Thursday, February 24, 2011

မဟူရာ အလှူရှင်


ငါတို့က မရှိလို့မလှူ မလှူလို့မရှိတာတွေကို
လက်မခံပါဘူးလို့ တွင်တွင်ပြော
ငါတို့က ရှိလို့လှူ လှူလို့ ရှိတဲ့ အမျိုးတွေပါလို့
အားလုံးကြားအောင် အော်အော်ပြော။

သိပါတယ်လှူလွန်းတာက ၊ ခန္ဓာတွေပါ စွန့်ရက်တယ်
မုန့်သာဝေစားတာ မဟုတ်ဘူး၊ ကာမတွေပါ ဝေစားတာ
လက်ဦးသူသေရင် နောက်တစ်ယောက်ကိုလှူ။
အိုဘယ့် အလှူ့ရှင်မ

အလှူရှင် ရှိပြီးသား ရာဂသားကို
အပျိုစင်သမီးများ ထပ်ခါလှူ
မအိုရင် ကောင်းကင်မှာ နေရာမရလို့တဲ့။

ကိုယ်ရေပြားရောဂါ မရှိပဲနဲ့များ တစ်ကိုယ်လုံးမဲမှောင်လို့
ဝတ်စလစ်စလစ် နေခဲ့တာ သိသာလျက်နဲ့ ဖုံးနိုင်လွန်းတယ်။

အမြင်မှန်မရသေးတဲ့ မျက်လုံးတွေကိုပါ
ဇာပုဝါကာထားသေးရဲ့။

နူနာ မရှိတဲ့ လက်တွေကို ရှိသယောင်အစွပ်တွေဝတ်ပြီး
ယားနာရှိတဲ့ ခြေထောက်တွေမှာ ခြေအိတ်အပြည့်။

အမှောင်အသိဥာဏ်ကို မဟူရာ ၀တ်ရုံလွှမ်းပါလို့
ငါတို့သာ ကောင်းကင်ရောက်ကြေးဆို
ကမ္ဘာမှာ လူမိုက်မျိုးဆက်တုံးပေမပေါ့။


အင်္ဂါဟူး (20.2.2011)

7 comments:

သူကြီးမင်း (တုံးဖလား) said...

အင်္ဂါဟူးတစ်ယောက် အတော်လေး ပေါက်ကွဲနေပါလား။ သံစဉ်တွေထဲမှာ မဟူရာတွေက ပြည့်ကြပ်လို့။

ဟုတ်ပါတယ်။ လူမိုက်မျိုးဆက် တုံးလောက်ပါရဲ့။ ဂလို လူတွေ ကောင်းကင်ဘုံ ရောက်ကြစတမ်းဆိုရင်ပေါ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ညီသူအိမ် said...

ဒီကဗျာကိုတော့ လုံးဝ ထောက်ခံတယ် ကြိုက်တယ်
ကောင်းလွန်းလို့ ဘာမှ ဝေဖန်ချက် မပေးခဲ့တော့ဘူး
ကိုယ်လည်း အဲလို အလုံးတွေ ရေးတတ်ချင်လိုက်တာ

ကိုဇော် said...

အတော် ကောင်းတဲ့ ကဗျာ။
မဂ္ဂဇင်းပို့စ်ကြည့်. . . ပါလာနိုင်တယ်။

sosegado said...

ကဗျာကိုဖတ်ပြီး အာမေဒိတ်တွေရော သက်ပြင်းတွေရောချမိတယ်၊

ဆူးသစ် said...

လာရောက်ခံစားသွားပါတယ်။ တွေးလို့ကောင်းနေတယ်ဗျ။

Unknown said...

မင်္ဂလာနံနက်ခင်းလေးနဲ့ အတူ လာလည်သွားပါတယ်။ အင်္ဂါဟူးရေ၊ စာလေးတွေလည်း ဖတ်သွားတယ်နော်။ အားတဲ့အခါ စေတနာပန်းခင်းလေးကိုလည်း လာလည်ဘို့ဖိတ်ခေါ်ပါတယ်။ သက်ရှိပန်းပွင့်လေးတွေ လက်ဆောင်ပေးမှာပါ။ အောင်မြင်ပါစေ။

witch83 said...

အင်း ... ဖတ်ရင်းနဲ့စာရေးသူရဲ့ မချိတင်ကဲဒေါသကို ခံစားမိပါတယ်။

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More