ပလေးဘွိုင် အင်တာဗျူးများက ယနေ့တိုင်အဲသည် စတိုင်လ်အတိုင်း ရှိနေဆဲဖြစ်သည်။
ပလေးဘွိုင်အတွက် အဲသည်လိုအင်တာဗျူးအများအပြား အလက်(စ)ရေးသားခဲ့သည်။ သည်အထဲမှာ နံမည်ဆိုးနှင့် ကျော်ကြားသည့် လူမျိုးခွဲခြားရေးသမား နာဇီလက်သစ်တစ်ဦးဖြစ်သူ ဂျော့ခ်ျလင်ကွန်းရော့ခ်ဝဲလ် နှင့်လုပ်သည့် အင်တာဗျူးလည်း ပါဝင်သည်။ သူ့ဘာသာသူ ဟစ်တလာပုံစံ ခေါင်းဆောင်ကြီး လုပ်နေသည့် ရော့ခ်ဝဲလ်နှင့် အလက်(စ) တို့၏ အဆင်မပြေလှသော တွေ့ဆုံပွဲက ဗာဂျီးနီးယားပြည်နယ် အယ်လင်တန်ရှိ ရော့ဝဲလ်၏ ကျယ်ဝန်းလှသော ဌာနချုပ် နယ်မြေထဲတွင် ဖြစ်ပွားခဲ့သည်။
ပလေးဘွိုင် အတွက် မဂ္ဂဇင်းက ရော့ခ်ဝဲလ်ထံသို့ အင်တာဗျူးအတွက် ဆက်သွယ်ချိန်းဆိုစဉ်က၊ “ခင်ဗျားတို့ လွှတ်မဲ့လူဟာ ဂျူး မဟုတ်ရင် ပြီးရောဗျ၊” ဟုပြောပြီး သဘောတူခဲ့သည်။ အဲလက်(စ)က ရော့ခ်ဝဲလ်ထံသို့ မိမိ မည်သည့်အချိန်ရောက်လာမည့် အကြောင်း ဆက်သွယ်ပြောဆိုသည့် အခါ၌လည်း “ မင်း ဂျူး မဟုတ်တာ သေချာတယ်နော်” ဟူ၍ တစ်ခွန်းမေးသေးသည်။
“ဟုတ်ကဲ့ ၊ သေချာပါတယ် ခင်ဗျ ၊ ကျွန်တော် ဂျူး လုံးဝ မဟုတ်ပါဘူး၊” အဲလက်(စ) က အာမခံသည်။
“ဒါဆို ပြီးရောကွာ ၊ မင်းကို အချိန် တစ်နာရီပေးမယ်” ရော့ခ်ဝဲလ်က ဆိုသည်။
သူတို့ဆီ ရောက်သွားသည့်အခါ အလက်(စ) အား ယူနီဖောင်းများ ၀တ်ထားသည့် လူကောင်ထွားထွား အစောင့်အကြပ်များက နာဇီအလံများ ၊ ဟစ်တလာ ရုပ်ပုံကြီးများကြားမှ ဖြတ်သန်းကာ ရော့ခ်ဝဲလ်၏ ရုံးခန်းဆီသို့ ခေါ်ဆောင်သွားသည်။ အစောင့်များက နာဇီများ ထုံးစံအတိုင်း ဇိတ်(က)ဟေးလ် (အောင်ပါစေ)ဟု ကြွေးကြော်အလေးပြုပြီး တံခါးဖွင့်ပေးသည်။ အလက်(စ)အား လူမည်းတစ်ယောက်မှန်း သိသွားသည့်အခါ ရော့ခ်ဝဲလ် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
“ဘုရားရေ” သူ့ပါးစပ်က အာမေဍ္ဍိတ် ထွက်သွားသည်။ သို့သော် စိတ်မပါ့တပါ့နှင့် ပင် အင်တာဗျူးကို တော့ ဆက်လုပ်ရန် သဘောတူလိုက်သည်။
“ဟေ့ တစ်ခုတော့ ရှင်းရှင်းပြောမယ်ကွ” ရော့ခ်ဝဲလ်က ကုလားထိုင်မှာ မှီထိုင်ရင်း ငေါက်ဆတ်ဆတ် လေသံနှင့် ပြောသည်။ “မင်းရော ၊ မင်းတို့အမျိုးတွေပါ ငါ့စိတ်ထဲမှာ ချင်ပန်ဇီထက်သာတယ်လို့ သဘောမထားဘူး”
“ဟုတ်ကဲ့ ၊ ရပါတယ်ခင်ဗျ၊” တော်ရုံလောက်ကို အရေးမလုပ်သည့် အလက်(စ)ကဆိုသည်။ “ လူကြီးမင်းကြိုက်သလို သဘောထားနိုင်ပါတယ်”။
အင်တာဗျူး အစမှာပဲ အလက်(စ)က စားပွဲနံဘေးရှိ ခုံငယ်တစ်ခုပေါ်မှာ လျှပ်စစ်လက်နှိပ်စက်တစ်လုံး တင်ထားတာ သွားမြင်သည်။
“မစ္စတာရော့ခ်ဝဲလ်၊ ကျွန်တော်မှတ်စုရေးတဲ့အခါ များသောအားဖြင့် လက်နှိပ်စက် နဲ့ ရေးလေ့ရှိပါတယ်၊ ကျွန်တော် ဒီလက်နှိပ်စက် သုံးလို့ရမလား ခင်ဗျာ”
ရော့ခ်ဝဲလ်က သူ့ကိုကြည့်ပြီးနောက် “ ဒါက လျှပ်စစ် လက်နှိပ်စက်ကွ ” ဟု ဆိုသည်။
“ဟုတ်ကဲ့ ကျွန်တော် ကိုင်တတ်ပါတယ် ခင်ဗျ၊” အလက်(စ)က ပြုံး၍ ပြောသည်။
အဲသည်နောက် အလက်(စ)က မေးခွန်းမေးပြီး၊ အဖြေကို လက်နှိပ်စက်နှင့် ရိုက်သည်။ ရော့ခ်ဝဲလ် သူ လိုက်မီအောင် ဆိုသော သဘောနှင့် အဖြေတွေကို ဖြေးဖြေးနှေးနှေးလေး ပြောပေးနေသည်။ သို့နှင့်၊ အလက်(စ)က ၊ “ကျွန်တော့်ကို ခုထက် မြန်မြန်လေး ပြောလို့ရပါတယ် ခင်ဗျ” ဟုပြောရသည် သူက လက်နှိပ်စက် အမြန်ရိုက်ပွဲတွင် ကယ်လီဖိုးနီးယား တစ်နယ်လုံးမှာ ဗိုလ်စွဲခဲ့ဖူးသူ ဖြစ်သည်။
“ကောင်းပြီး ၊ ကျွန်တော် မွေးတဲ့ အချိန်က...”
“ဟုတ်ကဲ့ ၊ ဒီထက် မြန်မြန်ပြောပါ ခင်ဗျာ၊”
ရော့ခ်ဝဲလ်က နည်းနည်းပို၍ မြန်မြန်ပြောရင်း ၊ ပုံမှန် စကားပြောနှုန်းလောက် ရောက်လာသည်။ အလက်(စ)က သူပြောသမျှ စကားကို ပြိုင်တူလိုက်ရိုက်သည်။ ရော့ခ်ဝဲလ်က ပုံမှန်ထက်ပို၍ မြန်မြန်ပြော သည်။ အလက်(စ)က ဒါကိုလည်း မီအောင်ရိုက်သည်။ ရော့ခ်ဝဲလ်က မြန်သထက်မြန်အောင် ပြောသည်။ ဒါလည်း အလက်(စ)က လိုက်၍မီသည်။ နောက်တော့ ရော့ခ်ဝဲလ် ရပ်သွားကာ ဟန်ပန်တွေ လုပ်မနေတော့ဘဲ၊ အလက်(စ)အား အံ့သြစွာ ငေးကြည့်နေသည်။
အလက်(စ)က ပြန်ကြည့်ပြီး ၊ ပခုံးတွန့်ကာ ဟန်ပါပါ ပြောလိုက်သည်။ “ချင်ပန်ဇီတစ်ယောက် အနေနဲ့ သိပ်မဆိုးဘူး ပေါ့နော်”
နောက်တွင် ၊ အလက်(စ)သည် စာအုပ်လောကတွင် ကျော်ကြားခဲ့သည့် မယ်လကမ်အိပ်(က)(စ) ကိုယ်ရေး အတ္ထုပတ္တိ စာအုပ်ကိုရေးပေးခဲ့သည်။ ၄င်း စာအုပ်မှာ အုပ်ရေ ၆ သန်းကျော် အထိရောင်းချ ခဲ့ရသည်။
သို့သော်၊ သည်အတော အတွင်း သူ့ကိုယ်ထဲမှာ သည့်ထက်ပို၍ ကြီးကျယ်သော စာအုပ်တစ်အုပ် ကိန်းအောင်းနေခဲ့သည်။ စာအုပ်က အပြင်ထွက်ချင်လှပြီ ပူဆာနေသည်။ အကြောင်းအရာက သူ့ဇာတိ သူ့ဇစ်မြစ် အကြောင်းဖြစ်၍ ၊ သူ့အဖွားနှင့် သူ့အဒေါ်တွင် တင်နက်ဆီပြည်နယ် ဟင်နင်းမြို့ရှိသူတို့ အိမ်ရှေ့အ၀င်ခန်းကလေးမှာ ထိုင်ရင်း၊ သူ့အား လက်ဆင့်ကမ်းပြောကြားခဲ့သည့် ပါးစပ်ရာဇ၀င် ပုံစံအတိုင်း သူရေးပြခြင်းဖြစ်သည်။ သူကိုယ်တိုင်၏ မျိုးရိုးစဉ်ဆက်တွေ အကြောင်းဟု ဆိုသော်လည်း အမေရိကန် လူမည်းတိုင်း၏ ဘ၀ဇတ်ကြောင်းကို ဖော်ထုတ်ရေးသားသလို ရှိခဲ့သည်။ အစ၌ သူက သည်စာအုပ်ကို Before This Anger ဟု အမည်ပေးခဲ့ပြီး၊ စာအုပ် တစ်စိတ်တစ်ဒေသကို ကျွန်တော် တဟီတီ မှာ သွားရောက်နေထိုင်လျက် ရှိစဉ် ကျွန်တော့စတူဒီယို၌ သူရေသားခဲ့ခြင်း ဖြစ်သည်။ ကျွန်တော် ပြန်ရောက်လာ၍ သူက သူ့စာအုပ်ထဲက အကြောင်းတွေပြောပြသည့် အခါ ကျွန်တော် အကြီးအကျယ် စိတ်ဝင်စားသွားပြီး စာအုပ်ရေးမပြီးသေးမီပင် သူ့အား ဟောလိဝုဒ်ရှိ ကျွန်တော့်အေးဂျင့်ဖြစ်သူ ရှေ့နေ လူးဝစ်ဘလောင်းကို သွားရောက်တွေ့ဆုံစေခဲ့သည်။ ဘလောင်းက အလွန်အောင်မြင် နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ အလုပ် အဆမတန် များသည်။ သူ တာဝန်ယူ ဆောင်ရွက်ပေးနေရသူတွကလည်း နာမည်ကြီး ရုပ်ရှင်မင်းသား မင်းသမီး ၊ ဒါရိုက်တာနှင့် ထိပ်သီးစာရေးဆရာ တွေ များသည်ဖြစ်ရာ သူနှင့် တွေ့ဆုံပြောဆိုရတာ သိပ်တော့ မလွယ်။
“မစ္စတာ အလက်(စ)ဟယ်လေ၊ ခင်ဗျား ဇတ်လမ်းပြောဖို့ အချိန် ဆယ့်ငါးမိနစ် ပေးမယ်ဗျာ ၊ ဒိထက်တော့ ကျွန်တော့မှာ အချိန်မရှိဘူး၊” သူက ဆိုသည်။
အလက်(စ)က သူ့ထုံးစံအတိုင်း လေသံအေးအေး နှင့်ပင်၊ အလွန်ဝေးလံသော ကာလ သူ၏ ဘိုးဘေး ဘီဘင်တစ်ဦးဖြစ်သူ “ကွန်တာကင်တီ” အာဖရိကတိုက် ဂမ်ဘီယာမြစ်ဖျားရှိ တောကြီးမျက်မည်း တစ်နေရာတွင် ဖမ်းဆီးခံရပုံအကြောင်း ၊ ကင်တီအား သံခြေကျင်း သံကြိုးကွင်းတွေ ချည်နှောင်ကာ အမေရိကသို့ သယ်ဆောင်လာပြီး ဗာဂျီးနီးယားပြည်နယ် စပေါ့(တ)ဆီလ်ဗေးနီးယားခရိုင်ရှိ ဒေါက်တာ ၀ီလျံဝေါ်လာ ဆိုသူထံ ရောင်းချခဲ့ကြောင်း အစချီကာ ၊ နောင်တစ်နေ့ ကမ္ဘာတစ်လွှားရှိ စာဖတ်သူများ၊ ရုပ်မြင်သံကြားကြည့် ပရိတ်သတ်များ ကျွမ်းဝင်သိရှိကြရမည့် ချစ်ကင်းဂျော့ခ်ျ၊ တစ်ဇီ အစရှိသူတို့ အပါအ၀င် မြောက်များလှစွာသော ဆွေမျိုးစုဝင် ဇတ်ဆောင် တို့ဖြင့် ပုံဖော်ရက်လုပ်အပ်သော “ဇာစ်မြစ်” (Roots) ဇာတ်လမ်း ကိုပြောပြသည်။
ဆယ်ငါ့းမိနစ်အဆုံးတွင် ဘလောင်းက သူ့အတွင်းရေးမှူးအား တခြားအစီအစဉ် အချိန်းအချက်တွေ အားလုံးဖျက်ခိုင်းလိုက်ပြီး အလက်(စ)ပြောပြသည့် သူ့မျိုးနွယ် အဆက်ဆက်တို့၏ လှိုင်းဂယက်ထန်လှ သော ဘ၀ခရီးကြမ်း အကြောင်းကို နောက်ဆုံးမျိုးဆက်ကလေး မွေးဖွားသည်အထိ နှစ်နာရီမျှ ကြာအောင် အာရုံစိုက်နားထောင်သည်။ “ အဲဒီကလေးကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲ” ဟူသော စကားဖြင့် သူ့ဇတ်လမ်းကို နိဂုံးချုပ်သည်အထိ ဘလောင်း တစ်ခွန်းမျှပင် ၀င်မမေးပဲ ငြိမ်သက်၍ နေခဲ့သည်။
အဲသည်နောက်တွင်မှ သူ ဖြည်းညင်းစွာ ထလာပြီး အလက်(စ)ဆီသို့ လက်ကမ်းကာ “ မစ္စတာ ဟယ်လေ၊ဒီဇတ်လမ်းကို ခင်းဗျား အခု ကျွန်တော့်ကို ပြောပြတဲ့အတိုင်းသာ ရေးနိုင်မယ်ဆိုရင် ကမ္ဘာတုန်သွား နိုင်တယ်ဗျ” ဟူ၍ ဆိုလိုက်တော့သည်။
သူပြောသည့်အတိုင်း အလက်(စ) တကယ်ရေးနိုင်ခဲ့ပြီး တကယ်လည်း ကမ္ဘာတုန်ခဲ့ပါသည်။
ထိုပြင်၊ အဲသည်နေ့မှာပင် သူ့ဇတ်လမ်းကို ရုပ်မြင်သံကြား ဇတ်လမ်းတွဲ အဖြစ် ရိုက်ကူးရန် သဘောတူညီချက် ရခဲ့သည်။ တကယ် ရိုက်ကူးဖြစ်သောအခါ၌လည်း ရုပ်မြင်သံကြား သမိုင်းတွင် လူကြည့်အများဆုံး ဇတ်လမ်းတွဲအဖြစ် စံချိန်တင်ခဲ့သည်။
သူ့စာအုပ် (Roots) ထွက်လာသည့်အခါမှာလည်း အကြီးအကျယ် လူကြိုက်များခဲ့ပြီး အရောင်းရဆုံး စာအုပ်များစာရင်းတွင် ကာလကြာရှည် ပါဝင်နေခဲ့သည်။ သည်စာအုပ်ဖြင့် ပူလစ်ဇာ ဆုလည်း ရသည်။ အမျိုးသားစာအုပ်ဆု လည်းရသည်။ ထို့ပြင် အနယ်နယ် အရပ်ရပ်ကလည်း သူ့အား သူ့စာအုပ် အကြောင်း သူ့စာပေ ဘ၀အကြောင်း လာရောက်ဟောပြောပေးရန် အလုအယက် ဖိတ်ကြားသည်။
တစ်ကြိမ်၌ အိုင်အိုဝါပြည်နယ် အင်ဒီယာနိုလာမြို့ ကလေးရှိ ဆင်ပဆင်ကောလိပ်တွင် ပရိတ်သတ် တစ်ထောင်ခန့်ကို သူဟောပြောရသည်။ ဟောပြောအပြီး စာအုပ်များတွင် လက်မှတ် ရေးထိုးပေးနေစဉ် လူတစ်ယောက်ကို သူ သတိထားမိသည်။ လူက ဆွေကြီးမျိုးကြီးထဲက ပုံမျိုး ၊ သူနှင့် စကားပြောချင်နေပုံ ရသည်။ သို့သော် နည်းနည်း ချီတုံချတုံ ဖြစ်သည့် အမူအရာဖြင့် နောက်ဘက် ခပ်လှမ်းလှမ်းမှာ ရပ်နေသည်။
“ဟုတ်ကဲ့ ၊ ဘာများ ပြောချင်လို့ပါလဲ ခင်ဗျာ” အလက်(စ)ကပဲ စတင်၍ မေးလိုက်သည်။
ပုဂ္ဂိုလ်က လည်ချောင်း နည်းနည်းရှင်းလိုက်ပြီး ၊ “မစ္စတာ ဟယ်လေ၊ ကျွန်တော်က ဒီကျောင်းမှာ ပညာရေးပိုင်း ဆိုင်ရာ အကြီးအကဲပါ ၊ ကျွန်တော် ဆရာ့စာအုပ်ကို ဖတ်ပါတယ်၊ ပြီးတော့ ကျွန်တော့် မျိုးနွယ်ဆက် မှတ်တမ်းတွေကို ပြန်ကြည့်ပါတယ်။ ကျွန်တော်ကလည်း ဆရာ့လို အမျိုးအရိုး ရာဇ၀င်တွေ စိတ်ဝင်စားသူ တစ်ယောက်ပါပဲ” ဟု စကားချီသည်။
“ဟုတ်ကဲ့ ပြောပါခင်ဗျား”
“အဲဒီမှာ ၊ ကျွန်တော် သွားတွေ့တာ.....ဒီကိစ္စကို ဘယ်လိုပြောရမှန်းတောင် မသိပါဘူး ဆရာ ၊ အားနာ စရာလဲ ဖြစ်နေတယ်........”
“ရပါတယ်.... ခင်ဗျား၊ ပြောသာပြောပါ”
“ဟုတ်ကဲ့ ဆရာ ၊ ကျွန်တော် သွားတွေ့တာက ဆရာ့အဘိုးရဲ့ အဘိုးရဲ့ အဘိုးဖြစ်သူ ကွန်တာကင်တီကို ပိုင်ဆိုင်ခဲ့တဲ့ ဒေါက်တာဝီလျံဝေါ်လာ ဆိုတာဟာ ကျွန်တော့် အဘိုးရဲ့ အဘိုးရဲ့ အဘိုဖြစ်တယ် ဆိုတာပါပဲ ခင်ဗျား၊”
သည်အဖြစ်အပျက်ကို အလက်(စ)က ကျွန်တော့်အား ပြန်ပြောပြခဲ့သည်။
“ အဲဒီမှာ ကျွန်တော်တို့နှစ်ယောက် ရပ်ပြီး တစ်ယောက်ကို တစ်ယောက် ငေးကြည့်နေမိတယ် ၊ ၁၇၆၀ ခုနှစ် နောက်ပိုင်း ကာလက သခင်နဲ့ကျွန်ရဲ့ မြေးရဲ့ မြေးရဲ့ မြေးလေးတွေလေ၊ အဲဒိနောက် ဒေါက်တာ ဝေါ်လာဝိုက်ဇာရဲ့ အိမ်မှာ ကျွန်တော်တို့ နှစ်ယောက် မျိုးရိုးစဉ်ဆက် ဇယားတွေ အပြန်အလှန် နှိုင်းယှဉ်ချိတ်ဆက်ပြီး ရှေးဖြစ်တွေ လှန်နေလိုက်ကြတာ သန်းခေါင်ကျော် တစ်ချက် နှစ်ချက် တီးရောပဲ၊ အဲဒီနေ့ကစပြီး သူနဲ့ ကျွန်တော်လည်း ရာသက်ပန် မိတ်ဆွေရင်းချာတွေ ဖြစ်သွားကြတယ်”
အလက်(စ)၏ မိသားစုနှင့် ပတ်သက်သည့် အကြောင်းအရာတွေ အားလုံးတော့လည်း (Roots) ထဲမှာ ပါခဲ့သည် မဟုတ်ပါ။ သူနှင့် သူတို့ ညီအစ်ကို မောင်နှမတွေ၏ ဘ၀ကို ယခုအခြေ အနေ အဆင့်အတန်း မျိုးရောက်အောင် အစပျိုး မြှင့်တင်ပေးခဲ့သည့် ဖခင်ဖြစ်သူ ဆိုင်မွန်ဟယ်လေ အကြောင်းကို ကျွန်တော့်အား အလက်(စ)က တစ်ခါက ပြောပြဖူးသည်။
ဆိုင်မွန်ဟယ်လေ၏ ဖခင်သည် ငွေဝယ်ကျွန်ဘ၀မှာ နေခဲ့ရဘူးသူတစ်ဦး ဖြစ်ပြီး ၊ နောက်ပိုင်း၌ တင်နက်ဆီ ပြည်နယ် ဆဗန်းနားမြို့တွင် လယ်သီးစားတစ်ယောက် အဖြစ် အသက်မွေး ရပ်တည်ခဲ့ရသည်။ ဆိုင်မွန်ကမူ လယ်ယာလုပ်သား ဘ၀က လွတ်အောင်ရုန်းထွက်ရန် သန္နိဌာန် ချခဲ့သူ ဖြစ်ရာ အထက်တန်းကျောင်းကို ပြီးဆုံးအောင် တက်သည်။ ထို့နောက် မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ဂရင်း(စ)မြို့ရှိ အေအင်တီကောလိပ်တွင် ဆက်၍ ပညာသင်နိုင်ရန် ကြိုးစားသည်။ သို့သော် ၊ တစ်ဖက်က ကျောင်းတက်ရင်း ၊ တစ်ဖက်က စားစရိတ်ရော ကျောင်းစရိတ်ပါ ရှာရသည်မှာ မလွယ်သဖြင့် သူ့ရည်မှန်းချက်ကို လျှော့လိုက်ရသည်။ ကျောင်းတစ်ဝက်တစ်ပျက်နှင့် ထွက်လာပြီးနောက် ၊ လယ်သီးစား ဘ၀ဆီ ပြန်မလား မပြန်ဘူးလား ဆုံးဖြတ်ချက် မကျသေးမီ ပူးလ်မင်း ရထားတွဲစောင့် ၀င်လုပ်သည်။ ရထား ခရီးစဉ်တစ်ခုတွင် ခရီးသည်တစ်ဦးဖြစ်သူ အာရ်အက်(စ)အင်(မ)ဗွိုက်(စ) အား ဝေယျာဝစ္စ ဆောင်ရွက်ပေးရသည်။ ဗွိုက်(စ)မှာ ကားတစ် စာအုပ်ထုတ်ဝေရေး ကုမ္ပဏီ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဗွိုက်(စ)က သွက်လက်ချက်ချာပြီး လိမ္မာယဉ်ကျေးမှုလည်း ရှိသော ဆိုင်မွန်အား သဘောကျသဖြင့် စကာစမြည်ပြောရင်း သူ့ဘ၀အကြောင်း သူ့ရည်မှန်းချက်များ အကြောင်း မေးမြန်းသည်။ ထို့နောက်၌ ဗွိုက်(စ)က ဆိုင်မွန်အား ဒေါ်လာ ၅၀၀ ပေးပို့ခဲ့သည်။ ထိုငွေမှာ ထိုစဉ်က ကောလိပ်ကျောင်း တစ်နှစ် တက်ရန်အတွက် ကျောင်းစရိတ်ရော စားစရိတ်ပါ ပြည့်စုံလုံလောက်သော ပမာဏ ဖြစ်သည်။ ထိုအကူအညီဖြင့် ဆိုင်မွန် ကျောင်းဆက်တက်ပြီး ကောလိပ်မှ ဘွဲ့ရသည်။ ထို့ပြင်၊ သူ့အတန်း၌ ပထမအဆင့်မှ အောင်မြင်သဖြင့် ကော်နဲလ် တက္ကသိုလ်တွင် မဟာတန်း ဆက်တက်ရန် စကောလားရှစ်ဆု ချီးမြှင့်ခြင်း ခံရသည်။
ဖခင်လက်ထက်တွင် ထိုသို့အခြေအနေ ပြောင်းသွား ခဲ့သဖြင့် အလက်(စ)တို့ ညီအစ်ကို မောင်နှမတစ်တွေလည်း လယ်သီးစား သားသမီးများအဖြစ် တောကျေးလက်တွင် ဆင်းရဲနုံချာစွာ နေရမည့် ဘ၀နှင့် ကင်းဝေးကာ စာအုပ်စာတမ်းများနှင့် ပညာမြတ်နိုးသူများကြားမှာ ကြီးပြင်းခွင့် ရခဲ့ပြီး ၊ အလက်(စ)က စာရေးဆရာ ဖြစ်ခဲ့သည်။ သူ့ညီအစ်ကိုများအနက် ဂျော့ခ်ျက အမေရိကန် ပြည်ထောင်စု စာပို့နှုန်းထားကော်မရှင် တွင် ဥက္ကဌရာထူးအထိ ရရှိပြီး၊ ဂျူးလိယက်(စ)မှာ ဗိသုကာတစ်ဦး ဖြစ်လာသည်။ ထို့ပြင် ညီမဖြစ်သူ လိုဝစ်(စ)သည် ဂီတဆရာမ တစ်ယောက်ဖြစ်ခဲ့သည်။ ချုပ်ပြောရလျှင် ၊ ဟိုယခင် ၁၉၈၁ ခုနှစ် ဆီက မီးရထားပေါ်မှာ သူတို့ဖခင် ဆုံတွေ့ ခဲ့ရသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ မေတ္တာစေတနာ ကြောင့် ဟူ၍ ဆိုနိုင်ပေသည်။
အလက်(စ)က အဲသည်လို အဖြစ်အပျက်မျိုးတွေကို စိတ်ဝင်စားဖွယ် သီကုံးပြောဆိုတတ်သူတစ်ယောက် ဖြစ်သည်။ မာတာဒေါမှာ တစ်ခါက သူပြောဖူးသည့် ဖြစ်ရပ်ကလေး တစ်ခုကမူ သူ၏ ရိုးဖြောင့် မှန်ကန်သော စိတ်ဓာတ်ကို တစေ့တစောင်း ဖေါ်ပြနေသည် ဟုဆိုချင်သည်။
သူက ဇာတိမြို့မှ ညီအစ်ကို ၀မ်းကွဲတစ်ယောက် အကြောင်းပြောပြခြင်းဖြစ်သည်။ သည်လူငယ်က ပညာတတ်ဆိုပြီး ဘ၀မြင့်သည်။ သူများထက် တော်သည် တတ်သည် ဆိုပြီး နေရာတကာ ၀င့်ဝါချင်သည်။ သူက အမေရိကန် တက္ကသိုလ်လောကမှာ ထင်ရှားသည့် ဖိုင်ဘီတာကက်ပါ ဂုဏ်ထူးဆောင် ကျောင်းသား အသင်းဝင်ဖြစ်ခဲ့ရာ ၊ သည်ဟာကို ကြွားချင်သဖြင့် ၊ အပြင်ထွက်တိုင်း အသင်းဝင်အမှတ်တံဆိပ် “သော့” ကလေးကို လည်ပင်းမှာ ကြိုးနှင့်ဆွဲ၍ ထွက်လေ့ရှိသည်။
တစ်နေ့မှာတော့ မျက်စိနောက်နေသည့် အဒေါ်တစ်ယောက်က သူ့လည်ပင်းက သော့ကလေးကို သေသေချာချာ မျက်မှောင်ကြုတ်၍ ကြည့်ကာ “သိပ်လှတာပဲ ငါ့တူရယ်၊ သိပ်ကိုလှတာပဲ၊ ဒါပေမယ့် ဒီသော့နဲ့ ဘာတွေများ ဖွင့်လို့ရသလဲကွဲ့” ဟူ၍ မေးလိုက်သည် ၊ ဟူ၏။
ယခုတော့ ၊ အလက်(စ) မရှိတော့ပါပြီ။ သူနှင့် ပတ်သက်၍ ကျွန်တော် ဘားနဒ်ရှော၏ စကားတစ်ခွန်းကိုသာ ကိုးကားပြီး ပြောလိုက်ချင်ပါသည်။
“ဒီလို သူငယ်ချင်းမျိုး တစ်ယောက်ကို ကျွန်တော် သေသွားလို့သာ ဆုံးရှုံးချင် ဆုံးရှုံးပါစေ ၊ သူကွယ်လွန် လို့ ဆုံးရှုံး ရတာမျိုးတော့ ကျွန်တော် အဖြစ်မခံနိုင်ပါ ၊ ” ဟူ ၍ ။
မူရင်း ။ ။ Barnaby Conrad ၏ Alex Haley - A Writer of Destiny
1 comments:
ဘားနဒ်ရှောစကားကို ထောက်ခံတယ်
သဘောကျတယ်..
Post a Comment
ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။