Sunday, March 27, 2011

ရေးတော့အမှန်

ရေးတော့အမှန်

ဟိုတစ်လောက စာနယ်ဇင်း စာမျက်နှာတွေပေါ်မှာ စာရေးဆရာများကို စာမူခတိုးပေးရေးအတွက် ရေးကြတာ ဖတ်လိုက်ရသည်။ အားတက်သရော ၀ိုင်းပြီးရေးကြ၊ ပြောကြ၊ ဆွေးနွေးကြတာ ပျော်စရာကြီး ဖြစ်၏။

     သို့ရာတွင် စာနယ်ဇင်း ထုတ်ဝေသူတွေဘက်ကတော့ စာမူခတိုးပေးရေးအတွက် ဘယ်လိုစီစဉ် ထားပါတယ် ၊ ဘယ်လိုစိတ်ကူးရှိပါတယ် ဆိုတာမျိုး တုံ့ပြန်မှုနည်းပါးတာကိုတော့ စိတ်မကောင်း ဖြစ်ရ၏။ (ကိုယ့်အသိစိတ်ဓါတ်နှင့်ကိုယ် တတ်နိုင်သလောက် စာမူခ တိုးပေးကြရှာသော စာနယ်ဇင်းအချို့ကိုတော့ အားနာပါရဲ့။)

       သတင်းစာထဲက လူထုအော်သံ အခန်းမှာ ပါတတ်သည့် “ လမ်းထိပ်က အမှိုက်ပုံ ဖယ်ရှားပေးပါ ” ဆိုသော တောင်းဆိုမှုမျိုးကိုတောင် “ လမ်းထိပ်က အမှိုက်ပုံ ဖယ်ရှားပြီးဖြစ် ” ဆိုတာမျိုး ဂရုတစိုက် ဖြေရှင်းတတ်ပါသေးသည်။
       ကျွန်တော်စဉ်းစားမိတာကတော့ တကယ်လို့သာ ခုလို စာမူခနှုန်းထားနဲ့ပဲ ဆက်ပြီး စခန်းသွားနေကြတယ်ဆိုရင် စာမူခလေးကိုသာ အားပြုပြီး အသက်ဆက်နေရရှာသော စာရေးဆရာများ ခမျာ လာမည့် ၂၀၀၀ ခုနှစ်များတွင် အောက်ပါအတိုင်း လုပ်ကိုင်စားသောက် နေကြရတာကို တွေ့ကောင်း တွေ့မြင်ရလိမ့်မည်။

(၁)

      ဘတ်စ်ကားမှတ်တိုင်သို့ ဟိုင်းလတ်ကားတစ်စီး ထိုးစိုက်လာ၏။ နေ့လယ်ပိုင်းမို့ ခရီးသည် နည်းနည်းပါးနေသည်။ စပါယ်ယာက အော်ဟစ်ပြီး လူခေါ်လိုက်၏။

       “ ရန်ကုန်....ရန်ကုန် ၊ မင်္ဂလာဈေး၊ ဆူးလေ၊ လာ...ညီမလေး ဖြည်းဖြည်းတက်၊ ခြင်းတောင်း အစ်ကို ကိုင်ပေးထားမယ်၊ ဟိုအဒေါ်ကြီး တည့်တည့်ထိုင်ပါဗျာ၊ တစောင်းကြီး လုပ်မနေနဲ့၊ ဘေးတန်း ခုနှစ်ယောက်ရတယ်၊ ခက်တာပဲ၊ ခဏလေး ဆရာရေ....၊ တစ်ယောက်လိုက်ဦးမယ်၊ သြော်....ဟုတ်ကဲ့၊ မာမူလဲ လိုက်မယ်၊ ချန်မထားနဲ့လား၊ လာ...သွက်သွက်ကလေး”

       “ ဟေ့ကောင် နောင်ဝင်းထွန်း၊ အတွယ်အတာ စွပ်တင်မနေနဲ့နော်၊ ရှေ့မှာ လှည့်ကင်းရှိတယ် ” 

 ရှေ့ခန်းမှ ဒရိုင်ဘာ မင်းခိုင်ဦးက အင်တာကွန်းမှ လှမ်းအော်သည်။

    (၁)

       ခြေစွယ်ငုတ်တာကို ဖော်ရတာ အလွန်သတိထားရသည်။ နာသွားလျှင် ဖောက်သည်ပျက်မှာ စိုးရသည်။ တကယ်တော့ သူက ဓားကိုင်ကျွမ်းကျင်ပြီးသား။ လုပ်ရာ ကိုင်ရာမှာလည်း သန့်ရှင်းသည်။ ခြေမနှင့်ခြေသည်းကို အရက်ပြန်ရွှဲရွှဲစွတ်ပြီးမှ လုပ်ငန်းစသည်။ ကိရိယာတွေကိုလည်း မီးဖြင့် သေသေချာချာ ကင်သေးသည်။ မကြာခင်မှာပင် စူးဝင်နေသော ခြေစွယ်ကိုဖော်ပြီး လှီးထုတ်ပစ်လိုက်၏။ ပြီးတော့ ဆေးရည်တို့ထားသော ဂွမ်းစဖြင့် အုပ်ပေးလိုက်သည်။

       ဖောက်သည်ကြီးသည် ကျေနပ်သွားဟန်ဖြင့် ငွေငါးဆယ်တန် တစ်ရွက်လှမ်းပေးသည်။ လာနေကျ ဖြစ်သောကြောင့် သူ့နာမည်ကိုတောင် သိနေသည်။

       “ တစ်ချိန်လုံး စူးပြီး နာနေတာဗျာ၊ အခုပဲ နေသာထိုင်သာ ရှိသွားတော့တယ်၊ ကျေးဇူးပဲဗျာ၊ ကိုဖေမြင့်၊ အင်း.....ရောက်တုန်းရောက်ခိုက် ဇိမ်ခံလိုက်ဦးမှပါပဲ ”

       ဟု ပြောပြီး နားဖာကလော်သည့် ကီဝီဆီ လျှောက်သွားသည်။ မောင်သွေးသစ်ကတော့ တရုတ်ကြီးတစ်ယောက်ကို ဇက်ကြောဆွဲ၊ နှိပ်နယ်။

(၃)

       မြို့ပတ်ရထားပေါ်တွင် လမ်းလျှောက်ဈေးသည်တွေ ခြေချင်းလိမ်နေ၏။ ခရီးသည်တို့၏ ၀ယ်လိုအားနှင့် အချိုးချကြည့ှ်လျှင် ဈေးသည်အရေ အတွက်ကတောင် များနေသလားထင်ရ၏။ သည်အထဲက တစ်ယောက်သော်ကား.....

       “ လျက်ဆားနော် လျက်ဆား၊ ဆရာကြီး ဦးမောင်မောင်ကိုယ်တိုင် ဖော်စပ်တဲ့ လင်းယုန်တံဆိပ် အစာကြေလျက်ဆား၊ ဟစ်တလာတောင် မေတ္တာပွားရတဲ့ လျက်ဆား၊ ချေဂွေဗားရားတောင် လေကြေအောင် စားရတဲ့လျက်ဆား ”

       သူက အာဘောင်အာရင်းသန်သန် အော်သော်လည်း ၀ယ်မည့်သူ မရှိ။ သူ့လိုပင် ဈေးရောင်းသူ တစ်ဦးဘေးမှာ လာရပ်ပြီး မေးသည်။

       “ ဘယ်လိုလဲ ကိုအောင်ဆွေ ရောင်းကောင်းရဲ့လား”

       “ မကောင်းပါဘူး၊ ကိုမြတ်ဆွေရာ၊ ခင်ဗျားကော ဘယ်လိုလဲ ” 

       “ ဒီလိုပါပဲ၊ အာပေါက်အောင် အော်မှ တန်ကာကျတယ်၊ ကဲ.....သွားဦးမယ် ကိုအောင်ဆွေ ”

ကိုမြတ်ဆွေကလည်း နှုတ်ဆက်ပြီး ထွက်သွားသည်။ နှုတ်မှလည်း သူ့ရောင်းကုန်ကို အော်ဟစ် ကြေငြာသွား၏။

       “ တနင်္လာ သားသမီးတွေ ထီပေါက်ကိန်း ရှိတယ်တဲ့၊ အပျိုကြီးတွေ ကလေးမရနိုင်ဘူးဆိုပဲ၊ လာပြီနော် လာပြီ ၊ ဟောဒီမှာ ဆရာရှမ်းဗေဒင် ဟောစာတမ်းတွေ ”

(၄)

“ ဟုတ်မှလဲ လုပ်စမ်းပါ မောင်မောက်ရာ ”

“ မပိုင်ပဲ ပြောပါ့မလား ကိုဇော်နောင်ရယ်၊ ဒီတစ်ခါ ကျိန်းသေပါဗျ ” 

“ကျိန်းသေပေါင်းက များနေပြီ၊ ဟိုတစ်ခါလဲ ပွဲသိမ်းပဲ ဆိုလို့ အောလိုက်တာ အုံနာခတောင် ပေးစရာမရှိဘဲ ဖြစ်သွားရသေးတယ်၊ ဒီတစ်ခါကော ဘယ်သူပေးတာလဲ ” 

“ ဘိုးတော် ဆရာအောင်ပွင့်ပေးတာ ၊ တည့်တည့်ကြီးပြောတာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော့်ရှေ့မှာပဲ ပဲကြီးလှော်ခြောက်စေ့ကို ညက်နေအောင် ၀ါးစားပြတာ၊ ခြေက်တစ်လုံးကတော့ ကျိန်းသေပဲ ” 

“ ကဲ တစ်နေ့ တစ်နေ့ ဒါနဲ့ပဲ ပြီးနေတာပဲ၊ အလုပ်ကော လုပ်စားကြဦးမှာလား၊ ဒီနေ့ ဖတ်စ်ဂိတ် ဘယ်သူလဲ၊ ဒီမှာ ဈေးကွေ့သွားချင်လို့တဲ့ ” 

       ဦးသင်းခိုင်ကြီးက လှမ်းအော်သည်။ သူတို့နှစ်ယောက် ခရီးသည်ကို လှမ်းကြည့်လိုက်၏။ ပြောင်းဖူးပြုတ်သည် မသန်းမြင့်အောင်ကို တွေ့လိုက်ရသဖြင့် ရှုံ့မဲ့သွားကြ၏။ မသန်းမြင့်အောင်မှာ တုတ်တုတ်ခိုင်ခိုင်နှင့် အလေးချိန်စီးရုံမျှမက သူ့ပြောင်းဖူးပြုတ်တောင်းကလည်း တနင့်တပိုးကြီး။ ပြီးတော့ အချင်းချင်းတွေပဲဟာဆိုပြီး ဈေးဆစ်တတ်သေးသည်။ ထို့ကြောင့် သူတို့က မလိုက်ချင်။

       “ ဦးသင်းခိုင်ပဲ လိုက်ပို့လိုက်ပါတော့၊ ဒီမှာ ဂွင်ဆင်းကလေးတွေ ပြစရာရှိသေးလို့ ” ဟု မောင်မောက်က လှမ်းပြောသည်။ ဦးသင်းခိုင်က မျက်စောင်းခဲ၍ 

        “ ဟဲဗီးတွေဆိုရင် င့ါပဲ ခိုင်းနေ ” ဟု ဆူအောင့်အောင့် ရေရွှတ်ရင်း ဆိုက်ကားကို တွန်းထုတ် သွား၏။ 

(၅) 

       သူသည် ပင်ကိုက အသားလတ်သူသာ ဖြစ်၏။ ခုတော့ နေပူထဲမှာ ဈေးရောာင်းနေရသဖြင့် အသားတွေ ညိုညစ်ညစ်ဖြစ်ကုန်ပြီ။ သို့ရာတွင် ၀မ်းရေးအတွက်မို့ စိတ်ပျက်မနေနိုင်။ သနပ်ခါးဘဲကြား လိမ်းပြီး အသံကုန် အော်ဟစ် ရောင်းရသည်။ သူကား နုနုရည်။

       “ ရေခဲရေ အေးအေးလေး သောက်ချင်ရင် ဒီကိုလာ၊ လင်လိုချင်ရင် အောင်ကျော်တိုးဆီသွား၊ အဲ...ဟုတ်ပေါင် ၊ အိမ်လိုချင်ရင် ကြည်စိုးထွန်းဆီသွား ”

       “ ခင်ဗျားလဲ အိမ်ကလူကြီးပဲ အမြဲ သတိရနေတာပဲ ”

ဘေးမှ ကွမ်းယာသည် မောင်သွေးချွန်က ပြောသည် ၊ နုနုရည်က “ အို ...သတိရတာပေါ့၊ ကိုအောင်ကျော်တိုး ခဗျာ ရေစည်လှည်းတွန်းရတာ ဘယ်လောက်ပင်ပန်းတယ် မှတ်သလဲ ”

မောင်သွေးချွန် ရယ်မည်ပြုပြီးမှ ရှုံ့မဲ့သွား၏။ ဗိုက်ကိုနှိပ်လိုက်ပြီး 

“ ကျွန်တော့် ကွမ်းယာဘန်းကလေး ခဏလောက် ကြည့်ပေးထားစမ်းပါဗျာ၊ အရေးထဲ ဗိုက်ကနာလာလို့ အိမ်သာပြေးလိုက်ဦးမယ်၊ ဒီနေ့ ဘယ်လိုဖြစ်လဲ မသိဘူး၊ သုံးခါရှိပြီ ”

ပြောရင်း ခပ်သုတ်သုတ် လစ်ထွက်သွား၏။ တစ်ဖက်မှာ ထိုင်နေသော စာကလေးဗေဒင် ဆရာမ မသီတာက......

“ ဖြစ်မှာပေါ့ ၊ ဦးကြူးနစ်ကြီးရောင်းတဲ့ ၀က်သားတုတ်ထိုးတွေ စားတာကိုး ” ဟု လှမ်းပြောသည်။

(၆)

       ပလတ်စတစ် အပြာရောင်အမိုး မိုးထားသော်လည်း နေရှိန်သည့် ဒဏ်ကိုတော့ အလူးအလဲ ခံနေရ၏။ သို့ရာတွင် ပူတာ ၊ အေးတာ၊ ဂရုမစိုက်နိုင် ၊ တစ်ချိန်လုံး တကုပ်ကုပ်ရေးနေမှ တော်ကာကျသည်။ ဒါနဲ့လည်း မစားလောက်လို့ အပိုအလုပ်တစ်ခု ထပ်လုပ်ရသေးသည်။ ခုလည်း စာမူ တစ်ပုဒ်ကို  အပူလှိုင်းအောက်မှာ သည်းကြီးမည်းကြီး ရေးနေတုန်း လူတစ်ယောက် ရှေ့မှာလာရပ်သည်။ မော့ကြည့်လိုက်တော့ သူက ဂက်စ်မီးခြစ်တစ်လုံးကို လှမ်းပေးသည်။ လက်ထဲက ဘောလ်ပန်ကို ချလိုက်ပြီး မီးခြစ်ကို လှမ်းယူလိုက်၏။ ဘီအိုင်စီ အမျိုးအစား မီးခြစ်ဖြစ်၏။ ဒါမျိုးက လက်ဝင်သည်။ မကျွမ်းကျင်ဘဲ လုပ်လို့မရ၊ ထို့ကြောင့် ရိုးရိုးမီးခြစ်တွေထက် ဈေးပိုယူရသည်။

“ဆယ်ငါ့ကျပ်တော့ ကျမယ်နော် ” ဟု ကျွန်တော်ပြောလိုက်၏။


မင်းလူ
(အလင်းတန်းဂျာနယ်၊ ၂၀-၉-၉၉)
    

6 comments:

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ..အားပေးသွားတယ်နော်..
ရေးတော့အမှန် ဖတ်တော့အသံတဲ့
ညီမလေးတော့ အသံတိုင်းရေးတာ သတ်ပုံတွေမှားချက်အဟီး:P:P:P
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

Crystal said...

လူဆိုတော့လည်း အမှားမကင်းနိုင်ဘူးပေါ့။
ပညာရှိ သတိဖြစ်ခဲ ဆိုစကားလည်း ရှိတယ်ပေါ့နော်။

ဟင်းးးးးးးး ဆင်ခြေ ဆင်လက် ဆင့်နားရွက်ချည်းပဲ
(ကိုယ့်ဖာသာကိုယ်ပြောပါတယ်):P

ကိုဇော် said...

မင်းလူက ဒီလို ကလော်စာတွေ သိပ်ပိုင်ပေါ့။

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

မြန်မာနိုင်ငံစာရေးဆရာတွေရဲ့ ဘ၀က ခုအဖြစ်အပျက်လေးတွေနဲ့ သိပ်တော့ မကွာလှပါဘူး။ စာမေးပွဲလေးပြီး စာလေးတွေ လိုက်ဖတ်နေပါတယ်။ အင်္ဂါဟူးရေး။ စေတနာပန်းခင်းကိုလည်း မရောက်တာကြာပီ။ လာလည်ဦးနော်။

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

လာလည်ပြီး ပို့စ်အဟောင်းလေးပဲ ပြန်ဖတ်သွားပါတယ်၊ အင်္ဂါဟူးရေ၊ အေးချမ်းပါစေ။

“ အက္ခရာ ” said...

ရေးတော့အမှန်.....လာဖတ်သွားပါ၏..

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More