Thursday, December 23, 2010

လေထန်ဖုန်း

ကျွန်တော်သည် ၁၉၉၈ သြဂုတ်လထုတ် သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်းထဲတွင် “စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်” ဆိုသော ၀တ္ထုတစ်ပုဒ် ရေးခဲ့ပါသည်။ ကျွန်တော်ချစ်သော၊ခင်သော၊လေးစားသော စာပေနယ်သားများကို ဇတ်ကောင်များလုပ်၍ ကလူကျီစယ်ခဲပါသည်။ (ထို ၀တ္ထုကို သဘင်ဂျာနယ်တွင် ဆရာဆန်းထွန်းက ရုပ်ပြကာတွန်းအဖြစ် ထပ်ဆင့် တင်ဆက်ခဲ့ပါသေးသည်။)

ကျွန်တော်၏ရည်ရွယ်ချက်မှာ မတွေ့ဆုံဖြစ်တာကြာပြီဖြစ်သော ဆရာ ဆရာမများကို သတိရသောကြောင့် လည်း ဖြစ်၏။ စက္ကူဈေးတွေတက်၊ကုန်ကျစားရိတ်တွေကြီး၊ စာအုပ်တွေ အရောင်းကျသဖြင့် လေးလံထိုင်းမှိုင်း သုန်မှုန်နေသော စာပေလောကသားတို့ စိတ်ပြေလက်ပျောက်မချိပြုံးကလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေဆိုသော စေတနာလည်းဖြစ်၏။

ကျွန်တော့်ရည်ရွယ်ချက်သည် အထိုက်အလျောက်တော့ အောင်မြင်ပါသည်။ စာဖတ်ပရိသတ်များကကော ၀တ္ထုထဲ ပါဝင်သော ဇတ်ကောင်များကပါ သဘောကျနှစ်သက်ကြသည်ဟု အယ်ဒီတာ ဆရာကောက် က ပြောပါသည်။ (တကယ်ဟုတ်မဟုတ်တော့ မသိပါ။ နောက်ကို စာမူတောင်းလို့ကောင်းအောင် လည်ဆယ်ခြင်းလည်း ဖြစ်နိုင်ပါသည်။)

ပြဿနာလုံးဝ မရှိတော့မဟုတ်။ နည်းနည်းပါးပါးတော့ မကျေနပ်သံလေးတွေ ထွက်လာခဲ့ပါသည်။ တခြား မဟုတ် တချို့စာရေးဆရာတွေက ၀တ္ထုထဲတွင် သူတို့အခန်းတွေ နည်းသည်ဟု ဆိုသည်။ တချို့ ကျတော့လည်း သူတို့လို နာမည်ကြီးတွေကို ဇတ်ပို့ဇတ်ရံလောက်သာ နေရာပေးသဖြင့် နည်းနည်း စိတ်ခုသွားကြသည်ဟု ကြားသိရပါသည်။

ဒါ့အပြင် တချို့က “ ဒီလောက် ခင်မင်နေတဲ့လူတွေ ဖြစ်လျက်နဲ့ ငါတို့ကျတော့ ဘာကြောင့်ထည့်မရေး ရသလဲ” ဟု မချိတင်ကဲပြောကြသည်။ စာရေးဆရာမလေး ဂျူးဆိုလျှင် ခရီးလွန်နေသဖြင့် စတိတ်ရှိုးပွဲတော် မနွဲပျော်လိုက်ရလေခြင်းဟု ယူကြုံးမရဖြစ်ပြီးလျှင် ပရိုဗီမင် အလုံးသုံးဆယ် တစ်ခါတည်းသောက်ချလိုက် သည်ဟု သတင်းကြားရပါသည်။ စာရေးဆရာမလေး မိုနိုဆန်းကလည်း “ ဒို့များ တက္ကသိုလ်မှာတုန်းက အလှဘုရင်မ ရွေးပွဲမဏာမ အဆင့်မှာ အရန်အဖြစ်အရွေးခံရဖူးပါတယ်။ အတန်းထဲမှာ မိန်းကလေး ဆယ်ယောက်ရှိတာ န၀မ ချိတ်ခဲ့တယ်လေ၊ဒို့ရဲ့ အဓိကပြိုင်ဖက် ခင်ဖြူက တုတ်ကွေးမိလို့ နှုတ်ထွက်သွား တာကိုး” ဟု ဖုန်းဆက်ပြီး လှမ်းပြောသည်။

နဂါးစာပေမှ ကိုထွန်းဦးကလည်း မန္တလေးမှ ဖုန်းလှမ်းဆက်ပြီး သူသည်လည်း စာပေလောကသားတစ်ဦး ဖြစ်ကြောင်း၊ အထက်မြန်မာနိုင်ငံ အတွက် စာနယ်ဇင်းများကို အကြီးအကျယ် ဖြန့်ဖြူးပေးနေသော နာမည်ကြီး တစ်ဦးဖြစ်ကြောင်း၊ တကယ်လို့ သီချင်းစာသားထဲ ထည့်စပ်ဖို့ အခက်အခဲရှိလျှင်တောင် “နဂါးဆွန်နား အခြားဟဲ” ဆိုတာလောက်တော့ ထည့်ပေးသင့်ကြောင်း အရေးဆိုလာ၏။

နောက်တစ်ခုကတော့ ပန်းချီဆရာများ၏ စောဒကတက်မှုပင် ဖြစ်၏။ ကျွန်တော်၏ ၀တ္ထုထဲတွင် စာရေးဆရာ၊ ကဗျာဆရာ ၊ ကာတွန်းဆရာ၊ အယ်ဒီတာတွေ စုံလင်သော်လည်း ပန်းချီဆရာများထဲမှ မမွှေး တစ်ယောက်သာ တစ်ခန်းလောက် ဖျတ်ခနဲပါခဲ့သည်။ ကျွန်တော်သည် ပန်းချီဆရာများနှင့် အတော်လုံးလုံး ထွေးထွေး နေခဲ့ဖူးသဖြင့် သူတို့ကို ၀တ္ထုထဲမှာ နေရာမပေးမိခြင်းအတွက် စိတ်မကောင်းဖြစ်ရပါသည်ဟု ဆိုပါသည်။

ထိုအကြောင်းကို ဖွင့်ဟပြောသူမှာ ဆရာမောင်ဒီဖြစ်၏။ သူနှင့်ကျွန်တော်မှာ ညီအစ်ကိုတမျှ ခင်မင်သူများ ဖြစ်၏။ ထို့ကြောင့်နောက်ဆက်တွဲ အဖြစ် ရေးသားဖော်ပြရမည်ဟု အကျပ်ကိုင်လေသည်။ တစ်ခုရှိတာ ဆရာဒီသည် ပန်းချီဆွဲရာမှာ သရုပ်မှန်ရော၊မော်ဒန်ပါ လက်ဖျားခါလောက် သူဖြစ်၏။ပညာမာနလည်း ကြီးသည်။ တော်ရုံလူကို အထင်မကြီးတတ်။ ကျွန်တော့်ကို ဆိုလျှင်လေးခွတစ်လက်နှင့် လျှောက်လက်တည့် စမ်းတတ်သော နွားကျောင်းသားလေလောက်သာ သဘောထားသူဖြစ်၏။ ထို့ကြောင့်.............

“မင်းရေးမယ်ဆိုရင် သီချင်းကိုတော့ ငါ့ဘာသာစပ်ထားတဲ့ ကိုယ်ပိုင် သီချင်းကိုပဲ သုံးမှရမယ်၊ မင်းကို စိတ်မချဘူး” ဆိုပြီး အသင့်ရေးလာသည့် သီချင်းစာရွက်ကို ပေးပါသည်။ ထိုသီချင်းမှာ..

“လိုင်းလိုင်းလိုင်းလိုင် လိုင်လိုင်လိုင်လိုင်းလိုင်း လိုင်းလိုင်းလိုင်းလိုင် လိုင်လိုင်လိုင်လိုင်းလိုင်း
သင့်အတွက်တာ မောင်ဒီ၊ကဗျာရေးသည်၊နှစ်သက်စရာ ဂုဏ်ရည်၊ ရေးဆွဲတဲ့ ပန်းချီ၊ မောင်ဒီ ရင်ခုန်နေတဲ့ မောင်ဒီ၊ ပျိုနုနေဆဲ မောင်ဒီ ၊ လေညှင်းလေးတောင် တေးဖွဲ့လို့သီ မန်ကျည်းဖျော်ရည်”

“ဟင်... မန်ကျည်းဖျော်ရည်က ဘယ်လိုလုပ်ပါလာတာလဲ ဆရာဒီရဲ့” ဟု ကျွန်တော်က မေးလိုက်သော အခါ ဆရာဒီက

“ငါက မြစ်ခြေသားလေကွာ ၊ ဒါ့ကြောင့် အညာအငွေ့အသက်ပါအောင် ထည့်လိုက်တာ”

အော်.....ဒါကြောင့် မြန်မာပြည်မှာ ဆရာဒီရယ်လို့ နာမည် ကျော်ပေတာကိုး...။


နောက်ပြဿနာတစ်ခု ။ ထူးခြားသည့်ဇတ်လမ်း တစ်ပုဒ်တွေ့ပြီဆိုလျှင် အရင်ဦးအောင် လိုက်တတ်ကြသော ဗွီဒီယိုသမားများ၏ ထုံးစံအတိုင်း ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ) ရောက်ရှိလာပြီး

“အဲဒီ ၀တ္ထုကို ဗွီဒီယိုရိုက်ချင်တယ်ဆရာ၊ ရိုက်ခွင့်ရမယ် ဆိုရင်တော့ ဗွီဒီယို လောကမှာ မှတ်တိုင်တစ်တိုင် စိုက်လိုက်နိုင်မှာပဲ” ဟု လာစည်းရုံးသည်။ ကျွန်တော်က မှတ်တိုင်စိုက်သော ကိစ္စမှာ လွယ်လွယ်လေးမဟုတ် ကြောင်း၊ စည်ပင်သာယာတို့၊ ခရီးသည် ပို့ဆောင်ရေး အဖွဲ့အစည်းတို့က ခွင့်ပြုဖို့လည်း လိုသေးကြောင်း ပြောပြီး ငြင်းလိုက်ရပါသည်။

သို့တိုင်အောင် လူပိန်သလောက် အသံပြဲသော မောင်ပြည့်ဝ သည် သူ့စိတ်ကူးကို လက်ဖက်ရည်ဆိုင် တွေမှာ အော်ကြီးဟစ်ကျယ် ပြောခဲ့သဖြင့် ထိုသတင်းက ပျံ့သွားသည်။

ထိုအခါ ကျွန်တော့်ထံသို့ မအိ ရောက်လာလေသည်။ စာပေ ကြော်ငြာ စတိတ်ရှိုးပွဲတော် ၀တ္ထုကို ဗွီဒီယို ရိုက်မည်ဟုသတင်းကြားကြောင်း၊ မိမိအနေနှင့်မူ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ မိမိသည် မဟေသီ မဂ္ဂဇင်းမှာ ဆရာဟိန်းလတ်နှင့် အင်တာဗျူးလုပ်ပြီးကတည်းက ဗီဒီယိုရိုက်ဖို့မပြောနဲ့ ဓါတ်ပုံအရိုက်ခံဖို့တောင် အကြီးအကျယ်စိတ်ကုန်သွားကြောင်း၊ တစ်ခုတော့ တောင်းပန်လိုကြောင်း၊ ဗွီဒီယို ရိုက်ဖြစ်ခဲ့လျှင် မိမိနေရာတွင် အိန္ဒြာကျော်ဇင်ကို ထည့်သွင်းအသုံးပြုစေလိုကြောင်း တစ်နာရီလောက် ကြာအောင်ပြောသွားပါသည်။

ပန်းချီမမွှေးကျတော့ တစ်မျိုးဖြစ်၏ ။ ဗွီဒီယို ရိုက်ဖြစ်ခဲ့လျှင် သူ့နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင် တစ်ယောက်ကို အစားထိုးတာမျိုး ခွင့်မပြုနိုင်ကြောင်း ၊ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း ပြောလာပါသည်။

“ ဘာကြောင့်လဲဆိုတော့ ကျွန်မလဲ သရုပ်ဆောင်လိုင်းပြောင်းမလို့ ဆုံးဖြတ်ထားလို့ ၊ ပန်းချီ ရေးရတာ သိပ်မစားသာတော့ဘူး ”

“ ကောင်းပါတယ် ခင်ဗျား အရပ်အမောင်းက စိုးမြတ်နန္ဒာနဲ့ မတိမ်းမယိမ်းပဲ ” ဟု ကျွန်တော်က အလိုက်အထိုက် ပြောလိုက်ရာ သူ အားတက်သွားပြီး ......

“ ဟုတ်တယ် ၊ မောင်မျိုးမင်းကလည်း ဒီအတိုင်းပြောတယ် ၊ အခု သူရိုက်မယ့် ဗွီဒီယိုကားမှာတောင် ၀င်ပြီး သရုပ်ဆောင်ဖို့ သဘောတူပြီးသွားပြီ ၊ မမေ့ရက်ဘူး အချစ်ဦးရယ် ဆိုတဲ့ တရုတ်ကားကို ပြန်ရိုက်မှာလေ ”

“ ခင်ဗျားက ဘယ်နေရာမှာ သရုပ်ဆောင်မှာလဲ ”

“ ကျန်ကျောင်းတို့ အမေနေရာက ”

“ အင်း ကောင်းပါတယ် ၊ ခင်ဗျားနဲ့ လိုက်ပါတယ် ”

“ အမေနေရာဆိုပေမယ့် ဇတ်ရဲ့ အဓိက သရုပ်ဆောင်ပဲလေ ၊ ဇတ်ကားနံမည်ကိုတောင် ကံကောင်းလို့မသေ ကျန်ကျောင်းတို့ အမေလို့ ပေးထားတယ် ”

“ ဒါဆို ခင်ဗျားသားနေရာက ဘယ်သူ သရုပ်ဆောင်မှာလဲ ”

“ ပန်းချီ ကိုမျိုးမြင့် ”

“ ဟင်.... သူ့အရွယ်ကြီးနဲ့များ မင်းသားအဖြစ် သရုပ်ဆောင်မယ်ဆိုတော့ ကြည့်လည်း လုပ်ကြပါဦးဗျာ ”

“ ဒါကတော့ သူက ပရိုဂျူဆာကိုး အစ်ကိုရဲ့ ၊ သူကြိုက်တဲ့ ဇတ်ရုပ်နေရာ ယူမှာပေါ့ ”

“ သြော်...ဒီလိုလား ”

ပန်းချီကိုမျိုးမြင့်သည် ကျွန်တော်နှင့်လည်ပင်းဖက် ပေါင်းလာသော သူငယ်ချင်းဖြစ်၍ သူ့အကြောင်း ကောင်းကောင်းသိသည်။ သူ့အနေနှင့် မင်းသားလုပ်မည်ဆိုလျှင် လုပ်နိုင်သည့် အခြေအနေရှိသည်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်တတ်သည် ။ အသားကလည်း ဖြူသည်။ ရုပ်ရည်ကလည်း မဆိုးလှ ၊ ရုပ်မြင်သံကြားမှာ ပြသွားသည့် တစ်ရာ့တစ်ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း ဇတ်ကားထဲက ဂျပန်မင်းသားနှင့် ခပ်ဆင်ဆင် တူသည်။

သူသည် ဒီက ပန်းချီလောကမှာ ထိပ်တန်းအဆင့်ရောက်နေတာတောင် အားမရသေးပဲ စင်ကာပူမှာ အလုပ်သွားလုပ်နေသူ ဖြစ်၏။ ကျွန်တော်တို့ကတော့ မိသားစုရှေ့ရေး ၊ သူ့မိခင်အိုကြီးကို ပြုစုစောင့်ရှောက် နိုင်ရေးအတွက် စွန့်စွန့်စားစား သွားလုပ်တာပဲလိုဆိုပြီး ချီးကျူးမိသေးသည် ။

ခုမှပဲ သူ့အကြံကိုသိရတော့သည်။ လက်စသပ်တော့ သူက မင်းသားလုပ်ဖို့ အရင်းအနှီးရအောင် ငွေသွားရှာ တာကိုး။

“ ဒါဆို သူ့မိန်းမ မထားကကော မင်းသမီး လုပ်ဦးမှာလား ”

“ မထားက အဲဒီလောက် မကြောင်ပါဘူး ၊ ပါရမီဖြည့်ဘက် တစ်ယောက်အနေနဲ့သာ ပံ့ပိုးပေးမှာပါတဲ့ ။ သူ့ ယောက်ျား မင်းသားဖြစ်သွားပြီဆိုရင်တော့ စိတ်အေးရပါပြီတဲ့ ။ အဲဒီ အခါကျရင်တော့ စင်ကာပူက ကွမ်ရင်မယ်တော်ကျောင်းမှာ သီလရှင်ဘ၀နဲ့ပဲ အေးအေးချမ်းချမ်းနေပြီး အရိုးထုတ်တော့မယ်တဲ့ ”

“ သာဓုဗျာ ၊ သာဓု သာဓု ၊ ကိုမျိုးမြင့်တစ်ယောက် အောင်မြင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ ”

ဆရာမောင်ခိုင်မာတို့ ဇနီးမောင်နှံ ကျွန်တော့်အိမ်လာလည်မည်ဟု တယ်လီဖုန်းသတင်း ရလိုက်သော အခါ ကျွန်တော်အတော်ကလေး ပြာသွား၏။ ဆရာခိုင်ကို ၀တ္ထုထဲမှာ “ ရာသီတိုင်းမှာ မောင်ခိုင်မာ ” ဟု ရေးခဲ့သည်။ သူသည် နေမကောင်းဖြစ်နေတဲ့ကြားက တကူးတကန့်လာမှာဆိုတော့ အကောင်းတော့မဖြစ်နိုင် ။ ပြဿနာ ရှာဖို့လာခြင်းသာ ဖြစ်ရမည်။

သူစိတ်ပြေအောင် ဘယ်လိုဖားရပါ့မလဲ ။ အပူတပြင်းစဉ်းစားပြီး လက်ထဲမှာ ပူပူနွေးနွေးရှိနေသေးသော သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှရသည့် စာမူခကလေးဖြင့် အားဆေးတစ်ပုလင်း အမြန်ပြေးဝယ်ထား ရပါသည်။

သူတို့လင်မယား ရောက်လာသောအခါ ပျာပျာသလဲ ဆီးကြိုရသည်။ အိမ်းဦးခန်းသို့ခေါ်သွားပြီး ပက်လက် ကုလားထိုင်မှာ ထိုင်ခိုင်းရသည်။ ပြီးတော့ ကြိုတင်စီစဉ်ထားသည့်အတိုင်း အရင်ဦးအောင် ပြောလိုက်ရ၏။

“ အစ်ကို နေမကောင်းဘူးတဲ့ သတင်းကြားပါတယ် ။ကျွန်တော်လဲ သတင်းလာမေးမလို့ပါပဲ၊ ဒါပေမယ့် အစ်ကိုရာ ကျွန်တော်လဲ ဒီရက်ပိုင်းအတွင်း ဘယ်လိုဖြစ်တယ် မပြောတတ်ဘူး။ အရမ်းချူချာတာပဲ၊ တုတ်ကွေးမိတယ်၊ နမိုးနီးယားဖြစ်တယ်၊သွားနာတယ်၊ခါးကိုက်တယ်၊ အဆစ်အမြစ်တောင် ယောင်ပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူး” ဟု သတိရသမျှ ရောဂါတွေ လျှောက်ပြောပြီး အပြစ်လွတ် အောင်ကြိုးစားကြည့်လိုက်၏ ။ ဆရာခိုင်သည် ရှူတည်တည်ကြီးလုပ်၍ နားထောင်နေရာမှ ဟိုက္ကူကဗျာ တစ်ပုဒ်ကို လက်တန်းစပ်ပြီး အသံနေအသံထားဖြင့် ကောက်ကာငင်ကာ ရွတ်ဆိုလိုက်လေ၏။

“ လူကြီးတွေ စော်ကား
ရောဂါဘယ ထူလို့ပွား
ဟေ့ကောင် မှတ်ပြီလား ”

ကျွန်တော်သည် “ ဟဲ ဟဲ အစ်ကိုကြီးကလဲ ” ဆိုပြီး သွားဖြီးလိုက်ရ၏ ။ သူ ထပ်ဆင့်နဘေ မထပ်နိုင်ခင်မှာပင် အားဆေးပုလင်းကို အလျင်အမြန်ထုတ်၍

“ အစ်ကို့အတွက် ကျွန်တော်ဝယ်ထားတာ ” ဆိုပြီး လက်ထဲ ထည့်ပေးလိုက်သည်။ သူသည် ကျွန်တော့်ကို သိပ်ယုံကြည်ဟန် မရှိသေး။ အားဆေးပုလင်းကို အစစ်ဟုတ်မဟုတ် ၊ အင်ထုထားခြင်း ဟုတ်မဟုတ် သေချာစွာစစ်ဆေးပြီး ကျေနပ်သွားတော့မှ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ပြီးတော့ ဟိုက္ကူ ကဗျာတစ်ပုဒ်ကို အသံနေအသံထားဖြင့် ရွတ်ဆိုပြန်၏။

“ လူပင်ငယ်သော်ငြား
ဆရာသမား သိတတ်သား
အပြစ်လွတ်စေဗျား” ဟု ဆိုပြီး မျက်နှာထားကိုပြင်ပြီး တဟားဟား ရယ်လေတော့သည်။

“ ဟဲ ဟဲ တော်တော် လန့်သွားသလားကွ ”

ဒီတော့မှ ကျွန်တော့်ကို အတည်ပေါက်နှင့် ခြောက်နေခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။သူ၏ ရှင်မက ပြုံးတုံးတုံးလုပ်ရင်း ၀င်ပြောသည်။

“ တကယ်ဆိုရင် သူကတောင် မင်းကိုကျေးဇူးတင်ရဦးမယ်၊ သူ့မှာနေမကောင်းဖြစ်နေပြီးကတည်းက တမှိုင်မှိုင် အတွေတွေ မရယ်နိုင် ၊ မပြုံးနိုင်ဖြစ်နေတာကြာပြီ ၊ မင်းဝတ္ထုကိုဖတ်ပြီးတော့မှ လန်းလန်းဆန်းဆန်း ဖြစ်လာတာ ” ဟု ချီးကျူးလိုက်ပြီး ဆက်လက်၍

“ ၀တ္ထုထဲမှာ ချစ်ဦးညို မိန်းမ ပါလာတော့ တို့ကိုလဲ ဇတ်ကောင်လုပ်ပြီး ထည့်ရေးဦးမလားလို့ ရှာကြည့်ရ သေးတယ် ”

ရှင်မသည် ကဗျာဆရာကတော်ပီပီ ၀င်္က၀ုတ္တိလင်္ကာဖြင့် ပြောလိုက်ခြင်းဖြစ်ကြောင်း ကျွန်တော် သိသည်။ သူဆိုလိုတာက ဆရာချစ်ဦးညို၏ ဖယောင်းတိုင်ကြီးတောင် ၀တ္ထုထဲပါသေးတာ ၊ သူ့လိုမျက်နှာဖုံးရှင် တစ်ယောက်အနေဖြင့် ဘာကြောင့်မပါရသနည်းဟု မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ သူသည် ဆရာမောင်ခိုင်မာ၏ “ ရှင်မရေ ” ဆိုသော ကဗျာစာအုပ်မှ မျက်နှာဖုံးရှင် ဖြစ်နေတာကိုး။

“ ကျွန်တော်လဲ အစ်မကို ထည့်ရေးမလို့ပါပဲ ။ ဒါပေမယ့် အစ်မရဲ့ ဘော်ဒီဝိတ်နဲ့ဆိုရင် ကျမ်းလေးမှာစိုးလို့ ချန်ထားခဲ့ရတာပါ။ ဆရာခိုင်ရဲ့ ရှင်မ ကဗျာစာအုပ် မျက်နှာဖုံးမှာပါတုန်းကတောင် ရိုးရိုးဆယ့်ခြောက်ချိုး ဆိုက်နဲ့ မဆန့်လို့ ဆယ်ချိုးဆိုက်ကြီးပြောင်းရိုက်ရတယ် မဟုတ်လား ” ဟု ပြေရာပြေကြောင်း ပြောလိုက်ရ၏။

ထိုစဉ်မှာပင် ကျွန်တော်တို့ထိုင်နေသော အိမ်ဦးခန်းလေးသည် တသိမ့်သိမ့်လှုပ်လာသည်။ အလိုလိုကမှ အသည်းငယ်တတ်သော ဆရာခိုင်မှာ

“ ဟာ..ဟာ လုပ်ကြပါဦး ၊ ငလျင်လှုပ်တယ်ထင်တယ် ”

ဟု သူ့ရှင်မလက်ကို လှမ်းကိုင်ပြီး အလန့်တကြားပြေလိုက်သည်။ တကယ်တော့ ငလျင်လှုပ်တာ မဟုတ်ပါ ။ “ လည်ပင်းအထိ စောင်ခြုံထားတဲ့အခါမှာတော့ လှနေတုန်းပဲ ” ဟု တင်စားချီးမွန်းခဲ့ဖူးသော ကျွန်တော်၏ ချစ်ဇနီးသည် ဆရာခိုင့်အတွက် နို့ဖျော်ပြီးလာပို့ခြင်းသာ ဖြစ်ပါ၏။ ဆရာခိုင်၏ ရှင်မနှင့် ကျွန်တော်၏ လေဒီမင်းလူတို့သည် ဂျပန်နပမ်းသမားကြီးများ မျက်နှာချင်းဆိုင် တွေ့ဘိသကဲ့သို့ တစ်ဦးကို တစ်ဦး အကဲခတ်ကြပြီးမှ အသိအမှတ်ပြုသည့်အပြုံးဖြင့် အပြန်အလှန် နှုတ်ဆက်လိုက်ကြ၏ ။

ဆရာခိုင်ကလည်း ကျွန်တော့်ဇနီးကို တစ်ချက်မော့ကြည့်ပြီးနောက် ခပ်သဲ့သဲ့ရယ်၍....

“ ဟင်း...ဟင်း.... မင်းကဗျာစာအုပ်ထုတ်တဲ့အခါကျရင်တော့ မဂ္ဂဇင်းဆိုက် ရိုက်ရလိမ့်မယ်ထင်တယ် ” ဟု ၀ိုက်လက်သီးတစ်လုံးနှင့် တုံ့ပြန်လိုက်လေ၏။

ဆရာခိုင်တို့ ပြန်သွားပြီးနောက် ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ၀င်ရောက်လာသည်။ ကျွန်တော့် ၀တ္ထုထဲ ထည့်ရေးခဲ့သော ဆရာ ဆရာမ အများစုမှာ သူတော်ကောင်းများဖြစ်၍ ခန္တီပါရမီနှင့် ပြည့်စုံကြသော်လည်း သူတို့ထဲမှာ စုန်းပြူးတစ်ယောက်နှစ်ယောက်လောက် ရှိကောင်းရှိနိုင်သည်။

မတော်တဆ သူတို့ထဲမှ တစ်ယောက်ယောက်က ကျွန်တော့်ကိုဇတ်ကောင်လုပ်ပြီး မဟုတ်က ဟုတ်ကတွေ ပြန်ရေးလာလျှင် ခက်မည်။မြတ်ဆိုင်တို့ ၊ တာရာမင်းဝေတို့က ယုံရတာမဟုတ် ။ သူတို့ဦးနှောက်တွေကလည်း ကျွန်တော့်လိုပင် ပေါက်ကရအတွေးမျိုး ထွက်တတ်သည်။

ဒီလို စဉ်းစားမိသောအခါ “ မဖြစ်ချေဘူး ၊ သူတို့ကျေနပ်အောင် တစ်ခုခုတော့ လုပ်မှပဲ ” ဆိုပြီး မိမိကိုယ် မိမိ ပြန်နှိပ်ကွပ်သည့် ၀တ္ထုတစ်ပုဒ်ကို အောက်ပါအတိုင်း ရေးလိုက်ရပါသည်။(ကိုယ့်ဟာကိုယ် ရေးတာဆိုတော့ ဇတ်နာပြီး သနားအောင်ကြည့်လုပ်လို့ ရတာပေါ့လေ။)

****......****

ရုံးတော်၏ နောက်ဖက် သီးသန့်ခန်းလေးထဲတွင် သုခမိန်ကြီး ပေါင်စိန်သည် အ၀တ်အစားလဲနေသည်။ သူ၏ ဦးခေါင်းတစ်ဘက်တစ်ချက်တွင် တပ်ဆင်ထားသော အင်တာနာနှစ်ချောင်းကို နေသားတကျ ရှိမရှိ မှန်ထဲတွင် ကြည့်နေစဉ် ရုံးအပြင်ဘက်မှ ဗုံတီးသံများကို ကြားလိုက်ရ၏။ ထို့ကြောင့်ဘေးမှာ ရပ်နေသော ကုန်းစွန်းကို မေးလိုက်သည်။

“ အခု ဗုံတီးနေတာ ဘယ်သူလဲ ”

“မိုးဇော်ဗိုလ် ဖြစ်မှာပေါ့”

“တယ်...ဘာကြောင့် ပေါ့ပေါ့ဆဆပြောရတာလဲ ၊ သေချာအောင် သွားကြည့် ”

သုခမိန်ကြီးက ငေါက်လိုက်တော့မှ ကုန်စွန်းလည်း ခပ်သုတ်သုတ် ထွက်သွားသည်။ ခဏအကြာတွင် ပြန်ဝင်လာပြီး.....

“ ဟာ ...အများကြီးပဲ စာရေးဆရာတွေ ၊ စာရေးဆရာမတွေ ဗုံကို အလုအယက် တီးနေကြတာ ၊ ကုမ္ပဏီဖွင့်ပွဲမှာ လက်ဆောင်ပစ္စည်းဝေလို့ ၀ိုင်းလုနေကြတဲ့ အတိုင်းပဲ ”

“ သူတို့က ဘယ်သူ့ကို တရားစွဲချင်လို့တဲ့လဲ ”

“ ဟို... မျောက်ညီနောင် လေးဖော်ထဲက အငယ်ဆုံးကောင်ကို တရာစွဲချင်လို့တဲ့ ”

“ သြော စာပေနယ် ၊ ရုပ်ရှင်နယ်မှာ ခြေရှုပ်နေတဲ့ မျောက်ညီနောင် လေးဖော်လား ” 

“ ဟုတ်ပါတယ် ”

“ ကဲ...ဒါဆို ကျန်စိန်ဝင်းကို တရားခံသွားဖမ်းခိုင်းလိုက် ၊ ပြီးရင် ရုံးဖွင့်မယ် ”


လေထန်ဖုန်းတရားရုံးတွင် လူစုံပြီ ၊ သုခမိန်ကြီး ပေါင်စိန် ၊ ကုန်းစွန် ၊ ကျန်စိန်ဝင်း ၊ ၀မ်ခ ၊ မာလတ် ၊ ဆွေလုံ ၊ ကောက်ဟူ အားလုံးနေရာယူပြီး ကြပြီ ။ သုခမိန်ကြီးက ခေါင်းညိတ်လိုက်သောအခါ သူတို့ထဲတွင် အသံအပြီဆုံး ၊ အပြာဆုံးဖြစ်သည့် ၀မ်ခက.....

“ ရုံးတော်ဖွင့်ပြီ ” ဟု အော်လိုက်သည်။ (ဤနေရာတွင် တရုတ်ပြည်သူ့တရားရှင် ဇတ်လမ်းတွဲထဲကလို ရုံးအမှုထမ်းများက “ ၀ူ ...၀ယ် ” ဟု မအော်ကြပါ ။ သုခမိန်ကြီးမှာ အားကစား ၀ါသနာပါသူဖြစ်သဖြင့် အောက်ပါအတိုင်း အော်ဖို့အမိန့်ထုတ်ထားသောကြောင့် )

“ ဟာလေ ဟာလေး ဟားလေ ၊ ဟာလေ ဟာလေး ဟာလေး”

“ ကဲ ...တရားလိုတွေကို ဆင့်ခေါ်လိုက် ” 

စာရေးဆရာ ၊ ဆရာမများ တန်းစီဝင်လာကြသည်။ ပေါင်စိန်ကြီးကို ဂါရ၀ပြုပြီးနောက် ဘေးတစ်ဘက်မှာ ကပ်ရပ်နေလိုက်ကြ၏။

“ တရားခံကို ခေါ်ခဲ့ ”

သုခမိန်ကြီးက အမိန့်ပေးလိုက်သောအခါ မျောက်ညီနောင်လေးဖော်ထဲက အငယ်ဆုံးဖြစ်သော တရားခံ မျောက်လူကို လက်မောင်းတစ်ဖက်တစ်ချက်ဆီမှ ချုပ်နှောင်ပြီးခေါ်လာသည်။ ကြမ်းပြင်ပေါ်တွင် ဒူးထောက် ခိုင်းလိုက်၏။ 

“ အခု ရုံးရှေ့မှာ ဒူးထောက်နေတာ ဘယ်သူလဲ ”

ဟုသုခမိန်ကြီးက မေးလိုက်၏။ တရားခံကမော့ကြည့်သည် ။ပြီးတော့ အံ့သြသွားသည်။ ထို့နောက် စပ်ဖြဲဖြဲ ဖြစ်လာ၏။ သုခမိန်ကြီးဆိုလို့ လန့်နေတာ လက်စသတ်တော့ ပေါင်စိန်ဆိုတာ အားကစား ဆောင်းပါးရှင် ဆရာစိန်မျိုးမြင့်ကြီးပါလားဟု သိသွားသောကြောင့် ဖြစ်၏။ ပြီးတော့ ရုံးအဖွဲ့သားတွေက လည်း တစ်ခြားလူတွေ မဟုတ် ။

ကုန်းစွန်းဆိုတာ မောင်ရွှေစွန် ၊ ကျန်စိန်ဝင်းဆိုတာ မောင်စိန်ဝင်း(ပုတီးကုန်း) ၊ ၀မ်ခဆိုတာ ပေဖူးလွှာ အယ်ဒီတာဟောင်း မောင်သုခ ၊ မာလတ်ဆိုတာ သောင်းပြောင်းထွေလာ အယ်ဒီတာချုပ်၊ ဆွေလုံဆိုတာ ကီဝီ၊ ကောက်ဟူဆိုတာ ကောက်နွယ်(ကနောင်) အားလုံးဘော်ဒါတွေချည်းပါလား ။ ထိုအခါ နည်းနည်း အကြောက်ပြေသွားသည်။

“ မေးနေတာ မကြားဘူးလား ” ဟု သုခမိန်ကြီးက ထပ်မေးသည်။

“ ဟင်...ကိုကြီးစိန် ကျွန်တော့်ကိုတောင် မမှတ်မိတော့ဘူးလား ” 

“ ဘာ ကိုကြီးစိန်လဲ ပြင်ပြောစမ်း ” 

ဘယ်လိုပြင်ပြောရမှန်း မသိသဖြင့် ဟိုဒီကြောင်ကြည့်နေစဉ်.....

ကောက်ဟူက “ ပေါင်စိန်ကြီးလို့ ခေါ်ရတယ် ” ဟု ခပ်တိုးတိုးပြောသည်။ သေချာစွာ မကြားရသောကြောင့် နားစွန်နားဖျားဖြင့် ...

“ ဟုတ်ကဲ့...ဒီလိုရှိပါတယ် အပေါင်ဆိုင်ကြီးရယ် ” 

“ တယ် ၊ လုပ်ပြန်ပြီ ၊ ပေါင်စိန်ကွ....ပေါင်စိန် ” 

သုခမိန်ကြီး စိတ်တိုသွားသဖြင့် တရားခံ လန့်သွား၏။ စိတ်ပြေအောင် ဘယ်လိုဖားရပါ့မလဲ စဉ်းစားရင်းမှ တစ်ခု သတိပြုမိ၏။ ထို့ကြောင့်....

“ ဟာ....ပေါင်စိန်ကြီး နဖူးမှာ ဘောက်ဖတ်ကြီး ကပ်နေတယ် ”

ဟု လှမ်းအော်ပြောလိုက်၏။ ပေါင်စိန်ကြီးသည် လန့်ဖျပ်ပြီး နဖူးကို စမ်းလိုက်သည်။ ပြီးမှ.....

“ ဟာ...ဒါ ဂမ္ဘီရလခြမ်းကွ၊ ဘာမှတ်နေလဲ ၊ လင်းရောင်တင် ကိုယ်တိုင် စီရင်းပေးထားတာ ” 

တကယ်တော့ နဖူးမှာတပ်ရမည့် လခြမ်းပုံကို ပီကေဖြင့် ကမန်းကတန်းလုပ်ရသောကြောင့် မပီမပြင် ဖြစ်သွားခြင်း ။ သုခမိန်ကြီသည် ဣနြေ္ဒဆည်လိုက်ပြီး...

“ ကဲ တရားလိုတွေ ..ဒီကောင့်ကို ဘာတွေ စွပ်စွဲချင်သလဲ ပြော ” 

ထိုအခါ တရားလိုများမှာ တစ်ယောက်တစ်ပေါက် ဆူညံစွာ ပြောကြ၏။ ဘာတွေပြောမှန်း မသိလောက်အောင် ရောထွေးနေသဖြင့်.....

“ တိတ်စမ်း ” 

ပေါင်စိန်ကြီးက စားပွဲကို သစ်သားတူကြီးနှင့် ထုလိုက်၏။ ထိုအခါ တစ်ယောက်တစ်ပေါက် ဆူညံနေသူများ အသံတိတ်သွားသည်။

(ထိုသစ်သားတူကြီးမှာ စာပေလောက ပုံနှိပ်တိုက်မှ စာစီဖိုမင်ဆရာများသုံးသော ပစ္စည်းဖြစ်၏။ ခုချိန်မှာ ကွန်ပျူတာစာစီခေတ်ဖြစ်သဖြင့် ဒါကြီးအသုံးမ၀င်တော့ဘူးဆိုပြီး လွှင့်ပစ်မည့်ဆဲဆဲ ဆွေလုံက ကိုမျိုးညွန့် ထံမှ ရမ်တစ်လုံးနှင့် လဲပြီး ယူလာခဲ့ခြင်း ဖြစ်၏။)

“ ဒီလို တစ်ယောက်တစ်ပေါက် ပြောနေလို့ ဘယ်ဖြစ်မလဲ ၊ တစ်ယောက်ချင်းပြော ၊ ကဲ ... ဟိုဘက်က မျက်မှန်နဲ့ ပြဇတ်မင်းသားလိုလူ မောင်မောင်း စပြော...”

သုခမိန်ကြီးက လူတစ်ယောက်ကို လက်ညှိုးထိုးရင်းပြောလိုက်၏။ ထိုသူကား ချစ်ဦးညို။ သူသည် ပါတိတ် ဟာဝေယံရှပ်နှင့် စာပေဟောပြောပွဲမှ လက်ဆောင်ရခဲ့သော ပိုးယောလုံချည် ခရမ်းရောင်ကို ၀တ်ထားသဖြင့် ပြဇတ်မင်းသားနှင့် ပိုတူနေတာအမှန်ပဲ ဖြစ်၏ ။ သူက ရှေ့ကိုတစ်လှမ်းတိုးပြီးနောက် တရားခံကို တစ်ချက်လှမ်းကြည့်သည် ။ တရားခံက လက်မကိုထောင်ပြီး တစ်စုံတစ်ခု မော့သောက်သည့် ဟန် လုပ်ပြ၏။ အရက်ပြတ်ပါပြီ ဆိုပြီးမှ မိန်းမ မသိအောင် ဘီယာခိုးသောက်သည့် ကိစ္စ ဖော်လိုက်ရမလားဟု ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်၏။ ထို အခါ ချစ်ဦးညိုမှာ နှုတ်ဆွံ့သွားပြီး....

“ အဲ ...တစ်ကယ်တော့ ကျွန်တော့်အနေနဲ့ တရားစွဲဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ဟိုဒင်းက အဲဒီလိုပြောလို့... ”

ယောင်ချာချာလုပ်နေသဖြင့် သူ၏လေဒီက ဗိုက်ခေါက်ကိုဆွဲပြီး ကားစက်နှိုးသလို လှည့်လိုက်တော့မှ....  “ အား....အဲ....ဟုတ်ပါတယ်၊ တရားစွဲမလို့ပါပဲ၊ ဒီနေရာမှာ တရားဆိုတာဘာလဲ၊ တရားဆိုတာ စကားက လာတာပါ၊စကားဆိုရာမှာလဲ သမိုင်းဝင်တဲ့ စကား၊ သမိုင်းတွင်တဲ့ စကားရယ်လို့ ရှိပါတယ်၊ ဒါကြောင့် သမိုင်းမတွင် ၊ သမိုင်းဝင် လူတွင် ပန်းဆယ်မျိုးဆိုတာလို...”

လေဒီချစ်ဦးညိုက စိတ်မရှည်တော့ဘဲ.....

“ တော်စမ်းပါ၊ ရှင့်ကို ပေါ်ပြူလာဂျာနယ်မှာ ဆောင်းပါးရေးခိုင်းနေတာ မဟုတ်ဘူး၊ ဖယ်၊ ဖယ် ကျုပ်ဘာသာပဲ ပြောတော့မယ် ” ဆိုပြီး ဆွဲဖယ်လိုက်သည်။ ချစ်ဦးညိုကလည်း နေရာမှန်ဖြစ်သော မိန်းမနောက်သို့ ရို့ရို့ကလေး ဆုတ်သွား၏ ။ လေဒီချစ်ဦးညိုက ရှေ့သို့တိုးလာပြီးမှ ရုတ်တရက် ဘာပြောရမှန်းမသိဘဲ....

“ ကိုကြီးစိန်ရေ ” ဟု ရုတ်တရက် ခေါ်မိရာ ပေါင်စိန်ကြီးကလည်း “ ဗျို ဗျို ဗျို ဗျို့ ” ဟု ယောင်ပြီး ထူးမိ၏။ ပြီးမှ ရှက်သွားပြီး....

“ တယ်အတင့်ရဲနေပါလား ” ဟု ငေါက်လိုက်၏။ လေဒီ ချစ်ဦးညိုကလည်း

“ ကျွန်မ အဲဒါ စိတ်စွဲနေလို့ပါ ”  ဟု တောင်းပန်လိုက်သည်။

“ ကဲ...ကဲ... မယ်မင်း၊ သူ့ကို ဘာကြောင့် တရားစွဲချင်တာလဲ ပြော ”

လေဒီချစ်ဦးညိုသည် တရားခံကို တစ်ချက်ကြည့်ပြီး “ သူက ၀တ္ထုထဲမှာ ကျွန်မကို ဖယောင်းတိုင် ရှိတ်ကြီးလို့ ရေးထားတယ်၊ အဲဒါကို မကျေနပ်ဘူး ”

“ ကဲ ...မောင်မင်း ဘာပြောချင်သလဲ ” တရားခံကို မေးလိုက်ရာ

“ ဟာ ...တကယ်ဆို ဒီလိုအရေးခံရတာ ဂုဏ်တောင်ယူသင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခုချိန်မှာ ဖယောင်းတိုင်ဆိုတာ အိမ်တိုင်းအိမ်တိုင်းမှာ မရှိမဖြစ် အရေးအကြီးဆုံး ပစ္စည်းပဲ၊ လူတကာကြားမှာ စူပါစတားဖြစ်နေတာ ၊ ဆရာချစ်နဲ့ အစ်မဟာ မီးသွေးနဲ့ ဖယောင်းတိုင်လို လိုက်ဖက်တယ်ဆိုတဲ့ သဘော....”

“ ကြည့်စမ်း..၊ ထပ်လုပ်ပြန်ပြီ ၊ ပေါင်စိန်ကြီးရှင့်...တကယ်တော့ ဖယောင်းတိုင်ဆိုတာ မီးရှို့လိုက်တာနဲ့ စပြီး ပုံပျက်တော့တာပဲ ၊ ကြာလေ အဖုအထစ်တွေနဲ့ ရုပ်ဆိုးလေပဲ ”

“ အစ်မ မကြိုက်ဘူးဆိုရင် မီးချောင်းရှိတ်လို့ ပြောင်းရေးပေးပါ့မယ် ”

“ အမယ် ဘာထူးလဲ ။ မီးချောင်းလဲ တစ်ဖြောင့်တည်းပဲ ”

“ တော်ကြစမ်း...၊ ကြာရင် မီးလုံးရှိတ်တို့ ၊ ဖန်ပြောင်းရှိတ်တို့ ၊ အင်ဗာတာ ရှိတ်တို့ ဖြစ်တော့မယ်၊ ကဲ ... ခင်ဗျားရဲ့ စွဲချက်ကို မှတ်တမ်းတင်ထားမယ် ၊ နောက်တစ်ယောက် ပြော..”

သုခမိန်ကြီးက စကားဖြတ်လိုက်ရတော့၏။ တရားလို နောက်တစ်ယောက်မှာ မစန္ဒာ ဖြစ်၏။ သူ့ဘေးတွင် အိမ်ကလူကြီး ကိုစန်းမောင် ကုပ်ကုပ်လေးရပ်နေသည်။ သူက အသံတိုးတိုးဖြင့်

“ မိချိုရာ ဒီငပေါကို အဖက်လုပ်ပြီး ပြောမနေစမ်းပါနဲ့ ”

ဟု တားသော်လည်း မစန္ဒာက “ အသာနေစမ်းပါ ” ဟု ပြောရင်း တံတောင်နှင့်တွတ်လိုက်ပြီး ရှေ့တိုးရပ်လိုက်၏ ။ ပြီးတော့ “ သုခမိန်ကြီးရှင့် ... ဒီကောင်လေးဟာ ၀တ္ထုထဲမှာ ကျွန်မတို့ ဇနီးမောင်နှံကို ပါပူဝါနယူးဂီနီကျွန်းကို ပို့မယ်လို့ ရေးထားပါတယ်။ တစ်ကယ်တော့ အဲဒီကျွန်းဟာ မီးတောင်ပေါက်လိုက်၊ မုန်တိုင်းကျပြီး ရေလွှမ်းလိုက်ဖြစ်နေတာပဲ။ ဒါပေမယ့် ဆွေမျိုးနဲ့ သူငယ်ချင်းတွေက တော့ ကျွန်မတို့တကယ်ပဲ နိုင်ငံခြား သွားရတယ်မှတ်ပြီး အိမ်ပြန်လက်ဆောင်တွေ လာတောင်း နေကြတယ်၊ ၀တ္ထုထဲမှာ အတိအလင်းပါတာဆိုတော့ ငြင်းလို့လဲ မရဘူး။ မင်္ဂလာဈေးက ပစ္စည်းတွေဝယ်ပြီး ပေးနေရတယ်၊ ဒါဟာ သူ့ကြောင့်ပဲ....”

ဟု တရားခံကို လက်ညှိုးထိုးရင်း ပြောသည်။ တရားခံက “ အဲဒါ ကျွန်တော့သဘောနဲ့ ကျွန်တော် ရေးတာ မဟုတ်ပါဘူး။ တစ်ရက်မှာ ကိုစန်းမောင်နဲ့ မြို့ထဲမှာတွေ့တော့ သူက ခုတလော မင်းတို့အစ်မ တော်တော် “ပဲ” များနေတယ်၊ ကြည့်ပြီး နှိပ်လိုက်စမ်းပါ ဆိုလို့ ”

ကိုစန်းမောင်က ပျာပျာသလဲ “ ဟေ့..ဟေ့ကောင် ငါ့ကို ဆွဲမထည့်နဲ့ ” ပြောနေတုန်း မစန္ဒာက သူ့လူကြီး ဘက်လှည့်ပြီး “ ဟင်...ဒါ ရှင့်အကြံပေါ့လေ၊ ကျောင်းမှာတုန်းက တီစကွဲယားနဲ့ အရိုက်ခံရတာ မမှတ်သေး ဘူးလား....ကဲ ” ဆိုပြီး ကိုစန်းမောင်၏ နဖူးကို ဒေါင်ခနဲ ခေါက်လိုက်၏။ ကိုစန်းမောင်ကလည်း နဖူးကိုပွတ်ရင်း

“ ဟာ ... ငါက ပဲများတယ်ဆိုတာလောက်သာ ပြောတာ ၊ ၀တ္ထုထဲ ထည့်ရေးခိုင်းတာမှ မဟုတ်ပဲ ” သုခမိန်ကြီးက စားပွဲကို တစ်ချက်ထုပြီး “ ကဲ ...တော်တော့ ဒါ လင်မယားရန်ဖြစ်ရမယ့် နေရာမဟုတ်ဘူး၊ ဒီစွပ်စွဲချက်ကို မှတ်ထားမယ် ၊ ကဲ ...နောက် ဘယ်သူရှိသေးသလဲ ”

ပိန်ပိန်ရှည်ရှည် ငယ်ငယ်ချောချော မိန်းကလေးသုံးယောက် တန်းစီဝင်လာကြ၏ ။ စကတ်တိုတို ကြပ်ကြပ် များဝတ်၍ သားရေလည်ရှည် ဖိနပ်များစီးထားကြသည်။

သုခမိန်ကြီးက နဖူးကြောများတင်းသွားပြီး

“ တယ် ရုံးကိုလာတာ ဒီလို ၀တ်စားလာရသလား၊ မယ်မင်းတို့က ဘယ်သူတွေလဲ ဘာကိစ္စလဲ ”

ခေါင်းဆောင်ဖြစ်ဟန်တူသော မိန်ကလေးက ရှေ့တိုးလာပြီး

“ကျွန်မတို့ ကြော်ငြာ အစီအစဉ်လေးတစ်ခု တင်ဆက်ချင်လို့ပါ”

“ ဘာ ၊ ရာရာစစ ဒါကြော်ငြာရမယ့်နေရာလား ၊ အခုထွက်သွားကြစမ်း၊ ဘာပေကပ်ကပ် လုပ်နေတာလဲ၊ ၀မ်ခ ၊ မာလတ် ၊ ဆွေလုံ ၊ ကောက်ဟူ ”

“ရှိ”

“ သူတို့ကို ဆွဲထုတ်သွားစမ်း”

ထိုစဉ်တွင် ကုန်းစွန်က သုခမိန်ကြီး နားနားသို့ကပ်၍ တိုးတိုးပြောလိုက်သည်။

“ သုခမိန်ကြီးခင်ဗျား၊ သူတို့ကို ခွင့်မပြုလို့ မဖြစ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အခုကျွန်တော်တို့ ၀တ်ထားတဲ့ အ၀တ်အစားတွေဟာ သူတို့ ကုမ္ပဏီက ထောက်ပံ့ထားတာပါ ”

သုခမိန်ကြီးက ခေါင်းကုတ်လိုက်ပြီး

“ ခက်တာပဲ ၊ ကြော်ငြာတွေကလဲ နေရာတကာမှာပါပဲလား ”

“ ကြော်ငြာချင်လည်း မြန်မြန်ကြော်ငြာ ၊ စီးကရက်နဲ့ အရက်ဆိုရင်တော့ ခွင့်မပြုဘူး ”

“ ဟုတ်ကဲ့ပါ ။ ကျွန်မတို့က အလှကုန် ကြော်ငြာမှာပါ။ ကဲ သူငယ်ချင်းတို့ရေ ” ဟု ခေါင်းဆောင် မိန်းကလေးက အချက်ပေးလိုက်ပြီး ပရိသတ်ဘက်လှည့်၍

“ ကျေးဇူးပြုပြီး နားဆင်ပါရှင်၊ ကျွန်မတို့ရဲ့ လေးသူစံကုမ္ပဏီက နိုင်ဂျီးရီးယား နိုင်ငံမှ တိုက်ရိုက် တင်သွင်းတဲ့ မယ်ကုဝဏ်တံဆိပ် အလှကုန် ပစ္စည်းများကို သုံးစွဲကြပါစို့ နော ” ထို့နောက် မိန်းကလေး သုံးယောက်တို့သည် နောက်ကျောကို ပိတ်ကန်ခံထားရသော ကိုယ်ဟန်အမူအရာဖြင့် ခါးကလေးတွေ ကော့ပြီး ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန် ပြေးရင်း

“ ယာယာယေ ကုဝဏ် ၊ ကုဝဏ်၊ ယာယာယေ ” ဟု သီဆိုပြီး ထွက်သွားကြလေ၏ ။

“ တော်တော်ရှုပ်တဲ့ဟာတွေ ၊ ကဲ နောက်တရားလို တစ်ယောက်လာခဲ့ ”

ခုတစ်ခါ အလှည့်ကျသူကတော့ ခင်မြဇင် ။ သူ့ခင်ပွန်း ကိုသန်းအုံးကတော့ သဘောကောင်းသူ ၊ နားအေး ပါးအေး နေချင်သူဖြစ်သဖြင့် ပရိသတ်အကြားမှာပင် ထိုင်ရင်း သက်ပြင်းတချချ လုပ်နေ၏။

“ ကဲ...ဘာတင်ပြချင်လဲ၊ ပြော ”

သုခမိန်ကြီးက မေးလိုက်၏။ ခင်မြဇင်သည် တရားခံကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး “ သူဟာ ဒီတစ်ခါတည်းမဟုတ်ပါဘူး၊ ဟိုးအရင်ကလည်း ၀တ္ထုတွေထဲမှာ အမျိုးမျိုး ပေါက်ကရတွေ ရေးခဲ့ပါတယ်။ ၀တ္ထုတစ်ပုဒ်ထဲမှာ ကျွန်မကို ဆေးဘဲဥနဲ့ တူတယ်လို့ ရေးတယ်။ ပြီးတော့ အပျိုကြီးဖြစ်ပါစေလို့လည်း ကျိန်ဆဲခဲ့ဖူးတယ် ၊ သူ့ကျိန်စာကြောင့် ကျွန်မတော်တော်နဲ့ မစွံတာပေါ့ ။ ဝေဒတက်ခေတ်ဦးမြတ်သစ် ဆီမှာ ယတြာချေလိုက်တော့မှ ကိုသန်းအုံးနဲ့အဆင်ပြေသွားတာ ၊ ဒါကြောင့် သူ့ကို ပြင်းပြင်းထန်ထန် အရေးယူပေးပါ ”

တရားခံက မျက်နှာငယ်လေး လှမ်းကြည့်ပြီး...
“မခင်မြဇင်ရာ ကျွန်တော်တို့ဟာ တက္ကသိုလ်မှာကတည်းက ကဗျာတူတူရေးခဲ့ကြတဲ့ သူငယ်ချင်းတွေပါ ”

“ ဟော အခုမှ သတိရတယ်၊ ကျောင်းမှာတုန်းက ပိုက်ဆံအစိတ်ချေးထားတာ ပြန်မပေးရသေးဘူး ”

“ အဲဒါ ကျွန်တော်သုံးဖို့မဟုတ်ဘူး ၊ တိုးမိုးရဲ့ ပုဆိုးပေါင်ထားတာ ပြန်ရွေးဖို့ပါ။ ဘာပဲဖြစ်ဖြစ် ကောင်းတာလည်း ရေးပါတယ်၊ မခင်မြဇင်ရဲ့ ကဗျာတွေဟာ လက်ဖျားခါလောက်တယ်လို့ ချီးကျူးခဲ့ဖူးပါ တယ်ခင်ဗျာ ”

“ အမယ် ၊ ဒါကော အကောင်းရေးတာမှ မဟုတ်ဘဲ ၊ လက်ဖျားခါလောက်တယ်ဆိုပြီး နောက်က ကွင်းစကွင်းပိတ်နဲ့ ဆေးလိပ်မီးကို သွားကိုင်မိလို့ ဆိုတာ ပါသေးတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မကျေနပ်ဘူး ၊ မကျေနပ်ဘူး ” ဟု ပြောပြီး ကလေးတစ်ယောက်လို ခြေဆောင့်နေ၏။ သုခမိန်ကြီးက

“ ကဲ ၊ ကဲ ၊ ကလေးမ ကျေနပ်အောင် ဆောင်ရွက်ပေးမယ်၊ ဟုတ်ပြီလား ၊ နောက်...”

သုခမိန်ကြီး စကားမဆက်နိုင်ခင် ဆွေလုံနှင့်ဝမ်ခတို့က လူတစ်ယောက်ကို ချုပ်ကိုင်၍ ၀င်လာသည်။

“ အပေါက်ဝမှာ ယောင်လည်လည် လုပ်နေလို့ ဆွဲလာခဲ့တာပါ သုခမိန်ကြီး ”

ထိုသူမှာ ကဗျာဆရာ မြမြင့်မိုရ်ဖြစ်၏ ။ သုခမိန်ကြီးက

“ မောင်မင်း ဘာလုပ်မလို့လဲ ”

“ ကျွန်တော် ၊ ကျွန်တော် ဆရာစိန့်မွေးနေ့ အတွက် မုန့်ဟင်းခါးကျွေးနေတယ်ဆိုလို့ ၀င်လာတာပါ ”

“ မင်းကို ဘယ်သူပြောတာလဲ ”

“ မင်းသိုက်မွန် ပြောတာ ”

“ ဒါလောက်တောင် ငတ်ကြီးကျတဲ့ကောင်နဲ့ သူများကို ချောက်တွန်းချင်တဲ့ကောင်တွေ ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ဒဏ်ရိုက်ရမယ် ၊ တစ်ယောက်ကို ဘီအီးငါးပက်စီ ဒဏ်ကြေးပေးစေ ”

မြမြင့်မိုရ်မှာ မရှိသော ဆံပင်ကလေးကို ဖွရင်း

“ သွားပါပြီ ၊ ညနေစာလေးတော့ ကုန်ပါပြီ ” ဟု ညည်းလိုက်ရှာလေ၏။

“ ဘယ်သူ ကျန်သေးလဲ ” ဟု မေးလိုက်ရာ ခပ်ပိန်ပိန် အမျိုးသမီးကြီးတစ်ဦး လူကြားထဲက တိုးထွက်လာပြီး

“ ကျွန်မ တိုင်စရာရှိတယ် ”

“ ခင်ဗျားက ဘာတိုင်မလို့လဲ ဒေါ်စိန်ဂွတ်ထော် ” ဟု မေးလိုက်ရာ ခပ်ပိန်ပိန် အမျိုးသမီးကြီးသည် ဆတ်ခနဲ ဖြစ်သွားပြီး

“ ကျွန်မက စိန်ဂွက်ထော်မဟုတ်ဘူး ၊ ရွှေကူမေနှင်း ”

“ အောအော ရုတ်တရက် မမှတ်မိလို့ပါ ။ နေစမ်းပါဦး ၊ သူ့ဝတ္ထုထဲမှာ ခင်ဗျားမှ မပါဘဲ ”

“ ၀တ္ထုထဲမှာ မပါပေမယ့် စာပေဟောပြောပွဲတွေကျရင် ကျွန်မကို အာပြဲခြောက် ကျပ်တင်ထားတာနဲ့ တူတယ်၊ ဘာညာနဲ့ ဟင်း သူကျတော့ ငကျီးခြောက်ကို ရေနံ သုတ်ထားတဲ့ ပုံစံနဲ့ ”

“ ခင်ဗျားက သူပြောသလောက်တော့ မဆိုးပါဘူး ၊ စိုစိုပြည်ပြည် ရှိသားပဲ ”

ရွှေကူမေနှင်း ကျေနပ်သွားပြီး

“ ဟုတ်တယ် ၊ ကျွန်မ မနက်တိုင်း လေ့ကျင့်ခန်းလုပ်နေလို့ ခုလိုအရွယ်တင်နေတာပေါ့၊ ဒါကို သူက အမနာပ ပြောတာ တရားသလား ”

“ မှန်ပါတယ် ၊ ဒီအတွက် သင့်တော်သလို အရေးယူပေးမယ် ”

ထိုအခိုက်မှာပင် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကြားရသဖြင့် သုခမိန်ကြီးက

“ ဘာဖြစ်တာလဲဟေ့”

ကောက်ဟူက ပြေးဝင်လာပြီး

“ သိုင်းသမားတစ်ယောက် တရားခံကို ကယ်ထုတ်ဖို့ ကြိုးစားနေတယ် ”

“ ဟုတ်လား  ဒါဆို ”

ကျန်စိန်ဝင်းဘက်

“ ကျန်စိန်ဝင်း”

“ရှိ”

“ မောင်မင်း အဲဒီသိုင်းသမားကို သွားရှင်းလိုက်စမ်း ”

“ရှိ”

ကျန်စိန်ဝင်းသည် လေထဲတွင် လွှားခနဲ ၀ဲပျံသွားသည်။ ကြက်တောင်ပံခတ်သလို ဖလပ်ဖလပ်မြည်သွား၏။ သို့ရာတွင် တရားရုံးအလယ်လောက်မှာပင် ရပ်တန့်သွားပြီး လေထဲတွင် တွဲလောင်းကြီး ဖြစ်နေ၏။ ခါးမှာချိတ်ထားသော စက်သီးကြိုး ငြိသွားသောကြောင့် ဖြစ်၏။ ၀မ်ခ နှင့် မာလတ် တို့က စက်သီးကြိုးကိုဖြုတ်၍ အောက်ကို ထမ်းချပေးရသည်။ ထို့နောက်သူသည် အပြင်ကို ဒီအတိုင်းပင် ပြေးထွက်သား၏။ ခဏကြာတော့ ပြန်ဝင်လာသည်။ လက်ဝါးကို လက်သီးနှင့်ထောက်၍ အရိုအသေပြုပြီး.

“ ဖမ်းလို့ မမိလိုက်ပါဘူး၊ သူ့သိုင်းပညာက တော်တော် အဆင့်မြင့်တယ်၊ ကျွန်တော်က သူအုတ်နံရံကို လွှားခနဲ ကျော်သွားလိမ်မယ်ဆိုပြီး အပေါ်ကို မော့ကြည့်နေတုန်း၊ ခွေးတိုးပေါက်ကနေ လှစ်ခနဲ လျှောထွက်သွားတာပဲ ”

“ ဟုတ်လား၊ ဒါဆိုရင် နီကိုရဲပဲ ဖြစ်မယ်၊ နောက်ထပ် မနှောင့်ယှက်နိုင်အောင် သေသေချာချာ သတိထား နေကြ ၊ ကဲ ”

သုခမိန်ကြီးက တရားခံဘက်လှည့်၍

“ မောင်မင်းအပေါ် စွပ်စွဲထားတာတွေက တော်တော်ခိုင်လုံနေပြီ၊ ဘာပြောချင်သေးလဲ ”

“ သူတို့ သက်သက်မဲ့ မကျေမနပ် ဖြစ်ကြတာပါ ၊ တစ်ကယ်တော့ ကျွန်တော့်ဝတ္ထုဟာ သရုပ်မှန်လွန်းလို့ ဆရာဇန်မြင့်ကတောင် ရွှေပါးစပ် ၊ ငွေပါးစပ် ထဲမှာ ချီးကျူးထားပါသေးတယ် ”

“ အဲဒီလို ချီးကျူးမိလို့ ဇန်မြင့်တစ်ယောက် စာဖတ်ပရိသတ် တော်တော်လျော့သွားတယ် လို့တောင် သတင်းကြားရတယ် ” ဟု ကုန်းစွန်က ၀င်ပြော၏ ။ တရားခံက ဆက်၍

“ တစ်ခုလည်း ရှိပါသေးတယ်၊ အခုလို စာရေးဆရာတွေကို ဇတ်ကောင်လုပ်ပြီးရေးတာ ကျွန်တော်စတာ မဟုတ်ပါဘူး၊ ဆရာသော်တာဆွေတို့ ၊ ဆရာသာဂဒိုးတို့က စခဲ့တာပါ ”

“ ဟေ့...လူကြီးတွေကို ဆွဲမထည့်နဲ့ ”

“ ဒီလိုရှိပါတယ်၊ ကျွန်တော်က...”

“ တိတ်စမ်း....”

တူကြီးနှင့် စားပွဲကို ထုလိုက်ရာ

“ ဟာလေ ဟာလေ ဟာလေး ”

“ ကဲ ...ဘာမှ ဆက်မပြောနဲ့ ၊ အမိန့်ချမယ်၊ မောင်မင်းဟာ သူတို့ဘာသာ အေးအေးဆေးဆေးနေတဲ့ စာရေးဆရာတွေကို နောက်လားပြောင်လား လုပ်တဲ့အတွက် အပြစ်ရှိတယ် ၊ ဒါ့ကြောင့် နောက်ကို ပေါက်ကရ မရေးနိုင်အောင် လက်ကိုဖြစ်စေ”

“ ဟာ...ချမ်းသာပေးပါ သုခမိန်ကြီးရယ် ”

“ မရဘူးဟေ့၊ လိပ်ခေါင်းဓားစက်ယူခဲ့ ” ဟု အမိန့်ပေးလိုက်သောအခါ မောင်မြင့် စာအုပ်ချုပ် လုပ်ငန်းမှ ကုလားလေး လေးယောက်တို့သည် စက္ကူဖြတ်သည့် ဓားစက်ကြီးကို မချလာပြီး သုခမိန်ကြီးကို အရိုအသေပြုရင်း ခေါင်းဆောင် ကုလားလေးက

“ ဘယ်လိုဖြတ်ရမှာလဲ ဆရာကြီး ၊ ကရောင်းဆယ့်ခြောက်ချိုးလား၊ ဖူးစကတ် ဆယ်ချိုးလား ”

“ တယ်...စက္ကူဖြတ်မှာ မဟုတ်ဘူး၊ လူဖြတ်မှာ ၊ ကိုင်း ....ဓားစက်ဖွင့်”

ကုလားလေးက ခလုတ်ကို နှိပ်လိုက်၏။ ပြီးမှ

“ ဖွင့်လို့မရဘူး ဆရာကြီး ၊ မီးပျက်နေတယ် ”

“ ဒါဆို မီးစက်နှိုး ”

တရားခံက တောင်းပန်သည်။

“ သုခမိန်ကြီးရယ် လက်တော့ မဖြတ်ပါနဲ့ ၊ ကျွန်တော့်မှာ ဒါလေးနဲ့ လုပ်စားနေရတာပါ ”

“ ဒါဆိုရင် ဖြတ်လို့ ရတဲ့ ဟာကိုဖြတ်စေ ”

ထိုစဉ်တွင် အမျိုးသမီးတစ်ယောက်သည် ငိုကြီးချက်မနှင့် ပြေးဝင်လာသည်။ စောစောက စကားများကို နားစွန်နားဖျားကြားပြီး

“ ကျွန်မ ယောက်ျားကို မဖြတ်ပါနဲ့ရှင် ၊ သူ့မှာ ဒါလေးနဲ့ပဲ လုပ်စားနေရတာပါ ” ဟု ရမ်းသမ်းပြောလိုက် သဖြင့် သုခမိန်ကြီးတောင် ပြုံးမိသလို ဖြစ်သွား၏။ သူက မော့်ကြည့်ပြီး

“ ဟင် ... ကိုကြီးစိန် ၊ ကောင်းကြပါလေရဲ့၊ ကျွန်မတို့ မင်္ဂလာဆောင်တုန်းက ရေခဲမုန့် သုံးခွက်ဆင့်စား သွားတာတောင် မထောက်တော့ဘူးလား ”

“ ကလေးမကိုတော့ သနားပါတယ်၊ ဒါပေမယ့် ဒီကောင့်ကို ချမ်းသာပေးလိုက်ရင် တရားလိုတွေက ပြဿနာ ရှာလိမ့်မယ် ၊ ကဲ...အသင့်ပြင် ”

မာလတ်နှင့်ကောက်ဟူတို့က တရားခံကို ချုပ်ကိုင်ပြီး ဓားစက်ဆီ ဆွဲခေါ်သွား၏ ။ သုခမိန်ကြီးသည် အချက်ပေးရန်အတွက် ဆီချက်ခေါက်ဆွဲဆိုင်မှ တောင်းလာသော ၀ါးတူကို မြှောက်ကိုင်လိုက်စဉ်....

“ ဦးရီးတော် ပ၀မ်ကွေး ကြွလာတယ် ”

“ ချမ်း ချမ်း ” ဆိုသော ယကွင်းသံနှင့်အတူ ဦးရီးတော် ပ၀မ်ကွေးသည် ကိုယ်ရံတော်များ ဖြစ်ကြသော စာကလေး၊ဒကာဆိတ်၊ ဟာကျူလီငပျော့တို့နှင့်အတူ ကြွချီလာသည်။ ပရိတ်သတ်ကြီးက ၀မ်ဆွေ့ ၀မ်ဆွေ့ ၀မ့်ဝမ့်ဆွေ့ ဟု အရိုအသေပြုကြ၏။ သုခမိန်ကြီး ပေါင်စိန်ပင်လျှင် စင်မြင့်ပေါ်မှ ဆင်းလာပြီး ဂါရ၀ပြုရင်း

“ ဦးရီးတော် ဘာကိစ္စများ ရှိလို့ပါပဲ ”

“ ကိစ္စကတော့ ”

တရားခံကို လက်ညှိုးထိုးပြပြီး

“ သူ့ကိစ္စပဲ ၊ သူဟာ စာပေကြော်ငြာ စတိတ်ရှိုးဆိုတဲ့ ၀တ္ထုကို မလိုတမာစိတ်နဲ့ ရေးတာ မဟုတ်ပါဘူး၊ စာပေသမားတွေကို ချစ်လို့ခင်လို့ ကလူကျီစယ်တဲ့ သဘောပါ။ ခုလို ၀တ္ထုထဲ ထည့်ရေးလိုက်တဲ့ အတွက် စာဖတ်သူတွေ ရယ်မောပျော်ရွှင်ကြရလို့ ကုသိုလ်တောင် ရပါသေးတယ်၊ ပညာရှိအမတ်ကြီး ဘိုးဘိုးကြပ် ကတောင် ကျွန်ုပ်နဲ့ သဘောချင်း တူညီကြောင်း သ၀ဏ်လွှာ ပါးလိုက်ပါသေးတယ် ”

သုခမိန်ကြီးက ဦးညွှတ်လိုက်ပြိး

“ ဦးရီးတော်ရဲ့ စကားကို မပယ်ရှားဝံ့ကြောင်းပါ ။ သို့သော်လည်း သူ့ကို ဒီအတိုင်း ခွှင့်လွှတ်လို့တော့ မဖြစ်ဘူး ထင်ပါတယ် ”

“ ဒါကတော့ ဟုတ်တယ်၊ ဒီကောင်ဟာ ကျွန်ုပ်ကိုတောင် နောက်လားပြောင်လား လုပ်ခဲ့သေးတာပဲ ၊ မှတ်လောက်အောင်တော့ ဆုံးမရမှပေါ့၊ ကိုင်း ဒီတော့ ဒီကောင့်ကို အူမတက်မချင်း ၀ိုင်းပြီး ကလိထိုးကြစေ”

ဦးရီးတော် ပ၀မ်ကွေး၏ စကားအဆုံးတွင် တရားလို ပရိသတ်ကြီးမှာ “ ဟာလေ ဟာလေး ဟာလေး ” ဟု အော်၍ သူ့ထက်ငါ အလုအယက် ကလိထိုးရန် ၀ိုင်းအုံလာကြလေတော့သည်။


မင်းလူ
(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း၊ ဇန်န၀ါရီလ ၁၉၉၉)


Sunday, December 19, 2010

သူ့မယား ငါ့မယား အခန်း(၁၀) ဇတ်သိမ်း



ကိုမြကြီးသည် ထိုနေ့၌ မယ်မှုန်နှင့် မယ်စံတို့အား မိမိ၏အခြေအနေကို သေချာစွာပြော၍ မပြလျှင် ဖြစ်တော့မည်မဟုတ် ၊ အခက်အခဲသည် သိသိသာသာကြီး လေး၍လာသည်ကို မျိုသိပ်၍ထားခဲ့သည်မှာ အတော်ကြာခဲ့လေ၏။ ယခုကား မပြောဘဲ မနေနိုင်တော့ပေ။ ကုန်စုံဆိုင်မှ ကုန်ကြွေးများကို မဆပ်နိုင်သဖြင့် ဖျက်သိမ်းရတော့မည့်အနေသို့ ရောက်၍နေလေ၏။

ထိုဆိုင်ကလေး ရှိသေသမျှ ငွေကြေးပင် အပိုအလျှံများစွာမရှိစေကာမူ ဣနြေ္ဒမပျက် ထမင်းနပ်စေ့အောင် စားနိုင်ကြသေး၏။ မတော်တဆ ဆိုင်ပိတ်လိုက်ရချေက ဖြစ်ပျက်ပုံအခြေအနေကို တစ်ရွာလုံး သိတော့မည်။ သိလျှင်အရှက်ကွဲတော့မည်။ ငွေငါးရာ ၊ တစ်ထောင်ကိုလည်း အဘယ်မှ လှည့်၍မျှ ရပုံမပေါ်သဖြင့် များစွာပင် အခက်ကြုံလေတော့သတည်း။

“ အများကတော့ ငါ့ကို သတိပေးကြတာပ ၊ လာဘ်အစား စုတ်တွေ ၀င်တယ်လို့ပြောကြတယ် ။ ငါကလည်း အယုံတရားမရှိခဲ့ဘူး ။ အခုတော့ သူတို့ပြောသလို ဖြစ်နေတော့တာပဲ ။ မယ်မှုန် မင်းလည်း ဘာမှ မသိဘူး ” ဟု ပြောလေ၏။
“ ကျုပ် သိပါတယ် ကိုမြရယ် ၊ သိလို့အသာနေတာ၊ စိတ်ညစ်စရာကိုပြောရင် အကျိုးမရှိလို့ ၊ ရှင်လည်း ကြံဦးစည်ဦးမှာပဲ ၊ ပေါ့နေမှာ မဟုတ်ဘူးလို့ အားကိုးပြီးနေတာပဲ ”

“ အေး ... ငါလည်း မကြံတတ်အောင် ရှိတော့တာပဲ ။ င့ါကိုယ်ပိုင် အလုပ်ကလေးဟာ အတော်သား ၊ အရူးဘုံမြှောက် ခြေ ထောက်က မိလို့ အခုလိုဖြစ်ရတာ၊ နိမ့်ကျတဲ့အလုပ်ကလေးနဲ့ ငွေကြေး အတော်အတန်ရတာနဲ့ ဒီနိမ့်ကျတဲ့ အလုပ်ကလေးပေါ်မှာ မာန်မာနတက်ပြီး ကျေးဇူးမဲ့ကာ စွန့်မိခြင်းဟာ အမှားကြီး မှားတာပဲ ၊ အခုမှ ပြန်ပြီးလုပ်ဖို့တော့ ခက်တာပဲ ”

“ ဒါတွေ တွေးပြီး ပူနေစရာမရှိပါဘူးတော် ၊ ကလေးနှစ်ယောက်နဲ့ လူကြီး သုံးယောက်ပါ ။ လူကြီး သုံးယောက်ရှာကြံလို့မှ လှလှ၀၀မနေနိုင်ရင် လူ့ဘ၀မှာ နေဖို့တောင် တော်မှာ မဟုတ်ဘူး ။ အရင်းအနှီး ရှိရင် ဘာမဆို လုပ်နိုင်ပါတယ်။ အကြီးဆုံး အရင်းအနှီးဟာ လူပါပဲ ”

“ ဒီစကားမျိုးတွေ နားထောင်လိုက်တော့ အင်မတန်ဟုတ်တာပဲ ၊ လုပ်တော့သာ မလွယ်တာ ။ မဂ္ဂဇင်း ဂျာနယ်တွေထဲမှာ တဂုံနတ်တို့၊ ဦးပဂျီငိုတို့ ၊ ဆရာ ပီ-မိုးနင်းတို့ ဒါမျိုးတွေရေးနေတာပေါ့ ၊ သူတို့လည်း တယ်ပြီးဟန်လှတယ်လို့ မကြားရသေးဘူး ”

“ ဒီလူတွေက ကျုပ်ကြားရတဲ့အတိုင်းတော့ သူတို့ ၀ါသနာကြောင့် ဆင်းရဲကြတာလို့ ကြားတာပဲ ၊ သူတို့က စာရေးဖို့သာ ၀ါသနာပါပြီး ၊ တခြားအလုပ်ကျတော့ ထိထိရောက်ရောက် မလုပ်ကြဘူးပဲ ။ လုပ်ရင် ဥာဏ်ရှိတဲ့လူတွေပဲ ။ သူများနည်းတူ မဖြစ်ဘဲနေမလား ၊ စီးပွားဆိုတာ လောဘ သက္ကာရနဲ့ ရှာမှရတာ၊ သူတို့စာရေးဆရာတွေက စာကိုသာ စွဲတာ စာရေးလို့ရတဲ့ငွေကို တစ်ဖက်တစ်လမ်း မရပ်မနှီး သုံးပစ်ကြတာပဲတဲ့ ။ တစ်ခုခုလုပ်ရင်လည်းပဲ ကိုယ်တိုင် ထိထိရောက်ရောက် ဂရုမစိုက် သူတို့သားမယား တွေကိုလွှဲထားတာတဲ့ ၊ ဖိတ်ဖိတ်စင်စင် ထင်သလိုလုပ်တယ်လို့ ကြားဖူးတာပဲ ”

“ အင်း....ဒါလည်း ဟုတ်မှာပဲ ၊ ဟောတာတစ်မျိုး လုပ်တာတစ်မျိုးဖြစ်ချင်လည်း ဖြစ်မှာပဲ။ကိုင်း ...ဒီလိုဖြင့် မင်းတို့ပဲ ကြံကြစမ်းပါဦး ”

ထိုသို့ပြောဆိုတိုင်ပင်၍ နေကြသောအခိုက်တွင် ချစ်တီးကုလားတစ်ယောက် သားနားသော မြန်မာလူမျိုး တစ်ယောက်နှင့် ရောက်၍လာရာ မိန်းမနှစ်ယောက် အံ့အားသင့်ပြီး မောင်မြကို ကြည့်၍နေကြလေ၏။ မောင်မြမှာ မျက်နှာပျက်လျက် ။ ချစ်တီးကို အိမ်ပေါ်သို့ပင်ခေါ်ပြီး ရဟန်းသံဃာတော် အရှင်သူမြတ် တစ်ပါးကို အရိုအသေပြုရသလို အရေးတယူ ပြုရလေ၏။

မောင်မြသည် အိမ်ကိုအပေါင်ထားပြီး ချစ်တီးထံမှ ငွေငါးရာယူထားရာ မည်သူမျှမသိခဲ့ပေ ။ ထိုငွေအတွက် ချစ်တီးက ပူသဖြင့် တောင်းပန်၍ထားသည်မှာ သုံးလ လေးလ ကြာခဲ့လေရာ ယနေ့ကားနောက်ဆုံးနေ့ ဖြစ်သဖြင့် ထုတ်ဖေါ်မပြောဘဲ မနေနိုင်သောကြောင့် ထုတ်ဖေါ်၍ ပြောရခြင်းဖြစ်လေ၏။ ထိုကဲ့သို့ပြောခြင်း သည် တွေ့ကြုံရမည့် ဆဲဆဲရှိသော စိတ်မကောင်းဖွယ်ရာ အဖြစ်အပျက်အတွက် တင်ကြိုပြင်ဆင်ခြင်းပင် ဖြစ်လေ၏။

ချစ်တီး ။ ။ “ အစ်ကိုကြီး ...တစ်နေ့ ပွေးမယ်။ ရှေ့လပွေးမယ် ။ မပွေးဘူး ။ သူဌေးက ကျုပ်ကို ချိတ်ချိုးတယ်။ ဒီဂနေ့ ဆိုင်ကို သိမ်းမယ်လို့ အမိန့်ပွေးဒယ် ၊ ဘဲ့နဲ့လုပ်မလဲ အစ်ကိုကြီး ”

မြ ။ ။ “ ကျုပ်လည်း မကြံတတ်ဘူး ၊ ကိုရာမ ကြည့်သာလုပ်ပါ ”

“ ကြည့်လုပ်ဆိုဒါ အိမ်ကို မောင်းတီးရမှာပေါ့ ၊ ကျနော် အများကြီး တနားတယ် ၊ သူဌေးက ပူဒယ် ၊ ဘဲ့နဲ့ လုပ်မလဲ အစ်ကိုကြီး ”

ထိုအခိုက် ကလေးနှစ်ယောက်နှင့် မယ်မှုန်သည် အိမ်အတွင်းခန်းတံခါးအကွယ်၌ ထိုင်ကာ မျက်ရည်စက်လက်နှင့် နေကြလေ၏ ။ မယ်စံသည်ကား မီးဖိုဘက်သို့ ထ၍ သွားလေ၏။ အိမ်မှာ သုံးထောင်ကျော်လောက် တန်ရာ မောင်မြသည် တစ်ထောင်ကျော်မျှနှင့် အချောင်ရ၍ထားသောအိမ် ဖြစ်လေ၏။

ထိုအခိုက် ရွာပြင်ဘက်လယ်ပြင်ထဲတွင် လူနှစ်ယောက် စကားပြော၍နေကြလေ၏ ။ ၄င်းလူနှစ်ယောက် အနက် တစ်ယောက်မှာ မောင်းတစ်ခုကို ပိုက်၍ထားသဖြင့် ပွဲမောင်းလား လေလံမောင်းလားဟု တွေးဖွယ်ရာဖြစ်၍ နေလေ၏ ။ တစ်ယောက်က “ ငါကွယ့် ဘိုးကြောင် ၊ သူများ မဟုတ်ဘူး ၊ ငါက တစ်ခုခုကို လုပ်ရင် ဖြစ်မှ၊ မဖြစ်ရင် မလုပ်ဘူး ၊ ဘာအသုံးကျတဲ့ အကောင်လဲ ၊ ဆံပင်ညှပ်သမား ခေါင်းပေါင်းစထောင်လို့ အိမ်နဲ့ရာနဲ့ ဖြစ်နေတာ ၊ ငါ မျက်စိစပါးမွှေးစူးတယ် ။ သူ ကုန်ဆိုင်တည် ကတည်းက ဒီရွာမှာ ဆိုင်ကြီးကြီးတည်ရင် ပတ်ဝန်းကျင် တောကောင်းလို့ အများကြီးအကျိုးရှိမယ့် အကြောင်းကို စစ်ကောင်းကို ငါသွားပြီးတွန်းတာပေါ့ ။ ကိုစစ်ကောင်းဆိုင်လည်း ရောက်ကရော သင်းဆိုင်လည်း ပြုတ်တာပဲ ။ ငါက သင်း သတင်းနားထောင်နေတာ ၊ သင်း ဘယ်အခြေအနေဆိုတာ ငါအမြဲ စောင့်ကြည့်နေတာ ၊ အခုတော့ ဒီကောင် အိမ်ပြုတ်ကရော မဟုတ်လား ။ ချစ်တီးက သူ့အပေါ်မှာ တော်တော်အထင်ကြီးနေတယ် ။သူ့မှာ ဘာမှမရှိကြောင်း ၊ ငါသွားပြောလို့ သိတာ၊ ကိုင်း ...လာ.... သွားမယ် ။ ဒီမောင်းကို ကွဲအောင်သာထု ”

“ ဒီအိမ်ဟာ ဒီကနေ့ကစပြီး ငါ့အိမ် ၊ ဒီရွာထဲမှာ ဆွဲနိုင်တဲ့လူ တစ်ယောက်မှမရှိဘူး ငါဆွဲမယ် ။ ကြည့်... ငွေငါးရာ ချစ်တီးက ငါ့ချစ်တီး သူ ဘင်္ဂလားရောက်နေတာ ငါးနှစ်ကျော်လို့ ငါ ဆင်းရဲနေတာ ။ အခု သူလည်းပြန်လာရော ငါလည်းလူဖြစ်တာပဲ။ အရှင်မွေး နေ့ချင်းကြီးဆိုတာ ဒါပေါ့ကွ ” ဟု အားရပါးရ အသက်မရှူဘဲ ပြောလေ၏။

မကြာမီ မောင်မြ၏ အိမ်ရှေ့သို့ ရောက်ကြလေရာ အိမ်ရှေ့မှ အိမ်တွင်းသို့ ငုံ့ကြည့်ပြီး ခါးထောက်ကာ ရပ်လျက် ဆေးပြင်းလိပ်ကို စတိုင်လ်ပါပါ သောက်ဖွာ၍နေလေ၏ ။ ထို့နောက် ငွေစက္ကူများကို အင်္ကျီအိတ်ထဲမှထုတ်ပြီး လျင်မြန်သောလက်ချောင်းများနှင့် လှန်ကာ ရေ၍ နေလေ၏။

မောင်းသမားသည်ကား မောင်းကိုကိုင်လျက် အိမ်ရှေ့ကို သွား၍ထိုင်လေ၏။ ကလေးနှစ်ယောက်သည် ဘိုးကြောင်ကိုမြင်သောအခါ အခန်းထဲမှ ထွက်မည်ဟန်နှင့် ထကြလေရာ မယ်မှုန်က ဆွဲ၍ထားပြီး “ သေမယ် ငြိမ်ငြိမ်နေကြ ၊ နင်တို့ အဖေကို ဒီလောက်တောင်ခင်သလား ” ဟု ပြောလေ၏ ။ မယ်စံ သည်ကား မီးဖိုထဲမှ မထွက်ဘဲနေလေ၏ ။

မောင်မြသည်ကား ချစ်တီးကိုတောင်းပန်၍ မရသောအခါ .......

“ ကိုင်း ကိုရာမ တောင်းပန်လို့မရရင်လည်း သဘောအတိုင်းသာ လုပ်ပေတော့လေ ။ တစ်လလောက် ဆိုင်းရင် ဒီငွေလောက်တော့ မခက်ပါဘူး ၊ ကျုပ်တပည့်တွေ အများကြီးရှိပါတယ် ။ မဆိုင်းနိုင်ရင် လုပ်လေ ” ဟု ပြောပြီး အိမ်နောက်ဖေးသို့ ဆင်းသွားလေ၏ ။

မယ်မှုန်သည် ကိုမြကိုကြည့်ကာ အားငယ်လျက် မျက်ရည်ကိုသာ သုတ်၍နေလေ၏ ။ မကြာမီ မောင်းကွဲ သံကြီးကို ကြားရလေ၏ ။ လူအများ ၀ိုင်းအုံ၍လာကြလေ၏ ။ ဘိုးကြောင်မှာကား ခေါင်းပေါင်းစ တစ်ထောင်ထောင်နှင့် ငွေစက္ကူများကို ကိုင်ဆုပ်လျက် ခေါက်တုံ့ခေါက်ပြန် လျှောက်၍နေလေ၏ ။

ရွာသာများသည် ၄င်းကို မုန်းထားရွံရှာသောမျက်နှာထားနှင့် ၄င်းကိုကြည့်၍သာနေကြရလေ၏။ တစ်စုံတစ်ရာကိုမျှ မလုပ်ကြပေ ။ သူကြီးအိမ်မှာ အစိုးရအရာရှိတစ်ယောက်နှင့် ပုလိပ်သားများကို မတွေ့ကြရချေကာ ၄င်းကို စိစိညက်ညက်ကြေအောင် လုပ်ချင်ကြလေ၏။

ရွာသားများအနက် မည်သူမျှ လေလံဆွဲရန် အကြံမရှိကြ ။ ကိုမြကြီးကို သနားကြလေ၏။ သို့ဖြစ်လေရာ ဘိုးကြောင်မှာ ကျိန်းသေ၍နေလေ၏။

ချစ်တီးသည် ပါ၍လာသော သားနားသော မြန်မာလူမျိုးနှင့် စကားတစ်ခွန်း ၊ နှစ်ခွန်းပြေလေ၏။ ၄င်းမြန်မာ လူမျိုးမှာ ဘီးလစ်စာရေးနှင့် တူလေ၏။

မောင်းမာ လေလ့မောင်းမဟုတ်သေး ၊ လူခေါ်သော မောင်းမျှဖြစ်လေ၏။ လူအတော်များလာသဖြင့် လေလံစ၍ ပစ်သောအခါ ဆွဲသူ တစ်ဦးတစ်ယောက်မျှ မပေါ်ပေါက်ပေ ။ သို့ဖြစ်လေရာ ဘိုးကြောင်မှာ စိတ်ချလက်ချ မိမိရတော့မည့်အနေနှင့် ငွေစက္ကူများကို တစ်ဖန် လူအများမြင်အောင် စတိုင်တင်းတင်းနှင့် ရေတွက်ပြန်လေ၏။

ထိုအတွင်း ယောကျာ်းပျိုတစ်ယောက်သည် လူစုလူဝေးထဲ ဖြတ်၍လာပြီး ဘိုးကြောင်၏လက်က ငွေများကို လက်နှစ်ဖက်နှင့် တစ်ချက်တည်းသုတ်ယူပြီး အိမ်ပေါ်ကို လျင်မြန်စွာ ပြေးတက်၍ သွားလေ၏။ မယ်မှုန်နှင့် ကလေးနှစ်ယောက်သည် အခန်းတွင်းမှ ၀င်းဝင်းတောက်သော မျက်နှာများနှင့် ထွက်၍လာကြပြီး ယောက်ျားပျိုကို အခန်းထဲသို့ သွင်းကြလေ၏။

အခန်းထဲသို့ရောက်သောအခါ ......

“ ရော့ မမ ၊ ဦးလေး ဘယ်မလဲ ” ဟု မေးလေ၏။

“ နောက်ဖေး တင်းကုပ်ထဲမှာ ၊ ငါ့သား ဘယ်တုန်က ရောက်သလဲ၊ မမ မျှော်လိုက်တာ ၊ စာကလေးတောင်မှ မပေးဘူး ၊ ဆပ်အင်စပက်တော်အလုပ်ကို ရသွားပြီလို့တော့ ကြားရဲ့ ။ ဘယ်မှာရယ်လို့ မသိဘူး ” ဟု ပြောရင်းသွားရာ နောက်ဖေး၌ မှိုင်၍နေသော ကိုမြကို တွေ့ကြသဖြင့်....

“ ဟောတော့ ... ရှင့်သား လာတယ် ” ဟု ပြောလေ၏ ။ ကိုမြသည် ဆပ်အင်စပက်တော်ဖြစ်၍ လာသော မယားပါသားကြီးကို ၀မ်းနည်းသောမျက်နှာနှင့်ကြည့်ရင်း တစ်စုံတစ်ရာ မပြောဘဲ သက်မကြီးချကာ.....

“ မင်း ဆပ်ဖြစ်လာတာတော့ ၀မ်းသာတာပဲဟေ့ ၊ အခု ငါတို့ ဖြစ်နေပုံကိုသာ ကြည့်ပေတော့ ”

“ မပူပါနဲ့ ဦးရယ် ။ ကျွန်တော် အထင်လွဲလို့ ပေါ့ပေါ့ဆဆ တမင်နေခဲ့ပါတယ် ။ ညီကလေးတွေကိုသာ တဖြည်းဖြည်းခေါ်ယူမယ် စိတ်ကူးမိတာပဲ ။ အခုမှ မော်လမြိုင်က သည်နယ်ကို ပြောင်းလာရတာနဲ့ ။ အကျိုးအကြောင်း စုံစမ်းကြည့်တော့မှ ကျွန်တော်တို့ အထင်လွဲကြောင်းသိရပြီး အဖေအရင်း မဟုတ်ပေမယ့် အဖေအရင်းထက် အရာရာမှာ သာနေတာတွေ ကျွန်တော်တို့ ဆိုးမိုက်သမျှ အတွက် သည်းညည်းခံတာတွေကို အကုန်ပဲ ပြန်တွေးမိတာနဲ့ ကျွန်တော်လာတာ ပါ ”

“ ဒါထက် အခုမောင်းထုတာ ငွေဘယ်လောက်အတွက်လဲ ”

ကိုမြ ။ ။ “ မများပါဘူးကွယ် ငါးရာတည်းပါ ။ တစ်လလောက်ဆိုင်းပါဆိုတာ မရဘူး ”

မှုန် ။ ။ “ ဘာရမလဲ ၊ ဟိုအကောင် လက်ချက် ။ ငါတို့ သိုက်သိုက်ဝန်းဝန်းနေတာကို မင်းအဖေက မကြည့်နိုင်ဘူး ၊ သည့်အတွက် ချစ်တီးကိုတွန်းပေးတာ ၊ လွဲကာမှ လွဲရော မမတော့ ဒီလိုထင်တာပဲ ။ သူဆွဲမလို့ ငွေတွေနဲ့လာတာကြည့် ပါလား၊ သူ့ချစ်တီးဟောင်း ပြန်ရောက်တယ် ကြားရတယ် ”

“ ဘာအရေးကြီးသလဲ မမရယ် ။ ကျွန်တော်ရှိပါသေးတယ် ၊ ကျွန်တော် ဆပ်အလုပ်ကို ဂုဏ်အတွက်လုပ်တာ ။ မော်လမြိုင်မှာ ကျွန်တော်မိန်းမ ရလာခဲ့တယ် ။ ဒီမှာ ” ဟု ပြောပြီး ငွေစက္ကူ ရာတန် အထပ်ကြီးတစ်ထပ်ကို ထုတ်၍ပြပြီး ပထွေး၏ လက်ကို ကိုင်ဆွဲကာ ထည့်ရင်း “ ကျွန်တော်တို့ စော်ကားမိုက်မှားသမျှကို ခွှင့်လွှတ်ပါ ဦးရယ် ” ဟု မျက်ရည် တလည်လည်နှင့် ပြောလေ၏။

ကိုမြမှာ ငိုသံပါမှာ စိုးသောကြောင့် စကားမပြောဘဲ ငွေစက္ကူလိပ်ကြီးကို ကိုင်ဆုပ်ပြီး နောက်သို့လှည့်ကာ နှပ်ညှစ်၍ မျက်နှာကို ပုဆိုးကပုံစနှင့် သုတ်လေ၏။

မမှုန် ။ ။ “ မင်း ညီများကိုလည်း ဆုံးမဦးမှဖြစ်မယ် ၊ သူတို့က အခုအထိ မိုက်တုန်းဆိုးတုန်း ပထွေးကို ဘာလောက်မှ အမှုမထားဘူး ၊ မြင်ရဲ့လား ၊ အစ်ကိုကြီးက ဘယ်လောက် လိမ္မာသလဲ ”

“ လိမ္မာပါလိမ့်မယ် မမရယ် ၊ ငယ်လို့ပါ။ မမိုက်ကြနဲ့နော် ။ ပထွေးပေမယ့် ငါ့တို့ဖေဖေနဲ့ စာကြည့် ငါတို့ကို ဘယ်သူ ပညာသင်ပေးသလဲ ” ဟု အစ်ကိုက ပြောရာ ညီနှစ်ယောက်မှာ ခေါင်းငုံ့လျက် မျက်ရည်ကိုသာ သုတ်၍နေကြလေ၏။

အိမ်ရှေ့၌ မောင်သံစဲ၍သွား၏။ မယ်မှုန်က ဘီးလစ်ထံကပ်ပြီး ငွေစက္ကူများကို ပေးလေ၏။ ထို့နောက် မီးဖိုသို့ သွားလေ၏။ မယ်စံနှင့် တွေ့သောအခါ......


“ ဒါ ညည်းယောက်ျားငွေတွေ၊ ညည်း ယူမလား ” ဟု မယ်မှုန်က ပြောလေ၏။

“ မလိုချင်ပါဘူး မမှုန်ရယ် ၊ သူ့ဟာသူ ပြန်ပေးလိုက်ပါ ” ဟု ပြောသဖြင့် မယ်မှုန် ထွက်လာသော အခါ ဘိုးကြောင်မှာ လက်ဝါးချင်းပွတ်လျက် ဘာကိုလုပ်ရမှန်းမသိပဲ အိမ်ဘက်ကိုသာ တမျှော်မျှော်ကြည့်၍ နေသည်ကို မြင်ရသဖြင့် မမှုန်က မိန်းမတစ်ယောက်အား ငွေစက္ကူများပေးပြီး “ ဟို အကောင်ကို သွားပေးလိုက်ပါ ” ဟု ပြောလေ၏ ။ မိန်းမလည်း သွား၍ပေးရာ ဘိုးကြောင်သည် ငွေစက္ကူများကို ယူပြီး မြန်မြန်ကြီး ထွက်၍သွားလေသတည်း။

နောင်နှစ်ပေါင်းနှစ်ဆယ်ကျော် အစိတ်ခန့် ကြာ၍သွားလေ၏ ။ ရန်ကုန်မြို့ ဖရေဇာလမ်း သားနားသော ခြံနှင့် အိမ်တစ်အိမ်ရှေ့ ပန်းခြံထဲတွင် ဓာတ်မီးရောင်၌ ကလေးကလေး လေးယောက် မြင်ခင်းပေါ်တွင် မြူးရွှင်ကစား၍ နေကြသည်ကို ပျိုရွယ်သော လင်မယားနှစ်ယောက်သည် ရပ်ကာ ကြည့်၍နေကြလေ၏။


ထိုအခိုက် ချည့်နဲ့စုတ်ပြတ်သော အဘိုးကြီးတစ်ယောက် ၀င်ရောက်၍လာရာ လင်မယားနှစ်ယောက်က ကြည့်၍နေကြပြီး မိန်းမက “ ဘာကိစ္စလဲ ” ဟု မေးလေ၏။

“ ရာဇ၀တ် ၀န်ကလေး ကိုဘဦး ရှိပါရဲ့လား ” ဟု မေးလေ၏။

“ ကျုပ်ပဲ ” ဟု ယောက်ျားကပြောပြီး အဘိုးကြီး၏မျက်နှာကို ကြည့်လိုက်ရာ အံ့အားသင့်၍နေလေ၏။

“ ဖေဖေလေ .... မမှိတ်မိတော့ဘူးလား ” ဟု အဘိုးကြီးက ပြောပြီး အနီးရှိ ခုံတန်းလျားပေါ်၌ ထိုင်ချကာ မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ရှိုက်ငင်နေလေ၏။ ရာဇ၀တ် ၀န်ကလေးသည် မိမိ၏ မယားအား တီးတိုးစကားပြောရာ မယားဖြစ်သူက ကလေးများကို ခေါ်၍ အိမ်တွင်းဘက်သို့ လျင်မြန်စွာသွားလေ၏။

ရာဇ၀တ် ၀န်ကလေးသည် ၄င်း၏အရှေ့၌ရပ်ကာ .... “ အဖေမို့ မငြင်းနိုင်ဘူး၊အင်း...ဒုက္ခ၊ ဒုက္ခ... မြင်ရပုံလည်း ပုံပန်းမလှ၊ အဖေရယ်လို့ ပြောရမှာ အင်မတန် ခက်တာပဲ။ အခု ဘယ်အကြိုအကြားက ပေါ်လာတာလဲ ၊ စုတ် လှချည်လား ”

“ မင်းတို့အားလုံး ဒီရောက်နေတာကို ဖေဖေသိတာ လေးလကျော်ပြီ ။ ဖေဖေ ပြရုပ်မကောင်းလို့ မလာဘူး၊ ဖေဖေဘာဖြစ်နေတယ်ဆိုတာတော့ မပြောပါရစေနဲ့တော့ကွယ်၊ အကဲသာ ခတ်ပါတော့ ” ဟု ပြောသဖြင့် သေချာစွာကြည့်လိုက်သော အခါ....

“ ပျော်ရာမှာပဲ နေပါတော့လား ဖေဖေရယ် ၊ ဘာလို့ လာပြီး သတိပေးရတာလဲ ”

“ မနေနိုင်လို့ လာရပါတယ် သားရယ်။ ဖေဖေကြာကြာမနေရတော့ပါဘူး ၊ ဆေးဖိုးဝါးခကလေးသာ ပေးလိုက်ပါတော့ ၊ ဖေဖေ မြန်မြန် သွားပါ့မယ်။ နောက်ကိုလည်း မလာတော့ဘူး ” ဟု ပြောလေ၏။

“ သြော် ... သံဝေဂ ရလို့လာတာ မဟုတ်ဘဲကိုး ။ သေခါနီးမှာ ကောင်းကောင်းကလေးများ နေပါတော့လား ဖေဖေ ”

“ မနေနိုင်ဘူး .... မနေနိုင်ဘူး ၊ ဖေဖေလည်း သားအကြောင်းကို ဘယ်သူမှ သိအောင်မပြောဘူး ၊ အခု ငတ်နေတယ်၊ မာလည်း မမာဘူး ၊ အဟူး ... အဟူး.....”

“ ဆေးဝါးစားပြီး အေးအေးနေပါလား ၊ ဒီမှာ ကြည့်မယ့်လူတွေ အများကြီးပဲ ”

“ လူတွေများလို့ ဖေဖေ မနေနိုင်တာပေါ့ ၊ ဖေဖေ တော်ရာမှာ သေမယ် ၊ သေမှပဲ ဖေဖေတော့ ၀ဋ်ကျွတ် မှာပဲ ”

ရာဇ၀တ်ဝန်ကလေးသည် ၀မ်းနည်းစွာ ဦးခေါင်းကို ခါပြီး “ နေဦး ” ဟု ပြော၍ ထွက်သွားလေ၏။ အတန်ကြာမှ ပေါ်လာပြီး ငွေစက္ကူ လေး ၊ ငါးရွက်ကို ပေးလေရာ ဦးဘိုးကြောင်သည် တုန်လှုပ်သောလက် နှင့်ယူပြီး “ ဒါနောက်ဆုံးပဲ ၊ ဒီ ငွေများဟာ ဖေဖေ့ကို အဆုံးစီရင်မှာပဲ ။ ကိုင်း ... ဖေဖေ သွားမယ်၊ ဖေဖေ ရှိတယ်လို့ စိတ်မှာ မအောက်မေ့နဲ့ ၊ သေပြီ လို့ မှတ်လိုက် ” ဟု ပြောပြီး ထိုင်ရာမှ ကုန်းကိုင်းသော ကိုယ်ဟန်ကို တရွေ့ရွေ့သွားရှာလေတော့ သတည်း။

ထိုအခိုက် ဦးမြ ၊ ဒေါ်မှုန် ၊ ဒေါ်စံတို့သည် ကလေးများနှင့် အိမ်ထဲမှ ထွက်၍လာကြရာ ရာဇ၀တ်ဝန်ကလေးက ၄င်းတို့ထံပြေးပြီး မယားမကြားအောင် တီးတိုးစကားပြော၍ လက်ညှိုးညွှန်ပြ လေရာ တရွေ့ရွေ့ဝေး၍ သွားသောသ ဏ္ဌန်ကို လှမ်း၍ ကြည့်ကြလျက် အံ့သြ၍ နေကြလေ၏။ ဒေါ်စံသည်ကား ပျောက်ကွယ်၍ သွားသည့်တိုင်အောင် ကြည့်ရှာလေ၏။


ပြီးပြီ ။

ပီ-မိုးနင်း



Friday, December 17, 2010

ဖြစ်မလာခဲ့သော ဖြစ်ချင်နေတာ

ဘ၀က လူနေချုံကြား စိတ်နေဘုံဖျား ဆိုတဲ့ စကားကိုသဘောကျမိတာပါပဲ ။ အနေစုတ်တာကို မြင်ပြီး ရွှေထုပ်တဲ့ မြပုဝါများဖြစ် နေလေမလားလို့ ထင်သူ အရူးသာလျှင်ဖြစ်ပေမပေါ့...။ ခါးသီးလွန်းတဲ့ဘ၀တွေကို မုန်းတီးလွန်းလို့ အခြေမတင့်ခင် မှာ စိတ်ဓါတ်ကလေးတော့ ဘုံဖျားရောက်တန်ကောင်းပါရဲ့ လို့ ထောက်ကန် ထားရသူပါ ။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ အတ္တုပ္ပတ္တိတွေ ဖတ်ပြီး တိတ်တခိုးအားကျနေသူပေါ့။ လောကဓံ မုန်တိုင်းကြားမှာ မြုပ်ချည်ပေါ်ချည်နဲ့ ကူးခတ်လာတာ ဘာလိုလိုနဲ့ အနှစ်နှစ်ဆယ်တောင် မသိမသာ ကနေ သိသိသာသာ ကျော်လာခဲ့ပြီလေ။ ဘ၀ရဲ့သက်တမ်း သုံးပုံတစ်ပုံပေးဆပ်လိုက်ရတာတောင် အနာဂတ်က ရေးတေးတေး ဖြစ်နေတုန်းပါကလား။

ငယ်ငယ်ကတည်းက ဂျော့ဘားနပ်ရှောကို အားကျခဲ့သလို ၊ ၀င်စတန်ချာချီ နဲ့ ဂျက်လန်ဒန်တို့ရဲ့ စားဖတ်အားကို လိုက် တုဖူးတယ်... အထိုက်အလျောက်ပေါ့လေ ၊ပြင်သစ်ဧကရာဇ် နပိုလီယန် လိုများ ဦးနှောက်ကောင်းလေမလားလို့ ဖဲရိုက်ရင်း တစ်ဖက်ကနေ စစ်တုရင် ကစားခဲ့ဖူးတယ် ၊ အထက်တန်း ကျောင်းသား ဘ၀ကတည်းက ပီမိုးနင်း စာအုပ်တွေဖတ်ပြီး မနက်ဖြန်ကနေစပြီး စာရေးတော့မယ်လို့ ဘေးက သူငယ်ချင်းကောင်မလေးကို လှမ်းပြီးလေထွားတာကို ဆရာမ မိသွားတော့ ခုံပေါ်မှာ မတ်တပ် ။ ဆရာ တက်တိုးရေးတဲ့ “ စာရေးနည်းလမ်းညွှန် ” စာအုပ်ကို ခဏခဏ ဖတ်ပြီး ၊ ဆရာဖေမြင့်ရဲ့ “နံမည်တစ်လုံးရမလာခင်တုန်းက” စာအုပ်ကို အခုထိ ခေါင်းအုံးအောက် ထားဖတ်ဆဲ ၊ ဆရာ ဒဂုန်ရွှေမျှား ရေးတဲ့ “၀တ္ထုရေးနည်း ဘာသာပြန်နည်း ” စာအုပ်ကိုတော့ ဖတ်နေဆဲပါ ။ စာရေးဆရာ ဖြစ်ချင်ပေမယ့်လည်း တစ်ကယ့်အောင်မြင်ပေါက်ရောက်တဲ့ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ဆိုတာကတော့....ခုချိန်မှာ မှုန်ပြာရီ...(
မှုန်ပြာရီ...ရာသီ...တွေပြောင်း တစ်ဆောင်း တစ်ဆောင်း သစ်ခဲ့ပြန်ပြီ ဆိုသော ကျွန်တော် နှစ်သက်သည့် အဆိုကျော် ကိုသန်းလှိုင်၏ သီချင်းက ရင်ထဲမှာ တိုးတိုးမွေ့မွေ့ ထွက်ပေါ် လာနေ ပါသည်။) ဒါကိုသိတော့ ကျွန်တော်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ မော်ဒယ်လ်ရုပ်ရှင် သရုပ်ဆောင် မိုးယုစံ ကလေးက ပြီးခဲ့လေသော သင်္ကြန်တုန်းက ( ၀ါးတား ၀ါးတား လာမလုပ်နဲ့ ) ဆိုပြီး မပီကလာ ပီကလာ နဲ့ စောင်းမြောင်း ဆိုသွားသေးရဲ့...။

ငယ်ငယ်ကပေါ့လေ.. အိမ်မှာစားစရာမရှိလို့ ထမင်းအိုးထဲက ထမင်းကြမ်းခဲလေးကို ဇလုံလေးထဲထည့်ပြီး သားအမိနှစ်ယောက်ရဲ့ အလယ်မှာထားပြီး သားနဲ့အမိ မျက်နှာချင်းဆိုင် အဓိပ္ပါယ်ပါတဲ့ အကြည့်တွေကို ကြည့်နေကြရင်း ..........၊ အမေက ဖျာအောက်မှာထည့်ထားတဲ့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံပါ တစ်ကျပ်တန် အစိမ်းရောင်လေး တစ်ရွက်ကို ဆတ်ခနဲဆွဲယူလိုက်တယ်... ကျွန်တော်ကလဲ မနေ့က ကျောင်းမှာ မစားဖြစ်ခဲ့တဲ့ မုန့်ဖိုးဖြစ်တဲ့ အနီရောင်ကျပ်တန်လေးကို ကျွန်တော့်လွယ်အိတ်စုတ် ကလေးထဲက သွားယူပြီး အမေ့လက်ထဲ ထည့်လိုက်တယ်.. ဈေးကွက်ထဲမှာ ကုလားဒယ် (သရက်သီးသနပ်) တစ်ထုပ်ကို မြန်မာငွေ သုံးကျပ်ပေါက်ဈေးရှိတဲ့ အချိန် ကျွန်တော်နဲ့ အမေက အစာအိမ်နဲ့ စစ်ခင်းဖို့ လက်နက်ဝယ်ရန် ပြင်ဆင်ကြသလို အူယားဖားယားပါပဲ... အမေက ဖျာအောက်ကို ထပ်လှန်ကြည့်သေးတယ် ၊ တော်တော် မြင့်မြင့်ရောက်အောင် မြှောက်ပင့်ကြည့်တာတောင် ဖုန်တက်နေတဲ့ ၀ါးကြမ်းခင်းလေးသာ မျက်စိရှေ့မှာ ။ ခေါင်းအုံးအောက်ကို နှိုက်၊ စောင်ခေါက်တွေလှန်... စာအုပ်တွေဖြန့်တာတောင် ငါးမူးစေ့ တစ်စေ့မတွေ့ ၊ အပေါ်ကိုမော့လို့ ဓနိကြားထဲလက်နှိုက်တော့လဲ.. မိုးရေ၀ပ်နေတဲ့ ဓနိမိုးနဲ့ ထိတွေ့မိလို့ လက်ကလေးတွေတော့ အေးသွားသား ၊ ဒါပေမယ့် အစာအိမ်ကတော့ ပူလောင်လို့ကောင်းနေတုံး..။


အမေနဲ့ ကျွန်တော် အဓိပ္ပါယ်ပြည့်ဝတဲ့ အကြည့်တွေနဲ့ မျက်နှာချင်းဆိုင်မိပြီး သကာလ.၊ အမေ နောက်ဖေးချောင်ထဲ ၀င်သွားတယ် ။ မကြာခင်ပြန်ထွက်လာတော့ အမေ့လက်ဖ၀ါး ဖြူဖြူလေးပေါ်မှာ အမေ့လက် ထက်ပိုဖြူတဲ့ အဖြူရောင် အမှုန့် သေးသေးလေးတွေ ..၊ ထိုနေ့က လည်ပင်းကြီးရောဂါ ကို သားအမိနှစ်ယောက် မတိုင်ပင်ပဲ အိုင်အိုဒင်းဓါတ် လုံလောက်စွာဖြင့် ကာကွယ်မိသွားတယ်။


ငယ်ငယ်ကဆို ကျောင်းမှာ တော်တဲ့လူတွေ စုထားတဲ့ အခန်းကနေ လူမိုက်တွေ ပေါင်းထားတဲ့ အခန်းကို ခဏခဏ ရွှေ့ခံရတယ်။ စာနဲ့ရတဲ့ အမှတ်ကြောင့်သာ တော်တဲ့အခန်းရောက်တာ ၊ ပြီးတော့ စည်းကမ်းမရှိဘူး ရန်ဖြစ်တယ် .. ဘာဖြစ်တယ် ညာဖြစ်တယ်တွေနဲ့ ခဏခဏ အခန်းပြောင်းရတာပါပဲ။ ကျွန်တော်က လူတော် လူမိုက်ဗျ ။ စိတ်ပညာလဲ စိတ်ဝင်စားတယ်၊ လူတိုင်းနဲ့တော့ တည့်အောင်မပေါင်းတတ်သေးဘူး၊ (စိတ်မှ မပါတာ) အင်္ဂုလိမာလ တို့ ဂဠုန်ဆရာစံ တို့လိုလူမျိုးတွေနဲ့ ပလဲနံပ သင့်အောင်တော့ မနေနိုင်ပေါင် ။ တက္ကသိုလ်ရောက်ရင်တော့ စိတ်ပညာ ဘာသာရပ်ကိုပဲ ယူမယ် ၊ လူတွေရဲ့စိတ်ကို လေ့လာမယ်၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်အောင် လေ့ကျင့်မယ်လို့ ရည်မှန်းချက် ထားဖူးတယ်။ တက္ကသိုလ်မရောက်သေးပါဘူး ၊ ခုနှစ်တန်း ရှစ်တန်းကျောင်းသားလောက် ကတည်းက စိတ်ပညာစာအုပ်တွေ ဖတ်တယ်၊ စိတ်တန်ခိုးကျင့်စဉ်တွေ ကျင့်တယ်၊ လူက ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေမှု မရှိဖြစ်လာတာကိုတော့ ခံစားမိတယ်။ ဒါပေမယ့်လည်း အတွေးအခေါ် ဖီလော်ဆော်ဖီ တွေပါ ပေါင်းဖတ်မိပြီး ရပ်ကွက်ထဲက လူတွေနဲ့ ကျွန်တော် စကားပြောရတာ အဆင်မပြေတော့တာပဲ။

ကိုယ်ပြောတာလည်း သူတို့နားမလည် ၊ သူတို့ ပြောတာလဲ ကိုယ်က လက်ခံလို့မရဖြစ်လာတော့တာပဲ။ သူများတွေ နဲ့ ဖြစ်တဲ့ ပြဿနာကို ပြောနေရင် သူတို့ကွယ်ရာမှာ ပြောလို့ အတင်းဖြစ်နေဦးမယ်။ တစ်ကယ်တော့ ကျွန်တော်ကတစ်လုံးခြင်း ရိုက်ပြနေတာပါ။ နောက်ဆုံးတော့ဗျာ သူတို့က ကျွန်တော့်ကို ဘ၀င်ရူး လို့ သတ်မှတ်ပြီး ကျဉ်လိုက်ကြတယ်။ ကျွန်တော်ကလဲ အသိဥာဏ်နဲတဲ့လူတွေ ၊စာလဲမဖတ်ကြဘူး ဆိုပြီး ခပ်ရှောင်ရှောင်နေတယ်။ ဒါပေမယ့် လမ်းထဲက ပညာတတ် စာဖတ်ဝါသနာ ပါသူတွေနဲ့ တော့ စကားပြောဖြစ်တယ်။


ဘ၀မှာ ဖြစ်ချင်တာတွေက သိပ်များနေမလားပဲ ။ မွဲတေလွန်းတဲ့ ဘ၀ထဲ ကျင်လည်ကြက်စား ... အဲ ကျင်လည် ကျက်စားလာခဲ့သူမို့ သန်းကြွယ်ချင်တာ.... သူဌေးဖြစ်ချင်တာလဲ မိုးယံပဲ ။ အိုနာစစ် အကြောင်းရှာဖတ်သလို ဘီလ်ဂိတ်ကိုလဲ ဆရာတင်ထားတယ်၊ ပီနန်းကျွန်းကို ပိုင်တဲ့ စာတစ်လုံးမှ မတတ်သူ တရုတ်အဘိုးကြီး လိုဘွန်စွီး ကိုလည်း အတုခိုးမလို့ မလေးရှားထွက်လာခဲ့သေးတယ်.။ ဒီကြားထဲ ချဲလ်ဆီးအသင်းပိုင်ရှင်ကို တောင် မနာလို ဖြစ်မိသေးချိန်မှာပဲ ဗြိတိန်က ၁၆ နှစ်သားလေးက သန်းကြွယ်သူဌေးဖြစ်သွားပြီဆိုပဲ။ ဗြုန်းဆို... မန်ချက်စတာယူနိုက်တက် အသင်းကြီး ကိုလက်တွေ့ အကောင်အထည် ဖေါ်လုဆဲဆဲ ပုဂ္ဂိုလ်ကြီးကိုတောင် ဘာမဆိုင် ညာမဆိုင် ....။

တက်ကျမ်းတွေကို ထရံပေါင်ဖြစ်မတတ် ဖတ်ဖြစ်ခဲ့တယ်.. ပီမိုးနင်းကအစ နပိုလီယံဟီးလ်အထိ အကုန်ဖတ်တယ်၊ မြန်မာပြန်တွေလဲပါပေါ့၊ နောက်ပိုင်းမှာ ပုံနှိပ်စာလုံးမြင်သမျှ အကုန်ဖတ်တယ် ၊ ညဘက် လမ်းထိပ်မှာ ဘယာကြော် သွားစားဖြစ်တဲ့ ညတွေမှာဆိုရင်လည်း ဘယာကြော်ထုပ်တဲ့ စက္ကူတွေကအစ မလွတ်စေရဘူး ၊ နောက်ပိုင်း အဆင်ပြေလာတော့ စာအုပ်ဆိုင်မှာ ငှားဖတ်နိုင်လာခဲ့တယ်။ ကျွန်တော်လဲ ငါးဆယ် တစ်ရာရတဲ့ အလုပ်တွေလုပ်နိုင်နေတော့ အဲဒီချွေးနည်းစာလေးတွေ စုပြီး စာအုပ်ငှားဖတ်တယ်.။ အဲဒီမှာ အားမရဖြစ်တာက စာအုပ်တွေမှာတွေ့ရတာက တစ်ချို့ဘာသာပြန်စာအုပ်တွေဆိုရင် စာအုပ်ထိပ်မှာရေးထား တာတွေက ဆီလျော်အောင်ပြန်ဆိုသည် ဆိုတာတွေကို မကြာမကြာတွေ့ရတော့။ မူရင်းစာအုပ်တွေကို လက်လှမ်းမှီရာလိုက်ကြည့်လိုက်ပြီး အဘိဓါန်နဲ့ တိုက်ကြည့်တော့ စာရေးဆရာတွေ တင်ပြပုံကတစ်မျိုး မူရင်းရေးသူကတစ်ဖုံ တင်ပြတယ်ဆိုတော့ ၊ ဘာမှမဟုတ်တဲ့ကောင်က ပညာရှင်တွေ ဘာသာပြန်တာကို စော်စော်ကားကား မာနထားပြီး ကိုယ်တိုင်မူရင်းတွေဖတ်မယ် စိတ်ကူးမိပြန်ရောဗျာ... ဘာပဲဖြစ်ဖြစ်လေ... နိုးနိုး ဒါလင်ကို ကျွန်တော်က “မဟုတ်ဘူး မဟုတ်ဘူး ယောက်ျားလို့” ဘာသာပြန်တာပေါ့... ဒါပေမယ့် စာရေးဆရာကတော့ “ဟင့်အင်း ဟင့်အင်း အချစ်ရယ် ”လို့ပြန်တယ်လေ၊ အဲဒါနဲ့ ကိုယ်လဲ သူများဘာသာပြန်တာတွေပဲ ပြန်ဖတ်ဖြစ် တော့တယ်၊ ကိုယ်ပြန်လဲ လွဲနေမှာကိုး ။ ဒါတောင် မာနကမလျော့ သေးဘူး။ ကမ္ဘာကျော် သီတဂူဆရာတော်ဘုရားကြီးက အသက် နှစ်ဆယ့်ငါးမှ အင်္ဂလိပ်စာ စသင်တာဆိုတော့ ၊ ကိုယ်ကလဲ အားမလျော့သေးပါဘူး.. အခုလည်း လက်လှမ်းမီရာ လေ့လာနေတယ်.. အခုဆို ရက်စ် တို့ နိုး တို့ ကောင်းကောင်းနားလည်နေပြီဗျ။

ဘ၀မှာ လိုချင်တာ ဖြစ်ချင်တာတွေကို အိမ်သာတက်ရင်းတောင် စဉ်းစားတယ်ဗျာ... တစ်ခါတစ်ခါဆို ဖြစ်ချင်လွန်းတာတွေကို ရင်နဲ့ မဆန့်လို့ ဒီနေရာမှာတောင် “ ငါဖြစ်ချင်တာ ငါမလုပ်နိုင်ဘူး ” ဆိုပြီး ငြီးတွားမိသေးတယ်။


ငယ်ငယ်က သူဌေးဖြစ်ချင်တယ်။ စာရေးဆရာ ဖြစ်ချင်တယ် ။ စိတ်ပညာ ပါရဂူဖြစ်ချင်တယ်...

အခုဖြစ်နေတာက ဂိုဒေါင်မှာ ကူလီ ၊ ရုံးခန်းထဲမှာ ပြာတာ ၊ ဆန်းဒေးမှာ ဈေးသည်ပေါ့လေ၊ ငယ်ငယ်ကလို ရေနံဆီမီးခွက်ရယ်.. နိုင်ငံတော် အစိုးရရဲ့ မေတ္တာစေတနာရယ် ပေါင်းပြီး စာဖတ်ဖြစ်တဲ့ ဘ၀တွေကို တမ်းတမိ သေးတယ်။ ညနေ ခုနှစ်နာရီလောက် လမ်းမီးလာရင် အိမ်ရှေ့က စားသောက်ဆိုင်ရဲ့ မိလ္လာကျင်း အုတ်ခုံလေးပေါ်မှာ ခွေးခြေ အပုလေးနဲ့ထိုင်ပြီး မိလ္လာနံ့လေးနဲ့ စာဖတ်တယ်..၊ ညဆယ်နာရီလောက်ဆို မီးက ပြတ်ပြီ။ ဒါဆိုရင်တော့ ရေနံဆီ မီးခွက်ကလေးနဲ့ မီးခိုးငွေ့လေးရှူပြီး စာဖတ်တယ်.။ အလုပ်အားတဲ့ ရက်များဆို လွယ်အိတ်ထဲ စာအုပ်တွေ ထည့်သွားပြီး လမ်းကနေ ပေါင်မုန့်ထုပ်ကလေးနဲ့ လက်ဖက်ရည်တစ်ခွက်ဝယ်သွားပြီး ပုသိမ်တက္ကသိုလ်ရဲ့ ပိတောက်တောထဲမှာ တစ်နေကုန် ထိုင်ဖတ်တယ် ။ ဘာပဲဖြစ်ဖြစ် တစ်နေ့တစ်နေ့ စာဖတ်ချိန် မရှိဆို ငါးနာရီအထက်တော့ ရှိတယ်.။ သေချာတာက တစ်နေ့ကို ၀တ္ထုတစ်အုပ်ကို ဖတ်ပြီးတယ်၊ မဂ္ဂဇင်း ၊ ရွှေသွေး ၊ ဂျာနယ် . အဲဒါတွေ ဖတ်ဖြစ်တယ်.၊ ကျောင်းစာကတော့ ကျောင်းမှာထားခဲ့တယ်လေ၊ မဖတ်တာ ဆိုလို့ သတင်းစာနဲ့ သိုင်းဝတ္ထုပဲ ရှိတယ်၊ ဟုတ်တယ်လေ ကိုယ့်မှာ မီးခိုးမွှန် အီးစော်နံ ပြီးဖတ်ရတာ... အခုဆို ၀တ္ထုတောင် မဖတ်ဖြစ်တော့ဘူး။ အချိန်ရှားလာတယ်ရယ်. ဦးနှောက်က လက်မခံတော့တာရယ်ကြောင့်လဲ ပါတာပေါ့၊


စာဖတ်ချိန်တွေ အရမ်းကိုရှားသွားခဲ့လို့ အေးအေးဆေးဆေး စာဖတ်ချိန်လေးတွေ ပြန်လိုချင်မိတယ် ။ မိဘတွေကို ထောက်ပံ့နိုင်မယ့် ငွေလေးကို အေးဆေးဆေးဆေး ရချင်တယ် ၊ အလှူအတန်းတွေ လုပ်နေရချင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နှစ်စာအတွက် စေတနာ သဒ္ဓါ မှာလည်း လှူမယ်လို့ အားခဲ ထားတယ်။

အော် အဓိကကို မေ့နေတယ်။ ကျွန်တော်က ယောကျာ်းဆိုတော့ မဟေသီတစ်ပါးတော့ လိုတာပေါ့.. သူများတွေလို တဏှာကြူးတဲ့ ရာဂ ဘီလူးမှ မဟုတ်တာ ၊လေး ငါးယောက်တော့ မလိုချင်ပါဘူး ၊ (ရမှ မရနိုင်တာ ဒီရုပ်နဲ့) ၊ မဟေသီလေးက 34 28 36 လောက်ဆို အတော်ပါပဲ၊ အသားဖြူဖြူ အရပ်ရှည်ရှည် .. ပိတုန်းရောင်ကေသာက ခါးအထက်မှာဝဲပြီး ဆာမူရိုင်းဓါးလေးလို အဖျားလေးက အထက်ကိုပြန်ကော့ သွားရမယ် ။ သွေးမကြီးတဲ့ စနေသမီးပေါ့လေ.။ ဆရာဝန် မလေးတော့ ဖြစ်စေချင်တယ် ဒါမှ အသက်ကြီးလာရင် ဆေးပေးမီးယူပိုအဆင်ပြေမှာ။ (ဆေးထိုးသတ်ရင်ဒွတ်ခ) ။ စနေသမီးလိုချင်တာက ဒီလိုလေ...။ ကိုယ်က ဗုဒ္ဓဟူးသား မို့လား.... ။ ဒါကြောင့် ..၊ “ စနေ ဗုဒ္ဓဟူး ရူးတောင် ထမင်း မငတ်ဘူးဆိုတဲ့ ” စကားကလည်း ရှိသေးတာကိုး။ (ရူးမှတော့ ဟိုလူကျွေးဒီလူကျွေးနဲ့ ဘယ်ငတ်မတုန်း)


နောက်တစ်ခုက ကျွန်တော့်မဟေသီလေးဟာ စာဖတ်ဝါသနာပါရမယ်၊ စာပေကိုတန်ဖိုးထားရမယ်၊ အတွေးအခေါ်ရင့်သန်ရမယ်၊ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဖြစ်ရမယ်၊ ကျွန်တော့်လို နုံတိနုံချာ အူတူတူ အတတ ၊ ဘာကိုကြောက်မှန်းမသိ လူတောမတိုး မဖြစ်ရပါဘူး။ ကျွန်တော် အသက်ကြီးလာလို့ မျက်စိအားနည်းလာရင်ပဲဖြစ်ဖြစ် ၊ စာဖတ်ချိန်အရမ်းရှားသွားလို့ ပဲဖြစ်ဖြစ် ၊ ညစဉ် စာဖတ်ပြနိုင်ရပါမယ်။ အဖြတ်အတောက် အသံနေအသံထား မှန်ရပါမယ်။ (ကျွန်တော်က မှားတတ်လို့) ဥပမာ ...မသာရထား ငှားရန် ရှိသည် ကို၊ မသာရ ဓါးငှားရန် ရှိသည်ဟု အဖြတ်အတောက်မှားဖတ်ပါက ဒုက္ခရောက်ဦးမည်။ တစ်ကယ်ပါ အဲဒါက တစ်ကယ်ကြီးကို စဉ်းစားထားတာ၊ တစ်ချိန်မှာ ကျွန်တော် မတော်တဆ မျက်လုံးဆုံးရှုံးခဲ့မယ် ဆိုရင် (သို့) အားနည်းနေပြီဆိုရင် ။အသံကောင်းတဲ့ ....ဥပမာ ဂျင်းနီတို့ ချစ်သုဝေတို့ကို ကျွန်တော် အကူအညီတောင်းမှာပါ ။သူတို့နဲ့ကိုယ်က ငြိဖူးတယ် (သူတို့ ထမီနဲ့ ကိုယ်ရဲ့ခေါနေတဲ့ ချိန်ကွမ်းမင်နဲ့ တူတဲ့ သွားလေးနဲ့)။ကျွန်တော့်လောက် မဖတ်တတ်ရင်တောင် ကျွန်တော့လောက်တော့ မဆိုးနဲ့ပေါ့... ဒီမှာ နမူနာပေးထားတယ်.. အဲဒီကွာလ်တီကို ထပ်မနိမ့်အောင် ဖတ်နိုင်ရပါမယ်. (စိတ်ဝင်စားသူ ဥစ္စပေါ ရုပ်ချောမိန်းကလေးများ ယခုကတည်းက ကျင့်ထားပါ)




နောက်ပြီး ကျွန်တော် မတော်တဆ အက်ဆီးဒင့်တွေ ဘာတွေနဲ့များ သေခဲ့မယ်ဆိုရင် မျက်ကြည်လွှာကောင်းတဲ့အချိန် မှီမယ်ဆိုရင် လှူဒါန်းခဲ့ချင်ပါသေးတယ်။ မြန်မာပြည်ပြန်ရောက်ရင်တော့ အဲလိုလုပ်ထားဖြစ်မယ်။ တော်ကြာ အိမ်က ဒေ၀ မဟေသီက သူ့လင် ငယ်ငယ်လေးနဲ့ သေတာ၊ ရုပ်ရည်ရူပကာက ချောချောလှလှ လေးရှိသေးတယ် (သူ့မျက်စိထဲပြောပါတယ်) အခုပဲ သေတာ ၊ သူတောင် ၀အောင် မကြည့်ရသေးဘူး ...၊ ဆေးရုံကလူတွေက လာဖောက်နေကြပြီ ။ “အမလေး မလုပ်ကြပါနဲ့ ရှင် ကျွန်မယောက်ျားကို လှလှလေး သေပါစေ ” ဘာညာ လူကြားမကောင်း သူကြားမကောင်း ဟစ်နေရင် ... ဘေးနားက ဂျင်းနီတို့ ချစ်သုဝေတို့ မိုးယုစံ တို့ကို အားနာစရာ (သူတို့လည်း ကိုယ့်အတွက် ငိုချင်းရှည်ဦးမှာလေ ..။)


ဒါပေမယ့် မိန်းမကိုတော့ ကြိုပြောထားရဦးမယ် ၊ သားသုံးယောက် သမီး နှစ်ယောက်တော့ မွေးပါလို့... ဒါမှလည်း ကမ္ဘာကျော်မိုးယံရဲ့ ပေါကြောင်ကြောင် အတွေးအခေါ်တွေ အယူအဆတွေကို ဆက်ခံမယ့် ရတနာလေးတွေများမယ် မဟုတ်လားဗျာ၊ပထမဆုံး မွေးတဲ့ သားဦးကိုတော့ ရှင်သာမဏေ အဖြစ် သာသနာ့ဘောင်ကို ထာဝရ လှူဒါန်းမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။ သဘောတူပါက မိန်းကလေးများ ရည်းစားစာပေးပါရန် ။ (ပိုးဆိုးပက်စက် လက်ခံနေပါပြီ)။ မိန်းမရေ .. မောင်တော့ ဒီနေရာလေးမှာ ဒီလောက်လှူခဲ့တယ် မင်းကိုလည်း အမျှပေးဝေပါတယ် သာဓုခေါ်ကွာ ရှင်မရာ ဆိုရင် သာဓု ... သာဓု ...သာဓု ပါလို့ ၀မ်းမြောက်ဝမ်းသာ သုံးကြိမ်သုံးခါ ခေါ်ဆိုပါမည် လို့ကတိပေးပါ။

အဲ ... နောက်ဆုံးတော့ လင်တော်မောင် အသက်လေးဆယ့်ငါးနှစ် ပြည့်ရင် တစ်ခုလပ် ဖြစ်တဲ့ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ် (မနေနိုင်လို့ ထပ်ယူလဲယူပေါ့) ။ တို့ကတော့ အမြိုက်မီးမလာ စိတ်ပုတီးမပါပဲ ရဟန်းဘ၀နဲ့ အေးငြိမ်းချမ်းသာ နိဗ္ဗာန်မဟာသို့ တက်လှမ်းမှာဖြစ်ပါတယ်... လူဘ၀နဲ့သွားရင်တော့ ကြာတာပေါ.. တစ်ချိန်လုံးဆိုးခဲ့ မိုက်ခဲ့တာတွေ က နည်းမှ မနည်းကိုး။ ဝေးဝေးမကြည့်နဲ့ ရေခြားမြေခြားက အမေကိုတောင် သာကြောင်းမာကြောင်း ဖုန်းမဆက်ဖြစ်တာ အခုဆို နှစ်လကျော်ကြာပြီ။ အဲလို မိုက်တဲ့ကောင် လူပြည့်က ဗြဟ္မာကို ကျော်ပြီး မမြင်နိုင်တဲ့ ဗြဟ္မာကို တ နေတဲ့ကောင်။ ဆိုတော့ကာ ....ကျွမ်းကျင်သော ဆင်ဦးစီးပမာ စိတ်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းကွပ်နိုင်သော ၊နှစ်ဆယ့်တစ်ရာစု မျိုးဆက်သစ် တွေးခေါ်ပညာ ရှင် ၊ လူသန်းပေါင်းများစွာကို အယူအဆပြောင်းလဲစေရန် ဖော်ကျူးရေးသား နိုင်ခဲ့သောကမ္ဘာကျော် စာရေးဆရာကြီး ၊ ကမ္ဘာ့သန်းကြွယ် သူဌေးကြီး မောင်မိုးယံ ဟာ နိဗ္ဗာန်ရွှေပြည် အရောက်လှမ်းနိုင်ဖို့ လူ့ဘောင်စခန်းကို ကျော်လှမ်း ခဲ့ပြီလေ။



ဟုတ်လား မဟုတ်လားလဲ မသိဘူး။ တဂ် ဆိုတာကိုရေးဖို့ လူတစ်ကာကိုမေးတယ်. ဘကျောက်လဲ ရှင်းပြဖူးတယ်။... အထူးသဖြင့် ဦးမြစ် နဲ့ ကိုဏီလင်းညို တို့ ရှင်းပြကြ သင်ပေးကြတယ်။ မဟုတ်ဘူး ဆိုရင်လည်း သူတို့နဲ့ မဆိုင်ပါဘူး။ကျောင်းသားညံ့တိုင်း ဆရာ မတော်တာမှ မဟုတ်တာ ၊ ဆရာ တော်တိုင်း လည်း ကျောင်းသား တတ်တာမှ မဟုတ်ပဲ ၊ ထားတော့....။
နားမှမလည်တာကိုး... ကိုယ့်ပေါင် ကိုယ်လှန်းထောင်းသလိုဖြစ်လို့ ဘလော့ဂ်တော်တော်များများ လက်ရှောင် ကြတယ်ဆိုလားပဲ... (ကြောင်မျိုးပြောတာ) သေချာတော့မသိဘူး။ အေးဆေးပါ။ ကိုယ်တို့က အရှက်နဲ့ လူလုပ်တာမှ မဟုတ်တာ။ မရေးတတ်ရိုးအမှန်မို့ ခေါင်းစဉ်နဲ့လွဲရင်လဲ လွဲမယ်.။ ရေးတဲ့ပုံမှားချင်လည်း မှားနိုင်တာမို့ အားလုံးကို တောင်းပန်ပါတယ်.. ဒီအထိဖတ်လာတယ်ဆိုတော့ ကျေးကျေးပါ.။

ခုနက မေပယ်လ် ဆီမှာ သွားဖတ်တော့ မောင်မျိုးက ပွစိပွစိ လာလုပ်ကြောင်း ၊ သူ့အကျင့်အတိုင်း ခနဲ့တဲ့တဲ့ ရွဲ့စောင်းစောင်းဖြစ်နေကြောင်း၊ ရေးချင်မှန်းမရေးချင်မှန်းမသိ ၊ ရေးတတ်မှန်း မသိ မရေးတတ်မှန်းမသိ အလိုက်ကန်းဆိုးမသိတဲ့ ချစ်သယ်ရင်းကြောင်မျိုး ဒီကိုပါ လာအော်နေမှာစိုးလို့။ ပြီးတော့ မေပယ်လ် ကို စာရှည်ရှည်မရေးလို့ စိတ်ဆိုးတယ်ဆိုလား။ ကျွန်တော်ကလည်း စကားတောင် လေးလုံးကွဲအောင် ပြောတတ်သူ မဟုတ်တော့ စာရှည်ရှည်ရေးဖို့ဆို ဝေလာဝေးပဲ။ ဒါတောင် ဟိုမီးမီးလေးက သူဒုက္ခရောက်တာတောင် ကိုယ့်ဒုက္ခကိုယ် လက်စ မသိမ်းနိုင်ပဲ သူများတွေကိုပါ (ကြိုက်ကြိုက်မကြိုက်ဆိုပြီး) ဒွတ်ခ သွားပေး ထားသေတယ်။ (လူတွေများနော်.ကိုယ်ကောင်းစားရင်သာ သူများကို ထပ်တူ မကာင်းစားစေချင်တာ ဒွတ်ခ ရောက်တော့ကျ သူများကိုလဲ ကိုယ့်လို ခံစေချင်သား။ ) ပြည့်မေတ္တာခံယူမည့် ကျွန်တော် မောင်မိုးယံ ကတော့ မေပယ်လ် နှင့် မောင်မျိုး အား ပယ်ပယ်နယ်နယ် နှိပ်ကွပ်ပြီး သကာလ ကိုယ့်ဒုက္ခကို ဇတ်သိမ်းပါတော့မည်။


အထက်က အပြာရောင် စာသားလေးတွေက သီချင်းစာသားမေ့နေလို့ ရွှေအမြူတေ အွန်လိုင်းမှ ရေးသူမောင်တင်ဆင့်ရဲ့ “ပျံသန်းနေတဲ့ ငှက်ကလေးတွေ” ဆိုတဲ့ စာတစ်ပုဒ်မှ ၏ သည် မရွေးကူးယူပါသည်။


မိုးယံ ( 17. Dec. 2010)


Wednesday, December 15, 2010

သူ့မယား ငါ့မယား အခန်း(၉)

မိန်းမများသည် သားရေစာကိုသာ ဝေ၍စားမည်။ လင်ကို ဝေမစားဘူးဟုပြောသော်လည်း အခါခပ်သိမ်း ဟုတ်မှန်သော စကားမဟုတ်။ အိန္ဒိယ တိုင်းရင်းသူများစွာတို့မှာ လင်ကိုအများကြီးဝေ၍ စားကြရာ၌ များစွာ ပျော်ပိုက်လေ့ရှိကြကြောင်း သိရလေ၏။

ပျော်ပိုက်စရာလည်း အကြောင်းလုံလောက်စွာ ရှိလေ၏။ ထိုအကြောင်းကိုသိသော မြန်မာမိန်းမအချို့လည်း မိမိတို့၏ လင်ယောက်ျားအတွက် အပိုမိန်းမကို ရှာ၍ပင်ပေးတတ်ကြလေ၏။ မယ်မှုန်မှာ ထိုကဲ့သို့သော မိန်းမတစ်မျိုးဖြစ်လေ၏။

မယ်စံရောက်စ၌ ညဥ့်အခါများမှာ မအိပ်နိုင်ဘဲ နေလေ၏။ မိမိ၏ ယောက်ျား မယ်စံထံ ဆောင်တော်ကူးသွား ကောင်းမလားဟု မျက်လုံးတကျယ်ကျယ်နှင့် မအိပ်မနေ ချောင်းမြောင်း ရသောကြောင့် မျက်နှာများမှာ ကျုံ့စပြုလေ၏။

တနင်္ဂနွေ တစ်ပတ်လောက်ကြာသော အခါ၌ကား မောင်မြအား အိပ်ရာတွင် စ၍ မမေးဘဲ မနေနိုင်တော့ပေ။

“ ရှင့်မယားဆီ သွားချင်သလား ”

“ အို.....မင်းကလည်း ဘာတွေပြောနေတာလဲ ”

“ မဟုတ်ပါဘူး၊ ရှင် သွားချင်သလားလို့ပါ၊ သွားချင်ရင်လည်း....”

“ မတော်တာတွေ မပြောလာစမ်းပါနဲ့ မယ်မှုန်ရယ် ”

“ အမယ် ....... ရင်ထဲက ဖိုးကျိုင်းတုတ် ... ဖိုးကျိုင်းတုတ်နဲ့ ၊ ကျုပ်က သနားလို့ပြောတာ ၊ ရှင်တို့ အရင်က လင်မယားဖြစ်ခဲ့တော့ တောင်တောင်အီအီတွေ တွေးမှာပဲ ။ ဒါကြောင့် ကျုပ်က သနားလို့ပါ၊ ရှင့် သဘောလေ”

“ မင်းက ဒါမျိုး ကျပ်ကျပ်အားပေး ၊ အခု သူက ကျွန်၊ တော်တော်ကြာတော့ သခင်ဖြစ်လာရင် ဘယ့်နှယ်လုပ် မလဲ”

“ ဒါတော့ ရှင် အလိမ္မာသားပဲ ”

“ မင်း ငါ့ကို ဒါမျိုးတွေ လာပြီးမစနဲ့ ၊ အခု ငါ မမူးသေးဘူး ၊ မူးခိုက်မှာ လာပြောလို့ တစ်ခုခုဖြစ်ရင် မင်း ဆူမှာ ”

“ ကျုပ်ကလား ဆူမှာ ၊ ဝေးပါသေးတယ်တော် ၊ မဆူကြီးထဲကပါ ”

“ အေး.... မင်းစကား မင်းမြဲမြဲမှတ်ထား ” ဟု ကိုမြက ပြန်၍ပြောလေ၏။

နောက်တစ်ညဥ့် အိပ်ရာမ၀င်မီ မောင်မြသည် ထန်းရည်ကို အတော်များစွာ သောက်မိလေ၏။ မယ်မှုန်လည်း မေးနေကျနည်းမျိုးအတိုင်း မေးလေရာ ကိုမြက.....

“ မင်း ဒီလောက်တောင်ပြောမှ တယ်လေ ငါ....”

“ အမယ် ..... ရှင်က မူနေရသေး ”

“ ဒီကောင်မ ခက်နေပါပြီ ”

“ ရင်ထဲက ဖိုးကျိုင်းတုတ် ”

“ ဖိုးကျိုင်းတုတ်ဖြစ်တာ နင် ၊ နင် ဒိန်းဒလိန်းနတ် အပူးခံချင်လို့ ငါသိတယ် ၊ တယ်လေ.... ဘယ့်နှယ် ဖြစ်ဖြစ် ”

“ အမူးပြေပြီလား.... သောက်ဦးမလား ၊ ကျုပ် တစ်ပုလင်း ၀ှက်ထားတယ် ”

ညဥ့်သည် လွန်စွာဆိတ်ငြိမ်လေ၏။ လေသည် အတော်ပြင်းသဖြင့် အိမ်မိုးကိုမြှောက်ကာ ကစားတော့မလို တသိမ့်သိမ့် လှုပ်စေလေ၏။ လေသံနှင့် လေထဲ၌ လှုပ်ရှားနေသော အိမ်မိုးမှာ အဆစ်အမြစ် ညောင်းညာ ကိုက်ခဲ၍ ကျိုးကျိုးကြိတ်ကြိတ် မြည်သော အမယ်အိုလို ဖြစ်၍နေလေတော့ သတည်း။

မယ်မှုန်မှာကား ထိုညဥ့်၌ မအိပ်နိုင်ဘဲ နေလေတော့ သတည်း။

မယ်မှုန်နှင့် မယ်စံသည် တကျက်ကျက်ဖြစ်နေကြလိမ့်မည် ။ ကိုမြကြီး လှေကြီးပေါ် လှေငယ်တင်မှုကြောင့် ကိစ္စများတော့မည် ။ ကုသိုလ် ဇာတာမှေးခိုက်မှာ အလုပ်အကိုင် စီးပွားလမ်းမတည့်ရုံမက လာဘ်အစား စုတ်တွေသာ အ၀င်များသည်ကို သတိမမူသော ကိုမြကြီးမှာ ဒုက္ခတွေများတော့မှာပဲဟု ခင်မင်သူ မိတ်ဆွေ များကပြောကြလေ၏။

သို့ပြောရင်းပင် ကိုမြကြီး၏ အိမ်၌ တစ်စုံတစ်ရာမျှ ဖြစ်သံမကြား ၊ မယ်စံနှင့် မယ်မှုန် တို့မှာ ညီအစ်မမျှမက ခင်မင်ကြလျက် အိမ်ရှေ့မှာ တစ်ယောက်အလုပ်လုပ်လျှင် တစ်ယောက်က အိမ်နောက်မှာ အလုပ်လုပ်လေ၏။

ကလေးနှစ်ယောက်မှာလည်း အမေနှစ်ယောက် ရကြသလိုဖြစ်၍ နေလေ၏ ။ မယ်စံမှာ အစပင် ကလေးများနှင့် ခေတ္တတွေ့ကြုံ အသိအကျွမ်းဖြစ်ခဲ့လေရာ ယခုတွေ့သောအခါ သာလွန်ခင်မင်လျက်။ ၄င်းတို့အတွက် လျှော်ခြင်း ၊ ဖွပ်ခြင်း အလုပ်များကို မပြတ်မလပ် လုပ်လေ၏။

ရွာထဲ၌ကား ကိုမြကြီးတော့ လှေလှော်သမားကြီးဖြစ်နေပြီဟု အချို့ကပြောကြ၏။ အချို့ကမူကား လှေစီးမြင်းလှော် သမားဖြစ်နေပြီဟု ပြောကြလေ၏ ။ အကြောင်းမူကား ငါ့မြင်းသူစီး သင်းလှေငါလှော် ဆိုသော အနေမှ လှေရောမြင်းရော ပိုင်၍နေသကဲ့သို့ ဖြစ်၍နေလေ၏။

စီပွားဥစ္စာမှာကား အများတွေးပုံအတွင်း ဖြစ်၍နေလေ၏။ အကြောင်းမူကား ဆိုင်ကလေးမှာ အကျိုးမများ စားရရုံသာရှိသဖြင့် ရှိသမျှသော ငွေကလေးများမှာ ဆိုင်စား၍ ကုန်လုခမန်း ရှိနေလေ၏။

မယ်စံရောက်လာပြီးနောက် အခါလယ်နီးနီးကြာသောအခါ တစ်နေ့သ၌ ဘိုးကြောင်သည် မူးယစ်လျက် ရောက်၍လာလေ၏ ။ ၄င်းနှင့်အတူ အဖော်နှစ်ယောက် ပါ၍လာကြလေ၏။

ထိုအခါ ညနေ အချိန်ဖြစ်လေ၏။


“ မယ်စံ....မယ်စံ ” ဟု ပျာလဲ့လဲ့ အသံနှင့် အိမ်ရှေ့မှ ခေါ်လေ၏ ။ ထိုအခါ ကလေးများရော တစ်အိမ်သားလုံး ထွက်လာကြရာ မူးယစ်သော ဘိုးကြောင်ကို မြင်ကြရလေ၏။ ကလေးများမှာ မိမိတို့၏ ဖခင်အပေါ်၌ အတော်ပင် စိတ်ပျက်ပုံရကြလေ၏။

ကိုမြကြီးက.....

“ဟဲ့...မယ်စံ ၊ နင် အထဲမှာနေ ” ဟု ပြောသဖြင့် မယ်စံသည် အိမ်အတွင်းကို ပြန်၍၀င်နေလေ၏။

မယ်မှုန်က ဆဲဆိုလျက်...

“ နင် ဘာလာနှောင့်ယှက်သလဲ ၊ မယားတစ်ယောက်ကိုဖြင့် ထမင်းဝအောင် မကျွေးနိုင်ဘဲနဲ့ ၊ နင် ငါ့အိမ်ရိပ်ကို မနင်းနဲ့ ၊ နင်းရင် အခုချက်ချင်း ဒုက္ခတွေ့မယ် ” ဟု မယ်မှုန်က ပြောလေ၏။

“ နင်နဲ့ မဆိုင်ဘူး ၊ ငါ့မယား ငါခေါ်တယ် ၊ ဘာဆိုင် သလဲ ” ဟု ဘိုးကြောင်က ပြောလေ၏။

ကိုအခိုက် ကိုမြသည် အိမ်အပေါ်ထပ်သို့ တက်၍ သွားပြီး တစ်အောင့်လောက်ကြာသောအခါ အထိမ်းအမှတ် သဖွယ် သေတ္တာထဲ၌ စက္ကူများနှင့်ပတ်ကာ သိမ်း၍ထားသော ၀ါးခြမ်းဓားနှစ်လက်ကို ကိုင်စွဲလျက် ဆင်း၍လာပြီး “ နင် သေပေတော့ ” ဟု ကြုံးဝါးကာ အိမ်ပေါ်မှ ခုန်ဆင်းပြီး တစ်ဟုတ်တည်း လိုက်ပေရာ မယ်မှုန်က ရင်ဘတ်ထုကာ “ လာကြပါဦး .... သတ်ကုန်ပြီ ၊ ဟဲ့..... ဟို မအေ ပြေးပါတော့လား ၊ ပြေး ....ပြေး.... နင် သေချင်လို့လာတာ ” ဟု အော်၍ ပြောလေရာ လူတွေဝိုင်း၍ လာကြလေ၏ ။ မယ်မှုန်ရော မယ်စံရော ပြေး၍ လိုက်ပြီး ဓားများကိုလုကာ ကိုမြကြီးသည် ရုန်းပြန်လျက် “ နင်တို့ ငါ့ကိုလွှတ် ၊ နင်တို့လင် သေမှာစိုးလို့လား ၊ ငါ စက်တိုင်တက်မယ် ၊ လွှတ် .... အခုလွှတ် ” ဟု ပြောပြီး ခုန်ပေါက်လျက် ဓားနှစ်စင်းကို မြှောက်ရင်း တစ်ခါတစ်ခါ ဒေါသကြီး၍ ခြေလှမ်းမမှန်ပုံနှင့် တစ်နေရာတည်းမှ လေပွေဝှေ့သလို ချာလပတ် လည်လျက် ခုန်၍နေလေ၏။




အခန်း (၁၀) ဇတ်သိမ်းပိုင်းအား ဆက်လက် ဖေါ်ပြပါမည်။

ဆုံမှတ်လွဲ ငြိမ်းချမ်းမှု

မျက်နှာချင်းဆိုင် ဆုံတွေ့တဲ့အခိုက်အတန့်လေးကို
ခဏလောက်ဖမ်းဆုပ်ထားချင်တယ်
ဒါပေမယ့်
လားရာဘက်ချင်း မတူတော့လည်း ဆုံမှတ်တွေလွဲတာပေါ့


ထင်းရှူးပင်ရိပ်ကို ကျည်ဆံဖြတ်သလို
မြန်လွန်းတဲ့ တွေ့ဆုံမှုမှာ
ဘာကြောင့် ငါ့အသည်းက မင်းလက်ထဲပါသွားလဲ


ချစ်ခဲ့တယ်ဆိုတာက ခဏအတွက်မှ မဟုတ်တာ
လမ်းမှာတွေ့လို့ပြုံးပြရုံတော့ မလုပ်လိုက်ပါနဲ့


ချစ်ခြင်းကိုပစ်ခွင်းမယ့်မြှားတစ်စင်းမှ မရှိတော့သူမို့
ထားရစ်နိုင်ခဲ့လို့ မေ့အသည်းကို စိန်လို့မှတ်မယ်


တစ်ဖက်စောင်းနင်း စကားဆိုတာတော့ မဟုတ်ဘူး
တစ်ဖက်ကိုစောင်းချင်လို့ ငါ့ဘက်ကိုနင်းခဲ့တာကိုး...
တိမ်းမှောက်မှ သိရတဲ့ လှေလူးလိုပဲ


တစ်ဘက်သတ်ချစ်ခဲ့ရသူမှ မဟုတ်ပဲနဲ့
ငါ့ဘက်ကို သတ်ရက်တယ်.


မီးစာကုန် ဆီခမ်းတဲ့ ဆီမီးငယ်ကို
ဘာမှမရှိတော့ဘူးလို့ မထင်လိုက်ပါနဲ့
ငြိမ်းချမ်းခြင်း သန္တိသုခ ဓါတ်ကလေးကျန်သေးရဲ့


အင်္ဂါဟူး (15-Dec-2010)

Sunday, December 12, 2010

သူ့မယား ငါ့မယား အခန်း(၈)

အခန်း (၈)

တစ်နေ့သ၌ လင်မယားနှစ်ယောက် ထမင်းစားနေခိုက်တွင် သူငယ်တစ်ယောက် အိမ်ရှေ့သို့ရောက်လာပြီး ကိုမြကြီးကို တီးတိုးစကားပြောလေ၏။

ကိုမြကြီးလည်း ခဏမျှစဉ်းစားပြီး ထမင်းကို သုတ်သုတ်စား၍ လိုက်သွားလေ၏။ မယ်မှုန်သည်ကား ဘယ်လို အကြောင်းများ ဖြစ်ပါလိမ့်မလဲဟု စဉ်းစားပြီး တစ်အောင့်လောက် ကြာသောအခါလိုက်၍ သွားလေ၏။

သို့ရာတွင် အိမ်တစ်အိမ်သို့ ရောက်လျှင် နောက်ဖေးနွားတင်းကုပ်၌ စောင်ကလေးကို ဦးခေါင်းထက်မှာ တင်၍ ထားသေား မိန်းမညစ်ထပ်ထပ် တစ်ယောက်နှင့် စကားပြော၍ နေသည်ကို မြင်ရသဖြင့် ဒေါထလျက် ထဘီကို တိုတိုပြင်၍ ၄င်းတို့ရှိရာသို့သွားရာ စကားပြော၍နေသာ မိန်းမမှာ အခြားမဟုတ် မယ်စံဖြစ်နေသည်ကို တွေ့ရှိရလေ၏။

ထိုအခါ မယ်မှုန်သည် ဒေါသဖြစ်လျက် မယ်မှုန်ကို ကြည့်ကာ..........

“ညည်း ဘာလာရှုပ်သလဲ၊ ဘာကိစ္စ လာသလဲ” ဟု မေးလေ၏။

ထိုအခါ မောင်မြက ထိုင်ရာမှ ထပြီး

“သည်းခံ မယ်မှုန် ၊ ငါလည်း ဘာမှ မသိဘူး၊ အခုမှ တွေ့တာပဲ၊ မေးမေးမြန်းမြန်း စုံစုံစမ်းစမ်း လုပ်မှပေါ့၊ ငါသာ ပဓာနပါ မယ်မှုန်ရယ်”

မယ်စံမှာ များစွာ ညစ်ပေညှိုးငယ်လျက် နေသည်ကို တွေ့ရလေ၏။

မယ်စံသည် မယ်မှုန်အား တစ်စုံတစ်ရာ ပြန်၍ မပြောဘဲ မျက်နှာကို အောက်ချကာ မျက်ရည်များကိုသာ သုတ်လေ၏။

“ပြောစမ်းပါဦး ၊ ညည်း ဘယ်လိုဖြစ်တာလဲ ၊ ညည်း ယောက်ျားရော ” ဟု ပထမအသံလောက် မပြင်းထန်သော အသံနှင့် ပြောလေ၏။

“မပြောပါရစေနဲ့ မယ်မှုန်ရယ်၊ ကျွန်မကိုသာ ကြည့်ပါတော့။ ကျွန်မ ဈေးရောင်းလို့ ရသမျှငွေကလေးတွေနဲ့ ဈေးအပြန်မှာ ချက်ကျွေးရသေးတယ်တော့ ၊ ရတဲ့ အထဲက ဆိုင်ကလေးတစ်ခု ဖွင့်မယ်လို့ စုထားတဲ့ ငွေကလေး အစုစု ဆယ်ငါးကျပ်လောက်ရှိတယ် ၊ ကျွန်မ မွေ့ရာထဲ ထည့်ချုပ်ထားတယ်၊ အဲဒါ အကုန် တိတ်တိတ် ဖေါက်ယူပြီး နွားပွဲသွားလောင်းပစ် လို့ ကုန်တယ်တော့ ၊ ဒါနဲ့ ကျုပ်က မတော်ကြောင်းပြောတယ်၊ ပြောရမလားဆိုပြီး ရိုက်တယ် ၊ ဖနောင့်နဲ့ ပေါက်တယ်။ ကျောကုန်းကိုသာ ကြည့်ပါတော့၊ ပြီးတော့ နှင်ပစ်တယ် ” ဟု ပြောကာ ကျောကိုလှန်ပြရာ နွားကြိမ်လုံးနှင့်ရိုက်သော ဒဏ်ရာ အရှိုးကြီးများကို မြင်ရသဖြင့် မယ်မှုန် မှာ သနားပြီး.......

“ညည်းကံပဲ၊ ငါတော့ ကံကောင်းလို့ ၀ဋ်ကျွတ်လာခဲ့တယ် ၊ အခု ညည်း ဘယ်ကို သွားမလို့လဲ”

“ဘယ်ကိုမှ သွားစရာလည်း မရှိဘူး၊ မမှုန် သဘောထားကြီးမယ်ဆိုရင် မမှုန်တို့ဆီမှာ အခိုင်းအစေပဲ ဖြစ်ပြီး နေပါရစေတော့ ၊ ကျွန်မတော့ အားကိုးပြီး လာတာပဲ”

မယ်မှုန်နှင့် မောင်မြသည် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လျက် စဉ်းစားနေကြလေ၏။ များစွာ ကရုဏာ သက်ပုံလည်း ရကြလေ၏။

မှုန် ။ ။ “ ရှင် ဘယ့်နှယ် သဘောရသလဲ ၊ ဒီလူဟာ ဘယ်တော့မှ ကောင်းမှာ မဟုတ်ဘူး ”

မြ ။ ။ “ မင်း ဘယ့်နှယ်သဘောရသလဲ ၊ ဒီတစ်ခါ လာရင် ငါ့ဓားနဲ့ ဧကန်တွေ့တော့မှာပဲ ”

မောင်မြသည် ၀ါးခြမ်းဓားကို တကယ့်ဓား မှတ်ထင်သူတို့အား ၄င်းတို့ အထင်နှင့်ညီအောင် ပြောရအားကြီး သဖြင့် မိမိကိုယ်တိုင် စိတ်၌ပင် ငကြောင်ကို တကယ် ဓားနှင့်ခုတ်၍ သတ်ရန် လိုက်ဖူးသကဲ့သို့ စိတ်၌ အထင်ရောက်၍ နေလေ၏။

စံ ။ ။ “ ကျွန်မတော့ မပြန်တော့ဘူး၊ ခြေနဲ့ကန်ရင် ခြေဖက်ရတော့ မှာပဲ။ မမှုန်မှ မကယ်ရင် ကျွန်မ ရေထဲ ဆင်းသေမယ် ၊ ဒီအကောင့်ဆီတော့ ပြန်မသွားဘူး ”

မယ်မှုန်မှာ သနားလွယ်သော မိန်းမဖြစ်ရာ မောင်မြကို ယုံကြည်စိတ်ချသဖြင့် တစ်ကြောင်း ၊ နီးစပ်၍ တစ်စုံတစ်ရာ ဖြစ်လျှင်လည်း ယောက်ျားကောင်းမောင်းမ တစ်ထောင်ဆိုသည့် စကားလို မယားနှစ်ယောက်နှင့် တင့်တင့်တယ်တယ် နေကြသူတွေ လောကမှာ အများကြီးရှိသည်ကို စဉ်းစားမိသဖြင့် တစ်ကြောင်း ၊ ငါ့လင်ကို သူခိုးတာဟာ ငါ့အစား သူဝင်ပြီး ၀ဋ်ခံရှာတာပဲ ဟု စဉ်းစားကာ ကျေးဇူးကို ရှာတတ်သော စိတ်ကြောင့် လည်းကောင်း......

“ ဘယ့်နှယ် သဘောရသလဲ ကိုမြ ၊ ရှင့်သဘောအရသာ စီမံပေတော့ ။ ကျုပ် ဘာမှ မကန့်ကွက်ဘူး ” ဟု ပြောလေ၏။

“ ဘယ်ပြောတတ် မလဲဟယ် ၊ မင်းပဲ ကြည့်ပြီး စီမံပါ ။ ဒါထက် နင့်လင်က လာပြီး နှောင့်ယှက်ဦးမှာလား ”

“ သူ လာနှောင့်ယှက်မှာကို ကိုမြက ကြောက်ရသေး သလား၊ သင်းဟာ တစ်ကယ့်နေရာကျတော့ အစွမ်းအစ ရှိတဲ့ အကောင် မဟုတ်ပါဘူး၊ သားမယားကို စော်ကားဖို့ တတ်တယ်။ အရင်တစ်ခါ ရှင်ဓားနဲ့ လိုက်လို့ ပြေးခဲ့ရပြီ မဟုတ်လား ”

“ အင်း ..... သည်တုန်းက သူ ကံကလေး အတော် ကောင်းသွားတယ် ”

“ အခုလည်း မလာဝံတော့ပါဘူး ။ စိတ်သာချပါ ” ဟု မယ်စံက ပြောလေ၏။

မှုန် ။ ။ “ ကိုင်း ....ထ .....ထ ... သွားမယ်၊ အိမ်ကိုပဲလိုက်ခဲ့ ။ သြော် ... ဒုက္ခ၊ ဒုက္ခ၊ လင်ဆိုးမယား တစ်ဖားဖား ဆိုတာ တယ်မှန်တာပဲ ။ ညည်းက မိုက်တာကိုး ။ ဒါပေမယ့် ညည်းမိုက်တာကို ကျေးဇူးတင်လို့ ညည်းကို ငါလက်ခံတာ သိလား။ ညည်း ကောင်းကောင်းနေမလား ”

“ကျွန်မ သိပါပြီ၊ သေဖူးမှ ပျဉ်ဖိုးနားလည်ရောပေါ့ မမှုန်ရယ် ၊ ရှေ့မျက်နှာ နောက်ထားပြီး လာရတာပါ ၊ ဆင်မျက်နှာ ဆိတ်မကြည့်ဝံ့သလိုပါပဲ ”

မောင်မြ သွားနှင့်ပြီး ဖြစ်လေ၏။

“ညည်း ငါ့ယောက်ျားကိုများ ပြန်ခိုးမယ် ကြံသလား၊ ဒါတော့ ချမ်းသာပေးပါအေ ”

“ မတော်တာ မမှုန်ရယ် ၊ ဒီလို လုပ်တော့ အိမ်ပေါ်က ကန်ချလိုက်တာပေါ့ ”

“ ကန်လည်း မချပါဘူးအေ ၊ ငါ့ကံပေါ့... ငါ သဘောကောင်းလို့ ခံရရင်လည်း ခံရရောပေါ့ ။ ငါတော့ သဘောထား ကြီးပါတယ် ”

အတန်ကြာလျှင် အိမ်ကို ရောက်ကြလေရာ.. မယ်စံမှာ မျက်နှာကလေး ငယ်ငယ်နှင့် မနေတတ် မထိုင်တတ် သလို ဖြစ်၍ နေလေ၏။ မယ်မှုန်က အင်္ကျီ လုံချည်အသစ်များကို ထုတ်၍ပေး လေ၏။ သူငယ် နှစ်ယောက် သည်ကား မယ်စံကို မြင်သောအခါ အံ့သြ၍ နေကြလေ၏။

အငယ်ကောင်ကလေးက အမှုန်အနားကို ကပ်ကာ.....

“ မေမေ သူ ဒီကိုလာရင် မေမေ ဖေဖေ့ဆီပြန်ရတော့ မှာပေါ့နော် ” ဟု ပြောလေ၏ ။

မှုန် ။ ။ “ အသာနေပါကွယ် ၊ မင်းတို့ နားမလည်ပါဘူး ” ဟု ပြောလိုက် ရလေ၏။










အခန်း..... (၉) အား မကြာမီ ဆက်လက်ကူးယူ ဖေါ်ပြပါမည်.....။



Tuesday, December 7, 2010

စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်

စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်

ရုပ်မြင်သံကြားမှာ လာလာနေသော ကြော်ငြာတွေကိုသာ နိုင်ငံခြားသားတွေ ကြည့်မိလျှင် မြန်မာလူမျိုး ဆိုသည်မှာ ခေါင်းကလေးလျှော်လိုက် ၊သနပ်ခါးလေး မိတ်ကပ်လေးလိမ်းလိုက်၊အချိုရည်လေး သောက်လိုက် အားဆေးလေးမှီဝဲလိုက် ၊ ကော်ဖီမစ်လေး သောက်လိုက်၊ ရွှေကလေးဝယ်လိုက်နှင့် နေတတ်သော လူမျိုးဟု ထင်ကြပေလိမ့်မည်။

ကြော်ငြာတွေကလည်း ဒါတွေချည်းပဲကိုး။ ဒါတောင် ဘီယာ၊ အရက်နှင့် စီးကရက် ကြော်ငြာတွေကို ကြပ်ကြပ် မတ်မတ် လုပ်လိုက်ပေလို့ပေါ့။ ဒါမှ မဟုတ်လို့ကတော့ မြန်မာဆိုတာ ဘီယာလေး ၊ အရက်လေး တမြမြ စီးကရက်လေး တဖွာဖွာ နေတတ်သူများဟု သတ်မှတ်ခံရမှာ သေချာသည်။

မြန်မာတို့သည် စာအလွန်ဖတ်သော လူမျိုးဟု အထင်ကြီးခံရဖို့ အလားအလာတော့ သိပ်မရှိလှပါ။ အကြောင်းမှာ ရုပ်မြင်သံကြားတွင် စာအုပ်ကြော်ငြာ မပါသလောက် ဖြစ်နေသောကြောင့်ပင်ဖြစ်၏။

တစ်လ တစ်ခါ၊ နှစ်ခါလောက်တော့ ရှားရှားပါးပါး တွေ့ရတတ်သည်။ သို့ရာတွင် စာအုပ်ကြော်ငြာဆိုတာ က သူများတွေလို အချိန်အကြာကြီးယူပြီး ကြော်ငြာနိုင်တာမဟုတ်။ စက္ကန့်အနည်းငယ် အတွင်းမှာ အမြန် တက်သုတ်နှင်ရခြင်း ဖြစ်၏။ နောက်ခံစကားပြောကိုလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ မလုပ်နိုင်ရှာ။ ဘယ်သူ၏ ဘာဝတ္ထု ၊ ဘယ်စာအုပ်တိုက်က ထွက်နေပါပြီ ဆိုတာလောက်ကို နောက်မှ ရန်သူလိုက်လာဘိသကဲ့သို့ အမောတကော ပြောရသည်။ လေသံကလည်း ရပ်ကွက်ထဲ ဖြတ်ပြေးရင်း “ မီးဗျို့၊ မီးလောင်နေပြီ” ဟု အော်သွားသည့် ပုံစံမျိုး။

ဒါတောင် အရောင်းရဆုံး စာရင်းဝင် စာရေးဆရာများ၏ စာအုပ်များသာ ခုလိုကြော်ငြာနိုင်သည်။ တော်ရုံ တန်ရုံ ဆရာဆိုလျှင်တော့ သတင်းစားမှာ ကြော်ငြာတာတောင် စာအုပ်ထွက်ချိန်အမှီ ကြော်ငြာပါဖို့ တော်တော်ကြိုးစားကြရရှာသည်။

ရုပ်မြင်သံကြားမှ အခြားကုန်ပစ္စည်းတွေ အကြီးအကျယ်ကြေငြာ နေကြတာကြည့်ပြီး အားကျမိ၏။ ငါ့တို့ စာအုပ်တွေလည်း ဒီလိုကြော်ငြာနိုင်ရင် ကောင်းမှာပဲ ဟု တွေးမိ၏။ ဒါကလည်း ဝေးပါသေးသည်။

ဒီတော့ တစ်ခုစဉ်းစားမိ၏။ ကိုယ့်ဘာသာ ကြော်ငြာစင်မြင့် တစ်ခုလုပ်ပြီး စာအုပ်တွေ ကြော်ငြာလျှင် မကောင်းဘူးလား။ ကောင်းသည်။ သို့ရာတွင် ဘယ်သူက စပွန်ဆာလုပ်ပြီး ငွေထုတ်ပေးမှာလဲ။ လက်တွေ့ အကောင်အထည် ဖော်ဖို့မလွယ်။ ထိုအခါ စာတွေ့အကောင်အထည်ဖေါ်ကြည့်သည်။ ဤသို့ဖြင့် စာပေနယ်မှ ကျွန်တော်ချစ်သော ဆရာ၊ ဆရာမများကို ဇတ်ဆောင်များ အဖြစ် ဖန်တီးပြီး ၀တ္ထုတစ်ပုဒ် ရေးလိုက်ရပါသည်။ (ကြော်ငြာပေးသည့်အတွက် ကျွန်တော့်ကို ပြုစုကျွေးမွေးလိုကြပါလျှင်လည်း အမြန် ဆက်သွယ်နိုင်ပါသည်။ ဦးရာလူစနစ်ဖြင့် လက်ခံပါမည်။)

“စာပေကြော်ငြာ စတိတ်ရှိုးကြီး”

စာပေ၀ါသနာရှင်များအတွက် အထူးအစီအစဉ် ။ လေထန်ကုန်းမီဒီယာ အင်တာပရိုက်စ်မှ တင်ဆက်သည်။ စာရေးဆရာ၊ စာရေးဆရာမများ ကိုယ်တိုင်စင်မြင့်ပေါ်တက်၍ ကြော်ငြာသီချင်းများကို ဆိုကြမည်။ ပျော်ကြမည်။ တစ်သက်မှာ တစ်ခါသာ ကြုံရမည့် ပွဲတော်ကြီး။ ကြိုတင်လက်မှတ်များ ရောင်းချနေပါပြီ။ လက်မှတ်တစ်စောင် ၃၀ ကျပ်။

ရန်ကုန်မြို့အနှံ့ ကြော်ငြာတွေ လိုက်ကပ်ထားသည်။ ထိုင်ခုံပေါင်း ခြောက်ရာအတွက် လက်မှတ်များ ရိုက်နှိပ်ရောင်းချရာ ပွဲလုပ်ဖို့ သုံးရက်လောက်လိုသည့် နေ့အထိ လက်မှတ်အစောင် တစ်ရာကျော်ကျော် သာ ရောင်းရ၏။ စီစဉ်သူများစိတ်ပူကြရပြီ။ စာရေးဆရာတွေကို ဒီလောက်စိတ်ဝင်စားမှု နည်းကုန်ကြပြီ လားဟု စိုးရိမ်သွားကြသည်။ ထို့ကြောင့် ကြံမိကြံရာ ကြံကြ၏။

လက်မှတ်ဝယ်ထားသော ပရိတ်သတ်များကို ကံစမ်းမဲမောက်ပေးမည်။ မဲပေါက်သူကို စာရေးဆရာမ မစန္ဒာ နှင့်အတူ ပါပူဝါ နယူးဂီနီကျွန်းသို့ အပန်းဖြေခရီး စရိတ်ငြိမ်း ပို့ပေးမည်ဟု ကြော်ငြာလိုက်၏။

မစန္ဒာဆိုတာ အသက်ဘယ်လောက်ရှိပြီလဲ။ ဖြူသလား ၊ မဲသလား မသိပါ။ ပါပူဝါ နယူးဂီနီကျွန်း ဘယ်နားမှာ ရှိမှန်းမသိသော်လည်း နိုင်ငံခြားဆိုတာနှင့်ပင် လက်မှတ်တွေ ပြိုက်ခနဲ ကုန်ရုံမက မှောင်ခိုတောင် ဖြစ်သွားလေ၏။

*** *** ***

စတိတ်ရှိုး ကျင်းပမည့်နေ့သို့ ရောက်လာသည်။ပရိတ်သတ်များလည်း တဖွဲဖွဲ ရောက်လာကြ၏။ ခန်းမ၏ အပြင်ဘက်မှာလည်း ဈေးဆိုင်ခန်းများနှင့် စည်စည်ကားကား ရှိလေ၏။ စာပေလောက စာအုပ်တိုက်က တောင် အထူးစာအုပ်ဆိုင် လာဖွင့်သေးသည်။

“ရွှေပွဲလာ ပရိတ်သတ်များခင်ဗျာ အခမ်းအနား စတင်တော့မှာ ဖြစ်တဲ့အတွက် သတ်မှတ်ထားသော နေရာများမှာ ၀င်ရောက်နေရာယူကြဖို့ ပန်ကြားအပ်ပါတယ် ခင်ဗျား”

အခမ်းအနားမှုးအဖြစ် ဆောင်ရွက်သူ မြတ်ခိုင်၏အသံ ထွက်ပေါ်လာသည်။ မြတ်ခိုင်သည် အခမ်းအနားမှုး လုပ်ရမည်ဖြစ်၍ သားသားနားနား ၀တ်စားပြင်ဆင်လာ၏။ တစ်ခုပဲ ပြဿနာရှိ၏။ သူသည်ကြော်ငြာ ရိုက်ဖို့ ကိစ္စတစ်ခုကြောင့် တစ်နေ့လုံးအလုပ်များနေခဲ့ရ၏။ ညနေစောင်းမှ အိမ်ပြန်ရောက်သည်။ စတိတ်ရှိုးသွားဖို့ နောက်ကျမည်စိုး၍ ကတိုက်ကရိုက် ပြင်ဆင်ရသည်။ ထိုအခါ မျက်နှာလိမ်းရမည့် အသားဖြူဆေးနှင့် ခေါင်းလိမ်းဆီခရင်မ်ကို နေရာလွဲမှားပြီး လိမ်းလိုက်မိ၏။ ထို့ကြောင့် ဆံပင်တွေက ဖြူသွားပြီး မျက်နှာက ပိတုန်းရောင်တောက်သွားသည်။ ပြန်ပြင်ဖို့ အချိန်မရတော့သဖြင့် ဒီအတိုင်းပင် ထွက်လာခဲ့ရသည်။ ရေးဖော်ရေးဖက်တွေကတော့ မြတ်ခိုင်တို့ကတော့ ထူးထူးခြားခြား လုပ်ချလိုက်ပြန်ပြီ ဟု ချီးကျူးကြလေသည်။

မြတ်ခိုင်သည် စင်ပေါ်တက်လာပြီး

“ရွှေပွဲလာ ဧည့်ပရိတ်သတ်များခင်ဗျား၊ အခုချိန်ကစပြီး ကြော်ငြာ စတိတ်ရှိုး စင်တင်ပွဲကြီးကို စတင်ဖွင့်လှစ် လိုက်ပါပြီ ခင်ဗျား”

လက်ခုပ်သံတွေ ထွက်ပေါ်လာသည်။

“ဒီပွဲကြီးဟာဆိုရင် အင်မတန်ထူးခြားတဲ့ ပွဲကြီးပဲ ဖြစ်ပါတယ်။ ပရိတ်သတ်များ ချစ်ခင်နှစ်သက် စွဲလမ်းခဲ့ကြ တဲ့ စာရေးဆရာ၊ ဆရာမများ ကိုယ်တိုင် စင်ပေါ်တက်ပြီး ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ တစ်သက်မှာ တစ်ခါ ဆိုသလို ကြုံတောင့်ကြုံခဲ ဖြစ်ရာတာမို့ အားပါးတရ ရှုစားတော်မူကြပါ ခင်ဗျား။ အခု ပထမဆုံး မဏာမ မိတ်ဆက်အနေနဲ့ ဖျော်ဖြေမှာကတော့ သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း အဖွဲ့သားများပဲ ဖြစ်ပါတယ် ခင်ဗျား.....................”

လက်ခုပ်သံ ဖြိုးဖြိုးဖြောက်ဖြောက်နှင့် အတူ သောင်းပြောင်းထွေလာမှ အယ်ဒီတာချုပ် မာလတ်၊ တာဝန်ခံ အယ်ဒီတာ ကောက်နွယ်(ကနောင်) နှင့် အဖွဲ့သားများ စင်ပေါ်တက်လာကြသည်။

သူတို့သည် တီရှပ်အဖြူရောင် နှင့် အ၀ါရောင် ဘောင်းဘီများ ၀တ်ထားကြ၏။ တီရှပ်ပေါ်မှာ ရယ်မောနေ သည့် မျက်နှာဖုံးပုံကို ရိုက်နှိပ်ထား၏ ။ ၀မ်းတူးသရီးဖိုးဟု အချက်ပေးလိုက်သောအခါ ဘာမှန်းမသိသော အကတစ်မျိုးကို တစ်ယောက်တစ်ပေါက်စီ မညီမညာကရင်း သံပြိုင်ဆိုသည်။

“သောင်းပြောင်းထွေလာ ... ရှားလားလာလာလာ သင်မှန်မှန် ဖတ်ပါကွယ်..... သောင်းပြောင်းထွေလာ ရှာလာလာလာ ရယ်စရာတွေ မျိုးစုံတယ်”

ကြည့်ရှုနေသော ပရိတ်သတ်က “ ဟင်း ရယ်စရာ မဂ္ဂဇင်းအဖွဲ့တဲ့ကွာ၊ တစ်ယောက်မှလည်း ရယ်စရာ ရုပ်မပေါက်ဘူး.....။ ဟို အယ်ဒီတာချုပ်ဆိုတဲ့ လူရဲ့မျက်နှာက ပုပ်သိုးသိုးနဲ့... တာဝန်ခံ အယ်ဒီတာက လည်းနှုတ်ခမ်းမွှေးနဲ့......သူကြီးသား လူမိုက်ရုပ်မျိုး” ဟု ဝေဖန်ကြလေသည်။

သူတို့အုပ်စု ကုပ်ချောင်းချောင်းနှင့် ဆင်းသွားကြပြီးနောက် အခမ်းအနားမှုးမြတ်ခိုင် စင်ပေါ်တက်လာပြန် သည်။

“ရွှေပွဲလာ ဧည့်ပရိတ်သတ်များ ခင်ဗျား၊ အခု ဆက်လက်ပြီး တင်ဆက်မယ့် သူကတော့ သရုပ်မှန် ၀တ္ထုများ ဖြင့် ထင်ရှားကျော်ကြားခဲ့တဲ့ စာရေးဆရာမှ ခင်မြဇင်ပဲ ဖြစ်ပါတယ် ခင်ဗျား”

တကယ်တော့ ခင်မြဇင်မှာ ခုလို လူကြားသူကြား ထွက်လေ့မရှိ၊ အိမ်ထောင်ကျပြီး နောက်ပိုင်း စာရေးကျဲ နေသဖြင့် “ ဒီအတိုင်းဆိုရင် ပရိတ်သတ်နဲ့ စိမ်းသွားလိမ့်မယ်၊ စာမရေးဖြစ်ရင်တောင် အခုလိုပွဲမျိုးမှာ တက်ပြီး ပရိတ်သတ်နဲ့ ထိတွေ့မှဖြစ်မယ်” ဟု စီစဉ်သူများက စေတနာနှင့် အကြံပေးသလို လုပ်ပြီး ခြိမ်းခြောက် သောကြောင့် စင်ပေါ်တက်လာရရှာခြင်း ဖြစ်၏။

သူသည် စင်ပေါ်ရောက်သောအခါ ခေါင်းကြီးငုံ့ပြီး ရှက်နေသေးသည်။ နောက်ခံတီးလုံး စသောအခါ သူမဆိုပဲ နေလို့မရတော့....

“ပါရာရာ ရာရာဘုံ... ပါရာရာ ရာရာဘုံ.. ပါရာရာ ရာရာ အရွယ်စုံဖတ်တယ်၊ ခင်မြဇင် ၀တ္ထုတွေလည်း..... လူငယ်တွေ ကြိုက်ကြတာပဲ... ဝေဖန်သူများလည်း ကြိုက်တဲ့ ခင်မြဇင်.... အရေးအသားလည်း ကောင်းပါတယ်....ကြာတာလေးလဲ ခွင့်လွှတ်ပါကွယ်၊ အချိန်ယူကာ အကောင်းဆုံးရေးတဲ့ ခင်မြဇင် ဘုံ... ပါရာရာ ရာရာဘုံ... ပါရာရာ ရာရာဘုံ”

ဆိုလို့ပြီးသွားသော်လည်း ပရိတ်သတ်က ငိုင်ပြီး ငြိမ်နေကြသည်။ သူ့ခင်ပွန်း ကိုသန်းအုန်းက အရင်ဆုံး လက်ခုပ်တီးပြီး ချူလိုက်တော့မှ ပရိတ်သတ်တွေ လက်ခုပ်လိုက်တီးကြလေ၏။

“အခုတစ်ခါ အလှည့်ကျသူကတော့ မကြာခင် အချိန်ကလေးကမှ အဲယားမန္တလေး လေယာဉ်နဲ့ ဆိုက်ရောက် လာခဲ့တဲ့ ဆရာကံချွန်ပဲ ဖြစ်ပါတယ် ခင်ဗျား”

အခမ်းအနားမှုးက ကြေငြာသည်။ အမှန်တော့ ကံချွန်သည် လေယာဉ်နှင့်လာခဲ့ခြင်းမဟုတ်။ အက်စ်အီး အမြန်ရထား အထက်တန်းတွဲ၏ လှေကားချောင်မှာ ခိုကပ်လိုက်လာခဲ့ရခြင်းသာ ဖြစ်၏။ လူအထင်ကြီး အောင် မြှောက်ပင့်ကြေညာလိုက်ခြင်းပင်။

ဘာပဲဖြစ်ဖြစ် ကံချွန်ကတော့ မျက်မှန်ကလေး တ၀င့်ဝင့်လုပ်ရင်း စင်မြင့်ပေါ်ကို ခပ်တည်တည် တက်လာသည်။ ပရိတ်သတ်ဘက်လှည့်၍ လက်အုပ်ချီပြီး နှုတ်ဆက်၏။ ထို့နောက် သူ၏ပင်ကိုဟန် ဖြစ်သော ဗိုက်ပူပူကလေးကို ရှေ့သို့ပစ်၍ပစ်၍ လှုပ်ရင်း..

“ပန် .. ပန်..ပန်...ပန်..ပန်၊ ပန်ပန် ပန်ပန်းပန် ကံချွန် ကာတွန်းဆွဲလို့ အောင်မြင်၊ ကံချွန် ၀တ္ထုရေးလဲ အောင်မြင်၊ ကံချွန် ကြုံရာ အကုန်လုပ်လိုက်ချင်...ရွှေမန်းရဲ့ သခင် ...ဗိုမောင် ..ပန် ..ပန် .. ပန်..ပန်းပန်”

“ ဟာ..ဘယ့်နှယ် ဗိုမောင်ဆိုတာကြီးက ပါလာရတာလဲကွ”

ဟု ပရိတ်သတ်ထဲမှ အသံထွက်လာ၏။ ကံချွန်က သွားလေးဖြီး၍ လက်အုပ်ချီလိုက်ပြီး

“အခွင့်အရေးရတုန်း ကျွန်တော့်ညီအတွက်ပါ ထည့်ကြော်ငြာ လိုက်ရတာပါ ခင်ဗျာ”

ဟုပြောပြီး အမြန်ဆင်းပြေးသွားသည်။

နောက်ထပ်အလှည့်ကျသူ ချစ်ဦးညိုဖြစ်သည်။ သူကတော့ ဇတ်သဘင်နှင့် ပတ်သက်နေသဖြင့် နှစ်ပါးသွား ပုံစံ လုပ်လာသည်။ တစ်ခုပဲရှိ၏။ သူနှင့်တွဲဖို့ မင်းသမီးရှာလို့မရခြင်းပင် ဖြစ်၏။ သူနှင့်ခင်သော ဇတ် မင်းသမီးတွေကလည်း ဇတ်နားထားကြတာ ကြာတော့ ၀တုတ်ကြီးတွေဖြစ်သူဖြစ်၊ အိမ်ထောင်ကျသူကျ၊ တချို့ကတော့ “ကျွန်မတို့ စင်ပေါ်ပြန်မတက်ချင်တော့ပါဘူး ဆရာရယ်” ဟု အလိမ္မာနှင့် ငြင်းလွှတ် ကြသည်။

တကယ့် ကြော်ငြာမင်းသမီးတွေကျတော့လည်း သရုပ်ဆောင်ခ သိန်းနှင့်ချီ တောင်းနေသဖြင့် အနားတောင် မကပ်နိုင်။ နောက်ဆုံးတော့ ရရာဆွဲမှ ပဲဆိုပြီး သူ့အိမ်က လေဒီကြီးကိုပဲ စည်းရုံးရတော့ သည်။ပြောရမှာ တော်တော်ခက်မည် ထင်ထားသော်လည်း တကယ်တမ်းကျတော့ တစ်ခါပဲ မေးရ သေးသည်။ “စောစောက ပြောပါလား ၊ တကတည်း သူများတွေ လျှောက်ရှာနေရသေးတယ်” ဟု ဆိုလေ၏။

တစ်ခုပဲ ရှိ၏။ လေဒီချစ်ဦးညိုမှာ အသက်အရွယ်ကလေး နည်းနည်းရလာပြီ ဖြစ်၍ ကိုယ်လုံးကိုယ်ထည်က ဖယောင်းတိုင်ရှိပ် ဖြစ်ချင်နေပြီ။ ဒီတော့ ဂျိန်းဖောင်ဒါ၏ စာအုပ်ဖတ်ပြီး နှစ်ပတ်အတွင်း အပြင်းအထန် လေ့ကျင့်လိုက်ရာ အံ့သြစရာကောင်းလောက်အောင် ငယ်မူပြန်သွား၏။

ဒီလိုနှင့် စင်မြင့်ပေါ် နှစ်ယောက်တွဲ တက်လာနိုင်ခဲ့လေသည်။ သူတို့မှာ ရိုးရာဟန်မပျက်စေဘဲ ကျေးလက် ဂီတသံဖြင့် ကြောငြာသွားပုံမှာ...

“ကိုကြီးညိုရေ”
“ဗျို...ဗျို...ဗျို...ဗျို...”
“ကိုကြီး ညိုရေ”
“ဗျာ...ဗျာ...ဗျာ...ဗျာ့...”
“ဒီတစ်ခေါက် ၀တ္ထုရေးရင် မမေ့ပါနဲ့ရှင်၊ အများတကာတွေ တောင်းတတာပင် ကျွန်မမှာလေ ကြားရ ပါသရှင်၊ ရာဇ၀င် ၀တ္ထုကလေး ရေးလို့ဖြင့် ထုတ်စမ်းပါရှင်... ကိုကြီးညိုရေ..”
“အေး ပါဟ”

လူလတ်ပိုင်းနှင့် လူကြီးပိုင်း ပရိတ်သတ်က သဘောကျကြသည်.။ လူငယ် တွေကတော့ ၀တ်ကျေ တန်းကျေ လောက်သာ လက်ခုပ်တီးကြသည်။

အခမ်းအနားမှုးက ကြေညာပြန်သည်။

“ယခု အလှည့်ကျသူကတော့ ကာတွန်းဆရာ ငွေကြည်ပဲ ဖြစ်ပါတယ် ခင်ဗျား”

ငွေကြည် စင်ပေါ်တက်လာသည်။ သူ့ကို ရုတ်တရက် မမှိတ်မိနိုင်ကြ။ အကြောင်းမှာ သူကား သားရေဂျာ ကင်နှင့် ဂျင်းဘောင်းဘီဝတ်ထားပြီး ဆံပင်ကိုလည်း အနီရောင်ဆိုးထားသောကြောင့် ဖြစ်၏။ သူသည် တံတောင်ဆစ်ကို ကွေး၍ လက်သီးကို ဆုပ်၊ ဒူးကို အနည်းငယ် ညွှတ်လိုက်ပြီးမှ

“ဒူဝါ ဒီဒီ ဒမ်း ဒီးဒီဒူ... အို့၊ ငွေကြည်ဆိုသည်မှာ ကာတွန်းဆရာပဲ၊ အိုလေ....ဒူဝါဒီဒီ ဒမ်း ဒီဒီးဒူ... အပြစ်ကင်းစွာ ရယ်မောကြ၊ ရိုးရာဟာသလေး များပါ၊ ပြည်သူတွေ ရွှင်ပြုံးနှစ်သက်လို့ ကြည်နူးလို့သာ မဆုံး...ရေးဆွဲတဲ့ ငွေကြည်လေးပါပဲ”

ပရိတ်သတ် မှင်သက်သွားမိကြ၏။ သူတို့စိတ်ထဲတွင် ကာတွန်းငွေကြည်ကို သီချင်းဆိုတတ်မှာ မဟုတ်ဟု ထင်ထားကြသည်။တကယ်တမ်းကျတော့ အသံရော ဟန်ရော တကယ့်ဝါရင့်တွေအတိုင်း ဖြစ်နေသဖြင့် အံ့သြချီးကျူးကြရသည်။ စည်သူလွင်ထက်တောင် သာသည်ဟု မှတ်ချက်ချကြလေ၏။

* * *

ထို့နောက် ပရိတ်သတ်များ ခံစားမှု အာရုံအပြောင်းအလဲဖြစ်စေရန် ကြားဖြတ် အစီအစဉ်များ တင်ဆက်သည်။
ကိုရိုးကွန့်၏ မျက်လှည့်၊ အော်ပီကျယ်၏ အသံတု၊ နေ၀င်းမြင့်နှင့် ညိုထွန်းလူတို့၏ ဟာဒယရွှင်ဆေး၊ မမွှေး ၊ မ၀ိုင်း ဇွန်ပွင့်နှင့် ရာသက်ပန် (တောင်ငူဆောင်)တို့၏ ပန်းပွားအက၊ မအိ၏ တစ်ကိုယ်တော် ဖက်ရှင်ရှိုး၊ စသော အစီအစဉ်များကိုလည်း ပရိတ်သတ်က သဘောကျကြသည်။

ကြားဖြတ်အစီအစဉ်များအပြီးတွင် မူလကြော်ငြာ စတိတ်ရှိုး အစီအစဉ် ပြန်စသည်။ အလှည့်ကျသူက ဆရာအောင်ပြည့် ဖြစ်၏ ။ သူက စာလည်းရေးသည်၊ အယ်ဒီတာလည်း လုပ်သည်။ ကျူရှင်လည်း ပြသည်။ ရုပ်ရှင် သရုပ်ဆောင်လည်း လုပ်သည်။ ခုလည်း ကျူရှင်ပြရာမှ တန်းလာရသောကြောင့် စင်ပေါ်တက်လာ ရသောအခါ ကျူရှင်ဆရာတို့၏ အထိမ်းအမှတ်ဖြစ်သော မျက်နှာသုတ်ပ၀ါ အသေးစားကလေးက ပခုံးပေါ် တင်လျက်ပါလာ၏။


ဆရာအောင်ပြည့်သည် မျက်နှာနှင့် လည်ပင်းမှ ချွေးများကို ပ၀ါလေးနှင့် သုတ်ပြီး အဆင်သင့်ပြင်သည်။ တီးလုံး စပြီ။ ထိုအခါကျမှ တီးဝိုင်းဘက်သို့ ပြူးပြူးပြာပြာ လက်ကာပြပြီး ပါးစပ်ထဲမှ မြုံ့လျက်သား ရှိနေသော ကွမ်းဖတ်များကို သွားထွေးထုတ်ပစ်သည်။ ပြီးမှ တီးဝိုင်းဘက်သို့ အချက်ပြလိုက်၏။

“၀တ္ထုလား ၊ ဆောင်းပါလား၊
ဗီဒီယို ရိုက်ဦးမလား၊
အယ်ဒီတာ ခန့်ချင်သလား၊
အောင်ပြည့်ဆီကိုသွား၊
လေကုန်ခံကာလေ မမေးနဲ့၊
မြန်မာစာတော်ချင်ရင် ပြေးခဲ့၊
ကျောင်းသားတွေ အားလုံးအတွက်
မြန်မာစာသင်တန်း....တက်ကြစို့လား..”

ဆရာအောင်ပြည့်သည် ချွေးတစ်ခါ ထပ်သုတ်၊ကွမ်းယာဘူးထဲမှ တစ်ယာထုတ်ဝါးပြီး ပြန်ဆင်းသွား၏။
“ဆရာအောင်ပြည့်တို့ကတော့ ပိုင်တယ်ဗျာ၊သူ့အလုပ်တွေ အားလုံးပါအောင် ကြော်ငြာသွားနိုင်တယ်” ဟု ဇော်ဇင်က သူ့ဘေးနားကထိုင်နေသော မြင့်ဦးဦးမြင့်ကို ပြောလိုက်၏။ မြင့်ဦးဦးမြင့်က ခေါင်းညိတ်ပြသည်။ ထို့နောက်... “ ဟော ...လာပြီ ၊ လာပြီ” ဟု ပြောလိုက်၏။

မောင်ခိုင်မာ စင်ပေါ်တက်သည်။ သူသည် ပါးစပ်မှာ တပ်လျက်သား ပါလာသော ဆေးပြင်းလိပ်တို ကို ချွတ်သည်။ ဆေးလိပ်မီးကို တံတွေးနှင့် အသာတို့၍ ငြိမ်းသတ်ပြီး ရှပ်အင်္ကျီအိတ်ထဲ ရွရွကလေး ထည့်သိမ်း ထားလိုက်သည်။ သူက ကဗျာဆရာ ပီပီ သူများတွေလို သီချင်းမဆိုဘဲ ကဗျာ တစ်ပုဒ်ကိုသာ အသံနေ အသံထားဖြင့် ရွတ်ဆိုလိုက်သည်။

“နွေရက် မိုးဆောင်း
ပြောင်းလို ပြောင်းလော့
အဟောင်းသွေဖည်
အသစ်တည်မည်
ရာသီတိုင်းမှာ...
မောင်ခိုင်မာ..”

ကဗျာ အဆုံးသတ်လိုက်သော အချိန်မှာပင် လူငယ် ကဗျာ သမားအုပ်စုထံမှ “ဒါမှ ဆရာခိုင်ကွ” ဟူ၍ အော်ဟစ် အားပေးသံများ ထွက်လာ၏။ ထို့နောက် အခမ်းအနားမှူးမြတ်ခိုင် စင်ပေါ်တက်လာပြန်သည်။ သူက ရှေ့တန်းမှာ ထိုင်နေကြသော သူများဆီ မျက်လုံးကစားလိုက်ပြီး “ အခု ကြားဖြတ်ဖျော်ဖြေမှု အနေနဲ့ တင်ဆက်မယ့်သူကတော့ ဆရာဝင်းငြိမ်း ပဲ ဖြစ်ပါတယ် ခင်ဗျား”

ရှေ့ဆုံးတန်းတွင် ထိုင်နေသော ဆရာဝင်းငြိမ်းမျက်လုံးပြူးသွားသည်။ သူက စင်ပေါ်တက်ပြီး ကြော်ငြာဖို့ လာခဲ့ခြင်းမဟုတ်။ ဧည့်သည်တော်အနေဖြင့် တက်ရောက်လေ့လာခြင်းသာ ဖြစ်၏။ ဒါကို မြတ်ခိုင်က စေတနာ တွေပိုသွားမိ၏။ တခြားစာရေးဆရာတွေအသီးသီး စင်ပေါ်တက်ပြီး ဆိုကြဟစ်ကြချိန်မှာ သူ့ဆရာက ဒီအတိုင်း ထိုင်နေရတာကို မကြည့်နိုင်သဖြင့် ပွဲထုတ်ဖို့ စိတ်ကူးရပြီး ရုတ်တရက် ကြေညာလိုက်ခြင်းဖြစ်၏။

ကြေညာပြီးမှတော့ စင်ပေါ်မတက်လို့မဖြစ်တော့။ ပရိတ်သတ်တွေကလည်း လက်ခုပ်တီး၍ ကြိုဆိုနေကြပြီ။ အနီးအနားမှ လူများကလည်း ၀ိုင်းကြည့်နေကြပြီ။ ထို့ကြောင့်စင်ပေါ်သို့ ခပ်ဖြည်းဖြည်း ခပ်လေးလေး တက်လာခဲ့ရ၏။ မိုက်ကရိုဖုန်းရှေ့မှာ ရပ်လိုက်ပြီးနောက် ဘာလုပ်ရမှန်းမသိပဲ ခေါင်းကုတ်လိုက်၏ ။ ပရိတ်သက် က ကြွက်စီကြွက်စီ ဖြစ်လာသည်။ ဒီအတိုင်း ဆက်ရပ်နေလို့ မဖြစ်တော့သဖြင့် ခေါင်းထဲ ဖျတ်ခနဲပေါ်လာသည့် အတိုင်း........

“မိုးလုံးဟိန်းတဲ့ ၀င်းငြိမ်း” ဟု အော်လိုက်၏။ ရုတ်တရက် ကြံရာမရသဖြင့် စိတ်ကူးတည့်ရာ အော်လိုက်ခြင်း ဖြစ်သော်လည်း ပရိတ်သတ်က သဘောကျသွားပြီး လက်ခုတ်တီး၍ သြဘာပေးကြသည်။ ဆရာ ၀င်းငြိမ်းမှာ ခုမှ သက်ပြင်းချနိုင်ပြီး စင်ပေါ်မှ ဆင်းသွားသည်။ သူ့နေရာသို့အသွားတွင် မြတ်ခိုင်ရှိရာသို့ မျက်နှာထားကြီး နှင့် ကြည့်လိုက်၏ ။ မြတ်ခိုင်မှာ ဇက်ကလေးပုပြီး မျက်လုံးကလေး ကလယ်ကလယ် လုပ်နေရှာသည်။

“နောက်ထပ် အလှည့်ကျသူကတော့ ပရိတ်သတ်များ မျှော်လင့်စောင့်စားနေကြတဲ့ စူပါစတား စာရေး ဆရာကလေး တာရာမင်းဝေ နဲ့ မနော်ဟရီတို့ပဲ ဖြစ်ပါတယ်ခင်ဗျား”

လပ်ခုပ်သံများနှင့်အတူ တာရာမင်းဝေတို့စုံတွဲ စင်ပေါ်တက်လာ၏။ တာရာမင်းဝေက အနောက်တိုင်းပွဲတက် ၀တ်စုံကို ၀တ်ဆင်ထား၏။ မနော်ဟရီကလည်း အနီရဲရဲဝတ်စုံနှင့်။ အသက်ကလေးတွေကလည်း ငယ်၊ ရုပ်ကလေး တွေကလည်း ချောမောကြသဖြင့် သူတို့နှစ်ယောက်ကိုကြည့်ပြီး တိုက်တန်းနစ် ဇတ်ကားထဲမှ မင်းသားမင်းသမီးများဖြစ်ကြသော လီယိုနာဒို ဒါဗင်ချီ (ဆောရီး) လီယိုနာဒိုဒီကာပရီယိုနှင့် ကိတ်ဝင်းစလက် တို့ကို ချက်ချင်း သတိရမိကြလေ၏။

(လီယိုနာဒိုမှာ ရုပ်ရှင်ထဲတွင် ရေခဲတမျှအေးသော ပင်လယ်ထဲ၌ သွေးခဲပြီး သေသွားခဲ့သည်။ တာရာမင်းဝေ ကတော့ မိန်းမချောချောကလေး ရပြီးကတည်းက ပါးစပ်ကြီးဖြဲဖြဲ နေတတ်သဖြင့် သွားတွေ အအေးမိမှာ စိုးရိမ်ရ၏။)

တီးလုံးက အင်ထရိုဖြင့် အစပျိုးလိုက်ပြီ။ တာရာမင်းဝေက လက်ဖျောက်ကလေးတီးပြီး စတင်လှုပ်ရှား လိုက်သောအခါ မနော်ဟရီက လက်နှစ်ဖက်ကို မြှောက်၍ဆန့်တန်းလိုက်ပြီး

“ဘီဒီ ဘီဒီ ဘမ်းဘမ်း ... ၀ူး...ဘီဒီ...ဘီဒီ ဘမ်းဘမ်း... ဘီဒီ ဘီဒီ...ဘမ်း... တာရာရဲ့ ကဗျာ..တာရာရဲ့စာ အဆင့်မြင့်မြင့်နဲ့ ဖတ်ကြည့်ပါ။ ဘီဒီ ဘီဒီ ဘမ်းဘမ်း....ဘီဒီဘီဒီဘမ်းဘမ်း ရွှေရောင်လွှမ်းလာ....မော်ဒန်ခေတ် မှာ ဆန်းသစ်တောက်ပ အတွေးများစွာ.......ဘီဒီဘီဒီ ... ဘမ်းဘမ်း...ဘီဒီ ဘီဒီ ဘမ်းဘမ်း...ဘီဒီ... ဘီဒီ... ဘီဒီ... ဘီဒီ...”

လူငယ် ပရိတ်သတ်က သည်းသည်းလှုပ်မျှ လက်ခုပ်သြဘာ ပေးကြသည်။ အဘိုးကြီး တစ်ယောက်ကတော့ “ဘယ့်နှယ်ကွာ ဒီနေရာမှာများ ဘီပီဘမ်းပရုတ်ဆီလာကြော်ငြာနေ ရတယ်လို့” ဟု ရေရွတ်လိုက်၏။

တာရာမင်းဝေတို့ ဆင်းသွားပြီး ခဏအကြာမှာပင် မီးတွေမှောင်ကျသွားသည်။
“ဟာ.... အရေးထဲဆို မီးကပြတ်ပြီ”
“မီးစက်မရှိဘူးလားဟေ့၊ နှိုးလေကွာ”
စသည်ဖြင့် အော်ဟတ်ကြသည်။ ထိုစဉ်မှာပင် အသံချဲ့စက်မှ ကြေညာသံ ထွက်လာ၏။

“ဧည့်ပရိတ်သတ်များ ခင်ဗျား အခုနောက်ဆုံး အစီအစဉ်အဖြစ် တင်ဆက်မှာ ဖြစ်တဲ့အတွက် မီးများ မှောင်ချထားခြင်း ဖြစ်ပါတယ်၊ အခု ဖျော်ဖြေ တင်ဆက်မယ့်သူကတော့ ဟာသထိပ်ခေါင် ဂုရုကွေးခေါ် ဆရာကြီးကွေး ခေါ် အီကြာကွေး ဖြစ်ပါတယ် ခင်ဗျား”

ကြေညာသံနှင့်အတူ စပေါ့လိုက်ခေါ် မီးဆလိုက်ကြီးများဖြင့် စင်မြင့်ပေါ်သို့ ကွက်၍ ထိုးလိုက်သည်။ ဆရာကြီး ကွေးသည် စွပ်ကျယ်လက်ပြတ်အနီ ၊ သူဝတ်နေကျ မီးခိုးရောင် ဘောင်းဘီတို့ကို ဆင်မြန်းလျက် ၀ါးလုံးရှည်ကြီး တစ်လုံးကိုထမ်း၍ လက်နှစ်ဘက်တင်ထားပြီး ပြုံးပြုံးကြီး ရပ်နေသည်။ သူ့နောက်မှာ တပည့် ကျော်များဖြစ်သည့် ဒကာဆိတ် ၊ ဟာကြူလီ ငပျော့နှင့် စာကလေးတို့ တန်းစီရပ်နေကြ၏။ လက်ထဲမှလည်း ကွမ်းယာဆေးမွှေးထည့်သည့် ဗူးတွေကို ဆုပ်ကိုင်ထားကြသည်။

လက်ခုပ်သံများ ဆူညံသွားသည်။

“ဆရာကွေးကွ ၊ ဒါမှ တို့ဆရာကွေး ၊ အဲဗားကွေး ၊ အဲဗား ကွေး”
ဆိုသော အော်ဟစ် အားပေးသံများလည်း ထွက်ပေါ်လာသည်။ ဆရာကြီးကွေးသည် ထမ်းထားသည့် ၀ါးလုံးကြီးကို ပစ်ချလိုက်ပြီး “ ကွေး ဆရာရေ့” ဟု အချက်ပေးလိုက်သော အခါ တပည့်ကျော်များက သံပြိုင် ဟစ်လိုက်ကြ၏။

“ဘယ်သူတွေ ဘယ်လောက်ကောင်းကောင်း အီကြာလူတိုင်းကြိုက်ကုန်ပြီ၊ ဒန်းဒန် ...ဒန်းဒန် ၊ စာစောင်တွေ အများကြီးထဲ အီကြာပါမှ ပွဲစည်သည် ဒန်းဒန် ... ဒန်းဒန်...၊ ၀ို.. ၀ိုးဝူ...၀ိုးဝူ....၀ို ဟာသလေးများ လစဉ်ရေးနိုင် ပါသည်။ သက်တမ်းကလည်း အနှစ် နှစ်ထောင် ပြည့်ခဲ့ပြီ၊ ဘယ်သူတွေ ဘယ်လောက်ကောင်းကောင်း အီကြာ လူတိုင်းကြိုက်ကုန်ပြီ”

သီချင်းအဆုံးတွင် ဆရာကြီးကွေးက လက်နှစ်ဖက်မြှောက်ပြီး တီးလုံးနှင့် အံဝင်ခွင်ကျ ရပ်လိုက်၏။
လက်ခုပ်သံများ လက်ခေါက်မှုတ်သံများ တဝေါဝေါ ဆူညံနေ၏။
“ဆရာကွေးကွ”
“စူပါကွေးကွ”
“ပြည်သူချစ်တဲ့ ဆရာကြီးကွေးကွ”
“ဆရာကွေး ... ၀မ်ဆွေ့ ၀မ်ဆွေ့.. ၀မ့် ၀မ်ဆွေ့”
စသည့်ဖြင့် အော်ဟစ်အားပေးသံများက ခန်းမကြီး ပွင့်ထွက်မတတ် မြည်ဟိန်းနေသည်။ ဤသို့ဖြင့် စာပေကြော်ငြာ စတိတ်ရှိုးကြီးမှာ အောင်မြင်စွာပြီးဆုံးသွား၏။

ကံစမ်းမဲဖေါက်ရာတွင် ကိုစန်းမောင်ဆိုသူက ပေါက်သွား၏။ ထိုသူမှာ အခြားမဟုတ် ၊ စာရေးဆရာမ မစန္ဒာ အိမ်က လူကြီးပင်ဖြစ်သတည်း။

(မှတ်ချက် ။ ။ ကျွန်တော်ချစ်ခင်သော စာရေးဆရာတွေ အများကြီးရှိပါသေးသည်။ သို့ရာတွင် ကြော်ငြာ သီချင်းစာသားများနှင့် အံဝင်ခွင်ကျဖြစ်အောင် စပ်ဆိုရန် အခက်အခဲရှိသဖြင့် ချန်လှပ်ထားခဲ့ရသည်ကို ခွင့်လွတ် ပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။ နောင် အလျဉ်းသင့်လျှင် ထည့်သွင်းဖေါ်ပြပေးပါမည်)


(သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်း၊ သြဂုတ် ၁၉၉၈)

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More