စာရေးဆရာ ဖြစ်ဖို့မွေးဖွားလာခဲ့သူ
ကျွန်တော့်မှာ စာရေးဆရာဖြစ်ဖို့
ပါရမီ မပါဘူးဆိုတာ
ဆယ့်ငါးနှစ်ကြာမှ သိခဲ့သည်။
သည်အချိန်မှာ ကျွန်တော်က
အရမ်းနံမည်ကြီးနေပြီဖြစ်ရာ
နောက်ဆုတ်၍ မရတော့။
( ရောဘတ်ဘင့်(ချ)လေ )
“သေသေကျေကျေ ဗျာ၊ ကျွန်တော်တော့ စာရေးဆရာ မဖြစ်ဖြစ်အောင် ကြိုးစားမယ် ၊ ” သည်စကားကို ပြောသူက ၊ ကျွန်တော့စားသောက်ဆိုင် ဖွင့်စမှာ ရောက်ရှိလာသည့် ဧည့်သည် တစ်ယောက် ဖြစ်၏ ။ အဲသည် တုန်းက သူ “စတား” မဖြစ်သေးပါ။ စာတစ်အုပ်မှ ပုံမနှိပ်ရသေး ။ ဘယ်သူမှလည်း မသိသေးပါ။ သို့သော် အလက်(စ်)ဟယ်လေက တစ်နေ့မှာ ကမ္ဘာက လေးစားရသည့် စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ သေချာပြဌာန်း ပြီးသား ပုဂ္ဂိုလ် တစ်ယောက်ဖြစ်သည်။
အလက်(စ) နှင့် ကျွန်တော် ၁၉၅၁ ခုနှစ်က စတွေ့သည်။ အဲသည်တုန်းက ကျွန်တော် ဆန်ဖရစ်စစ္စကို ရှိ မရီနာ အထက်တန်းကျောင်းက ဖွင့်လှစ်သော သက်ကြီးပညာရေး အစီအစဉ်တွင် စာပေရေးသားခြင်း အတတ်ပညာသင်တန်း ပို့ချလျက်ရှိသည်။ အလက်(စ)က ကမ်းရိုးတန်း အစောင့်တပ်မှာ စားဖိုမှုးတစ်ယောက် ဖြစ်ပြီး ၊ ထူးခြားသော စာပေတစ်မျိုး ရေးသားသော အလုပ်၌ အောင်မြင်မှု ရလျက်ရှိသည်။ ထိုအလုပ် ဟူသည်က ၊ ပင်လယ်ပြင်မှာ ခရီးသွားနေစဉ် အတွင်း သူငယ်ချင်း သင်္ဘောသားများအတွက် ရည်းစားစာ တစ်စောင်လျှင် တစ်ဒေါ်လာနှုန်း ရေးဖွဲ့ သီကုံးပေးခြင်းဖြစ်သည်။ ကုန်းပေါ် ရောက်သည့်အခါ သူ့စာများကြောင့် ချစ်သူသက်ထားတွေနှင့် အဆင်ပြေကြ အကျိုးထူးခံစား ကြရသည် ဟုဆိုပါသည်။ အလက်(စ)က ကျွန်တော်၏ အဖျော်ယမကာ နှင့် စားသောက်ဆိုင် “အယ်(လ) မာတာဒါ” (နွားရိုင်းသတ်သမား) သို့ ပုံမှန်လာ လေ့ရှိသည့် ဧည့်သည်တစ်ယောက်ဖြစ်သည်။ သူက အရက် သောက်လေ့ရှိသူ မဟုတ်ပါ ။ သို့သော် ဘားခန်းတစ်ဝိုက်မှာပဲ သူ တရစ်ဝဲ၀ဲ နေလေ့ရှိသည်။ ရည်ရွယ်ချက် ကတော့ စာရေးဆရာ တစ်ယောက် ဖြစ်လာရေးတည်းဟူသော သူ၏ ရာသက်ပန် ရည်းမှန်းချက်ကြီး အောင်မြင် ရေးအတွက် အထောက်အကူပြုနိုင်မည့် စာပေနယ်မှ ပုဂ္ဂိုလ်များနှင့် တွေ့လိုသောကြောင့် ဖြစ်သည်။
သူ့မှာ နဂိုဗီဇ အနုပညာပါရမီ သိပ်မရှိလှပါ။ သို့သော် ဇတ်လမ်းတော့ သူကောင်းကေင်း ဖန်တီးတတ်သည်။ စာကို ကြိုးစားပမ်းစား နေ့တိုင်းရေးသည်။ စာရေးခြင်း အတတ်ပညာနှင့် စပ်လျဉ်းသည့် စာမှန် သမျှ အားလုံးဖတ်သည်။ ပြီး ၊ ဘယ်တော့မှ လက်လျှော့ဖို့ စိတ်မကူး။
သို့နှင့် ၊ တစ်နေ့မှာတော့ ကမ်းရိုးတန်း အစောင့်တပ် အကြောင်း ရေးသားသည့် သူ့စာလေး တစ်ပုဒ် (ယခုအပတ်) တနင်္ဂနွေ သတင်းစာ အချပ်ပိုထဲမှာ ပါလာသည်။
“ကျွန်တော့်ကို ဒေါ်လာ ၁၀၀ ပေးတယ်ဗျ၊” သူ ပြောပြသည် ။ “ကျွန်တော် အဲဒီပိုက်ဆံကို တစ်ဒေါ်လာတန် အရွက် ၁၀၀ နဲ့ လဲတယ်၊ ပြီးတော့ အင်္ကျီအိတ် တစ်အိတ် မှာ ၅၀ စီ ခွဲထည့်တယ်၊ အိတ်နှစ်ဖက်ကိုညှစ်ပြီး လမ်းထဲလျှောက်ရတာ လက်က အရသာရှိလိုက်တာဗျာ” အဲသည် ညက အောင်ပွဲခံ သည့်အနေနှင့် မာတာဒေါမှ ကျွန်တော်တို့ ရှန်ပိန် တစ်လုံး ဖောက်ကြသည်။
တစ်ညတွင် စာရေးဆရာ ဘဒ်ရူးလ်ဘာ့ဂ် နယူးယောက်မှ လေယာဉ်နှင့်ရောက်ရှိကာ မာတာဒေါသို့ ၀င်လာ ခဲ့သည်။ အဲသည်တုန်းက အလက်(စ)သည် ပင်လယ်ကွေ့ အရှေ့ဘက်ကမ်းရှိ အုတ်ကလန်မြို့မှာ နေထိုင်လျက်ရှိသည်။ သူ့ဆီ ကျွန်တော်ဖုန်းလှမ်းဆက်တော့ ဆန်ဖရန်စစ္စကို တံတားကြီးကို အမြန်နှုန်းထား နှင့် ဖြတ်ကျော်ကာ ကျွန်တော်တို့ဆီ ရောက်လာသည်။ အလက်(စ)က ဘဒ်ရူးလ်ဘာ့ဂ်၏ waterfonts နှင့် What Makes Sammy Run ၀တ္ထုများကို အကြီးအကျယ် နှစ်သက်သူဖြစ်ရာ သည်စာအုပ်တွေ ရေးသည့် စာရေးဆရာနှင့် တွေ့ရမည့်အတွက် အရမ်းဝမ်းသာ တက်ကြွနေသည်။ ဘားခန်းမှာထိုင်ကာ သူတို့နှစ်ယောက် မနက်လေးနာရီ အထိ စကားပြောကြသည်။ ဘဒ်က အလက်(စ) စာရေးသည့် ကိစ္စကို အားပေးသည်။
နောက် လအနည်းငယ်မှာပင် ရိဒါးစ်ဒိုင်ဂျက်(စ်) မဂ္ဂဇင်းတွင် အလက်(စ)၏ စာတစ်ပုဒ် ပါလာသည်။ ပူးမင်းမီးရထား အထက်တန်းတွဲများမှာ တွဲစောင့်လုပ်ခဲ့သည့် သူ့ဖခင်အကြောင်း ကို “ကျွန်ုပ် မမေ့နိုင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်” ကဏ္ဍအတွက် ရေးသားခဲ့ခြင်း ဖြစ်၏။ အဲသည့်နောက်တွင် သူ တောက်လျှောက် တက်လာသည်ဟု မဆိုသာသော်လည်း စာပေနယ်မှာ အရှိန်ရစ ပြုလာတာတော့ အမှန်ပင် ။ True,Argosy,TrueConfession စသည်တို့ အပါအ၀င် မဂ္ဂဇင်းပေါင်းများစွာမှာ ဆောင်းပါး အပုဒ်ပေါင်းများစွာ သူရေးသည်။ “ဖွင့်ဟ၀န်ခံချက်” (Confession) မဂ္ဂဇင်းများသည် စာရေးသားရာ၌ အားပြိုင်မှု နှင့် ဇတ်ဆောင်စရိုက်ဖော် ရေးဖွဲ့မှု တို့၏ အရေးပါပုံကို နားလည်တတ်ကျွမ်းအောင် သင်ကြားပေးသည့် လေ့ကျင့်ကွင်းများ ဖြစ်ကြောင်းသူ အမြဲပြောလေ့ရှိသည်။
သည့်နောက်မှာ သူ သိသိသာသာ တစ်ဆင့်တက် လာသည်။ ဂျပ်(ဇ)တေးဂီတသမား ထရမ်းပက် ပညာရှင် မိုင်းလ်(စ)ဒေးဗစ်(စ) အကြောင်း သူရေးသားသည့် အမေးအဖြေပုံစံ ဆောင်းပါးက လူကြိုက်များသွားခြင်းဖြစ်သည် ။ အဲဒါသည် နောက်ပိုင်း၌ မလေးဘွိုင်း မဂ္ဂဇင်း၏ အင်တာဗျူး ပုံစံအဖြစ် တွင်သွားခဲ့သည်။ အဲသည်တုန်းက မိုင်းလ်(စ)ဒေးဗစ်(စ) အကြောင်း စာလုံးရေ ၆၀၀၀ ခန့်ပါသည့် ဆောင်းပါး တစ်ပုဒ်ရေးသားရန် သူ့အားအပ်ခဲ့ခြင်း ဖြစ်ပြီး ၊ ရက်သတ္တပတ် (၆) ပတ် သူအချိန်ရခဲ့သည် ။ သုံးပတ်လောက် ကုန်သွားပြီးသည့် နောက်တွင် သူ့ဆောင်းပါးကို အဲသည်လောက်ရှည်အောင် ရေးဖို့ မလွယ်ဘူး ဆိုတာ သူ သွားတွေ့သည်။
“မိုင်းလ်(စ)က ဟုတ်ကဲ့ ဟင့်အင်း လောက်ပဲပြောတဲ့ လူစားမျိုးဗျ” သူပြောပြသည်။ “ခင်ဗျားက သူ့မိတ်ဆွေ ဆိုပါတော့ ၊ ညနေ ၆ နာရီခွဲလောက်မှာ ဖုန်းဆက်လို့ ကောက်နားထောင်လိုက်ရင် ပြောသံကြားရမယ်၊ “ချိလိ”(ငရုတ်သီး) ဆိုတာမျိုး ၊ တစ်လုံးပဲပြောပြီး ဖုန်းချသွားမယ် ၊ အဲဒါဘာလဲ ဆိုတော့ သူ ငရုတ်သီးများများပါတဲ့ အစပ်ဟင်းတစ်ခုခု ချက်ထားတယ်၊ ခင်ဗျား လာစာဖို့ခေါ်တာ၊ အဲဒါမျိုး.... ဒီတော့ ကျွန်တော်ဘာလုပ်သလဲ၊ ကျွန်တော်က ဒီမဂ္ဂဇင်းမှာလည်း သိပ်ပါချင်တယ်ဗျာ ၊ အဲဒါနဲ့ ကံစွပ်ကံညားပေါ့ဗျာ စွန့်ပြီးလုပ်ကြည့် လိုက်တယ်၊ စာလုံးရေ ၆၀၀၀ ထဲက ပထမတစ်ဝက်ကို မိုင်းလ်(စ) နဲ့ သူရဲ့လောက အကြောင်း ဆက်ဆေးပုံစံနဲ့ ရေးတယ်၊ အဲဒါကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် အကြိမ်ကြိမ် ပြန်ရေးတယ်၊ နောက်သုံးထောင် အတွက်ကျတော့ ၊ သူပြောခဲ့သမျှ စကားတွေ အားလုံးယူ၊ အဲဒါတွေကို ကျွန်တော်က မေးလို့ သူကပြန်ဖြေတဲ့ ပုံစံမျိုးနဲ့ ပြန်ရေးတယ်၊ ပြီးတော့ အယ်ဒီတာတွေ သွားပေးတယ် ၊ ပရိတ်သတ်တွေက ဖတ်ပြီး ဒီစတိုင်လ်ကို သဘောကျသွားကြတယ်၊”
ဆက်လက်ဖော်ပြပါမည်........................။
0 comments:
Post a Comment
ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။