Thursday, May 26, 2011

ပြောမဆုံး မောမဆုံး ဘောလုံး....ဘောလုံး

ရှောမနိပ်ဥုက်က ဘောသမားကြီးပါ။ ငယ်စဉ်ကများဆိုရင် ဘောဆိုလာထား ကန်ပြီးသားဆိုသလို တွေ့သမျှဘော အကုန်ကန်ခဲ့တာ။ ရာဘာဘောလုံး ကော်ဘောလုံးဆိုတာတင်မက ကလေးဆော့တဲ့ ပူစီဖောင်း မကျန် ကန်ခဲ့တဲ့ ဘောသမားအစစ်ကြီးဗျ။

ခု...အသက်လေးက ရလာပြီဆိုတော့ ဘောကိုခြေထောက်နဲ့ မကန်ဖြစ်တော့ဘူး။ ခြေထောက်နဲ့မကန် ဘာနဲ့ကန်သတုန်းဆိုတော့ မျက်လုံးနဲ့ ကန်နေသဗျ။

ဟဲဟဲ .....မျက်လုံးနဲ့ ကန်တယ်ဆိုသဟာက ဘောပွဲကြည့်တာကို ဆိုလိုတာပါ။ အင်္ဂလိပ် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေ၊ ဂျာမန်ဘွန်းဒက်လီဂါ၊ မြန်မာအမ်အက်ဖ်အက်ဖ် ပါမကျန် မျက်လုံးနဲ့ လိုက်ကန်ဖြစ်နေတာပါပဲ။

အဲသလို အကန်ဘယ်လောက်များခဲ့သလဲဆို ကိုယ့်ဆွေမျိုး နာမည်သာ မေ့ချင်မေ့မယ်၊ ဟိုကောင်တွေ ကျတော့ ဖန်သားပြင်မှာ ယင်ကောင်အရွယ် အစားလေး မြင်ရင်တောင် ပီတာခရော့၊ တော့တီ အလွန်ဆို အိုဆေးဆိုပြီး ဘိုင်ဟတ်ပြောနိုင်သဗျ။


၂၀၁၀ ကမ္ဘာ့ဖလားကြီး တောင်အာဖရိကမှာဖြစ်တော့ လက်ဟောင်းဘောသမားကြီး ရှောမနိပ်ဥုက် ရေငတ်တဲ့ဖား ရေကန်ထဲကျသလို ပျော်ခဲ့ရသပေါ့ဗျာ။

ကမ္ဘာတစ်လွှား ဘောခရေဇီ မိတ်ဆွေများလည်း ရှောမနိပ်ဥုက်ကဲ့သို့ ပျော်ကြမော်ကြရတာပေါ့။ ကဲ....... ပွဲကြီးအောင်မြင်စွာ ပြီးစီးသွားတော့ ပြောမဆုံး မောမဆုံး ဖြစ်နေကြပြန်ပါရော။

ဘောပွဲတစ်လျှောက် ထင်တစ်လုံးနဲ့ ထင်ထားခဲ့တဲ့ မက်ဆီထင်တိုင်းမပေါက်၊ ရွန်းနီညံ့ဖျင်း၊ ကာကာ ခြေမပေါ်၊ စီရော်နယ်ဒို အလုပ်မဖြစ်၊ အီတလီဖျာလိပ်၊ အင်္ဂလန် အရှက်ကွဲ ဆိုတဲ့အကြောင်းတွေ၊ အာဂျင်တီးနားသား ဗိုလ်စွဲရင် ဖင်ချွတ်ပြီး မြို့တစ်ပတ်ပတ်မယ်ဆိုတဲ့ မာရာဒိုနာကြီးရဲ့ အကြောင်း စတာတွေ ပြောမဆုံးဖြစ်ခဲ့ကြတာ စုံနေတာပါပဲဗျာ။

အမယ်...ဥရုဂွေးက မော်ဒယ်လ်မလေးကလည်း မာယာဒိုနာလိုပဲ သူတို့ဂွေးသာ အနိုင်ရရင် လူပုံအလယ် လုံးတီးကမယ်ဆိုပဲ။တော်သေးတာပေါ့ဗျာ။ ဘုရားသခင်က အဲဒီလိုအရှက်နည်းတဲ့သူတွေကို မျက်နှာသာမပေးခဲလို့။ နို့မို့ဆို ခရုဆံကျွတ်တွေကို မတွေ့ချင် မြင်နေလျက်သား ဖြစ်နေဦးမှာ။

ဘောပွဲကြီးမှာ ထင်သူတွေမပေါက်ပဲ မထင်သူတွေ ပေါက်တာလည်းအများကြီးတွေ့နေရသဗျ။ အာဖရိကရဲ့ ဘူးဘူးပလွေဆို ကမ္ဘာကိုကျော်ရော။ အပေါက်တကာ့အပေါက်ဆုံးကတော့ မိတ်ဆွေတို့ သိတဲ့အတိုင်း ရေဘ၀ဲပေါလ်။အနှီကျောရိုးမဲ့ သတ္တ၀ါလေးရဲ့ ခန့်မှန်းချက်တွေက ကွက်တိမှန်ခဲ့တာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ဗေဒင်နက္ခတ်အကြားအမြင် ဆရာတွေတင်မက ဘောပွဲတစ်ပွဲ ကြိုင်တင်ခန့်မှန်းသူ ပညာရှင်တွေ၊ ဘောကလောင်ရှင် စာနယ်ဇင်းဆရာကြီးတွေပါ ပက်လက်လန်ကုန်ရောပဲ။

ဟယ်.....တိရစ္ဆာန်ကလူထက်မှန်သဟဆိုတဲ့ အကြောင်းကလည်း   ပြောမဆုံး   မောမဆုံး  ဖြစ်ရပြန်သပေါ့ဗျာ။  ရေဘ၀ဲပေါလ်ကို ဈေးကြီးပေးပြီး ဟိုလူဝယ်မယ် ဒီလူဝယ်မယ်ဆိုတဲ့ သတင်း။ တချို့နိုင်ငံတွေက ဂုဏ်ထူးဆောင်လက်မှတ်ပေးပြီး ဂုဏ်ပြုကြတဲ့သတင်း စုံနဖာစေ့ နေတာပါပဲဗျာ။ ၏

နောက်တစ်ယောက် ပေါက်ခဲ့တာကတော့ ရှာကီရာ။ ဒီကောင်မလေးက နဂိုကတည်းက ကမ္ဘာကျော်ပြီးသားပါ။ ကျော်သော်ငြား ဂီတလိုက်စားသူများသာ သိခဲ့ကြတာပါ။အခု ဘောလုံးပွဲကြီးရဲ့ အဖွင့်သီချင်းဆိုလိုက်မှ ကမ္ဘာမြေအနှံ့အပြား တောကြိုတောင်ကြား မကျန် ကလေးအစ ခွေးအဆုံး သိကြတာပေါ့ဗျာ။

ခွေးအဆုံးဆိုတာ တကယ်ပြောတာဗျ။ အိမ်မှာမွေးထားတဲ့ ခွေးကြီးအောင်နက်ဆို ရှာကီရာရဲ့ ၀ါကာ ၀ါကာဆိုတဲ့ အသံကြားတာနဲ့ ပြေးလာပြီး အမြီးနှံ့နေတာပဲဗျ။ ရှာကီရာ သီချင်းဆုံးလို့ တခြားအဆိုတော် ၀င်လာရင် ၀ုတ်ဝုတ်ဝုတ်ဆိုပြီး မကျေနပ်သလိုလုပ်တာ....အံ့ရော။

ကောင်မလေးကလည်း မြင်တဲ့အတိုင်းပဲ။ ရုပ်ကလေးကလှ၊ အသံကလည်းကောင်း ၊ ကအုပ်ကလေးချီပြီး က တော့ချစ်စရာ၊ ဟော အာဖရိကန်လို ခုန်ပေါက်တော့လည်း စွဲမက်စရာလေးကိုဖြစ်နေတာကိုး ။

ဝါကာ ၀ါကာက စိတ်ချမ်းသာစရာပါ။ ကမ္ဘာမှာ ၀ါကာ ၀ါကာ မြန်မာမှာလည်း ၀ါကာ ၀ါကာ ၊ ကြော်ငြာနှစ်ခု သုံးခုပြိုင်ပြီး ထွက်လာကြတာ ၀ါကာဝါကာ၊ ဘောဆို အသေကြိုက် ဘောမှန်သမျှ ပါးစပ်နဲ့ ကန်ခဲ့တဲ့ စတီရီယိုခေတ် အဆိုတော် အန်တီကြီးကလည်း ၀ါကာ ၀ါကာ ၊ ရှောမနိပ်ဥုက်ကိုက ၀ါကာဝါကာ အေ့အေ့ ဖြစ်နေကမင့်ဟာ၊ ဘာပြောကောင်းမလည်း ၊ ပျော်စရာကြီးပေါ့။ သြော်...... ဒါကလည်းပြောမဆုံးပါပဲ အရပ်ကတို့။

ဥက္ကာမင်းဆက်
ဟားခလုတ် (၃)စာအုပ်မှ

Monday, May 23, 2011

မိန်းမနှစ်ယောက်


အိမ်ထဲမှာနေ၊ တောင်းတဲ့အချိန်ပေး
သစ္စာအရောင်နဲ့ ဝေးနေတဲ့ ဖျော်ဖြေခံ သက်ရှိရုပ်က
ပုဝါကိုခွာ သစ္စာကိုရှာ၊
တစ်ဆယ့်လေးနှစ်သမီးက အိမ်ထောင်ကိုထိန်းဖို့ခက်တယ်လို့
ကျမ်းကိုမျက်ကွယ်ပြု အမှန်တရားကိုရှာဖွေနေမှုပြုတယ်။

မိစ္ဆာရဲ့ မယားလုပ် အ၀ိဇ္ဇာတရားမပြုတ်တဲ့ မာတုဂါမ
သစ္စာတရားကိုမျက်ကွယ်ပြုပုံများ ဆင်ကန်းတွေ တောတိုးသလို
အမှောင်ကမ္ဘာကို သွားဖို့များ ပုံတော်ကို ချနင်းရက်တာ
ကိုယ့်မှာ အံ့သြလို့မဆုံး။

 သံသရာကိုမကြောက်လို့ တစ်ဘ၀ကို ရင်းရက်တာများ
ကိုယ်ကတစ်ဖက်သားကို ဒေါမနဿတွေပွားလို့
အရင်းစစ်တော့အမြစ်မြေက ကိုယ့်ဘက်က တာကျိုးတာ
ကိုယ်ညံ့လို့ကိုယ်ခံရတာ၊ သူတို့မှာဆို အဲလိုမြင်ရဖို့ခဲယဉ်းလိုက်တာ။


အင်္ဂါဟူး (23.5.11)


Tuesday, May 10, 2011

ဘလော့ဂ်ရေးသူများသို့စာလေးတစောင် - နုနုရည်(အင်းဝ)






Saturday, April 16, 2011

သန့်စင်၍ မရနိုင်သောအရာ

မျက်လုံးကလေးများစွေ၍ နေခြင်းကပင် မိမိမျက်စိထဲတွင် တစ်မျိုးယဉ်နေသည်။ အတွေးနက်လာသည့် အခါပို၍ စွေလာတတ်သည်။ထိုစွေနေသော မျက်လုံးများတွင် ကြင်နာရိပ်တွေ ထင်ဟတ်နေသည်ဟု မိမိ ယုံကြည်သည်။ 

မြတ်နိုးကြင်နာရသည့် ငွေလှိုင်။

မျက်လုံးစွေ ကလေးများနှင့် အလှပေါ်အယဉ်ဆင့်သည့် ငွေလှိုင်။ ယခုတော့ ကြင်နာရိပ်တွေ သန်းလေ့ရှိသော ငွေလှိုင်၏ မျက်လုံးစွေကလေးများ မိမိကြောင့် စွတ်စိုရီဝေခဲ့ရလေပြီ။

လောကတွင် အကျည်းတန်ဆုံးသော အရာကို ပြစမ်းပါဟု မိမိကိုစေခိုင်းလျှင်ဖြင့်ဆေးလိပ်ခွက်ကို လက်ညှိုးထိုး၍  ပြမိမှာပါပဲ။ဆေးလိပ်ခွက် အကျည်းတန်ပုံက အချိန်နှင့်လိုက်၍ ပြောင်းလဲနေသေးသည်။ ညအချိန်ထက် နံနက်အိပ်ရာ ထချိန်တွေ့ရသော ဆေးလိပ်ခွက်က ပို၍ အကျည်းတန်သည်။

ဆေးပေါ့လိပ်တိုတွေ၊ စီးကရက်တိုတွေနှင့် ပြည့်နေသည်။ ဆေးလိပ်ပြာတွေနှင့် ပေကျံနေသည်။ အနံ့အသက် မျိုးစုံက နံနက်ခင်း၏ လေပြည်ကို ညစ်ညမ်းစေသည်။

ထိုအကျည်းတန်သော မြင်ကွင်းက မနေ့ညက မိမိဘာတွေလုပ်ခဲ့သည်၊ ဘာတွေဖြစ်ခဲ့သည်ကို သတိရစေသည်ပဲပေါ့။

ထိုကြောင့်ပင် မိမိအိပ်ရာ ထထချင်း ပထမဆုံးလုပ်ဖြစ်သည့် အရာမှာ ဆေးလိပ်ခွက်ကို သွန်၍ သန့်စင်မိခြင်း ပါပဲ။

-------------------------     -------------------------------     -----------------------------------

လောကတွင် မိမိအလေးစားဆုံး တန်ဖိုး အထားဆုံးအရာကို ပြစမ်းပါဟု ဆိုလျှင်တော့ တည်ငြိမ်နေသော မျက်လုံးအစုံကလေးများကို ပြမိလိမ့်မည်။

နံနက်ခင်း၊ နေ့လည်ခင်း အချိန်များတွင် တည်ငြိမ်နေသော မျက်လုံးအစုံများကို မိမိမဆိုလိုပါ။ ထိုမျက်လုံးများကိုလည်း အထူးတလည် မိမိစိတ်မ၀င်စားပါ။

ထိုအချိန်များတွင် မိမိမျက်လုံးများလည်း တည်ငြိမ်နေသည်ပဲ မဟုတ်လား။

သို့ပေမယ့် ညနေခင်းနှင့် ညဦးပိုင်းအချိန်များတွင် တည်ငြိမ်နေသော မျက်လုံးများအား ပိုင်ဆိုင်သူများကိုဖြင့် မိမိအထင်မကြီးဘဲ မနေနိုင်။

သူတို့ မျက်လုံးလေးတွေ တည်ငြိမ်နေကြသည်။ သူတို့လှုပ်ရှားမှုများ ဖျတ်လတ်နေကြသည်။ သူတို့စကားလုံးများ လေးနက်နေကြသည်။ သူတို့သည် ရယ်ဖွယ်မကောင်းသော ဟာသများကို ပြောဆို၍ ရယ်မောနေတတ်ကြသူများလည်း မဟုတ်ပါ။

ထိုကဲ့သို့ ညဦးပိုင်းအချိန်များတွင် မိမိမျက်လုံးများ မတည်ငြိမ်နိုင်ကြပါ။ ရီဝေနေကြသည်။ အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေကြသည်။ သို့ဖြစ်၍လည်း အပုပ်ချိန်ဟု ခေါ်ဆိုကြသည့် ညဦးပိုင်း အချိန်များတွင် မျက်လုံးများတည်ငြိမ်နေကြသည့် ပုဂ္ဂိုလ်များကို မိမိလေးစားမိခြင်းပါပဲ။

“အငယ်လေး”
မိမိနှင့် တစ်ရုံးတည်း၊ မိမိထက်အဆင့်ငယ်သူ လုပ်ဖော်ကိုင်ဖက် တစ်ဦး၏ ဇနီး။

လှသည်၊ နုပျိုတောင့်တင်းသည်။ မြူးကြွသည်။ သွက်လက် ချက်ချာလွန်းသည်။

မိမိတို့ရပ်ကွက်ထဲတွင်နေသည်။ မိမိနှင့် သုံးအိမ်ကျော် လေးအိမ်လောက်တွင် နေသည်။

လကုန်ရက်များတွင် မိမိထံသို့ ငွေလာလှည့်လေ့ရှိသည်။ ကြည်ကြည်ဖြူဖြူနှင့် ချေားငှားမိခဲ့သည်ပါပဲ။ ကြည်ဖြူ သည်မှ တစ်ခါတစ်ခါ အကြွေးပြန်တောင်းဖို့ပင် မေ့နေတတ်သည်။ မိမိအပေါ် အစ်ကိုအစ်ကို နှင့် အငယ်လေး အချွဲပိုလာခြင်းမှာ ထို့ကြောင့်လည်းဖြစ်နိုင်သည်။

တစ်ညနေတော့ အငယ်လေးရုပ်ရှင်မသွားမီ မိမိနှင့် ရုတ်တရက် အကြည့်ခြင်းဆုံမိကြသည်။ အငယ်လေး အကြည့်ကတော့ ပြည်တီတီနှင့် “ ရှင် လူအ” ဟု ဆိုနေသယောင်ပင်။

မိမိရှေ့တွင် ဖြတ်သွားစဉ်က မိမိနှာခေါင်းဝသို့ တိုးဝင်ခဲ့သည့် အငယ်လေး၏ မွှေးရနံ့ မိမိရင်ခုန်သံကို တဒုန်းဒုန်းမြည်စေသည်။သည်အထဲ အငယ်လေးက သမင်လည်ပြန် လှည့်ကြည့်သွားသေးသည်။

သည်ညတော့ ပိုင်ပြီ။

တိုက်တိုက်ဆိုင်ဆိုင် ငွေလှိုင်ကလည်း သူ့အမေအိမ်ပြန်နေသည်။ အငယ်လေး ခင်ပွန်းကလည်း ခရီးယာယီ ထွက်နေရသည်။ သည်ညတော့ အငယ်လေးတို့အိမ်မှာ အငယ်လေးတစ်ယောက်တည်း။ အငယ်လေး ရုပ်ရှင်ရုံမှ အပြန်ကို မှောင်ရိပ်ခို၍ စောင့်ရသည်။ အင်္ကျီအိတ်ထဲတွင် ပါလာသော ပုလင်းပြားကိုလည်း ဖွင့်ရသေးသည်။ ရေ နှင့် ရမ် အသင့်ရောစပ်လာခဲ့ခြင်းပါပဲ။

အငယ်လေး ရုပ်ရှင်မှပြန်လာပြီး အိမ်တံခါးသော့ဖွင့် နေသည်ကို အေးဆေးစွာ မိမိစောင့်ကြည့်နေသည်။ ထို့နောက် အိပ်ခန်းအတွင်းသို့ အငယ်လေးနောက်မှ ပေါ့ပါးစွာ လိုက်ဝင်သွားမိသည်။

“ စောင့်လိုက်ရတာ အငယ်လေးရယ် ”

“ အမလေး......လန့်လိုက်တာ ”

အာမေဋိတ်သံနှင့်အတူ နောက်သို့ ရုတ်တရက်လှည့်လာသော အငယ်လေး၏ ကိုယ်ခန္ဓားလေးကို စွေ့ခနဲ နေအောင် မိမိထွေးပိုက်မိသည်။ နွေးထွေး  အိစက်ပါဘိခြင်း၊ မွှေးရနံ့တွေ သင်းပျံ့ပါဘိခြင်း။ နောက်ခဏ အကြာမှာတော့ စိန်ပွင့်ကလေးများ ငွေကြယ်ကလေးများ......။

---------------------------------     ---------------------------------     ------------------------------

တရှုပ်ရှုပ် ငိုကြွေးနေသော ငွေလှိုင့် ရှိုက်သံကြောင့် အိပ်ရာမှနိုးလာရသည်။ သံတိုင်များအကြားမှ ဒုက္ခသည် သားအမိကို လှမ်း၍မြင်ရသည်။

ကလေးငယ်ကို ကျောတွင်ပိုးလွယ်ပြီး နို့ညှာကို လက်မှ ဆွဲကိုင်၍ မလှုပ်မယှက် ရပ်နေသော ငွေလှိုင်။ လေးနှစ်အရွယ် သားငယ်ကမ်းပေးသော မွေးပွ လက်ကိုင်ပုဝါအဖြူလေးကို သံတိုင်ကြားမှ လှမ်းယူမိသည်။ စပ်ဖျဉ်းဖျဉ်းဖြစ်နေသော နဖူးကိုတို့၍ လက်ကိုင် ပုဝါကလေးကို  ပြန်ကြည့်မိသည်။ အဖြူလက်ကိုင် ပုဝါပေါ်မှာ အနီရောင် အစွန်းအထင်းကလေးများ။

သည်တော့မှ သတိထားမိသည်။ မိမိနားအုံတွေ နာကျင်နေသည် ။ မိမိမျက်လုံးတစ်ဘက်က အမြင်မှုန်ဝါး နေသည်။

“ရှက်လိုက်တာမောင်ရယ်၊ ငယ်သံပါအောင် အငယ်လေး အော်နေတာတောင် မောင်ကမလွှတ်ဘူးဆို၊ ကိုယ့်ကိုကိုယ် လူမှန်းသူမှန်းမသိအောင် သောက်ရတယ်လို့ မောင်ရယ် ”

ဆယ်နှစ်ကျော်သာ ကွားဝေးသေးသော်လည်း ထိုအတိတ်ကို မိမိသဲကွဲစွာ မမှတ်မိ။ ပြန်စဉ်းစား ကြည့်တော့လည်း မှုန်ဝါးဝါးသာ။

“ ကိုဘမောင်ကြီးကလဲ ဒေါသကြီးလိုက်တာ၊ ဘေးအိမ်ကလူတွေ အဆွဲမြန်လို့သာပေါ့၊ မဟုတ်ရင် မောင့်ကို အသက်ရှင်လျက်တောင် ငွေလှိုင်တွေ့ရမှာ မဟုတ်ဘူး ”

အငယ်လေးတို့အိမ်နှင့် တစ်အိမ်ကျော်မှ အငယ်လေး၏ အစ်ကိုအရင်း ကိုဘမောင်၏ တုတ်ခိုင်သော လက်မောင်းများကို မျက်စိထဲတွင် မြင်လာမိသည်။

ပြောရင်းနှင့် ငွေလှိုင် တရှုပ်ရှုပ် ငိုနေပြန်သည်။ 

“ မောင် အလုပ်ပြုတ်သွားလဲ ငွေလှိုင်အရေးမစိုက်ပါဘူး၊ အကြော်ရောင်းပြီး မောင့်ကို ငွေလှိုင်ကျွေးထားနိုင် ပါတယ်။ ဒါပေမယ့် ကလေးတွေ သိတတ်တဲ့အရွယ်ရောက်ရင် ငွေလှိုင်ဘယ်လို ရှင်းပြရမလဲ၊ ဒီတစ်ခု အတွက်ပဲ ငွေလှိုင်ယူကျုံးမရ ဖြစ်မိတာပါမောင်ရယ် ”

ဟုတ်ပါတယ် ငွေလှိုင်ရယ်၊ လူ့ကျင့်ဝတ် သိက္ခာဆိုတာ နှင်းပွင့်ပမာ ဖြူဖွေးသန့်စင်နေဖို့ အမှန်တကယ် လိုအပ်ပေတာပဲ။ 

ငွေလှိုင့် စကားကြောင့် မိမိငယ်စဉ်က ဖေဖေမကြာမကြာ ပြောဖူးလေ့ရှိသော စကားတစ်ခွန်းကို ဖျတ်ခနဲ သတိရမိသည်။

“ သား.....လူလေး၊ လောကမှာ လူဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ် တော်တော်များများကို မလုပ်မိရင်၊ သိပ်မသိသာဘူး၊ ဒါပေမယ့် .........မလုပ်သင့် မလုပ်ထိုက်တာ တစ်ခုကို လုပ်လိုက်မိတာနဲ့ ဘ၀မှာ တစ်ခါတည်း ကိစ္စပြတ်သွားတတ်တယ် ”

ရဲစခန်းအတွင်းရှိ စားပွဲတစ်လုံးပေါ်မှ ဆေးလိပ်ခွက်တစ်ခွက်ကို မိမိလှမ်းမြင်နေရသည်။ ဆေးပေါ့လိပ်တိုများ၊ စီးကရက်တိုများ။ 

မိမိသာ အချုပ်ခန်းအပြင်ဘက်သို့ ခေတ္တထွက်ခွင့် ရလျှင်ဖြင့် ထိုဆေးလိပ်ခွက်အတွင်းမှ ဆေးလိပ်တိုများကို အမှိုက်ပုံးထဲသို့ သွန်ပေးမိပေလိမ့်မည်။

ယခင်ကတော့ ဆေးလိပ်မသောက်တော့ဘူး။ အရက်မသောက်တော့ဘူးဟု မကြာမကြာ ဆုံးဖြတ်ခဲ့ဖူးသည်။ သို့သော် ညနေပိုင်းရောက်လာသည်နှင့် အရက်သောက်မိသည်။ ဆေးလိပ်သောက်မိသည်။ ဆေးလိပ်ခွက် ကိုလည်း အဖော် လုပ်ဖြစ်မိသည်။

နောက်တစ်နေ့ မိုးလင်းလျှင် ဆေးလိပ်ခွက်ကို ကြည့်၍ နောင်တရ၍ မဆုံး။ သို့ဖြစ်၍လည်း အိပ်ရာထထချင်း ဆေးလိပ်ခွက်ကို သွန်မိသည့် အကျင့်ပါလာသည်။ မိုးလင်း၍ ဆေးလိပ်ခွက်ကို သွန်လိုက်ရ လျှင် ရင်ထဲတွင် တစ်မျိုးပေါ့သွားသည်။

ယခုတော့ရင်မှာ မပေါ့ပါးနိုင်ပါ။ ခဲဆွဲထားသလို လေးလံဖိစီး နေသည်။ တစ်ကယ်တော့လည်း ဘ၀ဆိုတာ ဆေးလိပ်ခွက်တစ်ခွက်ကို သွန်ပစ်ပြီးသန့်စင်သလို သန့်စင်လို့ရတဲ့ အရာမျိုးမှ မဟုတ်ဘဲလေ။ 


နီမင်းဆွေ
ချယ်ရီမဂ္ဂဇင်း
၁၉၈၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ


Sunday, March 27, 2011

ရေးတော့အမှန်

ရေးတော့အမှန်

ဟိုတစ်လောက စာနယ်ဇင်း စာမျက်နှာတွေပေါ်မှာ စာရေးဆရာများကို စာမူခတိုးပေးရေးအတွက် ရေးကြတာ ဖတ်လိုက်ရသည်။ အားတက်သရော ၀ိုင်းပြီးရေးကြ၊ ပြောကြ၊ ဆွေးနွေးကြတာ ပျော်စရာကြီး ဖြစ်၏။

     သို့ရာတွင် စာနယ်ဇင်း ထုတ်ဝေသူတွေဘက်ကတော့ စာမူခတိုးပေးရေးအတွက် ဘယ်လိုစီစဉ် ထားပါတယ် ၊ ဘယ်လိုစိတ်ကူးရှိပါတယ် ဆိုတာမျိုး တုံ့ပြန်မှုနည်းပါးတာကိုတော့ စိတ်မကောင်း ဖြစ်ရ၏။ (ကိုယ့်အသိစိတ်ဓါတ်နှင့်ကိုယ် တတ်နိုင်သလောက် စာမူခ တိုးပေးကြရှာသော စာနယ်ဇင်းအချို့ကိုတော့ အားနာပါရဲ့။)

       သတင်းစာထဲက လူထုအော်သံ အခန်းမှာ ပါတတ်သည့် “ လမ်းထိပ်က အမှိုက်ပုံ ဖယ်ရှားပေးပါ ” ဆိုသော တောင်းဆိုမှုမျိုးကိုတောင် “ လမ်းထိပ်က အမှိုက်ပုံ ဖယ်ရှားပြီးဖြစ် ” ဆိုတာမျိုး ဂရုတစိုက် ဖြေရှင်းတတ်ပါသေးသည်။
       ကျွန်တော်စဉ်းစားမိတာကတော့ တကယ်လို့သာ ခုလို စာမူခနှုန်းထားနဲ့ပဲ ဆက်ပြီး စခန်းသွားနေကြတယ်ဆိုရင် စာမူခလေးကိုသာ အားပြုပြီး အသက်ဆက်နေရရှာသော စာရေးဆရာများ ခမျာ လာမည့် ၂၀၀၀ ခုနှစ်များတွင် အောက်ပါအတိုင်း လုပ်ကိုင်စားသောက် နေကြရတာကို တွေ့ကောင်း တွေ့မြင်ရလိမ့်မည်။

(၁)

      ဘတ်စ်ကားမှတ်တိုင်သို့ ဟိုင်းလတ်ကားတစ်စီး ထိုးစိုက်လာ၏။ နေ့လယ်ပိုင်းမို့ ခရီးသည် နည်းနည်းပါးနေသည်။ စပါယ်ယာက အော်ဟစ်ပြီး လူခေါ်လိုက်၏။

       “ ရန်ကုန်....ရန်ကုန် ၊ မင်္ဂလာဈေး၊ ဆူးလေ၊ လာ...ညီမလေး ဖြည်းဖြည်းတက်၊ ခြင်းတောင်း အစ်ကို ကိုင်ပေးထားမယ်၊ ဟိုအဒေါ်ကြီး တည့်တည့်ထိုင်ပါဗျာ၊ တစောင်းကြီး လုပ်မနေနဲ့၊ ဘေးတန်း ခုနှစ်ယောက်ရတယ်၊ ခက်တာပဲ၊ ခဏလေး ဆရာရေ....၊ တစ်ယောက်လိုက်ဦးမယ်၊ သြော်....ဟုတ်ကဲ့၊ မာမူလဲ လိုက်မယ်၊ ချန်မထားနဲ့လား၊ လာ...သွက်သွက်ကလေး”

       “ ဟေ့ကောင် နောင်ဝင်းထွန်း၊ အတွယ်အတာ စွပ်တင်မနေနဲ့နော်၊ ရှေ့မှာ လှည့်ကင်းရှိတယ် ” 

 ရှေ့ခန်းမှ ဒရိုင်ဘာ မင်းခိုင်ဦးက အင်တာကွန်းမှ လှမ်းအော်သည်။

    (၁)

       ခြေစွယ်ငုတ်တာကို ဖော်ရတာ အလွန်သတိထားရသည်။ နာသွားလျှင် ဖောက်သည်ပျက်မှာ စိုးရသည်။ တကယ်တော့ သူက ဓားကိုင်ကျွမ်းကျင်ပြီးသား။ လုပ်ရာ ကိုင်ရာမှာလည်း သန့်ရှင်းသည်။ ခြေမနှင့်ခြေသည်းကို အရက်ပြန်ရွှဲရွှဲစွတ်ပြီးမှ လုပ်ငန်းစသည်။ ကိရိယာတွေကိုလည်း မီးဖြင့် သေသေချာချာ ကင်သေးသည်။ မကြာခင်မှာပင် စူးဝင်နေသော ခြေစွယ်ကိုဖော်ပြီး လှီးထုတ်ပစ်လိုက်၏။ ပြီးတော့ ဆေးရည်တို့ထားသော ဂွမ်းစဖြင့် အုပ်ပေးလိုက်သည်။

       ဖောက်သည်ကြီးသည် ကျေနပ်သွားဟန်ဖြင့် ငွေငါးဆယ်တန် တစ်ရွက်လှမ်းပေးသည်။ လာနေကျ ဖြစ်သောကြောင့် သူ့နာမည်ကိုတောင် သိနေသည်။

       “ တစ်ချိန်လုံး စူးပြီး နာနေတာဗျာ၊ အခုပဲ နေသာထိုင်သာ ရှိသွားတော့တယ်၊ ကျေးဇူးပဲဗျာ၊ ကိုဖေမြင့်၊ အင်း.....ရောက်တုန်းရောက်ခိုက် ဇိမ်ခံလိုက်ဦးမှပါပဲ ”

       ဟု ပြောပြီး နားဖာကလော်သည့် ကီဝီဆီ လျှောက်သွားသည်။ မောင်သွေးသစ်ကတော့ တရုတ်ကြီးတစ်ယောက်ကို ဇက်ကြောဆွဲ၊ နှိပ်နယ်။

(၃)

       မြို့ပတ်ရထားပေါ်တွင် လမ်းလျှောက်ဈေးသည်တွေ ခြေချင်းလိမ်နေ၏။ ခရီးသည်တို့၏ ၀ယ်လိုအားနှင့် အချိုးချကြည့ှ်လျှင် ဈေးသည်အရေ အတွက်ကတောင် များနေသလားထင်ရ၏။ သည်အထဲက တစ်ယောက်သော်ကား.....

       “ လျက်ဆားနော် လျက်ဆား၊ ဆရာကြီး ဦးမောင်မောင်ကိုယ်တိုင် ဖော်စပ်တဲ့ လင်းယုန်တံဆိပ် အစာကြေလျက်ဆား၊ ဟစ်တလာတောင် မေတ္တာပွားရတဲ့ လျက်ဆား၊ ချေဂွေဗားရားတောင် လေကြေအောင် စားရတဲ့လျက်ဆား ”

       သူက အာဘောင်အာရင်းသန်သန် အော်သော်လည်း ၀ယ်မည့်သူ မရှိ။ သူ့လိုပင် ဈေးရောင်းသူ တစ်ဦးဘေးမှာ လာရပ်ပြီး မေးသည်။

       “ ဘယ်လိုလဲ ကိုအောင်ဆွေ ရောင်းကောင်းရဲ့လား”

       “ မကောင်းပါဘူး၊ ကိုမြတ်ဆွေရာ၊ ခင်ဗျားကော ဘယ်လိုလဲ ” 

       “ ဒီလိုပါပဲ၊ အာပေါက်အောင် အော်မှ တန်ကာကျတယ်၊ ကဲ.....သွားဦးမယ် ကိုအောင်ဆွေ ”

ကိုမြတ်ဆွေကလည်း နှုတ်ဆက်ပြီး ထွက်သွားသည်။ နှုတ်မှလည်း သူ့ရောင်းကုန်ကို အော်ဟစ် ကြေငြာသွား၏။

       “ တနင်္လာ သားသမီးတွေ ထီပေါက်ကိန်း ရှိတယ်တဲ့၊ အပျိုကြီးတွေ ကလေးမရနိုင်ဘူးဆိုပဲ၊ လာပြီနော် လာပြီ ၊ ဟောဒီမှာ ဆရာရှမ်းဗေဒင် ဟောစာတမ်းတွေ ”

(၄)

“ ဟုတ်မှလဲ လုပ်စမ်းပါ မောင်မောက်ရာ ”

“ မပိုင်ပဲ ပြောပါ့မလား ကိုဇော်နောင်ရယ်၊ ဒီတစ်ခါ ကျိန်းသေပါဗျ ” 

“ကျိန်းသေပေါင်းက များနေပြီ၊ ဟိုတစ်ခါလဲ ပွဲသိမ်းပဲ ဆိုလို့ အောလိုက်တာ အုံနာခတောင် ပေးစရာမရှိဘဲ ဖြစ်သွားရသေးတယ်၊ ဒီတစ်ခါကော ဘယ်သူပေးတာလဲ ” 

“ ဘိုးတော် ဆရာအောင်ပွင့်ပေးတာ ၊ တည့်တည့်ကြီးပြောတာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော့်ရှေ့မှာပဲ ပဲကြီးလှော်ခြောက်စေ့ကို ညက်နေအောင် ၀ါးစားပြတာ၊ ခြေက်တစ်လုံးကတော့ ကျိန်းသေပဲ ” 

“ ကဲ တစ်နေ့ တစ်နေ့ ဒါနဲ့ပဲ ပြီးနေတာပဲ၊ အလုပ်ကော လုပ်စားကြဦးမှာလား၊ ဒီနေ့ ဖတ်စ်ဂိတ် ဘယ်သူလဲ၊ ဒီမှာ ဈေးကွေ့သွားချင်လို့တဲ့ ” 

       ဦးသင်းခိုင်ကြီးက လှမ်းအော်သည်။ သူတို့နှစ်ယောက် ခရီးသည်ကို လှမ်းကြည့်လိုက်၏။ ပြောင်းဖူးပြုတ်သည် မသန်းမြင့်အောင်ကို တွေ့လိုက်ရသဖြင့် ရှုံ့မဲ့သွားကြ၏။ မသန်းမြင့်အောင်မှာ တုတ်တုတ်ခိုင်ခိုင်နှင့် အလေးချိန်စီးရုံမျှမက သူ့ပြောင်းဖူးပြုတ်တောင်းကလည်း တနင့်တပိုးကြီး။ ပြီးတော့ အချင်းချင်းတွေပဲဟာဆိုပြီး ဈေးဆစ်တတ်သေးသည်။ ထို့ကြောင့် သူတို့က မလိုက်ချင်။

       “ ဦးသင်းခိုင်ပဲ လိုက်ပို့လိုက်ပါတော့၊ ဒီမှာ ဂွင်ဆင်းကလေးတွေ ပြစရာရှိသေးလို့ ” ဟု မောင်မောက်က လှမ်းပြောသည်။ ဦးသင်းခိုင်က မျက်စောင်းခဲ၍ 

        “ ဟဲဗီးတွေဆိုရင် င့ါပဲ ခိုင်းနေ ” ဟု ဆူအောင့်အောင့် ရေရွှတ်ရင်း ဆိုက်ကားကို တွန်းထုတ် သွား၏။ 

(၅) 

       သူသည် ပင်ကိုက အသားလတ်သူသာ ဖြစ်၏။ ခုတော့ နေပူထဲမှာ ဈေးရောာင်းနေရသဖြင့် အသားတွေ ညိုညစ်ညစ်ဖြစ်ကုန်ပြီ။ သို့ရာတွင် ၀မ်းရေးအတွက်မို့ စိတ်ပျက်မနေနိုင်။ သနပ်ခါးဘဲကြား လိမ်းပြီး အသံကုန် အော်ဟစ် ရောင်းရသည်။ သူကား နုနုရည်။

       “ ရေခဲရေ အေးအေးလေး သောက်ချင်ရင် ဒီကိုလာ၊ လင်လိုချင်ရင် အောင်ကျော်တိုးဆီသွား၊ အဲ...ဟုတ်ပေါင် ၊ အိမ်လိုချင်ရင် ကြည်စိုးထွန်းဆီသွား ”

       “ ခင်ဗျားလဲ အိမ်ကလူကြီးပဲ အမြဲ သတိရနေတာပဲ ”

ဘေးမှ ကွမ်းယာသည် မောင်သွေးချွန်က ပြောသည် ၊ နုနုရည်က “ အို ...သတိရတာပေါ့၊ ကိုအောင်ကျော်တိုး ခဗျာ ရေစည်လှည်းတွန်းရတာ ဘယ်လောက်ပင်ပန်းတယ် မှတ်သလဲ ”

မောင်သွေးချွန် ရယ်မည်ပြုပြီးမှ ရှုံ့မဲ့သွား၏။ ဗိုက်ကိုနှိပ်လိုက်ပြီး 

“ ကျွန်တော့် ကွမ်းယာဘန်းကလေး ခဏလောက် ကြည့်ပေးထားစမ်းပါဗျာ၊ အရေးထဲ ဗိုက်ကနာလာလို့ အိမ်သာပြေးလိုက်ဦးမယ်၊ ဒီနေ့ ဘယ်လိုဖြစ်လဲ မသိဘူး၊ သုံးခါရှိပြီ ”

ပြောရင်း ခပ်သုတ်သုတ် လစ်ထွက်သွား၏။ တစ်ဖက်မှာ ထိုင်နေသော စာကလေးဗေဒင် ဆရာမ မသီတာက......

“ ဖြစ်မှာပေါ့ ၊ ဦးကြူးနစ်ကြီးရောင်းတဲ့ ၀က်သားတုတ်ထိုးတွေ စားတာကိုး ” ဟု လှမ်းပြောသည်။

(၆)

       ပလတ်စတစ် အပြာရောင်အမိုး မိုးထားသော်လည်း နေရှိန်သည့် ဒဏ်ကိုတော့ အလူးအလဲ ခံနေရ၏။ သို့ရာတွင် ပူတာ ၊ အေးတာ၊ ဂရုမစိုက်နိုင် ၊ တစ်ချိန်လုံး တကုပ်ကုပ်ရေးနေမှ တော်ကာကျသည်။ ဒါနဲ့လည်း မစားလောက်လို့ အပိုအလုပ်တစ်ခု ထပ်လုပ်ရသေးသည်။ ခုလည်း စာမူ တစ်ပုဒ်ကို  အပူလှိုင်းအောက်မှာ သည်းကြီးမည်းကြီး ရေးနေတုန်း လူတစ်ယောက် ရှေ့မှာလာရပ်သည်။ မော့ကြည့်လိုက်တော့ သူက ဂက်စ်မီးခြစ်တစ်လုံးကို လှမ်းပေးသည်။ လက်ထဲက ဘောလ်ပန်ကို ချလိုက်ပြီး မီးခြစ်ကို လှမ်းယူလိုက်၏။ ဘီအိုင်စီ အမျိုးအစား မီးခြစ်ဖြစ်၏။ ဒါမျိုးက လက်ဝင်သည်။ မကျွမ်းကျင်ဘဲ လုပ်လို့မရ၊ ထို့ကြောင့် ရိုးရိုးမီးခြစ်တွေထက် ဈေးပိုယူရသည်။

“ဆယ်ငါ့ကျပ်တော့ ကျမယ်နော် ” ဟု ကျွန်တော်ပြောလိုက်၏။


မင်းလူ
(အလင်းတန်းဂျာနယ်၊ ၂၀-၉-၉၉)
    

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More