ကာလသားများသည်ကား ထိုမျှနှင့်မကျေနပ် ။ မယ်မှုန်နှင့် မောင်မြထံသို့ ကာလသား ဒယ်လီကိတ် ကိုယ်စားလှယ်ခြောက်ယောက် တစ်နေ့သ၌ လာရောက်ကြလေ၏။
မောင်မြက ၄င်းတို့အား ကောင်းစွာဧည့်ခံ၍ အကျိုးအကြောင်းမေးသာအခါ ခေါင်းဆီလီဒါး ဒယ်လီကိတ် ဥက္ကဌ ဖြစ်သူ စံမှူးက.......... “ကျုပ်တို့ရွာမှာ ကိုမြကြီး ဆံပင်ညှပ်ဆိုင်နှင့် စက်အမျိုးမျိုးပြင်တဲ့ အလုပ်ရုံ လာပြီးဖွင့်လှစ်ဖို့ သဘောတူသည့်အတွက် ရပ်ရွာ၏ ဂုဏ်ကျက်သရေ ဖြစ်သောကြောင့် အလွန်ကျေးဇူး တင်ကြောင်း၊ ကျွန်တော်တို့ ကာလသားများမှာလည်း ကိုမြကြီး ပြုလို့ ဗိုလ်ကေနဲ့ နုနေကြရသည်မှာ လပေါင်းအတော်ကြာခဲ့ပါပြီ၊ ကျုပ်ခေါင်းဟာ တစ်လမရှိသေးဘူး၊ ကိုမြကြီးလက်ရာပါပဲ။ ကျွန်တော်တို့ ကာလသားများမှာလည်း ကိုမြကြီးထံ တပည့်ခံပြီး ဆံပင်ညှပ်အတတ်၊ စက်အမျိုးမျိုး သော့ခလောက် အမျိုးမျိုး ပြင်တဲ့အတတ်၊ သော့အတတ်များကို တပည့်ခံသင်ကြားပြီး အရပ်ရပ်အနယ်နယ်မှာ အသီးသီး အခြေစိုက်ဖို့ အကြံလည်းရှိပါတယ်၊ သည့်အတွက် ယခုပင် ဆရာသမားအရင်းအခြာလို သဘောထားပြီး ကျေးဇူးကို တင်ကြို၍ ဆပ်ချင်ပါတယ်” ဟု ပြောလေ၏။
တစ်ယောက်က........
“ကျေးဇူးဆပ်ဆို ဒီလိုပါ ဆရာ၊ ဟို ငကြောင်ဆိုတဲ့ အကောင်ဟာ တစ်နေ့သ၌ ကိုမြကြီးကို သူ့မယားအတင်းခိုးတယ်လို့ စွပ်စွဲမှာ စိုးရပါတယ်၊ သူက စတာတော့ မှန်ပါတယ်။ သို့သော်လည်း တရားတစ်ပေါင်ဆိုတာ လည်ရာဘက်က နိုင်တာပဲ။ တရားတာ၊ မတရား ဆိုလာလိုလို အခုကာလမှာ ဖြစ်နေတာမို့ လူသိနတ်ကြား ပုဆိုးတန်းတင် မင်္ဂလာဆောင် ယူဆယ်ဆိုတဲ့ အနေရောက်အောင် ဆရာ ကတော်နဲ့ မင်္ဂလာဆောင်ဖို့ ကျွန်တော်တို့က တိုက်တွန်းလာတာပါ၊ မင်္ဂလာအရေး ကိစ္စအတွက်တော့ လိုလေသေးမရှိရအောင် ကျွန်တော်တို့ကပဲ တာဝန်ခံပါတယ်” ဟု ပြောလေ၏။
မြ ။ ။ “မင်္ဂလာဆောင်တာက နောက် ၊ သူ့မယား ကို ခိုးတာက အရင်ဖြစ်နေတယ်၊ ခိုးပြီး မင်္ဂလာဆောင်ရုံနဲ့ အပြစ်မကင်းဘူးလို့ ဆရာ သဘောရတယ်”
တစ်ယောက် ။ ။ “ အိုး........ ဘာပဲဖြစ်ဖြစ် ဆောင်သာဆောင်လိုက်ပါ၊ ဆရာ ခဲဖိုးမပေးရ ပါဘူး၊ ခဲဖိုးကို ကျွန်တော်တို့ကပဲခံပြီး ချက်အရက် ကြက်သားဟင်းနဲ့ ဧည့်ခံပါမယ်။ ဆောင်သာဆောင်ပါ”
သည်လိုဖြင့်.............
“ ကိုရင်တို့ သဘောပဲလေ၊ ကြည့်သာ စီမံကြပါတော့ ၊ ဘယ်တော့လဲ”
“ကိုရင်တို့ သဘောရှိပါ၊ မငြင်းပါဘူး၊ ကျုပ်တို့တော့ မင်္ဂလာဆောင် သတို့သမီး သတို့သား ရယ်လို့ ယှဉ်မထိုင်ပါရစေနဲ့၊ ဒါတော့ တစ်ဆိတ် သည်းခံပါ”
တစ်ယောက် ။ ။ “ဒါလည်း မလိုပါဘူး၊ တိုတိုတုတ်တုတ် ပြောရရင် ဆရာနဲ့ ဆရာကတော်ကို အကြောင်းပြုပြီး အဲဒီအိမ်မှာ ကျွန်တော်တို့ ပျော်ပွဲလုပ်ဖို့ပါပဲ”
မြ ။ ။ “ သာဓု ဗျာ ..... သာဓု ၊ မူးယစ်ပြီး သောင်းကျန်းမှာသာ ဆရာက စိုးတာပဲ၊ သောင်းကျန်းရင်တော့ ဆရာကပေမယ့် စိတ်က အတော်ကလေးမြန်တတ်လို့ ဓားကိုင်မိမှာ စိုးလို့ သတိပေးရတာ၊ ငယ်ငယ်က ကျောမှာ ၀က်ကုန်းထိုးထားလို့၊ ရှေ့မှာ ရုန်းရင်းဆန်ခတ် မြင်ရရင် လူစိတ်ပျောက်ပြီး ထစ်ခနဲရှိ ဓားသာကိုင်မိတာပဲ၊ အရင်တစ်ခါမှ တစ်နေ့က ဖြစ်တာလို မဖြစ်ခဲ့ဘူး၊ ဒီအကောင် လာပြီးရမ်းတာနဲ့ ဘာလုပ်မိမှန်း မသိဘူး မွှန်ပြီးမေ့သွားတာပဲ၊ လူစိတ်ပျောက်ပြီး ဆေးစိတ် ၀င်လာတာနဲ့ တူပါတယ်”
“ကျွန်တော်တို့လည်း ကိုယ့်ဆရာသမားဆို အရေးထဲမှာ ခေါင်းဆောင်မှ သဘောကျတာ၊ ဟိုနေ့က မြင်ကတည်းက ဆရာ့ကို ကျွန်တော်တို့အားလုံးပဲ အားကိုးကြပါတယ်၊ ပွဲလမ်းသဘင်ကျရင် တောင်ရွာက ငမိုးတို့လူစုတွေ လာပြီးကျယ်တာ အခံရခက်လွန်းလို့ပါ ဆရာရယ်။ ကျွန်တော်တို့ ရွာသားတွေက လူမညီဘူး၊ ညီဖို့ရာလည်း ခေါင်းဆောင်မရှိပဲကလား ဆရာရဲ့။ အခုတော့ ဆရာ့ကြောင့် ညီကြပါတော့မယ် ၊ တစ်ခြားရွာသားတွေ စော်ကားတာလည်း ခံရတော့မှာ မဟုတ်ဘူးလို့ ယုံကြည့်ပါတယ်” စသည့်ဖြင့် တစ်ယောက်က အာသွက်လျှာသွက်နှင့် အကျယ်တစ်ဝင့် ပြောလေ၏။
ထိုနေ့ ညနေအချိန်မှစ၍ အိမ်ရှေ့၌ ချက်ကြပြုတ်ကြသော ကာလသားတွေ တရုန်းရုန်း ထမင်းဟင်း မကျက်မီကပင် မူးယစ်ကြလျက် ကသူ က ၊ ခုန်သူ ခုန်နှင့် ပျော်စရာကြီး ဖြစ်၍ နေလေ၏။ ပျော်ပွဲမှာ ထိုညဥ့်နက် သန်းခေါင်ကျော်မှ အပြီးသတ်လေ၏။
နောက်တနင်္ဂနွေ တစ်ပတ်ကြာသော အခါ မိမိတို့မူလတည်းသော အိမ်ရှေ့မှာပင် အလုပ်ရုံဖြစ်လျက် မောင်မြမှာ တပည့်များနှင့် ဆံပင်ညှပ်ဆိုင်ကို ဖွင့်လှစ် အတည်တကျဖြစ်၍ သွားလေ၏။
စက်အလုပ်ရုံမှာ ရွာနီးချောင်းစပ် ပတ်ဝန်းကျင်မှရသမျှသော အပ်ချုပ်စက်၊မီးအိမ်၊ စတောင်းကင်း ၊ နာရီ၊ သော့ကလောက်၊ သေတ္တာပျက်၊ တယော၊ မယ်ဒလင် စသည့် အပျက်အစီး ဟူသမျှ အိမ်ထောင်ပစ္စည်း ဆေးသုတ်လုပ်ငန်းသို့ တိုင်အောင် အကုန်စုဆောင်းလုပ်ကိုင် နိုင်ရန်အတွက် မောင်မြသည် တပည့်များကို အရာရာသို့ ဘိုင်စကယ်များနှင့် လွှတ်လေ၏။ ဘိုင်စကယ် အပျက်အစီးများ ကိုလည်းပြင်၏။ ၀ယ်၍ အသစ်ပြုပြင်ကာ ငှားလည်းငှား၏။ လက်သမား တတ်သူများကိုလည်း အခပေး စေခိုင်း၏။ သို့ဖြစ်လေရာ ခြောက်လလောက်ကြာသော အခါ စခန်းကြီးရွာမှာ ရွာအပေါင်းတို့အပေါ်၌ စခန်းကြီးလောက်အောင် ထင်ပေါ်ကျော်ကြားခြင်း အဖြစ်သို့ရောက်ရုံမက အချို့သော တပည့်များအားလည်း အခြားရွာများသို့ ဆိုင်ခွဲတည်ထောင်ရန် စ၍စေလွှတ်နိုင်သော အခြေအနေသို့ ရောက်လေ၏။ ဆိုင်ခွဲဆိုသော်လည်း ဆိုင်ဆွဲတည်သူများမှာ နာမည်သာ ဆိုင်ခွဲဖြစ်၍ အမှန်မှာ ကိုယ်ပိုင် ဆိုင်များပင်ဖြစ်ကြလေ၏။
သို့ဖြစ်လေရာ မောင်မြမှာ အစ၌ အတော်ပင် စည်ကားသော်လည်း တပည့်များအား ဆိုင်ခွဲများပေးရသောအခါ မိမိ၏ဆိုင်မှာ အစကလောက် အလုပ်မများ၊ အလုပ်များ ပါးစပြုလေ၏။ ဆိုင်ခွဲ တပည့်များမှာလည်း တပည့်တွေနှင့် အသီးသီးဖြစ်၍လာကြလေရာ နယ်တစ်ခွင်တစ်ပြင်လုံးမှာ အသက်မွေးမှု မျိုးစေ့ကို စ၍ကြဲသူမှာ အထက်အခါက ဘိုင်စကယ်ကလေးနှင့် တစ်ကိုယ်တည်းလှည့်လည် လုပ်ကိုင်ခဲ့စဉ်ကလောက် ငွေကြေးအ၀င်မများတော့ပေ။ သို့ဖြစ်လေရာ ထိုအလုပ်များကို လုံးလုံးလျားလျား စွန့်ပြီး စုဆောင်းရရှိပြီးသော ငွေကလေး နှစ်ထောင်ကျော်၊ သုံးထောင်နှင့် စပါးအလုပ်ကို ကူးပြောင်းလုပ်ရလေတော့သတည်း။ တစ်ခါတစ်ခါ တပည့်များထံမှ လက်ဆောင်များကို ရလေ၏။ စခန်းကြီးရွာရှိ ဆံပင်ညှပ်ဆိုင်နှင့် စက်ရုံ အလုပ်ရုံကလေးကိုကား မိမိတို့ စ၀င်တည်းခိုကတည်း က မခွဲမခွာ ဆွေးမျိုးရင်းချာလိုဖြစ်၍ နေသာ အိမ်ရှင်အား အပြီးအပိုင် လွှဲအပ်လိုက်လေ၏။
အခန်း(၆) အား ဆက်လက်ဖေါ်ပြပါမည်။
အခန်း(၆) အား ဆက်လက်ဖေါ်ပြပါမည်။
3 comments:
စာနဲတယ် များများရေးပါ
စောင့်ဖတ်ပါတယ်
ဟုတ်ပ...
စာများများရေး..:P
ရေးပါ ရေးပါ...ငါ စာဖြေပြီးလို့ သဲကြီးမဲကြီးလိုက်ဖတ်နေပြီ..ရေးနိုင်မှ တော်မယ်ဟေ့
Post a Comment
ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။