Friday, January 7, 2011

ကျွန်တော် နှင့် ဖက်ဆစ်


နေ့စဉ် အလုပ်တွေထဲ မှာ စိတ်ညစ် စရာတွေအများကြီး နဲ့အလုပ်တွေကလဲ ပုံနေ တာပဲ။သို့ပါသော် လည်း လဲ ရယ်ရခက် ငိုရခက် ကြုံရတာတွေကြောင့် အလုပ်လုပ် ရတာ အူကြောင်ကြောင်တော့ နိုင်သားလား။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ဝန် ဆောင်မှုက အဝေးရောက် ရွှေမြန်မာတွေ ရဲ့ ပင်ပန်းတစ်ကြီးရှာဖွေထားတဲ့ ချွေးနည်းစာလေး တွေကို သူတို့ရဲ့မိသားစုဆီ အရောက်ပို့ပေးဖို့ ကူညီဆောင်ရွက်ပေးတာပါ။ ကျွန်တော် တာဝန်ကျတာ ကတော့ ကျွန်တော်တို့ဆီကို လူကိုယ်တိုင် လာရောက်စရာ မလိုပဲ အဝေးကနေ ပဲ သူတို့ရဲ့ ပိုက်ဆံကို ရွှေပြည်ကြီးက မိသားစုတွေဆီရောက်အောင် ပို့ပေးတဲ့ ဌာန ပါ။


ကျွန်တော်တို့ရဲ့ ဘဏ် အကောင့်ထဲ သူတို့ပိုက်ဆံကို ထည့် ..... ပြီးရင် သူတို့ရဲ့ ဘဏ်သွင်း စလစ်ကို ကျွန်တော့်တို့ဆီ ဖက်စ် ဒါမှ မဟုတ် အီးမေးလ် ပို့ပေး ။ ကျွန်တော်တို့က လိုအပ်တာတွေ စစ်ဆေး အားလုံးမှန်ကန်ပြီဆိုရင် ရွှေပြည်ကြီးမှာ နေတဲ့ သူတို့ မိသားစုတွေဆီကို အမြန်ဆုံး ရောက်အောင် ၀န်ဆောင်မှု ပေးပါတယ်။ အဲဒီမှာ ကြုံရ တာတွေကတော့ ဖက်စ်(fax)ပို့ပေးပါဆိုရင်......

“ဟမ် ... ဘယ်လို ဖက်ဆစ်..”

“အာ မဟုတ်ဘူး အစ်ကို၊ ဖက်စ် ဖက်စ်
.... ဖက်စ်ပို့တာလေ သိလား”

“ ဟမ် ..အဲဒါ မသိဘူး လေ”

ကျွန်တော်လဲ စဉ်းစားကြည့်တယ် ဒီလူတွေ ဖက်စ်ကိုတောင် မသိပဲ နိုင်ငံရပ်ခြားမှာ အလုပ်လာလုပ်ကြတာ အဆင်ပြေနေတာ ဘယ်လိုလဲ မသိဘူး လို့ တစ်ခါ တစ်ခါ ကိုယ့်ဘာသာ စဉ်းစားကြည့်မိတယ်။အဲဒီတော့ ...

“ခင်ဗျား သူဌေးရှိလား သူ့ကိုပြောပေးမယ်”

လို့ပြောလိုက်တယ်။ လာပါပြီ သူဌေး သူလဲ အဲဒီ ဖက်စ် ဆိုတာကြီးကို မသိဘူးတဲ့ဗျာ ။ ကောင်းရော။ နောက်ဆုံးတော့ တစ်ရက်နှစ်ရက် လောက်စောင့်ပြီး သူ့တို့ပိုက်ဆံကိုယ့်ဆီ ၀င်တာသေချာပြီဆိုမှ လိုအပ်တဲ့ အချက်အလက်တွေမေးပြီး ကိုရွှေမြန်မာတို့၏ မိသားစုများရှိရာ ပြည်မြန်မာသို့ မနှေးအမြန်ပို့ပေးရတာပေါ့။ ဒါပေမယ့် သူတို့ ပေးပို့တဲ့ ငွေပမာဏ ကလဲ မနည်းမနောဗျ။ တစ်ခါတစ်လေကြတော့ လဲ ဒါထက်ဆိုးတာတွေ ရှိသေးတယ်။

“အေး .. ဦးမိုးယံ လား” ခေါ်နေတဲ့လူရဲ့ အသံက ကလေး ရှစ်ယောက်အဖေရဲ့ အသံမျိုး နဲ့။

“ဟုတ်ပါတယ် ခင်ဗျာ မိုးယံပါ”

“ ငါငွေပို့လိုက်တာ ရောက်လား”

“ခင်ဗျာ”

ကျွန်တော် တော်တော်လေး စဉ်းစားရ ကျပ်သွားတယ်။ သူတို့စိတ်ထဲမှာတော့ သူတို့တစ်ယောက်စ နှစ်ယေက်စ လောက်ကိုပဲ လုပ်ပေး နေတယ်လို့များ ထင်နေသလား မသိ၊ကျွန်တော်တို့ ဆီမှာက အဲဒီဝန်ဆောင်မှုမျိုး (လူမမြင် အသံကြား)နဲ့ ဆောင်ရွက်ပေးရတာဆိုတော့ အားလုံးသော လူတွေက ဘဏ်ထဲပိုက်ဆံထည့်၊ ပြီးရင် ဖက်စ်ပို့ ၊ ပြီးရင် ဖုန်းခေါ်ပြီး ကျွန်တော် ဘဏ်စာရွက်ပို့လိုက်ပါတယ် ငွေပမာဏက ဘယ်လောက်ပါ။ လက်ခံ မည့် သူက ဘယ်သူဖြစ်ပါတယ် အဲဒီလိုတွေ ပြောမှ လက်ခံထားတဲ့စာရွက်တွေထဲကရှာ ပြီးတော့သေချာကြည့်ပြီး သူပြောတဲ့ အချက်အလက်နဲ့ စာရွက်တွေ့မှ၊ ကိုယ်လိုအပ်တဲ့ အချက်အလက်တွေ တိုက်ဆိုင်မှ ဟုတ်ကဲ့ရပါပြီ အစ်ကို ၊ လက်ခံမည့်သူက ဘယ်သူနော် ၊ ဟုတ်ကဲ့ ကျွန်တော် ပို့ပေးလိုက်ပါမယ် ၊ နောက်နှစ်ရက်လောက် နေရင် အစ်ကိုတို့ အိမ်မှာ ရသွားပါလိမ့်မယ် ခင်ဗျာ အဲလိုပြောပြီး လုပ်ပေးရတာပါ။

အခုသူက “အေး ငါငွေပို့လိုက်တာရောက်လား” ဆိုတော့ လူက ဘာပြန်ပြော ရမှန်းတောင် မသိတော့ .......

“ အစ်ကို ပို့လိုက်တာ ဘယ်လောက်လဲ”

“ လင်းဂစ် ၅၀၀၀ လေ”

“အော် ဟုတ်ကဲ့ ခဏလေး အစ်ကို ကျွန်တော်ကြည့်ပေးမယ်”

ပြောပြီး ဖက်စ် ဆီကိုပြေး သူပြောတဲ့ ငွေပမာဏ ကိုရှာ၊ လဆန်းတဲ့ ရက်များမှာဆို (လစာထုတ်ပြီးချိန်မို့) လူတွေကများတော့ ဖက်စ် စာရွက်တွေက တစ်နေ့ကို လေးရာ ငါးရာကျော်ကျော် ရှိတယ်။ဒါတောင်မှ တစ်စောင်ကို လေး ငါး ဆယ်ယောက် ပေါင်းပို့တဲ့ စာရွက်တွေက နှစ်ရာကျော်လောက် ပါသေးတာ။ ဆယ့်လေးငါးမိနစ် အတွင်း မှာပဲ ၀င်ထားတဲ့ ဖက်စ်စာရွက်တွေက ဆယ်ရွက် ကျော် ။ အဲဒီထဲမှာလဲ စာရွက်တွေက မထင်မရှားတွေရော ၊ ဖတ်လို့ မရတဲ့ လက်ရေးတွေနဲ့ မြန်မာလို ရေးထားတာ တွေရော ရှုပ်ရှက်ကို ခပ်နေတာပဲ ။ အဲဒါနဲ့ သူကိုပြန်မေးရတယ် “အစ်ကို ဘယ်အချိန်က ပို့ထားလဲ ခင်ဗျာ” အချိန်သိရရင်တောင် ရှာရလွယ်တယ်လေ ၊ ကျွန်တော်တို့က ဖုန်းဆက်ပြီး အတည်ပြုပြီးတဲ့ စာရင်း မပြီးသေးတဲ့ စာရင်းတွေကို သူ့နေရာနဲ့သူ ခွဲထားတော့ အတည်မပြုရသေးတဲ့ စာရင်းတွေမှာလဲ မရှိ၊ လတ်တစ်လော လက်ခံထားတဲ့ ဖက်စ်ရဲ့ ရှေ့မှာလဲ မတွေ့မှမတွေ့တာကိုး ။

အဲဒီတော့မှ ကိုယ်တော်မောင်က အာလေးလျှာလေးနဲ့ (အရက်မူးနေတဲ့ပုံစံမျိုးနဲ့) “သူဌေးက ပို့တယ်ပြောတယ် ” ကျွန်တော်တို့က သူကိုယ်တိုင်ပို့ ပြီးမေးနေတယ် မှတ်တာ။ လက်စသတ်တော့ သူ့သူဌေးက ပို့တာကိုး ဒီနိုင်ငံက သူဌေးတွေ ဆိုတာလဲ မြန်မာ အလုပ်သမားအပေါ် စေတနာထားတယ်ဆိုတာ ခပ်ရှားရှားပဲ။ လုပ်အားခ သက်သာတာရယ် ၊ ခိုင်းကောင်း တာတွေ ရယ်ကြောင့် သူတို့ကို လုပ်ခပေးထားရုံပါ။ တစ်ချို့ ကောင်းတဲ့သူဌေးများလဲ ကြုံဖူးပါတယ်၊ တစ်ကယ့် မိသားစုဝင် လို ကောင်းတာပါ။ သူဌေးဆိုတာ မျိုးက သူ့အလုပ်နဲ့ သူ အလုပ်များချင်ယောင် ဆောင်နေတာနဲ့ မပို့ရသေးတာများတယ်။ အဲဒီတော့မှ “ အစ်ကို သူဌေးကို ပြန်ပြောပါဦး၊ သူဌေးမပို့သေးဘူး” “ သူဌေးက ပို့ပြီးပြီလို့ပြောတယ်” “အာ မဟုတ်ဘူး အစ်ကို ဒီမှာကျွန်တော်တို့ လက်ခံ မရသေးဘူး၊ သူဌေးကို ပြန်ပို့ခိုင်းပေးပါ” အဲဒီတော့မှ “အေး ဟုတ်လား ၊ ဒါဆို သူဌေးကို ဖက်ဆစ် ပြန်ထိုး ခိုင်းမယ်” ဆိုပြီး နောက်မိနစ် နှစ်ဆယ်လောက်ကျ ပြန်ဆက် ပြန်ရော။ သူဌေးက “ပို့ပြီးပြီပြောတယ်”တဲ့။ တစ်ကယ်တော့ သူ့ပိုက်ဆံ ကျွန်တော်တို့ဆီမှာ မရောက်သေးတာတော့ အသေချာပဲ။နောက်သူတွေကလည်း ထူးမခြားနားပါပဲဗျာ။ သူဌေးဆီကို သူပြန်မေးပြီး ၊ သူဌေးက မပို့ရသေးမှန်းသိရင် လည်း ဒီဘက်ကို ပြန်မပြောဘူး။ နောက်နေ့မနက် ရုံးတောင် မဖွင့်သေးဘူး ပြန်ဆက်ပြန်ရော။ “ အေး သူဌေး ပို့လိုက်တာ ငါ့ပိုက်ဆံရောက်လား ” သူနဲ့ ကျွန်တော်နဲ့ က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေလဲ မဟုတ် ၊ နေ့စဉ် ကျွန်တော်တို့နဲ့ အလုပ်လုပ်နေတာလဲ မဟုတ် ။ သူတို့ကို ကိုယ်က ဘယ်လို သိမှာလဲ ၊ ဘယ်သူမှန်းလဲ မသိ ၊ ဖုန်းဆက်တယ်ဆိုတာက လဲ သူတို့ အခုလို ကိစ္စ ရှိမှာ ဆက်တာလေ သူတို့ အသံကို ဘယ်လို မှတ်မိ နိုင်မတုန်း တစ်နေ့ တစ်နေ့ လူပေါင်း သုံးရာ လေးရာ က ဖုန်း ငါးလုံးကို ၀ိုင်းဆက်နေကြတာ ၊ ဘယ်လို မှတ်မိ နိုင် မတုန်း ၊ ကျွန်တော်က ဘယ်သူပါ မနေ့က ဖုန်းဆက်တယ်လေ ၊ ငွေ ၅၀၀၀ ကိစ္စ ၊ ဘာညာ ဒီလောက် ပြန်ပြောရင် တောင် မဆိုးလှဘူး။


နောက်ရှိသေးတယ် ။ အဲဒါကတော့ အိမ်ကို ပိုက်ဆံပို့ပေးရတဲ့ ဇတ်လမ်းပေါ့။ ဒီဘက်က ငွေပို့ချင်သူက မြန်မာပြည်က သူ့မိန်းမ ဆီကို ။ကျွန်တော်တို့ လက်ခံထားတဲ့ ငွေပမာဏကို သူပေးထားတဲ့ လိပ်စာအတိုင်း သူ့အိမ်ကို သွားပို့ အဲဒီသူပြောတဲ့ အမျိုးသမီးကို မတွေ့ဘူး။ မိန်းမကြီး တစ်ယောက် နဲ့တွေ့တယ် ။ အဲဒါ နဲ့သူက အဲဒီပိုက်ဆံကို လက်ခံထားလိုက်တယ် ၊ လက်ခံရရှိကြောင်း လက်မှတ်တွေ ဘာတွေထိုးပေးသေးတယ်။ သန်းခေါင်စာရင်းတွေ ဘာတွေတောင် ထုတ် ပြသေးတာ ။ငွေပို့သူဟာ သူ့သားပါလို့ ပြောတယ်။ ကျွန်တော်တို့ ရန်ကုန်ရုံးက ၀န်ထမ်းတွေကလဲ ငွေပို့သူနံမည် နဲ့ တိုက်ဆိုင် စစ်ဆေးပြီး ငွေပမာဏ အတိအကျ ပေးခဲ့ပါတယ်။ မကြာပါ ဘူးဗျာ။ နောက် သုံးရက်လောက် ကြာတော့ ငွေပို့တဲ့သူက ဖုန်းဆက်လာတယ် သူ့အိမ်ကို ပိုက်ဆံ မရောက်သေးဘူးတဲ့ ။ ကျွန်တော်တို့လည်း ချက်ချင်း ရန်ကုန်ကို ဖုန်းဆက် ၊ အဲဒီ စာရင်းကို အမြန်ရောက်အောင် ပို့ပေးပါ ၊ အရေးကြီးတယ် ။ အဲလိုတွေပြောလိုက်တော့ ရန်ကုန်ဖက်က စာရင်းတွေ ပြန်စစ် ကြည့်ပြီး အကြောင်းပြန် လာတယ် ။ အဲဒီစာရင်းရှင်ရဲ့ ပိုက်ဆံကို မနေ့ကတည်းက ပို့ပြီးပါပြီတဲ့။ အဲဒါနဲ့ အဲဒီလူကို ဖုန်းပြန်ဆက်ပြီးပြော ။ ဒါနဲ့ အဲဒီလူက ငြိမ်သွားတယ်။

နောက်တစ်နေ့ မနက် ရုံးဖွင့်ချိန်ပဲ ရှိသေးတယ်။ တစ်ဂွမ်ဂွမ်နဲ့ ဖုန်းမြည်လို့ ကောက်ကိုင် လိုက်တော့မှ “ ခင်ဗျားတို့ ဘယ်လို လုပ်တာလဲဗျ ၊ ခင်ဗျားတို့နဲ့ ယုံကြည်လို့ လုပ်တာ ခင်ဗျားတို့ အဲလို မလိမ်နဲ့လေ၊ ခင်ဗျားတို့ ကျွန်တော့်ကို ဘာကောင်မှတ်နေလဲ” ကျွန်တော်လဲ စဉ်းစားတယ် ငါ့ကို ဖုန်းဆက် နေတာ လူသံပါလို့။ အဲဒါနဲ့ “ ဟုတ်ကဲ့ အခုပြောနေတာ ဘယ်သူလဲ ခင်ဗျာ ၊ ကျွန်တော်ဘာကူညီနိုင်မလဲ” “ခင်ဗျားတို့ မနေ့က ပြောတုန်းကတော့ ကျွန်တော့်အိမ်ကို ပိုက်ဆံပို့လိုက်ပြီဆို” အဲဒီတော့ မှ သေချာအောင် ပြန်မေးရသေးတယ်။ “ မနေ့က ဖုန်းဆက်တဲ့ ကို ------ လား ၊” “ဟုတ်ပါတယ်” အာ ။ “အဲဒီ စာရင်းကို ကျွန်တော်ပို့ပေးလိုက်ပါပြီဗျာ၊ မနေ့က အစ်ကို့ကို သေချာပြောတယ်လေ” “အေး ဒါဆို အခု ငါအိမ်ကို ဖုန်းဆက်တော့ ဘာလို့မရသေးတာလဲ” အဲဒီလူ နည်းနည်းတော့ အပြောအဆိုပါ ရိုင်းလာပါတော့တယ် ။

“သေချာပါတယ် အစ်ကို မနေ့က အစ်ကို ကွန်ပလိန်းတက်လို့ ကျွန်တော် ရန်ကုန်ကို လှမ်းမေးပေး ထားတာပါ ၊ ဒါပေမယ့် ခင်ဗျားသိအောင် တော့ ပြောထားလိုက်မယ်၊ ကျွန်တော်တို့ လိမ်တယ် ဆိုတဲ့ စကားကိုတော့ ခင်ဗျား ဆင်ခြင်ပါ” ကိုယ်လည်း နည်းနည်းတော့ ပြန်ရိုင်းရတာပေါ့။ ကိုယ့် မဟုတ်ပဲ အသားလွတ် စွပ်စွဲတာကိုး ။ “ကောင်းပြီခင်ဗျား ကို ခင်ဗျား အိမ်က လက်ခံရရှိကြောင်း လက်မှတ်ထိုးထားတဲ့ ပြေစာ ကျွန်တော် တောင်းပေးမယ်”

နောက်တစ်နေ့ ညနေ သုံးနာရီ။ ထိုသူ့ ထံမှ ဖုန်းဆက်လာသည်။ “ခင်ဗျားတို့ ဆီက လက်ခံပြေစာဆိုတာ ရပြီလား” “ဟုတ်ကဲ့ ရပါပြီခင်ဗျာ ၊ ကျွန်တော် ဘယ်ကိုပို့ပေးရမလဲ ” “ကျွန်တော့်မှာ ဂျီမေးလ်ရှိပါတယ် အဲဒီကိုပို့ပေးပါ” “ဟုတ်ကဲ့” အဲဒါနဲ့ ငွေလက်ခံပို့ပေးလိုက်တယ်။ အဲဒီတော့မှ ထိုသူက လည်း ခဏကြာတော့ ဖုန်းပြန်ဆက်တယ် “ဒါကတော့ ကျွန်တော့်အမေလက်မှတ် အစစ်ပဲဗျ ”ဒါနဲ့ ကျွန်တော် အိမ်ကိုဖုန်းဆက် တုန်းက ပိုက်ဆံမရောက်သေးဘူးပဲ ပြောနေတယ်” “ဒါကတော့ အစ်ကိုတို့ အပိုင်းပဲလေဗျာ” ဒါနဲ့ ထိုသူလဲ အေးဆေးဖြစ်သွားတယ်။ နောက်တစ်နေ့ မှ သူဖုန်းဆက်လာသေးတယ် ၊ ကျွန်တော်က ဘာကွိုင်ပြန် ပြီလဲဆိုပြီး လန့်နေတာ။ သူကကျေးဇူးတင်ကြောင်း သူ့အမေက လက်ခံထားပြီး သူ့မိန်းမကို အသိမပေးပဲ ထားတာဆိုတဲ့ အကြောင်း ။ သူတို့က ဟိုမှာ သပွတ်အူလုပ်နေ ဒီကလူတွေက ဖုန်းပြောရလွန်းလို့ နားတွေအူ ခေါင်းတွေပူ တစ်နေ့ အဲလို ပြဿနာ မျိုး နှစ်ခု သုံးခုလောက် သာရှင်းရရင်တော့ ..........။



ဒါထက်ဆိုးတာတွေ ရှိသေးတယ်ဗျ။ အလျင်းသင့်ရင် နောက်ထပ် ရေးပါဦးမယ်ဗျာ။ အခုတော့ တစ်စုံတစ်ယောက်က ရေးခိုင်လို့ ကျန်ခဲ့တဲ့ နှစ်လလောက်ကရေးထားတဲ့ ဒါလေးတင်ပေးလိုက်တာပါ ။ အသစ်လဲ မတင်တာကြာခဲ့တဲ့ ဒီနေရာကို အသစ်ရေးတယ်ပေါ့ဗျာ..။ လက်ညောင်းတယ်ဗျ။ ဘယ်သူမှ ရိုက်ပေးတာလဲ ဟုတ်ဘူး။(အထူးသဖြင့်ရေးခိုင်းတဲ့သူ(ကြောင်မျိုး)က ရိုက်ပေးတာလဲ ဟုတ်ပဲနဲ့)

အင်္ဂါဟူး

9 comments:

ကိုဇော် said...

ဟိုလေ. . ဟိုနေ့က ပို့ထားတဲ့ မိုနိုပိုလီ ပိုက်ဆံလေ . .
အဲဒါ ရောက်လားလို့ ဖက်ဆစ် ပို့ပေးပါ။
ဖက်ဆစ်နဲ့ မရင် ကွန်မြူနစ်နဲ့ ပို့လည်းရတယ်။
ဘာနဲ့ပဲ ဖြစ်ဖြစ်ပါ။ ရရင် ပြီးရော . . .

Maung Myo said...

ဖြစ်တတ်ပါတယ်လေ သူတို့တွေလည်း သိပ်နားမလည်တော့လည်း ခပ်ကြောင်ကြောင်မေးမိကြတာဖြစ်မှာပေါ့ ဒီအလုပ်ကို ကူညီပေးနေတဲ့ မင်းလည်း ကုသိုလ်လည်းရ ၀မ်းလည်းဝ ဖြစ်တာပေါ့ ။

“ ဟလို...လေပန်းလား တစ်နေ့က ငါ့မိန်းမကိုလွှဲလိုက်တဲ့ ဒေါ်လာ ငါးထောင် မင်းဖြတ်တုတ်ထားတယ်ကြားတယ် မှန်လို့ကတော့မင်းကို ခေါင်းလာဖြတ်မယ် ဒါပဲ ဂလောက် ”

Maung Myo said...

ဒါနဲ့ ငါ့နာမည်က ဘယ်ကပါလာတာတုန်းး နာချင်လို့ အားရင် ဒီကြောင်ကိုပဲလာာလာထိနေတယ် ကုတ်ထည့်လိုက်လို့ကတော့လားကွာ

အင်္ဂါဟူး said...

နင့်မိန်းမက ငါ့ကိုသေချာမှာသွားတယ်.. သေနာမျိုးကို မပို့နဲ့တဲ့ ကိုကိုဟူး သုံးလိုက်တဲ့..နင့်ကိုမချစ်လို့ ငါဆီပစ်ပေးလိုက်တာဖြစ်မှာပေါ့.. နင်မိန်းမက ဘောစိဟ။ တိန်

သစ်နက်ဆူး said...

ဟဲလို ..ကိုမိုးယံလား...ဟလို..ကိုဟူးလားးးးးးးး
ခင်ဗျားတို့ အရမ်းလိုချင်နေတဲ့ ဖက်ဆစ်တွေ ပို့ လိုက်ပါပြီ..
ရန်ကုန်ကို အကြောင်းကြားပြီး အင်္ဂလိပ်နယ်ချဲ့တွေကို တိုက်ထုတ်ပါ....
လွပ်လပ်ရေးရတယ်ဆိုရင် ချက်ခြင်း ဖက်ဆစ်ပြန်ပို့ ပေးပါ...။

မြစ်ကျိုးအင်း said...

မောင်မိုးယံကို သနားလို့ ပိုက်ဆံကို ကွန်တိန်နာနဲ့ပဲ ပို့ပေးလိုက်တယ်။

poemflower said...

ဟား ဟား ကိုမိုးယံရဲ့ အလုပ်ရော ကော်မန့်တွေရော အရမ်းကောင်းတယ် . ပထမဆုံးလည်တာပါ မင်္ဂလာပါရှင်

Anonymous said...

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။....အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေသန်း
၂ဝဝဝ ဟာ စာမဖတ်တတ်လို့ပါပဲ။

Anonymous said...

ဖက်ဆစ်ဆိုလို့ ဖက်ဆစ်အသံကြီး ပြူးပြဲရှာသွားတယ်
အမငီး...ငမိုးတို့ ဒီအသံနဲ့ အဆိုတော်လုပ်စားလိုက်ရင်တော့ စိုင်းစိုင်းတို့
ရဲလေးတို့ ငတ်ကျောပဲ..။
အင်း.. အသံကြည်လင်မှုရှိတယ်..mp3 ပလေယာကို ဒီ့ထက် အပျံစာလေးနဲ့
လှအောင် လုပ်ချင်ရင်တော့ နောက်တစ်ခါ ငါ လုပ်ပေးမယ်

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More