Saturday, June 4, 2011

ကြက်ဖ

ကျွန်တော်တို့ ပြိုင်ပွဲအကြောင်းကို မရေးမီ ကျွန်တော်တို့ ရှစ်တန်းနှစ်တွင် ရရှိခဲ့ကြသော အတန်းပိုင်ဆရာ ဦးထွန်းဇော် အကြောင်းကို အရင်ရေးမှ ရမည်ဖြစ်သည်။

ဆရာသည် တရုတ်နည်းနည်းစပ်သည်ဟု ကျွန်တော်ထင်သည်။ အသားဖြူဖြူ၊ အရပ် ငါးပေ ကိုး လက်မခန့်၊ ကိုယ်လုံးကျစ်ကျစ်လျစ်လျစ် တောင့်တင်း၍ ဖြောင့်စင်းသောနှာတံ၊ အတန်ငယ် ထူသော နှုတ်ခမ်းနှင့် မျစ်ရစ်မပါပဲ စူးရှသွယ်လျသည့် မျက်ဝန်းများကို ပိုင်ဆိုင်သည်။ ဆရာ့တစ်ကိုယ်လုံးမှာ အထူးခြားဆုံးမှာ စူးရှသွယ်လျသော မျက်ဝန်းများပင်ဖြစ်သည်။ ဆရာသည် စကားနည်းသည်။ Text Book မကိုင်၊ မြေဖြူခဲ တစ်ချောင်းကို တိုက်ပုံအင်္ကျီထဲ ထည့်ထားသည်။ ဒတ်(စ်)တာ ရှာမတွေ့လျှင် တခြားဆရာတွေလို မတ်တပ်ရပ်ခိုင်းတာတို့၊ ဆူတာပူတာတို့ မလုပ်ဘဲ သူ့တိုက်ပုံ အင်္ကျီလက်နှင့်ပင် ပွတ်ဖျက်ပစ်လေ့ရှိသည်။ ဒါကို ဆရာမတစ်ယောက်က “တပည့်တွေရှေ့မှာ လုပ်တာဆိုတော့ တပည့်တွေကို နည်းကောင်းတွေ သင်ပေးနေတာပေါ့ ” ဟု ခနဲ့သည်ကို ဆရာက.....

“  အရေးမကြီးတာကို အပြစ်မရှာဖို့ရယ်၊လေးဆယ့်ငါးမိနစ်ပဲရတဲ့ အချိန်ထဲမှာ Duster ကို အချိန်မပေး နိုင်တာကြောင့်ပါ၊ ၀တ္ထုဖတ်ပြီး ဆီးထုပ် စားပြတာလောက်တော့ မဆိုးဘူးထင်တာလည်း ပါတာပေါ့၊ ကောင်းတော့ မကောင်းဘူး ပေါ့လေ ” ဟု ပြန်ဖြေခဲ့သည် ဟုဆိုသည်။ ဆရာသည် စကားနည်းပြီး အနေအထိုင် ခွကျသည့်အပြင် မည်သည့်ဆရာနှင့်မျှလည်း မတည့်ဟု ကျန်ဆရာမများက ဆိုကြသည်။ ဆရာက ဒီနှစ်မှ ကျောင်းပြောင်းလာခြင်းဖြစ်ပြီး ရောက်ရောက်ချင်း ရှစ်တန်းတစ်ဆောင်လုံးမှာ အညံ့ဆုံး ဖြစ်သော ကျွန်တော်တို့အတန်းကို အတန်းပိုင်အဖြစ် ရခြင်းဖြစ်သည်။

ဆရာသည် စကားပြောတာတို့၊ အစားအသောက် စားတာတို့ကို ဆူလေ့မရှိပါ။ ကျောင်းစိမ်းမ၀တ်တာ ကိုလည်း ဆူလေ့မရှိပါ။ “ ကျောင်းစိမ်းဝတ်ထားရင် မင်းတို့ကို ကျောင်းသားမှန်းသိမယ်၊ တစ်ခုခု ဖြစ်ရင် အကူအညီပေးမယ်၊ နေရာပေးမယ်၊ ဦးစားပေးမယ်၊ ကိုယ့်အတွက် အတိအကျ အကျိုးပေးမယ့် ကိစ္စကြီးကို မလုပ်ချင်တာတော့ မင်းတော့သဘောပဲ ” ဟု သာ ခပ်ဆတ်ဆတ်ပြောသည်။ ကျွန်တော်တို့ အတန်းသည် ကျောင်းစိမ်းမ၀တ်လျှင် အပေါ်တစ်မတ် အောက်တစ်မတ်ပေးရသော A ခန်းလောက် ကျောင်းစိမ်းပျက်ကွက် မရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆရာသည် ဆရာမတွေနှင့် မတည့်တာဟု ပြောသူက ပြောကြသည်။

ဆရာက ကျွန်တော်တို့ကို သိပ်မရိုက်တတ်သော်လည်း ဆရာ၏ သေးငယ်ကျဉ်းမြောင်း စူးရှလှသော မျက်ဝန်းဒဏ်ကို ကျွန်တော်တို့ မခံနိုင်ပါ။ ထို့ကြောင့်ဆရာ့ကို ကြောက်ကြပါသည်။ ဆရာကတော့ သူ့ကိုကြောက်ဖို့ တစ်ခါမျှမပြောဖူးပါ။

အခုကျွန်တော်တို့ဆရာက ကျောင်းတက်ပြီး သုံးလခန့်သာ ရှိသေးသည်။ ကျွန်တော်တို့ အတန်းကို သူ့သဘောနှင့် သူ စာမေးပွဲစစ်ချ လိုက်သည်။ ကျွန်တော်မှတ်မိလောက် တစ်ယောက်မျှ မအောင်ပါ။သို့သော် ဆရာသည် စိတ်လည်းမဆိုး၊ ရိုက်လည်းမရိုက်ပါ။ 

“ ဒီလို အဖြေမှန်ကို သိရတာ ၀မ်းသာတယ်ဟေ့၊ ငါက ဒါမျိုးမှ ကြိုက်တာ၊ ကဲ....အင်္ဂလိပ်စာ တစ်ဘာသာတည်းကို အမှတ်အများဆုံး ၁၂ မှတ်ရပြီး ကျတဲ့ ပထမရကျောင်းသား ထစမ်းဟေ့ ”

ကျွန်တော့်သူငယ်ချင်း ကျော်ဦးက စပ်ဖြဲဖြဲနဲ့ ထပါတယ်။ ဆရာက ကျေနပ်သလို ပြုံး၍ ခေါင်းညိတ်သည်။ 

“ ကဲ....ပြီးတော့ ဘာသာစုံကျတဲ့ အထဲမှာ ဘဲဥ နှစ်လုံးရတဲ့ စန္ဒာလင်းလက်ဆိုတာ ထစမ်းဟေ့ မြင်ဖူးထားချင်လို့ ”

ကျွန်တော်တို့အတန်းထဲမှာ ရုပ်အချောဆုံးဟု သိထားသော စန္ဒာက ထရပ်သည်။ သူလည်း ရယ်လျက်ရှိ၏။ 

“ ကဲ...စန္ဒာလင်းလက်၊ ကျော်ဦးဘေးမှာ သွားထိုင်၊ ကျော်ဦးက အတန်းထဲမှာ အတော်ဆုံးဆိုတော့ အညံ့ဆုံး ဖြစ်တဲ့ စန္ဒာ့ကို ဆရာလုပ်တော့၊ စန္ဒာ စာမရရင် စာမှားရင် စန္ဒာလင်းလက်ကို မရိုက်ဘူး၊ သူ့ဆရာ မင်းကိုရိုက်မယ် ကျော်ဦး၊ ငါပြောတာ နားလည်လား၊ ကဲ...မကြည်မာ ဒုတိယရတယ်၊ ထစမ်း ”

အဲဒီလိုနဲ့ ဆရာက အဆင့်(၁) နဲ့(၅၉) ၊ (၂) နဲ့ (၅၈) စသည်ဖြင့် တွဲပေးသည့် အတွက်ကျွန်တော်တို့ အတန်းထဲမှာ ဆရာတပည့် စုံတွဲ အစိတ်တိတိ ရှိပါသည်။ ဆရာများက တပည့်များကို အနားတွင် ထားကြရသည်။ 

ဆရာ့စည်းကမ်းက ဆရာမှားလျှင်တစ်ချက်၊ တပည့်မှားလျှင် ငါးချက် ရိုက်လေ့ရှိသည်။ တပည့်မှားလျှင်  ဆရာက ၀င်ဆို ၀င်တွက်ပေးပြီး ဆည်ခွင့်မရှိ။ အရိုက်ခံရဖို့သာ ရှိသည်။ ဆရာမှားလျှင် တပည့်က ၀င်ဖြေပေး၊ ၀င်ဆို၊ ၀င်တွက် ပေးပြီး ကယ်၍ ရသည်။ ထိုအခါတွင် တပည့်က ဆရာဖြစ်ပြီး ဆရာက တပည့် ပြန်ဖြစ်ပါသည်။ ထို့ကြောင့်ဆရာ့ကို မကြိုက်သော တပည့်များမှာ ဆရာစာမရတာနှင့် ကြုံသော အခွင့်အရေးကို လက်မလွှတ်ပဲ ဆရာပြန်ဖြစ်ရေးကို မပြတ်ချောင်းနေကြတတ်သလို ဆရာမှ စာမရ၍ တပည့်ပြန်ဖြစ်နေသော တပည့်ကလည်း ဆရာပြန်ဖြစ်အောင် စာကျက်ရလေသည်။

ထိုစနစ်ကြောင့် ကျွန်တော်တို့ ဘိတ်ချေး (အီး) အခန်းမှာ ပထမခြောက်လပတ်တွင် ကျဝံ့သူမရှိ၊ စံချိန်ကို တင်နိုင်ခဲ့လေသည်။ ထိုခြောက်လပတ် စာမေးပွဲတွင်လည်း ဆရာက ထုံးစံအတိုင်း အဆင့်များကို ခေါက်ချိုးချိုးပြီး တွဲပေးခဲ့ပြီး ဆရာတပည့် စုံတွဲ (၂၅) တွဲ စာသင်စေပြန်ပါသည်။ ထိုအတွဲတွင် ကျွန်တော်၏ တပည့်လုပ်ရသူက ရင်ရင်အိဆိုသော ကောင်မလေးဖြစ်သည်။

ထိုရင်ရင်အိမှာ ၀တုတ်မကလေးဖြစ်ပြီး ဥာဏ်ကလည်း ထိုင်းလေသည်။ ရယ်လိုက်လျှင် ကလေးလေးနှင့် တော်တော်တူပြီး ငိုလျှင်တော့ ဘီလူးပေါက်စ ကလေးနဲ့ တူ၏။ထို့ကြောင့် ရင်ရင်အိသည် အမြဲတမ်း ဘီလူးမကလေး ဖြစ်သည်။ မိန်းကလေးမို့ ကျက်စာများတွင် ကျက်အားကောင်းသောကြောင့် မသိသာသော်လည်း တွက်သည့်ချက်သည့် နေရာတွင်မတော့ အတော်လေးကို ဒုံးဝေးပါသည်။ သင်လေမှားလေ မသင်ပဲထားတော့ ဘာမှမသိလေ ဆိုသည့်အထဲတွင် ရင်ရင်အိသည် ထိပ်ဆုံးမှရှိလေသည်။ ထို့ကြောင့် ကျွန်တော်ဒီအခါ ကျောင်းဆရာတွေထက် ပို၍ ကြိုးစားရလေသည်။

ဆရာလုပ်ပေးထားသော system က တပည့်မှားလျှင် ဆရာကို အားရပါးရတွယ်သော system ဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုယ်ထက် သူ့ကို ပို၍ အားထုတ်ရပါသည်။ ထိုအခါတွင် စာတစ်ပုဒ်ကို ကိုယ့်အတွက် အရကျက် ဖို့အပြင် သူနားလည်အောင် ပြောဆိုသင်ပြရသည့်အတွက် ပုံမှန် စာကျက်ခြင်းထက် ငါးဆလောက် အားထုတ်ရလေသည်။ ကျွန်တော်က ဥပမာ ဥပမေယျ မျိုးစုံဖြင့် သူ့ကို သင်ရသည့်အတွက် ထိုစာတစ်ပုဒ်မှာ ကျွန်တော့်အတွက်တော့ ဖွတ်ဖွတ်ညက်ညက်တင်မက ဒွတ်ဒွတ်ဒက်ဒက်ပါ ကြေလေသည်။

“ နင်ကလည်းဟာ လက္ခဏာ တူတာတွေကို မြှောက်ရင် အပေါင်းဟာ ၊ မတူတာကို မြှောက်ရင်အနုတ် ၊ ဒါလေးကို နင်သိထားရင် ဘယ်လိုလုပ် မှားတော့မှာလဲ၊ ဒီမှာ +3 နဲ့ +9 ကို ပေါင်းရင်....”

“ + 12 ” 

“ ကဲ...ဟုတ်နေပြီပဲဟာ၊ +7 နဲ့ +4 ကို မြှောက်ရင် ....”

“ အင်း...ဟို....+1 +21

“ OK..OK... - 6 နဲ့ - 8 ကို ပေါင်းရင် ”

ရင်ရင်အိ ပုံစံက တွေဝေသွားသည်။ ကျွန်တော့်ကို တစ်ချက်ကြည့်သည်။

“ဟို...(-)

“ ဘာ...”

“ မဟုတ်ဘူး..(+) ”

ကျွန်တော်စိတ်ဓါတ်ကျသွားသည်။ ကျွန်တော်က (-) ကို ဘာ...အော်လိုက်တော့မှ (+) ဖြစ်သွားခြင်း ဖြစ်သည် မဟုတ်လား။ လက္ခဏာ နှစ်မျိုးတည်း ရှိတာမို့ ဒါ ရမ်းသော အဖြေမှန် ဖြစ်ကြောင်း သိရသည်။ 

“ နင့်ကို ငါပြောထားတယ်ဟာ၊ လက္ခဏာ တူရင် (+) ၊ မတူရင် (-) ဆိုတာ ၊ ဒီမှာ အနုတ် အနုတ်ချင်း တူနေတော့....”

“ အနုတ် ”

ကျွန်တော်လဲသေချင်စိတ်သာ ပေါက်သွား၏။ စာသင်လျှင် ဒေါသနှင့် သင်၍ မရကြောင်း ကျွန်တော်သိသဖြင့် ဒီနေ့ ထူပူအူပြီး ရူးရူးကြောင်ကြောင်နှင့် ရင်ရင်အိကို လမ်းကြောင်း ပြောင်း၍ သင်ရ သည်။ (+) နှင့် (-) ကိစ္စကို မသင်တော့။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ (+) နှင့် (-) ကို သူသိအောင် ဘယ်လို လုပ်ရမလဲ ဆိုသည့်စိတ်က ကြီးစိုးနေခဲ့သည်။

ဆရာက ဘောမှာ တွက်ချက်ပေးသည့်အခါ ကျွန်တော်ကမှန်ပြီး သူက ခဏလေးမှားတာနှင့် ကျွန်တော် ငါးချက် အတီးခံရတော့မည်။ နောက်ဆုံးမှာ (+) နှင့် အနုတ်အတွက် အကောင်းဆုံး ဥပမာကို ရရှိသွား၏။ ကျွန်တာ် အရမ်းပျော်သွားသည်။

“ ကဲ...နင့်ကို ငါ ဥပမာ တစ်ခုပေးမယ်၊ သူငယ်ချင်းကို (+) ဆရာတွေရော အိမ်က အဖေ အမေတွေရောက ခွင့်မပြုတဲ့ သမီးရည်းစားဆိုရင် (-)ဟုတ်ပြီးလား၊ရည်းစားထားရင် အကုန် ဒုက္ခရောက်တာပဲပေါ့၊ ဟုတ်လား ”

“ အေးပါ သိတယ်၊ ဘာတွေ ပြောမှန်းလဲ မသိဘူး ”
“ ခဏလေးပါဟာ၊ ကဲ ...ယောက်ျားလေးတွေကို (+) လို့ သဘောထားပြီး မိန်းကလေးတွေကို (-) လို့ သဘောထားရမယ်၊ ဟုတ်ပြီလား ”

“ အေး...ငါသိပြီ ”

“ ဒီတော့ ကျားကျားချင်း (+) ရင်”

(+) ပဲရမယ် သူငယ်ချင်း ”

“ မ, မ ချင်း ပေါင်းရင် ”

(+) ပေါ့ဟ ၊ သူငယ်ချင်းပဲလေ ”

“ ကျား (+) နဲ့ မ (-) တွေ့ပြီး ပေါင်းကြရင် ”

(-) ပေါ့ ၊ သမီးရည်းစား၊ ဒုက္ခရောက်ကြပြီ ”

ကျွန်တော် ရင်ရင်အိလက်ကို အားရပါးရကိုင်ပြီး နှစ်ယောက်သား အားရပါးရ ရယ်ကြ၏။ ကျွန်တော့် ဘ၀မှာ စာသင်ရတဲ့ အရသာကို ပထမဦးဆုံး အရှိန်အဟုန် ကြီးကြီးနဲ့ ခံစားလိုက်ရတာပဲ ဖြစ်သည်။ တပည့်ကောင်း ရှိတဲ့ဆရာဟာ သိပ်ပျော်စရာကောင်းမှာပဲလို့လည်း တွေးလိုက်မိသည်။ ဆရာ၊ဆရာမတွေ ကို တခြားအသုံးအဆောင် ပစ္စည်းတွေနဲ့ကန်တော့တာကတစ်မျိုး၊ အဲဒီ ဆရာ ၊ ဆရာမ ကိုယ်တိုင် တီထွင်ထားတဲ့ နည်းစနစ်တွေနဲ့ သင်ခန်းစာကို အခက်အခဲမရှိ ရယူပြီးတော့ ကျော်ဖြတ်နိုင်တာက တစ်မျိုးဆိုတာကို ကျွန်တော်လုံးဝ သဘောပေါက်သွားခဲ့ပြီး အဲဒီနေ့ကစလို့ ဘယ်ဆရာမဆို စာသင်တဲ့ အခါ ကိုယ်ပိုင် ဟန်ကလေးနဲ့ ဘယ်လိုသင်သလဲဆိုတာကို သတိထားပြီး အဲဒီဟန်ကို အရယူ၊ ကျွန်တော်ကြိုးစား ခဲ့ပါသည်။ ထိုနည်းနှင့် တပည့်တာဝန်ကျေရန် ကျွန်တော်ကြိုးစားခဲ့သည်။

ကျွန်တော်နှင့် ရင်ရင်အိတို့ (+) (-) ကိစ္စတွေ ပြီးသွားတဲ့နောက်ရက်တွေမှာ ကျန်တဲ့ ဘာသာရပ်တွေပါ သင်လို့ ကောင်းလာသည်ကိုသတိ ထားမိလာ၏။ ရင်ရင်အိ ကလည်း တပည့်ကောင်း၏ အရသာကို ခံစားတတ်လာဟန်တူသည်။ တစ်နေ့တော့ ရင်ရင်အိက ကျွန်တော့်ကိုစကား တစ်ခွန်းပြောသည်။

“ ရဲဝင်း...သီရိရဲ့ ပါတနာ ယမင်းက ငါ့ကို စိန်ခေါ်နေတယ်၊ သူနဲ့ ငါနဲ့ပြိုင်မယ်တဲ့ ”

“ ဟင်....ဘယ်လိုဖြစ်လို့ ပြိုင်ရမှာလဲ ”

“ ယမင်းနဲ့ငါနဲ့ ပုစ္ဆာပြိုင်တွက်တော့ ငါကမြန်လည်းမြန်တယ် မှန်လည်းမှန်နေတော့ သူက မကျေနပ်တာက စတာ၊ သူ့က သူ့ Guide ကို သွားခေါ်ပြီး ငါ့ကိုချွတ်တော့ ငါကမြေပုံဆွဲပြီး စက်ရုံ(၂၈) ရုံကို နင့်ကဗျာအတိုင်း ထည့်ပြလိုက်တာပေါ့ ”

“ အဲဒါတော့ နင်မှားတယ်၊ ယမင်းကို နင်ဘာမှသွားပြိုင်စရာ မလိုဘူး၊ ငါနင့်ကို သင်ပေးတာ ဆရာပြောတဲ့အတိုင်း စာမေးပွဲမှာပြိုင်ဖို့ ”

“ သူက လာစိန်ခေါ်တာကိုးဟာ၊ အခုလည်း သူတို့က နင်နဲ့ပြိုင်မလို့တဲ့ ”

“ မပြိုင်ပါဘူး၊ ဘာဖြစ်လို့ ပြိုင်ရမှာလဲ ”

“ အဲဒါတော့ ငါလည်းမသိဘူးဟာ၊ သူက နင်နဲ့ပြိုင်မယ်တဲ့၊ သူရှုံးရင် သူ့ပါတနာ ယမင်းကို နင်နဲ့ထည့်လိုက်မယ် တဲ့ ”

“ ဘာ....ဘာ....ဘယ်လို ”

ကျွန်တော် တအံ့တသြ စကားဆိုတော့ ရင်ရင်အိက ပြုံးလေသည်။ ပြီးတော့ ရင်ရင်အိက တည်ငြိမ်သော မျက်နှာထားနှင့် ကျွန်တော့်ကိုပြောသည်။
 
“ ဒီလို ရဲဝင်းရာ ၊သူက တပည့် တပည့်ချင်း မပြိုင်ချင်ဘူး၊ ဆရာချင်း ပြိုင်ချင်တာတဲ့ ”

“ ဆရာချင်း”

“ အေး...ငါကလည်း နင့်ဘက်က မခံချင်ဘူးပေါ့ဟာ...၊ သီရိက နင့်လောက်မကျွမ်းဘူးဆိုတာ ငါသိတယ် ရဲဝင်း၊ ပြိုင်ရင်နင်ပဲနိုင်မှာ ”

“ ဟာ...ဒါပြိုင်စရာ ပွဲမှမဟုတ်တာ ”

“ အေး သူကတော့ မုန့်စားကျောင်းဆင်းချိန်မှာ နင်နဲ့တွေ့ချင်တယ်တဲ့၊ ပထမတော့ စာနဲ့ရေးပြီး ချိန်းတာပဲ၊ ဒါပေမယ့် ဘာဖြစ်လို့လဲမသိဘူး၊ စာကို ရေးပြီးမှ ဆွဲဆုတ်ပစ်လိုက်ပြီး ငါ့ကိုပဲ နှုတ်နဲ့ပဲ ချိန်းလိုက်တာ ၊ နင်သွားမယ် မဟုတ်လား ရဲဝင်း ”

ကျွန်တော် တော်တော်လေး စဉ်းစားရသည်။ ကျွန်တော့စိတ်ထဲမှာ အတန်းတူ အသက်တူချင်း ဆရာလုပ်ရတာကို အရသာတွေ့နေသလိုလို ရှိတာကိုတော့ ကျွန်တော်ဝန်ခံရမည် ဖြစ်ပါသည်။ဒါပေမယ့် ကျွန်တော်က သိပ်အတော်ကြီး မဟုတ်ဆိုတာကိုလည်း ကောင်းကောင်းနားလည်ထားသည်။ ဦးနှောက်က မှတ်ရခက်တာလေးတွေကို လွယ်အောင်ဘယ်လိုမှတ်ရမလဲ ဆိုတာလောက်ကိုတော့ ဥာဏ်နီဥာဏ်နက် ကလေးထုတ်ပြီး သုံးတတ်သည် ဆိုတာလောက်ပဲဆိုတာ ကျွန်တော်ကိုယ့် ကျွန်တော်သိပါသည်။

“ဆရာသိသွားရင် မကောင်းဘူးဟ၊ ပြီးတော့ ယောက်ျားလေးနဲ့ မိန်းကလေး၊ ငါမပြိုင်ချင်ဘူး ”

“ နင်ကလည်း....အဲဒါဆို သီရိက နင့်ကို ငကြောက်လို့ ထင်သွားမှာပေါ့ ”

အဲဒီအချိန်တုန်းက ထိုစကားသည် ကျောင်းသားတိုင်းကြောက်ကြသော စကားဖြစ်သည်။ ကျောင်းသားများ သည် သိတ္တိရှိသည် ဆိုခြင်းကို ဆန့်ကျင်ဘက် ကျောင်းသူများ သိစေချင်ကြသည်။ထို့ကြောင့် ကျောင်းရှေ့ အုတ်ခုံမှာထိုင်ရင်း တစ်ဖက်နှင့်တစ်ဖက်ရန်ဆောင်ပြီး ရိုက်ကြနှက်ကြသည်။ ရန်ဖြစ်ကြသည် ။ စိန်ခေါ်ထိုးပွဲတွေ၊ အုပ်စုလိုက်ချိန်းပွဲတွေ တာစားကြသည်။

ကျောင်းသူများကလည်း ထိုကဲ့သို့ ဆိုးမိုက်နေသူ ကျောင်းသားများကိုမှ ချစ်ကြသော၊ ရည်းစားထားကြသော ခေတ်ဖြစ်၏။ ရုပ်ရှင်ကားတွေကလည်း “မိုက်တယ်ဆိုတာ လွယ်ပါတယ် ” ၊ “ စိန် သို့မဟုတ် စိမ် ” ၊ “ ဗန်ဒိုလူလေးနဲ့ သူဇာ ” စသည့်ကားတွေ အောင်မြင်နေကြချိန်ဆိုတော့ ထိုအရှိန်တွေလည်း ပါမည်ထင်သည်။

ဒီတော့ ကျွန်တော်လည်း ငကြောက်ဆိုသော စကားကိုတော့ ဘာပဲဖြစ်ဖြစ်၊ အခေါ်မခံနိုင်ပါ။

“ငါက ကြောက်လို့မှ မဟုတ်တာ ၊ သူက မိန်းကလေးမို့ မပြိုင်ချင်ဘူးပြောတာပဲ ”

“ အင်း....အဲဒါလည်း ငကြောက်ပဲ၊ ပြိုင်လိုက်စမ်းပါဟာ ”

“ သူက ဘာပြိုင်မှာလဲ ”

“ စာပဲ နေမှာပေါ့ဟ ”

“ ဘယ်စာကို ဘယ်လိုပြိုင်ကြမှာလဲ ၊ဘယ်စာဆိုတာကို ဘယ်သူက ထုတ်ပေးမှာလဲ၊ ဒိုင်က ဘယ်သူလဲ၊ ဒီကိစ္စက လွယ်လွယ်ကလေးမှ မဟုတ်တာ ”

“ အဲဒါကြောင့်မို့ သီရိက ချိန်းတာနေမှာပေါ့ဟ၊ နင်မသွားရင်တော့ ငကြောက်ပဲ ရဲဝင်း ”

“ သွားမယ်ဟာ ၊ သူက ဘယ်ကိုလာရမှာတဲ့လဲ ”

“ မုန့်စားဆင်းရင် ဆယ်တောင်ပြည့် ဘုရားဝင်းထဲကို လာခဲ့တဲ့ ”

သီရိဆိုသည့် ကောင်မလေးသည် ကျွန်တော်တို့ အတန်းထဲမှာ ကျွန်တော့်လိုပဲ ဘယ်နေရာမှာမှ ဘာသံမှ မထွက်သော ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူ့ကို ကျွန်တော်သိသည် ဆိုသည်ကလည်း သာမန်ကျောင်းသူ တစ်ယောက်လို သိခဲ့ခြင်းမျိုးဖြစ်သည်။ သူနဲ့ကျွန်တော် အပြိုင်အဆိုင်မရှိ၊ မုန်းတီးမှု မရှိ၊ ရင်းနှီးမှုလည်း မရှိခဲ့ပါ။


အခုမှ သူက ကျွန်တော့်ကို အရေးတယူ သဘောထားပြီး ပြိုင်တာတွေ ဘာတွေလုပ်ချင်နေရသနည်း။ ကျွန်တော်စဉ်းစားသော်လည်း အဖြေမရပါ။

မုန့်စား မဆင်းခင် အတန်းထဲမှာ တွေ့ကြတော့လည်း အရင်က အတိုင်းပဲ ထူးခြားမှု ဘာမျှမရှိပါ။ ကြားထဲက ကျွန်တော့်တပည့် ရင်ရင်အိပဲ တမင်ချွန်တာလားဟု ကျွန်တော်ထင်လိုက်သေသည်။ သို့သော် မုန့်စားကျောင်းဆင်းလို့ ကျွန်တော်ကဘာရယ်မဟုတ် ၊သူ့ကို စူးစိုက်ပြီးကြည့်တော့ သူက တစ်ချက် မဲ့ပြုံးကလေး ပြုံးပြီးမျက်နှာကိုမော်၍ လွှဲထွက်သွားသည်ကို တွေ့ရသည်။

“ သွားမယ်လေ ရဲဝင်း ၊ သီရိက သွားနှင့်နေပြီ ”

“ နင့်ဟာက သူချိန်းတာ သေချာတယ်နော် ”

“ ဘာလဲ၊ နင်က ငါ့ကိုမယုံလို့လား၊ ငါ့က နင့်ကို ဘာကိစ္စနဲ့လိမ်ရမှာလဲ၊ ဒီလို ကိစ္စမျိုးကို ”

“ အေးပါဟာ.....ဟုတ်ရင် ပြီးရောပေါ့၊ သီရိကို ကြည့်ရတာက ဘာမှ မထူးဆန်းလို့ပါ”

ဆယ်တောင်ပြည့်ဘုရားဝင်းထဲကို ရောက်တော့ သီရိကို ယမင်းနှင့်အတူ ဒေးဗစ်ချန်း ဆီးထုပ်စားရင်း တွေ့ရသည်။ ကျွန်တော့်ကိုတွေ့တော့ ဘာသဘောလဲတော့မသိ။ သီရိက ဆီးထုပ်ထဲမှ ဆီးစေ့ကို နှုတ်ခမ်းထိပ်တွင် စုထားပြီး အားနှင့်မှုတ်ထုတ်ပစ်လိုက်သဖြင့် ဆီးစေ့က ကျွန်တော့ပခုံးပေါ်မှ ကျော်၍ ထွက်သွားသည်။ သူကတော့ မသိ။ ကျွန်တော်ကတော့ သီရိနှုတ်ခမ်းကလေး စုထားသော အိုက်တင်ကို သဘောကျနေမိသည်။

“ မဆိုးပါဘူး၊ သတ္တိတော့ ရှိသားပဲ ”

“ငါက ဘာဖြစ်လို့ သတ္တိမရှိရမှာလဲ၊ ငါမသိတာက ဘာကြောင့် ဘာကို ပြိုင်ချင်တာလဲ ဆိုတာကို မသိတာ ”

“ မကျေနပ်လို့ပေါ့ ”

“ ဘာကို မကျေနပ်တာလဲ ”

“ ဆရာကြီးလုပ်လို့ ”

ကျွန်တော်က နှုတ်ခမ်းတွေစုပြီး ကျွတ်ခနဲ အသံမြည်အောင် စုတ်လိုက်ပြီး ခေါင်းကို နောက်ဘက်သို့ လှန်ပစ်လိုက်၏။ အဲဒီစတိုင်လ်က အဲဒီအချိန်တုန်း ကတော်တော်လေးခေတ်စားသည်။ နောက်ပြီး ကျောပေးပြီး စကားပြောတဲ့ စတိုင်လ်လည်း ခေတ်စားသေး၏။ အဲဒါက ကျော်ဟိန်း လုပ်တာတဲ့၊ အဲဒီလို လုပ်ဖို့ စစ်အင်္ကျီကလည်း ၀တ်ရဦးမယ်တဲ့၊ ကျွန်တော်ကတော့ လုံချည် ခြေဖျားထွေးနဲ့ ခေါင်းမော့၊ နောက်လှန်ကျွတ်...စုတ်ရတဲ့ စတိုင်လ်ကို အကွက်ဝင်သည်ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ အမြဲလုပ်တတ်သည်။

ကျွန်တော့်အိုက်တင် ဆုံးတော့ ဆယ်တောင်ပြည့်ဘုရား အုတ်ခုံတန်းပေါ်မှာ တင်ပလွှဲထိုင်နေသော သီရိက ဖျတ်ခနဲ ခုန်ဆင်းသည်။

သို့သော် သီရိ ခုန်ဆင်းသော ခန္ဓာကိုယ်က သီရိဝတ်ထားသော စကတ်က နောက်ဘက်မှာ ဘာနှင့်ငြိနေသည် မသိ၊ သီရိကို ကုတ်ဆွဲထားသလိုဖြစ်ကာ ကျွန်တော့်မျက်နှာကို သူ့ခေါင်းနှင့် ပြေးဆောင့် သလို ဖြစ်အသွားမှာ ကျွန်တော်က အိုက်တင်ခံ၍ နောက်အလှန်နှင့် သွားကြုံသဖြင့် သီရိ အပေါ်ပိုင်း တစ်ပိုင်းလုံးက ကျွန်တော့်ရင်ထဲ ထိုးကျလာသည်။ ကျွန်တော်ကလည်း ထင်မှတ်မထားဘဲ သတိနှင့် တောင့်မထားနိုင်ဘဲ သီရိကို ဖက်ရင်း ပက်လက်လှန် လဲကျလေသည်။ စက္ကန့်နှစ်ဆယ်ခန့် လောကကြီး ဘာဖြစ်သွားမှန်း ကျွန်တော်မသိလိုက်၊ သတိဝင်တော့ သီရိက ကျွန်တော့်အပေါ်မှာ ပိလျက်ကြီး ဖြစ်နေသည်။ ကျွန်တော့်နောက်စေ့က ဆယ်တောင်ပြည့် ဘုရားအောက်ခြေ ပထမဆင့်နှင့် ရိုက်မိပြီး ပူလောင်နာကျင်လေသည်။

ကျွန်တော်တို့ အိမ်ကို ကိုယ်စီပြန်ကြရသည်။

“ ရဲဝင်းကို သီရိက အုတ်ခဲနဲ့ထုလို့တဲ့ကွ ” ဟူသော မှတ်ချက်ကို ကျွန်တော်ပြန်မရှင်းတော့ပါ။ “ ထုမှာပေါ့။ သီရိက စကတ်တောင် ပြဲနေတဲ့ဟာကို ” ဆိုသော စကားကိုသာ ချေပပါသည်။ ကျွန်တော့မျက်စိထဲမှာ စကတ်အပြဲကလေးကို ကိုင်ပြီး ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်ရင်း ၀မ်းနည်း၍လား၊ နာကျင်ထိတ်လန့် သွားလို့လားမသိ ငိုနေသော ကလေးလေးကို ပြန်မြင်ရင်း ချစ်နေရသည်။

ကံမကောင်း အကြောင်းမလှစွာပင် ထိုကိစ္စကို ဆရာဦးထွန်းဇော်က သိသွားခဲ့သည်။ ဆရာက ကျွန်တော်တို့ နှစ်ယောက်ကို မတ်တပ်ရပ်ခိုင်းပြီး ဖြစ်ပုံအကျဉ်းကိုမေးသည်။ သူ့ စာမေးပွဲ ကိစ္စလည်း ပါနေသဖြင့် ဆရာက တော်တော်သဘောကျသည်ကို တစ်တန်းလုံးရှေ့တွင်မှာပါ ကျွန်တော်တို့ နှစ်ယောက်ကို ထုတ်ဖော်ချီကျူး ခဲ့သည်။

“ အဲဒါ တရားသော ပြိုင်ဆိုင်ခြင်း၊လှပသော ပြိုင်ဆိုင်ခြင်းလို့ ခေါ်တယ်ကွ၊ ကျောင်းသားဟာ စာမှာပြိုင်တာ ကျက်သရေအရှိဆုံးပဲ၊ငါကတော့ မင်းတို့နှစ်ယောက်စလုံးကို ချီးကျူးတယ်၊ ရဲဝင်း ခေါင်းပေါက်တာနဲ့ သီရိ စကတ်ပြဲ နှုတ်ခမ်းပေါက်တာကတော့ မတော်တဆဖြစ်တာပါ၊ ဆရာဆိုတာ ကျောင်းသားကို နားလည်ပေးရမယ်ကွ၊ ဒါပေမယ့် ကျောင်းဝင်းထဲမှာ မနေဘဲ ဘုရားဝင်းထဲ သွားတာကတော့ အပြစ်ရှိတယ်၊ ဒီတော့ မင်းတို့ကို နှစ်ချက်စီ ရိုက်မယ်ကွာ ”

ဘာကြောင့်မှန်းမသိ ။ ဆရာရိုက်တာကို ခံရတာ မနာဟု ကျွန်တော်ထင်သည်။ ကျွန်တော်တို့တွင် ရှိသော ရိုက်သင့်သည့် အပြစ်ဒဏ်ကို သေသေချာချာ သိလိုက်ရလို့ပဲလား၊ ရိုက်တဲ့ ဆရာကိုက ပျော်ပျော်ရွှင်ရွှင် ကြီးနဲ့ ရိုက်လို့လားတော့ ကျွန်တော် မသိပါ။

သီရကို မေးကြည့်တော့လည်း “ အေးဟ...အဲဒီနေ့က ငါလည်း မနာဘူး ” ဟု ပြန်ဖြေခဲ့သည်။ ရိုက်ပြီး သွားသော်လည်း ဆရာက ကျွန်တော်တို့ ကိစ္စကို ပြီးသွားပြီဟု သဘောမထားခဲ့ ။

“ ကိုင်း ...မင်းတို့ ပြိုင်ကြမယ်ဆိုရင်တော့ မေးခွန်းလိုတယ်၊ စစ်ပေးမယ့် လူလိုတယ်၊ ဒဏ်တပ်မယ့် လူလည်း လိုတယ်မဟုတ်လား၊ အေး....အဲဒီနေရာကို ငါ ကျေကျေနပ်နပ်ကြီး သဘောတူတယ်ကွာ၊ ကဲ....ဘယ့်နှယ်လဲ”

ကျွန်တော်တိုက မကျေနပ်ဘူးလို့ သွားလုပ်လို့ရမှာလား ၊ ဒီတော့ ဆရာက ကျွန်တော်တို့ ဖြေရမယ့် ဘာသာရပ်ကို မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာနဲ့ အထွေထွေ ဗဟုသုတဆိုပြီး ခွဲသည်။ အဲဒီ အထွေထွေ ဗဟုသုတထဲမှာ ပထ၀ီတို့၊ သမိုင်းတို့၊ ဖိဆစ်တို့ကို ရောမွှေပြီး ထုတ်ထားသည်။ ကျွန်တော်ကလည်း ပထမ အစမ်းစာမေးပွဲ အတွက်ပြင်ဆင်ထားတာ ဆိုတော့ တော်တော်များများကို အလွတ်နီးပါး ရနေခဲ့သည့်အတွက် စာပြန်နွေးရုံ စာပြန်လေ့ကျင့်သလို ဖြစ်နေသဖြင့် ကျွန်တော်တို့အတွက် အလွန်အဆင် ပြေခဲ့ပါသည်။

ဆရာက ကျွန်တော်တို့ပြိုင်ပွဲအတွက် နိုင်သူကို Youth ဖောင်တိန်တစ်ချောင်း၊ စာအုပ်တစ်ဒါဇင် နှင့် ကွန်ပါဘူး အသစ်တစ်ဘူး ဆုချမည် ဖြစ်ပြီး ဒဏ်တပ်သည့်အနေဖြင့် ရှုံးသူက နိုင်သူ၏ တပည့်လုပ်ရမည် ဖြစ်သည်။ ကျွန်တော် စာတစ်ပုဒ် ကျက်ပြီးတိုင်း သီရိရော ကျက်၍ ရရဲ့လား ဆိုတာကို စိတ်ပူနေခဲ့သည်။ ကျွန်တော်နေ့တိုင်း သီရိကို ငေးမိနေသဖြင့် သီရိမျက်နှာက ကျွန်တော့်မျက်စိထဲမှာ စွဲနေခဲ့သည်။ စာမေးပွဲဖြေရန် လေးရက်အလိုမှာ ကျွန်တော်သီရိကို ချစ်နေပြီဆိုတာကို စာဖြင့် အသိပေးလိုက်သည်။သို့သော် သီရိထံမှ ဘာတုံ့ပြန်မှုမှ မရခဲ့။ ဒုတိယ၊ တတိယတစ်စောင်တွင်မတော့ ကျွန်တော်က ပြိုင်ပွဲမှာ ကျွန်တော့်ဘက်က အရှုံးခံမည်ဖြစ်ကြောင်း ထည့်ရေးတော့မှ သီရိက အဆုံးရှုံးခံစရာ မလိုကြောင်း၊ ကျွန်တော်က တော်ပြီးသားဖြစ်ကြောင်း ကိုသာရေးသည်။ ကျွန်တော်ခွင့်ပြုချက်အကြောင်းကို ဘာတစ်ခုမှ မပြောခဲ့။

နောက်ဆုံး စာတစ်စောင်ကိုတော့ စာမေးပွဲမဖြေခင် တစ်ရက်မှာ ပေးခဲ့သည်။ သီရိကလည်း ချက်ချင်းပင် စာမေးပွဲဖြေမည့်နေ့မှာ စာပြန်လာသည် ။ မုန်းတယ်တဲ့။ ကျွန်တော့်ရင်တွေ ပူကုန်သည်။ ဒီနေရာ တစ်ခုတည်း ကို ကျွန်တော်လုနေတာ မဟုတ်ကြောင်းကိုလည်း ရှင်းပြသည်။ ကျွန်တော် သီရိကို အရှုံးပေးမယ် စိတ်ကူးတာကလည်း သီရိကို စည်းရုံးတာမဟုတ်ဘဲ အနိုင်သက်သက် ရစေချင်တာ ဖြစ်ကြောင်းတွေကို ပြန်ရေးထည့်လိုက်သည်။ သို့သော် သီရိထံမှ စာပြန်မလာတော့ဘဲ စာမေးပွဲခန်းထဲသို့ ကျွန်တော် ၀င်ခဲ့ရသည်။

သီရိသည် ကျွန်တော် တရားဝင်ရည်းစားစာ ပထမဆုံးပေးခဲ့သော ရည်းစားဦးဖြစ်ပါသည်။ သီရိ မတိုင်ခင်က ဟိုလူ့ကို ကြိုက်သလိုလို ၊ ဒီလူ့ကို ချစ်သလိုလိုတော့ ရှိခဲ့ဖူးသည်။ သို့သော် တရားဝင်အဆင့်သို့ ရောက်မလာ။ သီရိကိုတော့ တစ်ကယ်ချစ်ပြီး စာရေးတဲ့အဆင့်၊ ပေးတဲ့ အဆင့်၊ ယစ်မူး ရင်ခုန်သည့် အဆင့်စသော ရည်းစားဦး အဆင့်တွေ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်းသွားခဲ့ရတာ အမှန်ပဲ ဖြစ်သည်။ ဥပမာ - သီရိကို စာပေးသောနေ့ ဆောင်းမနက်ခင်းကလေးသည် ကျွန်တော့်အတွက် အရမ်းကို ထူးခြားပြီး သိပ်သည်းကျစ်လျစ်သော ခံစားမှုကလေးနှင့် ယခုတိုင်ရှိနေသည်။ ထိုမနက်ခင်းကလေး၏ မွှေးရနံ့မှာ ဘယ်လိုဘယ်ပုံ ရနံ့ဆိုတာ ဥပမာရေးစရာ အရာဝတ္ထုပစ္စည်း ကျွန်တော် ရှာမတွေ့၊ ကမ္ဘလောကတွင်လည်း မရှိပါ။

ထို့ကြောင့် ကျွန်တော်သည် သီရိကို လုံးဝ အရှုံးပေးချင်နေသည်။ ချစ်သူက အနိုင်ရပြီး ချစ်သူ့အနားမှာ ချစ်သူ သင်တာကိုခံချင်သည်။ ချစ်သူ ငါးချက်အရိုက်မခံရအောင်  ကာကွယ်ပေးချင်ပါသည်။ ချစ်သူ သင်သမျှနှင့် ကျွန်တော် အတန်းတင်စာမေးပွဲကြီးကို အောင်မြင်အောင် ဖြေလိုက်မည်။ ထိုစာမေးပွဲ ကြီးသည် ချစ်သူနှင့် ကျွန်တော့်အတွက် အမှတ်တရ စာမေးပွဲကြီးကို ဖြစ်ရမည်။ ကျွန်တော့်တွင် တခြားအခြေအမြစ် မရှိလှသော စိတ်ကူးတွေလည်း သီရိနှင့် ပတ်သက်၍ ရှိနေသေးသည်။

အခုတော့ သီရိက ကျွန်တော့်ကို “ မုန်းတယ် ” လို့ ပြန်ရေးလိုက်ပြီ။ ကျွန်တော့်မှာ တိုင်းပြည် ပျက်သလို ခံစားလိုက်ရသည်။ ဘာကြောင့်မှန်းမသိ ငိုချင်နေသည်။ ဘာကြောင့်မှန်းမသိ ကျွန်တော့်ကို “ မုန်းသည် ” ဟု ပြောသော ရေးလိုက်သော သီရိကိုလည်း ချက်ချင်းပင် မုန်းပစ်လိုက်သည်။ ရည်းစားဦးတွေ ဘာဖြစ်လို့ မခိုင်မြဲကြသလဲ ဆိုသည့် အချက်မှာ ရည်းစားဦးမို့ ခံစားချက်တွေ အားလုံးက အရိုင်းဆန်နေကြတာ အမှန်ပဲ ဖြစ်သည်။ အချစ်ကလည်း အသစ်၊ သံယောဇဉ်၊ စိတ်ကူး၊ တွယ်တာမှု၊ မြတ်နိုးမှု၊ ရင်ခုန်သံ၊ သတိရစိတ်၊ တမ်းတစိတ်၊ အလွမ်း စသည့် ခံစားမှု အားလုံးက အသစ်ကျပ်ချွတ်တွေမို့ ဘယ်သူမှ နိုင်နင်းအောင် မထိန်းတတ်ချေ။ ထို့ကြောင့် ရည်းစားဦးများသည် ပထမဦးဆုံး အသစ်များ၏ ရနံ့ဖြင့် ဆုံးရှုံးခဲ့ရတတ်သောကြောင့် ရည်းစားဦးများကို မမေ့တတ်နိုင်ခြင်း ဖြစ်လေသည်။

ယခု သီရိကတော့ အချစ်ဦးသာဖြစ်သည်။

ကျွန်တော့်ကို ပြန်မချစ်သော ပထမဦးဆုံး “ မချစ်ဦး ” လည်း ဖြစ်ပါသည်။ စာမေးပွဲဖြေသည့် နေ့တွင် ကျွနတော်သည် တစ်စုံတစ်ရာမာနနှင့် ဒေါသအပြည့် ဖြစ်နေခဲ့သည်။ ဆရာဦးထွန်းဇော်တင်မက တစ်တန်းလုံးက စိတ်ဝင်စားကြသော ကျွန်တော်တို့ နှစ်ယောက်၏စာမေးပွဲကို အတန်းထဲမှာ ဖြေကြသည်။

ကျွန်တော်က သီရိကို ကြိုက်နေတာကို တစ်တန်းလုံးက သိထားကြသည်။ ဒီတော့ ကျွန်တော်က အရှုံးပေးလိမ့်မည်ဟု အသံထွက်နေသာ ကြောင့် ဆရာဦးထွန်းဇော်ကိုယ်တိုင် အားလျော့နေသည် ဆိုတာ သိရ၏။

သို့သော် စာမေးပွဲ မဖြေခင် ကျွန်တော်က သီရိအတွက် ရည်စူးဝယ်ထားခဲ့သော BIG ဘောလ်ပင်၊ ချွန်ထားပေးပြီးသား ခဲတံ ၊ ပေတံ၊ ခဲဖျက်နှင့် ကျွန်တော်ပြန်ရခဲ့သော မုန်းတယ်ဆိုသော စာကို ရခဲ့ခြင်းဖြစ်သည်။ ရှင်းခွင့်၊ ငြင်းခွင့် အချိန်မရှိတော့ဘဲ ကျွန်တော် စာမေးပွဲခန်းထဲသို့ ၀င်ခဲ့ရသည်။ သီရိက ဒီလိုဖြစ်အောင် တမင်လုပ်တာဟု ကျွန်တော် သိပါသည်။

သီရိသည် ကျွန်တော့်ကို မဲ့ပြုံးကလေး ပြုံးလိုက်၊ ဖြေလိုက်နှင့် လုပ်နေသေးသည်။ ပထမ ဆယ့်ငါးမိနစ်လောက် ကျွန်တော် ဘာမှ မဖြေနိုင်သေးပါ။ ဘာက စရေးရမည်ဆိုတာ ကိုပင် မရေးတတ်ဖြစ်နေခဲ့သည်။ နောက်တော့ ပူကျွမ်းသည့်ဒေါသနှင့် မခံချင်စိတ်၊ နာကြည်းစိတ်၊ ၀မ်းနည်းစိတ် တို့က ကျွန်တော့်ကို ခဏရူးသွားစေခဲ့သည်။ ကျွန်တော်သည် ရှေ့မှာရှိနေသည့် မေးခွန်းထဲက စာတွေကို ရန်သူတစ်ယောက်လို ဘဘောထားပြီး အကုန်ရေးချပစ်လိုက်သည်။

ဆရာသည်ပင်လျှင် ကျွန်တော့်ကို အံ့အားတွေ သင့်နေသည်။ သီရိကတော့ နားမလည်နိုင် ဖြစ်နေပုံရသည်။ ရင်ရင်အိက ခုန်နေ၏။ ပျော်လွန်းလို့ဟု ဆိုသည်။ သီရိကတော့ ကျွန်တော့်ကိုကြည့်ပြီး စာမေးပွဲကို အထိတ်တလန့် ဖြေလိုက်သေးသည်။ သို့သော် သီရိ နောက်ကျသွားလေသည်။

ကျွန်တော် အမှတ်အပြတ်အသတ်ဖြင့် သီရိကို အနိုင်ရရှိလေသည်။ သို့သော် ကျွန်တော်ကား ပျော်စရာ ဘာမျှ မရှိ။

“ နင် ငါ့ကို တမင်တကာလုပ်တာ မဟုတ်လား ရဲဝင်း ”

“ နင်က မုန်းတယ်ဆို ”

“ ငါက နင့်ကို စာမေးပွဲမဖြေခင် စတာလေ၊ ဒါကို နင်က လုံးဝ သည်းညည်းမခံဘူးပေါ့၊ နင် အရှုံးပေးမယ် ဆိုတော့ ငါက ဘာစာမှ သိပ်မကျက်ထားဘူးပေါ့၊ အမှန်ဆို ငါ နင့်ကို နိုင်တယ် ”

ထိုစဉ်က ဘယ်လောက်ရိုးသည့် ခေါ်ယူချိန်းတွေ့ ပြဿနာ ရှင်းနည်းဖြစ်ပါသနည်း။ “ ငါက စတာ ၊ နင်က တစ်ကယ်ထင်ပြီး နိုင်အောင် ဖြေတယ်ဆိုတော့ နင်ငါ့ကို ဖြူဖြူစင်စင်ချစ်တာတို့၊ မြတ်နိုးတာတို့ ဘယ်မှာလဲ ၊ အဲဒါတွေကို သိရအောင် ငါ တမင်စမ်းတာ ” စသည့် အခြေအနေကို အမိအရ အသုံးချသော ဥာဏ်ကစား စကားလုံးများ မပါရှိခဲ့။

“ ငါ နင့်တပည့် လုံးဝ မလုပ်နိုင်ဘူး ”

“ ဒါကတော့ ဆရာ့ကို ပြောလေ ”

“ ပြောဖို့ မလိုပါဘူး၊ နင်နဲ့ ငါ နှစ်ယောက်တည်း သိတဲ့ ပြိုင်ပွဲတစ်ခု လုပ်မယ်၊ အဲဒီပွဲမှာ ငါ နင့်ကို နိုင်ရင် ငါ နင့်တပည့် မဟုတ်ဘူးဆိုတာ လက်ခံလိုက်ပေါ့ ”

“ ဘာပြိုင် ရဦးမှာလဲ ”

“ ကြက်ဖခွပ် ”

“ ဘာ....”


ထို့ကြောင့် ကျွန်တော်သည် အခု ချစ်သူဦး မဖြစ်လိုက်ရသော ရည်းစားဦး ကလေးနှင့် ကျောင်းအနောက်ဘက် ခုံပျက်ကြီးတွေထားသည့် စတိုခန်းရှေ့ တွင်ရှိသော ကော်ရစ်တာ တွင် ရောက်နေခြင်းဖြစ်သည်။

ကျွန်တော်သည် ယောက်ျားလေးဖြစ်သည့်တိုင် ဘာကြောင့် ဒီကြက်ဖ ခွပ်ပြိုင်ပွဲကို သဘောတူလိုက်ရ သနည်း။ အဖြေကို နတ်ကောင်းနတ်မြတ်များနှင့် ပရိသတ် သိပါလိမ့်မည်။ ပြိုင်ပွဲစတော့ သီရိက သူ့စကတ်စ ကလေးကို ပေါင်ကြားနှင့် ခါးကြားတွင် ညှပ်၍ သေသေချာချာထည့်ပါသည်။ ထိုအချိန်တွင် ကျွန်တော်က  သူ့ပေါင်ရင်းတွင် အမာရွတ်ကြီး တစ်ခုကို တွေ့လိုက်ရ၏။ အမာရွတ် နေရာသည် အခြားအသား အရည်များနှင့် မတူပဲ အုန်းသီးပေါင်မုန့်၊ ပဲပေါင်မုန့်တို့ထဲမှ ပဲပေါင်မုန့်ထဲတွင် တွေ့ရလေ့ရှိသော ပဲယိုလို အရောင်မျိုး ဖြစ်ပါသည်။

“ နင့်ဒဏ်ရာက ဘာဖြစ်တာလဲ”

“ ရေနွေးပူလောင်တာ၊ ဘာဖြစ်လို့ ကြည့်နေတာလဲ ”

“ ငါ ကြက်ဖ မခွပ်ချင်ဘူး၊ ငါ နင့်ကိုချစ်တယ် ”

“ အပိုတွေ ပြောမနေနဲ့တော့၊ ကဲ...တစ်...နှစ်...သုံး ”

ပွဲစပြီး နှစ်မိနစ်အတွင်း ကျောင်းနောက် store ခန်းထဲသို့ ကျောင်းသားကျောင်းသူများ တဖွဲဖွဲ ရောက်လာကြသည်။ ယောက်ျားလေးတန်မဲ့ မိန်းမကြီး တစ်ယောက်လို ကြပ်ဖခွပ်နေရသော ကျွန်တော့်ကိုယ် ကျွန်တော် ကားအောက်သို့ ထိုးထည့်ထားလိုက်ချင် နေသည်။

တွေ့သမျှလူအားလုံးက ကျွန်တော့်ကို လှောင်ကြသည်။

“ ဒါက ဘာဖြစ်တာလဲ ”

“ တော်ပြီ၊ ငါအရှုံးပေးလိုက်ပြီ ၊ ငါ မရဘူး ”

“ နင် အကျင့်မယုတ်နဲ့၊ ပြီးတဲ့ အထိ ခွပ်ရမှာ ”

“ အဲဒါ ငါမသိဘူး၊ ငါသိတာ ငါရှုံးပြီ ”

ကျွန်တော့်ကို ခုခံခွင့်မရှိ ပယ်ပယ်နယ်နယ် လှောင်ပြောင်နေကြသည့် လူတွေကြားထဲက ကျွန်တော် ဖြတ်ထွက်လာခဲ့သည်။ ရင်ထဲမှာလည်း ရှက်လိုက်သည့်ဖြစ်ခြင်း ။ ဒီ “ ကြက်ဖခွပ်ခြင်း ” ကို သဘောတူတာက စပြီး ကျွန်တော်မှားခဲ့သည်။ ထို့ကြောင့် ကျွန်တော့်ကို “ ကြက်ဖ ” ဟု ချစ်စနိုး ခေါ်ကြသည်။

ထို့ကြောင့် ကျွန်တော့်ကျောင်းနာမည် အရင်းမှာ “ ကြက်ဖ ” ဖြစ်သွားသည်။ နောင်ကျတော့ လူတွေက ကျွန်တော့်ကို “ ကြက်ဖ ” ဟု မခေါ်ကြတော့ ။ ဘာကြောင့်မှန်း ကျွန်တော်လည်း မသိတော့။ သီရိကတော့ ဆယ်တန်းနှစ်ရောက်တော့ နှစ်ဝက်လောက်သာ တက်ပြီး ကျောင်းပြောင်းသွားခဲ့သော်လည်း ကျွန်တော့် ကို နာမည်လေး တစ်ခုတော့ပေးသွားခဲပါသည်။

အခု ကလေးတွေ “ ကြက်ဖ ” ခွပ်တာကိုမြင်တိုင်း လွမ်းရ၏။တော်တော် ကိုးရိုးကားရား နိုင်သော အစီအစဉ် ဖြစ်သည်။ အခု Rapper လောကမှာ နာမည်ကြီး Hip Hop အဆိုတော်တစ်ယောက်၏ နာမည်က “ ကြက်ဖ ” ဟု ဆိုသည်။

သူကတော့ ဘယ်လို “ ကြက်ဖ ” လဲ ကျွန်တော် မသိ။

ကျွန်တော်ကတော့ ရည်းစားဦး ကပေးခဲ့သာ ရှုံးခဲ့သည့် ကြက်ဖ တစ်ကောင်သာ ဖြစ်ပါသည်။



နီကိုရဲ

4 comments:

ကိုဇော် said...

ငယ်ငယ်က ကြက်ဖခွပ်နည်း ၇ မျိုးကိုလည်း မိန်းကလေးတွေ မယှဉ်နိုင်အောင် စွမ်းတယ်နော် ဟဲဟဲ.. .

ကိုထွဋ် said...

ကဲ ခွပ်လိုက်ကြစို့ သူငယ်ချင်း အောက် အီး အီး အွတ်.. :P

ahphyulay said...

အင်း....
တကယ်ပဲ ဖတ်လို့ ကောင်းခဲ့ တယ်၊ ကိုကိုကြက်ဖရေ့ ....
မချစ်ဦးနဲ့ ကြက်ဖ ခွပ်ခဲ့ ပုံကို မြင်ယောင်လာမိတယ်။
အဲ.. ကိုယ်လဲ လွမ်းသလိုလိုပါပဲ။ ဒါကို “ ရသ ” လို့ ပဲ
ခေါ် ရမလား..။

မအိမ်သူ said...

ဆရာနီကိုရဲ ရဲ့ စာတွေက ဟာသတွေဆိုပေမဲ့ အဲဒီဟာသရဲ့ နောက်ကွယ်ကပေးတဲ့ ရသက ရင်ထဲကို ထိတယ်။

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More