Thursday, May 26, 2011

ပြောမဆုံး မောမဆုံး ဘောလုံး....ဘောလုံး

ရှောမနိပ်ဥုက်က ဘောသမားကြီးပါ။ ငယ်စဉ်ကများဆိုရင် ဘောဆိုလာထား ကန်ပြီးသားဆိုသလို တွေ့သမျှဘော အကုန်ကန်ခဲ့တာ။ ရာဘာဘောလုံး ကော်ဘောလုံးဆိုတာတင်မက ကလေးဆော့တဲ့ ပူစီဖောင်း မကျန် ကန်ခဲ့တဲ့ ဘောသမားအစစ်ကြီးဗျ။

ခု...အသက်လေးက ရလာပြီဆိုတော့ ဘောကိုခြေထောက်နဲ့ မကန်ဖြစ်တော့ဘူး။ ခြေထောက်နဲ့မကန် ဘာနဲ့ကန်သတုန်းဆိုတော့ မျက်လုံးနဲ့ ကန်နေသဗျ။

ဟဲဟဲ .....မျက်လုံးနဲ့ ကန်တယ်ဆိုသဟာက ဘောပွဲကြည့်တာကို ဆိုလိုတာပါ။ အင်္ဂလိပ် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေ၊ ဂျာမန်ဘွန်းဒက်လီဂါ၊ မြန်မာအမ်အက်ဖ်အက်ဖ် ပါမကျန် မျက်လုံးနဲ့ လိုက်ကန်ဖြစ်နေတာပါပဲ။

အဲသလို အကန်ဘယ်လောက်များခဲ့သလဲဆို ကိုယ့်ဆွေမျိုး နာမည်သာ မေ့ချင်မေ့မယ်၊ ဟိုကောင်တွေ ကျတော့ ဖန်သားပြင်မှာ ယင်ကောင်အရွယ် အစားလေး မြင်ရင်တောင် ပီတာခရော့၊ တော့တီ အလွန်ဆို အိုဆေးဆိုပြီး ဘိုင်ဟတ်ပြောနိုင်သဗျ။


၂၀၁၀ ကမ္ဘာ့ဖလားကြီး တောင်အာဖရိကမှာဖြစ်တော့ လက်ဟောင်းဘောသမားကြီး ရှောမနိပ်ဥုက် ရေငတ်တဲ့ဖား ရေကန်ထဲကျသလို ပျော်ခဲ့ရသပေါ့ဗျာ။

ကမ္ဘာတစ်လွှား ဘောခရေဇီ မိတ်ဆွေများလည်း ရှောမနိပ်ဥုက်ကဲ့သို့ ပျော်ကြမော်ကြရတာပေါ့။ ကဲ....... ပွဲကြီးအောင်မြင်စွာ ပြီးစီးသွားတော့ ပြောမဆုံး မောမဆုံး ဖြစ်နေကြပြန်ပါရော။

ဘောပွဲတစ်လျှောက် ထင်တစ်လုံးနဲ့ ထင်ထားခဲ့တဲ့ မက်ဆီထင်တိုင်းမပေါက်၊ ရွန်းနီညံ့ဖျင်း၊ ကာကာ ခြေမပေါ်၊ စီရော်နယ်ဒို အလုပ်မဖြစ်၊ အီတလီဖျာလိပ်၊ အင်္ဂလန် အရှက်ကွဲ ဆိုတဲ့အကြောင်းတွေ၊ အာဂျင်တီးနားသား ဗိုလ်စွဲရင် ဖင်ချွတ်ပြီး မြို့တစ်ပတ်ပတ်မယ်ဆိုတဲ့ မာရာဒိုနာကြီးရဲ့ အကြောင်း စတာတွေ ပြောမဆုံးဖြစ်ခဲ့ကြတာ စုံနေတာပါပဲဗျာ။

အမယ်...ဥရုဂွေးက မော်ဒယ်လ်မလေးကလည်း မာယာဒိုနာလိုပဲ သူတို့ဂွေးသာ အနိုင်ရရင် လူပုံအလယ် လုံးတီးကမယ်ဆိုပဲ။တော်သေးတာပေါ့ဗျာ။ ဘုရားသခင်က အဲဒီလိုအရှက်နည်းတဲ့သူတွေကို မျက်နှာသာမပေးခဲလို့။ နို့မို့ဆို ခရုဆံကျွတ်တွေကို မတွေ့ချင် မြင်နေလျက်သား ဖြစ်နေဦးမှာ။

ဘောပွဲကြီးမှာ ထင်သူတွေမပေါက်ပဲ မထင်သူတွေ ပေါက်တာလည်းအများကြီးတွေ့နေရသဗျ။ အာဖရိကရဲ့ ဘူးဘူးပလွေဆို ကမ္ဘာကိုကျော်ရော။ အပေါက်တကာ့အပေါက်ဆုံးကတော့ မိတ်ဆွေတို့ သိတဲ့အတိုင်း ရေဘ၀ဲပေါလ်။အနှီကျောရိုးမဲ့ သတ္တ၀ါလေးရဲ့ ခန့်မှန်းချက်တွေက ကွက်တိမှန်ခဲ့တာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ဗေဒင်နက္ခတ်အကြားအမြင် ဆရာတွေတင်မက ဘောပွဲတစ်ပွဲ ကြိုင်တင်ခန့်မှန်းသူ ပညာရှင်တွေ၊ ဘောကလောင်ရှင် စာနယ်ဇင်းဆရာကြီးတွေပါ ပက်လက်လန်ကုန်ရောပဲ။

ဟယ်.....တိရစ္ဆာန်ကလူထက်မှန်သဟဆိုတဲ့ အကြောင်းကလည်း   ပြောမဆုံး   မောမဆုံး  ဖြစ်ရပြန်သပေါ့ဗျာ။  ရေဘ၀ဲပေါလ်ကို ဈေးကြီးပေးပြီး ဟိုလူဝယ်မယ် ဒီလူဝယ်မယ်ဆိုတဲ့ သတင်း။ တချို့နိုင်ငံတွေက ဂုဏ်ထူးဆောင်လက်မှတ်ပေးပြီး ဂုဏ်ပြုကြတဲ့သတင်း စုံနဖာစေ့ နေတာပါပဲဗျာ။ ၏

နောက်တစ်ယောက် ပေါက်ခဲ့တာကတော့ ရှာကီရာ။ ဒီကောင်မလေးက နဂိုကတည်းက ကမ္ဘာကျော်ပြီးသားပါ။ ကျော်သော်ငြား ဂီတလိုက်စားသူများသာ သိခဲ့ကြတာပါ။အခု ဘောလုံးပွဲကြီးရဲ့ အဖွင့်သီချင်းဆိုလိုက်မှ ကမ္ဘာမြေအနှံ့အပြား တောကြိုတောင်ကြား မကျန် ကလေးအစ ခွေးအဆုံး သိကြတာပေါ့ဗျာ။

ခွေးအဆုံးဆိုတာ တကယ်ပြောတာဗျ။ အိမ်မှာမွေးထားတဲ့ ခွေးကြီးအောင်နက်ဆို ရှာကီရာရဲ့ ၀ါကာ ၀ါကာဆိုတဲ့ အသံကြားတာနဲ့ ပြေးလာပြီး အမြီးနှံ့နေတာပဲဗျ။ ရှာကီရာ သီချင်းဆုံးလို့ တခြားအဆိုတော် ၀င်လာရင် ၀ုတ်ဝုတ်ဝုတ်ဆိုပြီး မကျေနပ်သလိုလုပ်တာ....အံ့ရော။

ကောင်မလေးကလည်း မြင်တဲ့အတိုင်းပဲ။ ရုပ်ကလေးကလှ၊ အသံကလည်းကောင်း ၊ ကအုပ်ကလေးချီပြီး က တော့ချစ်စရာ၊ ဟော အာဖရိကန်လို ခုန်ပေါက်တော့လည်း စွဲမက်စရာလေးကိုဖြစ်နေတာကိုး ။

ဝါကာ ၀ါကာက စိတ်ချမ်းသာစရာပါ။ ကမ္ဘာမှာ ၀ါကာ ၀ါကာ မြန်မာမှာလည်း ၀ါကာ ၀ါကာ ၊ ကြော်ငြာနှစ်ခု သုံးခုပြိုင်ပြီး ထွက်လာကြတာ ၀ါကာဝါကာ၊ ဘောဆို အသေကြိုက် ဘောမှန်သမျှ ပါးစပ်နဲ့ ကန်ခဲ့တဲ့ စတီရီယိုခေတ် အဆိုတော် အန်တီကြီးကလည်း ၀ါကာ ၀ါကာ ၊ ရှောမနိပ်ဥုက်ကိုက ၀ါကာဝါကာ အေ့အေ့ ဖြစ်နေကမင့်ဟာ၊ ဘာပြောကောင်းမလည်း ၊ ပျော်စရာကြီးပေါ့။ သြော်...... ဒါကလည်းပြောမဆုံးပါပဲ အရပ်ကတို့။

ဥက္ကာမင်းဆက်
ဟားခလုတ် (၃)စာအုပ်မှ

6 comments:

မြစ်ကျိုးအင်း said...

ကမ္ဘာ့ဖလားအချိန်က ကိုယ်တောင် ဝါကာ ဝါကာ ကြိုက်သွားသေး။ ယူကျူမှာ ၄၊ ၅ ခါလောက် ဖွင့်ကြည့်မိသေးတယ်။

Han Kyi said...

အခုတောင်မကြာမကြဖွင့်နေမိသေးတယ်...သံစဉ်ရော စာသားဖွဲ့စည်းမှုပါ ကောင်းသလို အာဖရိကန် ရိုးရာဂီတလေးလဲစွက်ထားတာကိုက ချစ်စရာဖြစ်နေတယ်...ဒါပေမယ့် မနေ့ညကပဲ မြ၀တီရုပ်သံမှာ ဗီဗာဟိန်းက ၀ါကာဝါကာကို မြန်မာမှုပြုပြီး ရှာကီရာမကတဲ့ ကကွက်ဆန်းတွေနဲ့ ရမ်းပြလိုက်တာ ငိုချင်စိတ်ကိုပေါက်ပါလေရော...

ကိုဇော် said...

ဒို့လည်း ရှာကီယာကို ရရင် လိုချင်တာပေါ့ . . အဲလေ. . . သီချင်းက ကောင်းတယ် လို့ ပြောတာ။

မိုးယံ said...

ရှာကီယာဆို တို့က ကြိုက်ပြီးသား။

မောင်သီဟ said...

ရှာကီရာဆို အသေလဲပဲ သီချင်းတွေကိုပြောတာပါး)း)

ဘောလုံးဆို ဝါသနာပါပြီးသားး)း)

Angelhlaing(May everybody be happy and healthy! said...

ညီမလေးလဲ ကြိုက်တယ်အကို...ရှာကီရာရဲ့ သီချင်းတွေကိုပါ..:)

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More