Friday, December 3, 2010

သူ့မယား ငါ့မယား အခန်း(၆)

အခန်း(၆)

ထိုအခါ စပါးကုန်သည်အဖြစ်နှင့် ကိုမြကြီးမှာ အတော်နာမည်ကြီး၍ လာလေ၏။ သို့သော်လည်း ပစ္စည်းဥစ္စာတို့ ပင်လယ်၌ထသော လှိုင်းပမာ မြင့်သည့်အခါမြင့် ၊ နိမ့်သည့်အခါ နိမ့်တတ်သည့် သဘောကြောင့်တစ်ကြောင်း ၊ မလုပ်ဖူးသော အလုပ်ကို လုပ်မိသဖြင့် တစ်ကြောင်း၊ နာမည်ကြီးသလောက် အကျိုးမများ၊ ပထမ သိုလှောင်သော စပါးများမှာ ငွေရင်းရှိသမျှ အကုန်သွင်းမိလျက်ဖြစ်ရကား ထောင့်ငါးရာ လောက် ရှုံး၍သွားလေ၏။ သို့သော်လည်း ဣနြေ္ဒမပျက် ဆင်ကြုံကျွဲပေါ့ဟူသော စကားမျိုးနှင့် ဒုတိယနှစ်ဆက်၍ လှောင်ပြန်လေ၏။

စပါးများ ကျီတွင်းသို့ရောက်ပြီးနောက် လင်းမယားနှစ်ယောက်သည် အိမ်ရှေ့၌ ထိုင်ကာ တွက်ကိန်းချ နေခိုက်တွင် သူငယ်သုံးယောက်သည် ရင်ပေါင်တန်း လက်ချင်းဆက်ကာ သွက်လက်လျင်မြန်သော ခြေလှမ်းနှင့် လာကြလေ၏။ မယ်မှုန်ကို မြင်ကြသောအခါ ပြေး၍လာကြလေ၏။ မယ်မှုန်လည်း ထိုင်ရာမှ ၄င်းတို့ထံ ထ၍ပြေးလေ၏။ မကြာမီ သုံးယောက်သား မယ်မှုန်ကို ဖက်ကာတွယ်ကာ သူတစ်ခွန်း ငါတစ်ခွန်း ပြောရင်းမေးရင်း လိုက်၍လာကြလေ၏။ မောင်မြမှာ ထိတ်လန့်ကြောက်ရွံ့သော အမူအရာနှင့် ကြည့်၍နေလေ၏။ အကြောင်းမူကား အသက် ၁၈ နှစ်ခန့်ရှိ အကြီးဆုံးအကောင် ချောချောကလေးမှာ ငကြောင့်နှင့် လွန်စွာတူ၍ နေလေ၏။

“ဟဲ ... ဒါတွေ ဘာတွေလဲ”

“ကျွန်မ သားတွေလေ”

“ဟင် .... နင်ငါ့ကို အရင်က မပြောပါကလား”

“အရင်က သူတို့ ရှိမှ မရှိဘဲကိုး၊ ကျုပ်လည်း သူတို့အဘွားနဲ့မို့ စိတ်ချနေတာပဲ၊ တာဝန်တော့ ဒီတစ်သက်မှာ ရှိတော့မှာ မဟုတ်ဘူးလို့ အောက်မေ့မိတာပဲ”

“နို့ အခု ဘယ်လိုဖြစ်သလဲ”

“အမေ မမာလို့တဲ့ ”

“နေစမ်းပါဦး၊ ဟေ့ .... အခု မင်းတို့ ဘယ်ကလာသလဲ” ဟု အလတ်သူငယ်ကို မေးရာ.....

“ဖေဖေ့ ဆီကပေါ့ဗျာ ” ဟု ပြန်၍ ပြောလေ၏။

“ဟင် ... မင်းတို့ ဖေဖေ ဘယ်သူလဲ” “ ပွဲစားကြီး ဦးဘိုးကြောင် ပေါ့ဗျာ၊ ခင်ဗျား တစ်ခါမှ မကြားဖူးဘူးလား”

မယ်မှုန်မှာ မျက်နှာပျက်လျက် မောင်မြ နောက်၌ ရပ်ကာ........

“ဒါ နင်တို့အဖေ၊ ပထွေး” ဟု တိုးတိုး အသံမပါ နှုတ်ခမ်းဖြင့် ပီသစွာ ပြောလေ၏။

“သိပါတယ် မမရယ် ၊ မမ မဟုတ်တာ လုပ်လို့ ကျွန်တော်တို့ ခေါ်ဖို့လာတာ၊ ဖေဖေ ဘယ်လောက် သနားစရာ ကောင်းသလဲ၊ အမေ မမာလို့ သွားပြောတော့ ကျွန်တော်တို့ကို တစ်ယောက်စီဖက်ပြီး ငိုတယ်၊ မမကတော့ ဒီမှာ ပျော်လို့”

“သူ့မှာလည်း မိန်းမနဲ့ သားရဲ့”

“မမ ဒီလူကြီးနဲ့ လိုက်ပြေးလို့ ဖေဖေ့မှာ တစ်ယောက်တည်း ထမင်းချက်ကျွေးမယ့် လူ မရှိလို့ ယူရတာ”

ကိုမြသည် များစွာ မသက်သာသော မျက်နှာနှင့် မယ်မှုန်ကို ကြည့်လေ၏။

မမှုန်ကား ၄င်းကို သတိမထားဘဲ....
“နို့ မင်းတို့ မိထွေးက သဘောကောင်းရဲ့လား”
“ကောင်းတာပေါ့၊ ကျွန်တော်တို့ကို ကြက်သားဟင်း နဲ့တောင် ကျွေးလိုက်သေးတယ်၊ ပြီးတော့ ဟိုမှာ တစ်ရက်နေပြီး မမကိုခေါ်ဖို့ လာတာပဲ”
“မင်းတို့ မိထွေးက အခေါ်ခိုင်းတာလား”
“မဟုတ်ပါဘူး၊ အမေ မမာတာ လာပြောတာ”
“အမေ့မှာ ပိုက်ဆံများ ရှိသေးရဲ့လား”
“မနှစ်က သူဌေး ဦးထိုက်က.... ငွေငါးထောင် ခဏလှည့်ပါပြောလို့ လှည့်လိုက်တာ၊ အခု သူဌေး ဦးထိုက် ၊ ဘာဆိုလဲ ၊ ဂျွန်ဒီဝါးဆိုလား အဲဒါဖြစ်သတဲ့ ၊ ဒါနဲ့ အကုန်ဆုံးကုန်ပြီ၊ ကျွန်တော်တို့တောင် ရှင်မပြု ရ သေး ဘူး”
“မဟုတ်ပါဘူးကွယ်.၊ ဒေ၀ါလီဆိုတဲ့ ကုလားက သူဌေးဦးထိုက်ကို လိမ်သွားတာကွယ့်” ဟု အလတ်က ပြောလေ၏။

“ ဟင် ......ဒီလိုဖြင့် အမေပစ္စည်းဆုံးမို့ မမာတာပေါ့၊ ဒေ၀ါလီထဲ ပါသွားတာပေါ့”

မမှုန်သည် မျက်လုံးများကို အင်္ကျီလက်နှင့် တို့လေ၏ ။ ဖြစ်ပျက်ပုံမှာ မမှုန်၏ မိခင်မှာ အသက် ၆၀ ခန့် မုဆိုးမကြီး ဖြစ်ရာ သွားလေသူ ကျောင်းဒကာကြီးက ကျန်ရစ်သော ငွေကလေး သုံး၊ လေးထောင်ကို အတိုးချ၍ နေလေ၏။ လွန်စွာလည်း စေးနှဲစီစစ်သဖြင့် တစ်ကြောင်း၊ သမက်ငကြောင် က ဖြုံးမှာစိုးသဖြင့် တစ်ကြောင်း၊ သမီးကို ပြန်၍ မကြည့်ဘဲ နေခဲ့လေ၏။ ၄င်းအမယ်ကြီး၏ စိတ်၌ သမီး မယ်မှုန်ကို အဘယ် ယောက်ျားမျှ ယူစေလိုသော စိတ်ဆန္ဒမရှိ သမက်မှန်သမျှ သိုက်တူးသမားချည်းဟူ၍သာ သဘောပိုက်ခဲ့လေ၏။ မြေးသုံးယောက်ကို မူကား အသုံးမကျသော သမက်ကြောင့် ဆင်းဆင်းရဲရဲ နေကြရမှာ စိုးသဖြင့် အိမ်၌လည်း ဆေးပေးမီးယူ ဖြစ်စေတော့ဟု သဘောထားကာ မိမိထံ ခေါ်၍ထားသည်မှာ မမှုန်နှင့် မောင်မြ မတွေ့မီ တစ်နှစ်ကျော် အခါလောက်က ဖြစ်လေ၏။ ထိုအကြောင်းကို အမယ်ကြီးနေသော မီးရထားလမ်းမြို့က လူများသာသိ၍ ငကြောင့်နှင့်အတူ ပြောင်းရွှေ့ နေထိုင်သော ရွာသူရွာသားများ မသိကြပေး။ မယ်မှုန်မှာလည်း အားမကိုးလောက်သော လင် ဘိုးကြောင်းနှင့် ကံကောင်း ထောက်မ၍ ကွဲလျှင်၊ လူကောင်းသူကောင်း တစ်ယောက်ယောက်နှင့် တွေ့စေတော့ ဟူသော အကြံနှင့် မိမိမှာ သားသုံးယောက်ရှိကြောင်း မည်သူ့အားမျှ လေသံမျှ မတိမ်းခဲ့ပေ။ ယခုမှ ထိုအကြောင်းကို မောင်မြ သိရသော အခါ  တစ်နှစ်ကျော် နှစ်နှစ် ပေါင်းခဲ့ပြီးဖြစ်သော မယားကို ကလေးသုံးယောက်အတွက် မစွန့်ရက်နိုင်ဘဲ ငါ့မှာ အမြတ်ရသေးရဲ့ ဟူ၍ မချည့်သောစိတ်ကို ဖြေရတော့မည့်အနေသို့ ရောက်၍ နေလေတော့သတည်း။ ယခု အခြေအနေမှာ ၄င်းတို့၏ အားကိုးရာဖြစ်သော အမယ်ကြီးမှာ ပစ္စည်းမရှိတော့ သည်ဖြစ်ရကား မိမိသာလျှင် တာဝန်ရောက်တော့မည်ကို သိလေ၏။ ဘိုးကြောင်ကား တာဝန်ခံမည့်လူ မဟုတ်။ မ ခင်မှ ဥ ခင်၊ ဥများမှာလည်း နှစ်ရှည်လများ ကွဲ၍ နေခဲ့သော ဥများဖြစ်ရာ ဂရုစိုက်ဖို့လမ်းမှာ သာ၍ပင် ဝေး၍ နေလေ၏။ ဂရုစိုက်နိုင်မည့် အခြေအနေလည်း မရှိကြောင်း၊ ယခုအခါ မယ်စံက ဈေးတောင်း ခေါင်းရွက် ကျွေး၍နေရသည့် သတင်းကို ကြားသိသဖြင့် သိရလေ၏။

သူငယ်ကလေးများ၏ အမူအရာကို မောင်မြသိလေ၏။ မိမိနှင့် အဘယ်သောအခါမျှ သင့်မြတ်ပုံမရကြောင်း တွေးမိ၏။ မိမိကပင် လိုက်လျောစေကာမူ ထိုကလေးများ၏ စိတ်ကို မိမိဘက်သို့ ယိမ်းညွတ်အောင် လုပ်ဖို့ရန် လွန်စွာခက်မည်ဖြစ်ကြောင်း စဉ်းစားမိလျက် မောင်မြမှာ များစွာပင် စိတ်မသက်မသာ ဖြစ်လေ၏။

မယ်မှုန်ကလည်း မောင်မြ၏စိတ်၌ အဘယ်ပုံဖြစ်ပျက်၍နေသည်ကို ရိပ်မိလေ၏။ သို့သော်လည်း မိမိ၏ ကလေးများကိုကား ငြင်းပယ်ကာ မိမိ၏ ကလေးများမဟုတ် ကြောင်းမပြောနိုင်ပေ။

ကလေးများ၏ ကံဆိုးပုံကိုလည်း တွေးတောကာ ရင်ထဲ၌ မသက်မသာဖြစ်လေ၏။ ဖအေလုပ်သူက မကောင်းသည့်အတွက့် ငါ့သားကလေးတွေမှာ မကြာမီ ပထွေးအောက် မျက်နှာချရတော့မှာပါကလား ဟု စဉ်းစားသည့် အခါ မျက်ရည်များ လည်၍လာပြန်သဖြင့် တစ်ဖန် မျက်နှာကို သုတ်ရပြန်လေ၏။

မြ ။     ။ “မင်းတို့ အမေကြီး မတော်တဆ သေရင် မင်းတို့ ဘယ်မှာနေမလဲ ” ဟု မေးလေ၏။

၎င်းတို့ သုံးယောက်အနက် အလတ်ကလေးမှာ သွက်လက်ချက်ချာပုံ ရသည့်အတိုင်း ၄င်းကပင် လျင်မြန်စွာပြောသည်ကား။

“ကျွန်တော်တို့ ဖေဖေ့ဆီမှာ နေမှာပေါ့”

“မင်းတို့ ဖေဖေ သူ့မယားက ဈေးရောင်းကျွေးနေရတယ်လို့ ဦးလေးကြားတယ်။ သူ့မယားက မင်းတို့ သုံးယောက်စလုံးကိုပါ ဈေးရောင်းကျွေးနိုင်ပါ့မလား”

“ကျွန်တော်တို့လည်း ကူပြီးလုပ်မှာပေါ့၊ ကျွန်တော်တို့ အဖေဘာမှမလုပ်ဘူးဆိုတာ ခင်ဗျားကို ဘယ်သူပြောလဲ၊ ကျွန်တော်တို့ ဖေဖေ ပွဲစားကြီး”

“ပွဲစားကြီးဖြင့် တော်ပါရဲ့၊ မင်းတို့ မမကိုတော့ မင်းတို့ လုပ်မကျွေးချင်ဘူးလား”

“ကျွန်တော်တို့ မမ ဖေဖေ့ဆီ ပြန်လာရင် လုပ်ကျွေးမှာပေါ့”

“ဒီလိုဖြင့် မင်းတို့အဖေမှာ မိန်းမနှစ်ယောက် ဖြစ်နေမှာပေါ့”

“မိန်းမနှစ်ယောက် ရှိရင် သာပြီးကောင်းတာပေါ့၊ နှစ်ယောက်စလုံး ဈေးရောင်းရင် ဖေဖေကလည်း တစ်ဖက်ရတာနဲ့ ကျွန်တော်တို့ အများကြီးချမ်းသာမှာပေါ့၊ ”

“မင်းတို့ မမက မင်းတို့ ဖေဖေဆီ ပြန်မသွားဘူးဆိုရင်ရော”

“ပြန်မသွားရင် သူ့ဘာသာသူ”

“မင်းတို့ ဒီမှာ မနေချင်ဘူးလား”

“ကျွန်တော်တို့ ဖေဖေကလွဲလို့ ဘယ်သူနဲ့မှ မနေဘူး၊ ငတ်လို့သေသေ”

မောင်မြသည် မယ်မှုန်၏မျက်နှာကို လှည့်ကာ “ကြားရဲ့လားဟေ့ ၊မင်းသားများက မင်းကို တယ်ခင်ပါလား၊ မင်းကိုတောင်မှ မခင်ရင် ငါနဲ့တော့ အတော်ခက်မှာပဲ”

“ကျွန်တော်တို့ ညီအစ်ကိုသုံးယောက် ခင်ဗျားတို့ဆီ ဘယ်တော့မှ လာမနေဘူး ၊ စိတ်ချ”

“ကောင်းပါ့ မောင်၊ နို့....မင်းတို့ နှစ်ယောက်ကရော” ဟု အငယ်ကလေးနှင့် အကြီးကို မေးရာ...

အကြီး ။     ။ “ကျွန်တော်အခု အင်္ဂလိပ်စာ ၇ တန်းအောင်တယ်၊ ကျွန်တော် အလုပ်ရအောင်ရှာပြီး ကျွန်တော့်ညီလေးတွေကို ကျွေးမှာပဲ”

“အခု ၇ တန်းနဲ့ အလုပ်မရနိုင်ဘူးကွယ့် ၊ ရှေးကလို မဟုတ်ဘူး”

“ကျွန်တော် ပညာဆက်သင်မယ်”

“မတော်တဆ မင်းတို့ အမေကြီး သေရင် ဆက်သင်နိုင်ပါ့မလား”

“ကျွန်တော်တို့ ယေရှုခရစ်ကျောင်းသွားပြီး လခမပေးရတဲ့ ကျောင်းသားအဖြစ်နဲ့ သင်မယ်”

“မင်း သင်နေခိုက်မှာ မင်းညီကလေးတွေ ဘယ့်နှယ်လုပ်မလဲ”

“သူတို့ကိုလည်း ခေါ်သွားမှာပေါ့၊ မောင်ခင် (အလတ်)က ငါးတန်းရပြီ၊ မောင်ကြင်(အငယ်ဆုံး)က သုံးတန်း ကျွန်တော်တို့ဘာသာ သနားအောင် သွားပြောရင် ဘယ်နည်းနဲ့မဆို လက်ခံမှာပဲ”

“အေး....မင်း တော်ရဲ့၊ မင်းတို့ မမကို မင်းတို့က ဒီလောက်တောင် စိတ်နာသလား၊ မင်းတို့ မမ အပြစ်မဟုတ်ဘူးကွယ့်၊ မင်းတို့ အဖေက စပြီး  မဟုတ်တာ လုပ်တာ”

“ကျွန်တော်သိပါတယ်၊ အစဦးမှာ ဖေဖေက အခု သူ့မိန်းမကို အလကား ကစားသလိုလုပ်တာ တကယ်ယူဖို့ ကြံတာ မဟုတ်ဘူးတဲ့။ သည့်နောက် မမက ခင်ဗျားနဲ့ ထွက်ပြေးလို့ စိတ်နာပြီး အခု သူ့မိန်းမကို အတည်ပေါင်းနေတာ၊ သူကတော့ ကလဲ့စားချေတာလို့ ပြောတာပဲ”

“အခု သူ့မိန်းမက ဘယ်အရပ်ကတဲ့လဲ”

“ဒါတော့ ကျွန်တော်တို့ ဘာသိမလဲ”

မှုန် ။     ။ “မင်းတို့ ဖေဖေက ကလဲ့စားချေတာ မဟုတ်ဘူးကွယ့်။ သူ့မိန်းမကို ပထမ ခိုးပြေးလို့၊ ဒီက မခံနိုင်လို့ ကလဲ့စားချေတာ၊ မမ အပြစ်လည်း မဟုတ်ဘူး။ မမကို ဒီက အတင်းလှည်းနဲ့ တင်လို့ လိုက်ရတာ”

ထိုအခါ ညီအစ်ကို သုံးယောက်စလုံး မျက်လုံးပြူး၍ နေကြလေ၏။

အလတ် ။     ။ “ဒီလိုဖြင့် ခင်ဗျားကြီးက ကျွန်တော်တို့ မမကို အတင်းကြံတာပေါ့လေ။ ကျွန်တော်တို့ ဘယ်တော့မှ မကျေဘူး။ ခင်ဗျား အတင်းမကြံရင် ကျွန်တော်တို့ ဖေဖေ မမနဲ့ အတူနေရမှာပဲ”

မှုန် ။     ။ “တော်..... တော်..... ဒါတွေ ပြောမနေနဲ့၊ အမေ အခု ဘယ့်နှယ် နေသလဲ”

“မနည်းဖြစ်နေတယ်၊ မမကို ခေါ်ဖို့လာတယ်၊ မမ လိုက်ခဲ့ပါ”

“အမေက မမကို မှာသလား ။ မမကို သေခန်းဖြတ် ထားတာကွယ့်၊ မမ လိုက်လို့မဖြစ်ဘူး၊ တကယ်ပဲ မနည်းဖြစ်နေသလား”

“တော်တော်တော့ ဖျားနေတာပဲ”

“အခု ဘယ်သူ ကြည့်ရှုနေသလဲ”

“ကြီးကြီး မဖွားအုံတို့ တစ်အိမ်သားလုံး လာပြီး ပြုစုနေကြလို့ပေါ့”

“မင်းတို့ကို ဘယ်သူက လွှတ်သလဲ”


“ကြီးကြီးက လွှတ်တယ်”

“ဒီကောင်မကြောင့် မမကို အမေ သေခန်းဖြတ်တာ၊ သူတို့ အမေ့ကို သနားလို့လာပြီး နေတာ မဟုတ်ဘူး။ ထမင်းငတ်လို့ အစားချောင်အောင် ၊ ပြီးတော့ အမွေရမလားလို့ လာပြီး ပြုစုဟန်ဆောင်နေတာ၊ ဒီ အမယ်ကြီး ဒါမျိုးတွေနဲ့မှ တော်တယ် ” ဟု ပြောကာ တစ်ချက်၊ နှစ်ချက် ရှိုက်ပြီး တစ်ဖန် အင်္ကျီလက်နှင့် မျက်နှာကို သုတ်လျက် အိမ်ပေါ်သို့ တက်၍ သွားလေ၏။

မောင်မြလည်း လိုက်၍ သွားလေ၏။ ကလေးသုံးယောက်မှာ အိမ်ရှေ့၌ ရှိသော ခုံတန်းလျားမှ ထိုင်လျက် ဆိတ်ငြိမ်၍ နေကြလေ၏။

ကလေးများသည် မိခင်ဖြစ်သူကို အရေးယူကြ၏။ ပထွေးကို ကား ရှိသည်ဟူ၍မှ အမှတ်မထားကြချေ။ နဂိုက ပစ္စည်းရှိသူ အမယ်အိုကြီး၏ ယုယခြင်း၊ အခြားဆွေမျိုးညာတိ ဆင်းရဲသူတို့၏ မြှောက်စားခြင်းများကို ခံခဲ့ကြသူကလေးများဖြစ်ရာ ထောင်လွှားမာန်တက်လျက်၊ မည်သူ့ကိုမျှ လေးစားလောက်သည်ဟု  မထင်ကြချေ။ သို့ဖြစ်လေရာ မြင်လျှင်မြင်ချင်း ငါ့တို့မမကို ယူထားတဲ့ အကောင်ကြီးဟူသော မခံချင်သော စိတ်ကြောင့် မချစ်နိုင် မခင်နိုင်ဖြစ်၍နေသာ ပထွေးကို အဘယ်နည်းဖြင့် ခင်မင်နိုင်ပါ့မည်နည်း။ သို့ဖြစ်လေရာ စကတည်းက ယဉ်စစ ဆိုသည့်စကားလို “ စတင်ရန် ခက်ပါဘိ” ဆိုသည့် ကိန်းသည် အစစ်အမှန် ကြုံကြိုက်၍ နေလေ၏။

နောက်တစ်နေ့ ညနေ အချိန်၌ ကျောင်းသားလူငယ် နှင့် တူသူ ကလေးတစ်ယောက်သည် မယ်မှုန်ထံ ရောက်၍လာပြီး စာတစ်စောင်ကို ပေးလေ၏။ ထိုစာမှာ......

မယ်မှုန်

အမေကြီးဆုံးပြီဟု ကြားရသည်။ သွားပြီး ကြည့်ဦးမှ တော်မည်။ ပစ္စည်းတွေ ကစဥ့်ကရဲဖြစ်မှာ စိုးရသည်။ ကလေးတွေ ရောက်ရဲ့လား။
ကြောင်

ထိုစာကို ဖတ်ရလျှင် ဖတ်ရချင်း မယ်မှုန်သည် ဟစ်အော်၍ ငိုလိုက်လေ၏။ ကလေးများလည်း စာကို ကြည့်ကြပြီးနောက် ငိုကြလေ၏။

ကိုမြကြီး ။     ။ “ဒီလောက်တောင်ငိုဖို့ မဟုတ်ပါဘူး မယ်မှုန်ရယ် ။ လူကြီးဆိုတာ သေတာမျိုးပဲ ။ ပစ္စည်းဥစ္စာ မရှိ ဆင်းဆင်းရဲရဲ အိုနေမယ့် အစား သေတာက အေးတာပေါ့ဟယ်။ ၀တ္တရားရှိသလောက် သွားဖို့ ရှိတာပေါ့” စသည်ဖြင့် တရားချလေ၏။

နောက်တစ်နေ့ လင်မယားနှစ်ယောက်စလုံး ကလေးများနှင့် အတူ သွားကြလေ၏။




အခန်း (၇) အား ဆက်လက်ဖေါ်ပြပါမည်..........................................။


2 comments:

မြစ်ကျိုးအင်း said...

မကြာမကြာတင်ရင်တော့ ကောင်းမယ်။ မဖတ်ရတာ ကြာသွားတော့
ရှေ့အခန်းတွေ မေ့မေ့ကုန်တယ်။

ကိုဇော် said...

တင်တဲ့နေ့က ရောက်ပြိးတော့မှ မဖတ်ခဲ့ရဘူး အခုမှ ပေါင်းဖတ်လိုက်ရတယ်။

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More