမီးရုပ် ၊ လှတဲ့သူများ အချင်းချင်းညားတော့ လည်း စိတ်မကျေနပ်ကြပါကလား ၊ ငါ့မယားဟာ သူ့မယားလောက်မလှ ၊ ငါ သင်းကို ရရင် ငါက အမြတ် ရကြောင်း လူတိုင်းပြောမှာပဲ ၊ သြော်........ မယ်စံ ....မယ်စံ ၊ သင်းတော့ ဟိုငနဲ နဲ့ တွဲဖက်တဲ့ ပွဲဆက်တွေမှာ ငါ့ကိုတစ်ချက်မှ သတိရတော့မှာ မဟုတ်ဘူး။ ဟိုက မင်းသား ရုပ် ခါးကလေး နွဲ့နွဲ့ မို့ သင်းတော့ အရမ်းဖြစ်နေတော့မှာပါပဲ စသည်ဖြင့် တွေးကာ ရင်ထဲတွင် ကတုန်ကယင် ဖြစ်၍လာ လေ၏။

                သို့သော်လည်း စိတ်ကိုတင်းလျက် သင်းက ကမြင်းလို့ လင်ငယ်နေတဲ့ ကောင်မ ၊ မယ်မှုန် ကလေးကို သင်းနဲ့စာတော့ မိန်းမကောင်းလို့ ဆိုရမှာပဲ၊ သည်တော့ ဟိုခွေးသား မင်းသားရုပ် ငကြောင်က ငါ၏ မကောင်းသော မိန်းမကိုယူ ၊ ငါက သူ့ရဲ့ မယားကောင်းမယားနိပ် ကလေးကိုရ၊ အဲဒီဟာမှာ ငါက တစ်လေး သာဦးမှာပဲ။ ဒင်္ဂါးတဲ့ ဒင်္ဂါး ၊ တောင်ဘက် ကရင်ရွာကို ဖောက်သည်ထဲ ဆွဲသွင်းရင် ဘယ်နည်းနဲ့မဆို ဗမာရွာတွေမှာထက် နှစ်ဆပိုရမှာပဲ၊ ဗမာဆိုတဲ့အကောင်တွေက ကိုယ့်အမျိုးသားချင်းပဲ ၀ံသာနုနဲ့ချည်း နှက်တာပဲ၊ ဆရာ ကိုကျောက်ခဲက သူ့ကျောင်းသားတွေကို ကုသိုလ်ဖြစ် တစ်လတစ်ကြိမ် ဆံပင်ညှပ်ပေး ပါတဲ့၊ ကရင်များမှာ ၀ံသာနုစိတ် မရှိ၊ ဒါမှ ကောင်းတယ် စသည်ဖြင့် ရောက်မိရောက်ရာ မိုးကို လျှောက်တွေး၍ နေလေ၏။

             
                လောက၌ ယောက်ျားများကို ဖမ်းစားတတ်သော ဒိန်းဒလိန်းနတ်သည် အကြမ်းဆုံးသော နတ်ဖြစ်လေရာ သတ်ရမှာလည်း အခက်၊ ခံရမှာလည်း အခက်မို့ မောင်မြသည် စိတ်ကိုပင် တင်းသော် လည်း လွယ်ကူစွာ မရ၊ အရက်နှင့် တွေ့သော အခါ ထိုရောဂါ ပို၍ ထတတ်လေ၏။

               ထိုအခါ မဖြစ်ဘူး ဒီစိတ်ပျောက်အောင် မယ်မှုန်ကို မြန်မြန်အရသိမ်းမှ တော်မယ်ဟု စဉ်းစား လေ၏။  “ မငိုပါနဲ့ မယ်မှုန်ရယ် ၊ နင်က အခုလိုငိုနေ ၊ ဟိုကတော့ နင့်ကို သတိတောင်ရမှာ မဟုတ်ဘူး၊ အူမြူးတုန်း ချစ်တုန်း ခင်တုန်း တဖြုန်းဖြုန်းဖြစ်နေမှာ”

“ဒိဌိပေါ့ ကိုမြရယ်၊ ကျွန်မဟာ ကျွန်မ ရှာစားနိုင် တယ်ဆိုတာလည်း သူသိတာကိုး ။ သည်တော့ အေးနေ တာပေါ့”
“ဒီလိုလူမျိုးဆိုတာ နင်တို့လို စွမ်းစွမ်းတမံ မိန်းမများကိုမှ တမင်ရှာယူတာ ၊ လူပေါ့မျိး ၊ အခုဖြစ်တာတော့ ဘယ်လိုရယ်လို့ ငါမတွေးနိုင်အောင် ရှိတာပဲ၊ မယ်စံက နင့်ထက်လှ လို့လား ၊ နင့်ခြေဖျားမှ  မီတာ မဟုတ်ဘူး၊ ငါပြုလို့ နုနေတာ၊ အခု ကြမ်းကြမ်းတမ်းတမ်း ကလေးလုပ်ရရင် သင်းရုပ်ဟာ လက်နှီးစုပ် လို ဖြစ်သွားမှာပေါ့၊ မျက်စိဒေါက်ထောက်ကြည့် လိုက်ရဦးမယ်” ဟု မောင်မြ က ပြောလေ၏။

               မယ်မှုန်လည်း ရှက်ကိုးရှက်ကန်း အမူအရာနှင့် မျက်လုံးများကို အင်္ကျီလက်နှင့် သုတ်ပြီး .....
“သူ့ကြောင့် မဟုတ်ပါဘူး၊ ကျွန်မ ကုသိုလ်ကံဆိုးတာ စဉ်းစားပြီး ကျေးဇူးမဲ့တာတွေကို တွေးမိလို့သာ ” ဟု ပြောလေ၏။

                သို့ စကားပြောနေကြစဉ် ရွာထဲတွင် အာအကျယ်ဆုံး ဖြစ်သော မပန်းအုန်ခေါ် မိန်းမကြီး သည် ဆီပုလင်းကို ကိုင်လျက် အိမ်ရှေ့ကိုရောက်လာပြီး သင်းတို့ နှစ်ယောက်ကို မြင်သော အခါ တစ္ဆေကို မြင်ရသလောက် ရွံ့ကြောက်အံ့သြ မိန်းမောချင်သလိုဖြစ်ကာ ရှေ့သို့ဆက်၍ မသွားနိုင်ပဲ နောက်သို့ လှည့်ကာ ပြေးလေ၏။

                မပန်းအုန်မှာ သတင်းအသစ်အဆန်း တစ်ခုခု တွေ့ရလျှင် ရွာထဲ၌ ရှေးဦးပထမ ကြေငြာချင် သော စိတ်ဓါတ် အဟုန်ကို ခုခံငြင်းဆန်ခြင်းငှာ စွမ်းနိုင်သူ မဟုတ်ရကား မီးဖို၌ ဒယ်အိုးကို တင်ပြီး ငါးပိဆီ သတ်ရန် ဆီပုလင်းကို ကြည့်ရာ ဆီမရှိသဖြင့် အနီးရှိ ရွာဆိုင်ကလေး သို့ အလာမှာ မောင်မြနှင့် မယ်မှုန်ကို မြင်ရပြီး ကြီးလေးသော ငါးပိဆီချက် လုပ်ငန်း ကိစ္စကြီးကို မေ့လျော့ကာ အဆောတလျင် ပြန်၍သွားခြင်း ဖြစ်ရာ သင်း၏ အရေးကြီးပုံမှာ နောက်မှ တစ်စုံတစ်ယောက် ရိုက်ဖို့အကြံနှင့် လိုက်လာလေ သလားဟု မှတ်ထင်ဖွယ် ဖြစ်လေ၏။

               “ကိုင်း ..... မယ်မှုန်၊  ဒေါ်ပန်းအုန်ကြီးတော့ တွေ့သွားပြီ တစ်ရွာလုံး ဆူတော့မှာပဲ၊ ကြာကြာ နေရင်အလကားပဲ ၊ ငါတော့ နင့်လင်ကို တရားလည်းမစွဲချင်တော့ဘူး ၊ ကလဲ့စားသာ ခုချက်ချင်း ချေလိုက် ချင်တော့တာပဲ” 

                “အို...ကိုမြက မတော်တာပဲ၊ ယောက်ျားဖောက်ပြန်တိုင်း မိန်းမက လိုက်ပြီး ဖောက်ပြန်ရမယ် ဆိုရင် ခက်ကုန်ရော ပေါ့ရှင်”

                “နင် ဖေါက်ပြန်ဖို့မလိုဘူး၊ ငါက အတင်းလှည်းနဲ့ တင်လို့ နင် ငါ့နောက်က ပါတဲ့ အနေပေါ့”

                “ အမယ်လေးတော် .....တကတဲ  မြန်လိုက်တာ၊ ဒီ အကြောင်းနဲ့ ပတ်သက်လို့ စကားနှစ် ခွန်းမှ မပြောရသေးဘူး ”

               “မြန်မှဖြစ်မှာ ၊ အလကား မဟုတ်ဘဲနဲ့ အပြောခံရမယ့် အစား ဟုတ်လိုက်ရင် သာပြီး  မကောင်းပေဘူးလား၊ အခုလို စိတ်ညစ်ပြီး အလကား နေမယ့်အစား ၊ ကိုင်း.....ဘယ့်နှယ်လဲ၊ လုပ်မလား”

               “ဘာလုပ်ရမှာလဲတော့ ၊ အရင်းမရှိ အဖျားမရှိနဲ့”

               “မဟုတ်ပါဘူးဟဲ့ ၊ ငါပြောတာ လုပ်မလားလို့ မေးတာ၊ ဖိုးထိန်မှာ လှည်းအသင့်ပဲ ရှိတယ်၊ သူ့နွားပေါက်ကလေး နှစ်ကောင်ကလည်း အင်မတန် အပြေးကောင်း၊ လှည်းလမ်းတွေကလည်း ဖုန်လို့၊ ဘယ်မဆို ရောက်နိုင်တယ်”

               “လူကဲ့ရဲ့ပါ့မယ်တော် ၊ မလုပ်ပါနဲ့”

               “ဟဲ့ ...... နင့်ကို ဘာကဲ့ရဲ့ စရာရှိလဲ၊ မောင်မြက သူ့မယားအခိုးခံရလို့ မခံချင်စိတ်နဲ့ အတင်း လုပ်ကြံလို့ဖြစ်ရတာဆိုတာ လူးတိုင်းပြောမှာပဲ၊ အခုလို အလကား စိတ်ညစ်နေမယ့်အစား လူကဲ့ရဲ့ လွတ်ပြီးပျော်ချင်သလို ပျော်ပျော်နေရမှ ဒါမှ အချောင်ပျော်ဖို့အချက်၊ ငါ့မှာလည်း အစိုးရပြစ်ဒဏ် အင်မတန်ကြီးမှာ မဟုတ်ဘူး၊ မခံနိုင်ရှာလို့ လုပ်မိတာလို့ တရားဝိုင်းမင်းများ သဘောရပြီး မသကာ ရုံးတက် ရုံးဆင်းပေါ့၊ မယ်မှုန်ရဲ့ နင့်လည်း ထွတ်ထွတ်ကလေး မဟုတ်တော့ပါဘူး၊ “ အထိုးခံ အုန်းသီး ဘုန်းကြီးကြိုက် မင်းကြိုက် ဆိုတာလို ဟဲ.... ဟဲ...” ဟု မူးရဲ၍ ပြောလေ၏။

               ထိုကဲ့သို့ ပြောရင်း တစ်ဖန် မယ်စံနှင့် ငကြောင် အဘယ်ပုံနေမည်ကို တွေးမိ ထင်မြင်လေရာ ရင်ထဲမှာ မသက်မသာ ဖြစ်၍ လာပြန်လေ၏။ထိုကဲ့သို့ ဖြစ်သည့် အခါတိုင်း ငါလည်း သင်းလို မဖြစ်နိုင်ဘူးလား ဟူသော စိတ်ကို ဆောင်လိုက်ရာ ဆူသော နှလုံးသွေးသည် ငြိမ်းအေး၍ သွားပြန်လေ၏။  မယ်မှုန်သည် စဉ်းစား၍ နေလေ၏။ ထိုသို့စဉ်းစား၍ နေခိုက်တွင် လူသံများ ကြားရသဖြင့်    ............

               “သွားပါ ကိုမြရယ် ၊ ဟိုကောင်မကြီး ရွာထဲလျှောက် မောင်းတီးလို့ ကြည့်ရအောင် လာကုန်ကြပြီ ” ဟု မယ်မှုန်က ပြောရာ အသံများ သာ၍ နီးလာသဖြင့် မောင်မြက.....

               “ဟဲ့ မယ်မှုန် ၊ ငါရှောင်လို့ လွတ်မှာ မဟုတ်ဘူး ၊ မြင်ကြတော့မှပဲ ၊ သည့်အတွက် နင့်အိမ် ထဲမှာ ပုန်းမှပဲ၊ တော်မယ် မဟုတ်လား မယ်မှုန်” ဟု ပြောရင်း အိမ်အတွင်းခန်းသို့ ထ၍ ပြေးဝင်လေ၏။ မယ်မှုန်လည်း ထ၍ လိုက်သွားရာ မောင်မြ ပုန်းစရာ နေရာ ရှာ၍ မတွေ့သဖြင့်.....

               “တကတဲတော်.... ဘယ့်နှယ်လူပါလိမ့်၊ ဒီကို လာပါ ရှင့်၊ လူတွေ မြင်ကုန်တော့မယ်” ဟု ပြောပြီး အိပ်ခန်းတွင်းရှိ ခုတင်အောက် လက်ပြလေရာ မောင်မြသည် ကဗျာကယာ ၀င်၍ ခုတင်အောက် မှာ ပုန်းလေ၏။ မယ်မှုန်သည် ကန့်လန့်ကာကို ချပြီး  အပြင်သို့ ထွက်၍နေလေ၏။

               မိန်းမ သုံး၊ လေးယောက်နှင့် ယောက်ျား သုံး၊ လေးယောက်လည်း အိမ်ရှေ့ သို့ ရောက်လာ ကြ ပြီး အိမ်ရှေ့၌ရပ်ကာ အတွင်းကို မယောင်မလည် ကြည့်ကြလေ၏။

                မှုန် ။     ။ “ရှင်တို့ ဘာလာကြည့်တာလဲ”
                ပန်းအုန် ။     ။ “ အိုးမလုံလို့ အုံပွင့်နေတာလားအေ့”
                မှုန် ။     ။ “ ဘာဖြစ်လို့ ကျမက အိုးမလုံရမှာလဲ ၊ ရှင့်စကားက ဘာလိုလိုနဲ့”
                “မသိပါဘူးအေ ၊ ခုတင်က မြင်မိသလားလို့”
                “ရှင်ဘာမြင်လို့လဲ ၊ ရှင့်အရေးလား”
                “ငါ့အရေးဖြင့် ဘာလာကြည့်နေစရာရှိသလဲအေ့၊ ငါ့ဘာသာ ကွေးနေမှာပေါ့”
                “ရှင့်လို ထင်လို့လား”
                “ငါ ဘာဖြစ်လို့လဲအေ၊ ညည်းနဲ့ ရန်ဖြစ်ဖို့လာတာ မဟုတ်ဘူးအေ့ ၊ ရပ်ဆွေရပ်မျိုး အိမ်နီးပါးချင်း သွေးလိုသားလို မတော်တာဖြစ်မှာစိုးလို့ပါအေ ၊ ညည်း မကြိုက်ရင်....”
                “ကျုပ်က ဘာမတော်တာ ဖြစ်ရမှာတုန်း ၊ ကျုပ်ယောက်ျား မယားငယ်နဲ့ ထွက်သွားလို့ စိတ် ညစ်နေရတဲ့ အထဲမှာ ”
                 “ဒါကိုသိလို့ ညည်းအတွက် အားလုံး စိတ်မကောင်း ဖြစ်ကြတာပါအေ ၊ ညည်းက တလွဲ မထင်ပါနဲ့”
                 “ရှင်တို့ စိတ်မကောင်းဖြစ်တာက ဘာလိုလို ကိုတော့”
                 “ဟဲ့....မယ်မှုန် ၊ ငါတို့က ခင်မင်လို့လာတာ၊ ညည်းက အခုလိုဆီးပြီး ရန်စွယ်နဲ့ ငေါငေါ လုပ်တာ ကောင်းရဲ့လား၊ ငါက မှန်တာဖွင့် ပြောလိုက်ရင် လူကြားမကောင်းအောင်ဖြစ် သွားလိမ့်မယ်၊ ခုတင်က မောင်မြနဲ့ ညည်း....”
                “အလိုလေးတော်....စပ်စပ်ဖာဖာ၊ ကိုမြနဲ့ ကျုပ် ဘာပြုသလဲ၊ သူ့မယားကို ကျုပ် ယောက်ျားက ခိုးပြေးလို့ ကျုပ်ကို လာပြီးတိုင်တာ ပါတော်၊ ကျုပ်က ဘာမှ မသိဘူးလို့ ပြောတာနဲ့ ထွက်သွား ပါပြီ ”
                  “ဒီလိုဖြင့် ကောင်းပါရဲ့အေ ၊ ညည်းလည်း ဒုက္ခ၊ သူလည်း ဒုက္ခ၊ ကံတူ အကျိုးပေးချင်းများ ဘာဖြစ်ကြသလဲလို့ စိတ်မချလို့ လာကြည့်တာပါ၊ ညည်းတို့ အကြောင်းလည်း မေးရင်းမြန်းရင်းပါပဲ၊ အားလုံးကို မေးကြည့်ပါ၊ အရိုးခံသဘော နဲ့ လာတာပါ”
                “တော်ပါရှင်.... ရှင်တစ်ယောက်ပဲ ရွာထဲမှာ ဖွာလောင် ဖွာလောင် နဲ့၊ ရှင်ဟာ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးနေနိုင်တဲ့ မိန်းမကြီး မဟုတ်ဘူး”
                “ကျုပ်တို့မှာ အေးလို့ ပူစရာဘာမှမရှိဘူး”
                ဟု ပန်းအုန်က ပြန်၍ပြောခိုက်မှာ အခြားမိန်းမ တစ်ယောက်က အိမ်ပေါ်သို့တက်ပြီး ဟိုကြည့် သည်ကြည့် အခန်းထဲကိုပင် ၀င်မလိုလိုလုပ်ရာ မယ်မှုန်က...
                “ရှင်တို့ ကျုပ်ကို ဘာများထင်လို့လဲ၊ ကျုပ်အိမ်မှာ ဘယ်သူမှ မရှိဘူး၊ လာပါ.... ကြည့်ပါ ”
                 ဟု ပြောကာ အခန်းထဲကို သွားပြီး ကန့်လန့်ကာကို လှပ်၍ ပြလေ၏။ ထိုအခါ ကုတင်အောက်ကို မကြည့်မိသော မိန်းမက......
                 “ကြည့်တာ မဟုတ်ပါဘူးအေ ၊ ညည်းကလည်း စိတ်တိုလိုက်တာ” ဟုပြောပြီးလျှင် ပြန်၍ လာလေ၏။
                အတန်ငယ်ကြာသော အခါ ပန်းအုန်နှင့် အဖော်များ တီးတိုးစကားပြောရင်း ထွက်သွားကြ လေ၏။ ထွက်၍ပင် သွားသော်လည်း အိမ်ရှေ့၌ လူမပြတ် ၊ ဘာမသိညာမသိ နှင့် နောက်ထပ်၍ ရောက်လာ ကြသော ကလေး လူကြီး ယောက်ျား မိန်းမ များသည် ပို၍ပင် များလာပြန်လေရာ မယ်မှုန်မှာ တစ်စုံတစ်ရာ မပြောတော့ပဲ မိမိအိမ်ကိုသာ ဆောင့်အောင့်ရင်း ရှင်းလင်းဖို့ သုတ်သင်ဟန် လုပ်၍နေလေ၏။ 
               အလွန် တိတ်ဆိတ်သော ရွာ၌ ထိုနေ့မှာ မယ်မှုန်၏ အိမ်ရှေ့၌ လူမရှင်းတော့ပေ။ မယ်မှုန် လည်း မည်သူ့ကိုမျှ ဂရုမစိုက်  ၊ မိမိ၏ ယောက်ျားကို ခိုးသော မယ်စံကိုသာ တဖျစ်တောက်တောက် ရေရွတ် ပြောဆိုရင်း မရှိသော အိမ်အလုပ်တွေကို လုပ်ဟန် ဆောင်၍ နေလေ၏။
               သို့နေရင်း အိမ်ရှေ့မှ ပြန်သူ ပြန်၊ လာသူ လာ ၊ မသင်္ကာစိတ် ရှိသူတို့သည် မသိစေချင် သည့်အကြောင်းကိုမှ သိလိုသော ရွာသူရွာသားတို့၏ အလေ့အတိုင်း ၊ နှစ်ယောက် တစ်တွဲ ၊ သုံးယောက် တစ်တွဲ တီးတိုးစကားပြောရင်း နေကြလေရာ မိုးချုပ်မှ လူပြတ်၍ ပြန်သွားလေတော့သတည်း။

ဆက်လက် ဖော်ပြပါမည်...........။

            

6 comments:

မင်းမောင် said...

ကိုဇော်ရေ မြန်မြန်တင်ပေးနော်

:P said...

နောက်တစ်ပိုင်း မျှော့နေသည်

သုခုမလေဒီ said...

ဟယ် ပြီးသေးဘူးပေါ့။ နောက်တစ်ခေါက်လာဖတ်ရအုံးမှာပေါ့။ အပိုင်းဆက်တွေဆို ဖတ်ဖို့ မေ့မေ့နေတတ်တာ..။

ဧပရယ်လ်ပူး@ပူးတေ said...

လာလည်သွားပါတယ်ရှင့် (အင်္ဂါ + ဗုဒ္ဓဟူး = အင်္ဂါဟူး)


အပိုင်းဆက်လေးလဲ စောင့်မျှော်နေပါတယ်ရှင်

ကိုဇော် said...

ဇာတ်ကတော့ ကြမ်းလာပြီ..ခွိခွိ..

မြစ်ကျိုးအင်း said...

မြန်မာ့ဓလေ့နဲ့တူပါရဲ့
အင်မတန် သိချင်ကြတာပဲ

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More