Friday, October 29, 2010

သူ့မယား ငါ့မယား

အခန်း(၁)
သြော်.....မယ်စံ၊လုပ်ရက်တဲ့ ကောင်မ။ ငါကတော့ မယားတစ်ယောက် သူများနည်းတူ ၀တ်စေချင် ဆင်စေချင်လို့ သွားလိုက် လာလိုက် ရှာဖွေလိုက်ရတာ။ နေ့နှင့်အမျှ နေပူမိုးရွာ အခါမရွေး ဘိုင်စကယ် တစ်စင်းနဲ့ ရွာအနှံ့ သွားလိုက်ရတာ။ သူ့မှာတော့ ငါသွားနေသမျှ ကာလပတ်လုံး အိမ်မှာ ဟိုအကောင် နဲ့ ဖြစ်ချင်သလို ဖြစ်နေတာပါကလား။

သြော်.... မိန်းမ-မိန်းမ၊ မိန်းမများ ရက်စက်တော့ ဘာကိုမှ မထောက်ထား။ ကျေးဇူးတွေကို အကုန်မေ့တော့ တာပါကလား ကိရို။
အင်း...ဒါလည်း ငါ့အပြစ်ပဲ။ ငါပေါ့လို့ ဒီလိုဖြစ်တာပဲ၊ ငါယုံကြည်ပြီး လွှတ်ထားမိပေတာကိုး။ နွေဦးပေါက် ကတည်းက ငါလည်းခရီးလမ်းများ သူလည်း မူကွဲတာပဲ၊မူကွဲတာတောင် ငါအကဲ မခတ်မိဘူး၊ ငါ့မယားကို တစ်စုံ တစ်ယောက်နဲ့ ယုတ်ပတ် ဖို့မဆိုထားနဲ့၊ အမရာ ကိန္ဒရီ မဒ္ဒီ သမ္ဘူလ တော်လေးဆူလို ၊ အဖြူထည် စင်စင် မြူမထင် မိုးမထင် ငါက လွဲရင်ဖြင့် ဘယ်သင်းကိုမှ စိတ်မကူးဘူးလို့ မှတ်ထင်ခဲ့မိတာတွေ တက်တက်စင် လွဲတော့တာပါကလားကရို။
အဲလေ......မတတ်နိုင်ပါဘူး ၊ လူသူကလည်း ပြတ်လပ်၊ နွေရာသီကလည်း ဆိတ်ငြိမ် ၊ အိမ်ခြေရာလည်း ကျိုးတိုးကျဲတဲ ပူအိုက်တဲ့ နေ့လယ်အခါများမှာ တစ်ရွာလုံး ကိုယ့်အိမ်မှာကိုယ် ကုတ်ပြီး အသီးသီး လုပ်စရာရှိတဲ့ အိမ်တွင်း အလုပ်ခန်းများကိုသာ လုပ်နေကြရတော့ တစ်အိမ်နဲ့တစ်အိမ် အကူးအသန်းမရှိကြ။

သူ့မှာတော့လည်း ခြေဖ၀ါး လက်ဖ၀ါး ရေမစွတ် အောင်ထားတဲ့ မယားဖြစ်လေတော့ ၊ ငါမရှိခိုက်မှာ တစ်ကိုယ်တည်း ပျင်းချင်တိုင်း ပျင်း ၊ ရိချင်တိုင်း ရိသည့်ခါ ဟောဟို ကန့်လန့်ကာ အတွင်းမှာ တွန့်လိမ်ညောင်းညာ၍ နေမှာပဲ ၊ အဲသည်လိုနေခိုက်မှာ ဗရွတ်ရွှတ်တ တောင်ပြောမြောက်ပြော၊ ရောင်ချော ကလေးနဲ့၊ ဟိုအကောင်ဟာ ငကြောင်ဆိုတဲ့ နံမည်နှင့် လိုက်စွာ ကန့်လန့်ကာ ပြင်ဘက်နားမှာ လာပြီး တင်ပျဉ်ခွေ ထိုင်ကာ ၊ ဗလက္ကာရ စကားတွေကို ရယ်ရယ်မောမော ပြောချင်တိုင်းပြောရာမှ ၊ အရော တ၀င်ဖြစ် ၊ တစောင်းလှဲနေရာမှ သူ့ပေါင်ကိုလှမ်းပြီး လိမ်ချင်လိမ်မှာပဲ ၊ ဟိုအကောင်ကလည်း လက်ဆော့ ခြေဆော့ နှုတ်ကသော့သွမ်း မိုက်ရမ်းရမ်းဖြစ်တာနဲ့၊ ငါ့မယားတင်ပါးကို လှမ်းပြီး လက်နဲ့ပုတ်ချင် ပုတ်မှာပဲ ၊ အဲဒီလို လုပ်ရာက ကျီးနဲ့ကြက်မှ တစ်ပါး ဘယ်သူဘယ်ဝါမျှ မရှိတဲ့ အိမ်ခြောက်ကြီးမှာ နှစ်ယောက်တည်း ဒီလိုနေရင်း အတွင်းမီးတောက်ကြပြီး ရောက်ချင်ရာ ရောက်ကြရာမှ တစ်ယောက်ကိုတစ်ယောက် စွဲပြီး မနည်းကြီးဖြစ်ကြလို့ နှစ်ကြတာနဲ့ တူတာပဲ၊
ဟိုအကောင်လည်း မယားနဲ့ ၊ သင်းမှာလည်း ငါနဲ့၊ တယ်လေ... ဘယ်လိုဖြစ်ဖြစ် နှစ်ယောက်စလုံးကို လိုက်ရှာပြီး တွေ့ရာမှာ လှံနဲ့ထိုးသတ်ရရင် ကမ္ဘာမှာ ရာဇ၀င်ဆိုးတော့မှာပဲ စသည်ဖြင့်၊ မောင်မြ တွေးတော နေခိုက် ၊ ဘိုးကြောင်၏ မယား မယ်မှုန်သည် ပျာယီးပျာယာ အိမ်ရှေ့သို့ ရောက်လာပြီး လက်ညှိုး ငေါက်ငေါက် ထိုးကာ.......

“ရှင်သိရဲ့လား ၊ အခု ဘာဖြစ်တယ်ဆိုတာ ရှင် နားလည်ရဲ့လား၊ ဒီက ယောက်ျားကို ရှင့်မယား သွေးဆောင် သွားတာ၊ အခု ဘယ့်နှယ့်လုပ်မလဲ ၊ ကျုပ် မခံဘူး ၊ သေသေချာချာ မသိရလို့ ဆိုင်းနေတယ် ၊ အခုမှ သေသေ ချာချာ သိရတယ်။

မီးရထားရုံမှာ နှစ်ယောက်အတူသွားတာကို မျက်စိတပ်အပ် မြင်သူက ပြောလို့ သိရပါပြီ ။ ရှင့်မယား ရှင်ပြန်ခေါ် ၊ ခေါ်ရင် မခံဘူး၊ သူကြီးအိမ်သွားမယ် ၊ လင်းခိုးမျောက်မထားမ သိရစေ့မယ်”

စသည်ဖြင့် ရေရွတ်ပြောဆိုကာ မောင်မြသည် ဘာကို ပြန်၍ ပြောရမှန်းမသိ ပါးစပ်ဟလျက် ကြောင်တောင်တောင်ကြီး ကြည်၍ နေလေရာ ဒေါသထွက်သော မယ်မှုန်၏ မျက်နှာသည် သွေးရောင်နှင့် ၀င်းထိန်လျက်နေရာ တောက်လွင်ထွန်းပ ဒေါသကြောင့် လှ၍နေသူကို မောင်မြ သတိထားမိလေ၏။

“ငါဘာတတ်နိုင်မလဲ မယ်မှုန်ရယ်၊ ငါလည်း နင့်လိုပဲ ပေါ့ဟယ် ၊ ကံတူ အကျိုးပေး ဖြစ်နေတာပဲ ၊ ငါတော့ ကလဲ့စားသာ ချေလိုက်ချင်တော့တာပဲ” ဟု ဣနြေ္ဒကြီးနှင့် ပြောလိုက်ရာ ဘိုးကြောင်၏ မိန်းမသည် အံ့အား သင့်သော အမူအရာနှင့် မောင်မြ၏ ညှိုးငယ်သောမျက်နှာကို စိုက်ကာကြည့်၍ နေလေ၏။

မောင်မြသည် အခြားရွာသာများ နှင့်မတူ ၊ ရိုးသားလျက် မခုတ်တတ်သော ကြောင်ပမာ သဘော ကောင်းလျက် ၊ ချောမောသော အသွင်လည်း ရှိ၏။ 

သူ့အလုပ်မှာ ဘိုင်စကယ်တစ်စီးနှင့် ရွာများကို လှည့်လည်ကာ ဆံပင်ညှပ်ခြင်း ၊ သော့ပြင်ခြင်း ၊ အိမ်အသုံး အဆောင် အပျက်အစီးမှန်သမျှကို ပြင်ပေးခြင်းဖြင့် ငွေဝင်မှန်သော ဥာဏ်အလုပ်ကို စိတ်ကူးအလုပ်နှင့် အကြမ်းလွန်သော လက်အလုပ်ကို လုပ်သူဖြစ်ရာ ၊ တောပွဲစားလုပ်သော ဘိုးကြောင်နှင့် စာလျှင် တော်သလိုလို ဖြစ်၍နေလေ၏။

အတန်ငယ် ငေးပြီးနောက်.......

“ရှင်ဘာပြောတာလဲ” ဟု ဣနြေ္ဒနှင့် စိတ်ဆိုးသလို မေးလေ၏။   “ တစ်ခြားမဟုတ်ပါဘူး မယ်မှုန်ရယ် ၊ နင်က ဆူဖို့ မဟုတ်ပါဘူး၊ ငါက ဆူဖို့ပါ ၊ ငါဆူရင် နင့်လင်ဒုက္ခပဲ ၊ မယားခိုးမှုနော် ၊ ငယ်ငယ်မှတ်သလား ၊ ထောင်ဒဏ် ၇ နှစ် ဆိုတာ အနည်းဆုံးကျမှာ ၊ စစ်ဆေးစုံစမ်းနေဖို့ ဘာမှ မရှိဘူး၊ ခိုးပြေးတာ ထင်ရှားနေပြီ ၊ ကိုင်း.......နင်ဘယ်လို သဘောရလဲ၊ နင့်လင်ကို ငါထောင်ချရမလား”

မယ်မှုန်မှာ မျက်လုံးပြူး၍ လာလေ၏ ။ ထို့နောက် ဒေါသနှင့် မျက်နှာနီလျှက်..... “ အို ...... ထောင်မကလို့ တစ်ကျွန်းရောက်ရောက်တော်၊ ရှင့်သဘောရှိ ၊ သင်း ပွဲစားလုပ်တာ မယားတစ်ယောက်မှ ၀ အောင်မကျွေး နိုင်ဘူး ၊ ဒီက ဈေးရောင်း ကျွေးနေရတာ ၊ ဒီအကောင် ပြန်လာတောင် မပေါင်းနိုင်ဘူး ၊ အခု ရှင်သိစေချင်လို့ လာပြောတာ” ဟုပြောပြီး ချာကနဲ လှည့်၍ ထွက်သားလေ၏။

ဆက်လက် ဖေါ်ပြပါမည်.....။

3 comments:

ငွေလမင်း said...

ကဲ ဆက်ပါအုန်း အခုတလော ပို့စ်တွေ လိုက်ဖတ်ရတာ ဆက်ရန်တွေများနေတယ် ဆရာ ပီမိုးနင်းရေးတာလား ဘာဆက်ဖြစ်မှာလဲ သိချင်ပြီ ဆက်တင်ပါ စောင့်ဖတ်ပါမယ်

ကိုဇော် said...

အခုမှ စဖတ်ရတယ်။

မြစ်ကျိုးအင်း said...

ဖတ်မယ်ဖတ်မယ်နဲ့ ခုမှ စဖြစ်တယ်။
ဇာတ်လမ်းက စကတည်းက ချိတ်တိတ်တိတ်နဲ့

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More